ထူးဆန်းဖွယ် နတ်ဝိညာဉ်စွမ်းအား
Vol. 64 Ch. 890
အပြင်ဘက်မှ ကောင်းကင်လူသားဂိုဏ်းသည် တောင်နှစ်လုံးမျှသာ ရှိပြီး ကျန်သည့်အရာ ဘာမှရှိဟန် မပေါ်ပေ။ သို့သော်လည်း မိုဝူကျိတို့ ဂိုဏ်းထဲ ဝင်သွားပြီးနောက် ဤဂိုဏ်းမှာ မည်မျှ ထူးခြားကြောင်း သိလိုက်ရတော့သည်။
ကာကွယ်ရေး အစီအရင်ထဲ ဝင်ပြီးနောက်တွင် မီတာအတော် ကျယ်ဝန်းသည့် ကျောက်စိမ်းလှေကားများက တောင်ထိပ်ဆီ ဦးတည်ထား၏။ တောင်ခြေမှ တောင်ထိပ်အထိ အမျိုးမျိုးသော အင်မော်တယ် နေရာများနှင့် အနားယူရာ အိမ်ခန်းလေးများ ဆောက်လုပ်ထားလေ၏။ အကယ်၍ တောင်နှစ်လုံးတည်း ရှိနေသည့် အချက်ကြောင့်သာ မဟုတ်လျှင် ဤဂိုဏ်းတွင် အားကောင်းသော အရှိန်အဝါများ သေချာပေါက် ရှိနေပေလိမ့်မည်။
လိုက်လျောညီထွေ မဖြစ်နေသည့် တစ်ခုတည်းသောအချက်မှာ အနည်းငယ် ပျက်စီးနေသည့် ကျောက်စိမ်းလှေကားထစ်များ ဖြစ်၏။ ထို့အပြင် နတ်ဝိညာဉ်စွမ်းအားမှာ အင်မတန် နည်းပါးလှပေရာ ကျင့်ကြံရေးလောကရှိ သာမာန်မြို့များထက်ပင် အခြေအနေ ဆိုးရွားနေသည်။
တောင်ခြေ၌ တကယ့် ရင်ပြင်အစစ် ရှိနေပြီး ရင်ပြင်အလယ်၌ မိုးထိလုမတတ် မြင့်မားသည့် ရုပ်တုကြီး ရှိနေသည်။ ထိုရုပ်တုက ခက်ခဲမှုအမြောက်အများကို ကျော်ဖြတ်ခဲ့ရသည့်အလား အနည်းငယ် ပျက်စီးနေလေ၏။
“ ဝူကျိ … အဲဒီ ရုပ်တုရဲ့ မျက်ဝန်းတွေက မင်းနဲ့ တူတယ် ” ယင်လင်းက ရုတ်တရက် ကောက်ပြောလိုက်သည်။
မိုဝူကျိက ထိုရုပ်တု၏ မျက်ဝန်းများကို သတိပြုမိပြီးပြီးဖြစ်ရာ အမှန်ပင် သူ့မျက်ဝန်းနှင့် တူနေပေ၏။
မိုဝူကျိ မပြောနိုင်ခင် မီးခိုးရောင် ဝတ်ရုံနှင့် လူလတ်အရွယ် အမျိုးသားက လူလေးယောက်ကို ခေါ်ကာ ကျောက်စိမ်းလှေကားများမှ မြန်မြန် ဆင်းလာလေ၏။
မိုဝူကျိက ထိုလူလတ်အရွယ်လူကြီးအကြောင်း ဘာမှမပြောနိုင်သော်လည်း ထိုသူ့ဆီမှ အင်အားအမြောက်အများကို ခံစားမိနေသည်။ မိုဝူကျိက ထိုသူသည် ရှီကျင်းထက်ပင် အားကောင်းလိမ့်မည်ဟု တွေးဆသွားမိ၏။
“ဝေကျဲ ( စုရှား ) တို့က ဂိုဏ်းချုပ်ကို ဂါရဝ ပြုပါတယ် ” ရှေ့မှ ဦးဆောင်လာကြသည့် ဝေကျဲနှင့် စုရှားတို့က ထိုလူလတ်အရွယ် အမျိုးသားကို မြင်သည်နှင့် ချက်ချင်း ဂါရဝပြုကာ ဦးညွှတ်လိုက်ကြသည်။
မိုဝူကျိတို့က ဂိုဏ်းချုပ်ကိုယ်တိုင် သူတို့လို လူသစ်လေးများကို ကြိုဆိုရန် ထွက်လာလိမ့်မည်ဟု မထင်ထားသည့်အတွက် အံ့ဩနေကြသည်။ ဒါက ရှေးခေတ်အခါကတည်းက မကြားဖူး၊ မမြင်ဖူးသည့် မြင်ကွင်းမျိုးပင် ဖြစ်၏။
လူလတ်အရွယ် အမျိုးသားကြီးက ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်ရင်း ဝေကျဲအား ပြန်လည် ဦးမော့စေလိုက်ပြီး “ အကြီးအကဲဝေနဲ့ စုရှားအတွက် ဒီတစ်ခါ တပည့်ခေါ်ရတာ အရမ်းခက်ခဲမှာပဲ … ”
ဝေကျဲက အပြစ်ရှိစိတ်ဖြင့် ပြန်ဖြေလိုက်သည် “ ကျုပ် ဂိုဏ်းချုပ်ကို စိတ်ပျက်စေမိပါပြီ။ ဒီတစ်ခါ တပည့်အသစ် ခြောက်ယောက်ထဲ ရှာနိုင်ခဲ့တယ် … ”
လူလတ်အရွယ် အမျိုးသားက ပြောလိုက်၏ “ အကြီးအကဲဝေ …. တပည့် တစ်ယောက်မှ မရခဲ့တဲ့ အရင်အကြိမ်တွေနဲ့ ယှဉ်ရင် အခုတစ်ခေါက် ခြောက်ယောက်က အရမ်းကို ကောင်းနေပါပြီ … ”
“ ဒါက ငါတို့ရဲ့ ကောင်းကင်လူသားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ …. မင်းတို့တွေက မတ်တတ်ရပ်နေဦးမှာလား။ ဂိုဏ်းချုပ်ကို ဂါရဝမပြုကြဘူးလား ” ဝေကျဲက မိုဝူကျိတို့ဘက်လှည့်ကာ အော်ပြောလိုက်သည်။
မိုဝူကျိက ကျန်လူများကဲ့သို့ တစ်ညီတစ်ညွှတ်တည်း ဦးညွှတ်လိုက်ကြသည်။
လူလတ်အရွယ် အမျိုးသားက လက်ခါပြကာ အပြုံးပန်းများ ပွင့်လန်းလျက် “ ငါ့နာမည်က ရှီစုပါ။ ငါက ကောင်းကင်လူသားဂိုဏ်းရဲ့ ဂိုဏ်းချုပ် … ငါ့ဘေးက လူတွေက ကောင်းကင်လူသားဂိုဏ်းရဲ့ အကြီးအကဲ ဖန်းဖုန်းပန်၊ အကြီးအကဲ ရှုယီ၊ အကြီးအကဲ ဟွေ့ယုနဲ့ အကြီးအကဲ နျူကျစ်ထန်းတို့ပဲ …. ကောင်းကင်လူသားဂိုဏ်းမှာ ငါတိုက မိသားစုကြီးတစ်ခုပဲ။ အဲဒါကြောင့်မလို့ မင်းတို့မှာ ကျင့်ကြံရေးနဲ့ ပတ်သတ်ပြီးတော့ မေးစရာရှိရင် ငါတို့ကို စိတ်ကြိုက် မေးလို့ ရတယ် … ”
“ ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ် ” မိုဝူကျိတို့က အဖြစ်အပျက်ကို နားမလည်ကြသေးသော်လည်း သူတို့က သံပြိုင် ကျေးဇူးတင်လိုက်ကြသည်။
တပည့်အသစ်များကို ကြိုဆိုသည့်အနေနှင့် ဂိုဏ်းချုပ်က အကြီးအကဲများကို ခေါ်၍ သူတို့အား လာရောက်တွေ့ဆုံခြင်း ဖြစ်သည်။ ထို့အပြင် သူတိုကို အကြီးအကဲများအပြင် ဂိုဏ်းချုပ်ကိုပါ စိတ်ကြိုက်မေးနိုင်ကြောင်း ပြောထားသေး၏။ ဤသည်မှာ ဂိုဏ်းတစ်ခု၏ နံပါတ်တစ် တပည့်များသာ လက်ခံရရှိသည့် အခွင့်ထူး ဖြစ်ပေသည်။
“ စုရှား …. အသစ်ရောက်လာတဲ့ ကလေးတွေကို နေရာချပေးဖို့ မင်းကိုပဲ ဒုက္ခပေးရဦးမှာပဲ။ အကြီးအကဲဝေကျဲက ဒီတစ်ခါ အရမ်းကြိုးစားခဲ့တယ်။ ဂိုဏ်းရဲ့ ကျင့်ကြံရေး တော်ဝင် နယ်မြေမှာ နှစ်ဝက် လေ့ကျင့်ခွင့် ပေးလိုက်မယ် ….” ရှီစုက ပြုံးလျက် ပြောလိုက်သည်။ သူက ထိုတပည့် ခြောက်ယောက် ရလာသည့်အပေါ် အရမ်းကို ကျေနပ်ဝမ်းသာနေဟန် ပေါ်၏။
“ ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ် ” ဝေကျဲက ပြုံးကာ ကျောက်စိမ်းလှေကားပေါ် မြန်မြန် တက်သွားပြီး ပျောက်ကွယ်သွားတော့သည်။
မိုဝူကျိက အနည်းငယ် ဆွံ့အနေမိ၏။ အကြောင်းမှာ ဤဂိုဏ်းချုပ်က ဂိုဏ်းချုပ်နှင့် မတူသလို အကြီးအကဲများကလည်း တခြားဂိုဏ်းများ၏ အကြီးအကဲများကဲ့သို့ မဟုတ်ပေ။ သူက ကြုံရာကျပန်းလူများ၏ ပြန်ပေးဆွဲ ခံလာရတာလားဟုပင် သံသယဝင်လာမိ၏။
ဤလူများက ကျူးယင်ကဲ့သို့ ကမ္ဘာဦး စိတ်ဝိညာဉ်ကို စုပ်ယူ၍ ကျင့်ကြံတဲ့ သူတွေလား …..
သို့သော်လည်း သူတို့ကား အလိုမရှိကြသည့် တပည့်များ ဖြစ်လေရာ ဂိုဏ်းအနေနှင့် သူတို့ကမ္ဘာဦး စိတ်ဝိညာဉ်များကို ဝါးမျိုပစ်လျှင်ပင် ဘာမှအကျိုးကျေးဇူး များများစားစား ရှိမည် မဟုတ်ပေ။
ဂိုဏ်းချုပ် ရှီစုတို့ ထွက်သွားပြီးသည့်နောက်တွင် မိုဝူကျိက တီးတိုးမေးလိုက်လေသည် “ စီနီယာအစ်မစုရှား ကျွန်တော်တို့ဂိုဏ်းမှာ လူဦးရေ ဘယ်လောက် ရှိတာလဲဟင် ”
သူတို့ ရောက်လာစဉ်ကတည်းက မိုဝူကျိသည် ဂိုဏ်းချုပ်နှင့် အတူပါလာသည့် အကြီးအကဲများအပြင် ကျန်သူများကို မမြင်မိပေ။
“ မင်းတို့ အပါအဝင် အခုဆို အယောက်တစ်ရာလောက် ရှိလောက်ရောပေါ့ ” စုရှားက အပြုံးလေးနှင့် ပြန်ဖြေလိုက်သည်။
မိုဝူကျိတို့က ပြန်ပြောစရာ စကားပင် ရှာမတွေ့တော့ချေ။
ဂိုဏ်းတွင် လူတစ်ရာလောက် ရှိနေရလောက်အောင် ဘယ်လောက်အထိ စုတ်ချာနေပြီလဲ ….
စုရှားက အားလုံး မည်သို့ ခံစားနေရမည်ကို ကောင်းကောင်း သိ၍ ဆက်မပြောတော့ပေ။ အမှန်တော့ သူမလည်း ကောင်းကင်လူသားဂိုဏ်းကို စတင်ဝင်ရောက်စဉ်အခါက မိုဝူကျိတို့ထက်ပင် ဆိုးဆိုးရွားရွား ခံစားခဲ့ရသည်။ ထိုစဉ်အခါက ကောင်းကင်လူသားဂိုဏ်းတွင် အယောက် ငါးဆယ်ပင် မပြည့်ပေ။ ဤနှစ်များအတွင်း သူတို့က အဆများစွာ တိုးပွားလာအောင် လုပ်နိုင်ခဲ့သည်။ အကယ်၍ သူမ ရှိနေသည့် အတိတ်နှင့် နှိုင်းယှဉ်ကြည့်လျှင် ကောင်းကင်လူသားဂိုဏ်း၏ အခြေအနေမှာ အတော်လေး ကောင်းနေပြီ ဖြစ်၏။
“ စီနီယာအစ်မစုရှား …. ကောင်းကင်လူသားဂိုဏ်းက အရမ်းကို ခမ်းနားထည်ဝါတဲ့ပုံ ပေါ်တယ်ဆိုတော့ အရင်တုန်းက တကယ့် ဂိုဏ်းအကြီးကြီး ဖြစ်လိမ့်မယ် ထင်တယ်။ ဘယ်လိုလုပ် ဒီနေ့လို အခြေအနေအထိ ဖြစ်လာရတာလဲ ” ယင်လင်းက နေရခက်မှုကို ဖြေဖျောက်သည့်အနေနှင့် ထုတ်မေးလိုက်သည်။
စုရှားက ရှင်းပြလိုက်လေ၏
“ ကောင်းကင်လူသားဂိုဏ်းက ထိပ်တန်းအဆင့် ဂိုဏ်းထဲက တစ်ခု ဖြစ်ခဲ့ဖူးတာပေါ့။ ပြောရရင် နတ်သူတော်စင် နတ်ဘုရားဂိုဏ်းတို့၊ ဝမ်ချွမ်းတာအိုကျောင်းတို့ထက်တောင် ပိုကြီးကျယ်သေးတယ်။ ဒါပေမဲ့ အမည်မသိ အကြောင်းပြချက်တချို့ကြောင့် အပြောင်းအလဲ ဖြစ်လာခဲ့တယ်။ အဲဒီအပြောင်းအလဲကြောင့် ကောင်းကင်လူသားဂိုဏ်းက များစွာ ဆုံးရှုံးလိုက်ရပြီး ကျင့်ကြံသူတွေ အားလုံးနီးပါးလည်း ကျရှုံးကုန်ကြတယ်။ ကောင်းကင်လူသားဂိုဏ်းရဲ့ တောင်တွေကိုလည်း တခြားသူတွေက လုယူသွားခဲ့ကြတယ် ….
ကံကောင်းတာ တစ်ခုက တည်ထောင်သူ ဘိုးဘေး ဖန်းကျဲက အသက်ရှင်ကျန်နေခဲ့တယ်။ သူက အပြင်စည်းတပည့် ဆိုပေမဲ့ အရမ်းကို လက်ရည်ကိုင်ရည် ရှိတယ်။ သူ တစ်ယောက်တည်းနဲ့ ကောင်းကင်လူသားဂိုဏ်း ပျက်သုန်းမဲ့အရေးကနေ ကာကွယ်ပေးခဲ့တာ ….
ငါတို့ လက်ရှိ ဂိုဏ်းချုပ်က တည်ထောင်သူ ဘိုးဘေးရဲ့ တိုက်ရိုက်တပည့်လေ။ အကြီးအကဲ ဖန်းဖုန်းပန်ကလည်း တည်ထောင်သူ ဘိုးဘေး ဖန်းကျဲရဲ့ မျိုးဆက် …. ပြီးတော့ နတ်ဝိညာဉ်စွမ်းအားတွေ အရမ်းနည်းပါးတဲ့ အကြောင်းအရင်းကြောင့် ဘယ်သူမှ မလာချင်ကြတော့ဘူးလေ။ အဲဒါကလည်း တိုက်ပွဲပြီးသွားတော့ ငါတို့ရဲ့ နတ်ဝိညာဉ်သွေးကြောတွေကို တခြားသူတွေက တူးယူသွားကြလို့ပဲ ”
စုရှီက အတိတ်မှ ကောင်းကင်လူသားဂိုဏ်းအကြောင်း မည်မျှ ပြောစေကာမူ သူတို့က လက်ရှိ ကောင်းကင်လူသားဂိုဏ်းမှာမူ ပျက်စီးယိုယွင်းနေပြီ ဖြစ်ကြောင်းသာ ဖော်ပြနိုင်ပေသည်။
မိုဝူကျိအား ခံစားချက် ကောင်းလာစေသည်က အင်မော်တယ် အိမ်နေရာများမှာ အရမ်းမကြီးကျယ်သော်လည်း အတော်လေး အံ့ဩဖို့ ကောင်းလှသည်။
ဂိုဏ်းသို့ ဝင်ပြီးနောက် အားလုံးက တစ်ခုခုကို သတိပြုမိလိုက်ကြ၏။ မိုဝူကျိကို အတွင်းစည်းတပည့် အဖြစ် လက်ခံထားသော်လည်း ဤနေရာ၌ တပည့်အားလုံးကို အတူတူ ဆက်ဆံကြပေသည်။
မိုဝူကျိလည်း အခြေအနေကောင်းသည့် နေရာတွင် ရရုံသာမက သူ့အတွက် ဆေးစိုက်ခင်းလည်း ရှိနေသေး၏။
အရေးကြီးသည့် ပြယုတ်များ ဖြစ်သည့် စာကြည့်တိုက်၊ အလုပ်တာဝန် ခန်းမ၊ ကျင့်စဉ် ရွေ့ပြောင်းရေး ခန်းမ အစရှိသည်များမှာ ကောင်းကင်လူသားဂိုဏ်းတွင် ဘာဆိုဘာမှ မရှိချေ။
တိုက်ရိုက် တပည့်ဖြစ်စေ၊ အတွင်းစည်း တပည့် ဖြစ်စေ တာဝန်များ လုပ်စရာ မလိုပေ။ ထို့ကြောင့် လဲလှယ်ယူရမည့် ဆေးလုံး သို့မဟုတ် ကျင့်စဉ်တို့ မရှိသည်မှာ သဘာဝကျပေသည်။
မိုဝူကျိတို့ကို ကောင်းကင်လူသားဂိုဏ်းသို့ ခေါ်ဆောင်လာခြင်းမှာ လူဦးရေ တိုးရုံမျှဟု ခံစားနေရသည်။
မိုဝူကျိက မေးမြန်းပြီးသည့်နောက်တွင် ကောင်းကင်လူသားဂိုဏ်းက တပည့်များအား သူတို့စိတ်ကြိုက် တောင်မှ ထွက်ခွင့် ပြုထားကြောင်း သိလိုက်ရသည်။ ဆိုလိုသည်မှာ သူတို့က ဂိုဏ်းမှ ထာဝရ နှုတ်ထုတ်မသွားသရွေ့ ဂိုဏ်းပိုင်နက်မှ သူတို့ စိတ်ကြိုက် ထွက်သွားနိုင်ပေသည်။ ထိုအရာက မိုဝူကျိအား အတော်လေး စိတ်သက်သာ ရသွားစေ၏။
ကောင်းကင်လူသားဂိုဏ်းရှိ နည်းပါးလွန်းသည့် နတ်ဝိညာဉ်စွမ်းအားများကြောင့် မိုဝူကျိက သူ့ အိမ်လေးထဲ ဝင်တော့မည့်ဆဲဆဲတွင် ယင်လင်းတို့ တစ်သိုက်က သူ့အား လာရှာကြလေ၏။ သူတို့က သူ့အား ဂိုဏ်းမှထွက်၍ သူတို့နှင့်အတူတူ ကျင့်ကြံရေး အရင်းအမြစ် သွားရှာချင်လားဟု မေးမြန်းလာခြင်း ဖြစ်သည်။
ကောင်းကင်လူသားဂိုဏ်းရှိ အိမ်လေးများက အရမ်းအံ့ဩဖို့ ကောင်းနေပြီ ဖြစ်သော်လည်း သူတို့က အိမ်လေးအတွင်း နေဖို့ရာ ရောက်လာခြင်း မဟုတ်ဘဲ ကျင့်ကြံဖို့ ရောက်လာကြသည့်အတွက် သူတို့က မကျင့်ကြံနိုင်လျင် သူတို့ လိုအပ်နေသည့် ကျင့်ကြံရေး အရင်းအမြစ်များကို ထွက်ရှာရမည်သာ ဖြစ်သည်။
မိုဝူကျိက ယင်လင်းတို့အား ငြင်းပယ်လိုက်လေ၏။ သူ့တွင် အင်မော်တယ်သွေးကြောများနှင့် အစိမ်းရောင်ကျောက်တချို့ ကျန်ရှိနေသေး၏။ သူက ကနဦးနတ်ဘုရားအဆင့် တက်လှမ်းဖို့ နည်းလမ်း မစဉ်းစားသေးခင် အရင်ဦးစွာ အင်မော်တယ် ဧကရာဇ် ပြီးပြည့်စုံခြင်းအဆင့်သို့ တက်လှမ်းဖို့ရာ ဆုံးဖြတ်လိုက်သည်။ သူသာ ကနဦး နတ်ဘုရားအဆင့် မတက်လှမ်းနိုင်သရွေ့ သူ့အနေနှင့် ဤနေရာမှ ထွက်မသွားပေ။ ဤနေရာမှာ နတ်ဘုရားနယ်မြေ ဖြစ်၍ မိုးမြေစည်းမျည်းများက အင်မော်တယ်လောကထက် ပို၍ ပြီးပြည့်စုံလေ၏။ မိုဝူကျိက ကျင့်ကြံရေး အရင်းအမြစ်များ လိုအပ်နေလျှင်ပင် သူ့အနေနှင့် အင်မော်တယ် ဧကရာဇ် ပြီးပြည့်စုံခြင်းအဆင့်ကို တက်လှမ်းနိုင်မည်ဟု ယုံကြည်ထားသည်။
ကောင်းကင်လူသားဂိုဏ်းရှိ အကောင်းဆုံး အကျိုးကျေးဇူးမှာ မိုဝူကျိတွင် ရှိနေသည့် လွတ်လပ်မှုမျိုး ဖြစ်၏။ သူက ကာကွယ်ရေး အစီအရင်များနှင့် ဖုံးကွယ်ရေး အစီအရင်များကို ခင်းကျင်းထားလိုက်သည်။ ဤသည်မှာ တံခါးပိတ် မကျင့်ကြံခင် ကြိုတင်ပြင်ဆင်မှု ဖြစ်ပေ၏။
သူက ချီသွေးကြော ၁၀၈ ခုလုံးဖြင့် လှည့်ပတ်ရသည့် အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ကျင့်ကြံလေရာ ဤနေရာရှိ နတ်ဝိညာဉ်စွမ်းအားများက နည်းပါးသော်လည်း သူ့ကျင့်ကြံရေးက ရုတ်ရုတ်သည်းသည်း ဖြစ်သွားစေနိုင်သည်။ သူက သူ့ကျင့်ကြံရေး လျို့ဝှက်ချက်အား တစ်ယောက်ယောက် ရှာမတွေ့လိုစေသောကြောင့် ကာကွယ်ရေး အစီအရင်အထပ်ထပ် ခင်းကျင်းထားပြီး ကျင့်ကြံဖို့ ရွေးချယ်လိုက်ခြင်း ဖြစ်၏။
စိတ်ဝိညာဉ် စုစည်းရေး အစီအရင်ကို မိုဝူကျိက မခင်းကျင်းထားပေ။ သူက ဤနေရာတွင် နတ်ဝိညာဉ်စွမ်းအားများ နည်းပါးမှုကြောင့် ခင်းကျင်သည် ဖြစ်စေ၊ မခင်းကျင်းသည် ဖြစ်စေ ကိစ္စမရှိကြောင်း သိထား၏။
မိုဝူကျိက အင်မော်တယ်ကျောက်များနှင့် အင်မော်တယ် ဝိညာဉ်သွေးကြောများကို ထုတ်ပြီး မစတင်သေးပေ။ သူက ဤနေရာရှိ နတ်ဝိညာဉ်စွမ်းအားများ မည်မျှ နည်းပါးကြောင်း မြင်တွေ့လို၍ ကြိုးစားကာ ကျင့်ကြံကြည့်ဖို့ ရည်ရွယ်ထားသည်။
မိုဝူကျိက သူ့ချီသွေးကြော ၁၀၈ ခုလုံး စတင်လှည့်ပတ်လိုက်သည့်အခါ ချက်ချင်းကို ကြောင်အမ်းသွားတော့သည်။
ကြောက်မခန်းလိလိ နတ်ဝိညာဉ်စွမ်းအားများ ပေါ်ပေါက်လာပြီး လေထုအလွှာလေးထဲမှ ထွက်ပေါ်လာဟန် ပေါ်သည်။ ထိုအရာက သူ့ချီသွေးကြောများဆီ စိမ့်ဝင်လာပြီး ချီသွေးကြော ၁၀၈ ခု လှည့်ပတ်မှုနှင့် ပေါင်းစပ်သွားသည်။ ဤနေရာ၌ ကျင့်ကြံခြင်းမှာ လျှပ်စီးဓားအိမ်တော်တွင် ကျင့်ကြံခြင်းထက် အဆများစွာ ပိုသာပေမည်။
မိုဝူကျိက ကြောင်အမ်းသွားသောကြောင့် ကျင့်ကြံရေးကို ရပ်တန့်လိုက်လေ၏။ ကြောက်မက်ဖွယ် နတ်ဝိညာဉ် စွမ်းအား စုပ်ယူနှုန်းက သူ စိတ်ကူးထားသည်ပင် ကျော်လွန်နေလေ၏။
သူက ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည့်အခါ နတ်ဝိညာဉ်စွမ်းအားများက ရုတ်ချည်း ကွယ်ပျောက်သွားကြသည်။ ထို့နောက် သူ့ ဘေးပတ်လည်ရှိ နတ်ဝိညာဉ်စွမ်းအားများက တစ်ဖန်ပြန်လည်၍ နည်းပါးလာပြန်သည်။
သူ့အင်မော်တယ် မော်တယ်ကျင့်စဉ်ကြောင့် တခြားသူများ မခံစားမိသည့် နတ်ဝိညာဉ်စွမ်းအားများကို စုပ်ယူနိင်တာများလား ….
အကယ်၍ ဤအရာသာ အမှန်ဖြစ်လျှင် သူက နေရာမှန်နှင့် တွေ့ဆုံခဲ့ရခြင်း ဖြစ်၏။ ယခု မိုဝူကျိက အရမ်း စိတ်လှုပ်ရှားမိနေသည်။
ကံကောင်းစွာဖြင့် သူက ဂိုဏ်းချုပ် ဖြစ်ခဲ့ဖူးသည့်အတွက် အတွေ့အကြုံ ကြွယ်ဝနေပြီ ဖြစ်၏။ နောက်ဆုံးတွင် သူ့ဘာသာ တည်ငြိမ်အောင် ထိန်းထားလိုက်ရင်း ကာကွယ်ရေး အစီအရင်များ ထပ်မံ ခင်းကျင်းလိုက်ပြန်သည်။ မြောက်များစွာသော စိတ်ဝိညာဉ် ဖုံးကွယ်ရေး အစီအရင်များကိုလည်း ခင်းကျင်းထားလိုက်သည်။ သူ့စုပ်ယူနှုန်းမှာ တခြားသူများ သတိထားမိသည့်အထိ ရုတ်ရုတ်သည်းသည်း ဖြစ်လာစေမည်ကို စိုးရိမ်နေမိသည်။
မိုဝူကျိက ဒုတိယအကြိမ် ကျင့်ကြံလိုက်ပြန်သည်။ ဤတစ်ခါ၌ သူက သတိကြီးကြီး ထားထား၏။ မိုဝူကျိက သတိမည်မျှ ထားစေကာမူ ဤသို့မျိုးအခြေအနေအောက်တွင် ကျင့်ကြံရသောကြောင့် အလျှင်အမြန် စိတ်နှစ်မျှောသွားတော့သည်။
……………
မိုဝူကျိ တစ်ယောက် တံခါးပိတ်လေ့ကျင့်နေသည်မှာ ခုနှစ်လမြောက်သို့ ရောက်လာပြီ ဖြစ်၏။ ကောင်းကင်လူသားဂိုဏ်း၏ ဂိုဏ်းချုပ်ခန်းမအတွင်း ဂိုဏ်းချုပ် ရှီစု ရှိနေပြီး သူ့နောက် လိုက်ပါလာသည့် အကြီးအကဲ လေးယောက်အပြင် ဝေကျဲ၊ စုရှားနှင့် မိုဝူကျိတို့ မမြင်တွေ့ခဲ့ရသည့် အခြားသော တပည့်များလည်း ခန်းမအတွင်း နေရာယူထားကြသည်။
“ တခြားသူအားလုံးက တံခါးပိတ်ကျင့်ကြံနေကြတုန်း အားလုံးကို ခေါ်လိုက်ရတာက ငါတို့ ကောင်းကင်လူသားဂိုဏ်းက မရှောင်ရှားနိုင်တဲ့ ကိစ္စတချို့နဲ့ ပတ်သတ်ပြီးတော့ ဆွေးနွေးချင်လို့ပဲ …” ရှီစုက အင်အားပြတ်လပ်စွာ ပြောလိုက်သည်။
“ ဂိုဏ်းချုပ် ပြောလိုက်ပါ။ ကျုပ်တို့ ကောင်းကင်လူသားဂိုဏ်းက နိမ့်ကျပြီး ယိုယွင်းနေတယ်ဆိုပေမဲ့ ဂိုဏ်းသားတွေ ရှိနေသရွေ့ ပျက်သုန်းသွားမှာ မဟုတ်ဘူး ” ဝေကျဲက ခိုင်ခိုင်မာမာ ပြောလိုက်သည်။ သူ လိုအပ်နေသည်က ရင်ဘတ်ကို ပုတ်ပြသည့် အပြုအမူသာ ဖြစ်သည်။
ရှီစုက ခေါင်းညိတ်ကာ “ စုရှား … ငါတို့ဆီ လတ်တလောက ဝင်ထားတဲ့ တပည့်ခြောက်ယောက်ရော ဘယ်လိုလဲ ”
စုရှားက မြန်မြန် ထရပ်ကာ “ ယင်လင်းနဲ့ တိပုထုံက ဂိုဏ်းကို ပြန်ရောက်လာပါပြီ။ ဖူကျားကတော့ မတော်တဆ တစ်ခု ဖြစ်တယ်လို့ ကြားထားတယ်။ မိုဝူကျိကတော့ ရောက်ကတည်းက တံခါးပိတ် ကျင့်ကြံနေပါတယ်။ ကူချိုက်ကတော့ တံခါးပိတ် ကျင့်ကြံတာလည်း မလုပ်ပေမဲ့ သူမကို ကြည့်ရတာ ဘာလုပ်ရမှန်းမသိ ဖြစ်နေတဲ့ပုံပဲ ”
***