မျိုးနွယ်စု စုဝေးပွဲ
Vol. 64 Ch. 884
ကူးသန်းရေး အစီအရင်မှ ဆင်းလာပြီးနောက် မိုဝူကျိက နောက်ထပ် သင်္ဘောပျံပေါ်တွင် တစ်လကြာလောက် ကုန်ဆုံးလိုက်ရသေး၏။
မိုဝူကျိ သင်္ဘောပျံမှ ဆင်းလာသည်နှင့် ပထမဆုံး မြင်လိုက်ရသည့် အရာမှာ စိမ်းလန်းစိုပြည်နေသည့် တောင်စောင်း ဖြစ်၏။ အင်မတန် သိပ်သည်းလွန်းလှသော သဘာဝစွမ်းအားများကို ခံစားမိလိုက်ပြီး မိုဝူကျိ၏ တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းသွားလေသည်။ သူက ဤသည်မှာ နတ်ဝိညာဉ်စွမ်းအား ဖြစ်ကြောင်း ခန့်မှန်းမိလိုက်၏။
ဤနေရာရှိ နတ်ဝိညာဉ်စွမ်းအားများက ထောင်ထျဲ့တောင်ကြားထက် အဆများစွာ ပိုသိပ်သည်းလေရာ မိုဝူကျိအတွက် အရမ်းကို သက်တောင့်သက်သာ ဖြစ်ပြီး ဤနေရာရှိ ဝိညာဉ်စွမ်းအားများတွင် ထောင်ထျဲ့တောင်ကြားကဲ့သို့ မသန့်စင်မှုများ မပါဝင်နေပေ။ မိုးမြေစည်းမျည်းများ၏ သန့်စင်မှုမှာ မိုဝူကျိအား ချက်ချင်း ဉာဏ်အလင်းပွင့်လာဖို့ လုပ်ဆောင်ရန် တိုက်တွန်းနေလေ၏။
မိုဝူကျိက ဤနေရာတွင် ကျင့်ကြံပါက အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်ကြောင်း သေချာသိနေသည်။
လျှပ်စီးဓားအိမ်တော် အဖျား၌သာ ရှိသေးသော်လည်း မိုဝူကျိ၏ စိတ်စွမ်းအားက “ လျှပ်စီးဓားအိမ်တော်” ဟု ရေးထွင်းထားသည့် စာတန်းကြီးတည်ရှိသည့် တောင်စောင်းတစ်လျောက်အထိ ဖြန့်ကျက်ထားပြီးလေပြီ။
အပြာရောင် ကျောက်လမ်းလေးကို လျှပ်စီးဓားအိမ်တော်အထိ ခင်းထားလေ၏။
ရှီနန်မော့က ဦးဆောင်သွားရင်း ရှီကျွင့် အမည်ရှိ မိန်းမအိုကြီးက သူမနောက်မှ လိုက်ပါလာသည်။ ချင်းဟွာနှင့် ရွှင်းကျိတို့ နှစ်ယောက်မှာ သူမနောက်မှ ပါသွားပြီး မိုဝူကျိက နောက်ဆုံးမှ ဖြစ်၏။
အပြာရောင်ကျောက်လမ်းလေးကို လျှပ်စီးဓားအိမ်တော်နှင့် ဆက်သွယ်ထားကာ ရှီနန်မော့က ခြေဆယ်လှမ်းလောက် လှမ်းလိုက်ပြီးနောက် မိုဝူကျိအား လှည့်ကြည့်ကာ “ ယောက်ျားရေ …. ရှင်က ကျမ ဘေးမှာ လျှောက်သင့်တယ်လေ ”
မိုဝူကျိက “အွန်း” တစ်လုံးတည်း ဖြေလိုက်ပြီး ရှီနန်မော့ ဘေးသို့ လျှောက်သွားလိုက်၏။
မိုဝူကျိအား သံသယဝင်လာစေသည်က ရှီနန်မော့သည် ယာယီအိမ်တော်သခင် ဖြစ်နေသေးရဲ့လား ဆိုသည့် အချက်ကို ဖြစ်၏။ ယခု သူမ ပြန်ရောက်လာသည့်အခါ မည်သူကမှ ထွက်၍ ကြိုဆိုကြခြင်း မရှိပေ။
သို့သော်လည်း ဒေါ်လေးကျွင့်နှင့် ချင်းဟွာတို့၏ အမူအယာကို ကြည့်လိုက်သည်နှင့် ဤကိစ္စနှင့် ပတ်သတ်၍ ထူးခြားနေခြင်း မရှိကြပေ။
ရှီနန်မော့က လျှပ်စီးဓားအိမ်တော် ပင်မဝင်ပေါက်သို့ ရောက်လာသည့်အခါမှ လျှပ်စီးဓားအိမ်တော်၏ အတွင်းပိုင်း ကာကွယ်ရေး အစီအရင်မှာ ပွင့်သွားလေ၏။
အဝင်ပေါက်နားတွင် ရပ်နေသည့် အစိမ်းဝတ် တပည့်နှစ်ဦးက ဦးညွှတ်ကာ “မမလေးကို ဂါရဝပြုပါတယ် … ”
“ အတင့်ရဲချက် … အိမ်တော်သခင်ကို ဘယ်လိုခေါ်ဝေါ်ရမယ်ဆိုတာကို မသိကြဘူးလား ” ချင်းဟွာက ဒေါသတကြီး အော်ပြောလိုက်သည်။
“ ချင်းဟွာ … မင်း မမလေးနောက်ကို လိုက်တာ ရက်ပိုင်းလေးပဲ ရှိသေးတယ်။ မင်းအချိုးတွေတောင် ပြောင်းကုန်ပြီပဲ …. မမလေးလို့ ခေါ်တာ မမှားဘူးလို့ ငါက ဘာလို့ထင်နေရတာလဲ။ မမလေးက ယာယီအိမ်တော်သခင် တစ်ယောက်ပဲလေ။ မမလေးက တော်တော်နဲ့ ပြန်မလာတာနဲ့ အိမ်တော်သခင် အပြောင်းအလဲ ဖြစ်ပြီးတော့ အခု အစားထိုးမဲ့ အိမ်တော်သခင်က သခင်လေး ရှီစွေ့ပါ …” တည်ငြိမ်သည့် အသံတစ်သံ ထွက်ပေါ်လာကာ မီးခိုးရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူတစ်ယောက် ထွက်လာသည်။
ရှီစွေ့တဲ့လား …
ရှီနန်မော့က ခဏတာ တုံ့ဆိုင်းသွားကာ အသိပြန်ကပ်လာလေ၏။
ရှီစွေ့က ဖန်စွေ့ မဟုတ်ဘူးလား ….
သူမက နှစ်လတာမျှသာ ထွက်သွားမိသော်လည်း သရုပ်မှန်ပင် အတည်မပြုရသေးသည့် လူတစ်ယောက်က သူမ၏ အိမ်တော်သခင် ရာထူးကို လုယူသွားကာ ရှီမျိုးရိုးကို ပြောင်းလဲလိုက်သည်တဲ့လား …..
“ ရှီတိ … ရှင်က စီမံခန့်ခွဲရေးမှူးတစ်ယောက် ဖြစ်ရုံလေးပဲ။ မမလေးကို ဘယ်လိုလေသံနဲ့ လာပြောနေတာလဲ။ ရှင်က သေချင်နေမှတော့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့ ..” ရှီနန်မော့ နောက်တွင် ရပ်နေသည့် ရှီကျွင့်က ဒေါသထွက်လာကာ မီးခိုးရောင်ဝတ်ရုံနှင့်လူလတ်အမျိုးသားဆီ လက်ဝါးတစ်ချက် ပို့လွှတ်လိုက်၏။
သဘာဝစွမ်းအားများက လက်ဝါးချက်အဖြစ် စုစည်းသွားသော်လည်း မိုဝူကျိက ထိုအတွင်းမှ သတ်ဖြတ်ငွေ့ကို ခံစားမိလိုက်သည်။ မိုဝူကျိက စိတ်ထဲ၌ တွေးမိလိုက်သေး၏။ ဤအမျိုးသမီး၏ ဒေါသကြီးပုံမှာ ပေါ့သေးသေး မဟုတ်ပေ။ စကားတစ်ခွန်းက သူမအား စိတ်မကျေနပ် ဖြစ်စေသလို အသေသတ်ပစ်လိုခြင်းလည်း ဖြစ်လာစေနိုင်သည်။ မိုဝူကျိက မီးခိုးရောင်ဝတ်ရုံနှင့် လူကြီးက ဤမိန်းမအိုကြီးထက် အားနည်းကြောင်း ခံစားမိပြီး ကွာခြားချက်မှာ တစ်ချက်၊ နှစ်ချက်မျှ မကပေ။
အကယ်၍ ထိုလက်ဝါးချက်သာ သူ့ဆီ ကျရောက်သွားလျှင် ရှီတိ အသက်ရှင်နိုင်မည် မဟုတ်ပေ။
“ ဝုန်း …” ရှီကျွင့်၏ လက်ဝါးချက်က လေထုအတွင်း ပေါက်ကွဲထွက်သွားကာ ကြောက်မက်ဖွယ် သဘာဝစွမ်းအားများ ထွက်ပေါ်လာ၏။
မိုဝူကျိက ရှီကျွင့် လှုပ်ရှားလိုက်သည်နှင့် မသိစိတ်ဖြင့် နောက်ဆုတ်မိသွားသော်လည်း မိုဝူကျိ သဘာဝစွမ်းအားလှိုင်းများကြောင့် လွှင့်ထွက်သွားဆဲ ဖြစ်သည်။
မိုဝူကျိက ပေါက်ကွဲအားလှိုင်းဖြင့် ရိုက်ခတ်မိရုံမျှ ဖြစ်သော်လည်း ရှီကျွင့်က သွေးအန်နေသည်ကို မြင်လိုက်ရ၏။
မိုဝူကျိက အံ့ဩတုန်လှုပ်မိသွားသည်။ သူက မုန်ညှင်းနက် ကုန်သည်အိမ်တော်ကို အလွယ်လေး ဖျက်စီးခဲ့သည့် ရှီကျွင့်၏ အင်အားကို မျက်မြင်ကိုယ်တွေ့ မြင်ပြီးပြီ ဖြစ်ကာ ဤသို့မျိုး ပညာရှင်က ယခုလို ရိုးရိုးတမ်းတမ်း တိုက်ခိုက်မှု၌ သွေးအန်နေရလေသည်။
မိုဝူကျိက လျှပ်စီးဓားအိမ်တော်၏ အင်အားကို အထင်သေးမိသွားလေ၏။ ယခုလို တိုက်ပွဲမျိုး၌ ဆွဲသွင်းခံရသည့်အတွက် ပိုမို ခံပြင်းမိသည်။ အကယ်၍ ရှီနန်မော့သာ အရိုက်အရာ ဆုံးရှုံးသွားလျှင် သူသည်လည်း သူမနှင့် အတူတူ ပျောက်ကွယ်သွားရမည် ဖြစ်နေသည်။
သူလိုမျိုး ပါးမွှာလေးက ဒီလိုနေရာမျိုး၌ သူ့ကိုယ်သူ ကာကွယ်နိုင်မည်လား ….
မျက်နှာလေးထောင့်နှင့် လူက အားလုံးရှေ့ ပေါ်လာလေ၏။ ထိုသူက ရှီကျွင့်၏ လက်ဝါးချက်အား ဝင်နှောင့်ယှက်ရန် လက်သီးချက် ပစ်ခွင်းလိုက်သူ ဖြစ်ကြောင်း သိသာလှသည်။
“ အကြီးအကဲ ပါ့ရန် ဒါက ဘာအဓိပ္ပါယ်လဲ ” ရှီနန်မော့၏ မျက်နှာအနေအထားက ပြောင်းလဲသွားကာ ဒေါသထွက်စွာ မေးလိုက်သည်။
“ မမလေး … အိမ်တော်မှာ အိမ်တော်ရဲ့ စည်းမျည်း ရှိရမယ်လေ။ စီမံခန့်ခွဲရေးမှူး ရှီတိ ပြောတာ အမှား မှ မပါတာ။ အကြီးအကဲကျွင့်က သူ့ကို သတ်ချင်နေတာလေ။ ဒီလို ကိစ္စအသေးလေးအတွက်နဲ့ ကျုပ်တို့ လျှပ်စီးဓားအိမ်တော်ရဲ့ စီမံခန့်ခွဲရေးမှူး တစ်ယောက် အသက်ပေးလိုက်ရမယ်ဆိုရင် ကျုပ်တို့အိမ်တော်က မကြာခင် ကျရှုံးသွားလိမ့်မယ် …” မျက်နှာလေးထောင့်နှင့် လူကြီးက ရှီနန်မော့အား အာရုံမစိုက်သည်မှာ သိသာလှသည်။
မိုဝူကျိက စိတ်ထဲမှသာ သက်ပြင်းချလိုက်တော့၏။ အကြောင်းမှာ သူသာ ရှီနန်မော့ ဖြစ်နေလျှင် အိမ်တော်သခင် ဖြစ်ဖို့ရာ ပြန်လာပြီး တိုက်ခိုက်နေမည် မဟုတ်ပေ။ ဤအိမ်တော်၌ သူမ၏ ပြောဆိုခွင့်မှာ တားဆီးခံထားရကြောင်း သိသာလှပေသည်။
ရှီနန်မော့က အသက်ပြင်းပြင်းရှုကာ တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည် “ ဒေါ်လေးကျွင့်က ဒီကိစ္စကို နည်းနည်း လောသွားလို့ပါ။ အခု ထားလိုက်ကြတာပေါ့ ”
“မမလေးက ထားလိုက်ပါ ပြောနေတော့လည်း ကျုပ်တို့က ဒီအတိုင်း ထားပေးလိုက်ရတာပေါ့ ”မျက်နှာလေးထောင့်နှင့် အကြီးအကဲက ပြန်ပြောလိုက်သည်။
မိုဝူကျိက ဤလူအား အထင်သေးမိလေ၏။ သူက ရှီနန်မော့အား ရှီတိအား သေစေလိုသည့်အကြောင်း ပြန်ချေပပြောဆိုစေချင်မိသည်။ ထိုအခါမှ ထိုမျက်နှာလေးထောင့်နှင့် အကြီးအကဲ မည်သို့ တုံ့ပြန်မည်ကို သိချင်မိသေး၏။
ရှီနန်မော့က ဒေါသကို ထိန်းချုပ်ထားကာ နောက်တစ်ဖန် ထပ်ပြောလိုက်သည် “ ကျမတောင် ပြန်မရောက်သေးဘူး။ ကျမရဲ့ ယာယီအိမ်တော်သခင် ရာထူးကို တခြားသူဆီ ဘာလို့ ပေးလိုက်ရတာလဲ ”
ရှီနန်မော့၏ စကားကို ကြားကာ ထိုအကြီးအကဲက သူ့နဂိုလေးနက်သည့် သွင်ပြင်ဖြင့်
“မမလေး ပြောတာ မမှားပါဘူး။ အစတုန်းက ကျုပ်လည်း မမလေးရဲ့ ယာယီအိမ်တော်သခင် ရာထူး ယူသွားတာကို ကန့်ကွက်ခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း ကျုပ်လည်း လျှပ်စီးဓားအိမ်တော်ရဲ့ စည်းမျည်းတွေနဲ့ ပတ်သတ်ပြီးတော့ သူတို့ရဲ့ ငြင်းဆိုချက်တွေကို ပြန်လည် မချေပနိုင်ဘူးလေ။ အိမ်တော်သခင်က ဒီတာဝန်ကို ယူဖို့ အရွယ်ရောက်ဖို့ လိုတယ်လေ။ သူတို့ရဲ့ အရွယ်ရောက်တာကို သတ်မှတ်ထားတာက လက်ထပ်ထိမ်းမြှားဖို့ပဲလေ … မမလေးက လက်ထပ်မရသေးဘူးလေ ”
ရှီနန်မော့က လက်ခါပြလိုက်ရင်း ထိုအကြီးအကဲ၏ စကားစ ဖြတ်ကာ မိုဝူကျိအား လက်ညိုးထိုးပြလိုက်သည်။
မိုဝူကျိက ကူကယ်ရာမဲ့ ဖြစ်နေမိ၏။ သူက ရှီနန်မော့ဘေးသို့သာ လျှောက်သွားလိုက်သည်။ ရှီနန်မော့က မိုဝူကျိ လက်အား ဆွဲကာ ပြောလိုက်သည် “ အကြီးအကဲ ပါ့ရန် … ဒါက ကျမရဲ့ ခင်ပွန်း မိုဝူကျိလေ။ ဝူကျိ … ဒါက ကျမတို့ လျှပ်စီးဓားအိမ်တော်ရဲ့ မဟာ အကြီးအကဲ ငါးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ အကြီးအကဲ ပါ့ရန်ပဲ။ သူ့ကို မြန်မြန် နှုတ်ဆက်လိုက်ပါဦး ”
မိုဝူကျိက ရှီနန်မော့အား မိန်းမောစွာ ကြည့်လိုက်ပြီးနောက် ရှီပါ့ရန်အား ခြုံငုံကြည့်လိုက်ကာ တွေဝေနေဟန်ဖြင့် “ ရှီပါ့ရန်လား ”
ထိုသို့ပြောပြီးနောက် သူက မျက်မှောင်ကျုတ်လိုက်မိသည်။ ဤမျက်နှာလေးထောင့်နှင့် အကြီးအကဲကို ရှီပါ့ရန်ဟု ခေါ်ဆိုသည့် အကြောင်းအရင်းကို စဉ်းစားနေမိသည်။
ရှီနန်မော့က ရှီပါ့ရန်အား မြန်မြန် ရှင်းပြလိုက်လေ၏ “ အကြီးအကဲ ပါ့ရန် … ဝူကျိကို မုန်ညှင်းနက် ကုန်သည်အိမ်တော်က ဖမ်းသွားပြီးတော့ ဇဝေဇဝါဆေးလုံး အတိုက်ခံထားရလို့ သူ့အဖြေတွေက အရမ်းကို ရိုးစင်းနေတာပါ။ အကြီးအကဲ စိတ်ထဲ မထားဖို့ မျှော်လင့်ပါတယ် … ”
ရှီပါ့ရန်က ပြုံးလိုက်ကာ “ မမလေးက အရမ်းကို တွေးလွန်းနေပါပြီ။ သူက ကျုပ်တို့ လျှပ်စီးဓားအိမ်တော်ရဲ့ ဦးရီးတော်ဆိုမှတော့ သူ့ကို ကယ်ပေးဖို့ အကောင်းဆုံး ကြိုးစားပေးရမှာပေါ့ ”
မိုဝူကျိက ဤနှစ်အတွင်း အဖြစ်အပျက်များစွာ ကြုံတွေ့ခဲ့ရပြီး တံခါးနောက်ကွယ်၌ အမြဲကျင့်ကြံနေသည့် လူစားမျိုး မဟုတ်ပေ။ ရှီပါ့ရန်၏ စကားမှ မိုဝူကျိသည် သူက အားလုံးကို စုံစမ်းထားပြီးပြီ ဖြစ်ကြောင်း သိလိုက်၏။ သူက ရှီနန်မော့ မည်သည့်နေရာသွားသည့်အကြောင်းနှင့် သူ့ဇာစ်မြစ်ကိုလည်း သိနေပေလိမ့်မည်။
မိုဝူကျိက မမှားပေ။ အကြောင်းမှာ ရှီပါ့ရန်က ရှီနန်မော့ သွားသည့်နေရာများအား စစ်ဆေးထားလေ၏။
မုန်ညှင်းနက် ကုန်သည်အိမ်တော်၏ ယုတ်မာသော အပြုအမူဆိုးများကိုမူ လူများစွာက သိကြပေသည်။ သို့သော်လည်း မည်သူကမှ ရှီနန်မော့လို တည့်တိုးဖြင့် အားလုံးကို ရှင်းထုတ်မပစ်ကြပေ။ ပထမဦးစွာ လူများစွာကလည်း ထိုသို့အရာမျိုး လုပ်ဖူးကြသူများ ဖြစ်ကြပြီး ဒုတိယအနေနှင့် နောင်အနာဂတ် အကျိုးဆက်များမှာလည်း ပြင်းထန်လှပေသည်။
အပေါ်ယံ၌ ရှီနန်မော့က မုန်ညှင်းနက် ကုန်သည်အိမ်တော်ကို သတ်လိုက်သော်လည်း သူမက မသိလိုက်ဘဲဖြင့် လူများစွာကို အပြစ်ပြုမိသွား၏။
ရှီပါ့ရန်၏ စကားအဆုံးတွင် သူက နောက်ထပ် ခေါင်းစဉ်အား ချက်ချင်း ပြောင်းလဲလိုက်လေ၏ “ မမလေးက အိမ်တော်ကို ပြန်ရောက်လာပြီဆိုတော့ နောက်သုံးရက်ကျရင် မျိုးနွယ်စု စုဝေးပွဲကို ခေါ်လိုက်ပြီးတော့ အိမ်တော်သခင် ရာထူးကိစ္စနဲ့ ပတ်သတ်ပြီး သဘောတူညီမှု ယူကြရင် မကောင်းဘူးလား ”
ရှီနန်မော့က ပြန်ဖြေပေးလိုက်၏ “ ဘာလို့ သုံးရက် စောင့်နေရဦးမှာလဲ။ အခု သွားပြီးတော့ တန်းဆွေးနွေးကြတာပေါ့ ”
“ ကောင်းပြီလေ … အဲဆို စီစဉ်လိုက်ပါ့မယ် ” ရှီပါ့ရန်က မြန်မြန် ပြောပြီးတော့ သူ့နောက်မှ စီမံခန့်ခွဲရေးမှူး ရှီတိအား လှည့်ပြောလိုက်သည် “ ရှီတိ … အကြီးအကဲတွေ အားလုံးနဲ့ တိုက်ရိုက်တပည့်တွေ အားလုံးကို မျိုးနွယ်စု စုဝေးခန်းမမှာ တွေ့ဖို့ ခေါ်လိုက် ”
“ ဟုတ်ကဲ့ ” ရှီတိက လေးလေးစားစား ဦးညွှတ်လိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။ ရှီနန်မော့နှင့် ယှဉ်လျှင် ရှီပါ့ရန်အပေါ် ထားသည့် ရှီတိ၏ သဘောထားက များစွာ ပိုကောင်းလေသည်။
“ ကျုပ်လည်း သွားပြင်ဆင်လိုက်ဦးမယ် ” ရှီတိ ထွက်သွားသည့်နောက်တွင် ရှီပါ့ရန်က စကားတစ်ခွန်းသာ ပြောလိုက်ပြီး ရှီနန်မော့က ဘာမှပြန်မပြောခင် သူက ထွက်သွားပြီ ဖြစ်၏။
“မမလေး ကျွန်မတို့ မရှိတုန်း ရက်ပိုင်းလေးအတွင်း လျှပ်စီးဓားအိမ်တော်က အပြောင်းအလဲကြီးကြီးတွေ ဖြစ်သွားခဲ့သွားမှာကို စိုးရိမ်နေမိတယ် ….” ရှီကျွင့်က ထိုနှစ်ယောက် ထွက်သွားသည့်နောက်တွင် စိုးရိမ်တကြီး ပြောလိုက်လေ၏။
ရှီနန်မော့က တည်ငြိမ်စွာ ပြန်ပြောလိုက်သည် “ ဘယ်လောက်ပဲ အပြောင်းအလဲဖြစ်ဖြစ်ပါ အိမ်တော်သခင် အမှတ်အသားပြားက ကျမလက်ထဲမှာ … ကျမရဲ့ အမှတ်အသားပြား မပါဘဲ ဘယ်သူမှ ရှီမျိုးနွယ်ရဲ့ ဘိုးဘေးခန်းမထဲ ဝင်လို့ ရမှာ မဟုတ်ဘူး …. ဝူကျိ … ”
“ ကျုပ် ဒီမှာပါ ” မိုဝူကျိက သူ ဤနေရာတွင် ရှိနေသည့် အကြောင်းအရင်းနှင့် ရှီနန်မော့ သူ့ကို ခေါ်လိုက်သည့် အကြောင်းအရင်းကို နားမလည်သည့်အလား ရှီနန်မော့အား မိန်းမိန်းမောမော ကြည့်လိုက်သည်။
ရှီနန်မော့က မိုဝူကျိအား ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း တစ်လုံးချင်းစီ ပြောလိုက်သည် “ မျိုးနွယ် စုဝေးခန်းမဆီ ရောက်သွားရင် ဘာမှဝင်မပြောနဲ့နော် … တကယ်လို့ တစ်ယောက်ယောက်က ရှင့်ကို မေးလာရင်လည်း ရှင်က ကျန်တာတွေ မသိဘူး။ ကျမရဲ့ ခင်ပွန်းဆိုတာ ပြောရုံပဲ …. ”
“ အွန်း ” မိုဝူကျိက ဆက်မမေးတော့ဘဲ ပြန်ဖြေပေးလိုက်သည်။
………………
လျှပ်စီးဓားအိမ်တော်၏ မျိုးနွယ် စုဝေးခန်းမကား သိပ်မကြီးမားဘဲ ဆွေးနွေးခန်းနှင့် တူနေသေး၏။ ဤနေရာရှိ ပရိဘောဂများနှင့် အပြင်အဆင်က အလွန်ရိုးရှင်းကာ ကျောက်တိုင်များနှင့် ကျောက်ပြားများသာ သုံးထားလေ၏။
မျိုးနွယ်စုဝေးခန်းမ အလယ်၌ ရေကန်ကြီး တစ်ခု ရှိနေသည်။ မိုဝူကျိတွင် ဝိညာဉ်ကြော မရှိသည့်အတွက် သူ့အနေနှင့် သတ္တု၊ လေ၊ ရေ၊ မြေ၊ မီး၊ လျှပ်စီး၊ သစ်သားနှင့် ရေခဲ ဝိညာဉ်ကြောတို့နှင့် ပတ်သတ်၍ ကိုယ်တိုင် မကြုံဖူးပေ။ သို့သော်လည်း သူက လျှပ်စီး သဘာဝ လျိုု့ဝှက်တိုက်ကွက်ကို လေ့ကျင့်သည့်အတွက် ခန်းမအလယ်ရှိ ရေကန်မှာ လျှပ်စီးရေကန် ဖြစ်ကြောင်း ပြောနိုင်ပေသည်။ အကြောင်းမှာ ထိုအတွင်းမှ လျှပ်စီးစွမ်းအားများ ပေါကြွယ်ဝနေလေ၏။
ရှီကျွင့်နှင့် မိုဝူကျိတို့ နှစ်ယောက်တည်းသာ ရှီနန်မော့နောက်မှ လိုက်ပါလာကြ၏။ ရှီကျွင့်သည် လျှပ်စီးဓားအိမ်တော်၏ အကြီးအကဲ ဖြစ်သည့်အတွက် သူမသည် စုဝေးခန်းမအတွင်း ဝင်ဖို့ရာ အရည်အချင်း ပြည့်မှီပေသည်။ မိုဝူကျိက ရှီနန်မော့၏ ခင်ပွန်း ဖြစ်သည့်အတွက် သူသည်လည်း ဝင်နိုင်ပေသည်။ ချင်းဟွာနှင့် ရွင်းကျိတို့မှာ အပြင်ဘက်၌သာ စောင့်နေရလေ၏။
ရှီနန်မော့က ဘာမှ လောကွတ်ချော်မနေတော့ဘဲ မျိုးနွယ်စု ခေါင်းဆောင်နေရာသို့ တန်းသွားလိုက်သည်။ ရှီကျွင့်က သူမ လက်ယာဘက်တွင် ထိုင်လိုက်ပြီး မိုဝူကျိက ဘယ်ဘက်၌ ထိုင်လိုက်သည်။
သုံးယောက်လုံး နေရာယူပြီးသည့်နောက်တွင် ခန်းမအတွင်းသို့ လူအတန်းလိုက် ဝင်လာကြသည်။ မိုဝူကျိက ကျင့်ကြံဆင့် နိမ့်နေကာ ထုံထုံထိုင်းထိုင်း ဟန်ဆောင်နေရသော်လည်း ဝင်လာသည့် အားလုံးတစ်ယောက်ချင်းစီမှာ ကျင့်ကြံဆင့် မနိမ့်ကျဘဲ သူ့ထက် များစွာ အားကောင်းကြကြောင်း ပြောနိုင်ပေသည်။
အမွေးတိုင်တစ်ဝက်စာအတွင်း သာမာန်အရွယ်အစားရှိသည့် မျိုးနွယ်စုဝေးခန်းမကား အပြည့် ဖြစ်သွားတော့သည်။
“မမလေး ကျုပ်တို့တွေ အိမ်တော်သခင် ရာထူးကို မဆုံးဖြတ်ရသေးတော့ အဲဒီ ထိုင်ခုံကို အလွတ်ထားသင့်တယ် မဟုတ်ဘူးလား ” အားလုံး နေရာယူပြီးနောက် တစ်စုံတစ်ယောက် ဝင်ပြောလိုက်သည်။
ပြောလိုက်သူမှာ မုတ်ဆိတ်မွေး မရှိသည့် အကြီးအကဲ တစ်ဦး ဖြစ်ကာ သူ ဆိုလိုသည်က ရှီနန်မော့အနေနှင့် ယခု ထိုင်ခုံပေါ်တွင် မထိုင်သင့်ကြောင်း ဖြစ်၏။
***