← Chapters

နတ်ဘုရား ဂူသင်္ချိုင်းတောင်ကြား အပြင်ဘက်မှ အပြောင်းအလဲ

Vol. 64 Ch. 882

နတ်ဘုရား ဂူသင်္ချိုင်းတောင်ကြား အပြင်ဘက်မှ အပြောင်းအလဲ

Vol. 64 Ch. 882

ထျန်းနူက ဆက်ပြောလိုက်လေ၏ “ အစ်ကိုကြီးမို …. တကယ်လို့ ကျုပ်ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် ကျုပ်တို့တွေ နတ်ဘုရား ဂူသင်္ချိုင်းကို ရောက်သွားတာနဲ့ အသိစိတ်နဲ့ အတွေးတွေ ပျောက်သွားလိမ့်မယ်။ အဲဒီနောက်ကျ  ကျုပ်တို့တွေကို နတ်ဘုရား ဂူသင်္ချိုင်းထဲ မပို့ခင် လက်တွေပေါ်မှာ ပြောင်းရွေ့ရေး အစီအရင် သင်္ကေတတွေ ရေးထွင်းထားကြလိမ့်မယ်။ ကျုပ်တို့ကျ နတ်ဘုရား အသွင်သဏ္ဍာန်ကျောက်တွေကို ရှာဖို့ အာရုံစိုက်ထားရမယ်။

တကယ်လို့ ရှာတွေ့ပြီဆိုတာနဲ့ အပြင်ဘက်က အလိုလောဘကြီးတဲ့သူတွေဆီ တန်းရောက်သွားမှာပဲ။ အဲဒါကြောင့်မလို့ ကျုပ်တို့က နတ်ဘုရား ဂူသင်္ချိုင်းတောင်ကြားဆီ မဝင်ခင် ထွက်ပြေးဖို့ လမ်းကြောင်း ရှာရမယ် … ”

“ နတ်ဘုရား ဂူသင်္ချိုင်းတောင်ကြားကို ဝင်ပြီးတော့ အသက်ရှင်ရက် ထွက်လာနိုင်တဲ့သူတွေ မရှိခဲ့ဖူးဘူးလား ” မိုဝူကျိက မေးလိုက်လေ၏။

မိုဝူကျိ စကားကို ကြားကာ ထျန်းနူက စိုးရိမ်စွာ ပြောလိုက်သည်  “ အစ်ကိုကြီးမိုရဲ့ အနာဂတ်က တကယ်ကို ထူးခြားမယ်ဆိုပေမဲ့ ဒီအကြောင်းကို တွေးမကြည့်သင့်ဘူး။ အသက်ကိုးသက် ရှိထားတဲ့ နတ်ဘုရားဘုရင်တောင် အဲဒီအထဲ ဝင်သွားတာနဲ့ အသက်ရှင်မှာ မဟုတ်ဘူး။ အသက်ရှင်ရက် ထွက်လာနိုင်တဲ့ လူတချို့တော့ ရှိပါတယ်။ ဒါပေမဲ့ သူတို့တွေက စိတ်လွှတ်ရင် လွတ် ဒါမှမဟုတ် ထွက်ပြေးတာနဲ့ သေဆုံးကြရတာပဲ။ ဘာဒဏ်ရာမှ မရှိဘဲ ထွက်လာနိုင်တဲ့ တစ်ဦးတည်းသော သူက နတ်ဘုရားဘုရင် ဝူကျဲပဲ … သူက နတ်ဘုရား ဂူသင်္ချိုင်းတောင်ကြားက‌နေ ငါးရောင်ခြယ် နတ်ဘုရားအသွင်သဏ္ဍာန်ကို ရခဲ့တာတဲ့ … ”

မိုဝူကျိက ခေါင်းညိတ်ပြလိုက်သည်  “ ငါ အခု သိပြီ။ ညီလေး ထျန်းနူ မင်းဆီမှာရော အကြံကောင်း မရှိဘူးလား ”

မိုဝူကျိ အမြင်အရ ဤလူ ထျန်းနူမှာ သေချာပေါက် မရိုးရှင်းပေ။ မိုဝူကျိတွင် ကျင့်ကြံဆင့်နိမ့်မှန်း သိသော်လည်း သူက တုံ့ဆိုင်းနေခြင်းမျိုး မရှိပေ။ မိုဝူကျိက လူသားတာအိုကို ဖန်တီးခဲ့သည့်အတွက် ဤနေရာအတွင်း အထိအခိုက်မရှိ ဝင်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။ ထျန်းနူလည်း အထိအခိုက်မရှိ ဝင်လာနိုင်သည်ဆိုလျှင် မည်သို့များ ရိုးရိုးရှင်းရှင် ဖြစ်နိုင်မည်နည်း။

ထျန်းနူက ခေါင်းခါကာ  “ အစ်ကိုကြီးမို …. ကျုပ်ဆီမှာ အသိစိတ်ပင်လယ် နှစ်ခု ရှိလို့ စိတ်နန်းတော်လည်း နှစ်ခု ရှိတယ်။ ကျုပ် အသိစိတ်ပင်လယ်တစ်ခုက ဝိညာဉ်ကြောတုနဲ့ ဝိညာဉ်လမ်းကြောင်းတုတွေကို လှုံ့ဆော်ဖန်တီးနိုင်တယ်။ ကျုပ် အခု စိတ်စွမ်းအား သုံးလို့ရတာက ကျုပ်က အရမ်းအားကောင်းနေလို့ မဟုတ်ဘူး။ ကျုပ်ရဲ့ အသိစိတ်ပင်လယ် တစ်ခုပဲ ပျက်စီးသွားပြီးတော့ ဝိညာဉ်ကြောနဲ့ ဝိညာဉ်လမ်းကြောင်း အတုတစ်စုံက ဖျက်စီးခံထားရလို့ပဲ …

ကျုပ် အရေးသာတာက ဖုံးကွယ်ထားတဲ့ နေရာမှာပဲ။ ကျန်တဲ့အပိုင်းကျ အားနည်းတယ်။ အစ်ကိုကြီးမိုသာ ကျုပ်ကို ခေါ်ထုတ်သွားနိုင်တယ်ဆိုရင် ကျုပ်တို့ နှစ်ယောက်လုံးကို ဖုံးကွယ်ထားနိုင်မဲ့ နည်းလမ်း ရှိတယ် …. ”

မိုဝူကျိက ထျန်းနူသည် သူနှင့် အလုပ်အတူတူ တွဲလုပ်ဖို့ရာ လိုလားနေကြောင်း နားလည်သွားတော့သည်။ ဆိုလိုသည်က ထျန်းနူသည် သူ့အင်အားကို ဌားယူလိုခြင်းသာ ဖြစ်၏။

မိုဝူကျိက စိတ်စွမ်းအားကိုပင် မဖြန့်ကျက်ရဲတော့ပေ။ အကြောင်းမှာ ဤနေရာတွင် သူက အားလုံးထက် မည်မျှ အားနည်းနေကြောင်း သိ၍ ဖြစ်၏။ အကယ်၍ ထျန်းနူသာ သူ့စိတ်စွမ်းအားကို သတိပြုမိသည်ဆိုလျှင် တခြားသူများလည်း သတိပြုမိနိုင်သည်။ ထျန်းနူတွင် ထူးခြားသည့် စွမ်းရည်မျိုး ရှိနေခြင်း တစ်ခုဖြင့် မိုဝူကျိက စွန့်စားဖို့ရာ ဆန္ဒမရှိပေ။

“ ထျန်းနူ … နောင်ကျ ငါ့နာမည်ကိုပဲ ခေါ်လေ … ငါက မင်းထက် အားနည်းတယ်ဆိုတော့ ဒီသင်္ဘောပျံကနေ ထွက်ပြေးနိုင်ပါ့မလားဆိုတာ မသေချာဘူး။ ပြီးတော့ မင်းဆီကနေ အစ်ကိုကြီးလို့ အခေါ်ခံရအောင်လည်း မသင့်တော်ပါဘူးကွာ ” မိုဝူကျိက အရိုးသားဆုံး ပြောလိုက်သည်။

မိုဝူကျိ စကားကို ကြားပြီး ထျန်းနူ မျက်ဝန်း၌ စိတ်ပျက်သည့် အရိပ်အယောင်တချို့ အမှန်တကယ် ဖြတ်ပြေးသွားလေ၏။ ထိုသို့ဆိုလျှင်ပင် သူက ကောင်းကောင်း ဖုံးကွယ်ထားကာ

“ အစ်ကိုကြီးမိုက အားအရမ်းမကောင်းဘူးဆိုပေမဲ့ အပြင်ဘက်က လူတွေက အစ်ကိုကြီးမိုရဲ့ အခြေအနေကို လုံးဝ သတိမပြုမိဘူးလေ။ အဲဒါကြောင့် အစ်ကိုကြီးရဲ့ အနာဂတ်က တောက်ပနေတာပဲ။ အစ်ကိုကြီး စိတ်ကြိုက်သာ အစီအစဉ်ချပါ။ အောင်မြင်မြင်၊ ကျရှုံးရှုံး ထျန်းနူက အားလုံးကို သဘောတူပါတယ် …. ”

“ ကောင်းပြီ ” မိုဝူကျိက ပြောလိုက်သည်  “ ငါတို့ရဲ့ လက်ရှိအင်အားနဲ့ ဒီသင်္ဘောပျံကနေ ထွက်သွားဖို့က မဖြစ်နိုင်တဲ့ အိပ်မက်တစ်ခုပဲ။ အဲဒါကြောင့် ငါ့အကြံအစည်က ငါတို့တွေ နတ်ဘုရား ဂူသင်္ချိုင်း တောင်ကြား အဝင်ဝအထိ စောင့်ပြီးတော့ နတ်ဘုရား ဂူသင်္ချိုင်းတောင်ကြားထဲ ဝင်သွားကြမယ် … ”

“ ဟမ် ..” ထျန်းနူက မိုဝူကျိ အကြံကို ကြားမိလိုက်သည်နှင့် ကြောင်အမ်းသွားတော့သည်။ ထိုလူများက သူတို့အား နတ်ဘုရားအသွင်သဏ္ဍာန်ကျောက် တူးဖို့ ခေါ်သွားခြင်း ဖြစ်ရာ နတ်ဘုရား ဂူသင်္ချိုင်းတောင်ကြားထဲ မဝင်ခင် သူတို့၏ အတွေးများနှင့် အသိစိတ်အား ဖျောက်ဖျက်ပစ်လိုက်မည် ဖြစ်သည်။ အသိစိတ်မရှိဘဲ သူတို့က ထိုအကြံအစည်အား မည်သို့ တွေးမိကြတော့မည်နည်း။ ထို့အပြင် သူတို့က အသိစိတ် ရှိနေဆဲဆိုလျှင်ပင် သူတို့၏ အသက်ဓာတ်က နတ်ဘုရား ဂူသင်္ချိုင်းတောင်ကြားအတွင်း စုပ်ယူခံရဦးမည် ဖြစ်၏။

မိုဝူကျိက ထျန်းနူ၏ ပခုံးကို ပုတ်ပေးကာ  “ ထျန်းနူ ငါ့ကို ယုံပါ ”

မိုဝူကျိတွင် အဆိပ်ဖြေ လမ်းကြောင်းနှင့် အသက်ဓာတ် လမ်းကြောင်း ရှိလေရာ နတ်ဘုရား ဂူသင်္ချိုင်းတောင်ကြားက သူ့အား အဆုံးသတ်ပစ်နိုင်လိမ့်မည်ဟု မယုံကြည်ပေ။

မိုဝူကျိက သူ့အတွေးမျှသာ ဖြစ်သော်လည်း စိတ်ပူပင်ကာ ကူကယ်ရာမဲ့ ဖြစ်နေမိသည်။ သူက နတ်ဘုရား ဂူသင်္ချိုင်းတောင်ကြားထဲ ဝင်ရုံအပြင် ကျန်သည့်နည်းလမ်း မရှိကြောင်း သိထား၏။ သူ့အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် အင်အားဖြင့် သူ့တွင် ကြောက်ခမန်းလိလိ အသိပညာ ရှိနေလျှင်ပင် လွတ်မြောက်နိင်မည့် နည်းလမ်း ရှိမည် မဟုတ်ပေ။

တစ်ခါတစ်ရံ၌ အရာအားလုံးမှာ အစစ်အမှန် အင်အားရှေ့မှောက်တွင် တိမ်တိုက်လို လွှင့်မျှောပျောက်ကွယ်သွားတတ်ကြသည်။

“ အစ်ကိုကြီးမိုကို  ကျုပ် ယုံတယ်” ထျန်းနူက မိုဝူကျိသည် ထိုဆုံးဖြတ်ချက်ကို ကူကယ်ရာမဲ့ ချလိုက်ကြောင်း သိသော်လည်း သူတွင်လည်း တခြားရွေးချယ်စရာ မရှိနေပေ။

မိုဝူကျိကို နားထောင်လိုက်ခြင်းက မျှော်လင့်ချက် အနည်းငယ်တော့ ရှိနေသေး၏။ သူက မိုဝူကျိကို မယုံကြည်လျှင် သူ့ဘာသာ ဘာလုပ်နိုင်မည်နည်း။

မိုဝူကျိက စကားပြန်ပြောတော့မည့်ဆဲဆဲတွင် ထျန်းနူက စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးစုံမှိတ်ထားလိုက်သည်။ မိုဝူကျိက ထျန်းနူသည် အာရုံခံစားမှုကောင်းကြောင်း သိ၍ သူလည်း စိတ်ပျက်လက်ပျက် အနေအထားဖြင့် မျက်လုံးစုံမှိတ်ထားလိုက်သည်။

ခဏအကြာတွင် အခန်းတံခါးက ပြန်ပွင့်လာပြီး ကတုံးပြောင် အမျိုးသားတစ်ယောက် ဝင်လာသည်။ ဝင်လာပြီးနောက် သူက ဘာကိုမှ မပြောဘဲ တံခါးဘေးနား၌ ထိုင်နေသည်။

မိုဝူကျိကလည်း ရွေးချယ်စရာ မရှိတော့ဘဲ စိတ်အတွင်း သိချင်နေသည့် မေးခွန်းများကို သိမ်းဆည်းထားလိုက်ရတော့သည်။ သူက ထျန်းနူကို မေးဖို့ရာ နောက်ထပ် အခွင့်အရေးကို စောင့်ဆိုင်းရဦးမည် ဖြစ်၏။

…………….…

ရက်များစွာ ကြာမြင့်ပြီးနောက် ကတုံးပြောင်နှင့် လူက မထွက်သွားသော်လည်း သင်္ဘောပျံက ရပ်တန့်သွားလေပြီ။

သင်္ဘောပျံ ရပ်တန့်သွားပြီးနောက် တံခါး ပွင့်လာသည်။ ကတုံးပြောင် အမျိုးသားက အထဲမှ လူများကို  ကြည့်ကာ အေးစက်စက် ပြောလိုက်လေ၏ “ အားလုံး ငါ့နောက်ကို လိုက်ခဲ့ … ငါတို့တွေ ဖြေဆေးကို အရင်သောက်ရမယ်။ မိုင်းတွင်းမှာ လေထုက အဆိပ် ပါနေတာဆိုတော့ အားလုံး ဖြေဆေး အရင်သောက်ဖို့ လိုတယ်။ ကောင်းကောင်း လုပ်နိုင်တဲ့ သူနှစ်ယောက်ကို တစ်နှစ်ကြာပြီးရင် လွတ်လပ်မှု ပြန်ပေးမယ်။ ထိပ်တန်းအဆင့် နတ်ဘုရားကျောက်ကို ရှာနိုင်တဲ့ သူတွေကိုတော့ ချက်ချင်း လွတ်ပေးမယ်။ ပြီးတော့ မင်းတို့တွေ ဝိညာဉ်ကြောကို ပြန်ကောင်းမွန်လာစေမဲ့ နတ်ဘုရားဆေးလုံးလည်း ချီးမြင့်ခံရမယ် …. ”

ကတုံးပြောင် အမျိုးသား၏ နောက်ဆုံးစကားက အားလုံးကို ရုတ်တရက် ပြန်လည် အသိပြန်ကပ်လာစေသည်။

ကတုံးပြောင် အမျိုးသားက ဆေးလုံးများကို လိုက်ဝေပေးလိုက်ပြီး မိုဝူကျိလည်း ဆေးနက်လုံး တစ်လုံးကို ရလိုက်သည်။ ဆေးလုံးတွင် ညှီစို့စို့ အနံ့ ရနေပြီး သာမာန် အဆိပ်ဖြေဆေးများနှင့် ဆင်တူပေသည်။

မိုဝူကျိက တုံ့ဆိုင်းမနေဘဲ ဆေးလုံးကို မျိုချပစ်လိုက်၏။

ထျန်းနူက မိုဝူကျိ မျိုချလိုက်သည်ကို မြင်သောအခါ သူလည်း ထို့နည်း၎င်း လိုက်လုပ်လိုက်သည်။ သူ့ခန့်မှန်းချက်မှာ မမှားယွင်းကြောင်း အသေအချာ သိနေသည်။ မိုဝူကျိက ကမ္ဘာဦး စိတ်ဝိညာဉ်ကို ထိန်းသိမ်းထားနိုင်ရုံသာမက ဝိညာဉ်ကြောကိုလည်း ထိန်းသိမ်းထားနိုင်၏။ ထျန်းနူက မိုဝူကျိ၏ စွမ်းရည်အပေါ်တွင် ယုံကြည်ချက် ရှိပေသည်။ ပို၍ အရေးကြီးသည်က သူ့အနေနှင့်  မိုဝူကျိသည် ယုံကြည်ဖို့ ထိုက်တန်သော လူတစ်ဦး ဖြစ်သည်။

ခန္ဓာကိုယ်အနှံ့ ပြန့်လာသည့် တာအိုစွမ်းအားအရ မိုဝူကျိသည် သူ့စိတ်အတွင်း အရာအားလုံးမှာ မည်းနက်သွားသလို ပိတ်ဖုံးကား ချသွားကြောင်း ခံစားမိလိုက်သည်။ သူက အဆိပ်ဖြေလမ်းကြောင်းကို စတင်လှည့်ပတ်လိုက်တော့၏။

မိုဝူကျိက အဆိပ်ဖြေလမ်းကြောင်း အလုပ်မလုပ်မည်ကို စိုးရိမ်နေမိခဲ့၍ သက်ပြင်းတစ်ချက် ချမိသွားသည်။ အကယ်၍ အဆိပ်ဖြေ လမ်းကြောင်းသာ အလုပ်ဖြစ်လျှင် သူ့အနေနှင့် ထွက်ပြေးနိုင်ခြေ ရှိသေး၏။

တစ်ချိန်တည်းဆိုသလို သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းအား အသုံးပြုကာ အဆိပ်ဖြေလမ်းကြောင်းကို လှည့်ပတ်လိုက်ရင်း ထျန်းနူ ခန္ဓာကိုယ်ထဲမှ အဆိပ်များကို ဖယ်ရှားပေးလိုက်သည်။

မိုဝူကျိ၏ အဆိပ်ဖြေ ချီသွေးကြောမှာ ထိပ်တန်းအဆင့် အဆိပ်များကိုပင် လျစ်လျူရှုထားနိုင်စွမ်း ရှိ၏။ ထို့ကြောင့် ထိုဆေးနှစ်လုံး၏ အဆိပ်မှာ သူ့အဆိပ်ဖြေလမ်းကြောင်း တစ်ကြိမ် လှည့်ပတ်ရုံမျှသာ လိုအပ်သော အဆိပ်မျိုး ဖြစ်သည်။

ထျန်းနူက ဆေးလုံးကို သောက်သုံးပြီးနောက် သူ့မျက်နှာမှာ ချက်ချင်း ဖြူဖျော့သွားလေ၏။ အဆိပ်ဆေးလုံးက ကြောက်စရာကောင်းလွန်း၍ သူ့အာရုံကြောစနစ် တစ်ခုလုံးကို ဆက်တိုက် ရစ်ပတ်နေသည်။

ဤသို့အဆိပ်မျိုးဖြင့် မိုဝူကျိနှင့် ထွက်ပြေးနိုင်လျှင်လည်း ဘာအကျိုးရှိတော့မည်နည်း။

ထျန်းနူက ထုံထိုင်းမှုကို ခံစားလာရပြီး ငေးမောတွေဝေသည့် အနေအထားသို့ မရောက်ခင် စိတ်စွမ်းအားတစ်ခုက သူ့ဆီ ဝင်ရောက်လာသည်ကို ခံစားမိလိုက်သည်။ ထို့နောက် သဘာဝစွမ်းအားတမျိုးက သူ့စိတ်အတွင်းမှ အဆိပ်အားလုံးကို ဖယ်ရှားပေးလိုက်ပြီး အစအနလေးပင် မကျန်ရစ်ခဲ့ပေ။

သူ့စိတ်ထဲ မပြောပြတတ်သည့် ပျော်ရွှင်မှုတို့ ကြီးစိုးလာကာ သူ့အစ်ကိုကြီးမို ကူညီလိုက်မှန်း တန်းသိလိုက်၏။ သူ့အသိစိတ်က ဝေဝါးတော့မည့်ဆဲဆဲတွင် မိုဝူကျိက သူ့အား အဆိပ်ဖြေပေးဖို့ တိတ်တဆိတ် ကူညီပေးလိုက်ခြင်း ဖြစ်၏။

မိုဝူကျိက ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းလိုက်သလဲ … သူက. မိုဝူကျိ၏ အကျင့်စရိုက်အား ကျေးဇူးတင်မိကာ စိတ်လှုပ်ရှားသွားမိ၏။

ဤသို့အခြေအနေမျိုး၌ သူ့ကို ကူညီပေးလိုက်သည့် မိုဝူကျိ၏ အပြုအမူမှာ သူ့ကိုယ်သူ အန္တရာယ်ထဲ ခုန်ဆင်းလိုက်သလို ဖြစ်၏။ ထို့အပြင် မိုဝူကျိက သူ့အား ကူညီပေးဖို့ရာ မလိုအပ်ပေ။

ထျန်းနူက ယခုကား  ကျေးဇူးတင်ရမည့် အချိန် မဟုတ်ကြောင်း သိ၍ သူ့မျက်နှာကို ထုံထိုင်းထိုင်း မိန်းမောတွေဝေနေသည့်နှယ် ပြောင်းလဲလိုက်သည်။

မိုဝူကျိကလည်း ထျန်းနူကဲ့သို့ ပြောင်းလဲလိုက်၏။

ကတုံးပြောင် လူကြီးက အားလုံးသည် မိန်းမောနေကြောင်း မြင်ပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်ကာ  “ မင်းတို့ကို နှစ်ခု ပြောပြမယ်။ အရင်ဆုံး ဒီလက်အိတ်တွေကို စွပ်ထားလိုက်ကြ …. ”

သူက ပြောလိုက်ရင်း အားလုံးရှေ့မှောက်၌ လက်အိတ်တစ်စုံစီ ပေါ်လာသည်။ မိုဝူကျိက အားလုံးကဲ့သို့ သူ့ရှေ့တွင် လွှင့်မျှောနေသည့် လက်အိတ်ကို စွပ်လိုက်ရသည်။

မိုဝူကျိက လက်အိတ်ကို စွပ်လိုက်သည်နှင့် ထိုလက်အိတ်၌ ပြောင်းရွေ့ရေး အစီအရင် ထွင်းထားကြောင်း သိလိုက်ရသည်။ ကြည့်ရသည်မှာ ထျန်းနူ၏ ခန့်မှန်းချက်များက မမှားယွင်းပေ။

“ ဒုတိယအနေနဲ့ အားလုံး ငါ့နောက်ကို လိုက်ခဲ့ကြ ” ကတုံးပြောင် လူကြီးက ပြောရင်းဖြင့် ဦးဆောင်သွားလေ၏။

မိုဝူကျိက အဖွဲ့အလယ်တွင် မိန်းမောနေသည့် မျက်ဝန်းများနှင့် ရှိနေသည်။ သူက စိတ်စွမ်းအားကို အသုံးမပြုသလို စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းကိုလည်း ထုတ်မသုံးပေ။ သူက ဤသည်မှာ စိတ်ပျက်ဖွယ်ကောင်းသည့် နေရာဖြစ်ကြောင်း ခံစားမိ၏။

ထို့အပြင် မိုဝူကျိက ဤနေရာတွင် လူရာကျော် ရှိနေပြီးသားကိုလည်း သတိပြုမိလိုက်သည်။ ထိုလူများက သူတို့ကဲ့သို့ မျက်ဝန်းများက မိန်းမောတွေဝေကာ ထုံထိုင်းနေပေသည်။

သိပ်မကြာခင် မိုဝူကျိက အခြေအနေကို နားလည်သွားလေ၏။ သူတို့ကို ဖမ်းလာသည့် ထိုလူများက နတ်ဘုရား အသွင်သဏ္ဍာန်ကျောက်နောက် လိုက်နေခြင်း မဟုတ်ဘဲ သူတို့အား ရောင်းဖို့ရာ ခေါ်လာခြင်း ဖြစ်၏။ ဤနေရာတွင် ရှိနေသော လူရာကျော်မှာလည်း ပြန်ပေးဆွဲသူများ၏ ရောင်းစားခြင်းကို ခံထားရပုံ ပေါ်သည်။

အစိမ်းရောင် ဝတ်ရုံနှင့် အမျိုးသားတစ်ဦးက မိုဝူကျိတို့ရှေ့ ရောက်လာကာ သူတို့၏ ခန္ဓာကိုယ်များအား စုံချည်ဆန်ချည် ကြည့်လိုက်သည်။ သူက ခက်ထန်စွာဖြင့်  “ အားလုံးအတွက် အခု အခွင့်အရေးတစ်ခု ရှိတယ်။ အားလုံးက အထဲကို ဝင်သွားပြီးတော့ တန်းတန်းမတ်မတ် လျှောက်သွားရမယ်။ တကယ်လို့ လမ်းမှာ တစ်ခုခု တွေ့ရင် အားနဲ့ ဆွဲယူရမယ် ….. ”

အစိမ်းရောင် ဝတ်ရုံနှင့် အမျိုးသားက ပြောလိုက်ရင်း ကျောက်တစ်လုံး ထုတ်ပြလိုက်၏။ မိုဝူကျိက ထိုအဖြူရောင်ကျောက်လေးအား  မိန်းမောစွာ ကြည့်လိုက်သည်။

အားလုံးက ကြည့်ရှုပြီးနောက် အစိမ်းရောင်ဝတ်ရုံနှင့် အမျိုးသားက ပြောလိုက်သည်  “ ဒီကျောက်က အရောင်မျိုးစုံ ရှိတယ်။ မင်းတို့တွေ ဘယ်လိုကျောက်ကို တွေ့တွေ့ အားပြင်းပြင်းနဲ့ ဆွဲယူလိုက်ကြ … အဲဒါက မင်းတို့အတွက် တစ်သက်နဲ့ တစ်ခါ အခွင့်အရေးမျိုးပဲ …. နားလည်ကြလား ”

“ ဟုတ်ကဲ့ ” မညီမညာ အသံများ ထွက်ပေါ်လာလေ၏။

“ ကောင်းပြီ အထဲကို ဝင်သွားကြတော့ ” အစိမ်းရောင်ဝတ်ရုံနှင့် အမျိုးသားက လက်ခါပြကာ လမ်းကို ညွှန်ပြလိုက်သည်။

လူရာကျောက်က ထိုလမ်းကြောင်းအတိုင်း လိုက်ဝင်ကာ မည်သူတစ်ဦးကမှ အတွေးမျိုး မရှိကြပေ။

ထိုစဉ် မိုဝူကျိက ဘေးပတ်လည်မှ ပေါက်ကွဲသံမျိုးကို ကြားလိုက်ရသည်။ ထို့နောက် မိုဝူကျိက တစ်ခုခု ကျိုးကြေသွားသံနှင့်အတူ သူ့ရှေ့တွင် ရှိနေသော အရာအားလုံးမှာ ရှင်းလင်းသွားသည့်အလား ခံစားလိုက်ရသည်။

ယခင် ဤနေရာကို ကာကွယ်ရေး အစီအရင်ဖြင့် ကာကွယ်ထားလေ၏။ မိုဝူကျိ၏ ပထမဆုံး တုံ့ပြန်မှုမှာ ပေါက်ကွဲသံကို ကြားလိုက်ရစဉ်အခါက ဖြစ်၏။

“ယင်ချုံချန်း …. မင်းတို့ မုန်ညှင်းနက် ကုန်သည်အိမ်တော်က နတ်ဘုရား ဂူသင်္ချိုင်းတောင်ကြားမှာ ဖုံးကွယ်ရေး အစီအရင် ခင်းထားပြီးတော့ ဒီလိုအပြုအမူမျိုး ကျူးလွန်နေတယ်ပေါ့။  နတ်ဘုရားလောကတစ်ခုလုံးက မင်းလိုမျိုး အမှိုက်ကို ခွင့်လွတ်ပေးမှာ မဟုတ်ဘူး ….” ဒေါသထွက်နေသည့် အသံ တစ်သံကို ကြားလိုက်ရပြီးနောက် မိုဝူကျိပင် ခံစားမိလိုက်သည့်  ဓားအလင်းတန်း တစ်ချက် ကျရောက်လာသည်။

***

All Chapters