← Chapters

အဆိပ်ဆရာမ နှင့် နတ်ဆေးသမားတော်

Vol. 24 Ch. 323

အဆိပ်ဆရာမ နှင့် နတ်ဆေးသမားတော်

Vol. 24 Ch. 323

ဆန်းကြယ်သားရဲ ထွေးထုတ်လိုက်သည်မှာ အစိမ်းရောင်လင်းနေသော ပုတီးစေ့တစ်စေ့ ဖြစ်သည်။ ပုတီးစေ့၏ အလင်းရောင်ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး စိမ်းစိုတောက်ပသွား၏။ သို့သော် အမှန်တွင် ပုတီးစေ့က လင်းနေခြင်းမဟုတ်ဘဲ ၎င်းအတွင်း၌ ကူးခတ်ပျံဝဲနေသော သတ္တဝါတစ်ကောင်က လင်းနေခြင်းဖြစ်သည်။ အသေအချာကြည့်လိုက်ပါလျှင် ထိုသတ္တဝါသည် နဂါးစိမ်းတစ်ကောင် ဖြစ်ကြောင်း မြင်ရလိမ့်မည်။

အစိမ်းရောင်အလင်းကို မြင်လျှင် ရှုန်းရှီယွီ၏ မျက်နှာအမူအရာက ကွက်ခနဲ ပြောင်းလဲသွားသည်။ “အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ နဂါးစိမ်းပုတီးစေ့”

ချင်မူ ခေါင်းလှည့်ကြည့်လိုက်သည့်အခါ ပုတီးစေ့က ကိုက်သုံးကိုက်မျှ ကြီးမားလာခဲ့ပြီးဖြစ်သည်ကို မြင်လိုက်ရသည်။ ပုတီးစေ့ထဲရှိ နဂါးစိမ်းသည်လည်း များစွာထင်ရှားလာပြီး ရွှင်မြူးစွာ ကူးခတ်သွားလာနေ၏။ ယွီပိုချွမ်တို့အပေါ် ခုန်အုပ်လိုက်ကြသော ပန်းပွင့်မယ်များမှာ အစိမ်းရောင်အလင်းနှင့် ထိမိသည့်အချိန်တွင် သစ်သားရုပ်များ ဖြစ်ကုန်ကြသည်။ မလှုပ်မရှားနိုင်တော့ဘဲ တောင့်တောင့်ကြီး ရပ်တန့်နေကြသည်။

သစ်မြစ်မိစ္ဆာ၏ အမြစ်လက်တံများလည်း သစ်သားဖြစ်လာခဲ့၍ မလှုပ်နိုင်တော့ပေ။

ယွီပိုချွမ်က အရှေ့မှ ဦးဆောင်လာပြီး ချိုကားကား ဆန်းကြယ်မျောက်ဝံက ပုတီးစေ့ကို ခပ်မြင့်မြင့် မြှောက်လျက် လိုက်လာသည်။ ပုတီးစေ့၏အလင်းရောင် ဖြာဆင်းသွားသော နေရာတိုင်းတွင် ပန်းပွင့်မယ်များမှာ ထူးထူးဆန်းဆန်း ကိုယ်ဟန်အနေအထားများဖြင့် တောင့်တင်းကျန်ခဲ့ကြသည်။

“နဂါးစိမ်းပုတီးစေ့တဲ့လား”

ချင်မူ အနည်းငယ် အံ့အားသင့်သွားသည်။ ဤပုတီးစေ့သည် သစ်မြစ်မိစ္ဆာကဲ့သို့ မကောင်းဆိုးဝါးများကို တန်ပြန်တိုက်ခိုက်နိုင်ချေရာ အံ့ချီးဖွယ်ရတနာတစ်ပါး အမှန်ဖြစ်၏။

“ကျွန်မတို့ အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ အထွတ်အမြတ်ရတနာကို သူတို့ လုယူထားတာပဲ”

ရှုန်းရှီယွီက သရော်တော်တော် ပြုံး၍ လက်ဆန့်တန်းလိုက်သည်။ ဆန်းကြယ်မျောက်ဝံမှာ နဂါးစိမ်းပုတီးစေ့ မြောက်တက်သွားသည်ကို ခံစားလိုက်ရ၍ ထိတ်လန့်သွားပြီး ပုတီးအပေါ် အလျင်အမြန် ခုန်အုပ်ကာ ဖိထားလိုက်သည်။

ယွီပိုချွမ်ဘေးရှိ ကောင်းကင်နတ်အသွင်အဆင့် သိုင်းပညာရှင်များလည်း ချီစွမ်းအင်ဖြင့် နဂါးစိမ်းပုတီးစေ့ကို လှမ်းဆွဲထားကြသည်။ နှစ်ဖက်လုံးက အထွတ်အမြတ်ရတနာကို ထိန်းချုပ်လိုကြသဖြင့် နဂါးစိမ်းပုတီးစေ့မှာ ကြားတွင် တန့်နေသည်။

အမွှေးဖြူလင်းနို့နှစ်ကောင်က တမုဟုတ်ချင်း နောက်ပြန်လှည့်ကာ ဝိုက်ပျံသန်းလိုက်သည်။ သေးသေးမျှင်မျှင် အမွှေးများက ယွီပိုချွမ်နှင့် ကောင်းကင်နတ်သိုင်းပညာရှင်များဆီ ပြေးဝင်သွား၏။

မျက်စိတစ်မှိတ်အတွင်း အမွှေးဖြူလင်းနို့နှစ်ကောင်၏ ကိုယ်ပေါ်တွင် အမွှေးတစ်မျှင်မှ မကျန်တော့ပေ။ အမွှေးများက ဆူးအပ်ကဲ့သို့ လက်နက်ပုန်းများဖြစ်၏။ အသားကို ထိသည့်အခါ အမွှေးများက ထူးခြားစွာ ပျော့ပျောင်းသွားပြီး ခန္ဓာကိုယ်အတွင်း ဖောက်ဝင်ကာ ရန်သူ၏အသက်ကို လျှပ်တပြက် နုတ်ယူနိုင်သည်။

နဂါးချီလင်က သူ၏ကိုယ်လုံးကြီးကို လှုပ်ခါလိုက်သည်။ သူ၏အကြေးခွံများက မနှိုင်းယှဉ်နိုင်လောက်အောင် ထက်နေသော ဓားသွားများပမာ ယွီပိုချွန်တို့အား ပိုင်းချလိုက်၏။

နဂါးချီလင်မှာ အမြီးဖျားနှင့် သူ၏ခေါင်းအကြီးကြီးအပေါ်တွင်သာ နဂါးအမွှေး အနည်းအကျဉ်းကျန်ခဲ့သဖြင့် ကိုယ်တုံးလုံး ဖြစ်နေတော့သည်။

ရှုန်းရွှီယွီ ရုတ်ခြည်း ဖျော့တော့သွားပြီး ကပျာကယာ ပြောလိုက်သည်။ “မလှုပ်ရှားကြနဲ့”

သူမစကားပင် မဆုံးခင် အမွှေးဖြူလင်းနို့နှစ်ကောင်၏ အမွှေးမျှင်မျှင်များက နဂါးစိမ်းပုတီးစေ့၏ အစိမ်းရောင်အလင်းကို ထိသွားသည်။ တမုဟုတ်ချင်း အကုန်လုံး‌ တောင့်တင်းသွားပြီး မြေကြီးပေါ် ပြုတ်ကျသွား၏။

အမွှေးဖြူလင်းနို့နှစ်ကောင်က အမွှေးများကို ပြန်ခေါ်သော်လည်း အဆက်အသွယ်ပြတ်တောက်သွားသည်။ ညီနောင်နှစ်ဖော်မှာ မျက်ပြူးဆန်ပြူးဖြင့် ဆွံ့အနေ၏။

နဂါးချီလင်၏ အကြေးခွံများလည်း တောင့်တင်းသွားပြီး သစ်သားခွံများအဖြစ် မြေပြင်ပေါ် တဘုတ်ဘုတ် ကျသွားသည်။ ဖက်တီးနဂါး ကြက်သေသေသွားပြီး သူ၏ဗိုက်ပူပူကြီးက မြေကြီးနှင့် တိုက်သွား၏။ ယခင်က အကြေးခွံများ ဖုံးနေ၍ သိပ်တွဲမကျသော်လည်း အကြေးခွံများ မရှိတော့သည့်အခါ အဆီများမှာ ထိန်းမနိုင်သိမ်းမရ တွဲကျလာတော့သည်။

“ဂိုဏ်းသခင်...”

ဖက်တီးနဂါးက သူ့ကျောပေါ်ရှိ ချင်မူကို အားကိုးတကြီး လှည့်ကြည့်သည်။

ချင်မူလည်း ဓားအလက်ရှစ်ထောင်ကို ထုတ်လွှတ်ရန် ပြင်နေခဲ့သော်လည်း အခြေအနေကို မြင်သည့်အခါ လက်လျှော့လိုက်၏။

အစစ်အမှန်‌ကောင်းကင်နန်းတော်၏ နဂါးစိမ်းပုတီးစေ့က အလွန်ထူးဆန်းသည်။ နဂါးချီလင်သည် ကောင်းကင်နတ်အသွင်အဆင့် မရောက်သေးသော်လည်း သူ၏ခွန်အားက ကောင်းကင်နတ်အသွင်အဆင့် သိုင်းပညာရှင်နှင့် မကွာပေ။ အရေပြားနှင့် အသားကလည်း အင်မတန် ထူသည်။

ကောင်းကင်ရေလှိုင်းမြို့တွင် တုထျန်းမိစ္ဆာဘုရင် ရောက်လာပြီး နဂါးဘုရင်ဖြင့် အပြင်းအထန် တိုက်ခိုက်သည့်အခါ ဖြစ်ပေါ်လာသော ပေါက်ကွဲမှုက နဂါးချီလင်ကို ရိုက်ခတ်ခဲ့သော်လည်း အကြေးခွံအနည်းငယ် ကျွတ်ရုံမှအပ ဒဏ်ရာကြီးကြီးမားမား မရခဲ့ပေ။ နဂါးချီလင်၏ အကြေးခွံများက မည်မျှမာကြောသန်မာကြောင်း သက်သေဖြစ်သည်။

နဂါးစိမ်းပုတီးစေ့၏ အစိမ်းရောင်အလင်းကြောင့် သူတို့၏ရတနာများ သစ်သားဖြစ်သွားလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။

ချင်မူ၏ ဓားအလက်ရှစ်ထောင်သာ ပျံထွက်သွားလျှင် ရွှင်ပျော်ပျော်ဓားမှလွဲ၍ ကျန်ဓားအားလုံး သစ်သားဖြစ်သွားလိမ့်မည်။

ရှုန်းရှီယွီမှာ မှော်စွမ်းအင်ဖြင့် ယွီပိုချွမ်နှင့် ကောင်းကင်နတ်သိုင်းပညာရှင်တစ်သိုက်အား မယှဉ်နိုင်တော့ပေ။ နဂါးစိမ်းပုတီးစေ့က ယွီပိုချွမ်တို့ဘက် ပျံသန်းသွားတော့မည့်ဆဲဆဲတွင် ရုတ်တရက် မြေပြင်တစ်ခုလုံး တဝုန်းဝုန်း တုန်ခါလာပြီး အမြစ်များက မြေကြီးကို ထိုးခွဲကာ ထွက်လာသည်။ ၎င်းတို့က နဂါးစိမ်းပုတီးစေ့ကို ရစ်ပတ်ထုံးဖွဲ့ကာ မြေကြီးအောက်ထဲ ဆွဲချသွား၏။

ရှုန်းရှီယွီနှင့် ယွီပိုချွမ်တို့နှစ်ယောက်လုံး မှင်သက်သွား၍ နဂါးစိမ်းပုတီးစေ့အား အချိန်မှီမဆွဲလိုက်နိုင်ရာ သစ်မြစ်မိစ္ဆာက အငိုက်ဖမ်းလုယူသွားချေပြီ။

ယွီပိုချွမ်က အလေးအနက်အသံဖြင့် ပြောလိုက်သည်။ “နဂါးစိမ်းပုတီးစေ့က အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ ရတနာ။ အထဲမှာ ချိတ်ပိတ်ထားတာက နဂါးစိမ်းတစ်ကောင်ရဲ့ အစစ်အမှန်ဝိညာဉ်ပဲ။ ဒီမိစ္ဆာကြီး မစားပစ်စေနဲ့”

ရုတ်တရက် မြေပြင်မှာ ပို၍ပင် ပြင်းပြင်းထန်ထန် လှုပ်ခါလာပြီး အကုန်လုံး ခြေကုပ်မြဲအောင် မနည်းရပ်နေကြရသည်။ အောက်တွင် သားရဲကြီးတစ်ကောင် သွားနေသကဲ့သို့ မြေကြီးများ တရစပ် တုန်ခါနေပြီး မြောက်တက်လာသည်။

ဘုန်း

မြေကြီးများ၊ ကျောက်ခဲများ ဖွာခနဲ လွင့်စင်ပြန့်ကြဲသွားပြီး မြေကြီးအောက်မှ သစ်ကိုင်းသစ်ခက်များ ထိုးထွက်လာသဖြင့် သူတို့အားလုံး သစ်ကိုင်းများနှင့် အတူပါသွားသည်။ နဂါးချီလင်က ကပျာကယာ ဘေးခုန်လိုက်၍ သစ်ကိုင်းများက သူတို့၏ခန္ဓာကိုယ်များအား ဖြတ်တိုက်သွားကြ၏။

အမွှေးဖြူလင်းနို့နှစ်ကောင်က အလျင်အမြန် အပေါ်ပျံတက်လိုက်ကြပြီးမှ ကိုယ်လုံးတီးဖြစ်နေသည်ကို သတိရလိုက်သဖြင့် ဖွားဖက်တော်များအား လက်ဖြင့်အုပ်လိုက်ကြသည်။ ထိုအခါ နှစ်ကောင်သား အပေါ်မှ ခွေးကျ,ကျပြီး သစ်ကိုင်းများထဲ နစ်မြုပ်သွား၏။

အမွှေးဖြူလင်းနို့နှစ်ကောင် မှင်သက်သွားကြသည်။ သစ်ပင်က ဝရုန်းသုန်းကား ကြီးထွားနေဆဲဖြစ်ပြီး ပင်စည်ကလည်း ရှည်သထက် ရှည်လာနေသည်ကို သူတို့ မြင်နေကြရ၏။ များမကြာခင် သစ်ပင်ထိပ်ဖျားက တိမ်တိုက်ဖြူဖြူများကို ထိုးခွဲသွားချေပြီ။

လေက ပိုမိုအေးလာသလို၊ နေရောင်ကလည်း ပိုစူးလာသည်။ အမွှေးဖြူလင်းနို့နှစ်ကောင်မှာ အသက်ရှူရခက်လာသဖြင့် သစ်ပင်ထိပ်ဖျားမှ အလျင်အမြန် အောက်ဆင်းလိုက်ကြသည်။

သစ်ပင်က မနှိုင်းယှဉ်နိုင်လောက်အောင် ကြီးမား၍ သူတို့နှစ်ကောင် တော်တော်နှင့် အောက်မ‌ရောက်ပေ။ သူတို့၏ပျံနှုန်းက မြန်သော်လည်း အချိန်များစွာယူနေရသေး၏။

အောက်ကို ငုံ့ကြည့်လျှင် မြင့်မားလွန်း၍ ခေါင်းမူးရလိမ့်မည်။ သစ်ကိုင်းသစ်ခက်များအား လွန်လာသည့်အခါ ပတ်ဝန်းကျင်ရှိ တောင်များထက် မြင့်မားသော အလုံးတုတ်တုတ် သစ်ပင်ကြီးတစ်ပင်ကို သူတို့ မြင်လိုက်ရသည်။

အမွှေးဖြူလင်းနို့နှစ်ကောင်မှာ ပင်စည်တစ်လျှောက် ထိုးဆင်းနေသော်လည်း အချိန်အတော်ကြာမှ မြေကြီးကို မြင်ရ၏။

သစ်ပင်ကြီးဆီမှ တဝုန်းဝုန်း မြည်သံများက မကြာခဏ ထွက်လာပြီး သစ်ကိုင်းများစွာ ခွဲဖြာထွက်သွားတတ်သည်။

အမွှေးဖြူလင်းနို့နှစ်ကောင်မှာ ဖြာထွက်လာသော အကိုင်းပွားများကို ရှောင်တိမ်းနေရသည်။ တစ်နေရာရောက်သော် လျှပ်စီးမီးပွားများ ဖျိုးဖျိုးဖျစ်ဖျစ် ဝင်းလက်လာသည်။ ထို့နောက် မိုးပေါက်များ တဖွဲဖွဲ ကျလာ၏။

အမွှေးဖြူလင်းနို့နှစ်ကောင် မြေပေါ်ရောက်သည့်အခါ ကိုယ်အောက်ပိုင်းကို လက်ဖြင့်အုပ်ရင်း ဟိုဟိုသည်သည် ကြည့်လိုက်ကြသည်။ ချင်မူနှင့် ကျန်ရှိသူများကို မမြင်ရပေ။ သစ်ပင်ကြီးက တောင်ကြီးသဖွယ် ပိတ်ဆို့ကာဆီးထားသည်။

သစ်မြစ်များက မြေကြီးကို ထိုးခွဲ၍ နဂါးများသဖွယ် လူးလွန့်ဖြာထွက်နေသည်။ အဝေးရှိ တောင်တချို့ပင် သစ်မြစ်များ၏ ရစ်ပတ်ခြင်း ခံထားရ၏။

ယခုအချိန်တွင် သစ်ရွက်များက နေရောင်ပင် မတိုးပေါက်‌လောက်အောင် အုံ့ဆိုင်းနေသဖြင့် အလင်းရောင်သိပ်မရပေ။

ဖုညီနောင်က သစ်ပင်ပေါ် အလျင်အမြန် ပျံတက်ပြီး ချင်မူတို့ကို လိုက်ရှာသည်။

ရုတ်တရက် ရင်းရင်းနှီးနှီး ရှိသည့်အသံတစ်သံ ထွက်လာ၏။ အသံက ဧရာမပန်းဖူးကြီးများအကြား ဟိုဟိုသည်သည် ယမ်းခါနေသော သစ်မြစ်များရှိရာ သစ်ပင်ထိပ်ဖျား၏အောက်မှ လာခြင်းဖြစ်သည်။

“ဒါက သစ်မြစ်မိစ္ဆာရဲ့ မူလခန္ဓာကိုယ်မလား” ချင်မူ မေးသည်။

ဖုယွီချိုးနှင့် ဖုယွီချွင်မှာ အသံလာရာဘက် ကပျာကယာသွားပြီး ချင်မူ၊ နဂါးချီလင်နှင့် ရှုန်းရှီယွီတို့ကို မြင်မှ သက်ပြင်းချနိုင်ကြ၏။ သူတို့က သစ်ပင်ပေါ်မှ နဂါးချီလင်တို့ဘက် ခုန်ဆင်းပြီး တောင်ပံများဖြင့် ခန္ဓာကိုယ်များအား ဖုံးထားကြသည်။

ချင်မူ အသွင်ပြောင်းသစ်မြစ်မိစ္ဆာကို မော့ကြည့်ရင်း အံ့ဩမဆုံးဖြစ်နေမိသည်။ သူက တွဲလောင်းကျနေသော ဧရာမပန်းဖူးကြီးဆီ လျှောက်သွားပြီး ပွင့်ချပ်များအား လှန်လိုက်သည်။

အထဲတွင် ပန်းပွင့်မယ်တစ်ဦး ဇောက်ထိုးမိုးမျှော် တွဲလောင်းကျလျက် မလှုပ်မယှက်ရှိနေသည်။

ပန်းပွင့်မယ်က မျက်လုံးများကို အားယူဖွင့်၍ ချင်မူ့အား ကြည့်ကာ ယိုင်နွဲ့နွဲ့ ပြောသည်။ “ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်....”

ချင်မူ ပန်းပွင့်မယ်၏မျက်လုံးများအား ပိတ်ပေးလိုက်သော်လည်း သူမက ပြန်ဖွင့်ပြီး စူးစူးရဲရဲ ကြည့်သည်။

ချင်မူ ကျန်ပန်းဖူးများကို သွားဖွင့်ကြည့်သည့်အခါ အထဲတွင် ဇောက်ထိုးမိုးမျှော် တွဲလောင်းကျနေသော ပန်းပွင့်မယ်များ ရှိနေကြသည်။ ပန်းပွင့်မယ်တို့သည် အထီးကျန်တောင်ကြားသစ်မြစ်မိစ္ဆာမှ မွေးဖွားလာသော ဆန်းကြယ်သတ္တဝါများဖြစ်ကြ၏။ သူတို့က အမှီအခိုမဲ့သတ္တဝါများမဟုတ်၊ သစ်မြစ်မိစ္ဆာခန္ဓာကိုယ်၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ကြသည်။

“သစ်မြစ်မိစ္ဆာက နတ်ဘုရားသွေးနဲ့ မိစ္ဆာသွေးတွေကို စုပ်ယူပြီး မိစ္ဆာတစ်ကောင်ဖြစ်လာတဲ့ သစ်မြစ်လေးသက်သက်ပဲ။ ပင်စည်မရှိခဲ့ပေမယ့် အခုတော့ နဂါးစိမ်းပုတီးစေ့ရဲ့ စွမ်းအင်ကို စားသုံးရင်း ပင်စည်ရှိလာပြီဆိုတော့ ပိုလို့တောင် ကြောက်စရာကောင်းလာလိမ့်မယ်”

ချင်မူ စိုးရိမ်လာသည်။ “ဒီနေရာကနေ မြန်မြန် ထွက်သွားကြစို့”

အမွှေးဖြူလင်းနို့နှစ်ကောင်မှာ သူတို့၏အမွှေးတချို့ ပုံမှန်ပြန်ဖြစ်လာသည်ကို မြင်လျှင် ဝမ်းသာသွားပြီး ခန္ဓာကိုယ်များအား လှုပ်ခါကာ ပြန်‌ခေါ်လိုက်ကြ၏။

ထိုအခြင်းအရာကို သတိထားမိလျှင် နဂါးချီလင်လည်း ကိုယ်လုံးကြီးကို လှုပ်ခါလိုက်ရာ ပုံမှန်ပြန်ဖြစ်သွားသည့် အကြေးခွံများ ပြန်ရောက်လာကြသည်။

ရှုန်းရှီယွီ ခေါင်းခါလိုက်သည်။ “နဂါးစိမ်းပုတီးစေ့ထဲမှာ နဂါးစိမ်းတစ်ကောင်ရဲ့ အစစ်အမှန်ဝိညာဉ်ရှိတယ်။ ဒီမိစ္ဆာအနေနဲ့ အဲ့ဒါကို စားနိုင်မှာမဟုတ်ဘူး။ နဂါးစိမ်းပုတီးစေ့ထဲက စွမ်းအင်ရဲ့ ထိန်းချုပ်ခံထားရတာကြောင့် လှုပ်ရှားမရဘဲ ဖြစ်နေလိမ့်မယ်။ ကျွန်မတို့ သူ မြိုချလိုက်တဲ့ နဂါးစိမ်းပုတီးစေ့ကို ရှာတွေ့တာနဲ့ အခြေအနေကို ပြောင်းပြန်လှန်ပြီး ယွီပိုချွမ်နဲ့ သစ္စာဖောက်တွေကို သတ်နိုင်ပြီ”

ရှုန်းချီအာ သိချင်သွားသည်။ “မယ်မယ်၊ နဂါးစိမ်းပုတီးစေ့ကို ယူလိုက်ရင် ဒီသစ်မြစ်မိစ္ဆာကြီးက အသက်ပြန်ဝင်သွားမှာလား”

ရှုန်းရှီယွီ တုန်လှုပ်သွားသည်။ ယခုတွင် နဂါးစိမ်းပုတီးစေ့က သစ်မြစ်မိစ္ဆာကို ဖိနှိပ်ပေးထားသည့်အတွက် သူတို့သာ ပုတီးစေ့ယူလိုက်လျှင် သစ်မြစ်မိစ္ဆာ လှုပ်ရှားနိုင်လိမ့်မည်။ ထိုအခါ ဒုက္ခရောက်ပြန်ဦးမည်။

ရုတ်တရက် အသံတစ်သံ ထွက်လာသည်။ “သခင်လေး နဂါးစိမ်းပုတီးစေ့က ဒီမှာ”

ချင်မူ့အမူအရာက အကြီးအကျယ် ပြောင်းလဲသွားသည်။ “သေစမ်း၊ သူတို့ နဂါးစိမ်းပုတီးစေ့ကို ထုတ်လိုက်လို့ မဖြစ်ဘူး”

အသံလာရာသို့ သူတို့ လှမ်းကြည့်သည့်အခါ ယွီပိုချွမ်နှင့် အစစ်အမှန်ကောင်းကင်နန်းတော်၏ သိုင်းသမားများ ပင်စည်၏အစိတ်အပိုင်းတစ်ခုကို ကြည့်နေကြကြောင်း မြင်လိုက်ရသည်။ ထိုအစိတ်အပိုင်းက ကျောက်စိမ်းသဖွယ် အစိမ်းရောင်တောက်နေပြီး တစ်ဧကမျှသော ဧရိယာအား ထွန်းလင်းနေစေ၏။

အထီးကျန်တောင်ကြား သစ်မြစ်မိစ္ဆာက နဂါးစိမ်းပုတီးစေ့ကို မြိုချလိုက်၍ ပုတီးစေ့အတွင်းရှိ ကြောက်မက်ဖွယ်ရာ စွမ်းအင်ကြောင့် သစ်မြစ်သစ်ကိုင်းများ ခွဲဖြာထွက်သွားသည်။ သို့သော် သစ်မြစ်မိစ္ဆာ၏ လှုပ်ရှားနိုင်စွမ်း ကင်းမဲ့သွားပြီး အမြစ်များလည်း တောင့်တင်းကာ မရွေ့လျားနိုင်တော့ပေ။

“နဂါးစိမ်းပုတီးစေ့ကို မထုတ်လိုက်နဲ့။ ထုတ်လိုက်ရင် သစ်မြစ်မိစ္ဆာ လှုပ်ရှားနိုင်သွားလိမ့်မယ်။ ငါတို့တစ်ယောက်မှ အသက်ရှင်မှာမဟုတ်ဘူး”

ဤသို့ပြောပြီးနောက် ယွီပိုချွမ်က ချင်မူတို့ဆီ လှမ်းကြည့်သည်။ သူ မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး သူ့ဘေးရှိ လူများက သူ့ကို ဝန်းရံကာကွယ်လျက် စောင့်နေကြသည်။

ချင်မူ ပြုံးလိုက်သည်။ “နောင်ကြီးတို့ အဆင်ပြေကြလား။ အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ ကောင်းကင်နတ်သိုင်းတွေကို ဒီမှာ သုံးလို့ရသေးလား။ မရတော့ရင်တော့ ကောင်းကောင်းပြန်ကြပါလို့ပဲ ကျွန်တော် ပြောရတော့မယ်”

ယွီပိုချွမ်က ဖျတ်ခနဲ လှုပ်ရှားပြီး အစိမ်းရောင်အလင်းဖြာနေရာဆီ သွားလိုက်သည်။ သူက သစ်ပင်၏ပင်စည်ထံ လှမ်းကာ သရော်တော်တော် ပြုံး၏။ “ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်၊ ငါ ဒီနေရာမှာ သေရမယ်ဆို မင်းတို့လည်း သေရမယ်.... ဒီအမွှေးရနံ့ ...ဒီအမွှေးရနံ့က....”

ပြောရင်းဆိုရင်း သူ ချာချာလည်ထွက်သွားပြီး ပုံလဲကျသွား၏။

“အတိတ်မေ့ဆေးရဲ့ အမွှေးရနံ့ပေါ့” ချင်မူက တောက်ပစွာ ပြုံးလျက် ဖြေလိုက်သည်။

ဘုတ် ဘုတ်

အစစ်အမှန်ကောင်းကင်နန်းတော်မှ လူများ အတုံးအရုန်း လဲကျသွားကြ၏။ ကောင်းကင်နတ်အသွင်အဆင့် သိုင်းသမားသုံးယောက်သာ တောင့်ခံနိုင်သည်ဆိုရုံလေး တောင့်ခံထားကြသည်။ သို့သော် သူတို့မျက်နှာများက နီရဲနေသည့်အပြင် အတိတ်မေ့ဆေးက ကျင့်စဉ်စွမ်းအင်ကို ဖိနှိပ်ထားသည့်အတွက် မှော်စွမ်းအင် မလှည့်ပတ်နိုင်ပေ။

ထိုစဉ် မိန်းမအသံတစ်သံ ကြားလိုက်ရပြီး သူမက ရယ်လျက် စကားပြောလိုက်သည်။ “အတိတ်မေ့ဆေးဟုတ်စ တစ်ချက် ရှူစမ်းကြည့်ရအောင်”

ရှုန်းရှီယွီ၏အမူအရာ အကြီးအကျယ် ပျက်ယွင်းသွားသည့်အချိန် ကောင်းကင်နတ်အသွင်အဆင့် သိုင်းသမားသုံးယောက်မှာ ဝမ်းသာပျော်ရွှင်သွားကြသည်။

“အဆိပ်ဆရာမ”

“မုယင်ရွှယ်”

ချင်မူ အသံလာရာဆီသို့ ကြည့်လိုက်သည့်အခါ အနက်ရောင်အဝတ်အစားနှင့် မိန်းမတစ်ယောက်အား မြင်လိုက်ရသည်။ သူမက ရွှေငွေလက်ဝတ်တန်ဆာများ ဆင်ယင်ထားပြီး ‌ခေါင်းတွင်မူ ကျောက်စိမ်းပုတီးစေ့များ စီခြယ်ထားသည့် သရဖူတစ်ခုအား ဆောင်းထား၏။ သစ်ကိုင်းများမှ တွဲလောင်းကျနေသော ပန်းပွင့်မယ်များဘေးမှ သူမ ဖြတ်လာသောအခါ ပန်းပွင့်မယ်အားလုံး နွမ်းခြောက်ပြာကျသွားကြသည်။

ချင်မူ ကျောက်စိမ်းပုလင်းတစ်ပုလင်း ထုတ်၍ အပြုံးလေးဖြင့် လှမ်းပစ်ပေးလိုက်သည်။ “ဒါက အတိတ်မေ့ဆေးဟုတ်ပါတယ်။ တစ်ရှိုက်လောက် ရှူစမ်းကြည့်ပေါ့”

All Chapters