နတ်ဘုရား အသွင်သဏ္ဍာန်မှာလည်း အဆင့်အမျိုးမျိုး ရှိတယ်
Vol. 64 Ch. 881
ဤသင်္ဘောပျံ၏ အခန်းမှာ အလွန်ကျယ်ဝန်းပြီး အထဲ၌ လူဆယ်ယောက် ထိုင်နေကြသည်။ မိုဝူကျိ၏ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ ဤလူများ၏ ဝိညာဉ်ကြောများမှာ လုံးဝ ပျက်စီးနေပြီ ဖြစ်ကြောင်း ပြောနိုင်ပေသည်။ သို့သော်လည်း သူတို့ခန္ဓာကိုယ် ဘေးပတ်လည်မှ သဘာဝစွမ်းအားများ ထွက်ပေါ်နေဆဲ ဖြစ်၏။ စွမ်းအင်ဗဟိုချက်အတွင်း အရာအားလုံး သိမ်းဆည်းလိုက်ထားသကဲ့သို့ ဖြစ်နေသောကြောင့် မိုဝူကျိက သူတို့သည်လည်း ပြောင်းလဲရေး ဆေးနက်လုံး သောက်ထားကြောင်း မှန်းဆမိလိုက်သည်။
မိုဝူကျိက ထိုင်စရာနေရာ ရှာတွေ့သွားသောကြောင့် ဘာမှမပြောတော့ပေ။
သူက ထိုင်ချလိုက်သည့်အခါ ပိန်ပါးပါး အမျိုးသားတစ်ဦးက သူ့ဘေးသို့ နေရာရွေ့လာလေ၏။
မိုဝူကျိက မျက်မှောင်ကျုတ်လိုက်မိသည်။
အခန်းကား ကျယ်ဝန်းလေရာ ဤလူ၏ အပြုအမူက ဘာအဓိပ္ပါယ်လဲ …..
“ အစ်ကိုကြီး … ကျုပ်နာမည်က ထျန်းနူပါ။ အစ်ကိုကြီးကို ဘယ်လိုခေါ်ရမလဲ ” ပိန်ပါးပါး အမျိုးသားက နူးနူးညံ့ညံ့ ပြောလိုက်၏။
“ မိုဝူကျိ ” မိုဝူကျိက ရိုးရိုးတမ်းတမ်းသာ ပြောလိုက်ကာ ဆက်မပြောတော့ပေ။ သူက ထွက်ပြေးဖို့ အခွင့်အရေး မတွေ့ခင် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းဖြင့် ဘေးပတ်လည်ကို လေ့လာကြည့်ဖို့ ပြင်ဆင်ထားလေ၏။ မိုင်းတွင်းကိုတော့ စိတ်ဝင်စားနေသည့်သူများထံသာ ချန်ထားခဲ့လိုက်မည်။ သူ မိုဝူကျိက သွားဖို့ရာ စိတ်မပါပေ။
“ အစ်ကိုကြီးက ကျုပ်ကို သတိထားနေတာလား။ တကယ်တော့ ကျုပ်ကလည်း အစ်ကိုကြီးမိုလို အတူတူပါပဲ ” ထျန်းနူက မိုဝူကျိသည် သူနှင့်စကားပြောဖို့ရာ စိတ်မဝင်စားကြောင်း သိပြီးနောက် ထပ်ပြောလိုက်သည်။
မိုဝူကျိက ပြန်မဖြေပေ။
ဘာအတူတူလဲ ….
သူက အင်မော်တယ်လောကမှ ရောက်လာခါစ ဖြစ်ကာ နတ်ဘုရားလောက၏ အနေအထားကိုပင် မသိသေးပေ။ သူက ဤလူနှင့် ဘယ်လိုလုပ် အတူတူ ဖြစ်ရမည်နည်း။
ထျန်းနူက အသံတိုးကာ “ အစ်ကိုကြီးမို … တကယ်လို့ ကျုပ်ခန့်မှန်းချက်သာ မမှားရင် အစ်ကိုကြီးမိုရဲ့ ဝိညာဉ်ကြောက ဒီအတိုင်း ရှိပြီးတော့ စိတ်စွမ်းအားလည်း သုံးနိုင်သေးတယ်မလား ”
မိုဝူကျိက အံ့ဩထိတ်လန့်မိသွားသည်။ ထို့နောက် သူက စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအား ထုတ်သုံးလိုက်ခြင်းကို ဤလူ အာရုံခံမိသွားကြောင်း ချက်ချင်း သတိပြုမိလိုက်၏။ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှာ အင်မတန် လျို့ဝှက်ဖုံးကွယ်ထားလေရာ ထိုလူများ၏ ဝိညာဉ်ကြော ဖျက်စီးမခံရလျှင်ပင် သူတို့အနေနှင့် ဤမျှမြန်မြန် အာရုံခံမိဖို့ မဖြစ်နိုင်ပေ။
ဤလူက ဘယ်လိုလုပ် သိသွားတာလဲ ….
ထျန်းနူက သူ့ဝိညာဉ်ကြော အကြောင်း ပြောလိုက်သည်နှင့် မိုဝူကျိက လှုပ်ရှားပြီး ထိုလူအား ရှင်းထုတ်ပစ်ဖို့ရာ ပြင်ဆင်လိုက်သည်။
ထျန်းနူကလည်း မိုဝူကျိ၏ ရည်ရွယ်ချက်ကို ရိပ်မိသည့်အလား မြန်မြန် ရှင်းပြလိုက်လေ၏ “ အစ်ကိုကြီးက ကျုပ်ကို နားလည်မှု လွဲနေပါပြီ …. ကျုပ်က အစ်ကိုကြီးရဲ့ စိတ်စွမ်းအား သုံးတာကို သိလိုက်တာက ကျုပ်ကလည်း နည်းနည်း ပုံမှန်မဟုတ်လို့ပါ။ အစ်ကိုကြီးဆီမှာ တခြားအကြံလေးများ မရှိဘူးလား။ ဒီညီလေးက အစ်ကိုကြီး ဘယ်သွားသွား လိုက်ဖို့ ဆန္ဒရှိပါတယ်။ ကျုပ် တောင်းဆိုချင်တာက အစ်ကိုကြီး ကျုပ်ကို ခေါ်ထုတ်ပေးသွားဖို့ပါပဲ … ”
မိုဝူကျိက ခပ်တိုးတိုး ပြန်ဖြေလိုက်သည် “ ငါ ဒီကို ရောက်လာတုန်းက သူတို့က ငါသာ နတ်ဘုရားကျောက် လုံလုံလောက်လောက် တူးနိုင်ခဲ့ရင် လွတ်လပ်ခွင့်ကို ပြန်ပေးမယ်တဲ့ ”
ထျန်းနူက ကူကယ်ရာမဲ့စွာ ပြောလိုက်လေ၏ “ အစ်ကိုကြီးမို ကျုပ်ကို မစမ်းသပ်ပါနဲ့ဗျာ … ကျုပ်သာ အစ်ကိုကြီးကို လုပ်ကြံချင်ရင် စီမံခန့်ခွဲရေးမှူးကို အစ်ကိုကြီးရဲ့ ဝိညာဉ်ကြောတွေ မပျက်စီးသေးကြောင်း တန်းပြောလိုက်မှာပေါ့။ ဘာလို့ လိုက်ပြီး ဆွေးနွေးနေမှာတုန်းဗျာ ”
မိုဝူကျိက ထျန်းနူ စကားလုံးများကို ယုံကြည်မိသွားသော်လည်း သူ့တွင် အကြံအစည်ပင် မရှိသေးလေရာ တခြားသူနှင့် မည်သို့ပူးပေါင်းရမည်နည်း။ ထို့အပြင် ဤလူက သူသည် အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့်သာ ရှိသေးကြောင်း သိပုံ မပေါ်ပေ။ မဟုတ်လျှင် ထိုသူက အတော်လေး စိတ်ပျက်နေပေလိမ့်မည်။ အင်မော်တယ် ဧကရာဇ် တစ်ယောက်အတွက် နတ်ဘုရားလောက၏ ကျင့်ကြံသူ တစ်ယောက်အား အဝေးသို့ ခေါ်ထုတ်သွားနိုင်ဖို့ရာ ကိစ္စကား ဟာသပြက်လုံးသာ ဖြစ်ပေမည်။
သူက ထျန်းနူတွင် ဝိညာဉ်ကြောနှင့် စိတ်စွမ်းအား မည်သို့ ကျန်ရှိနေသေးသည်ကို မမေးတော့ပေ။ သူ့ကဲ့သို့ အားလုံးတွင်လည်း လျို့ဝှက်ချက် ကိုယ်စီ ရှိမည် ဖြစ်ကြောင်း နားလည်ပေသည်။
“ အစ်ကိုကြီးက စိတ်စွမ်းအားနဲ့ ဝိညာဉ်ကြောကို သုံးပြီးတော့ မိုင်းတွင်းကနေ နတ်ဘုရားကျောက် တူးဖို့ စဉ်းစားနေတာလား ” ထျန်းနူက မိုဝူကျိ ပြန်မဖြေချင်သည်ကို မြင်၍ နောက်တစ်ကြိမ် မေးလိုက်သည်။
မိုဝူကျိက ခဏတာ စဉ်းစားလိုက်ပြီးနောက် “ မဖြစ်နိုင်ဘူးလား ”
ထျန်းနူက လေးလေးနက်နက်ဖြင့် “ တကယ်လို့ အစ်ကိုကြီးမိုသာ အဲလိုလုပ်ဖို့ ကြံစည်နေတယ်ဆိုရင် အကြီးကြီး မှားပြီ။ ကျုပ်တို့တွေ နတ်ဘုရားကျောက် တူးရုံအတွက် လွတ်တယ် ထင်နေလား ”
“ မဟုတ်ဘူးလား ” မိုဝူကျိက နားမလည် ဖြစ်သွားသည်။ အစပိုင်းတွင် သူက တခြားနည်းလမ်း မရှိပါက နတ်ဘုရားကျောက် တူးဖို့ရာ စဉ်းစားမိနေသေး၏။ နတ်ဘုရားကျောက်တချို့ တူးယူခြင်းက သူ့အား ကြီးကြီးမားမား ထိခိုက်စေမည် မဟုတ်ပေ။ သူ့တွင် ထာဝရ ကမ္ဘာငယ်လေးလည်း ရှိနေသေးသည် မဟုတ်ပါလော။
ထျန်းနူက ခပ်တိုးတိုးလေး ပြောလိုက်၏ “ အစ်ကိုကြီးမို …. တွေးကြည့်ပါဦး။ ကျုပ်တို့ရဲ့ ပျက်စီးထားတဲ့ ဝိညာဉ်ကြောနဲ့ ကမ္ဘာဦး စိတ်ဝိညာဉ်နဲ့ဆိုရင် နတ်ဘုရားကျောက်အတွက် ဘယ်လောက်ကြာကြာ တူးနိုင်မယ် ထင်လဲ။ ကျုပ်တို့ကို သဘာဝစွမ်းအား ပြန်လည် ဖြည့်တင်းပေးတဲ့ ဆေးလုံးကိုပဲ ထောက်ပံ့ပေးမှာလေ။ တကယ်လို့ ကျုပ်တို့သာ နတ်ဘုရားကျောက်ကိုပဲ တူးရမယ်ဆိုရင် ကျုပ်တို့ရဲ့ ဝိညာဉ်ကြောနဲ့ ကမ္ဘာဦး စိတ်ဝိညာဉ်ကို ဖျက်စီးပစ်မှာ မဟုတ်ဘူး ”
“ အဲဆို ငါတို့က ဘာကို တူးရမှာလဲ ” မိုဝူကျိက ရုတ်တရက် ထိတ်လန့်မိသွားသည်။ သူက သူ့ကို ဖမ်းဆီးခဲ့သော လူများ၏ စကားကို တကယ်ယုံကြည်မိသွားလေသည်။ ထိုသည်မှာ သိုးယောင်ဆောင်သော ဝံပုလွေ စကားကဲ့သို့ ဖြစ်၏။
မိုဝူကျိက စိတ်ပညာရပ်အကြောင်း လေ့လာဖူးလေရာ မည်သည့်အရာဖြစ်ကြောင်း သိထားပေသည်။ တစ်ဖက်လူက သူ့အား ဖမ်းဆီးခဲ့သည့်အတွက် သူ့ကို သတ်ဖို့ရာလည်း သူတို့အတွက် လွယ်ကူပေလိမ့်မည်။ ယခု သူတို့က မသတ်သည့်အတွက် သူတို့ မလိမ်ညာလောက်ကြောင်း အလိုလို တွေးမိသွားခြင်း ဖြစ်၏။ ထျန်းနူ၏ စကားများက မှန်ကန်လှပေသည်။ ဝိညာဉ်ကြော မရှိဘဲ သို့မဟုတ် ပျက်စီးနေသည့် ကမ္ဘာဦး စိတ်ဝိညာဉ်၊ ဝိညာဉ်လမ်းကြောင်းများဖြင့် သူတို့တွင် သဘာဝစွမ်းအား မည်မျှရှိစေကာမူ အချိန်အတော်ကြာ တူးယူရလိမ့်မည်။
“ အစ်ကိုကြီးက နတ်ဘုရားအသွင်သဏ္ဍာန်ကို နားလည်ထားတယ်မလား ” ထျန်းနူက မေးလိုက်သည်။
မိုဝူကျိက ပြန်ဖြေလိုက်သည် “ကြားပဲ ကြားဖူးတာ … ဒါပေမဲ့ သေချာမသိဘူး။ ငါ့ကို ရှင်းပြပေးလို့ ရမလား။ ငါ့ကျင့်ကြံဆင့်က နိမ့်တာဆိုတော့ နတ်ဘုရားလောကရဲ့ အဆင့်တွေကိုတောင် မသိထားဘူး ”
“ အာ ” ထျန်းနူက “ အာ” တစ်လုံးတည်းသာ ပြောပြီး မိုဝူကျိ စကားကို ကြားလိုက်ရသည့်အခါ စိတ်ပျက်သွားသည့် အရိပ်အယောင်တချို့ ဖြတ်ပြေးသွားလေ၏။ မိုဝူကျိက သူ့ကျင့်ကြံဆင့် နိမ့်သေးကြောင်း ပြောလိုက်၍ ဖြစ်နိုင်သည်။
သို့သော်လည်း သူက အမူအယာ ပြန်ထိန်းကာ ပို၍ တိုးသော လေသံလေးဖြင့် ပြောလိုက်လေ၏ “ အစ်ကိုကြီးက ဒီက မဟုတ်ဘူးမလား ”
မိုဝူကျိက နတ်ဘုရားလောက၏ အဆင့်များကိုပင် မသိသေးသည့်အတွက် ထျန်းနူအနေနှင့် သံသယဝင်မိမည်မှာ အသေအချာဖြစ်ကြောင်း သိပေသည်။ မိုဝူကျိက ဘာကိုမှ မဖုံးကွယ်ထားဘဲ ခေါင်းညိတ်ပြကာ “ ဟုတ်တယ် … ငါက ဒီနေရာက မဟုတ်ဘူး။ ညီလေး ထျန်းနူက ရှင်းပြပေးဖို့ မျှော်လင့်ပါတယ် … ”
ထျန်းနူက ရုတ်ချည်း စကားပြောခြင်းကို ရပ်တန့်လိုက်လေ၏။ ခဏအကြာတွင် အခန်းတံခါးက ပွင့်လာကာ နောက်ထပ် ကျင့်ကြံသူ နှစ်ယောက် အထည့်ခံလိုက်ရသည်။
မိုဝူကျိက ထိုနှစ်ယောက်မှာလည်း မိုင်းတွင်း တူးရန် ဖမ်းခံလာရသည့်သူများ ဖြစ်ကြောင်း သိလိုက်၏။ သူတို့က မိုင်းတွင်းကို သွားချင်သည် ဖြစ်စေ၊ မသွားချင်သည် ဖြစ်စေ ကံကြမ္မာက အားလုံးအတွက် အတူတူ ဖြစ်ပေသည်။
အခန်းတံခါးက နောက်တစ်ကြိမ် ပြန်ပိတ်သွားပြန်သည်။ ထိုအခါ ထျန်းနူက ပြောလိုက်လေ၏ “ တကယ်တော့ ဒီနေရာက နတ်ဘုရားလောက မဟုတ်သေးဘူး။ နတ်ဘုရားနယ်မြေပဲ … နတ်ဘုရားနယ်မြေမှာ အားကောင်းဆုံးတွေက နတ်ဘုရားဘုရင်အဆင့်တွေပဲ။ ဒါပေမဲ့လည်း နတ်ဘုရားနယ်မြေ တစ်ခုလုံးမှာတောင် နတ်ဘုရားဘုရင်အဆင့် များများစားစား မရှိကြဘူး။ နတ်ဘုရားအဆင့် ရောက်လာစသူက ကနဦးနတ်ဘုရားအဆင့်တဲ့ … အဆင့်ငယ် ကိုးဆင့် ပြန်ခွဲထားတယ်။ ကနဦး နတ်ဘုရားအဆင့်ကို အဆင့် ၉ အထိ ကျင့်ကြံပြီးသွားရင် နတ်ဘုရားအသွင်သဏ္ဍာန်ကို ဖွဲ့စည်းနိုင်ပြီးတော့ ကောင်းကင်နတ်ဘုရားအဆင့် ရောက်လိမ့်မယ်။ ကောင်းကင်နတ်ဘုရားက မိုးမြေတာအိုရဲ့ အသိအမှတ် ပြုခံထားရတဲ့ အစစ်အမှန် နတ်ဘုရားတွေပဲ ….
ကောင်းကင်နတ်ဘုရားအဆင့်ကိုလည်း အဆင့်ငယ် ကိုးဆင့် ပြန်ခွဲထားတယ်။ ကောင်းကင်နတ်ဘုရားအဆင့်ရဲ့ ပြီးပြည့်စုံခြင်းအဆင့် ပြီးရင် နတ်ဘုရားအုပ်စိုးသူအဆင့် ရောက်လိမ့်မယ်။ အစ်ကိုကြီးမို … ဒီနတ်ဘုရားအဆင့်မှာ အဖိုးတန်ဆုံးက ရတနာတွေ၊ ဆေးလုံးတွေ မဟုတ်ဘဲနဲ့ အဲဒီ နတ်ဘုရား အသွင်သဏ္ဍာန်ပဲ …. ”
မိုဝူကျိက နတ်ဘုရားအုပ်စိုးသူအဆင့်နောက်မှ အဆင့်များအကြောင်း မေးတော့မည့်ဆဲဆဲတွင် ထျန်းနူက နတ်ဘုရားအသွင်သဏ္ဍာန်က မည်မျှ အဖိုးတန်ကြောင်း ကြားလိုက်ရ၍ မေးလိုက်သည် “ ညီလေးထျန်းနူ … အဲဒီအကြောင်း ထပ်ရှင်းပြလို့ ရမလား ”
ထျန်းနူက မိုဝူကျိသည် နတ်ဘုရားနယ်မြေမှ မဟုတ်ကြောင်း သိ၍ ထူးဆန်းသည်ဟု မထင်မိပေ “ ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်က ပိုပြီး အဆင့်မြင့်ချင်ရင် သူ့ကိုယ်ပိုင် နတ်ဘုရားအသွင်သဏ္ဍာန်ကို ဖန်တီးရတယ်။ နတ်ဘုရားအသွင်သဏ္ဍာန်ရဲ့ အဆင့်က နောင်အနာဂတ်မှာ ဘယ်လောက် သွားနိုင်လဲဆိုတဲ့အပေါ် သက်ရောက်မှု ရှိတယ် ”
“ နတ်ဘုရားအသွင်သဏ္ဍာန်က အဆင့်ပြန်ခွဲထားသေးတာလား ”
“ ဒါပေါ့ … နတ်ဘုရားအသွင်သဏ္ဍာန်ကို ကြယ်အရေအတွက်နဲ့ ပြန်ခွဲထားတယ်။ ကြယ်တစ်လုံးကတာ့ အဆင့်နိမ့်ဆုံး၊ ကြယ်ငါးလုံးက အမြင့်ဆုံးပဲ …. နတ်ဘုရားဝူကျဲကိုတော့ သိတယ်မလား။ ဟုတ်သား ခင်ဗျား မသိလောက်ဘူး … သူက ကြယ်ငါးလုံးအဆင့် နတ်ဘုရားအသွင်သဏ္ဍာန်ကို ဖွဲ့စည်းနိုင်ခဲ့တာတဲ့လေ။ နတ်ဘုရားလောကတစ်ခုလုံးမှာ ကြယ်ငါးလုံး နတ်ဘုရားအသွင်သဏ္ဍာန်နဲ့ ကျင့်ကြံသူက ဖီးနစ်ဌက်မွှေးလိုပဲ ရှားပါးတယ် …” ထျန်းနူက ထိုအရာများနှင့် အလွန်တရာ ရင်းနှီးနေသည့်အလား အားလုံးကို အသေးစိတ် ရှင်းပြလိုက်သည်။
မိုဝူကျိက ထပ်မေးတော့မည့်ဆဲဆဲတွင် ထျန်းနူက လက်ဖြင့်တားထားကာ “ ခင်ဗျားမေးမှာကို ကျုပ် သိပါတယ်။ နတ်ဘုရားလောကမှာ နတ်ဘုရားအသွင်သဏ္ဍာန် ဖြစ်လာဖို့ အသွင်အမျိုးမျိုး ရှိတယ်။ အဓိက နတ်ဘုရားအသွင်သဏ္ဍာန် တာအိုအသီး၊ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက်တို့ပဲ …. ကျုပ်ကြားတာတော့ အဲဒီအသိစိတ်ကျောက်တွေက နတ်ဘုရားအသွင်သဏ္ဍာန် ဖွဲ့စည်းနိုင်တယ်တဲ့။ နတ်ဘုရားအသွင်သဏ္ဍာန် တာအိုအသီးက ကြယ်သုံးလုံးနဲ့ အောက်အဆင့်ပဲ ဖွဲ့စည်းနိုင်တာ။ အဲဒါကြောင့်မလို့ နတ်ဘုရားအသွင်သဏ္ဍာန် ကျောက်တွေက အဖိုးတန်ဆုံး ဖြစ်နေတာပဲဗျို့ …. နတ်ဘုရားအသွင်သဏ္ဍာန် ကျောက်ကိုလည်း အရောင်နဲ့ အဆင့်ပြန်ခွဲထားသေးတယ်။ အများဆုံး မြင်တွေ့ရတာက တစ်ရောင်ခြယ် နတ်ဘုရားအသွင်သဏ္ဍာန်ကျောက်ပဲ …. အဲဒါက ကြယ်တစ်လုံး နတ်ဘုရားအသွင်သဏ္ဍာန်ကို ဖွဲ့စည်းနိုင်တယ်။ ငါးရောင်ခြယ် နတ်ဘုရားအသွင်သဏ္ဍာန်ကျောက်က အရှားပါးဆုံးပဲ …. ပြီးတော့ သူတို့တစ်ခုချင်းစီက နယ်မြေအလိုက် သွေးသံရဲရဲ တိုက်ပွဲတွေ ဖြစ်စေတဲ့အထိ လှုံ့ဆော်ပေးနိုင်တယ် …. ”
မိုဝူကျိက မြန်မြန်မေးလိုက်၏ “ အသိစိတ်ကျောက်က ဘာတွေလဲ။ အဲဒါကလည်း နတ်ဘုရားအသွင်သဏ္ဍာန်ကို ဖွဲ့စည်းဖို့ သုံးနိုင်တာပဲလား ”
ထျန်းနူက ပြန်ဖြေပေးလိုက်သည် “ အသိစိတ်ကျောက်ကို သုံးတာက အတားအဆီးမျိုး ရှိတယ်။ ပြီးတော့ အန္တရာယ်လည်း ဖြစ်နိုင်တယ်။ အသိစိတ်ကျောက်ဆိုတာက ကျဆုံးသွားတဲ့ ရှေးဟောင်း ကျင့်ကြံသူတွေရဲ့ အသိစိတ်ကနေ ဖွဲ့စည်းဖြစ်တည်လာတာမျိုးလေ။ အသိစိတ်ကျောက်ကို သုံးတဲ့သူတွေက သူတို့အတွက် အလားအလာ အပြည့်အဝ မအောင်မြင်နိုင်တော့ဘူး။ နမူနာအနေနဲ့ဆိုရင် ကြယ်ငါးလုံး နတ်ဘုရားအသွင်သဏ္ဍာန်နဲ့ ကျင့်ကြံသူ သေသွားရင် သူ့အသိစိတ်ပင်လယ်က အများဆုံး ကြယ်သုံးလုံးအဆင့် နတ်ဘုရားအသွင်သဏ္ဍာန် ရှိတယ်…..
ကမ္ဘာဦး နတ်ဘုရားအသွင်သဏ္ဍာန်လို့ ခေါ်တာတော့ ကြားဖူးသေးတယ်။ အဲဒီ အမျိုးအစားက ကောင်းကင်ကိုတောင် ထပ်ခြမ်း ခြမ်းပစ်နိုင်မဲ့ တည်ရှိမှုမျိုးတဲ့ …. လူတွေက အဲလိုနတ်ဘုရားအသွင်သဏ္ဍာန်ကို နတ်ဘုရား ကျောက်စာလို့ ခေါ်တယ်။ နတ်ဘုရားကျောက်စာ အသွင်သဏ္ဍာန်ကို ဖွဲ့စည်းနိုင်တဲ့သူတွေက လောကအသစ်ကိုတောင် ဖန်တီးနိုင်ကြတယ်တဲ့ …. ”
မိုဝူကျိက ထျန်းနူ၏ ရှင်းပြချက်မှာ ကျီလီ၏ ရှင်းပြချက်နှင့် သိပ်မကွာသည့်အတွက် ခေါင်းညိတ်လိုက်သည်။ တစ်ခုတည်းသော ခြားနားချက်မှာ ကျီလီက နတ်ဘုရား အသွင်သဏ္ဍာန်အကြောင်း မရှင်းပြခဲ့ခြင်း ဖြစ်၏။ မိုဝူကျိက သူ့အတွက် အသုံးမဝင်သည့် အသိစိတ်ကျောက်အပုံလိုကအပြင် တခြားများများစားစား မရှိပေ။ အနည်းဆုံးတော့ သူက ရောင်းချနိုင်ပေလိမ့်မည်။
“ ငါတို့က နတ်ဘုရားကျောက် တူးဖို့ မသွားရဘူးလို့ပြောတော့ ငါတို့က ဘာသွားလုပ်ရမှာလဲ ”
“ ကျုပ်တို့တွေက မိုင်းတွင်းဆီ မဟုတ်ဘဲနဲ့ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက်တွေကို တူးဖို့ သွားရမယ် ထင်တယ် ” ထျန်းနူက အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ မိုင်းတွင်းက ဘယ်လိုကွာလို့လဲ ” မိုဝူကျိက မိုင်းတွင်း တူးရခြင်းနှင့် အတူတူ ဖြစ်နေဟန် ပေါ်သောကြောင့် မေးလိုက်သည်။
ထျန်းနူက ပြန်ဖြေပေးလိုက်၏ “ နတ်ဘုရားနယ်မြေမှာ နတ်ဘုရားအသွင်သဏ္ဍာန် ကျောက် ၉၀ ရာခိုင်နှုန်းလောက်က နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားကနေ တွေ့ကြတာလေ ”
ထိုစဉ် မိုဝူကျိက စိတ်အတွင်းပိုင်း၌ အနည်းငယ် တုန်လှုပ်လာမိသည်။ သူက ထျန်းနူနှင့် အကြည့်ချင်း ဖလှယ်လိုက်ကာ နှစ်ယောက်လုံးက သင်္ဘောပျံ လှုပ်ရှားမှု ရပ်တန့်သွားကြောင်း သိလိုက်ကြသည်။
မိုဝူကျိက အေးအေးဆေးဆေး ပြောလိုက်သည် “ ညီလေးထျန်းနူ … မင်းနဲ့အတူတူ တွဲလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ဆက်ပြောပါဦး ”
မိုဝူကျိက ထိုမျှ အားမကောင်းကြောင်း ခံစားမိသော်လည်း ထျန်းနူက တအံ့တဩ ပြောလိုက်သည် “ အစ်ကိုကြီးမိုက သာမာန်မဟုတ်တာကို ကျုပ် သိပါတယ်။ နတ်ဘုရားအသွင်သဏ္ဍာန်မှာ ထူးခြားတဲ့ သဘာဝတစ်မျိုး ရှိတယ်။ နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားမှာ ချိတ်ဆွဲထားသလို ရှိနေကြတာလေ။ အဲဒါတွေက အရမ်းခိုင်လွန်းလို့ သဘာဝစွမ်းအား လုံလုံလောက်လောက်မရှိရင် ဘယ်သူမှ ဖြုတ်မချနိုင်ဘူး။ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက်ကို ယူလိုက်တဲ့သူတိုင်း ကမ္ဘာဦး စိတ်ဝိညာဉ်နဲ့ ဝိညာဉ်ကြောက အဲဒီကျောက်နဲ့ ပေါင်းစပ်သွားပြီးတော့ နတ်ဘုရားအသွင်သဏ္ဍာန် ဖြစ်လာလိမ့်မယ် ”
“ မင်းပြောတာက ငါတို့ရဲ့ ကမ္ဘာဦး စိတ်ဝိညာဉ်နဲ့ ဝိညာဉ်ကြောကသာ ပျက်စီးမနေရင် ငါတို့ထိလိုက်တာနဲ့ အသုံးပြုလို့ ရမှာလား ” မိုဝူကျိက စိုးရိမ်တကြီး မေးလိုက်၏။
“ အမှန်ပဲ ”
“ ဒီလိုဆိုရင် နတ်ဘုရားအသွင်သဏ္ဍာန် ဖွဲ့စည်းချင်တဲ့သူတွေ ကိုယ့်ဘာသာ လာပြီးတော့ ဘာလို့ မလုပ်ရတာလဲ ”
ထျန်းနူက သက်ပြင်းချကာ “ တကယ်လို့ နတ်ဘုရား အသွင်သဏ္ဍာန်ကျောက်သာ အလွယ်လေး ရနေရင် အဲလောက် အဖိုးတန်မှာ မဟုတ်တော့ဘူးလေ။ နတ်ဘုရား ဂူသင်္ချိုင်းတောင်ကြားက နာမည်ကြီးတာက ဝင်လာတဲ့သူတိုင်း အသက်ဓာတ် ကုန်ခမ်းလာလို့လေ။ နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားဆီ ဝင်လိုက်တာနဲ့ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက် မတွေ့သေးခင် တစ်သက်လုံးစာ အသက်ဓာတ်ကို လွှင့်ပျောက်သွားစေနိုင်တယ် ”
“ ကြောက်စရာကြီးပါ့လား” မိုဝူကျိက စိတ်ထဲမှ ရေရွတ်မိလိုက်သည်။ အကယ်၍ သူသာ ထျန်းနူနှင့် မတွေ့ခဲ့လျှင် နတ်ဘုရားအသွင်သဏ္ဍာန် ကျောက် အနည်းငယ် တူးယူပြီး ထွက်သွားဖို့ တွေးမိလောက်၏။
***