← Chapters

သရုပ်ဆောင်မှုအပေါ် အားကိုးမှီခိုနေရသော

Vol. 64 Ch. 883

သရုပ်ဆောင်မှုအပေါ် အားကိုးမှီခိုနေရသော

Vol. 64 Ch. 883

နေရာတစ်ခုလုံး၌ သတ်ဖြတ်ငွေ့များ ပြန့်နှံ့လာပြီး မိုဝူကျိက နတ်ဘုရားလောက၌ တရားမျှတသည့် လူတစ်ယောက် ရှိနေလိမ့်မည်ဟု မထင်ပေ။

မိုဝူကျိက မည်သူကမှ သူတို့အား ဂရုစိုက်နေမည် မဟုတ်ကြောင်းသိ၍ သူက ထျန်းနူဆီ စိတ်ဖြင့် ဆက်သွယ်ကာ  “ သတ်ဖြတ်ငွေ့တွေကို ရှောင်ထား ”

“ ကျုပ် သိပြီ … အစ်ကိုကြီးမို ကျေးဇူးပါ ” ထျန်းနူကလည်း စိတ်ခံစားချက်အပြည့်နှင့် ပြန်ဖြေပေးလိုက်သည်။ သူတွေ့လာသော အစ်ကိုကြီးက အာရုံကြောကို ထုံထိုင်းသွားစေသည့် အဆိပ်ကို ဖြေနိုင်လောက်သည့်အထိ ကောင်းကင်ဘုံသွေဖယ်နေလိမ့်မည်ဟု မထင်ထားပေ။ ထိုမျှတင် မကသေးဘဲ မိုဝူကျိက သူ့ကိုပါ အဆိပ်ဖြေပေးခဲ့သေး၏။

ဘေးပတ်လည်၌ သဘာဝစွမ်းအားများက ပေါက်ကွဲကာ ကျင့်ကြံသူများကလည်း ဆက်တိုက် အသတ်ခံနေရသည်။

တိုက်ပွဲအစွန်း၌ပင် မိုဝူကျိက အသက်ရှုဖို့ရာ ခက်ခဲကြောင်း ခံစားမိလိုက်၏။

ထိုအရာက ဤလောကကြီးထဲ၌ မိုဝူကျိအား သူ မည်မျှ အားနည်းနေကြောင်း သတိပြုမိစေသည်။

“ တာအိုရောင်းရင်း  … ကျုပ် ယင်ချုံချန်းကို သတ်လိုက်တာနဲ့ ဘာမှကောင်းတာ ဖြစ်လာမှာ မဟုတ်ဘူးနော်။ ကျုပ်ကို လွတ်ပေးလိုက်ပါ။ အနည်းဆုံးတော့ ကျုပ် ဒီလူတွေကို ကယ်နိုင်သေးတာပေါ့ ” ခပ်ဩဩ အသံတစ်သံ ထွက်ပေါ်လာသည်။

မိုဝူကျိက အသံတစ်သံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။

“ ကောင်းပြီလေ ” မိုဝူကျိက ‘ ကောင်းပြီလေ ’ ဟူ ကြားလိုက်ပြီးသည့်နောက်တွင် ယင်ချုံချန်း၏ စူးစူးဝါးဝါး အော်သံကို ကြားလိုက်ရတော့သည်  “ ရက်စက်လိုက်ကြတာ ”

မိုဝူကျိက ယင်ချုံချန်းသည် အသတ်ခံလိုက်ရကြောင်း  သိလိုက်သည်။ အမြင်နှင့်တင် ယင်ချုံချန်းကို သတ်လိုက်သည့်သူမှာ သူတို့အား ကယ်တင်ပေးရန် ဆန္ဒမရှိသည်မှာ သိသာလှ၏။

ဘေးပတ်လည်မှာ တိတ်ဆိတ်သွားပြီး ပိုမို ကြည်လင်သည့် အသံတစ်သံ ထွက်လာသည်  “ အားလုံး ဒီဘက်ကို လှည့်စမ်း ”

မိုဝူကျိ အပါအဝင် လူတစ်ရာကျော်လောက်က လှည့်ကြည့်လိုက်ကြရသည်။ ထိုလူမှာ အသားရေ ဝါကျင့်ကျင့် ရှိသည့် အမျိုးသမီး တစ်ဦး ဖြစ်ကာ သူမ ဆံပင်များမှာလည်း အဝါရောင် ဖြစ်၏။ သူမ မျက်ဆံများက ကြီးမားကာ ရုပ်ဆိုးသည်ဟု ယူဆ၍ မရသော်လည်း လှပသည့်အထဲတော့ မပါချေ။ အကယ်၍ သူမ အသားရည်သာ အဖြူဘက်သွားလျှင် ကြော့ရှင်းလှပသည်ဟု ဆို၍ ရပေဦးမည်။

ဘေးတွင် ရပ်နေသည့် အမျိုးသမီးနှစ်ယောက်ကို မြင်ကာ မိုဝူကျိက သက်ပြင်းချမိသွားလေ၏။ ထိုအမျိုးသမီး နှစ်ဦးမှာ သူ စောစောလေးက  ထွက်ပြေးခဲ့ရသည့် အကြောင်းအရင်း ဖြစ်ပေသည်။ ဤဖြစ်စဉ်များအပြီးတွင် ထိုအမျိုးသမီး နှစ်ယောက်လက်အတွင်းသို့ ပြန်လည် ကျရောက်သွားလိမ့်မည်ဟု မထင်ထားပေ။

ဆံဝါဝါ အမျိုးသမီးနောက်တွင် ရပ်နေသူက အသက်ကြီးကြီး အမျိုးသမီး တစ်ယောက် ဖြစ်၏။ ထိုအမျိုးသမီးက အသက်ကြီးပုံပေါ်သော်လည်း သူမ၏ ကြော့ရှင်းစွဲမက်ဖွယ် သွင်ပြင်ကို မြင်တွေ့နိုင်သေး၏။ သူမ ခန္ဓာကိုယ် ဘေးပတ်လည်တွင် သတ်ဖြတ်ငွေ့များ ထုတ်လွှင့်နေပြီး သူမက အနည်းငယ် သွေးဆာသည့် ပုံပေါက်နေသည်။ သူမက သူတို့၏ အဓိက အင်အားကို တိုက်ခိုက်လိုက်သူမှန်း သိနိုင်ပေ၏။

“ ဦးရီးတော်က ဘယ်မှာလဲ ” ဆံဝါ အမျိုးသမီးက လူအုပ်ကြီးကို ကြည့်ကာ တည်တည်ငြိမ်ငြိမ် မေးလိုက်၏။

အရပ်ရှည်ရှည် အမျိုးသမီးက မြန်မြန် ဦးညွှတ်၍  “ မမလေး … ဦးရီးတော်ကို သူတို့ ဖမ်းသွားလို့ သူတို့နောက် လိုက်လာတာပါ။ အဲကြောင့်လည်း လမ်းစ ချန်ထားနိုင်ခဲ့တာပါ။ ဦးရီးတော် မရှိဘဲ ဒီလူ ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး။ ဒီလူက ကျွန်မစကားကို နားမထောင်လို့ ဒီလူတွေဆီ အဖမ်းခံလိုက်ရတာ … ”

ထိုသို့ပြောပြီးနောက်  သူမက အဖွဲ့အလယ်တွင် ရပ်နေသည့် မိုဝူကျိအား လက်ညိုးထိုးပြလိုက်သည်။

ဆံဝါ အမျိုးသမီး၏ အကြည့်က  မိုဝူကျိဆီ ရောက်လာကာ  “ ဒေါ်လေးကျွင့် … အဲဒီလူ ပြန်ကောင်းလာနိုင်မလား ”

ဆံဝါ အမျိုးသမီးနောက်တွင် ရပ်နေသည့် အမျိုးသမီးအိုက ခေါင်းခါလိုက်လေ၏  “မမလေး … အဲဒီလူက ဝိညာဉ်ကြောနဲ့ ကမ္ဘာဦး စိတ်ဝိညာဉ်က ပြောင်းလဲရေး ဆေးနက်လုံးကြောင့် ပျက်စီးနေပြီ။ ကိစ္စတွေ ပိုဆိုးရွားသွားရင် ဇဝေဇဝါဆေးလုံးကြောင့် သူ့အာရုံကြောစနစ်ကိုတောင် ပျက်စီးသွားနိုင်တယ်။ အများဆုံး သူ့အသိစိတ် တစ်ချို့လောက်ကိုပဲ ပြန်ရအောင် လုပ်နိုင်မယ်။ အဲဒီအခါကျ သူ့အနေနဲ့ ရိုးရိုးရှင်းရှင်း အလုပ်လေးတွေကိုတော့ လုပ်နိုင်သွားတာပေါ့။ အခြားအရာတွေကတော့ … ”

ထိုအမျိုးသမီးအိုက ဆက်မပြောတော့ပေ။

ဆံဝါ အမျိုးသမီးက သက်ပြင်းချလိုက်ပြီး  “ သူက ကျမရဲ့ ခင်ပွန်း ဖြစ်လုနီးပါးဆိုတော့ ရင်းနှီးတယ်ပဲ ပြောရမှာပဲ။ ဒေါ်လေးကျွင့် သူ့ကို ကယ်ပေးလိုက်ပါ ”

ထိုအမျိုးသမီးအိုက ဘာမှမပြောဘဲ လက်ကို မြှောက်ကာ ဆေးတစ်လုံး တိုက်ကျွေးလိုက်သည်။

ဆေးလုံးမျိုချလိုက်သည်နှင့် မိုဝူကျိ စိတ်အတွင်း စိုစွတ်စွတ် အေးစက်စက် အငွေ့တန်းတစ်ခု ဖြစ်ပေါ်လာသည်။ မိုဝူကျိက ဇဝေဇဝါဆေးလုံး သောက်သုံးပြီးနောက် သူ့အသိစိတ် တကယ်ပျောက်ဆုံးသွားခဲ့တာလားဟု သံသယဝင်လာမိသည်။ ဤဆေးလုံးက သူ့အား အပြည့်အဝ ပြန်ကောင်းလာအောင် ကူညီပေးနိင်ကောင်း၏။

ခဏအကြာတွင် မိုဝူကျိက မျက်ဝန်း၌ ပြန်လည် အသက်ဝင်လာပြီး ရှေ့သို့ လျှောက်ကာ ကြောင်အမ်းအမ်း ကြည့်လိုက်သေး၏။

“ လျှောက်ကြည့်နေဖို့ မလိုတော့ဘူး။ ငါ့မမလေးက မင်းကို ကယ်ပေးလိုက်ပြီ ” မိုဝူကျိအား ခေါ်သွားချင်နေသည့် အရပ်ရှည်ရှည် အမျိုးသမီးက ခက်ထန်စွာ ပြောလိုက်သည်။

“ အာ ..” မိုဝူကျိက အရပ်ရှည်ရှည် အမျိုးသမီးအား ကြည့်ကာ ခဏတာလောက် မတုံ့ပြန်နိုင်သေးပေ။

ဆံဝါ အမျိုးသမီးက သက်ပြင်းချကာ  “ သူ့ကို ခေါ်သွားပြီးတော့ စိုက်ပျိုးမွေးမြူရေးခြံဘက် အလုပ်ခိုင်းထားလိုက် ”

“ ဟုတ်ကဲ့ ..” အမျိုးသမီးအိုက လက်ကို မြှောက်လိုက်သည့်အခါ မိုဝူကျိက သူ့ကို ခေါ်သွားဖို့   သူ့ဆီ သဘာဝစွမ်းအားတချို့ ရစ်ပတ်လာသည်ကို ခံစားမိလိုက်၏။

ထျန်းနူက မိုဝူကျီ ခေါ်ဆောင်သွားခံရသည်ကို မြင်သောအခါ လူအုပ်ကြားမှ မြန်မြန် လစ်ပြေးကာ ထွက်ပြေးလိုက်တော့သည်။

………….....

နှစ်ရက်ကြာမြင့်ပြီးနောက် သင်္ဘောပျံက ကြီးမားသည့် ရင်ပြင်ကျယ်ကြီး၌ ရပ်တန့်လိုက်သည်။ မိုဝူကျိက အမျိုးသမီးလေးယောက်နောက်မှ လိုက်ဆင်းသွားလိုက်သည့်အခါ “ ရှန်းကျန့် ကူးပြောင်းရေးဂိတ်” ဟု စာလုံးများကို မြင်လိုက်ရသည်။

ဆံဝါ အမျိုးသမီးက သင်္ဘောပျံကို သိမ်းကာ “ ကျွန်မတို့တွေ အရင်ဆုံး နတ်သူတော်စင် နတ်ဘုရားဂိုဏ်းကို အရင်သွားကြည့်လိုက်ဦးမယ်။ အဲက တပည့်တွေ လက်ခံနေတယ်တဲ့ ” ဘေးတွင် ရပ်နေသည့် မိုဝူကျိက ထိုနတ်သူတော်စင် နတ်ဘုရားဂိုဏ်းက သူ့တျန်းဂျီ ဖြစ်နေမလား မသိ၍ အံ့ဩမိသွားသည်။ သူက နတ်ဘုရားလောကတွင် ထိုသို့ဂိုဏ်းမျိုး ရှိနေပြီး အမည်နာမ နောက်တွင် နတ်ဘုရားတစ်လုံးသာ ပိုနေသည့် အကြောင်းအရင်းအား အတော်လေး စိတ်ဝင်စားမိသွားသည်။

(နတ်သူတော်စင် နတ်ဘုရားဂိုဏ်း က တျန်းဂျီဂိုဏ်းနဲ့ အသံထွက်တူနေပါတယ်။ ရေးတဲ့ စာလုံး ဂျီချင်းတော့ မတူပါဘူး )

“မမလေး …. ကျွန်မတို့တွေ ဒီလိုအချိန်မျိုးမှာ လျှပ်စီးဓားအိမ်တော်ကနေ  ထွက်မသွားသင့်ဘူး။ ကျမတို့တွေ ထွက်သွားလိုက်ရင် လျှပ်စီးဓားအိမ်တော်က ရှီ မျိုးနွယ်အပိုင် ဖြစ်တော့မှာ မဟုတ်ဘူးလေ ” အရပ်ရှည်ရှည် အမျိုးသမီးက အနည်းငယ် စိုးရိမ်ပူပင်နေသည့် အသံဖြင့် ပြောလိုက်၏။

ဆံဝါ အမျိုးသမီးက သက်ပြင်းချကာ  “ ငါက ဘာလုပ်နိုင်မှာလဲ။ အခု သူတို့တွေက ရှီမျိုးနွယ်ရဲ့ ဘိုးဘေး သင်ကြားမှုတွေကိုတောင် ထုတ်ပယ်နေပြီ။ ငါတို့တွေက လျှပ်စီးမျိုးနွယ်ဆီ ဝင်ဖို့ ဦးရီးတော်ကိုလည်း မတွေ့သေးဘူး။ ငါတို့တွေ ဘိုးဘေးခန်းမတောင် ဝင်နိင်မှာ မဟုတ်ဘူး ”

အရပ်ရှည်ရှည် အမျိုးသမီးက မိုဝူကျိ နောက်ကျောအား ကြည့်လိုက်သည့်အတွက် မိုဝူကျိပင် နှလုံးခုန် မြန်သွားလေ၏။

ကျုပ်ကို ဦးရီးတော် ဖြစ်ခိုင်းတာတော့ မဟုတ်ပါဘူးနော့ …

ကျုပ်က အသိစိတ်တောင် ပြည့်ပြည့်ဝဝ ပြန်ကောင်းသေးတာ မဟုတ်ဘဲနဲ့ ဦးရီးတော် ဖြစ်စေချင်နေတာလား ….

ခင်ဗျားတို့  ရွေးချယ်တဲ့ အဆင့်အတန်းက နည်းနည်း နိမ့်လွန်းမနေဘူးလား ….

“မမလေး ဘိုးဘေးခန်းမထဲ ဝင်ခွင့်မရရင် သခင်ကြီးရဲ့ အမွေအနှစ်ကို ဘယ်လိုလုပ် ရနိင်မှာလဲ။ အဲဒီဦးရီးတော် ကိစ္စက ယာယီဗျူဟာပဲလေ။ ပြီးတော့ မမလေးရဲ့ သဘောတူညီချက်ကလည်း ယာယီဗျူဟာထဲက တစိတ်တပိုင်းပဲလေ။ သခင်ကြီးရဲ့ အမွေအနှစ် ပြန်ရတာနဲ့ ကိုယ်ပိုင် ကမ္ဘာတည်ဆောက်ပြီးတော့ လျှပ်စီးဓားအိမ်တော်ကို ထိန်းချုပ်နိုင်မှာလေ ” အရပ်ရှည်ရှည် အမျိုးသမီးက စိတ်အားတက်ကြွစွာ ပြောလိုက်သည်။

အရပ်အနည်းငယ် ပုသည့် အမျိုးသမီးက သဘောတူစွာဖြင့်  “ မမလေး … အစ်မကြီးချင်းဟွာ ပြောတာ မှန်တယ်။ မမလေးက မိုဝူကျိကု ကယ်ပေးခဲ့တာလေ။ မမလေးကြောင့်သာ မဟုတ်ရင် သူ သေနေလောက်ပြီ။ သူလည်း ဒီလိုအချိန်မျိုးမှာ ပြန်ကူညီပေးရမှာပေါ့ ”

အမှန်တရားက သူတို့နှစ်ယောက်လုံးသည် မိုဝူကျိ၏ အသိဉာဏ်မှာ ယခင်ကဲ့သို့ ပြန်တိုက်ခိုက်နိုင်ဖို့ရာ မလုံလောက်ကြောင်း သေချာယုံကြည်ထားကြသည်။

ဆံဝါ အမျိုးသမီး၏ မျက်ဝန်း၌ အရောင်များလက်လာကာ မိုဝူကျိအား ကြည့်လိုက်၏ “ ချင်းဟွာ၊ ရွှင်းကျိတို့ ပြောတာ မှန်တယ်။ မိုဝူကျိ … မင်းက ငါ့ရှီမျိုးနွယ်ရဲ့ ဦးရီးတော် လုပ်ပေးရမယ်။ မင်းကို ဆိုးဆိုးရွားရွား ဆက်ဆံမှာ မဟုတ်လို့ စိတ်ချနေလိုက် …. ငါ လျှပ်စီးဓားအိမ်တော်ကို ထိန်းချုပ်ပြီးသွားရင် မင်းရဲ့ ဝိညာဉ်ကြောတွေ ပြန်ကောင်းလာဖို့ နည်းလမ်း ရှာပေးမယ် … ”

မိုဝူကျိက မိန်းမောနေသကဲ့သို့ ဆက်လက် သရုပ်ဆောင်နေရင်း စိတ်ထဲမှသာ ပြောလိုက်တော့သည်။

 ငါ့အတွက် ဆုံးဖြတ်ချက် မချပေးခင် အရင်ဆုံး ငါ့အမြင်လေး မေးသင့်တယ် မဟုတ်ဘူးလား ….

ကံကောင်းစွာဖြင့်  သူက သူတို့၏ ယာယီ ဦးရီးတော် အဖြစ်သာ နေပေးရမည် ဖြစ်သောကြောင့် သူ့အနေနှင့် လက်ခံနိင်ပေ၏။

အနည်းငယ် ပုသည့် အမျိုးသမီးက သက်ပြင်းချကာ  “ သူတို့တွေ ဒီဦးရီးတော်က အတုဆိုတာ သိသွားပြီး ကျွန်မတို့ကို ပြဿနာ ထပ်ရှာဖို့ အကြောင်းအရင်း ရသွားမှာကိုပဲ ကြောက်တာ … ”

တိတ်ဆိတ်နေသည့် မိန်းမအိုကြီးက အထင်အမြင်သေးစွာဖြင့်  “ အဲတုန်းက နင်သာ တကယ့်ဦးရီးတော်ကို ရှာတွေ့ရင်တောင် သူတို့က အတုလို့ပဲ ထင်မှာပဲ …. ပိုပြီး အရေးကြီးက မမလေး ဘိုးဘေးခန်းမထဲ ဝင်ခွင့် ရဖို့ပဲ ။ ကျန်တာအားလုံးက သာမညတွေ … ”

ဆံဝါ အမျိုးသမီးက ခေါင်းညိတ်ကာ  “ ဒေါ်လေးကျွင့်စကားတွေက မှန်တယ်။ သူတို့တွေက ဦးရီးတော် အတုဖြစ်ကြောင်း သိသိ၊ မသိသိ သူတို့က ငါ့တို့ ရှီမျိုးနွယ် ဘိုးဘေးခန်းမထဲ ဝင်တာကို မတားနိုင်ဘူး ”

ဆံဝါ အမျိုးသမီးက ပြောပြီးသည်နှင့် မိုဝူကျိအား လှည့်ကြည့်ကာ “ မိုဝူကျိ မင်း သိထားဖို့က ငါက မင်းရဲ့ ဇနီးပဲ …. ကျန်တာ သိစရာ မလိုဘူး။ ငါ့နာမည်က ရှီနန်မော့ … ”

ရှီနန်မော့က မိုဝူကျိအား နှိမ့်ချမကြည့်ဘဲ အရာအားလုံးကို ရှင်းပြလိုက်သည်။

အမွေးတိုင်တစ်ဝက်ခန့်ကြာပြီးနောက် မိုဝူကျိက ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို အကြမ်းဖျင်း နားလည်သွားလေ၏။

ရှီနန်မော့က လျှပ်စီးဓားအိမ်တော်မှ ဖြစ်ပြီး လျှပ်စီးဓားအိမ်တော်၏ နဂိုပိုင်ရှင်မှာ  ရှီကျင်း ဖြစ်ကာ ရှီနန်မော့က ရှီကျင်း၏ ကျင့်ကြံဆင့် အကြောင်း မပြောသော်လည်း မိုဝူကျိအနေနှင့် အဆင့်နိမ့်မည် မဟုတ်ကြောင်း သိလိုက်သည်။

လွန်ခဲ့သည့်နှစ်များစွာက ရှီကျင်းသည် အင်မတန် အန္တရာယ်များသည့်အရာတစ်ခုကို တွေ့ကာ ဘယ်သောအခါမှ ပြန်မရောက်လာတော့ပေ။ လျှပ်စီးဓားအိမ်တော် တစ်ခုလုံးက သူ ကျရှုံးသွားကြောင်း ယုံကြည်လာကြ၏။

လျှပ်စီးဓားအိမ်တော်၏ ယာယီအိမ်တော်သခင် ရာထူးမှာ ရှီကျင်း၏ တစ်ဦးတည်သော သမီးဖြစ်သည့် ရှီနန်မော့ဆီ ကျရောက်လာသည်။

ရှီမျိုးနွယ်၏ အမွေအနှစ်က ရှီမျိုးနွယ် ဘိုးဘေးခန်းမအတွင်း၌သာ သိမ်းဆည်းထားလေ၏။ သဘောတရားအရဆိုရလျှင် ရှီနန်မော့သည် ရှီကျင်း၏ တစ်ဦးတည်း‌သော သမီးဖြစ်ပြီး လျှပ်စီးဓားအိမ်တော်ကို အမွေဆက်ဆံရမည် ဖြစ်ကာ ရှီမျိုးနွယ်၏ ဘိုးဘေးခန်းမအတွင်း ဝင်ရောက်သည့် ကိစ္စကား ပြဿနာ မရှိသင့်ပေ။ သို့သော်လည်း ဤသည်က ပြဿနာ ဖြစ်နေ၏။

ပြဿနာမှာ ရှီကျင်းသည် ဖန်လင်း အမည်ရှိ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ယောက်အား ခေါ်ဆောင်လာဖူးသည့် ကိစ္စ ဖြစ်၏။ ဖန်လင်းက လျှပ်စီးဓားအိမ်တော်တွင် ရှိခဲ့စဉ် သားယောကျ်ားလေး မွေးဖွားထားလေ၏။ ထိုကလေးကို သူ့မိခင်၏ မျိုးရိုးကို လိုက်ကာ ဖန်စွေ့ဟု ခေါ်တွင်ခဲ့သည်။

ရှီကျင်းက ကျရှုံးသွားပြီးနောက် ဖန်လင်းသည် ဖန်စွေ့က ရှီကျင်း၏ သားဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာပြီး ရှီကျင်း ထုတ်မပြောသည်မှာ ဂုဏ်မာနကြောင့် ဖြစ်ကြောင်း ဖွင့်ဟလာခဲ့သည်။

အကယ်၍ သူမသာ လျှပ်စီးဓားအိမ်တော်အတွင်းရှိ တခြားလူများ၏ ထောက်ခံမှုကို မရထားလျှင် ဖန်လင်းက ထိုသို့အရာမျိုး ပြောသည့်အတွက် အသတ်ခံရပေမည်။ အဓိကအချက်မှာ ဖန်လင်းက ဖန်စွေ့သည် ရှီကျင်း၏ သားဖြစ်ကြောင်းနှင့် လျှပ်စီးဓားအိမ်တော်ကို အမွေဆက်ခံနိုင်ကြောင်း ထုတ်ပြောလာသောအခါ အိမ်တော်၏ အကြီးအကဲ တစ်ဝက်လောက်က ဖန်လင်းအား ထောက်ခံပေးကြ၏။ သူတို့က ဘိုးဘေးများ၏ သင်ကြားချက်အရ ရှီနန်မော့သည် လက်မထပ်ရသေးသည့်အတွက် ရှီမျိုးနွယ်၏ လျှပ်စီးဓားအိမ်တော်ကို အမွေဆက်ခံ၍ မရကြောင်း ယုံကြည်ထားကြသည်။

သူမက ထိုအထိ ပြောပြီးနောက် မိုဝူကျိက ဇာတ်ကြောင်းကို နားလည်သွားလေပြီ။ သူက ရွံ့ဗွက်အိုင် တစ်ခုအပြီးတွင် နောက်တစ်ခုထဲ ခုန်ဆင်းမိကြောင်း ခံစားမိလာ၏။

“ မိုဝူကျိ … ဒီကိစ္စက ရှင်နဲ့တော့ ဘာမှမဆိုင်ပါဘူး။ ကျွန်မပြောတာတွေကို ရှင် နားလည်လောက်မှာပါ။ ဒါပေမဲ့ မှတ်ထားရမှာက ကျွန်မက ရှင့်ဇနီး …. ရှင်က လျှပ်စီးဓားအိမ်တော်ရဲ့ ဦးရီးတော်ပဲ ” ရှီနန်မော့က မိုဝူကျိအား အကုန်ပြောပြပြီးနောက်တွင် နှစ်သိမ့်ပေးလိုက်သည်။

“ ကျွန်တော် သိပါပြီ ” မိုဝူကျိက အသံတိုးတိုးဖြင့် တုံ့ပြန်လိုက်သည်။

ယခုအချိန် ဘာများ ပြန်ပြောနိင်ဦးမည်နည်း။

အကယ်၍ သူက အဆိပ်ခတ်မခံရကြောင်း ထုတ်ပြောလိုက်လျှင် ဒီနေရာကနေ တစ်ယောက်တည်း ထွက်သွားနိုင်မှာလား ….

သေမင်းဆီသို့သာ လမ်း ရှိနေပေလိမ့်မည်။ သူက နှစ်များစွာ ကျင့်ကြံပြီးနောက်တွင် အသက်ရှင်သန်ဖို့ရာအတွက် သရုပ်ဆောင် အရည်အချင်းပေါ်တွင် မှီခိုရလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။

***

All Chapters