← Chapters

ဉာဏ်ကောင်းလွန်းတဲ့ အမျိုးသမီး

Vol. 64 Ch. 887

ဉာဏ်ကောင်းလွန်းတဲ့ အမျိုးသမီး

Vol. 64 Ch. 887

“အာ ..” ထိုအမျိုးသမီးက မိုဝူကျိတစ်ယောက်  ရှီကျင်း၏ ကျင့်ကြံရေးဂူမှ ထွက်လာသည်ကို မြင်သောအခါ စကားတစ်လုံးသာ ရေရွတ်နိုင်လိုက်သည်။ သူမက သူ့ကို ဤနေရာတွင် တွေ့ရဖို့ မျှော်လင့်မထားသည့်ပုံ ပေါ်နေသည်။

မိုဝူကျိက ထိုအမျိုးသမီး၏ အံ့ဩထိတ်လန့်သွားသည့်ပုံကို မြင်ကာ ထိုအမျိုးသမီးသည် သူ့အား တမင်သပ်သပ် လာကယ်ခြင်း မဟုတ်ကြောင်း သိလိုက်သည်။ ဤအမျိုးသမီးက ရှီနန်မော့ထက် အတော်လေး လှပသော်လည်း သူမ၏ ကိုယ်ဝန်နှင့်အတူ ဒဏ်ရာများကြောင့် သူမ မျက်နှာမှာ အတော်‌လေး ဖြူဖျော့နေပြီး သူမဆီမှ ထွက်ပေါ်နေသော စွမ်းအားများက အစီအစဉ်မကျ ဖြစ်နေသည်။

“ ဘယ်လိုဖြစ်ဖြစ် ကျေးဇူးပါ …” မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ ပြောလိုက်လေ၏။ ထို့နောက် သူက ခြေတစ်လှမ်းလှမ်းကာ  စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်တော့သည်။

ရှီကျင်းက ထိုအမျိုးသမီးကို မသတ်လိုက်လျှင်ပင် သူမက ဤနေရာသို့ ဝင်လာခွင့် ရှိမည် မဟုတ်လောက်ပေ။ ဤအမျိုးသမီးက ဤနေရာသို့ ရောက်လာပြီ ဖြစ်၍ တစ်ခုခု ဖြစ်ပျက်သွားခဲ့ခြင်းသာ ဖြစ်ရမည်။

“ ခဏ …” ထိုအမျိုးသမီးက မိုဝူကျိ ထွက်သွားတော့မည်ကို ခံစားမိကာ မြန်မြန် ခေါ်လိုက်၏။

ထိုအမျိုးသမီးဆီမှ စကားမရလျှင်ပင် မိုဝူကျိက စောင့်နေဆဲ ဖြစ်၏။ သူ့စိတ်စွမ်းအားထဲ၌ လျှပ်စီးဓားအိမ်တော်မှာ အပျက်အစီးပုံ အဖြစ် ပြောင်းလဲသွားကြောင်း အာရုံခံမိလိုက်သည်။ မြေပေါ်တွင် လဲကျနေသော အလောင်းများအပြင် ဤနေရာမှာ ဧရာမ ငလျှင်ကြီး တစ်ခု ကြုံတွေ့ခဲ့ရသည့်အလား ပုံပေါ်နေသည်။

လျှပ်စီးဓားအိမ်တော်အပြင်ဘက်ရှိ စိမ်းစိမ်းစိုစို မြင်ကွင်းများမှာလည်း ကျတ်တီးနယ်မြေအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။ အရာအားလုံးမှာ လျှပ်စီးဓားအိမ်တော်သည် ကပ်ဘေးနှင့် ကြုံတွေ့ခဲ့ရကြောင်း ပြသနေ၏။

“ လျှပ်စီးဓားအိမ်တောက် ဘယ်လိုဖြစ်သွားတာလဲ ” မိုဝူကျိက ထိုအမျိုးသမီးအား စိုက်ကြည့်ရင်း မေးလိုက်သည်။

ထိုအမျိုးသမီး၏ ကျင့်ကြံဆင့်မှာ သူ့ထက် မြင့်သော်လည်း မိုဝူကျိက မကြောက်ပေ။

“ ကျမ ထင်တာ ရှင်က ….” မိုဝူကျိ အမူအယာနှင့် တည့်တိုးအပြောအဆိုကို ကြားပြီးနောက် သူမက မိုဝူကျိ၏ ယခင်အပြုအမူများမှာ ဟန်ဆောင်မှုတစ်ခုမျှသာ ဖြစ်ကြောင်း သိလိုက်သည်။

မိုဝူကျိက ထိုအမျိုးသမီး၏ တအံ့တဩ အမူအယာကို နားလည်သည့်အလား ပြောလိုက်၏  “ ကျုပ်က အရူး မဟုတ်ပါဘူး။ ဒါပေမဲ့ ကျုပ်ရဲ့ ဝိညာဉ်ကြောနဲ့ ဝိညာဉ်လမ်းကြောင်းတွေကတော့ တကယ် ပျက်စီးသွားပြီ … ”

“ အခု ကျမ နားလည်သွားပြီ။ ရှင်က ကျမလိုမျိုးပဲ။ ကွာခြားတာက ကျမကို အဲဒီခွေးကောင် ဖန်စွေ့နဲ့ သူ့အမေတို့က ဖမ်းထားပြီးတော့ ပိတ်လှောင်ထားတာ …. ရှီကျင်းက ရှင့်ကို တန်းသတ်လိမ့်မယ်လို့ ထင်ထားတာ။ အဲလို မလုပ်ဘဲ နေလိမ့်မယ်လို့ မထင်ထားမိဘူး ….” ထိုအမျိုးသမီးက မတ်တတ်ရပ်ဖို့ အနိုင်နိုင် ဖြစ်နေသည်။

မိုဝူကျိက သက်ပြင်းချကာ တိတ်ဆိတ်နေလိုက်လေ၏။ ဤအမျိုးသမီးက ခန့်မှန်းချက် တိကျလွန်းပေ၏။ ရှီကျင်းက ရှီရိပေါ်အား သူ့ကို သတ်ဖို့ရာ အမိန့်ပေးလိုက်ပေသည်။ အကယ်၍ သူ့အဆိပ်ဖြေလမ်းကြောင်းကြောင့်သာ မဟုတ်လျှင် သေနေလောက်လေပြီ။ ဤအမျိုးသမီးက ဤအစီအရင်အား ဖွင့်ရန် အမှတ်အသားပြားအား မတော်တဆ ရရှိလာခြင်းသာ ဖြစ်ရမည်။ လျှပ်စီးဓားအိမ်တော် ကပ်ဘေးအပြီးတွင် သူမက ရှီကျင်း ကျင့်ကြံခဲ့သော နေရာသို့  ထိပ်တန်းအဆင့် ရတနာ သို့မဟုတ် ပစ္စည်းများ ရှိနေနိုင်ကြောင်း တွေးမိ၍ ရောက်လာခြင်းသာ ဖြစ်ရမည်။

“ ကျမက ရှီရိပေါ်ရဲ့ သိုလှောင်လက်စွပ်ကို မတော်တဆ ရလိုက်တာနဲ့ ဒီကို လာပြီး ကုသဆေးလုံးတချို့ ရှိမလားလို့ လာရှာကြည့်တာပါ။ ရှင် ဒီမှာ အဆင်ပြေပြေ ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး ….” အမျိုးသမီးက မိုဝူကျိ၏ အတွေးကို နားလည်သည့်အလား သူမဘာသာ ရှင်းပြလိုက်သည်။

သူမက အမှန်တကယ် ဉာဏ်ကောင်းလှပေသည်။ မိုဝူကျိသည် သူမနှင့် ဆက်၍ မပတ်သတ်လိုတော့ပေ။ သို့သော် ထိုအမျိုးသမီးက သူ့အား ကယ်ပေးထားသောကြောင့် ပြောလိုက်ရသည်  “ ရှီရိပေါ်က မမလေး စိတ်ဆိုးမှာကို စိတ်ပူပြီးတော့ ကျုပ်ကို အသက်ရှင်ခွင့် ပေးထားတာပါ။ အထဲမှာ ရှိနေတုန်း ခင်ဗျားက လာဖွင့်ပေးလိမ့်မယ်လို့ တစ်ခါမှ မတွေးထားဖူးဘူး။ ဘာပြောပြော ခင်ဗျားက ကျုပ်အသက်ကို ကယ်ပေးလိုက်တာပါပဲ။ ဒါပေမဲ့ ကျုပ်က အခုထွက်သွားတော့မှာဆိုတော့ ကျုပ် အကူအညီ လိုနေတာများ ရှိလား … ”

“ ကျမက ဒဏ်ရာအပြင်းအထန် ရထားတာဆိုတော့ ကုသဆေးလုံးတချို့ ရှိမလားလို့ လာရှာရုံလေးပါ။ ကြည့်ရတာ ဘာမှရှိတဲ့ပုံ မပေါ်ဘူး ” ထိုအမျိုးသမီးက မိုဝူကျိသည် သိုလှောင်လက်စွပ်မျိုး ကိုင်ဆောင်ထားသည်ကို မတွေ့ပေ။ သူမ ဤနေရာကို ဖွင့်လိုက်စဉ်က အထဲတွင် ဘာမှရှိမနေပေ။ ဤဂူထဲ၌ ဘာမှရှိမနေသည်မှာ သိသာလှပေသည်။

မိုဝူကျိက အရိုးသားဆုံး ပြန်ဖြေလိုက်လေ၏  “ ကျုပ်ရဲ့ သိုလှောင်လက်စွပ်ကလည်း အခြားသူဆီ ပါသွားပြီ။ အထဲမှာလည်း ဘာမှမရှိဘူး ”

“ အဲဆို ရှင် ကျမကို နဝမဆင့်ကဲ့ခြင်း နတ်ဘုရားဂိုဏ်းကို ပို့ပေးလို့ ရမလား။ ရှင့်အတွက် ခက်ခဲမယ်ဆိုပေမဲ့ ကျမသာ နဝမ ဆင့်ကဲခြင်းနတ်ဘုရားဂိုဏ်းကို မသွားရင် ကျမ သေလိမ့်မယ်။ ဖန်စွေ့နဲ့ သူ့အမေတို့ရဲ့ လုပ်ကြံတာကို ခံရပြီးတော့ ဖန်စွေ့ အရိုက်အရာ ရတဲ့နေ့က ကျမအတွက် အဆုံးသတ်တဲ့နေ့ ဖြစ်လိမ့်မယ်။ ရှီကျင်းက ရုတ်တရက် ပြန်ရောက်လာပြီးတော့ ကျမကို သူတို့ဆီကနေ ကင်းလွှတ်ခွင့် ပေးခဲ့မယ်ဆိုတာကို ဘယ်သူ  သိမှာလဲ ….” ထိုအမျိုးသမီး၏ လေသံတွင် မျှော်လင့်ချက်များနှင့်အတူ စိတ်ဆန္ဒများ ပါဝင်နေလေ၏။

မိုဝူကျိက တကယ် ကူညီပေးချင်သော်လည်း ခေါင်းခါကာ  “ ကျုပ်က အရမ်းအားနည်းတာကို ခင်ဗျားလည်း သိမှာပါ။ ခင်ဗျားကို လျှပ်စီးဓားအိမ်တော်ကနေတော့ ခေါ်ထုတ်သွားနိုင်ပါတယ်။ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းကိုတော့ ကျုပ် တစ်ခါမှ မကြားဖူးတာကို အသာထားဦး …. ခင်ဗျားကို ခေါ်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ ”

အမျိုးသမီးက မိုဝူကျိသည် ကူညီပေးရန် ဆန္ဒရှိသော်လည်း လမ်းကြောင်းကို မသိ ဖြစ်နေမှန်း သတိပြုမိလိုက်သောကြောင့် မြန်မြန် ပြောလိုက်ရသည်  “ စီနီယာအစ်ကိုကြီးမို … နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းက နတ်ဘုရားနယ်မြေမှာ ဂိုဏ်းကြီးတစ်ခုလို့ ယူဆလို့ ရပါတယ်။ ကျမရဲ့ ဆရာက နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းရဲ့ တောင်သခင် တစ်ယောက်ပါ။ တကယ်လို့ ကျမကို ပြန်ခေါ်သွားပေးရင် နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းကို ဝင်လို့ ရဖို့ လုပ်ပေးနိုင်ပါတယ် …. ”

“ ဒါပေမဲ့ ကျုပ်ဆီမှာ ကမ္ဘာဦး စိတ်ဝိညာဉ်တောင် မကျန်တော့ဘူးလေ ” မိုဝူကျိက ပြန်ပြောလိုက်လေသည်။ မိုဝူကျိက သူမ၏ ရည်ရွယ်ချက်ကို နားလည်ဟန် မပေါ်ပေ။

အမျိုးသမီးက မိုဝူကျိသည် သူမ၏ ရည်ရွယ်ချက်ကို နားမလည်မှန်း သတိပြုမိ၍ ရှင်းပြလိုက်ရသည် “ စီနီယာအစ်ကိုကြီးမို … ရှင့်အတွက် ကမ္ဘာဦး စိတ်ဝိညာဉ်လည်း မရှိဘဲ ဝိညာဉ်ကြောလည်း ဖျက်စီးခံထားရတာဆိုတော့ မကျင့်ကြံနိုင်ရင် နတ်ဘုရားနယ်မြေမှာ တစ်ယောက်တည်း ရှိနေဖို့ အရမ်းကို အန္တရာယ်များတယ်။ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်း အပြင်စည်းတပည့် အဖြစ် ရအောင် ပြောပေးပါ့မယ်။ ကျမတို့ဂိုဏ်းရဲ့ အပြင်စည်းတပည့်တွေမှာ နေစရာလည်း ရှိတယ်။ ကျင့်ကြံရေး အရင်းအမြစ်တွေလည်း ရတယ်။ တကယ်လို့ ဆက်မကျင့်ကြံနိုင်တော့ရင်တောင် အနည်းဆုံးတော့ မိသားစုလေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေလို့ ရတာပေါ့ ….

ကျမတို့ ဂိုဏ်းကို ရောက်ရင် ရှင့်အနေနဲ့ လျှပ်စီးဓားအိမ်တော်မှာ လုပ်ခဲ့သလိုမျိုး သရုပ်ဆောင်နေဖို့ အကြံပေးပါရစေ။ အဲဒီအခါမှ ဘယ်သူကမှ ထုံထိုင်းနေတဲ့လူဆိုပြီး ပြိုင်ဖက်အဖြစ်လည်း မသတ်မှတ်သလို ဘယ်သူကိုမှ ရန်မစမိတော့ဘူး မလား ”

မိုဝူကျိက နတ်ဘုရားနယ်မြေနှင့် မရင်းနှီးသေးသည့်အတွက် ဖြာယောင်းခံလိုက်ရသည်။ အကယ်၍ သူသာ ဂိုဏ်းတစ်ခုကို ရှာပြီး ကိုယ်တိုင် ကျင့်ကြံနိုင်လျှင် မဆိုးလှပေ။ ဤအမျိုးသမီး၏ လိမ္မာပါးနပ်မှုက သူနှင့် ဘာဆိုင်မည်နည်း။ သူသာ ဂိုဏ်းကို ရောက်သည်နှင့် အပြင်စည်းတပည့် တစ်ယောက်မျှသာ ဖြစ်သောကြောင့် သူမ အသက်နှင့် ပတ်သတ်နေမည်လည်း မဟုတ်တော့ပေ။

ထိုအတွေးဖြင့် မိုဝူကျိက လက်နှစ်ဖက်ယှက်၍  “ ကျုပ် သဘောတူတယ်။ ဒါပေမဲ့ စီနီယာအစ်မ နာမည်လေး အခုထိ မသိရသေးဘူး။ စီနီယာအစ်မက ကျုပ်ထက် အများကြီး အားကောင်းပါတယ်။ ကျုပ်ကို စီနီယာအစ်ကိုအစား ဂျုနီယာမောင်လေးလို့ပဲ ခေါ်ပါ … ”

အမျိုးသမီးက စိတ်အားတက်ကြွစွာ ပြန်ဖြေလိုက်လေ၏  “ ကောင်းပါပြီ။ ကျမ နာမည်က လျူရုတင်းပါ။ ကျမဆရာက  နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းက ခရမ်းဖျော့တောင်သခင် ရှန်းဝေယန်ပါ။ လျှပ်စီးဓားအိမ်တော်သခင် ရှီကျင်းက အရမ်းအားကောင်းတဲ့သူကို ရန်စမိလို့ .. လွန်ခဲ့တဲ့ တစ်လောက်က ရှင့်ကို ဒီဆီ ပို့ထားတုန်း ရန်သူတွေ ရောက်လာကြတယ်။ ရှီနန်မော့အပြင် လျှပ်စီးဓားအိမ်တော်မှာ ရှိတဲ့ လူအားလုံး သေသွားပြီ …. ”

“ ရှီနန်မော့က အသက်ရှိနေသေးတာလား ” မိုဝူကျိက ရှီနန်မော့အား အမှန်တကယ် ကျေးဇူးတင်မိ၏။

ရှီနန်မော့က သူ့အား နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားမှ ခေါ်ထုတ်လာခဲ့ပြီး ရှီကျင်း၏ တိုက်ခိုက်မှုမှလည်း ကာကွယ်ပေးခဲ့သည်။ တမင် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် မိုဝူကျိက ရှီနန်မော့၏ အပြုအမူများကို ကျေးဇူးတင်မိပေသည်။

“ ဟုတ်တယ် … သူမလည်း ဒီမှာပဲ။ ကျမက ကျမအဖေ ပေးထားတဲ့ အဆောင်ကို သုံးပြီးတော့ ကိုယ့်ဘာသာ ဖုံးကွယ်နေနေတာ။ သူမကလည်း သူမ စွမ်းအားကို ဖုံးကွယ်ထားနိုင်တဲ့ ရတနာ သုံးတာကို မြင်လိုက်ရတယ် …..” လျူရုတင်းက ပြန်ဖြေလိုက်သည်။

မိုဝူကျိက အားနာစွာ ပြောလိုက်ရသည်  “ စီနီယာအစ်မလျူ …. ရှီနန်မော့က ကျုပ်အသက်ကို ကယ်ပေးထားတာ အစ်မလည်း သိမှာပါ။ အဲဒါကြောင့် သူမ ဘယ်နေရာမှာ ရှိနေလဲဆိုတာ ပြောပြပေးလို့ ရမလား။ ဒီတစ်ခါတော့ သူမအသက်ကို အချိန်မီ ကယ်နိုင်ဖို့ မျှော်လင့်မိတယ် …. ”

လျူရုတင်းက ပြုံးကာ  “ ဂျုနီယာမောင်လေးမို … သူမကို အစကတည်းက ကယ်ဖို့ အစီအစဉ် ရှိပါတယ်။ သူမရဲ့ လက်စွပ် မပါဘဲနဲ့ ကျမတို့တွေ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းကို ပြန်လို့ မရဘူးလေ …. ”

မိုဝူကျိက သက်ပြင်းချလိုက်မိသည်။ ဤအမျိုးသမီးက အစကတည်းက အရာအားလုံးကို ကောင်းကောင်း စီစဉ်ထားခြင်း ဖြစ်၏။ မိုဝူကျိက ဤသို့မျိုး ဉာဏ်များတတ်သည့် အမျိုးသမီးသည် ဖန်စွေ့လက်ထဲ မည်သို့ ကျရောက်သွားသည်ကို တွေးမိသွားသည်။ ထိုကြောင့် သူမသည်  အပျိုစင်ဘဝကို ဆုံးရှုံးလိုက်ရပြီး ကိုယ်ဝန်ပင် ရသွားခဲ့၏။

ရှီနန်မော့၏ နေရာမှာ မိုဝူကျိ နေရာနှင့် သိပ်မကွာလှပေ။ လျူရုတင်း၏  ဦးဆောင်မှုနှင့်အတူ  မိုဝူကျိက ပျက်စီးနေသည့် ကျောက်ပြားတစ်ခုကို မြင်လိုက်ရသည်။

“ အဲဒီ ကျောက်ပြားရဲ့ ညာဘက်မှာ …. ” လျူရုတင်းက ကျောက်ပြားကို လက်ညိုးထိုးပြလိုက်သည်။ သူမ၏ ဒဏ်ရာများဖြင့် လမ်းလျှောက်ဖို့ပင် အနိုင်နိုင် ဖြစ်နေလေရာ ဤကျောက်ပြားကြီးအား မနိုင်စွမ်း မရှိပေ။

နတ်ဘုရားလောက၏ ကျင့်ကြံသူ မဟုတ်သော်လည်း မိုဝူကျိက အားနည်းသည်ဟု ယူဆ၍ မရပေ။ သူက အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် ဖြစ်ပြီး ထူးခြားသော နောက်ပိုင်းအဆင့် အင်မော်တယ် ဧကရာဇ် ကျင့်ကြံသူ တစ်ဦး ဖြစ်ပေသည်။

လျူရုတင်း၏ လမ်းညွှန်မှုဖြင့် မိုဝူကျိက ဤကျောက်ပြားကြီးအား အလွယ်လေး ဖယ်ရှားနိုင်လိုက်သည်။  လျူရုတင်း ပြောသည့်အတိုင်း ရှီနန်မော့က မျက်လုံးပိတ်လျက်သား မိုဝူကျိရှေ့ ပေါ်လာသည်။

ရှီနန်မော့၏ တစ်ကိုယ်လုံးမှာ သွေးများနှင့် ပေပွနေပြီး စွမ်းအားများမှာလည်း ပြိုကွဲနေသည်။

လျူရုတင်းက ရှီနန်မော့၏ ဦးခေါင်းကို နှိပ်ပေးလိုက်သည့်အခါ ရှီနန်မော့က မျက်လုံးပြန်ဖွင့်လာလေ၏။ ထိုအခါ သူမ လျူရုတင်းနှင့် မိုဝူကျိတို့ကို မြင်လိုက်ရသည့်အတွက် ပျော်ရွှင်မိသွားသည်။

ရှီနန်မော့က အဖြစ်အပျက်ကို ရုတ်ချည်း ပြန်လည် အမှတ်ရသွားကာ မေးလိုက်လေ၏  “ ကျမ အဖေရော ”

လျူရုတင်းက သက်ပြင်းချကာ  “ လျှပ်စီးဓားအိမ်တော် တစ်ခုလုံး ပျောက်ကွယ်သွားပြီ။ ကျမတို့ သုံးယောက်ပဲ ကျန်တော့တယ်။ ကျမက နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းကပါ။ တကယ်လို့ စီနီယာအစ်မရှီသာ ကျမတို့နောက် လိုက်ချင်တယ်ဆိုရင် အတူတူ သွားလို့ရပါတယ်။ ကျမမှာ နတ်ဘုရားကျောက် လုံးဝ မရှိတော့ စီနီယာအစ်မရှီ လမ်းကြေး စိုက်ပေးထားဖို့ လိုလို့ပါ။ ကျမတို့တွေ ကျမဂိုဏ်းကို ပြန်ရောက်တဲ့အခါကျ စီနီယာအစ်မရှီ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းကို ဝင်လို့ ရစေရပါမယ် … ”

ရှီနန်မော့က စိတ်ပျက်လက်ပျက် အမူအယာ ပေါ်နေသော်လည်း မငိုလည်း မငိုသလို အကျိုးမရှိသည့်များလည်း ပြောမနေပေ။ သူမက မတ်တတ်ရပ်ကာ လျူရုတင်းအား ဦးညွှတ်လိုက်ပြီး  “ အခု ကျမမှာ အိမ်တောင် မရှိတော့ဘူး။ စီနီယာအစ်မလျူက ကျမကို ခေါ်သွားပေးမယ်ဆိုရင် ကျမအတွက် ကံကောင်းတာပါ။ စီနီယာအစ်မလျူက ကျမကို စီနီယာအစ်မလို့ ခေါ်ဖို့ မသင့်တော်ပါဘူး …. ”

သူမက ပြောလိုက်ရင်း နတ်ဘုရားကျောက်များ ထည့်ထားသည့် သိုလှောင်လက်စွပ်ကို လျူရုတင်းအား ပေးလိုက်လေ၏။

ကိစ္စများစွာ ကြုံတွေ့ပြီးနောက် ရှီနန်မော့သည် ဆက်လက် အသက်ရှင်ရဦးမည် ဖြစ်ကြောင်း နားလည်သည်။ ထို့အပြင် သူမ သတိမေ့မသွားခင် သူမ ဖခင် အကြိမ်များစွာ ထိုးစိုက်ခံလိုက်ရသည်ကို မြင်တွေ့လိုက်ရသေး၏။

လျူရုတင်းက ရှီနန်မော့အား သိုလှောင်လက်စွပ် ပြန်ပေးကာ  “ နန်မော့ … မင်းပဲ သိမ်းထားလိုက်ပါ။ ငါတို့တွေ သင်္ဘောပျံကြေးတို့၊ ကူးသန်းရေး အစီအရင် အခကြေးငွေတို့ လိုတဲ့အခါ ထုတ်ပေးဖို့ပဲ လိုတာပါ …. ”

“ ဟုတ်ပါပြီ ” ရှီနန်မော့က ခေါင်းညိတ်ကာ သိုလှောင်လက်စွပ်အား ပြန်သိမ်းထားလိုက်သည်။ အစကတည်းမှ အဆုံးထိ သူမက မိုဝူကျိ မည်သို့ အသက်ရှင်နေကြောင်း သို့မဟုတ် မည်သို့ ရောက်လာကြောင်းအား တစ်ခွန်းမှ မမေးခဲ့ပေ။ သူမက မိုဝူကျိသည် သူမ မေးခွန်းများကို ပြန်ဖြေရလောက်သည့်အထိ စိတ်အခြေအနေ မကောင်းသေးကြောင်း သိနေ၍ ဖြစ်သည်။

***

All Chapters