စကားသံကြီး ပြန်လည်ပေါ်ပေါက်လာခြင်း
Vol. 60 Ch. 825
ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင်ကြီးတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွား၏။ အားကောင်းသော စွမ်းအင်လှိုင်းကြီးများမှာ အဆုံးမဲ့မျိုးနွယ်စုဝင်များနှင့် ဆင်းသက်သူတို့၏ နှလုံးသားများကို တုန်ရီသွားစေသောကြောင့် သူတို့၏ အသက်ရှူသံများပင် ပျောက်ကွယ်သွားရသည်။ သူတို့အားလုံးမှာ အရှင်လက်လက် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ကြရ၏။
ထာဝရဝိညာဉ်အဆင့် အဘိုးကြီးမှာ... သေဆုံးသွားပြီဖြစ်သည်။
ထိုမြင်ကွင်းကြီးမှာ အံ့သြမှင်တက်ဖွယ်ရာ ကောင်းလွန်းနေသောကြောင့် မည်သူကမှ မယုံကြည်နိုင်ဘဲ ဖြစ်နေရ၏။ အဆုံးမဲ့မျိုးနွယ်စုဝင်များအတွက် ထိုအဘိုးကြီးမှာ... နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေသည်မဟုတ်ပါလော။ ဂြိုဟ်အဆင့်နှင့် အထက်တွင်ရှိသည့် ကျင့်ကြံသူများပြီးလျှင် သူသည် ပြိုင်ဘက်အကင်းဆုံး ဖြစ်ပေသည်။
သို့သော် ယခုတွင်မူ ဝက်ခေါင်းမျက်နှာဖုံးနှင့် လူကြီးမှာ လူတိုင်း၏ရှေ့တွင် ထိုအဘိုးကြီး၏ ခန္ဓာကိုယ်အား ထက်ခြမ်းပိုင်းကာ သူ့အား ဇီဝိန်ချုပ်ပေးလိုက်ပြီ ဖြစ်သည်။
ထို့ကြောင့် သူတို့မှာ နှလုံးသားထဲ၌ ခံစားနေရသည့် အံ့ဩတုန်လှုပ်မှုများကို စကားလုံးများနှင့်ပင် မဖော်ပြနိုင်လောက်အောင် ဖြစ်နေရတော့သည်။
ထို့အပြင် ထက်ခြမ်းကွဲသွားသည့် ထို အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီး၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာခဲ့သည့် နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အငွေ့အသက် အမျှင်အတန်းလေး တစ်ခုမှာလည်း အပြင်ဘက်၌ ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် မီးစတစ်စကဲ့သို့ ချက်ချင်းဆိုသလိုပင် ငြိမ်းသက်ပျောက်ကွယ်သွား၏။
ထို အငွေ့အသက်ကြောင့် ဘေးပတ်ပတ်လည်ရှိလူအုပ်ကြီးမှာ သတ်ခံလိုက်ရသည့် ကျင့်ကြံသူကြီးသည် သာမန် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်မဟုတ်ဘဲ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်နေသည့်အချက်ကို ပြန်၍သတိရသွားကြသည့်ပုံပင်။
တစ်ချိန်ထဲမှာပင် ထို အဘိုးကြီး၏ ဝိညာဉ်မှာ ဝမ်ပေါင်လဲ့၏ နတ်ဘုရားလက်နက်ကြီးကြောင့် ပြာပုံဘဝသို့ ရောက်သွားရပြီဖြစ်သည်။
ထို အဘိုးကြီး သေဆုံးသွားသောအခါ အားကောင်းသော အသက်စွမ်းအင် အငွေ့အသက်များ ထွက်ပေါ်လာ၏။ ၎င်းတို့နှင့်အတူ အဘိုးကြီး၏ ဝိညာဉ် ပျက်စီးပျောက်ကွယ်သွားရာမှ ထွက်ပေါ်လာသည့် သေမင်း အငွေ့အသက်များလည်း ပေါ်ပေါက်လာသေးသည်။ ထိုအငွေ့အသက်များမှာ ဝမ်ပေါင်လဲ့၏ နောက်တွင်ရှိနေသော အနက်ရောင် နတ်ဆိုးမျက်လုံးကြီးဆီသို့ ဦးတည်သွားကြ၏။
အနက်ရောင် နတ်ဆိုးမျက်လုံးကြီးမှာ အစွမ်းကုန် ထုတ်လွှတ်ထားခဲ့သည်ဖြစ်ရာ ယခုတွင် ရဲရဲနီနေပြီး ပေါက်ကွဲပျက်စီးသွားတော့မည့်ပုံ ပေါက်နေ၏။ ထို့အပြင် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီး သူ့ကိုယ်သူဖောက်ခွဲကာ အတင်းအဓမ္မ ရုန်းကန်ခဲ့စဉ်တုန်းက ၎င်းမှာ နောက်ထပ်တစ်ကြိမ် ထပ်၍ ဒဏ်ရာရသွားခဲ့ရသည် မဟုတ်ပါလော။ သို့သော် ယခုတွင်မူ ထိုမျက်လုံးကြီးထဲ၌ အလွန်အင်မတန်မှ အားကောင်းသည့် လောဘစိတ်တစ်မျိုးကို အထင်းသား မြင်နေရပြီဖြစ်သည်။ ၎င်းမှာ အာကာသတွင်းနက်ကြီး တစ်ခုကဲ့သို့ အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးဆီမှ ထွက်ပေါ်လာသည့် အငွေ့အသက်များကို ဝါးမျိုစုပ်ယူနေတော့သည်။
ဝမ်ပေါင်လဲ့၏ အာရုံထဲတွင် ထို အငွေ့အသက်များမှာ ရှင်းလင်းပြတ်သားနေပါသော်လည်း အခြားသူများမှာ ၎င်းတို့အား မမြင်ရပေ။ ၎င်းတို့မှာ ဘေးပတ်ဝန်းကျင်တစ်ခုလုံးနှင့် ဝမ်ပေါင်လဲ့အား ဖုံးလွှမ်းသွားလျှင်တောင် မည်သူကမှ သိနိုင်မည် မဟုတ်ပေ။ သို့သော် ဘေးပတ်ပတ်လည်ရှိ လူအုပ်ကြီးမှာ ထိုမြူခိုးများကို မမြင်ရသည့်တိုင်အောင် ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွင် ရှိနေသည့် ဟင်းလင်းပြင်ကြီး စတင်တွန့်လိမ်ပုံပျက်လာသည်ကို မြင်လိုက်ရ၏။
ထိုတွန့်လိမ်ပုံပျက်မှုကြီးကြောင့် ဝမ်ပေါင်လဲ့၏ လူရိပ်မှာ မှုန်ဝါးဝါး ဖြစ်သွားရသဖြင့် လူတိုင်းမှာ အထူးတဆန်း ဖြစ်သွားရသည်။ ထို့နောက် ခဏအကြာတွင် သူတို့ဆီမှ အံ့ဩမှင်တက်နေကြသည့် စကားသံများ ထွက်ပေါ်လာတော့သည်။
" သူ... သေသွားပြီလားဟ "
" စစ်တပ်ခေါင်းဆောင်ကြီး... သေသွားပြီတဲ့လား "
" မဖြစ်နိုင်တာ "
ထိုကဲ့သို့သော စကားသံများ အဆက်မပြတ်ထွက်ပေါ်လာစဉ် လက်မြန်ခြေမြန်ရှိသော အဆုံးမဲ့မျိုးနွယ်စုဝင်များမှာ ကြောက်လန့်တကြားဖြစ်နေသည့် မျက်ဝန်းများဖြင့် အဝေးသို့ထွက်ပြေးသွားကြတော့သည်။ ဝမ်ပေါင်လဲ့မှာ အားအင်ကုန်ခန်းနေသည့်ပုံ ပေါက်နေသည့်တိုင်အောင် မည်သူကမှ သူ၏အနီးသို့ မကပ်ရဲကြပေ။ တွန့်လိမ်ပုံပျက်နေသည့် နယ်မြေထဲရှိ သူ၏ လူရိပ်ကြီးမှာ နတ်ဆိုးတစ်ပါးကဲ့သို့ ဖြစ်နေပြီး လျှို့ဝှက်ဆန်းကြယ် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေသောကြောင့် လူများမှာ ကြောက်ရွံ့တုန်လှုပ်နေကြရတော့သည်။
ထိုသို့ဖြင့် အဆုံးမဲ့မျိုးနွယ်စုဝင်များမှာ တစ်ယောက်ပြီးတစ်ယောက် အလျင်အမြန် ထွက်ပြေးဆုတ်ခွာသွားကြ၏။ နောက်ဆုံးတွင် ထို နေရာ၌ ရှိနေသည့် အဆုံးမဲ့မျိုးနွယ်စုဝင်များ အားလုံးမှာ အဝေးသို့ ဆုတ်ခွာသွားကြပြီဖြစ်သည်။
ဝမ်ပေါင်လဲ့ကဲ့သို့သော ဆင်းသက်သူများထဲမှ အများစုမှာလည်း အသားများ တဆတ်ဆတ် တုန်ရီလာကြပြီး ထိုနေရာမှ ဝေးရာသို့ ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်ကြ၏။ သို့သော် သူတို့ထဲမှ ခုနစ်ယောက် ရှစ်ယောက်ခန့်မှာမူ လောဘစိတ်များကြောင့် တွေဝေတုံ့ဆိုင်းနေကြသဖြင့် ထိုနေရာမှ အပြီးတိုင် ထွက်ခွာသွားခြင်း မရှိဘဲ နောက်သို့ မီတာအနည်းငယ်မျှသာ ဆုတ်ခွာသွားလိုက်သည်။ သူတို့မှာ မျက်လုံးများမှေးကာ လောဘစိတ်များကို ချုပ်တည်းလိုက်ကြပြီးနောက် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေတော့သည်။
လူအချို့ သူ့အား ထိုကဲ့သို့ လှမ်းကြည့်နေကြစဉ် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီး သေဆုံးရာသွားမှ ထွက်ပေါ်လာသည့် အငွေ့အသက်များ၏ လွှမ်းခြုံခြင်းကို ခံထားရသော ဝမ်ပေါင်လဲ့မှာ သူ၏ ခန္ဓာကိုယ်ထဲ၌ ကြီးမားသော ပြောင်းလဲမှုကြီးများ ပေါ်ပေါက်လာသည်ကို အာရုံမိနေ၏။
နတ်ဆိုးမျက်လုံးကြီးမှာ အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီး သေဆုံးသွားပြီးနောက် ထွက်ပေါ်လာသည့် အငွေ့အသက်များကို စုပ်ယူပြီးသွားသောအခါ ချက်ချင်းဆိုသလိုပင် အကောင်းပတိအတိုင်း ပြန်ဖြစ်သွား၏။ သို့သော် ၎င်းမှာ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ စုပ်ယူမိခဲ့သည့် စွမ်းအားများ၏ ကိုးဆယ်ရာခိုင်နှုန်းတိတိကို အသုံးပြုကာ ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်သွားနိုင်အောင် ကူညီပေးနေရဆဲပင်။ ၎င်းမှာ နတ်ဆိုးမျက်လုံးပညာရပ်၏ ထူးခြားသော ဂုဏ်သတ္တိတစ်ခု ဖြစ်ပေသည်။ ထိုစွမ်းအားများ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့် အချိန်တွင် သူသည် တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ၏ ဒဏ်ရာဟောင်းများ အားလုံးမှာလည်း ချက်ချင်းပင် ပျောက်ကင်းသက်သွားတော့သည်။
ပထမဦးဆုံးအနေနှင့် သူ ဖောက်ခွဲပစ်ခဲ့သည့် ခြေထောက်နှစ်ဖက် ပြန်လည်ပေါ်ပေါက်လာနေသည်ကို အထင်းသား မြင်နိုင်ပေသည်။ ထို့နောက် သူ ပေါက်ကွဲမှုများ ကြိမ်ဖန်များစွာ ထုတ်လွှတ်ခဲ့ပြီးနောက် ကုန်ဆုံးသွားရသည့် စွမ်းအင်များမှာ ပြန်လည်ပြည့်ဖြိုးလာ၏။ အရေးအကြီးဆုံး အချက်မှာမူ... သူ၏ ကျင့်ကြံခြင်းအဆင့် ဖြစ်ပေသည်။
ဝမ်ပေါင်လဲ့မှာ ဤကမ္ဘာကြီးထဲသို့ ရောက်ရှိလာခဲ့ပြီးနောက် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ဖူးပြီးသားဖြစ်သည်။ သို့သော် သူသည် ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်နိုင်ရန် ဆံခြည်မျှင်လေး တစ်မျှင်စာသာရှိသော အတားအဆီးတစ်ခုနှင့် ကြုံနေရသည်ဟု အမြဲတမ်း ခံစားနေခဲ့ရ၏။ ယခုတွင် သူသည် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်အား သတ်ဖြတ်နိုင်ခဲ့သည်ဖြစ်ရာ ထို အတားအဆီးအား ကျော်လွှားနိုင်သွားတော့သည်။ ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ သိသိသာသာ တိုးတက်သွားပြီး နောက်ဆုံးတွင် ဖောက်ထွက်သွား၏။
သူသည် နှောင်းပိုင်း ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်တော့ဘဲ ဝိညာဉ်ကြားခံနယ် ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်အဖြစ်သို့ ရောက်ရှိသွားပြီဖြစ်သည်။
အမှန်အတိုင်းဆိုရလျှင် သူသည် သာမန်အတိုင်း ဖောက်ထွက်သွားခြင်းသာ မဟုတ်ပေ။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ဖောက်ထွက်သွားပြီးသည်နှင့် တစ်ပြိုင်နက် ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့်၏ ထိပ်ဆုံးသို့ ရောက်ရှိသွားသောကြောင့် ထာဝရဝိညာဉ်အဆင့်သို့ တက်လှမ်းနိုင်ရန် ခြေတစ်လှမ်းမျှသာ လိုတော့ပေသည်။
ပို၍ တိတိကျကျ ဆိုရမည်ဆိုလျှင် သူသည် ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။
" ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ပွင့်လာ၏။ သူ မျက်လုံးများပွင့်လာသည်နှင့် တစ်ပြိုင်နက် ၎င်းတို့ထဲမှ လျှပ်စီးတန်းများ ထွက်ပေါ်လာသကဲ့သို့ ဖြစ်သွားပြီး ဘေးပတ်ပတ်လည်တွင် မိုးခြိမ်းသံများ ပဲ့တင်ထပ်သွားသဖြင့် တွန့်လိမ်ပုံပျက်နေသည့် နယ်မြေကြီးမှာလည်း ပျောက်ကွယ်သွားရတော့သည်။ ထို့ကြောင့် မကောင်းကြံရန် တွေးနေကြသည့် ဆင်းသက်သူများမှာ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲရှိ အလင်းရောင်များနှင့် သူ၏ အခြေအနေအား အထင်းသားမြင်လိုက်ရ၏။ ထို့အပြင် သူ၏နောက်တွင် ရှိနေသည့် နတ်ဆိုးမျက်လုံးကြီးမှာလည်း အနက်ရောင်မဟုတ်တော့ဘဲ အနီရောင်အလင်းရောင်များ ထုတ်လွှတ်နေရင်း ခရမ်းရောင် ပြောင်းသွား၏။
ထိုမြင်ကွင်းကြောင့် လောဘတက်နေကြသည့် ကျင့်ကြံသူ ခုနစ်ယောက် ရှစ်ယောက်ခန့်မှာ ဦးရေခွံများ ထုံကျဉ်သွားရတော့သည်။ သူတို့မှာ တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ထွက်ပြေးဆုတ်ခွာသွားရန် ပြင်လိုက်ပါသော်လည်း နောက်ကျသွားပြီဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ တစ်လက်မလေးပင် မလှုပ်ရှားခဲ့ပါသော်လည်း သူ၏နောက်တွင် ရှိနေသည့် ခရမ်းရောင် မျက်လုံးကြီးမှာ နောက်သို့ လှည့်လာ၏။ ထို့နောက် ၎င်းမှာ နတ်ဆိုး အငွေ့အသက်တစ်ခုကို ထုတ်လွှတ်ကာ ဝမ်ပေါင်လဲ့၏ နောက်မှ ပျောက်ကွယ်သွားတော့သည်။ ထိုအချိန်တွင် ဘေးပတ်ပတ်လည်၌ စူးရှကျယ်လောင်သော အော်ဟစ်မြည်တမ်းသံများ ထွက်ပေါ်လာသဖြင့် ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွားရပြီး ထိုအသံများ ထွက်ပေါ်လာသည့် အရပ်မျက်နှာဘက်သို့ အေးစက်စက်မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်၏။ ထိုအခါ သူသည် ထွက်ပြေးသွားသည့် ကျင့်ကြံသူများအားလုံး ပိန်ချုံးသွားကြသည်ကို သူ၏ နတ်ဘုရားအာရုံထဲမှတစ်ဆင့် မြင်လိုက်ရတော့သည်။ ထို ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များပေါ်တွင်မူ မှုန်ဝါးဝါး ဖြစါနေသည့် မျက်လုံးများ ရှိနေကြ၏။
" ထပ်ပြီးတော့ စုပ်ယူနေပြန်ပြီလား " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အေးစက်စွာတောက်ပသွားပြီး ညာဘက်လက်ကိုမြှောက်ကာ ခပ်လှမ်းလှမ်းရှိ ဟင်းလင်းပြင်တစ်ခုအား လှမ်း၍ ဖမ်းဆုပ်လိုက်၏။ ထိုအခါ ထိုနေရာတစ်ဝိုက်တွင် တုန်ခါမှုလှိုင်းများ ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာပြီး သူ၏နောက်မှ ထွက်ခွာသွားသော ခရမ်းရောင်မျက်လုံးကြီးမှာလည်း ပြန်လည်ပေါ်ပေါက်လာတော့သည်။ ၎င်းမှာ ကြိုးစားရုန်းကန်နေပါသော်လည်း ဝမ်ပေါင်လဲ့မှာ ဝါးမျိုခြင်းသစ်စေ့ကို အသုံးပြုလိုက်သောကြောင့် ထို ခရမ်းရောင်မျက်လုံးကြီးမှာ တဖြည်းဖြည်းနှင့် သူ၏ရှေ့သို့ ပြန်၍ ဆွဲခေါ်ခံလာရတော့သည်။
" ငါ မင်းကို သတိပေးထားပြီးသားလေ " ဝမ်ပေါင်လဲ့မှာ သူ၏ရှေ့တွင်ရှိနေသည့် ခရမ်းရောင်မျက်လုံးကြီးအား စိုက်ကြည့်ကာ အေးစက်စက် လေသံဖြင့် ဆိုလိုက်၏။ ထိုအခါ ထို မျက်လုံးကြီးမှာလည်း တစ်ခဏမျှ ဝင်းလက်တောက်ပသွားပြီးနောက် ဖြည်းဖြည်းချင်း ပြန်၍ မှေးမှိန်သွားသည်။ ၎င်းမှာ သေသေချာချာ တွေးတောသုံးသပ်လိုက်ပြီးနောက် အရှုံးပေးရန် ဆုံးဖြတ်လိုက်သည့်ပုံပင်။
ယခင်တုန်းက ဝမ်ပေါင်လဲ့ နတ်ဆိုးမျက်လုံးပညာရပ်ထဲရှိ အသိစိတ်အား အပြစ်ပေးရန် အသုံးပြုခဲ့သည့် နည်းလမ်းကြောင့် ၎င်းမှာ အလွန်အင်မတန်မှ ကြောက်ရွံ့တုန်လှုပ်နေရသည်ဖြစ်ကြောင်း သိသာထင်ရှားပေသည်။ ဝမ်ပေါင်လဲ့မှာမူ မျက်လုံးများမှေးသွားပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် သူ ကြားဖူးနေသည့် စကားသံကြီးတစ်သံမှာ သူ၏ နားထဲ၌ ပြန်လည် ပေါ်ပေါက်လာတော့သည်။
" ကယ်ပါဦး... အို အသင် တိုင်းတစ်ပါးသား .... တစ်ကြိမ်လောက်ပဲ ငါ့ကို ကယ်တင်ပေးပါ "
ထို စကားသံကြီးမှာ ယခင်အကြိမ်တုန်းကထက် အများကြီးပို၍ ကြည်လင်ပြတ်သားနေ၏။ ထို့ကြောင့် ၎င်းမှာ မြေကြီးအောက်မှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ဝမ်ပေါင်လဲ့က ချက်ချင်းသိလိုက်ရသည်။ ထိုအသံကြီး ပြန်လည်ပေါ်ပေါက်လာမှုကြောင့် သူသည် မျက်နှာအမူအရာ ပြောင်းလဲသွားရ၏။
" ခဗျားက ဘယ်သူလဲ " ဝမ်ပေါင်လဲ့မှာ ခေါင်းငုံ့ကာ မြေပြင်ကြီးအား လှမ်းကြည့်လိုက်၏။ သူသည် ထိုအသံကြီး ထွက်ပေါ်လာသည့် အရပ်မျက်နှာကိုသာမက တည်နေရာကိုပါ အကြမ်းဖျင်းခန့် အာရုံခံမိနေသည်ဟု ခံစားနေရသည့်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ခေါင်းငုံ့ကာ မြေပြင်ကြီးအား လှမ်းကြည့်လိုက်ခြင်းဖြစ်၏။ မြေမျက်နှာပြင် အောက်ပိုင်းရှိ ဂြိုဟ်ကြီး၏ အမြုတေ၏ အနီးတွင်မူ ကျောက်ရည်ပူများဖြင့် ပြည့်နှက်နေသည့် နယ်မြေကြီးတစ်ခု ရှိနေသည်။
ထို ကျောက်ရည်ပူများထဲရှိ လှေကားအထစ်တစ်ရာ၏ ထိပ်တွင် အနက်ရောင်မျှော်စင်တစ်ခုပုံစံ တည်ဆောက်ထားသည့် ပလ္လင်တစ်လုံး ရှိနေ၏။ ထို ပလ္လင်ကြီး၏ ထောင့်သုံးထောင့်တွင်မူ နူးညံ့သိမ်မွေ့စွာ တောက်လောင်နေသည့် မီးတောက်များကို ထုတ်လွှတ်နေသော ရေနံဆီမီးအိမ်သုံးခု ရှိနေသည်။
ထို မီးအိမ်သုံးခု၏ ကြားတွင် လူရိပ်နှစ်ခုမှာ တင်ပျဉ်ခွေထိုင်ကာ တရားထိုင်နေကြ၏။
သူတို့ထဲမှတစ်ယောက်မှာ အဘိုးကြီးတစ်ယောက်ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပိန်ချုံးနေသလို သူ၏ အငွေ့အသက်များမှာလည်း အလွန်အင်မတန်မှ အားပျော့နေ၏။ သို့ဖြစ်ရာ သူသည် သေလုမျောပါး အနေအထားသို့ ရောက်နေသည့်ပုံပင်။ သူ၏ ဝမ်းဗိုက်အလယ်တွင်လည်း အပေါက်ကြီးတစ်ပေါက်ရှိနေပြီး ထိုအပေါက်ကြီးထဲမှ သတ်တန့်ရောင် အလင်းလှိုင်းများ ပျံ့လွင့်ထွက်ပေါ်နေသည်။ ဘေးပတ်ဝန်းကျင်ကြီး တစ်ခုလုံးကို လွမ်းခြုံထားသည့် ထို သက်တန့်ရောင် အလင်းရောင်များ၏ မူလရင်းမြစ်မှာ အသေးစား ဂြိုဟ်လေးတစ်လုံး ဖြစ်နေသည်ကို မြင်နိုင်ပေသည်။
သူ၏ရှေ့တွင် ထိုင်နေသည့် သက်တန့်ရောင်အလင်းရောင်များ၏ လွှမ်းခြုံခြင်းကို ခံထားရသော လူကြီးမှာ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ရှိနေသည့် အဆုံးမဲ့မျိုးနွယ်စုဝင်တစ်ယောက် ဖြစ်ပေသည်။ ထိုလူကြီးမှာ သတ်လတ်ပိုင်းအရွယ် ရှိပြီး သူ၏ ဦးခေါင်းသုံးလုံးစလုံးပေါ်ရှိ မျက်နှာအမူအရာများမှာ ရေခဲတမျှအေးစက်နေသည်။ သူသည် သူ၏ညာဘက်လက်ကိုမြှောက်ကာ အဘိုးကြီး၏ ဝမ်းဗိုက်ထဲရှိ သက်တန့်ရောင် ဂြိုဟ်ငယ်လေးအား ဆွဲထုတ်နေသည့်ပုံပင်။
အကယ်၍ အကြောင်းသိသူများသာ ထိုမြင်ကွင်းအား မြင်လိုက်ရမည်ဆိုပါက ဒဏ်ရာရထားသည့် အဘိုးကြီးနှင့် အဆုံးမဲ့မျိုးနွယ်စုဝင် သက်လတ်ပိုင်းလူကြီး နှစ်ယောက်လုံးမှာ ဂြိုဟ်အဆင့်တွင် ရှိနေကြကြောင်း ချက်ချင်းသိလိုက်ကြမည်သာ ဖြစ်သည်။ ထို့အပြင် အဆုံးမဲ့မျိုးနွယ်စုဝင်ကြီးမှာ အဘိုးကြီးအား သန့်စင်နေသည့်ပုံ ပေါက်နေ၏။
ထိုကဲ့သို့ သန့်စင်နေရင်း အဆုံးမဲ့မျိုးနွယ်စုဝင် ဂြိုဟ်အဆင့် ကျင့်ကြံသူကြီးမှာ မျက်လုံးများပွင့်လာပြီး သူ၏ရှေ့တွင်ရှိနေသည့် ပိန်ချုံးနေသော အဘိုးကြီးအား လှမ်းကြည့်လိုက်၏။ အစတွင် သူ၏မျက်ဝန်းများထဲ၌ လောဘစိတ်များ ပေါ်ပေါက်လာသည်။ သို့သော် ခဏအကြာတွင် သူသည် အထင်အမြင်သေးသည့် မျက်ဝန်းများဖြင့် အေးစက်စက်ရယ်မောကာ မေးလိုက်၏။
" အဘိုးကြီး။ ခဗျား အခုအထိ လက်မလျှော့သေးဘူးလား "