← Chapters

မင်းလည်း နောက်ဆုံးမှာ သေရမယ်

Vol. 64 Ch. 885

မင်းလည်း နောက်ဆုံးမှာ သေရမယ်

Vol. 64 Ch. 885

ရှီနန်မော့က ထရပ်လိုက်ပြီး အစိမ်းရောင် အမှတ်အသားပြားကို သူမ ရှေ့ရှိ စားပွဲပေါ်သို့ ဗန်းခနဲ ရိုက်ချလိုက်ကာ  “ ဒါက ကျမ အဖေ ချန်ထားခဲ့တဲ့ လျှပ်စီးဓားအိမ်တော်သခင်ရဲ့ အမှတ်အသားပြားပဲ …. ဒီအမှတ်အသားပြားနဲ့တောင် ဒီနေရာကို ထိုင်ခွင့် မပြုဘူးလား ”

မုတ်ဆိတ်မွေးမရှိသည့် အကြီးအကဲ ပြန်ပြောနေသည်ကို မစောင့်ဘဲ လူလတ်အရွယ်နှင့် တူသော အမျိုးသားတစ်ဦးက ထကာ “ နန်မော့ … ဒီထိုင်ခုံက မင်းအပိုင်ဆိုတော့ မင်းထိုင်လို့ ဘာမှမဖြစ်ပါဘူး ”

ရှီနန်မော့က ထိုစကားကို ကြားသောအခါ သူမက နီမြန်းနေသော မျက်ဝန်းများဖြင့် ထိုလူလတ်အရွယ် အမျိုးသားအာ ဦးညွှတ်လိုက်ပြီးနောက် ပြန်ထိုင်လိုက်သည်။

မုတ်ဆိတ်မရှိသည့် အကြီးအကဲက  ထိုလူလတ်အရွယ် အမျိုးသား၏ စကားကို ကြားလိုက်ပြီးနောက် ဆက်လက် မငြင်းဆန်တော့ပေ။

မိုဝူကျိလည်း သက်ပြင်းသာ ချလိုက်တော့သည်။ ရှီနန်မော့အတွက် မည်မျှ ခက်ခဲလိုက်မည်နည်း။ နောက်ဆုံးတွင် သူမအတွက် ကူပြောပေးမည့် လူတစ်ဦး ရှိလာလေပြီ။ ထို့အပြင် ထိုအကြီးအကဲက ရှီပါ့ရန်ထက် အားနည်းမည့်ပုံ မပေါ်ပေ။

ရှီပါ့ရန်က ထရပ်လိုက်ပြီးနောက် အသံကြည်ကြည်လင်လင်ဖြင့် ပြောလိုက်သည်  “ လွန်ခဲ့တဲ့ လပိုင်းလေးတုန်းက မမလေး နန်မော့က လျှပ်စီးဓားအိမ်တော်ကနေ ထွက်သွားခဲ့တယ်။ အိမ်တော်မှာ တာဝန်ယူပေးမဲ့ အိမ်တော်သခင် မရှိခဲ့ဘူး။ အဲဒါကြောင့် ကျုပ်တို့က ရှီစွေ့ကို ယာယီအိမ်တော်သခင် ဖြစ်လာဖို့ ရွေးချယ်ခဲ့ကြတာပါ ”

ရှီနန်မော့အတွက် ဝင်ပြောပေးခဲ့သည့် လူလတ်အရွယ် အကြီးအကဲက ဝင်ပြောလိုက်ပြန်သည်  “ အကြီးအအကဲ ပါ့ရန် … စုရှီက လျှပ်စီးဓားအိမ်တော်က ဧည့်သည်အချို့လောက်နဲ့ တွေ့ပြီး ဖြေရှင်းဖို့ပဲ ရွေးချယ်ခံရတာပါ။ ယာယီအိမ်တော်သခင် အဖြစ် သတ်မှတ်လို့တောင် မရသေးပါဘူး ”

ရှီပါ့ရန်က ရယ်မောကာ  “ သူကို ယာယီအိမ်တော်သခင် အဖြစ် ယူဆလို့ရတာ၊ မရတာက အရေးမကြီးတော့ပါဘူး။ အခု မမလေး ပြန်ရောက်လာပြီဆိုတော့ အိမ်တော်သခင် အသစ်ကို ရွေးချယ်ကြတာပေါ့။ အရင် အိမ်တော်သခင်ဟောင်း လျှပ်စီးဓားအိမ်တော်ကနေ ထွက်သွားတုန်းက သူ့နေရာကို အမွေဆက်ခံမဲ့သူကို မရွေးချယ်ခဲ့ဘူး။ ကျုပ်တို့အတွက် ကံကောင်းတာက အိမ်တော်သခင်ဟောင်း ပြန်ရောက်မလာပေမဲ့ သူက သူ့သွေးမျိုးဆက် နှစ်ယောက် ဖြစ်တဲ့ နန်မော့နဲ့ ရှီစွေ့ကို ချန်ထားပေးခဲ့တယ် … ”

“ အကြီးအကဲ ပါ့ရန် … ကျမ အဖေ မကြာခင် ပြန်ရောက်လာနိုင်တာပဲလေ။ ရှင်က မဟုတ်တာတွေ လျှောက်ပြောမနေသင့်ဘူး ” ရှီနန်မော့၏ အေးစက်စက် အသံက ရှီပါ့ရန်၏ စကားကို ဖြတ်ပြောလိုက်၏။

“ အကြီးအကဲတို့ … မမလေး နန်မော့က နောက်အိမ်တော်သခင် ဖြစ်သင့်ပါတယ်။ ကျမက စွေ့အာရဲ့ အဖေကို စိတ်ပျက်စေမိပြီ …. ကျမ … အဟင့်ဟင့်” အားနည်းချိနှဲ့နေသည့် အမျိုးသမီး လေသံ ထွက်ပေါ်လာကာ သူမ စကားမဆုံးခင် အားလုံးရှေ့မှောက်၌ စတင် ငိုရှိုက်တော့သည်။

မိုဝူကျိက ထိုအမျိုးသမီးကို မြင်လိုက်သည့်အခါ သူ့စိတ်ထဲ၌ သူမ အလှတရားကို ချီးကျူးမိလိုက်၏။ သူမက အင်မတန် ချောမောလှသည့် မျက်နှာကို ပိုင်ဆိုင်ထားရုံသာမက အင်မတန် နူးညံ့သည့် အသားရည်လည်း ရှိပေသည်။

ထိုအမျိုးသမီးဘေးတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦး ပါရှိ၏။ ထိုအမျိုးသားက ငယ်ရွယ်ကာ မှုန်မှိုင်းမှိုင်း မျက်လုံးမှေးမှေးများနှင့် ရုပ်ဆိုးပေသည်။ အမျိုးသမီး ဖြစ်သူက ခေါင်းငုံ့ထားပြီး  ကြည့်ရသည်မှာ ကိုယ်ဝန်ဆောင်ထားရဟန် ပေါ်နေ၏။

“  မရီးရေ … နင် ဒီကိစ္စကို အာရုံစိုက်ဖို့ မလိုပါဘူး။ ဘယ်လိုဖြစ်ဖြစ် နင်က သခင်လေးကို အရွယ်ရောက်တဲ့အထိ တိတ်တဆိတ် ကျွေးမွေးပြုစုပျိုးထောင်လာရတာကိုက ခက်ခဲနေလှပြီ ….” မုတ်ဆိတ်မရှိသည့် အကြီးအကဲက သက်ပြင်းချကာ ထိုငိုယိုနေသည့် အမျိုးသမီးအား နှစ်သိမ့်ပေးလိုက်၏။

ရှီနန်မော့က ဒေါသထွက်လွန်း၍ အနည်းငယ် တုန်တုန်ယင်ယင် ဖြစ်လာမိသည်။ သူမက ထိုအမျိုးသမီးမှာ သူမ ဖခင်နှင့် ပတ်သတ်မှု မရှိကြောင်း သိထားသော်လည်း သူမအနေနှင့် သက်သေ မပြနိုင်ပေ။

ရှီနန်မော့ ဘေးတွင် ရပ်နေသည့် ရှီကျွင့်က ဝင်ပြောလိုက်သည်  “ သူ့လိုမျိုး အကောင်စုတ်က လျှပ်စီးဓားအိမ်တော်သခင် ရာထူးအတွက် ထိုက်တန်တယ်ပေါ့”

“ ဘယ်သူလို အကောင်စုတ်လို့ ခေါ်နေတာလဲ ” မျက်လုံးမှေးမှေး လူငယ်က ရုတ်တရက် ထကာ ဒေါသတကြီး တုံ့ပြန်လိုက်လေ၏။

ရှီပါ့ရန်က ခက်ထန်သည့်ပုံစံဖြင့်  “ အကြီးအကဲကျွင့် … သခင်လေးစွေ့က ရှီမျိုးနွယ် သွေးစစ်ဆေးမှုကို လွန်ခဲ့တဲ့ တစ်လကတည်းက စစ်ဆေးပြီးသွားပါပြီ။ ရလဒ်က သူက သခင်ကြီးရဲ့ သားဖြစ်ကြောင်း ထွက်လာပါတယ်။ လျှပ်စီးဓားအိမ်တော်ရဲ့ အိမ်တော်သခင်က ယောက်ျားမိန်းမ မရွေး ဖြစ်ခွင့် ရှိပေမဲ့ အားလုံးက ရှီစွေ့က ပိုသင့်တော်တာကို သိကြပါတယ်။ ကျုပ်က နန်မော့ကို အိမ်တော်သခင် ဖြစ်စေချင်ပေမဲ့လည်း ရှီစွေ့က ပိုသင့်တော်နေတဲ့ အချက်ကိုတော့ လိမ်ညာလို့ မရဘူးလေ ”

မိုဝူကျိက ရှီပါ့ရန်အား ကြည့်လိုက်ပြီး ရှီပါ့ရန်လိုမျိုး လူသားတစ်ယောက်အနေနဲ့ ဆိုးရွားသည့် အရည်အချင်းမျိုး ရှိနေသေးကြောင်း သုံးသပ်မိလိုက်၏။

“ ဒေါ်လေးကျွင့် … တခြားဘာမှပြောနေစရာ မလိုတော့ဘူး။ ဒီလိုဆိုမှတော့ အိမ်တော်သခင် ရွေးချယ်ပွဲကို ဆက်လုပ်ကြတာပေါ့ ” ရှီနန်မော့က တည်ငြိမ်စွာ ပြောလိုက်သော်လည်း သူမ စိတ်နှလုံး၌ အကြောက်တရားဖြင့် တုန်လှုပ်နေမိသည်။

အကြောင်းမှာ ဖန်စွေ့သည် သူမ ဖခင်၏ သားမဟုတ်ကြောင်း သိထားသော်လည်း ရှီပါ့ရန်က ရှီမျိုးနွယ်၏ သွေးဆက် ဖြစ်ကြောင်း ပြောထွက်လာလေရာ အကြီးအကဲ ရှီရိပေါ်ပင် ဘာမှကန့်ကွက်မှု မပြောပေ။ ထိုသည်က ရှီပါ့ရန်၏ စစ်ဆေးမှုမှာ မှန်ကန်နေကြောင်း ပြသနေခြင်း ဖြစ်၏။

“ နန်မော့ … အိမ်တော်သခင်ရာထူးက … ”

ရှီပါ့ရန်က ဆက်မပြောနိုင်ခင် ရှီနန်မော့က မိုဝူကျိ လက်ကို မြှောက်ကာ  “ အားလုံးကို မိတ်ဆက်ပေးပါရစေ။ ဒါက ကျမရဲ့ ခင်ပွန်း မိုဝူကျိပါ။ သူက နောင်ကျ ကျမတို့ရဲ့ လျှပ်စီးဓားအိမ်တော်ရဲ့ လူ ဖြစ်လာလိမ့်မယ်။ အကြောင်းအရင်းတချို့ကြောင့် သူ့ဦးနှောက်က တုန်လှုပ်မှုတစ်ခုကို ကြုံတွေ့ခဲ့ရပေမဲ့ သူက ကျမအပေါ်ကိုရော၊ လျှပ်စီးဓားအိမ်တော်အကြောင်းကိုရော စိတ်ဝင်စားပါတယ် … ”

“နန်မော့ …” ရှီနန်မော့က မိုဝူကျိအား ခင်ပွန်း ဖြစ်ကြောင်း ထုတ်ပြောလိုက်သည့်အခါ လူလတ်အရွယ် အမျိုးသားမျက်ဝန်း၌ ဒေါသများ မရှိတော့ပေ။

မုတ်ဆိတ်မရှိသည့် အကြီးအကဲက နောက်တစ်ဖန် ထရပ်ကာ  “နန်မော့ ….မင်း ဒေါသထွက်တာကို နားလည်ပါတယ်။ ဒါပေမဲ့ မျိုးနွယ်စုဝေးခန်းမထဲ ဝင်ဖို့က မျိုးနွယ်စုရဲ့ စုဝေးခန်းမအလယ်က လျှပ်စီးရေကန်ကို ခံနိုင်ရည် ရှိရမယ် မဟုတ်ဘူးလား။ မဟုတ်ရင် သွေးမျိုးဆက် ဖြစ်နေရင်တောင် ဒီနေရာကို ဝင်ဖို့ အရည်အချင်း မပြည့်မှီဘူး ”

“ အကြီးအကဲ ရှီတီ … ဘာကို ပြောချင်တာလဲ ” ရှီနန်မော့၏ မျက်နှာက ဖြူဖျော့သွားလေ၏။ မိုဝူကျိ၏ ဝိညာဉ်ကြောက ပျက်စီးနေသည့်အကြောင်းကို ထည့်မပြောလျှင်ပင် သူ့ဝိညာဉ်ကြောများ အကောင်းတိုင်း ရှိနေလျှင်ပင် လျှပ်စီးရေကန်ထဲ ဆင်းနိုင်မည် မဟုတ်ပေ။

ဤလူနာမည်မှာ ရှီတီ ဖြစ်၏။ မိုဝူကျိက မုတ်ဆိတ်မရှိသည့် အကြီးအကဲသည် ဖန်စွေ့အတွက် အလုပ်လုပ်ပေးနေမှန်း မှန်းဆမိလိုက်သည်။ နောက်ဆုံးတွင် ထိုလျှပ်စီးရေကန်၏ ရည်ရွယ်ချက်ကိုလည်း နားလည်သဘောပေါက်သွားလေ၏။

“ ကျုပ် ဆိုလိုတာက သူ့ကိုယ်သူ လျှပ်စီးရေကန်ထဲ မဝင်နိုင်ရင် ကျုပ်တို့ရဲ့ လျှပ်စီးဓားအိမ်တော်ရဲ့ ဦးရီးတော် ဖြစ်ဖို့ အရည်အချင်း မပြည့်မှီဘူးလို့ ပြောနေတာပဲ ” ရှီတီက အေးစက်စက် ပြောလိုက်သည်။

မိုဝူကျိက ထိုလျှပ်စီးရေကန်သည် မည်မျှ အားပြင်းကြောင်း မသိသော်လည်း သူ့အနေနှင့် တောင့်ခံနိုင်မည်မှန်း သေချာသိနေသည်။ သို့သော်လည်း ဤသို့ အချိန်မျိုး၌ သူက ဝင်ဆင်းနိုင်ကြောင်း သေချာပေါက် ဝင်ပြောမည် မဟုတ်ပေ။

“ အစ်ကိုကြီးရိပေါ်ရဲ့ အမြင်ကရော …” ရှီကျွင့်က ရှီနန်မော့သည် ဆွံ့အနေကြောင်း မြင်၍ သူမက  လူလတ်အရွယ် အကြီးအကဲကို ကြည့်ကာ မေးလိုက်သည်။

ရှီရိပေါ်က ဖြည်းဖြည်းချင်း ပြောလိုက်လေ၏  “ ဒီနေရာမှာ လျှပ်စီးဓားအိမ်တော်ရဲ့ အဖွဲ့ဝင်တွေချည်းပဲလေ။ လွန်ခဲ့တဲ့ တစ်လလောက်က ရှီစွေ့ရဲ့ ဇနီးက သူ့မကိုယ်သူမက ဒီလျှပ်စီးရေကန်ထဲ မဝင်နိုင်ခဲ့ဘူး။ သူမက ငါတို့ရဲ့ လျှပ်စီးဓားအိမ်တော် ကျင့်စဉ်ကို ကျင့်ပြီးတော့ ဝင်နိုင်သွားတယ်။ ဦးရီးတော်ကိုလည်း မစမ်းသပ်ခင် အဲဒီကျင့်စဉ် ကျင့်ကြံခိုင်းပြီးတော့ လအနည်းငယ်လောက် အချိန်ပေးလိုက်ရင် မကောင်းဘူးလား ”

“ ကျုပ် သဘောတူတယ် ” ရှီပါ့ရန်က ချက်ချင်း ပြောလိုက်သည်။

ရှီနန်မော့အား ဆန့်ကျင့်နေသည့် မုတ်ဆိတ်မရှိသည့် အကြီးအကဲပင် ခေါင်းညိတ်ပြကာ  “ ကျုပ်လည်း သဘောတူတယ်။ ရှီနန်မော့က အိမ်တော်သခင်ရဲ့ သမီးဆိုတော့ ညီတူညီမျှ အခွင့်အရေး ပေးသင့်တယ် ”

ရှီနန်မော့၏ မျက်နှာက ပို၍ ဖြူဖျော့လာသော်လည်း ရှီရိပေါ်အား အပြစ်မတင်နိုင်ပေ။ မိုဝူကျိတွင် ပျက်စီးနေသော ဝိညာဉ်ကြောနှင့် ကမ္ဘာဦး စိတ်ဝိညာဉ်သာ ရှိကြောင်းကို ရှီပါ့ရန်သာ သိထားပြီး ရှီရိပေါ်က သိမည် မဟုတ်ပေ။ အကယ်၍ ရှီရိပေါ် သိနေလျှင် ဤသို့ အကြံပြုမည် မဟုတ်ပေ။

ရှီရိပေါ်က ရှီနန်မော့၏ မျက်နှာကို မြင်လိုက်သောအခါ သူ ပြောလိုက်သည့်စကားက ပိုဆိုးသွားစေကြောင်း သိလိုက်မိသည်။

“ ဦးလေး ရိပေါ်ကို ကျေးဇူးတင်ပါတယ်။ နန်မော့က အိမ်တော်သခင်ရာထူးကို လက်လျော့ပြီးတော့ လျှပ်စီးဓားအိမ်တော်ကနေ ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပါပြီ ” ရှီနန်မော့က ထရပ်ကာ ပြောလိုက်သည်။

အစပိုင်းတွင် သူမတွင် ခင်ပွန်း ရှိလာသည်နှင့် ပြဿနာ မရှိတော့ကြောင်း တွေးမိထားသော်လည်း ကိစ္စများက သူမ မျှော်လင့်ထားသလို ဖြစ်မလာပေ။

မိုဝူကျိလည်း မြန်မြန် ထရပ်လိုက်သည်။ သူလည်း ဤနေရာမှ တတ်နိုင်သမျှ မြန်မြန် ထွက်သွားချင်နေမိသည်။

“မမလေး … လျှပ်စီးဓားအိမ်တော်က မမလေးရဲ့ အိမ်ပါပဲ။ မမလေး ထွက်သွားမှာကို တကယ် မလိုလားပါဘူး။ ပြီးတော့ နတ်ဘုရားနယ်မြေက အကြီးကြီးလေ။ ဘယ်လိုများ ရှာ ….” ရှီတီ၏ လေသံတွင် ဝမ်းနည်းသည့် အရိပ်အယောင်များ ပါဝင်နေလေ၏။

“ ဂရုစိုက်ပေးတာကို ကျေးဇူးပဲ … ဒါပေမဲ့ ကျမ ဘယ်နေရာကို သွားမယ်ဆိုတာကို စိတ်ပူနေဖို့ မလိုပါဘူး ” ရှီတီ စကားမဆုံးခင် ရှီနန်မော့က ဝင်ဖြတ်ပြောလိုက်သည်။

ရှီပါ့ရန်က သက်ပြင်းချကာ  “ အားလုံးက မမလေး ထွက်သွားတာကို အလိုမရှိပေမဲ့ မမလေး ထွက်သွားချင်တယ်ဆိုရင်တော့လည်း မမလေးရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ပါပဲလေ။ အိမ်တော်သခင်ဟောင်းရဲ့ လျှပ်စီးဓား အမှတ်အသားပြားက ကျုပ်တို့ လျှပ်စီးဓားအိမ်တော်ရဲ့ အမှတ်အသားဆိုတော့ မမလေး ယူသွားလို့ မရဘူး ”

“ ဒါက ကျမ အဖေ ချန်ထားပေးခဲ့တဲ့ ပစ္စည်းလေ။ ဘယ်သူကိုမှ မပေးနိုင်ဘူး ” ရှီနန်မော့က ဖြူဖျော့ဖျော့ မျက်နှာထားနှင့် ပြန်ပြောလိုက်သည်။ သူမ လက်များမှာ အကြောက်တရားဖြင့် တုန်ယင်နေလေ၏။

“ မှားနေပြီ။ အဲဒါက မမလေးအတွက် မဟုတ်ဘူး …. လျှပ်စီးဓားအိမ်တော်အတွက်ပဲ ” နောက်ထပ် အကြီးအကဲ တစ်ဦးက ထရပ်ကာ ပြောလိုက်ကြသည်။

“ ဟုတ်တယ်။ လျှပ်စီးဓား အမှတ်အသားပြားက မမလေး အပိုင် မဟုတ်ဘူး ” မျိုးနွယ်စုဝေးခန်းမအတွင်း တပည့်များကလည်း ကိုယ့်အမြင်ကို ဝင်ပြောကုန်ကြသည်။

ရှီနန်မော့က လျှပ်စီးဓား အမှတ်အသားပြားကို ဆုပ်ကိုင်ထားစဉ် မိုဝူကျိက စတင် စိုးရိမ်လာမိသည်။ သူက အန္တရာယ်ကို ခံစားမိလိုက်ပြီး သူသာ ရှီနန်မော့နောက်မှ လိုက်၍ ထွက်ခွာသွားလျှင် သူမနှင့်အတူတူ အသတ်ခံရမည် ဖြစ်ကြောင်း သိနေ၏။

“မင်းတို့တွေ အားလုံး မှားတယ်။ ဒီလျှပ်စီးဓား အမှတ်အသားပြားက မော့အာအတွက် သီးသန့် ချန်ထားပေးခဲ့တာ ” ခပ်ဩဩ  အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာပြီးနောက် အညိုရောင် ဝတ်ရုံနှင့် အမျိုးသားက လျှောက်လှမ်း ဝင်လာသည်။

“ အိမ်တော်သခင်ကြီးလား …. ”

“ အစ်ကိုကြီး …”

အညိုရောင် ဝတ်ရုံနှင့် အမျိုးသား ဝင်လာသည်နှင့် စုဝေးခန်းမအတွင်းရှိ အားလုံးက ကြောင်အမ်းကုန်ကြသည်။ ထို့နောက် အားလုံးက တအံ့တဩ မတ်တတ်ရပ်လိုက်ကြ၏။

“ ဖေဖေ …” ရှီနန်မော့က ငိုရင်း ပြေးသွားကာ ထိုအမျိုးသား၏ လက်မောင်းအတွင်း ပစ်ဝင်လိုက်သည်။

မိုဝူကျိက ရှီနန်မော့၏ ဖခင် ရှီကျင်းသည် ဤလို အချိန်မျိုး၌ ပေါ်လာလိမ့်မည်ဟု မထင်ထားပေ။ မည်သို့ပင် ဆိုစေကာမူ သူက အန္တရာယ်တစ်ခုမှ ကင်းလွတ်သွားလေပြီ။

“ အိမ်တော်သခင် မရှိတော့ ကျုပ်တို့ လျှပ်စီးဓားအိမ်တော်က ခေါင်းပြတ်နေတဲ့ ကြက်တွေလို ဖြစ်နေပါပြီဗျာ ” ရှီတီက တအံ့တဩ အမူအယာနှင့်အတူ ပြောလိုက်သော်လည်း သူ့ခန္ဓာကိုယ် လှုပ်ရှားမှုများက ကြောက်ရွံ့နေကြောင်း ဖော်ပြနေလေ၏။

“ ဟုတ်လား .. ဒါပေမဲ့ မင်းတို့တွေက ငါ့သမီးကို မောင်းထုတ်ဖို့ တက်ကြွနေကြတဲ့ပုံပဲ ….” ရှီကျင်း၏ စကားက အေးစက်စက် စွမ်းအားတစ်ခု သယ်ဆောင်လာကာ စကားပြောလိုက်သည်နှင့် လက်က လှုပ်ရှားပြီးသား ဖြစ်နေ၏။ ရှီနန်မော့အား ဆက်တိုက် ငြင်းခုန်လာသော အကြီးအကဲရှီတီမှာ သွေးမြူအဖြစ် ပြောင်းလဲသွားကာ ရုန်းကန်ဖို့ပင် အချိန်မရလိုက်ပေ။

မိုဝူကျိပင် နှလုံးခုန် မြန်မိသွားလေ၏။ အကြောင်းမှာ အင်အားခြား ကွာခြားချက်ကား အလွန်ကြောက်မက်ဖို့ ကောင်းလှပေသည်။ လျှပ်စီးဓားအိမ်တော်သခင်ကား အရမ်းကို အားကောင်းလွန်း၏။

“ အိမ်တော်သခင် … ရှီတီကလေ …” ရှီပါ့ရန်က ထိုစကားမျှသာ ပြောထွက်လိုက်ပြီး ရှီကျင်းက လက်ဝါးတစ်ချက် ပစ်လွှတ်လိုက်သည်။

ရှီပါ့ရန်မှာလည်း ခုခံဖို့ နည်းလမ်း မရှိဘဲ သွေးမြူအဖြစ် တန်းပြောင်းလဲသွားတော့သည်။ ရှီကျင်းက ဆက်ပြောလိုက်၏  “ ငါက နားကန်းနေတာလား။ မင်းတို့တွေ ငါ့သမီးကို ဘယ်လိုဆက်ဆံတယ်ဆိုတာကို မကြားဘူးများ ထင်နေတာလား ”

အကြီးအကဲ နှစ်ယောက်ကို သတ်ပြီးနောက် ရှီကျင်းက ဖန်လင်းအား အေးစက်စွာ စိုက်ကြည့်လိုက်ပြီး  “ ဖန်လင်း ငါမင်းကို ကယ်ထားပေးခဲ့ရက်နဲ့ မင်းရဲ့ သားက ဘယ်လိုလုပ် ငါ့သား ဖြစ်လာရတာလဲ။ ဒါတင် မကသေးဘူး။ ငါ့သမီးကို လျှပ်စီးဓားအိမ်တော်ကနေ မောင်းထုတ်ဖို့ ကြိုးစားရဲသေးတယ်ပေါ့လေ ”

ဖန်လင်း မျက်နှာမှာ ဖြူဖျော့သွားပြီး တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်လေ၏ “ ရှီကျင်း … ကျမနဲ့ ကျမသားကို မသတ်ပါဘူးလို့ ကတိဆိုထားတယ်လေ။ အခု ကတိကို ပြန်ဖျက်တော့မလို့လား ”

ရှီကျင်းက ပို၍ လေးနက်လာကာ ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဒေါသတကြီး ပြောလိုက်သည်  “ ထွက်သွား …. ဘယ်တော့မှ မင်းတို့ နှစ်ယောက်ကို ထပ်မတွေ့မိစေနဲ့ ”

ဖန်လင်းက ကတုန်ကယင် ဖြစ်နေသည့် ဖန်စွေ့အား ဆွဲကာ မြန်မြန် ထွက်သွားကြသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးကိုတော့ နှစ်ယောက်လုံးက လှည့်ပင် မကြည့်ကြချေ။

ရှီကျင်း၏ သတ်ဖြတ်မှုက မရပ်တန့်သွားပေ။ လက်ဟန် တစ်ခု ထုတ်ဖော်လိုက်သည်နှင့် သွေးမြူတစ်ခု ဖြစ်ပေါ်လာရ၏။ ခန်းမအတွင်းရှိ အားလုံးမှာ တိတ်ဆိတ်နေကြပြီး မည်သူကမှ ဝင်၍ မပြောရဲကြပေ။

လူဦးရေ တစ်ဝက်လောက် လျော့နည်းသွားပြီးနောက် ရှီကျင်းက သတ်ဖြတ်မှုအား ရပ်တန့်ကာ မိုဝူကျိအား ကြည့်လိုက်သည်  “ မင်းက ငါ့လျှပ်စီးဓားအိမ်တော်ရဲ့ ဦးရီးတော်အဖြစ် ဟန်ဆောင်ရဲမှတော့ တော်တော် သတ္တိကောင်းနေတယ်ပေါ့လေ။ မင်းလည်း သေရမယ် …. ”

သူ့စကားမဆုံးခင် လက်ဝါးချက်က မိုဝူကျိထံ ရောက်ရှိလာ၏။

***

All Chapters