← Chapters

ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ ဖိနှိပ်ချုပ်တည်းမှုစွမ်းအား

Vol. 60 Ch. 826

ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ ဖိနှိပ်ချုပ်တည်းမှုစွမ်းအား

Vol. 60 Ch. 826

ထိုအဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူကြီး၏ စကားများကို ကြားလိုက်ရသည့်တိုင်အောင် သူ၏ရှေ့တွင် ရှိနေသည့် အဘိုးကြီးမှာ နှုတ်ဆိတ်ကာ မျက်လုံးများမှိတ်ထားဆဲပင်။ သို့သော် သူသည် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေပြီး သူ၏ဝမ်းဗိုက်ထဲမှ သက်တန့်ရောင် အလင်းရောင်များ ထွက်ပေါ်နေသည်ဖြစ်ရာ သူသည် အလွန်အင်မတန်မှ ကြောက်ရွံ့တုန်လှုပ်နေသည်ဖြစ်ကြောင်း သိနိုင်ပေသည်။

" ကျုပ် ခဗျားရဲ့ သက်တန့်ရောင်ဂြိုဟ်ကို ရအောင်ယူပြမယ်။ တောင့်ခံနေလို့ ဘာမှမထူးဘူး " အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူကြီးမှာ ထိုသို့ဆိုကာ မျက်လုံးများ မှေးသွား၏။ သူသည် ထိုသက်တန့်ရောင် ဂြိုဟ်ငယ်လေးအား လောဘတက်နေသည့် မျက်ဝန်းတစ်စုံဖြင့် စိုက်ကြည့်ရင်း အစွမ်းထက် ဂြိုဟ်အဆင့် အငွေ့အသက်များကို ထုတ်လွှတ်နေသည်။

မြေအောက်ရှိ ယဇ်ပလ္လင်ကြီးပေါ်တွင် ထိုင်နေကြသော လူရိပ်နှစ်ခုစလုံးမှာ ဂြိုဟ်အဆင့် ကျင့်ကြံသူကြီးများ ဖြစ်ကြပေသည်။

သူတို့ထဲမှတစ်ယောက်မှာ ဤဂြိုဟ်ပေါ်ရှိ အဆုံးမဲ့မျိုးနွယ်စု စစ်တပ်၏ ခေါင်းဆောင်အစစ် ဖြစ်သည်။ ဝမ်ပေါင်လဲ့ သတ်ဖြတ်ခဲ့သည့် အဘိုးကြီးမှာမူ လက်ထောက်ခေါင်းဆောင်ကြီးသာ ဖြစ်သည်။ စစ်တပ်ထဲရှိ အခြားကျင့်ကြံသူများမှာ ထိုခေါင်းဆောင်ကြီးသည် အလုပ်ကိစ္စရှိသောကြောင့် ထွက်ခွာသွားပြီဖြစ်ကြောင်း မှတ်ယူကြပါသော်လည်း လက်တွေ့တွင်မူ သူသည် ထွက်ခွာမသွားခဲ့ပေ။

သူသည် မြေအောက်ရှိ ယဇ်ပလ္လင်ဆီသို့ ရောက်နေပြီး ရှားပါးအခွင့်အရေးကြီး တစ်ခုကို အသုံးချ‌နေခြင်းဖြစ်၏။ သူသည်... သူ၏ရှေ့တွင်ရှိနေသော အဘိုးကြီး၏ သက်တန့်ရောင်ဂြိုဟ်အား ဝါးမျိုစုပ်ယူနေခြင်း ဖြစ်ပေသည်။

သူသည် ထို သက်တန့်ရောင်ဂြိုဟ်အား အလွန်အင်မတန်မှ လိုချင်တပ်မက်နေ၏။ ဂြိုဟ်အဆင့် ကျင့်ကြံသူများ ဂြိုဟ်အဆင့်သို့ တက်လှမ်းခဲ့စဉ်တုန်းက သူတို့နှင့် အတူတကွ ပေါင်းစည်းခဲ့သည့် ဂြိုဟ်များမှာ အဆင့်အတန်း အမျိုးမျိုးရှိကြသည် မဟုတ်ပါလော။ ယခုကဲ့သို့သော သက်တန့်ရောင် ဂြိုဟ်များမှာ အတော်အတန် အဆင့်မြင့်သည့် ဂြိုဟ်များ ဖြစ်ကြပြီး ၎င်းတို့အား ပိုင်ဆိုင်နိုင်မည်ဆိုပါက သူ့အတွက် အများကြီး အကျိုးရှိနိုင်ပေသည်။

ပုံမှန်အတိုင်းသာဆိုလျှင် သူသည် ထိုကဲ့သို့သော အခွင့်အရေးမျိုးနှင့် ကြုံရမည်မဟုတ်ပေ။ သို့သော် ဤကျူးကျော်စစ်ကြောင့် သူသည် ထိုအခွင့်အရေးအား ပိုင်ဆိုင်ခွင့်ရခဲ့၏။ သို့ဖြစ်ရာ သူသည် ၎င်းအား လက်လွှတ်ဆုံးရှုံးခံမည် မဟုတ်ပေ။

သို့သော် သူသည် ၎င်းအား အလွယ်တကူ ရယူနိုင်မည်တော့ မဟုတ်ပေ။ သူသည် အချိန် အမြောက်အမြား ပေးရန် လိုအပ်သလို ပြင်ဆင်မှုများ ပြုလုပ်ထားရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် ဆင်းသက်သူများ ရောက်ရှိလာပြီး အရာအားလုံး ပရမ်းပတာ ဖြစ်သွားရသည့်တိုင်အောင် သူသည် တင်ပျဉ်ခွေထိုင်ကာ အစွမ်းကုန် ကြိုးစားအားထုတ်၍ သန့်စင်နေဆဲပင်။

သူ၏ လက်ထောက်သာလျှင် သူ၏ လုပ်ရပ်များအကြောင်းကို အနည်းအကျဉ်း သိထား၏။ ထို့ကြောင့် နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီးမှာ ဆင်းသက်သူများသည် ဤဂြိုဟ်ပေါ်တွင် အကြာကြီး ရှိနေလိမ့်မည်မဟုတ်ကြောင်း သိရှိထားသည့် တိုင်အောင် တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ သူသည် ဆင်းသက်သူများ စစ်တပ်ခေါင်းဆောင်ကြီးအား နှောင့်ယှက်သလို ဖြစ်သွားမည်ကို စိုးရိမ်နေခြင်းဖြစ်၏။

ထိုသို့ ဖြစ်လာနိုင်ခြေမှာ အများကြီးမရှိပါသော်လည်း သူသည် အရဲမစွန့်ရဲသောကြောင့် ယခု အခြေအနေအထိ ရောက်လာခဲ့ရခြင်း ဖြစ်ပေသည်။

သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့နှင့် နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူကြီးတို့၏ တိုက်ပွဲထဲမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများမှာ အလွန်အင်မတန်မှ အားကောင်းလာသောကြောင့် စစ်တပ်ခေါင်းဆောင်ကြီးမှာ လျစ်လျူရှုထားနိုင်စွမ်း မရှိတော့ပေ။ အရေးအကြီးဆုံးအချက်မှာ... သူ၏ရှေ့တွင်ရှိနေသည့် အဘိုးကြီး၏ အကူအညီတောင်းသံများကြောင့် အဆုံးမဲ့မျိုးနွယ်စုစစ်တပ်၏ ခေါင်းဆောင်ကြီးမှာ အန္တရာယ်နှင့် ကြုံရတော့မည်ဟု ခံစားလာရခြင်းပင်။

" အဘိုးကြီး... ခဗျား လုံးဝ လက်လျှော့သွားရအောင် ကျုပ် လုပ်ပြမယ် " အဆုံးမဲ့မျိုးနွယ်စုဝင် ဂြိုဟ်အဆင့် စစ်တပ်ခေါင်းဆောင်ကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် မျက်ဝန်းများ အေးစက်စွာ တောက်ပသွားပြီး သူ၏ နတ်ဘုရားအာရုံများကို ဖြန့်ကြက်လိုက်၏။ ထိုအခါ ၎င်းမှာ ယဇ်ပလ္လင် ရှိနေသည့်နေရာမှ လေမုန်တိုင်းတစ်ခုကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာကာ ကမ္ဘာမြေကြီးအား ထိုးဖောက်သွားပြီနောက် ပြင်ပကမ္ဘာထဲ၌ ပေါ်ပေါက်လာသည်။ ထို့နောက် ၎င်းမှာ မျက်စိတစ်မှိတ်အတွင်းတွင် တစ်ဂြိုဟ်လုံးအား လွှမ်းခြုံသွားတော့သည်။

ဂြိုဟ်အဆင့် ကျင့်ကြံသူများ၏ နတ်ဘုရားအာရုံများမှာ တစ်ဂြိုဟ်လုံးအား လွှမ်းခြုံသွားနိုင်လောက်အောင် အားကောင်းပေသည်။ ၎င်းတို့ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် မြေပြင်ကြီးမှာ တုန်ရီသွားရပြီး သစ်ပင်ပန်းမန်များမှာလည်း ကွေးညွတ်သွားရသလို တောင်ထိပ်များမှာလည်း ပြိုကျလာရသည်သာ ဖြစ်သည်။ အဆုံးမဲ့မျိုးနွယ်စုဝင်များနှင့် ဆင်းသက်သူများမှာလည်း သူတို့၏ ခန္ဓာကိုယ်များကိုပင် ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ တစ်ကိုယ်လုံး တုန်ရီသွားကြ၏။ ထို့အပြင် သူတို့မှာ အသိစိတ်များ ကယောင်ချောက်ချား ဖြစ်သွားကြပြီး စိတ်ဝိညာဉ်များ မတည်မငြိမ် ဖြစ်လာကြတော့သည်။

ထိုဂြိုဟ်အဆင့် ကျင့်ကြံသူကြီး၏ နတ်ဘုရားအာရုံများမှာ လေပြင်းမုန်တိုင်းတစ်ခုကဲ့သို့ ဂြိုဟ်ကြီးပေါ်၌ ဖြတ်တိုက်သွားပြီနောက် ဝမ်ပေါင်လဲ့အား ရှာ‌တွေ့သွား၏။ ထိုအခါ ထစ်ချုန်းသံတစ်သံ ထွက်ပေါ်လာပြီး ထို ဂြိုဟ်အဆင့် ကျင့်ကြံသူကြီး၏ နတ်ဘုရားအာရုံ အားလုံးမှာ ဝမ်ပေါင်လဲ့ရှိရာသို့ အတူအကွ စုစည်းသွားကြတော့သည်။

တစ်ချိန်ထဲမှာပင် ထို ဂြိုဟ်အဆင့် ကျင့်ကြံသူကြီးမှာ သူ၏ နတ်ဘုရားအာရုံအား အလျင်အမြန် ထုတ်လွှတ်လိုက်သည်ဖြစ်ရာ တိုက်ပွဲကြီး ပြီးဆုံးသွားသဖြင့် ရပ်နေခဲ့သည့် ဝမ်ပေါင်လဲ့မှာ အငွေ့အသက်တစ်ခုအား အာရုံခံမိလိုက်၏။ သူသည် ထိုအငွေ့အသက်များကို ခုခံတွန်းလှန်နိုင်စွမ်းမရှိပေ။ ၎င်းတို့မှာ သူ့အား သတ်ဖြတ်ပစ်နိုင်လောက်သည့်အထိ အစွမ်းထက်နေကြပြီး မျက်လုံးဖြင့်မမြင်နိုင်သော လှိုင်းလုံးများကဲ့သို့ အရပ်မျက်နှာအနှံ့မှနေ၍ သူ့ဆီသို့ ဦးတည်လာနေကြပြီဖြစ်သည်။

ထိုအချိန်တွင် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ ဖိနှိပ်ချုပ်တည်းခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး သူသည်လည်း သုတ်သင်ရှင်းလင်းခံလိုက်ရတော့မည့်အလား ခံစားလိုက်ရသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အန္တရာယ်ကြီးတစ်ခုနှင့် ကြုံရတော့မည်ဟု သူ၏နှလုံးသားထဲ၌ အာရုံခံမိလိုက်တော့သည်။

ထို ခံစားချက်ကြီးကြောင့် ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ တုန်လှုပ်ချောက်ချားသွားရ၏။ သူသည် စဉ်းစားတွေးတောနေရန်ပင် အချိန်မရှိတော့သဖြင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများအားလုံးကို ထုတ်လွှတ်ကာ ထိုနေရာမှ ထွက်ပြေးသွားချင်သည့် စိတ်များ တဖွားဖွား ပေါ်ပေါက်လာတော့သည်။ သို့သော် သူသည် ထာဝရဝိညာဉ်တစ်ပိုင်းအဆင့်သို့ ရောက်နေသည့်တိုင်အောင် ဂြိုဟ်အဆင့် ကျင့်ကြံသူကြီးတစ်ယောက်၏ နတ်ဘုရားအာရုံများ၏ ထိန်းချုပ်ခြင်းကို ခံထားရသောကြောင့် အလွယ်တကူ ထွက်ပြေးလွတ်မြောက်နိုင်စွမ်း မရှိဘဲ ဖြစ်နေရသည်။

ဂြိုဟ်အဆင့် နတ်ဘုရားအာရုံများမှာ အရပ်မျက်နှာအနှံ့မှ ချက်ချင်းဆိုသလိုပင် ရောက်ရှိလာကြပြီး ဝမ်ပေါင်လဲ့အား ဖိနှိပ်ချုပ်တည်းလိုက်၏။ ထိုအခါ သူသည် တစ်ကိုယ်လုံး တုန်ရီသွားရပြီး ခုခံတွန်းလှန်နိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် သူသည် သွေးတစ်ပွက်အန်ထွက်လာပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ မြေကြီးနှင့် မခွာတမ်း ကပ်နေတော့သည်။ မြေပြင်ကြီး တစ်စစီကွဲအက်သွားချိန်တွင် သူ၏ ခန္ဓာကိုယ်ထဲရှိ အရိုးများဆီမှ ဖိအားများကို တောင့်မခံနိုင်တော့သည့် အသံများ ထွက်ပေါ်လာကြ၏။ ထို ဖိနှိပ်အားကြီးကြောင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ နီမြန်းလာရတော့သည်။

သူ၏ မျက်နှာတစ်ခုလုံးသာမက မျက်လုံးများနှင့် အရေပြားများအားလုံးမှာ နီမြန်းနေကြပြီ ဖြစ်သည်။ အကယ်၍ သေသေချာချာ ကြည့်လိုက်မည်ဆိုပါက ထိုဖိနှိပ်အားကြီးကြောင့် သူ၏ခန္ဓာကိုယ်ထဲမှ သွေးစက်လေးများ ညှစ်ထုတ်ခံနေရသကဲ့သို့ ဖြစ်နေသည်ကို မြင်နိုင်ပေမည်။

သူသည် တစ်ကိုယ်လုံး မခံမရပ်နိုင်လောက်အောင် နာကျင်ကိုက်ခဲနေရပြီ ဖြစ်သည်။ ထိုဖိနှိပ်အားကြီးကြောင့် ဝမ်ပေါင်လဲ့မှာ သူသည် တစ်စစီ ခြေမွှခံလိုက်ရတော့မည်ဖြစ်ကြောင်း ခံစားနေရ၏။ ၎င်းမှာ သူ၏ ဝိညာဉ်ခန္ဓာကိုယ် ကိုယ်ပွားသာ ဖြစ်နေသည့်တိုင်အောင် သူ၏ နှလုံးသားထဲမှနေ၍ ကြောက်ရွံ့တုန်လှုပ်နေရဆဲပင်။

၎င်းမှာ သူ၏ ဝိညာဉ်ခန္ဓာကိုယ် ဖြစ်ပါသော်လည်း သေကျေပျက်စီးသွားမည်ဆိုပါက သူ၏ ခန္ဓာကိုယ်အစစ်အပေါ် အများကြီး အကျိုးသက်ရောက်မှု ရှိနိုင်ပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အော်ဟစ်ညည်းတွားကာ ပြန်လည်ခုခံတွန်းလှန်ရန် ကြိုးစားလိုက်၏။ အကယ်၍ သူ၏ ခန္ဓာကိုယ်အစစ်သာ ထိုနေရာတွင် ရှိနေမည်ဆိုပါက သူသည် သူ၏ ဝါးမျိုခြင်းသစ်စေ့အစစ်နှင့် ဝိညာဥ်ဓားအိမ်လေးတို့ကို ထုတ်သုံးနိုင်မည် ဖြစ်သည်။ သို့သော် ဤ ဝိညာဉ်ခန္ဓာကိုယ်မှာမူ သူ၏ခန္ဓာကိုယ်အစစ်၏ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်နေသည် မဟုတ်ပါလော။

" ငါ့ရဲ့ ဝိညာဉ်ခန္ဓာကိုယ်က ဒီမှာပဲ သေရတော့မှာလား " ဝမ်ပေါင်လဲ့မှာ စိုးရိမ်စိတ်များကြီးထွားလာပြီး မြူခိုးများအဖြစ် အသွင်ပြောင်းလဲကာ ထွက်ပြေးနိုင်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း အချည်းနှီးပင်။ ထိုဖိနှိပ်အားများကြောင့် သူသည် ဝိညာဉ်ခန္ဓာကိုယ်အဖြစ် ချက်ချင်းပြန်၍ စုစည်းသွားလိုက်ရသည်သာ ဖြစ်သည်။

ယခုတွင် သူ၏ ခန္ဓာကိုယ် တစ်ဝက်တိတိမှာ ကြေမွပျက်စီးကာ လွင့်ပါးပျောက်ကွယ်သွားတော့မည့်ပုံ ပေါက်နေ၏။

ဝမ်ပေါင်လဲ့တစ်ယောက် ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့မည့်ပုံ ပေါက်လာသည့် အချိန်တွင် ကမ္ဘာမြေကြီးမှာ ရုတ်တရက်ဆိုသလို တုန်ရီသွား၏။ ယဇ်ပလ္လင်ကြီးပေါ်ရှိ အဆုံးမဲ့မျိုးနွယ်စု စစ်တပ်ခေါင်းဆောင်ကြီး၏ ရှေ့တွင်ထိုင်နေသော အဘိုးကြီးမှာ လှုပ်ရှားလိုက်ခြင်းဖြစ်သည်။ ထိုအဘိုးကြီးမှာ အချုပ်အနှောင် တစ်ခုကြောင့် မျက်လုံးများမှိတ်ထားရပြီး ပြန်ဖွင့်နိုင်စွမ်း မရှိသည့်ပုံ ပေါက်နေ၏။ သို့သော်ငြားလည်း ထိုအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်မှာ တုန်ရီသွားပြီး သူသည် အမည်မသိပညာရပ်တစ်မျိုးကို အသုံးပြုကာ စွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး ဝမ်ပေါင်လဲ့ဆီသို့ စေလွှတ်လိုက်တော့သည်။

ထို စွမ်းအားများမှာ ချက်ချင်းဆိုသလိုပင် ဝမ်ပေါင်လဲ့အား ကူညီထောက်ပံ့ပေးလိုက်ပြီး ခုခံကာကွယ်ပေးလိုက်၏။ ၎င်းတို့မှာ အကာအရံ အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့အား ဂြိုဟ်အဆင့် စစ်တပ်ခေါင်းဆောင်ကြီး၏ နတ်ဘုရားအာရုံများထဲမှချုပ်တည်းမှုစွမ်းအားများကို ခုခံတွန်းလှန်နိုင်စွမ်းရှိအောင် ကူညီပေးလိုက်တော့သည်။

ထိုအခါ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွင် ထစ်ချုန်းသံ အကျယ်ကြီးများ ထွက်ပေါ်လာကြပြီး ထိုအကာအရံလေးမှာ ဖျော့တော့တော့ အလင်းရောင်ဒိုင်းကာလေး တစ်ခုအဖြစ် ပြောင်းလဲသွား၏။ ထို့ကြောင့် ချုပ်တည်းမှုစွမ်းအားများကို ခုခံတွန်းလှန်ရန် ကြိုးပမ်းနေသည့် ဝမ်ပေါင်လဲ့မှာ အသက်ရှူချောင်သွားရသည်။ သူ အသက်ရှူသံများ မြန်ဆန်လာစဉ်မှာပင် စိုးရိမ်တကြီးဖြစ်နေသည့် အသက်ကြီးပိုင်း လူကြီးတစ်ယောက်၏ စကားသံမှာ သူ၏နားထဲ၌ ပေါ်ပေါက်လာတော့သည်။

" အသင် တိုင်းတစ်ပါးသား။ ငါက ဒီတာအိုဂြိုဟ်ရဲ့ ခေါင်းဆောင်ကြီးပါ။ ငါ့ရဲ့ မျိုးနွယ်စုက အဆုံးမဲ့မျိုးနွယ်စုရဲ့ လက်ချက်နဲ့ သုတ်သင်ရှင်းလင်းခံလိုက်ရပြီးတော့ ငါ့ရဲ့ ခန္ဓာကိုယ်ထဲက ဂြိုဟ်ကလည်း အဆုံးမဲ့မျိုးနွယ်စုထဲက မိစ္ဆာဒိဋ္ဌိကျင့်ကြံသူကြီးရဲ့ သန့်စင်ခြင်းကို ခံနေရတာ။ ငါ မင်းကို ခဏလောက်ပဲ ကာကွယ်ပေးနိုင်မှာ။ ပြီးတော့ ငါက အချိန်အကြာကြီး တောင့်ခံနိုင်စွမ်းမရှိတော့ဘူး။ အဲတာမလို့ ငါ့ကို ကူညီတာက... မင်းကိုယ်မင်း ကူညီတာနဲ့ တူတူပါပဲ "

" ကျွန်တော်က ဘယ်လိုကူညီရမှာလဲ " ဝမ်ပေါင်လဲ့မှာ စဉ်းစားတွေးတောနေရန် အချိန်မရှိတော့ပေ။ သူ့ဆီတွင် ရွေးချယ်စရာလမ်းတစ်လမ်းသာ ရှိတော့သည်မဟုတ်ပါလော။ သူ၏ ဝိညာဉ်ခန္ဓာကိုယ်အား ပျက်စီးမသွားအောင် ကာကွယ်လိုပါက သူသည် သူ့ကိုယ်သူ ဤဂြိုဟ်၏ ခေါင်းဆောင်ကြီးဟု ဆိုသော လူကြီးအား ကူညီပေးရမည်ဖြစ်သည်။

" ငါ့ဆီကိုလာခဲ့။ ယဇ်ပလ္လင်ပေါ် တက်ပြီးရင် အချုပ်အနှောင် မီးအိမ်တစ်လုံးကို ငြှိမ်းသတ်ပေး "

ထိုအခါ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ တောက်ပသွား၏။ သူသည် ထိုအဘိုးကြီးအား မယုံပါသော်လည်း ယဇ်ပလ္လင်အား သွားရောက်ကြည့်ရှုရပေမည်။ အကယ်၍ သူသည် ထိုနေရာတွင် အသက်သေဆုံးသွားရမည် ဆိုလျှင်တောင် သူ့အား သတ်ဖြတ်ရန် ကြိုးစားခဲ့သည့် လူကြီး၏ မျက်နှာအား ကြည့်ချင်နေဆဲပင်။

ဝမ်ပေါင်လဲ့မှာ ထိုယဇ်ပလ္လင်ဆီသို့ မသွားဖူးပါသော်လည်း အာရုံခံမှုများ ပြုလုပ်ထားသည့်အပြင် ယခုတွင်လည်း လမ်းညွှန်မှုအချို့ကို ရရှိလိုက်သည်မဟုတ်ပါလော။ ထို့ကြောင့် ယခုတွင် သူသည် ၎င်း၏ တည်နေရာကို သူ၏စိတ်ထဲ၌ ရှင်းလင်းပြတ်သားစွာ သိရှိထားပြီးသား ဖြစ်သည်။ ထိုသို့ဖြင့် သူသည် အံကြိတ်လိုက်ပြီး ညာဘက်ခြေထောက်ကို မြှောက်ကာ ရှေ့သို့လိုက်တော့သည်။ ထိုအခါ ထစ်ချုန်းသံများထွက်ပေါ်လာကာ သူသည် မြူခိုးများအဖြစ် ပြောင်းလဲသွားပြီးနောက် မြေကြီးထဲရှိ အက်ကွဲကြောင်းများထဲမှတစ်ဆင့် မြေအောက်သို့ တန်းတန်းမတ်မတ် ထိုးဆင်းသွားလိုက်တော့သည်။

သူသည် အရှိန်ကုန်မြှင့်တင်ကာ ရွေ့လျားနေ၏။ ဂြိုဟ်အဆင့် ကျင့်ကြံသူကြီးမှာ အနည်းငယ်ခန့် စိုးထိတ်ကာ ဆန္ဒစောနေသည့် ပုံဖြင့် သူ၏ နတ်ဘုရားအာရုံစွမ်းအားများကို တိုးမြှင့်လိုက်ပါသော်လည်း အခြားတစ်ယောက်ဆီမှ ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့ဆီသို့ ရောက်ရှိလာနေသည့် အကာအကွယ် စွမ်းအားများမှာလည်း အလားတူပင် ပို၍အစွမ်းထက်လာသည်။

ထို အကာအကွယ်စွမ်းအားများမှာ ဝမ်ပေါင်လဲ့အား အလုံးစုံ ကာကွယ်ပေးထားနိုင်စွမ်း မရှိပါသော်လည်း သူသည် ယခင်တုန်းကလောက် အားအင်ချည့်နဲ့နေခြင်း မရှိတော့ဘဲ ချုပ်တည်းမှုစွမ်းအားများကို အတိုင်းအတာတစ်ခုထိ တောက်ခံနိုင်စွမ်း ရှိနေပြီဖြစ်သည်။ ထို့ကြောင့် သူသည် ဒဏ်ရာများရသွားသည့် အချိန်တွင်တောင် ပါးစပ်ထဲမှ ဝိညာဉ်‌အငွေ့အသက်အချို့ အန်ထုတ်မိရုံလောက်နှင့် ပြီးသွား၏။ သို့သော်် သူသည် အလွန်အင်မတန်မှ မြန်ဆန်နေသောကြောင့် သူ၏ မြူခိုးများမှာ မြေကြီးအောက်သို့ ထိုးဖောက်ဝင်ရောက်သွားပြီး နောက်ဆုံးတွင် ဂြိုဟ်ကြီး၏ အတွင်းပိုင်းထဲရှိ မြေအောက်ဂူကြီးဆီသို့ ရောက်ရှိသွားတော့သည်။

ထိုအခါ ထစ်ချုန်းသံများ မြည်ဟည်းသွားပြီး ဝမ်ပေါင်လဲ့မှာ ပြန်၍ ရုပ်လုံးပေါ်လာ၏။ သူသည် ဘေးပတ်ပတ်လည်ရှိ ကျောက်ရည်ပူများကို မြင်လိုက်ရပြီး ထိုနေရာရှိ မြင့်မားသောအပူချိန်ကြီးကို ချက်ချင်းဆိုသလိုပင် အာရုံခံမိလိုက်သည်။ ထို့အပြင် သူသည် ကျောက်ရည်ပူများ၏ အလယ်တွင်ရှိနေသော မျှော်စင်ပုံစံ ယဇ်ပလ္လင်ကိုလည်း မြင်လိုက်ရသေးသည်။

ထို ယဇ်ပလ္လင်ပေါ်တွင် လူကြီးနှစ်ယောက်မှာ တရားထိုင်နေ၏။

အဘိုးကြီး၏ ဝမ်းဗိုက်မှာ ဟောင်းလောင်းပွင့်နေပြီး သက်တန့်တစ်ခုမှာ သူ့အား ဝန်းရံထားသည်။

သက်လတ်ပိုင်း လူကြီးတစ်ယောက်မှာမူ ရက်စက်ကြမ်းကြုတ်ဖွယ် မျက်နှာအမူအရာများကို ပိုင်ဆိုင်ထား၏။ သူ၏နောက်တွင်မူ အဆုံးမဲ့မျိုးနွယ်စု၏ ဝိညာဉ်မှာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်။

ဝမ်ပေါင်လဲ့မှာ သူတို့အား မြင်လိုက်ရသည်နှင့် သူတို့မှာ မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်းပင် ကွဲကွဲပြားပြားသိသွား၏။ ထို့အပြင် သူသည် ယဇ်ပလ္လင်၏ ထောင့်သုံးထောင့်တွင် နူးညံ့သိမ်မွေ့သော အလင်းရောင်များကို ထုတ်လွှတ်နေသည့် ရှေးဟောင်း ကြေးမီးအိမ်သုံးလုံးကိုလည်း မြင်လိုက်ရသည်။

All Chapters