← Chapters

မင်းက ထိပ်တန်း ပါရမီရှင်တစ်ယောက်ပဲ

Vol. 64 Ch. 888

မင်းက ထိပ်တန်း ပါရမီရှင်တစ်ယောက်ပဲ

Vol. 64 Ch. 888

ဆယ်ရက်ကြာမြင့်ပြီးနောက် မိုဝူကျိက လျူရုတင်းအား နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းဆီ ပြန်ခေါ်သွားမည့် သူ့ဆုံးဖြတ်ချက်မှာ မည်မျှ ရယ်မောဖွယ် ကောင်းကြောင်း သတိပြုမိလိုက်သည်။ ဆယ်ရက်အတွင်း  သူတို့သုံးယောက်မှာ ကူးသန်းရေး အစီအရင် သုံးသည့်အခါတိုင်း နတ်ဘုရားကျောက် အရေအတွက် ပမာဏ အမြောက်အများကို ပေးဆောင်ရလေသည်။ ရှီနန်မော့ တစ်ယောက် နတ်ဘုရားကျောက်များ ထုတ်ပေးသည်ကို သူ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။

အကယ်၍ လျူရုတင်းသာ ရှီနန်မော့၏ ချမ်းသာမှုအား အသုံးမချလျှင် မိုဝူကျိအနေနှင့် သူမအား နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းဆီ ခေါ်သွားပေးနိုင်မည် မဟုတ်ပေ။

နေရာတစ်ခုမှ နေရာအသစ်ဆီ သွားလိုက်ပြီးနောက် ကူးသန်းရေး ဂိတ်တွင် ဖြစ်စေ၊ မြို့ကြီးများတွင် ဖြစ်စေ နတ်ဘုရားကျောက်များကို ဝင်ဖို့ရာ လွယ်ကူသည့် အလုပ် မဟုတ်ကြောင်း သိလိုက်၏။

ကူးသန်းရေး အစီအရင် အသုံးပြုဖို့ရာ နတ်ဘုရားအဆင့် ဝိညာဉ်ဆေးပင်များကို ရောင်းချ၍ ဝင်ငွေရှာနေရသော လူတစ်ယောက်အတွက်ပင် ထိုအရာကို အသုံးပြုနိုင်ဖို့ နှစ်များစွာ စုဆောင်းထားမှသာ ဖြစ်နိုင်လိမ့်မည်။ အချိန်တိုလေးအတွင်း သူ့အသိစိတ်ကျောက်များ စတင်ရောင်းချနိုင်သော်ငြား မိုဝူကျိက သူသာ ရောင်းချလိုက်လျှင် ကျောက်များ အလိုရှိနေသူများထံမှ တိုက်ခိုက်ခံရနိုင်ကြောင်း သိထား၏။

သူက လျူရုတင်းအား ပြန်လည်ပို့ဆောင်ပေးသည်ဟု ယူဆ၍ မရပေ။ သူက  လျူရုတင်းနှင့် ရှီနန်မော့တို့ နှစ်ယောက်လုံးအပေါ် အခွင့်ကောင်း ယူသလို ဖြစ်နေသည်။ လျူရုတင်းနှင့် ရှီနန်မော့တို့က နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းကို ခေါ်ဆောင်သွားကြသူများသာ ဖြစ်သည်။

မိုဝူကျိက လျူရုတင်းအား အဘယ်ကြောင့် သူ့ကိုပါ ခေါ်သွားလိုကြောင်း အမြဲတမ်း မေးချင်မိခဲ့သည်။ သူမအနေနှင့် ရှီနန်မော့ တစ်ယောက်တည်းကို ခေါ်သွားရုံဖြင့် ပြန်သွားနိုင်ပေသည်။ သူက ဖြည်းဖြည်းချင်းဖြင့် စိတ်ဆန္ဒကို မထိန်းချုပ်နိုင်တော့ပေ။ ပထမဦးစွာ သူက ရှီနန်မော့ရှေ့တွင် ထုံထိုင်းထိုင်း  လူတစ်ယောက်မျှသာ ဖြစ်ပြီး ဒုတိယအနေနှင့် လျူရုတင်းလိုမျိုး အကြံစည်ကြီးသည့် လူတစ်ယောက်က အဓိပ္ပါယ်မရှိသည့် အရာများနှင့် မလိုလားအပ်သည့်အရာများကို လုပ်မည် မဟုတ်ပေ။

သူမက သူ့ကို ခေါ်လာသည့်အတွက် တစ်ခုခု ကြံစည်ထားခြင်းသာ ဖြစ်ရမည်။

ရက်အတော်ကြာမြင့်ပြီးနောက် ဖြူဖျော့ဖျော့ လျူရုတင်းသည် ကျောက်စိမ်းတစ်ခုတည်းဖြင့် ထုထွင်းထားသည့် ရင်ပြင်ဆီ ရောက်ရှိလာလေ၏။

ထိုရင်ပြင်မှာ အတော်လေး ကျယ်ဝန်းသော်လည်း လူများနှင့် ရှုပ်ယှက်ခတ်နေသည်။

မိုဝူကျိက ရင်ပြင်ရှိ အားလုံးမှာ တစ်ခုခု စမ်းသပ်နေကြကြောင်း သတိပြုမိလိုက်သည်။ အားလုံးက တန်းစီလျက် ရှိပြီး တန်းစီနေသည့် လူတန်းက တစ်တန်းမျှ မကပေ။

လျူရုတင်းက ဓားပျံတစ်ချောင်းကို ထုတ်ကာ ပစ်လွှင့်လိုက်လေ၏။ အသက်ရှိုက်စာအနည်းငယ်ကြာပြီးနောက် သူတို့သုံးယောက်ရှေ့ လူတစ်ယောက် ရောက်ရှိလာသည်။

“ စီနီယာအစ်မ ရုတင်း … ဘယ်လိုတွေ ဖြစ်လာရတာလဲဗျာ …” ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်လေးက မေးလိုက်လေ၏။ သူက ရုပ်ရည်အရမ်းကြည့်ကောင်းကြောင်း သိသာလှသည်။ သူ့လေသံတွင် စိုးရိမ်မှုများ ပါဝင်နေလေ၏။

လျူရုတင်းက အသက်ကို မနည်းရှုကာ  “ဂျုနီယာမောင်လေး ရှင်းထန် … သူတို့နှစ်ယောက် ငါ့ကို ဒီနေရာ ပြန်ပို့ပေးခဲ့ကြတာပါ။ သူတို့အတွက် ဂိုဏ်းထဲမှာ နေရာလေး စီစဉ်ပေးလိုက်ပါဦး။ အပြင်စည်းတပည့်ဆိုရင် အဆင်ပြေပါတယ်။ အခု ငါ့ခန္ဓာကိုယ်က ပြဿနာ နည်းနည်း ရှိနေလို့ အခု ဆရာကို သွားတွေ့မှ ဖြစ်တော့မယ် … ”

“ စီနီယာအစ်မ စိတ်ချနေပါ။ ကျုပ် လိုအပ်တာတွေ အားလုံးကို စီစဉ်ပေးလိုက်ပါ့မယ် ” ခရမ်းဝတ် လူငယ်လေးက ပြုံးလျက် ယုံကြည်ချက်ရှိရှိ ဖြေလိုက်သည်။

“ ဂျုနီယာမောင်လေး ရှင်းထန်ကို ကျေးဇူးပါကွယ် …” လျူရုတင်းက သူ့အား ကျေးဇူးတင်ပြီးနောက် မိုဝူကျိနှင့် ရှီနန်မော့ထံ လှည့်ကာ  “ ကျမကို ပြန်ပို့ပေးတဲ့အတွက် ကျေးဇူးပါ။ ဒါပေမဲ့ အခု ဆရာကို အရင်ဆုံး သွားတွေ့ရမှာမလို့ နောက်မှ သေချာ ကျေးဇူးတင်ပါ့မယ်နော် … ”

ထိုသို့ပြောပြီးနောက် လျူရုတင်းက မြန်မြန် ထွက်သွားလေတော့သည်။ သိပ်မကြာခင် သူမက လုံးဝ ပျောက်ကွယ်သွားလေ၏။

လျူရုတင်း ထွက်သွားပြီးနောက် ခရမ်းဝတ် လူငယ်လေး၏ အပြုံးက ပျောက်ကွယ်သွားလေပြီ။ သူက မိုဝူကျိနှင့် ရှီနန်မော့တို့အား ခေါင်းညိတ်ပြကာ  “ ကျုပ်နာမည်က လုရှင်းထန်ပါ။ ကျုပ်က ကျုပ်ရဲ့ စီနီယာအစ်မကို အရမ်းလေးစားပါတယ်။ ကျုပ်ရဲ့ စီနီယာအစ်မကိစ္စက ကျုပ်ကိစ္စပါပဲ။ နှစ်ယောက်လုံးက အခက်အခဲတွေ ကျော်ပြီး ကျုပ်အစ်မကို ပြန်ပို့ပေးတာဆိုတော့ ခင်ဗျားတို့တွေ  ဘာတောင်းဆိုစရာ ရှိလဲ သိပါရစေ … ”

မိုဝူကျိက ထိုအရာနှင့် ပတ်သတ်ပြီး ခံစားချက်ဆိုးဆိုး ရနေမိသည်။ အစောလေးက လျူရုတင်းသည် လုရှင်းထန်အား  သူနှင့် ရှီနန်မော့တို့ကို အပြင်စည်းတပည့်အဖြစ် လက်ခံပေးဖို့ရာ ညွှန်ကြားထားသည် မဟုတ်ပါလော။

ယခု လုရှင်းထန်၏ စကားများက ဘာအဓိပ္ပါယ်လဲ ….

ရှီနန်မော့က တစ်ခုခု လွဲမှားနေကြောင်း ခံစားမိ၍ တည့်တိုး မေးမည့်အစား သူမက ရင်ပြင်ပေါ်မှ လူအုပ်ကြီးကို ညွှန်ပြကာ ပြောလိုက်သည်  “ စီနီယာအစ်ကိုလု … ဒီလူတွေက ဘာကြောင့် စုစည်းနေကြတာလဲ ”

လုရှင်းထန်က အသာပြောလိုက်လေ၏  “ ဂိုဏ်းကြီးတွေက တပည့် ရွေးချယ်တာရယ်၊ လက်ခံတာရယ် လုပ်နေတာလေ။ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းလည်း အဲဒီမှာ ရှိတယ်။ တကယ်လို့ မင်းတို့ နှစ်ယောက်သာ ရက်စောစော ရောက်လာရင် မင်းတို့ကို အစေခံတပည့်အနေနဲ့ ထည့်ပေးလို့ ရဦးမှာ … အခုတော့ ဂိုဏ်းတွေက တပည့်တွေကို လက်ခံနေပြီဆိုတော့ နာမည်စာရင်းပေါ်က လူတိုင်းကို အနီးကပ် စစ်ဆေးနေကြတာ ….  ”

မိုဝူကျိ၏ စိတ်ထဲ လေးလံမိသွားသည်။ သူက အစေခံတပည့် အဆင့်အတန်းပင် မရနိင်တော့လေရာ ဤနေရာ၌ ဘာများ လုပ်နေရမည်နည်း။

တစ်ချိန်တည်းဆိုသလို မိုဝူကျိက ဤသည်မှာ  နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်း၏ တည်နေရာ မဟုတ်ကြောင်းကိုလည်း နားလည်သွားသည်။

ရှီနန်မော့က မြန်မြန် ဦးညွှတ်ကာ  “ စီနီယာအစ်ကိုလု … ကျမက အဆင်ပြေပါတယ်။ နောက်မှ ကျမဘာသာ ကံစမ်းကြည့်ပါတော့မယ်။ ဒါပေမဲ့ ကျမရဲ့ ဂျုနီယာမောင်လေးက ဒဏ်ရာရထားလို့ စကားတောင် သေချာမပြောနိုင်ဘူးဆိုတော့ စီနီယာအစ်ကိုလုများ ကူညီပေးနိုင်မလားလို့ သိချင် …. ”

ရှီနန်မော့ စကားမဆုံးခင် လုရှင်းထန်က ပြန်ဖြေလိုက်သည်  “ အဲဒါက ရပါတယ်။ မင်းတို့နှစ်ယောက်လုံး အရင်ဆုံး လျှောက်ကြည့်လိုက်ကြဦးလေ။ ငါ ပြန်ပြီး မေးကြည့်လိုက်ဦးမယ်။ ငါ တကယ်လို့ တစ်ခုခု တွေ့ရင် မင်းတို့နှစ်ယောက်ဆီ တတ်နိင်သမျှ အမြန်ဆုံး လာတွေ့လှည့်မယ် … ”

ထိုသို့ပြောပြီးနောက် လုရှင်းထန်က လက်နှစ်ဖက် ယှက်ပြီး နှုတ်ဆက်ဖို့ရာပင် အာရုံမရှိတော့ဘဲ လှည့်ထွက်ကာ လူကြားထဲ ပျောက်ကွယ်သွားတော့သည်။

မိုဝူကျိက ဤလူ သေချာပေါက် ပြန်လာတော့မည် မဟုတ်ကြောင်း သိလိုက်၏။

“ မိုဝူကျိ … အဲဒီလူက ငါတို့ လိုချင်တဲ့ အကူအညီကိုလည်း မေးမသွားသလို၊ သူနဲ့ ဆက်သွယ်ရမဲ့ နည်းလမ်းလည်း ထားမသွားဘူး။ ကြည့်ရတာ သူ လုံးဝ ပြန်မလာလောက်တော့ဘူး။ ငါက ဂိုဏ်းတွေဆီ ဝင်လို့  ရ၊ မရ တစ်ချက်သွားကြည့်လိုက်ဦးမယ်။ မင်းလည်း ငါနဲ့အတူတူ လိုက်ခဲ့လေ။ ငါ ဂိုဏ်းထဲ ဝင်လို့ရရင် မင်းကိုပါ ခေါ်သွားပေးမယ် …” ရှီနန်မော့က ပြောလိုက်၏။

သူမက လျူရုထင်းသည် သူမတို့ကို ကူညီပေးဖို့ရာ စိတ်ကူးမရှိဘဲ သူမအား ပြန်ပို့ဖို့ရာသာ လိမ်လည်ခဲ့ကြောင်း သံသယ ဝင်လာမိတော့သည်။

သို့သော်လည်း မိုဝူကျိက လျူရုတင်း မကူညီချင်ကြောင်းကို မခံစားမိပေ။ သူ့ခန်မှန်းချက်အရ လျူရုတင်းအား ကိုယ်ဝန်ဆောင်အဖြစ် မြင်လိုက်ရပြီးနောက် လုရှင်းထန်သည် လျူရုတင်း အပေါ် ထားရှိသော လေးစားမှုများမှာ ပျောက်ကွယ်သွားဟန် ပေါ်၏။

မည်သို့ပင် ဆိုစေကာမူ မိုဝူကျိက ရှီနန်မော့နောက်လည်း မလိုက်လိုပေ။

“ ကျုပ်က မင်းရဲ့ ခင်ပွန်းလေ။ ဘယ်လိုလုပ် မင်းအပေါ် မှီခိုလို့ ဖြစ်မှာလဲ …” မိုဝူကျိက ရှီနန်မော့နှင့် မည်သည့် ဆက်နွယ်မှုမှ မရှိလိုသောကြောင့် သူ စကားအဆုံးတွင် ရှီနန်မော့က သူ့အား ထားပစ်ခဲ့ဖို့ရာ မျှော်လင့်မိနေသည်။

ရှီနန်မော့က မိုဝူကျိတစ်ယောက် သူမ ခင်ပွန်းဖြစ်ကြောင်း ထုတ်ပြောသည်ကို ကြားသောအခါ သူမက မိုဝူကျိ ပါးစပ်အား လက်ဖြင့် မြန်မြန် ပိတ်ကာ  “ မိုဝူကျိ လျှောက်ပြောမနေနဲ့တော့ …”

သူတို့နှစ်ယောက်ဘေးမှ ဖြတ်သွားကြသည့် အမျိုးသားတစ်ချို့နှင့် အမျိုးသမီး တချို့က ရယ်မောသွားကြ၏။

သူတို့ ဖြတ်သွားပြီးသည့်နောက်မှ ရှီနန်မော့က သက်ပြင်းချကာ  “ မိုဝူကျိ … ငါတို့ရဲ့ အရင်ဆက်ဆံရေးက အတုလေ။ အခုကစပြီးတော့ မင်းက မိုဝူကျိ၊ ငါက ရှီနန်မော့ … ငါတို့က ဘာမှမပတ်သတ်တော့ဘူး  ဟုတ်ပြီလား ”

မိုဝူကျိက “ အွန်း” တစ်လုံးသာ ရေရွတ်လိုက်ပြီးနောက် “ငါတို့ မပတ်သတ်ဘူး” ဟူသည်သာ ထပ်ခါ ထပ်ခါ ရွတ်နေရင်း လှည့်ထွက်သွားတော့သည်။

“ နေဦးလေ …” မိုဝူကျိက ဘာမှမပြောသည်ကို မြင်၍ ရှီနန်မော့က သက်ပြင်းချလိုက်သော်လည်း  လှည့်ထွက်သွားသည့် မိုဝူကျိအား လှမ်းခေါ်လိုက်ရသေး၏။

“ အဲဆို မင်းရဲ့ ခင်ပွန်း ဖြစ်စေချင်သေးတာလား ” မိုဝူကျိက ရပ်လိုက်ပြီး ရှီနန်မော့အား  မရေမရာ မျက်နှာဖြင့် လှည့်ကြည့်လိုက်သည်။

ရှီနန်မော့က ဆွံ့အလျက် နဖူးကိုသာ ပြန်ရိုက်မိတော့သည်  “ မဟုတ်ဘူးလေ …  ငါနဲ့ အတူတူ နေမှ ဖြစ်မှာ ဆိုပေမဲ့ မင်းက ငါ့ယောက်ျား မဟုတ်ဘူး။ မှတ်မိပြီလား … ”

အကယ်၍ မိုဝူကျိ၏ ဦးနှောက်သာ မယိုယွင်းနေလျှင် သူမအနေနှင့် မိုဝူကျိအား ထားပစ်ခဲ့သည်မှာ ကြာမြင့်လောက်လေပြီ။

မိုဝူကျိက ကူကယ်ရာမဲ့သလို ခံစားနေမိပြီး လျူရုတင်းအား  သူ့ကမ္ဘာဦး စိတ်ဝိညာဉ်နှင့် ဝိညာဉ်ကြောမှာ ပျက်စီးနေသော်လည်း သူ့အသိဉာဏ်နှင့် အသိစိတ်မှာ အကောင်းတိုင်း ရှိကြောင်း ပြောနိုင်ပေသည်။ သို့သော်လည်း မိုဝူကျိက ရှီနန်မော့အား တိုက်ရိုက် မပြောပြလိုပေ။ သူက ဇဝေဇဝါ ဆေးလုံးကို သောက်ထားသူ ဖြစ်ရာ ထိုဆေးလုံးကို သောက်ထားသူ တစ်ယောက်အနေနှင့် အသိစိတ် ရှိနေပြီး သက်ရောက်မှု မခံရသည်မှာ သေချာပေါက် သာမာန် မဟုတ်ပေ။

ရှီနန်မော့က သူ့အား ဘာမှမလုပ်သော်လည်း မိုဝူကျိက သူတို့သည် မရင်းနှီးသည့်အတွက် သတိကြီးကြီးထားဖို့ လိုအပ်ပေသည်။

“ ဘေးမှာ နေခိုင်းတာဆိုတော့ အဲဒါက မင်းရဲ့ ခင်ပွန်း လုပ်ခိုင်းတာပဲ  မဟုတ်ဘူးလား ” မိုဝူကျိက မျက်မှောင်ကျုတ်ကာ ရှီနန်မော့ စကားများကို ရူးကြောင်ကြောင် ဖြစ်သွားစေဟန် လုပ်လိုက်သည်။

ရှီနန်မော့က မိုဝူကျိ၏ အနိုင်ယူခြင်းကို ခံလိုက်ရသော်လည်း သူမအနေနှင့် မိုဝူကျိအား အပြစ်မတင်နိုင်ပေ။ ထို့အစား သူမက တိတ်တဆိတ်သာ နေနေလိုက်၏။

“ အဲဆို ကျုပ် အရင်သွားနှင့်မယ် ….” မိုဝူကျိက ရယ်မောရင်း တုံ့ဆိုင်းခြင်းမရှိ လှည့်ထွက်သွားလိုက်သည်။

“ မိုဝူကျိက  ဒါက ရှင့်အတွက် …” ရှီနန်မော့က မိုဝူကျိအား သူမဘေးနား နေဖို့ရာ ဆက်မပြောတော့ဘဲ သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ပေးလိုက်သည်။ သို့သော်လည်း သူမက သိုလှောင်လက်စွပ်ကို ထုတ်ရင်း တစ်ခုခု တွေးမိသွားဟန်ဖြင့် ပြန်သိမ်းထားလိုက်သည်။ ဤတစ်ကြိမ်၌ သူမက မိုဝူကျိအတွက် သိုလှောင်အိတ်ကိုသာ ထုတ်ပေးလိုက်သည်။

မိုဝူကျိက ရှီနန်မော့သည် ကပ်စေးနှဲ တွန့်တို၍ မဟုတ်ကြောင်း သိလိုက်သည်။ သူမသည် တခြားသူများက သူ့ဆီမှ လုယူသွားမည်ကို စိုးရိမ်၍ ဖြစ်သည်။ နတ်ဘုရားနယ်မြေ၌ သိုလှောင်အိတ် ကိုင်ဆောင်သည့်သူမှာ ထိုသူသည် အလွန်တရာ ဆင်းရဲသည့် မိသားစုမှ ဖြစ်ကြောင်း သိနိုင်ပေ၏။ မည်သူကမှ သိုလှောင်အိတ် ကိုင်ဆောင်ထားသောသူကို ဓားပြတိုက်ကြမည် မဟုတ်ပေ။

သို့သော်လည်း မိုဝူကျိက စိတ်ထဲ မထားပေ။ သူက သိုလှောင်အိတ်ကို ယူကာ နှုတ်ဆက်စကားပင် မပြောသွားပေ။

သူမက မိုဝူကျိ၏ နောက်ကျောပြင် ပုံရိပ်ကို ကြည့်နေရင်း ရေရွတ်လိုက်လေ၏  “ ရှင်လည်း ဘေးကင်းပါစေ … ”

ထိုသို့ပြောပြီးနောက် သူမလည်း လှည့်ထွက်သွားတော့သည်။ လျှပ်စီးဓားအိမ်တော်တစ်ခုလုံးက ချေမှုန်းခံလိုက်ရပြီ ဖြစ်ရာ သူမနှင့် ရင်းနှီးသည့် လူများအားလုံးလည်း သူမရှေ့တွင် အသတ်ခံလိုက်ရ၏။ သူမက ထိုအမုန်းတရားကို မေ့ပစ်ထားနိုင်မည် မဟုတ်ပေ။

မည်သိုပင်ဆိုစေကာမူ ယခု သူမက ရှီမျိုးနွယ်စုတွင် တစ်ယောက်တည်း ကျန်ရှိတော့သည့် မျိုးနွယ်စုဝင် ဖြစ်သည်။ သူမက သူမ အဖေ၊ ဒေါ်လေးကျွင့်၊ ချင်းဟွာတို့အတွက် လက်စားပြန်ချေပေးရမည်။

…………………

ရှီနန်မော့ ထွက်သွားပြီးနောက် မိုဝူကျိလည်း လူအုပ်ကြား တိုးဝှေ့ဝင်လိုက်တော့သည်။

အနည်းဆုံးတော့ လုရှင်းထန်သည် ကိစ္စတစ်ခုကို လိမ်ညာမထားပေ။ ဤနေရာ၌ ဂိုဏ်းကြီးများက တပည့်များ ရွေးချယ်ကာ လက်ခံနေကြသည်။

လူသားအရည်အချင်းစစ် ဈေးကွက် အလား တပည့်များကို လက်ခံသည့် ဆိုင်းဘုတ်ပြားများကို အတန်းလိုက် ချိတ်ဆွဲထားကြသည်။

ဝမ်ချွမ်း တာအိုကျောင်းတော်။ နတ်သူတော်စင် နတ်ဘုရားဂိုဏ်း၊ နတ်ဘုရား စပါးနှံတောင်ကြား၊ လရောင်နတ်ဘုရားဂိုဏ်း၊ ကြယ်တာရာမွမ်းမံ နတ်ဘုရားဂိုဏ်း ….

ဂိုဏ်းကြီးအမျိုးမျိုးကို တွေ့နိုင်ပြီး နတ်သူတော်စင် နတ်ဘုရားဂိုဏ်းနှင့် နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းမှ လွဲ၍ မိုဝူကျိက တခြားဂိုဏ်းများကို မကြားဖူးပေ။ သူက တပည့်အရေအတွက်ပေါ် မူတည်၍ ပိုကြီးသည့် ဂိုဏ်းများကို ခွဲခြားနိုင်လေ၏။

မိုဝူကျိက ဂိုဏ်းများအား အလေးအနက် ကြည့်လိုက်ပြီးနောက် နတ်သူတော်စင် နတ်ဘုရားဂိုဏ်းနှင့် နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းတို့ကဲ့သို့ ထိပ်တန်းအဆင့်ဂိုဏ်းများတွင် လူများစွာ ဝန်းရံနေပေသည်။ သူတို့၏ စစ်ဆေးမှုများက ကျန်အရာများထက် ပိုတင်းကြပ်ပြီး သတ်မှတ်ထားသည့် အဆင့်အတန်းတစ်ခု ရောက်သည့်သူများသာ ကျန်စစ်ဆေးမှုများ၌ ပါဝင်ခွင့် ရှိပေသည်။

ဤသည်က မိုဝူကျိအား ကူကယ်ရာမဲ့သလို ခံစားရစေသည်။ သူသာ သွားရောက်စစ်ဆေးလျှင် အားအနည်းဆုံးသာ ဖြစ်ပေလိမ့်မည်။ သူ့တွင် ကမ္ဘာဦး စိတ်ဝိညာဉ်နှင့် ဝိညာဉ်ကြော မရှိဘဲ မည်သို့ စမ်းသပ်မှု ခံယူရမည်နည်း။

မိုဝူကျိက နေ့တစ်ဝက်တာလောက် သွားရောက်ကြည့်ရှုပြီးနောက် အလွန်ထူးခြားသည့် ဂိုဏ်းတစ်ဂိုဏ်းကို တွေ့လိုက်ရသည်။ ထိုဂိုဏ်းမှာ ကောင်းကင်လူသားဂိုဏ်း ဖြစ်၏။ ထိုဂိုဏ်းက မိုဝူကျိအား သူ့ဖင်းဖန်အား အမှတ်ရသွားစေသည်။

ကောင်းကင်လူသားဂိုဏ်းက ဂိုဏ်းကြီး ဖြစ်ဟန် မပေါ်ပေ။ လူခုနှစ်ယောက်၊ ရှစ်ယောက်မျှသာ ရှိပေ၏။ မိုဝူကျိက တန်းစီနေသည့် လူတစ်ယောက်ပင် မတွေ့မိပေ။ တပည့်များကို လက်ခံနေသူများက အမျိုးသား တစ်ယောက်နှင့် အမျိုးသမီး တစ်ယောက် ဖြစ်၏။ အမျိုးသား ကြည့်ရသည်မှာ ခြေတစ်ဖက်သာ ရှိသည့် အကြီးအကဲ တစ်ဦးနှင့် တူပြီး အမျိုးသမီးမှာ သူနှင့် ယှဉ်လျှင် အတော်လေး ငယ်ရွယ်ဟန် ပေါ်နေ၏။

မိုဝူကျိ တုံ့ဆိုင်းနေပြီးနောက် လျှောက်လှမ်းသွားလိုက်သည်။ သူက ဘာမှမမေးမြန်းခင် အကြီးအကဲက မိုဝူကျိအား မျက်လုံးပြူး မျက်ဆံပြူးဖြင့် ကြည့်ကာ

“ ကောင်လေး  … မင်းအရိုး တည်ဆောက်ပုံက အရမ်းကောင်းလို့ ထိပ်တန်းအဆင့်လို့တောင် ယူဆလို့ ရတယ်။ တစ်ခုတည်းသော အားနည်းချက်က မင်းဆီမှာ လေ့ကျင့်ဖို့ ထိပ်တန်းအဆင့် ကျင့်စဉ် လိုအပ်နေတာပဲ …. အဲဒါကြောင့်မလို့ မင်းရဲ့ ပါရမီက ဖုံးကွယ်နေပြီးတော့ ဘယ်သူမှ မမြင်နိုင်တာ။ အမလေး ငါ့မျက်စိတောင် မယုံနိုင်တော့ဘူး။ ငါ ဝေကျဲက မင်းလိုမျိုး ပါရမီရှင်ကို ဒီနေရာမှာ ရှာတွေ့လိမ့်မယ်လို့ မထင်ထားမိဘူး။ မင်း ငါတို့ရဲ့ ကောင်းကင်လူသားဂိုဏ်းကို ဝင်မလား။ မင်းအနေနဲ့ ထိပ်တန်းအဆင့် ကျင့်ကြံရေး အရင်းအမြစ်တွေနဲ့  အတွင်းစည်းတပည့် ဖြစ်စေရမယ်လို့ အာမခံတယ်  …. ”

ဝေကျဲ အမည်ရှိ အကြီးအကဲက ပြောနေရင်း ပို၍ စိတ်လှုပ်ရှားလာကာ မိုဝူကျိကိုပင် ဆွဲခေါ်ထားလေ၏။ သူ့မျက်ဝန်းများ၌ မိုဝူကျိ  သူ့ဂိုဏ်းသို့ ဝင်စေလိုသည့် စိတ်ဆန္ဒများနှင့် တဖြတ်ဖြတ်‌ တောက်ပနေလေ၏။

မိုဝူကျိက အံ့ဩတုန်လှုပ်မိသွားသည်။

ဤအကြီးအကဲက စမ်းသပ်မကြည့်ဘဲနှင့် သူက ထိပ်တန်းအဆင့် ပါရမီရှင်ဆိုတာ တကယ်ကြီး မြင်နိင်တာလား ….

ဒီလူက သူကိုယ်တိုင် ဖန်တီးထားတဲ့ လူသားတာအိုကို တွေ့သွားတာလား ….. အရမ်းကို ကြောက်ဖို့ ကောင်းမနေဘူးလား ….

***

All Chapters