ကြောက်မက်ဖွယ် အသိစိတ်ပင်လယ်
Vol. 63 Ch. 878
“ ခင်ဗျားက ကျုပ် ရလာတဲ့ ကံကြမ္မာကို ခိုးယူပြီးတော့ ကျုပ်ကို ဝင်ပူးချင်နေတာလား ” မိုဝူကျိက ရုတ်ချည်း ထမေးလိုက်သည်။
“ မင်းက လောကရဲ့ကံကြမ္မာကို တကယ် ရလာတာလား ” ထိုအသံပိုင်ရှင်က တက်ကြွလာလေ၏။
မိုဝူကျိက သက်ပြင်းချလိုက်တော့သည်။ ဤလူက သူ့အတွေးများကို ထိုးဖောက်မြင်နေသည်ဟု တွေးမိခဲ့သည်။ အမြင်နှင့်တင် ထိုလူက ထိုသို့မလုပ်နိုင်ပေ။
“ မင်းက ဉာဏ်ကောင်းသားပဲ …. တကယ်လို့ ငါသာ မမှားရင် မင်းလည်း အဲဒီကံကြမ္မာ ရမလာဘူးမလား။ မင်းက ငါ့တျန်းဂျီ ကံကြမ္မာအလွှာကို ရှန်းထျန်းရတနာနဲ့ ပိုင်းခုတ်လိုက်လို့ ခန်းမပျက်စီးပြီးတော့ မင်း ဒီနေရာ ရောက်လာတာ ဟုတ်တယ်မလား။ ဒီနေရာကို ဘေးကင်းကင်း ရောက်လာတယ်ဆိုတော့ မင်းက အနည်းဆုံး နတ်ဘုရား ရုပ်ခန္ဓာ နောက်ဆုံးအဆင့်ပဲ ဖြစ်ရမယ် ”
မိုဝူကျိက ပို၍ စိတ်အေးမိသွားသည်။ တစ်ဖက်လူက သူ ကံကြမ္မာ ရမလာကြောင်း ၉၉ ရာခိုင်နှုန်း သေချာနေသော်လည်း သူက ကျန် ၁ ရာခိုင်နှုန်းအား ဖက်တွယ်ထားသေး၏။ အမြင်နှင့်တင် ထိုသို့ကံကြမ္မာမှာ လွဲပြောင်းပေးလို့ ရနေသည်။ ဤလူက အကြောင်းပြချက်အချို့ကြောင့် မလှုပ်ရှားနိုင်သောကြောင့် သူ ကံကြမ္မာ ရလာဖို့ရာ မျှော်လင့်ထားပြီး အတင်းကျပ် လုယူမည် ဖြစ်၏။
မိုဝူကျိက ဤလူသည် အတွေးလွန်နေကြောင်း ပြောနိုင်ပေသည်။ သူက အသတ်ခံရလျှင်ပင် ကံကြမ္မာကို လိုလားစွာ လွဲပြောင်းပေးမည် မဟုတ်ပေ။
“ ခင်ဗျားက ဘယ်သူလဲ …. ခင်ဗျား မပြောရင် ကျုပ် တခြားနေရာဆီ သွားတော့မယ် ” မိုဝူကျိက အေးအေးဆေးဆေး ပြောလိုက်သည်။
“ မင်းကို ပြောပြလိုက်လို့လည်း ဘာမှမဖြစ်ပါဘူး။ ဒီပညာရှင်ကြီးက ခွန်းယွင်ပဲ … မင်းကို တစ်ခု ပြောပြမယ်။ ငါက ပိတ်မိနေတယ်လို့ မင်း ထင်ရင်ထင်နေမှာပေါ့။ ဒါပေမဲ့ မင်း တည်နေရာပြောင်းပြီး သွားလိုက်ရင်တောင် မင်း ထွက်သွားနိုင်ဦးမှာ မဟုတ်ဘူး ” ခွန်းယွင်လေသံ၌ အေးစက်မှု အရိပ်အယောင် ပါဝင်နေလေ၏။
“ ဘာကို ပြောချင်တာလဲ ” မိုဝူကျိက နောက်ဆုတ်လိုက်ပြီး ခွန်းယွင်အား ကိုယ်စားပြုသည့် သံချေးတက် ဓားရိုးကို စိုက်ကြည့်ကာ ပြောလိုက်သည်။
ခွန်းယွင် အသံမှာ တိတ်ဆိတ်သွားလေ၏။ သူက မိုဝူကျိ စကားများကို ပြန်မဖြေပေ။
“ ဘာလိုချင်တာလဲ ” တစ်နာရီအကြာတွင် မိုဝူကျိက ထပ်မေးလိုက်သည်။
အချိန်တချို့အကြာတွင် ခွန်းယွင် လေသံက တဖန် ထွက်ပေါ်လာပြီး “ အစတုန်းက မင်းကို ကူညီခိုင်းမလို့ပဲ …. ဒါပေမဲ့ မင်းရဲ့ သတိထားနေတဲ့ ပုံစံကို မြင်လိုက်တော့ မင်းအနေနဲ့ ငါ့ကို ကယ်ဖို့ တောင်းဆိုဖို့က အရမ်းခက်တယ်။ မင်း ရလာတဲ့ ကံကြမ္မာ တစ်စိတ်တပိုင်းလောက် ပေးလိုက်လေ …. မင်းကို ထွက်လမ်း ပြောပြမယ် ”
ခွန်းယွင် စကားအဆုံးတွင် မိုဝူကျိ ခြေထောက်အောက်မှ မြေကြီးမှာ ရုတ်တရက် တုန်ခါလာလေ၏။ ထို့နောက် ချောက်ကမ်းပါး ဘေးနံရံများက စတင် ပြိုကျလာသည်။
မိုဝူကျိက အလျှင်အမြန် နောက်ဆုတ်လိုက်၏။ သူ ရပ်နေသည့်နေရာမှာ ကျောက်ခဲများ၊ သဲများနှင့် ဖုံးလွှမ်းသွားလေပြီ။
“ ဒါက ပုံမှန်ဖြစ်ရပ်ပါပဲ … မင်းအသက်ကို အန္တရာယ် မပေးပါဘူး။ ပြိုကျသွားတဲ့နေရာတွေက မကြာခင် သူ့အလိုလို ပြန်ကောင်းလာလိမ့်မယ်။ အချိန်အတော်ကြာရင် တစ်ခေါက်ပြန်ပြီး ပြိုကျလာလိမ့်မယ်။ ငါ မြင်ဖူးတဲ့ အကြီးဆုံး ပြိုကျမှုဆိုရင် ဒီချောက်နက်ရဲ့ မိုင်သန်းပေါင်းများစွာ တစ်ခါတည်း ပြိုကျလာတာပဲ ”
မိုဝူကျိက ထိုဓားရိုးကို စိုက်ကြည့်လိုက်ပြီးနောက် ဆိုးဆိုးရွားရွား အတွေးတစ်ခု ဝင်လာမိသည်။ သူက ဤသို့မြင်ကွင်းမျိုး ကြုံတွေ့ဖူး၏။ သူ အင်မော်တယ်တပိုင်းနယ်ပယ်တွင် ရှိစဉ်အခါက ဖြစ်သည်။ အင်မော်တယ်တပိုင်းနယ်ပယ်၏ သေမင်းမိုင်းတွင်းတွင်လည်း ထိုသို့ငလျှင်မျိုး ဖြစ်ပွားခဲ့သည်။ ယခင်က အားလုံးသည် သေမင်းမိုင်းတွင်းက သက်ရှိဖြစ်နေကြောင်း ခန့်မှန်းမိခဲ့ကြသည်။
အင်မော်တယ်လောက၌ ကျီလီနှင့် တွေ့ဆုံပြီးနောက်တွင် မိုဝူကျိက သေမင်းမိုင်းတွင်းအကြောင်း သေချာသိလာသည်။ ဤသည်မှာ ထိပ်သီးကျင့်ကြံသူတစ်ယောက်၏ အသိစိတ်ပင်လယ် ဖြစ်၏။ သူတို့ တူးဖော်ခဲ့သော သေမင်းမိုင်းတွင်းမှ အင်မော်တယ်ဝင်ရိုးကျောက်တုံးများမှာ အသိစိတ်ပင်လယ်ကျောက်များ ဖြစ်ပေသည်။
မိုဝူကျိက ထိုအတွေး တွေးမိသွားသည်နှင့် လေအေးများသာ မှုတ်ထုတ်လိုက်တော့သည်။
ဒီအိုးအောက်ခြေ ….
ဘယ်လိုလုပ် ချောက်နက် ဖြစ်နိုင်မှာလဲ …..
ဤသည်က ကြောက်စရာကောင်းလောက်အောင် ကြီးမားသည့် အသိစိတ်ပင်လယ်သာ ဖြစ်၏။ မိုဝူကျိ၏ အသိစိတ်ပင်လယ်မှာ ကြီးမားပြီး ပုံစံပေါ်နေပြီ ဖြစ်သော်လည်း မိုဝူကျိအနေနှင့် သူ့အသိစိတ်ပင်လယ်မှာ ဤအရာနှင့် နှိုင်းယှဉ်လိုက်လျှင် ပင်လယ်ထဲမှ ရေတစ်ပေါက်မျှသာ ဖြစ်နေမည်ကို သိထား၏။
အသိစိတ်ပင်လယ်အကြောင်း ပြောနေဖို့ပင် မသိပေ။ သေမင်းမိုင်းတွင်းမှ အသိစိတ်ပင်လယ်ပင် ယခုအသိစိတ်ပင်လယ်နှင့် နှိုင်းယှဉ်လို့ပင် မရပေ။
ခွန်းယွင်က ဤနေရာပြိုကျမှုအား ထိန်းချုပ်နိုင်ပေသည်။ သူက အသိစိတ်ပင်လယ်၏ ပိုင်ရှင် ဖြစ်ကြောင်း သိသာလှသည်။ သူ့ကိုယ်သူ အလိုလို ပြုပြင်သွားသည့် အကြောင်းမှာ မထူးဆန်းတော့ပေ။
မိုဝူကျိ နောက်ကျော၌ ချွေးအေးများ ထွက်လာမိ၏။ သူက တစ်စုံတစ်ယောက်၏ အသိစိတ်ပင်လယ်အတွင်း မည်သို့ ရောက်လာကြောင်း မသိတော့ပေ။ ထိုဓားရိုးက အင်မတန် ဉာဏ်နီဉာဏ်နက် များပေသည်။ အကယ်၍ ခွန်းယွင်၏ အသိစိတ်ပင်လယ် ဖြစ်နေလျှင် သူ့အသံက တခြားနေရာမှ ထွက်လာနိုင်ပေ၏။
တခြားနည်းဖြင့်ဆိုရလျှင် ခွန်းယွင်က သူ့အား မလိမ်ညာခဲ့ပေ။ သူ လှည့်ထွက်သွားလျှင်ပင် ခွန်းယွင်၏ အသိစိတ်ပင်လယ်အတွင်း ရောက်နေဦးမည်သာ ဖြစ်သည်။
သူက အန္တရာယ်ခံစားမိနေသည့် အကြောင်းအရင်းမှာ ခွန်းယွင်က ပိတ်လှောင်ခံထားရပြီး သူ ပြန်လည် လှုပ်ရှားနိုင်စေဖို့ရာအတွက် မိုဝူကျိအား ဓားရိုးအနီးသို့ လာခိုင်းဖို့ လိုအပ်နေသည်။
“ မင်းကြည့်ရတာ ကြောက်နေတဲ့ပုံပဲ …. ငါ အရင်ကတည်း ပြောပါတယ်။ မင်း ရုပ်ခန္ဓာအဆင့်နဲ့ စွမ်းရည်နဲ့ဆိုရင် ဒီနေရာက နှစ်ပေါင်းတစ်သောင်းလောက် ဆက်တိုက် ပြိုကျနေရင်တောင် မင်းကို သတ်ဖို့ မလုံလောက်သေးဘူး ” ခွန်းယွင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ အဲဆို ပြောစမ်းပါဦး … ကျုပ် ကံကြမ္မာတချို့ကို ခင်ဗျားဆီ ဘယ်လိုလွဲပေးရမှာလဲ ” မိုဝူကျိက သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းထားလိုက်သည်။ ခွန်းယွင်က ဒဏ်ရာအပြင်းအထန် ရထားဟန် ပေါ်ကာ သူက ခွန်းယွင်၏ ပိုင်နက်အတွင်း ရှိနေဆဲ ဖြစ်၏။
သူက တခြားသူကိုသာ သူ့အသိစိတ်ပင်လယ်အတွင်း ထားထားလိုက်မည်။
“ ဓားရိုးကို မြင်တယ်မလား။ အဲဒါက ထိပ်တန်းရတနာပဲ …. ငါ့ကမ္ဘာဦး စိတ်ဝိညာဉ်က အဲဒီ ရတနာထဲမှာ ရှိတယ်။ ငါက အရမ်းအားနည်းနေလို့ ကမ္ဘာဦး စိတ်ဝိညာဉ်ကိုတောင် သေချာမဖွဲ့စည်းနိုင်တော့ဘူး။ မင်းက ဓားရိုးကို ကိုင်ပြီးတော့ ဒီနည်းလမ်းအတိုင်း လိုက်လုပ်ရုံပဲ ” ခွန်းယွင်က ပြောနေရင်း မိုဝူကျိနှင့် မနီးမဝေးနေရာတွင် ကျောက်စိမ်းပေလွှာတစ်ခု ပေါ်လာ၏။
မိုဝူကျိက တိတ်ဆိတ်သွားလေသည်။ အကယ်၍ ဤနေရာက အသိစိတ်ပင်လယ် ဖြစ်နေကြောင်း မသိထားလျှင် တဖက်လူ၏ စကားများကို ယုံမိကောင်း ယုံမိလိမ့်မည်။ ကမ္ဘာဦး စိတ်ဝိညာဉ်များက ထိပ်တန်းအဆင့် ရတနာများတွင် ပုန်းအောင်းနေဖို့ရာ လိုအပ်ပေသည်။ ထိုနှစ်များတုန်းက သူ ယူမင်ကျန်းကို မြင်စဉ်အခါ ယူမင်ကျန်းသည်လည်း ကျောက်တုံးထဲတွင် နေနေရသည်။
သို့သော် ယခုတွင် မိုဝူကျိက နေရာတစ်ခုလုံးမှာ တစ်ဖက်လူ၏ အသိစိတ်ပင်လယ် ဖြစ်ကြောင်း သိထားလေရာ ထိုသို့စကားမျိုးကို ယုံနေလျှင် အရူးသာ ဖြစ်ပေမည်။
ခွန်းယွင်က သူ့အသိစိတ်ပင်လယ်အတွင်း ကမ္ဘာဦး စိတ်ဝိညာဉ်ကို မှော်ရတနာတစ်ခုပေါ်၌ ထားဖို့ရာ လိုအပ်မည်လား။
“ အများကြီး မလိုဘူး။ သုံးပုံတစ်ပုံလောက်ပဲ မဟုတ်သေးဘူး လေးပုံတစ်ပုံလောက်ဆို ရပြီ ” မိုဝူကျိ၏ တုံ့ဆိုင်းနေမှုကို သတိပြုမိပြီး ခွန်းယွင်က နောက်တစ်ဖန် ထပ်ပြောလိုက်သည်။
မိုဝူကျိက စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းကို အသုံးပြုတော့မည့်ဆဲဆဲတွင် အန္တရာယ်ကို တဖန် ခံစားမိလာပြန်သည်။ သူက နောက်ဆုတ်လိုက်လေ၏။ အန္တရာယ်ပျောက်ကွယ်သွားသည့်အချိန်တွင် သူက အဝေးသို့ ရောက်နေလေပြီ။
“ မင်းက မပူးပေါင်းချင်မှတော့ ထားလိုက်တော့ ” ခွန်းယွင်က မိုဝူကျိ နောက်ဆုတ်သွားသည်ကို မြင်သောအခါ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ သူ့လေသံ၌ စိတ်ပျက်သွားသည့် အရိပ်အယောင်များ ပါဝင်နေသည်။ သူက စိတ်ပျက်မိသွားသော်လည်း လက်ခံနိုင်စွမ်း ရှိနေသေးဟန် ပေါ်၏။
မိုဝူကျိ၏ စိတ်စွမ်းအားက ကျောက်စိမ်းပေလွှာပေါ် ရောက်လာသည့်အခါ ပြဿနာ မရှိကြောင်း သိလိုက်သည်။ သူက စိတ်စွမ်းအားကို ပြန်ရုတ်သိမ်းလိုက်သည်။ ထို့နောက် စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားကို ကျောက်စိမ်းပေလွှာပေါ် တဖန် ထုတ်လွှင့်လိုက်ပြန်သည်။ မိုဝူကျိ၏ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းက သိသာမြင်သာသည့် စွမ်းအားတမျိုးကို ချက်ချင်း ခံစားမိလိုက်သည်။
ထိုစဉ် မိုဝူကျိက အဖြစ်အပျက်ကို နားလည်သွားလေ၏။ ဤခွန်းယွင်က အတော်လေး ရက်စက်ပေသည်။ သူက ဓားရိုးသည် အန္တရာယ်ပေးနိုင်သည့် တည်ရှိမှုမျိုး ဖြစ်ကြောင်း တွေးမိခဲ့သော်လည်း လက်တွေ့၌ ကျောက်စိမ်းပေလွှာမှာ အမှန်တကယ် အန္တရာယ် ရှိနေသည်။
မိုဝူကျိက သူ့စိတ်စွမ်းအားကို ပြန်မရုတ်သိမ်းခင် ခွန်းယွင်က အလန့်တကြား ထပြောလိုက်သည် “ မင်းဆီမှာ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်း ရှိနေတာပဲ ”
မိုဝူကျိက ခွန်းယွင်ကို ပြန်ဖြေဖို့ရာ ဂရုမစိုက်တော့ပေ။ ခွန်းယွင်က တကယ် ကြောက်ဖို့ ကောင်းလေ၏။ သူ့ချီသွေးကြော ကျင့်စဉ်ကို ဖန်တီးစဉ်ကတည်းက ခွန်းယွင်က စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်း ရှိတဲ့အကြောင်း ပထမဆုံး သိသည့်သူ ဖြစ်၏။
ခွန်းယွင်က သူနှင့် ရင်ဆိုင်ရာ၌ ကူကယ်ရာမဲ့နေမိသည်။ မဟုတ်လျှင် ခွန်းယွင်က ယခု တိုက်ခိုက်နေလောက်လေပြီ။
“ မင်းဆီမှာ ကမ္ဘာဦး စိတ်ဝိညာဉ်ရော၊ ဝိညာဉ်ကြောရော မရှိဘူးလို့တော့ မပြောနဲ့နော် …. မင်းက သေမျိုးလား။ မင်းက ချီသွေးကြောနဲ့ ကျင့်ကြံတဲ့ ကျင့်စဉ်ကို ဖန်တီးနိုင်ခဲ့တယ်ပေါ့။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ….” ခွန်းယွင်က မေးခွန်းဆက်တိုက် မေးပြီးနောက် သူ့လေသံတွင်လည်း စိတ်လှုပ်ရှားအပြည့် ဖြစ်နေသည်။
ကံမကောင်းစွာ မိုဝူကျိက ဤလူသည် အမှန်တကယ် ကြောက်ဖို့ ကောင်းကြောင်း သိထား၍ ပြန်မဖြေပေ။ ယူမင်ကျန်းနှင့် ယှဉ်လျှင် ဤလူက ပို၍ ကြောက်ဖို့ ကောင်းပေသည်။ ယူမင်ကျန်းက အံ့ဩဖို့ ကောင်းသော်လည်း သူ့ဘေးပတ်လည်ကို အသုံးချဖို့ လိုအပ်နေသေး၏။
“ လာစမ်းပါ … မင်းကို ဘာမှမလုပ်ဘူးလို့ ကတိပေးပါတယ်။ ငါ မင်းကို ပြောချင်တာတွေ အများကြီးရှိတယ်။ ငါက အရင်က သတိကြီးလွန်းခဲ့တာ ဝန်ခံပါတယ်။ ငါ့ဆီမှာ ဘာအကြံဆိုးမှ မရှိပါဘူးကွာ” ခွန်းယွင်က စိုးရိမ်တကြီး အော်ပြောလိုက်သည်။ နောက်ဆုံးတွင် မိုဝူကျိက သူ့သတ်ဖြတ်ငွေ့ကို အာရုံခံမိသွားသည်မှာ လူသားတာအိုကို ကျင့်ကြံ၍ ဖြစ်ကြောင်း သဘောပေါက်သွားလေ၏။ မိုဝူကျိက သူ့တာအိုကို အောင်မြင်ဖို့ မိုင်ပေါင်း ၁၀၈ ၀၀၀ ကွာဝေးနေသေးသော်လည်း မိုဝူကျိသာ အောင်မြင်သွားသည်နှင့် စကြဝဠာတစ်ခုလုံး၏ ထိပ်ဆုံး၌ ရပ်တည်နိုင်သော တည်ရှိမှုမျိုး ဖြစ်လာလိမ့်မည်။
ဖြစ်ကတတ်ဆန်းနိုင်လှသော လူအိုကြီး၏ ခန့်မှန်းချက်မှာ မှန်ကန်လာလေ၏။ သူက လူသားများသည်လည်း ကျင့်ကြံနိုင်ကြောင်း မှန်းဆမိခဲ့သော်လည်း အခြားသော ပညာရှင်များစွာ၏ ငြင်းဆိုမှုကို ခံခဲ့ရသည်။ ခွန်းယွင်က ဤနှစ်များစွာ ကြာပြီးသည့်နောက်တွင် ကျင့်ကြံရေး လမ်းစဉ်အများစုက နောက်ဆုံးအဆင့်ဆီ ရောက်ရှိလာသည့်အခါ တစ်ယောက်ယောက်က လူသားလမ်းစဉ် ကျင့်စဉ်အား ဖန်တီးနိုင်လိမ့်မည်ဟု မထင်ထားပေ။
ဒီလူက ဘယ်လောက်တောင် အံ့ဩဖို့ ကောင်းနေလိုက်မလဲ ….
အကယ်၍ မိုဝူကျိသာ လူသားတာအိုကို ကျင့်ကြံကြောင်း သိခဲ့လျှင် သူ့ယခင်နည်းလမ်းကို သေချာပေါက် အသုံးပြုမည် မဟုတ်ပေ။ လူသားတာအို ကျင့်ကြံသော လူငယ်လေးက သူ့အတွက် ပြန်လည် ကောင်းမွန်နေပြီ ဖြစ်သည့် ဧရာမ အသိစိတ်ပင်လယ်ကြီး အပါအဝင် အရာအားလုံးကို လက်လွှတ်ဖို့ရာ လုံလောက်ပေသည်။
ခွန်းယွင်က ကတိစကားလှလှ ပေးထားသော်လည်း မိုဝူကျိက နောက်ဆုတ်နေဆဲ ဖြစ်သည်။ သူက ဤနေရာတွင် မကျင့်ကြံနိုင်သည်မှာ မထူးဆန်းတော့ပေ။ ဤသည်မှာ အသိစိတ်ပင်လယ် ဖြစ်နေသည် မဟုတ်ပါလော။
မိုဝူကျိ နောက်ဆုတ်နေသည့် အကြောင်းအရင်းမှာ အသိစိတ်ပင်လယ်အတွင်း ခွန်းယွင်၏ ထိန်းချုပ်မှုမှာ ကန့်သတ်ချက် ရှိလိမ့်မည်ဟု မှန်းဆမိ၍ ဖြစ်သည်။ မဟုတ်လျှင် ခွန်းယွင်က သူ့ထာဝရ ကမ္ဘာအကြောင်းလည်း သိထားပေလိမ့်မည်။
မိုင်ထောင်နှင့်ချီ၍ နောက်ဆုတ်ပြီးနောက် မိုဝူကျိက ရပ်ကာ ခွန်းဝူဓားကို ဆွဲထုတ်လိုက်သည်။ ဤလူအိုကြီးနှင့် ရင်ဆိုင်ရာ၌ လခြမ်းကွေး ပုဆိန်လှံရှည်မှာ အသုံးမဝင်ပေ။
ခွန်းဝူဓားက မီတာရာချီ ရှည်လျားသည့် ဓားအသိ ထုတ်ဖော်လိုက်၏။
“ ဘုန်း ” ဓားအသိက နံရံပေါ် ရိုက်ခတ်သွားသည်။ နံရံဘေးနှစ်ဖက်မှ ကျောက်တုံးများက ပျက်စီးလာလေ၏။ မီတာ သုံးထောင်နီးပါး နက်သည့် လျိုကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုသည်က မိုဝူကျိ၏ စိတ်စွမ်းအား မီတာ သုံးရာပတ်လည် ထုတ်လွှင့်နိုင်သည့် အခြေအနေမျိုးနွင် ဖြစ်သည်။ အကယ်၍ သူ့မီတာသာ မီတာသုံးထောင်အထိ ရောက်ရှိသွားလျှင် ထိုရိုက်ချက်က ပို၍ အားပြင်းသွားလိမ့်မည်။
မိုဝူကျိက ကျောက်တုံးများကို တစ်ဖက်သို့ ပို့ထားလိုက်သည်။ ထို့နောက် သူ့ပညာရှင်နှလုံးသားဖြင့် ထိုကျောက်တုံးများပေါ် လောင်ကျွမ်းစေလိုက်၏။
မိုဝူကျိ မြင်သည့် နည်းလမ်းအရ ဤသည်မှာ အသိစိတ်ပင်လယ် ဖြစ်သည့်အတွက် အသက်ဓာတ်ကို ပညာရှင်နှလုံးသားဖြင့် လောင်ကျွမ်းပစ်လို့ ရပေမည်။ ထိုသို့ဒဏ်ရာမျိုးမှာ သေစေလောက်သည့် အပြုအမူမျိုး မဟုတ်သော်လည်း သူ့တွင် အချိန် ပေါများလှ၏။ သူ လုပ်ဖို့ လိုအပ်သည့်အရာမှာ ပြန်လည် ကောင်းမွန်ခြင်းမှ တားဆီးထားရန်သာ ဖြစ်သည်။
သူ့ကျင့်ကြံဆင့်မှာ သူ့ကိုယ်သူ ပညာရှင်ကြီးဟု ညွှန်းဆိုထားသော ခွန်းယွင်နှင့် များစွာ ကွာဝေးနေသော်လည်း သူက တောင်ကို ဖြည်းဖြည်းချင်း တက်၍ ရပေသည်။ သူ့ခွန်းဝူဓားက ဆက်တိုက် ပိုင်းဖြတ်နိုင်နေသရွေ့ ဤအသိစိတ်ပင်လယ်က ပြန်လည် ကောင်းမွန်ဖို့ရာ အချိန်ကြာမြင့်လာလိမ့်မည်။
“ ရပ်စမ်း … မင်းက ဒီဟာက ငါ့အသိစိတ်ပင်လယ်ဆိုတာကို ပြောနိုင်ရင် ငါ့ဆီမှာ မင်းကို ချုပ်ထားနိုင်တဲ့ စွမ်းအားရှိတယ်ဆိုတာလည်း သိမှာပေါ့။ ငါက ကံကြမ္မာကို ပျောက်ပျက်ပြီးတေ့ သဘာဝစွမ်းအားတွေကို မဖြုန်းတီးပစ်ချင်လို့သာ …” မိုဝူကျိ၏ အပြုအမူက ခွန်းယွင်အား ဒေါသထွက်လာစေသည်။ သူက ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။
မိုဝူကျိကို ဓားရိုးဆီ ခေါ်နေသည့် နောက်ထပ် အကြောင်းအရင်းလည်း ရှိနေသေး၏။ မိုဝူကျိက တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်သည့်အခါမျိုးတွင် ထိုနေရာဝန်းကျင် သူ့အသိစိတ်ပင်လယ် နံရံက သူ့ထိန်းချုပ်မှုအောက်တွင် ရှိပေ၏။ ထို့ကြောင့် သူက မိုဝူကျိအား တားဆီးနိုင်လိမ့်မည်။
သို့သော် ယခုတွင် မိုဝူကျိက သူ မထိန်းချုပ်နိုင်လုနီးပါး ဖြစ်နေသည့် နေရာအထိ နောက်ဆုတ်ထားလေရာ သူ့အနေနှင့် စိတ်ထိန်းချုပ်ထားမှု လွတ်သွားစေသည်။ မိုဝူကျိက ဤသည်မှာ အသိစိတ်ပင်လယ်အတွင်း ဖြစ်နေကြောင်း ခန့်မှန်းမိလိမ့်မည်ဟု မထင်ထားပေ။ ဤနေရာတစ်ခုလုံးက အသိစိတ်ပင်လယ် ဖြစ်နေလိမ့်မည်ဟု မည်သူကမှ ယုံကြည်မည် မဟုတ်ကြပေ။
ရပ်တန့်ရမှာတဲ့လား ….
မိုဝူကျိက စိတ်ထဲမှ သရော်မိလိုက်၏။ မိုဝူကျိအား ပို၍ ခြိမ်းခြောက်လေလေ သူက ပို၍ အကြောက်တရား ကင်းမဲ့လေလေ ဖြစ်ပေသည်။ သူ မရပ်တန့်ရုံသာမက ခွန်းဝူဓားကလည်း ယခင်ကထက် အားကောင်းသည့် ဓားအငွေ့အသက်များ ထုတ်လွှင့်နေသည်။
***