ဒဏ္ဍာရီလာ နတ်ဘုရားလောက
Vol. 63 Ch. 879
“ ဘုန်း ” နံရံ အများကြီးက ပြိုကျလာသည်။ ထို့နောက် သူတို့က ပညာရှင် နှလုံးသား၏ လောင်ကျွမ်းခြင်းကို ခံလိုက်ရ၏။
“ တာအိုရောင်းရင်း …. ခင်ဗျားက ကျုပ်အသိစိတ်ပင်လယ်ကို ဖျက်စီးပစ်ရင်တောင် ကျုပ်က ဖြည်းဖြည်းချင်း ပြန်ကောင်းလာအောင် လုပ်နိုင်တယ်။ ခင်ဗျားက ကျုပ်ကို သတ်ဖို့ ဒီလောက် စိတ်အားထက်သန်နေရလား …. ကျုပ် ခင်ဗျားကို မပိတ်ထားနိုင်ဘူးဆိုတာကို ဝန်ခံပါတယ်။ ခင်ဗျားကို ထွက်လမ်း ညွှန်ပေးလိုက်မယ်။ အခုကစပြီးတော့ ကျုပ်တို့တွေ တစ်ယောက်နဲ့ တစ်ယောက် ဘာမှမပတ်သတ်တော့ဘူး ”
ခွန်းယွင်က သူ့တည်ငြိမ်မှုကို ပြန်ထိန်းသွားနိုင်သည်။ နောက်ဆုံးတွင် သူက မိုဝူကျိ၏ ရည်ရွယ်ချက်ကို နားလည်သွားလေ၏။ မိုဝူကျိက သူ့အသိစိတ်ပင်လယ် နံရံကို ဖြတ်၍ တူးဖို့ ကြိုးစားနေခြင်း ဖြစ်ပေသည်။
အကယ်၍ သူသာ အသိစိတ်ပင်လယ်အား အပြည့်အဝ ထိန်းချုပ်နိုင်လျှင် သူ့ရှေ့ရှိ ပါးမွှားက အဆရာပေါင်းများစွာ အားကောင်းနေလျှင်ပင် သူ့ကို တစ်ခုခု လုပ်နိုင်ဖို့ရာ အိပ်မက်မက်နေခြင်းသာ ဖြစ်ပေမည်။ သို့သော် ယခုတွင် သူက ထိုပါးမွှားလေးသည် အကောင်းဆုံးရွေးချယ်မှုကို ပြုလုပ်သွားကြောင်း သိလိုက်၏။
သူက ဧရာမ အသိစိတ်ပင်လယ်ကြီးအား အပြည့်အဝ မထိန်းချုပ်နိုင်သေးပေ။ တစ်ဖက်လူက သူ့အသိစိတ်ပင်လယ်အတွင်း ကျရောက်လာသော်လည်း မည်သူကမှ အနိုင်မရပေ။ သူ့အသိစိတ်ပင်လယ် ပြန်ကောင်းမွန်လာဖို့ရာ အချိန်ပိုကြာမြင့်မည် ဖြစ်ပြီး တစ်ဖက်လူကလည်း ထာဝရ ပိတ်မိသွားနိုင်သည်။
ခွန်းယွင်အတွက် မိုဝူကျိအပေါ် လက်လျော့လိုက်သည့် အကြောင်းအရင်းမှာ မိုဝူကျိတွင် ကံကြမ္မာ ရမလာကြောင်း သေချာသိလိုက်၍ ဖြစ်သည်။ မိုဝူကျိလို ဉာဏ်နီဉာဏ်နက် များတတ်သည့် ကောင်လေးက ကံကြမ္မာကို ရမလာလျှင် သူ ခွန်းယွင်အနေနှင့် အချိန်ဆက်ဖြုန်းဖို့ရာ မလိုလားပေ။
မိုဝူကျိက ခွန်းယွင်သည် ဒေါသမထွက်ကြောင်း ကြားလိုက်ရသည့်အခါ ရပ်တန့်လိုက်၏။ သူ့အပြုအမူမှာ တစ်ဖက်လူအတွက် ပြန်ကောင်းမွန်လာသည့် အချိန်အား ဆွဲထားခြင်းမျှသာ ဖြစ်ပြီး ခွန်းယွင်ကို သေချာပေါက် မသတ်နိုင်ကြောင်း သိထားသည်။ ဉာဏ်များခြင်းနှင့် ပတ်သတ်လာလျှင် သူက ခွန်းယွင်ထက် နောက်ကောက်ကျနေသေး၏။ အကယ်၍ သူသာ ခွန်းယွင်၏ အသိစိတ်ပင်လယ်အတွင်း ကြာကြာနေပါ ခွန်းယွင်၏ လှည့်ကွက် တစ်ခုခုအတွင်း ကျဆင်းကာ အဆုံးသတ်သွားပေလိမ့်မည်။
မိုဝူကျိနှင့် ခွန်းယွင်တို့ စိတ်ထဲ၌ တစ်ဖက်လူမှာ သရဲတစ္ဆေကဲ့သို့ လှည့်စားရက်စက်တတ်ပေသည်။
“ ဘယ်လို ထွက်သွားရမှာလဲ ” မိုဝူကျိက ရပ်တန့်လိုက်သော်လည်း သူ့ခွန်းဝူဓားက ဓားအငွေ့အသက်များ ထုတ်လွှင့်နေဆဲ ဖြစ်၏။
“ မင်းက ဒီနည်းလမ်းကို သေချာပေါက် သံသယ ဝင်လိမ့်မယ်။ ဒါပေမဲ့ ဒီလို ဆက်တူးလိုက် … မင်း အနောက်ဖက် မီတာ လေးဆယ်အကွာကနေ စလိုက် …. မင်းကို အချိန်သုံးရက် ပေးမယ်။ အဲဒီအချိန်အတွင်းမှာ ငါ့အသိစိတ်ပင်လယ်ကို ပြန်လည် မကုစားတော့ဘူး။ ဒါပေမဲ့ မင်းက တည်တည်ငြိမ်ငြိမ် အပြုအမူနဲ့ တူးရမယ် ” ခွန်းယွင်၏ ကြည်လင်သည့် အသံက ရုတ်ချည်းဆိုသလို ခပ်ဩဩ ပြောင်းလဲသွားသည်။
“ ကောင်းပြီလေ ” မိုဝူကျိက ဘာမှဆက်မပြောတော့ပေ။ သူက မီတာ လေးဆယ်အထိ နောက်ဆုတ်လိုက်ပြီး သူ့ခွန်းဝူဓားဖြင့် ဝှေ့ယမ်းလိုက်သည့်အခါ အသိစိတ်ပင်လယ် နံရံပေါ်၌ မီတာ သုံးထောင် နက်သော ဓားရာကြီး ဖြစ်ပေါ်လာ၏။
ခွန်းယွင်က သူ့စကားသူ တည်ကာ အသိစိတ်ပင်လယ်အား ဆက်တိုက် မကုစားတော့ပေ။
မိုဝူကျိက သူ့အတိတ်အကြောင်း ဘာမှမမေးဘဲ တန်းပြုမူသည်ကို မြင်၍ ခွန်းယွင်က မိုဝူကျိသည် သေချာပေါက် မရိုးရှင်းကြောင်း သိလိုက်သည်။ အထူးသဖြင့် သူက ဤသို့ ဆုံးဖြတ်ချက် ပြတ်သား၍ ဉာဏ်များတတ်သည့်သူများကို မုန်းတီးပေ၏။
မိုဝူကျိက ဤနေရာမှ မြန်မြန် လွတ်မြောက်ချင်မိသည်။ တစ်ဖက်လူက အသိစိတ်ပင်လယ်အား အပြည့်အဝ ထိန်းချုပ်နိင်စွမ်း မရှိခင် ထွက်သွားရမည် ဖြစ်ကြောင်း သိထားသည်။
တာအိုမှာ မသေချာမရေရာသော အရာ ဖြစ်ပေသည်။ တစ်ဖက်လူက အသိစိတ်ပင်လယ်အား အမြန်အဆန် ပြန်လည် ကောင်းမွန်စေနိုင်သည့် ဉာဏ်အလင်းပွင့်မှုမျိုး ရသွားနိုင်သည်။ ဤသို့နေ့ရက်မျိုး ရောက်လာပါက သူ မိုဝူကျိက ခုခံနိုင်စွမ်း မရှိဘဲ သေခြင်းတရားကို ထိုင်စောင့်နေရမည်။
ခွန်းယွင်ကဲ့သို့ လူက အမှန်တကယ် ကြောက်မက်ဖို့ ကောင်းသည့်အတွက် ဤနေရာ၌ သူ ရှိသင့်သည့် အချိန်ထက် အသက်ရှိုက်စာမျှပင် ပို၍ မနေလိုပေ။
မိုဝူကျိ၏ အမြန်နှုန်းမှာ မြန်ဆန်လှပေသည်။ ခွန်းဝူဓား၏ အကူအညီကို ထည့်တွက်လိုက်လျှင် သူက သူ့ရှေ့တွင် ဘာမှမရှိတော့သည့်အထိ တူးဖို့ရာ နှစ်ရက်မျှသာ လိုအပ်လိုက်၏။
လွတ်လွတ်လပ်လပ် ခံစားချက်တို့ ရောက်ရှိလာသည်နှင့် မိုဝူကျိ၏ စိတ်စွမ်းအားက အတားအဆီးမရှိ ဖြန့်ကျက်နိုင်ပြီ ဖြစ်၏။ သူက အားရပါးရ ရှုရှိုက်လိုက်တော့သည်။ နောက်ဆုံးတွင် သူက လွတ်မြောက်သွားလေပြီ။ ထိုကြောက်မက်ဖွယ် အသိစိတ်ပင်လယ်ထဲမှ လွတ်မြောက်လာလေပြီ။
ခွန်းယွင်၏ အသိစိတ်ပင်လယ် အရိပ်အယောင်ပင် မကျန်ရှိနေတော့ချေ။ မိုဝူကျိက သူ မည်သည့်နေရာမှ ထွက်လာသည်ကိုလည်း မသိပေ။ သို့သော်လည်း မိုဝူကျိက အများကြီး မတွေးလိုပေ။
သို့သော် မကြာခင် မိုဝူကျိက ကြောင်အမ်းမိသွားသည်။ သူက အာကာြပင်ထဲတွင် မဟုတ်တော့ကြောင်း သေချာသိလိုက်သည်။ ဤနေရာရှိ မိုးမြေစည်းမျည်းများက အင်မော်တယ်လောကထက် ပို၍ အားကောင်းပေသည်။ ထိုမျှတင် မကသေးဘဲ အင်မော်တယ် ဝိညာဉ်စွမ်းအားများကလည်း ပို၍ သိပ်သည်းနေလေ၏။
မဟုတ်သေးဘူး …. အင်မော်တယ် ဝိညာဉ်စွမ်းအား မဟုတ်ပေ။ အစိမ်းရောင်ကျောက်နှင့် တူသည့် စွမ်းအားမျိုး ဖြစ်၏။
သူက အာကာပြင်ထဲတွင် မဟုတ်ကြောင်း သိလိုက်သည်မှာ သူ့ဘေးပတ်လည်ရှိ လေထုနှင့် ပတ်ဝန်းကျင်တို့မှာ မှုန်မှိုင်းနေ၍ ဖြစ်သည်။ သူက ထူးခြားဆန်းကြယ် ချောက်နက်မှ ထွက်လာပြီး နောက်တစ်ခုအတွင်း ဝင်ရောက်သွားမိလားဟု တွေးမိသွားစေသည်။
မိုဝူကျိက လော့ကျမ်းစာရွက်ကို ထုတ်ကာ ကိုယ့်ဘာသာ ကာကွယ်ထားလိုက်ပြီး ရှေ့ဆက်တိုးလိုက်သည်။
တစ်ရက်တာ ကုန်ဆုံးသွားပြီးနောက် အမှောင်ထုကို ထိုးဖောက်၍ အလင်းတချို့ ကျရောက်လာသည်။ မိုဝူကျိက ဤသည်မှာ နေရောင် ဖြစ်ကြောင်း သိကာ ဝမ်းမြောက်မိသွားသည်။
ထိုစဉ် သူ့ခြေထောက်အောက်မှ ကြောက်မက်ဖွယ် ခံစားချက် တစ်ခု ရောက်ရှိလာ၏။ မိုဝူကျိက များများစားစား မတွေးနေဘဲ ရွေ့ပြောင်းစွမ်းရည် ထုတ်သုံးလိုက်သည်။
“ ဝုန်း ” နေရာတစ်ခုလုံးမှာ အကိုက်ခံလိုက်ရသည့်အလား ခံစားမိလိုက်ပြီး မိုဝူကျိက သူ့ဘေးပတ်လည်၌ ဗလာနတ္ထိ ခံစားချက်ကို ခံစားမိလိုက်သည်။ ကံကောင်းစွာဖြင့် သူက မြေကြီးမာမာပေါ် ရောက်ရှိနေသည်။ သူ့စိတ်စွမ်းအားဖြင့် ပါးစပ်ကြီးတစ်ခုကို သတိပြုမိလိုက်သည်။
မိုဝူကျိ နောက်ကျော၌ ချွေးအေးများ ထွက်လာသည်။ သူသာ နှေးကွေးသွားလျှင် ဒါမှမဟုတ် ထိုပါးစပ်ကြီးသာ သူ့ကို စောစောစီးစီး အာရုံခံမိသွားလျှင် သေနေလောက်လေပြီ။
သူက ဘေးပတ်လည်ကို ကြည့်လိုက်ပြီးနောက် လျိုမြောင်အစွန်းတွင် ရပ်နေကြောင်း တွေ့လိုက်ရသည်။ သူက ထိုလျိုမြောင်ကြီးက ထွက်လာခါစ ဖြစ်၏။ ထိုလျိုမြောင် မည်မျှနက်သည်ကိုတော့ သူ့စိတ်စွမ်းအားပင် အောက်ခြေသို့ မရောက်နိုင်ပေ။ ထိုမျှတင် မကသေးဘဲ သူ့စိတ်ဝိညာဉ်မျက်လုံးပင် အထဲကို သေချာမမြင်ရပေ။
သူက သတိကြီးကြီးထားသော်လည်း ခွန်းယွင် လက်ထဲ ကျရောက်လုနီးပါး ဖြစ်ခဲ့ရသေးသည်။ ထိုမြေခွေးအိုကြီး ခွန်းယွင်က မိုဝူကျိအား သူ့အသိစိတ်ပင်လယ်မှ ဤလျိုမြောင်အတွင်းသို့ ပို့ဖို့ နည်းလမ်းတချို့ ထုတ်သုံးလိုက်ခြင်းသာ ဖြစ်ရမည်။
မိုဝူကျိ၏ စိတ်စွမ်းအားဖြင့် ဘေးပတ်လည်ကို အာရုံခံကြည့်လိုက်သည်။ ဤနေရာမှာ လူသူကင်းမဲ့သည့်အပြင် မြက်ပင် တစ်ပင်ပင် မရှိချေ။
အန္တရာယ် ခံစားချက်က စိတ်ထဲ ရှိနေဆဲ ဖြစ်၏။ မိုဝူကျိက ဤနေရာတွင် ဆက်မနေရဲတော့ပေ။ သူက လေလွတ်မြောက်ရေး နည်းစနစ်ကို ချက်ချင်း ထုတ်သုံးကာ ထွက်ပြေးလိုက်သည်။
တစ်ရက်တာ သွားလာပြီးနောက် သူ့ဘေးပတ်လည်ရှိ စွမ်းအားမှာ ပို၍ ထူထပ်လာသည့်အချိန် သူက ရပ်တန့်လိုက်သည်။ ဤနေရာ၌ သက်ရှိ အရိပ်အယောင်များ ရှိလာသည်။ လမ်းဘေး၌ စိမ်းစိမ်းစိုစို မြက်ပင်ကို မြင်လိုက်ရသည်။ မိုဝူကျိက ထိုမြက်ပင်ကို ပျော်ရွှင်စွာ တူးယူလိုက်လေ၏။
ဘယ်နေရာကို ရောက်လာတာလဲ ….
ဤသည်မှာ လမ်းဘေးတွင် ပေါက်နေသော နှစ်လွှာမြက်ပင် ဖြစ်ပေသည်။ ထိုသည်မှာ အဆင့် ၉ ကုသဆေးလုံး ဖော်စပ်ရာ၌ အဆင့် ၉ အင်မော်တယ်ဆေးပင် ဖြစ်၏။ သူ့တွင် ကုသဆေးလုံးများ များများစားစား မလိုအပ်သော်လည်း ဤသို့သောအရာမှာ တခြားလူများအတွက် အဖိုးဖြတ်မရသည့် ရတနာ ဖြစ်ပေသည်။
မိုဝူကျိက နှစ်လွှာမြက်ကို ခူးဆွတ်ပြီးနောက် အရိပ်နှစ်ခုက သူ့နားသို့ ရောက်ရှိလာသည်။
မိုဝူကျိက ကျောက်စိမ်းသေတ္တာလေးကို ကိုင်ကာ မြန်မြန် နောက်ဆုတ်လိုက်၏။ သူက ထိုနှစ်ယောက်မှာ သူ့ထက် များစွာ အားကောင်းကြောင်း ခံစားမိနေသည်။ ထိုစဉ် မိုဝူကျိ၏ စိတ်နှလုံးသား၌ ဒေါသထွက်လာမိ၏။
ဘာလို့များ အဆင့်မြင့် ပညာရှင်တွေ ဒီလောက်ပေါများနေရတာလဲ …..
ထိုသူတို့က အမျိုးသမီး နှစ်ဦး ဖြစ်ကာ သူတို့၏ ရုပ်ရည်မှာ လှပသည်ဟု ယူဆ၍ ရပြီး နှစ်ယောက်လုံးတွင် မက်မွန်သဏ္ဍာန် မျက်နှာသွင်ပြင် ပိုင်ဆိုင်ထားကြသည်။ တစ်ယောက်က အနည်းငယ် အရပ်ပိုရှည်လေ၏။
နှစ်ယောက်လုံးက မိုဝူကျိ လက်ထဲမှ ကျောက်စိမ်းသေတ္တာကို ကြည့်လိုက်ကြသည်။ ထိုအထဲ၌ နှစ်လွှာမြက်ပင်ကို မြင်လိုက်ရသည့်အခါ နှစ်ယောက်လုံး၏ မျက်ဝန်း၌ စိတ်ပျက်သည့် အရိပ်အယောင် ဖြတ်ပြေးသွားလေ၏။
အရပ်ရှည်ရှည် အမျိုးသမီးက မေးလိုက်၏ “ မင်းနာမည် ဘယ်သူလဲ … ထောင်ထျဲ့တောင်ကြားအနား ဘာလို့ ရောက်လာတာလဲ။ မင်းထက် နည်းနည်း ပုတဲ့ လူငယ်လေးကို မြင်မိသေးလား ”
မိုဝူကျိက အနည်းငယ် လန့်ဖြတ်မိသွားသည်။
ထောင်ထျဲ့တောင်ကြားတဲ့လား …. သူ ထွက်လာတဲ့ လျိုမြောင်ကလား ….
“မင်းကို မေးနေတာလေ။ မကြားဖူးလား … ဒါနဲ့ မင်းကျင့်ကြံဆင့်ကို ငါ ဘာလို့ မမြင်ရတာလဲ ” အရပ်ရှည်ရှည် အမျိုးသမီးက အလျှင်စလို မေးလိုက်ပြန်သည်။ သူမ စကားနောက်တွင် မိုဝူကျိအပေါ် ဖိအားကြီး ကျဆင်းလာလေကာ အသက်မရှုနိုင်လုနီးပါးအထိ ဖြစ်သွားစေသည်။
မိုဝူကျိ၏ နှလုံးခုန်မြန်လာမိပြီး နောက်ဆုံးတွင် အသိပြန်ဝင်လာမိသည်။ ထိုအမျိုးသမီး နှစ်ယောက်၏ အရှိန်အဝါမှာ ယူကျန်းနာနှင့် တူပြီး ယူကျန်းနာသည်လည်း အင်မော်တယ်လောကထက် အဆင့်မြင့်သည့် နယ်မြေမှ ဖြစ်လိမ့်မည်။ ထိုလူနှစ်ယောက်က ပြောင်းလဲမျှခြေ အဆောင်မပါရှိဘဲ ယူကျန်းနာကဲ့သို့ အရှိန်အဝါမျိုး ထုတ်လွှင့်နိုင်လေရာ ဤနေရာမှာ သေချာပေါက် အင်မော်တယ်နယ်မြေ မဟုတ်ချေ။
“ ကျွန်တော်က ဆေးပင်လေးတွေ လာရှာတာပါ။ ကျွန်တော်နဲ့ အရပ်မတိမ်းမယိမ်း လူငယ်လေးကိုတော့ မမြင်မိပါဘူး ” မိုဝူကျိက မြန်မြန် ပြောလိုက်သည်။
“ အစ်မကြီး …. ဒီလူက နည်းနည်း နှေးကွေးတဲ့ပုံပဲ။ သူက အမှိုက်ဆေးပင်တွေကိုတောင် လိုချင်နေသေးတယ်။ ဦးရီးတော် သူ့ကို ဖြတ်တိုက်သွားရင်တောင် သတိထားမိမှာ မဟုတ်လောက်ဘူး ” နောက်ထပ် အမျိုးသမီးက ထပ်ပြောလိုက်သည်။
အရပ်ရှည်ရှည် အမျိုးသမီးက အနည်းငယ် ပုသည့် အမျိုးသမီး၏ စကားကို သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူမ လေသံမှာ ပို၍ ပျော့ပျောင်းလာကာ “ အဲဆို မင်းရဲ့ ကျင့်ကြံဆင့်ကို ဘာလို့ မမြင်ရတာလဲ ”
“ ကျွန်တော်ဆီမှာ သိပ်မဆိုးတဲ့ ဖုံးကွယ်ရေး ကျင့်စဉ် ရှိထားတာ … တကယ်လို့ ဒီက စီနီယာအစ်မကြီးနှစ်ယောက် စိတ်ဝင်စားရင် … ”
မိုဝူကျိ စကားမဆုံးခင် အရပ်ရှည်ရှည် အမျိုးသမီးက လက်ခါပြကာ “ ဘယ်သူက မင်းကျင့်စဉ်ကို လိုချင်နေလို့လဲ … ပြီးတော့ မင်းရဲ့ မဖြစ်စလောက် ကျင့်စဉ်လေးနဲ့ ဘာတွေ ဖုံးကွယ်ဖို့ လိုလို့လဲ ”
မိုဝူကျိက နေရခက်စွာ ပြောလိုက်သည် “ ကျွန်တော်က လေ့ကျင့်ရင်း ဒီကျင့်စဉ်ကို ကျင့်ကြံလို့ပါ ”
“ ညီမလေး သွားကြစို့ … ” အရပ်ရှည်ရှည် အမျိုးသမီးက မိုဝူကျိသည် မထင်မရှား ဖြတ်သွားဖြတ်လာ တစ်ယောက်ဟု ခံစားမိလေရာ လေကုန်မခံတော့ပေ။
နှစ်ယောက်သား အကွာအဝေးတစ်ခု ရောက်ပြီးနောက် မိုဝူကျိက သူတို့အသံများကို ကြားနေရဆဲ ဖြစ်၏ “ အစ်မကြီး … အဲဒီလူက ထောင်ထျဲ့တောင်ကြားမှာ ဆေးပင် လာရှာတာတဲ့ … တကယ်ပါပဲ ပြောစရာတောင် ရှာမတွေ့တော့ဘူး ”
အရပ်ရှည်ရှည် အမျိုးသမီးက မထီမဲ့မြင်ဖြင့် “ သူ့စွမ်းရည်နဲ့ အဆင့်နိမ့်ဆုံး နတ်ဘုရားဆေးပင် ရှိတဲ့နေရာကို သွားနိုင်မှာ မဟုတ်ဘူး။ သူ သွားရင်လည်း သူ့သေတွင်းကို တူးနေသလို ဖြစ်မှာပဲ …. ”
“ အစ်မကြီး ပြောတာ မှန်တယ် ” အနည်းငယ် ပုသည့် အမျိုးသမီးက တုံ့ပြန်လိုက်သည်။ ထိုစဉ် သူတို့နှစ်ယောက်လုံးက အဝေးတစ်နေရာသို့ ရောက်နေလေပြီ။
မိုဝူကျိက သူတို့ပျောက်ကွယ်သွားသည့် ပုံရိပ်ကို ကြည့်လိုက်မိပြီး သူ့စိတ်ထဲမှ ပျော်ရွှင်မှုလေးပင် အစအနမရှိ ကွယ်ပျောက်သွားတော့သည်။ မူလက သူသည််အင်မော်တယ်လောကမှ ထွက်သွားရန် စိတ်ထင့်နေခြင်း မရှိသော်လည်း ယခုအခါ အင်မော်တယ်လောက၌ တကယ့်ရန်သူကြီး ကျီချန်းလော့ ရှိနေသေး၏။ ကျီချန်းလော့ အသက်ရှင်နေသေးသရွေ့ သူ့အနေနှင့် စိတ်ဖြောင့်ဖြောင့် မည်သို့ နေနိုင်မည်နည်း။
သူ့အနေနှင့် ဤသည်က ဒဏ္ဍာရီလာ နတ်ဘုရားလောကမှန်းလည်း မသိခဲ့ပေ။