ပါရမီရှင်နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ချီးကျူးခြင်း
Vol. 24 Ch. 324
အနက်ရောင်အဝတ်အစားဖြင့် အမျိုးသမီးက အစစ်အမှန်ကောင်းကင်နန်းတော်၏ အဆိပ်ဆရာမ မုယင်ရွှယ်မှတစ်ပါး အခြားမဟုတ်ပေ။ သူမက အသက်မကြီးသေး။ အနက်ရောင်အဝတ်အစားများအောက်ရှိ သူမ၏ခန္ဓာကိုယ်မှ တင်းရင်းပျိုမျစ်မှုတို့က ဖုံးဖိမရအောင် ထင်ပေါ်နေသည်။ အသားကလည်း ဖွေးနေရာ အနက်ရောင်အဝတ်အစားနှင့် ကောင်းစွာ ဆန့်ကျင်လျက်ရှိ၏။ နူးညံ့လှပါသည်ဆိုသော နှင်းပွင့်များထက်ပင် ဖွေးဖြူနေသည့်အတွက် သူမနာမည်နှင့် အမှန်လိုက်ဖက်ပေသည်။
မုယင်ရွှယ် ကျောက်စိမ်းပုလင်းကို ဖမ်းယူလိုက်သည့်အချိန်မှ အလွန်ပါးလျသည့်တိုင် သူမအရေပြားကို လေနှင့်မထိတွေ့အောင် ကာကွယ်ပေးနိုင်သော အနက်ရောင်ပိုးခြည်လက်အိတ် ဝတ်ထားကြောင်း ချင်မူ သတိထားမိလိုက်သည်။
ထိုလက်အိတ်က သာမန်မဟုတ်ပေ။ အဆိပ်ဖော်သည့်အခါ အဆိပ်ဓာတ်ဖြင့် မထိတွေ့မိအောင် အလွန်ဂရုစိုက်ရန် လိုအပ်၏။ ထိုပိုးခြည်လက်အိတ်များက ပိုးခြည်ကဲ့သို့ မလျော့ရဲဘဲ လေလုံကြောင်း ချင်မူ သေချာသည်။
သူမ၏ရင်အစုံက နိမ့်ချည်မြင့်ချည် လှုပ်ရှားနေခြင်း မရှိသည့်အတွက် နှာခေါင်းဖြင့် အသက်မရှူဘဲ မွေးညှင်းပေါက်များမှတစ်ဆင့် ရှူသွင်းရှူထုတ်နေသည်မှာ ထင်ရှားသည်။ သူမကား အဆိပ်မိမည်မဟုတ်ပေ။
မုယင်ရွှယ်၏ စွမ်းရည်က သိုင်းကျင့်စဉ်အပေါ်သော်လည်းကောင်း၊ ဝိညာဉ်လက်နက်များအပေါ်သော်လည်းကောင်း မမူတည်။ သူမ၏အဆိပ်အပေါ်သာ မူတည်၏။
ဆေးဆရာတစ်ယောက်၏ အစွမ်းအစကို သိုင်းအဆင့်ဆိုသည့် ပေတံဖြင့် တိုင်းထွာမရပေ။ သိုင်းအဆင့်က လွန်စွာနိမ့်ကျလျှင်ပင် အဆိပ်ဖြင့် နတ်ဘုရားတစ်ပါးအား သတ်နိုင်သေးသည်။
မုယင်ရွှယ်က ကျောက်စိမ်းပုလင်းကို ကြည့်လိုက်သော်လည်း အတိတ်မေ့ဆေးကို မရှူ။ လက်ကို မြှောက်ကာ မွှေးညှင်းပေါက်များထဲ ဆေးနံ့ ဝင်သွားစေသည်။ ပမာဏအနည်းအကျဉ်း စုပ်ယူလိုက်သည့်အခါ တမုဟုတ်ချင်း သူမလက်မောင်းတစ်ဖက်လုံး ထုံသွားပြီး အထိအတွေ့ ခံစားမရတော့ပေ။
“ဘယ်လောက်အံ့ဩစရာကောင်းတဲ့ မေ့ဆေးလဲ”
သူမမျက်လုံးများ တောက်ပလာပြီး ကျောက်စိမ်းပုလင်းထဲ တစ်စုံတစ်ခု ထည့်ပြီးနောက် ချင်မူ့ဆီ ပြန်ပစ်ပေးကာ ချီးကျူးသည်။ “ကောင်းကင်နတ်အသွင်အဆင့် သိုင်းသမားတွေကို အဆိပ်မခပ်နိုင်ပေမယ့် မလှုပ်ရှားနိုင်အောင် လုပ်နိုင်တယ်။ သိပ်ထူးခြားတဲ့ အတိတ်မေ့ဆေးပဲ”
ချင်မူ လက်ဝါးကို ခါလိုက်ပြီး ချီစွမ်းအင်ဖြင့် ကျောက်စိမ်းပုလင်းအား ဖမ်းလိုက်သည်။ သူ့လက်နှင့် တိုက်ရိုက်မထိစေဘဲ ထောင်ကျယ်အိတ်ထဲမှ ခြေသုံးချောင်းဖားပြုပ်တစ်ကောင် ထုတ်လိုက်၏။
ဖားပြုပ်က ပါးစပ်ဟ၍ ကျောက်စိမ်းပုလင်းကို မြိုချ၍ ပါးစပ်ပိတ်ပြီးနောက် ပြန်အန်ထုတ်သည်။ ထို့နောက် ချင်မူက ဖားပြုပ်ကို အောက်ချပေးလိုက်သည့်အခါ ဖားပြုပ်က မုယင်ရွှယ်ဆီ ခုန်သွားသည်။
ရှုန်းရှီယွီနှင့် ကျန်ရှိသူများမှာတော့ အူကြောင်ကြောင် ကြည့်နေကြသည်။ တောင်ကြားထဲမှာတုန်းက ချင်မူ ဆေးပင်လိုက်စုခဲ့သည်ကို သူတို့ သိသော်လည်း မည်သည့်အချိန်က ခြေသုံးချောင်းဖားပြုပ်တစ်ကောင်ကို ထောင်ကျယ်အိတ်ထဲ ထည့်လိုက်မှန်း သူတို့ မသိကြပေ။
“မမကြီးမုရဲ့ အဆိပ်က သိပ်ထူးကဲတာပဲ” ချင်မူ ချီးကျူးလိုက်သည်။ “ဒါပေမဲ့ မမကြီးရဲ့အဆိပ်က အဆင့်နိမ့်နေသေးတယ်၊ အဆင့်မြင့်အဆိပ်တွေနဲ့ ယှဉ်နိုင်တဲ့ အရည်အချင်းမရှိဘူး။ တစ်လောကလုံးမှာ ပြိုင်ဘက်ကင်းဖြစ်ဖို့ကတော့ အဝေးကြီးပေါ့”
မုယင်ရွှယ်က ခုန်ဆွခုန်ဆွ လာနေသော ခြေသုံးချောင်းဖားပြုတ်ကို ကြည့်သည်။ သူမ အသာအယာ လက်တောက်လိုက်သည့်အခါ ချီစွမ်းအင်ကြိုးမျှင်က ပိုးကောင်တစ်ကောင် အသွင်ဖွဲ့တည်လာပြီး တဝီဝီ ပျံသန်းနေသည်။ ခြေသုံးချောင်းဖားပြုပ်က ပိုးကောင်ကို လျှာဖြင့် လိပ်ဖမ်းပြီးနောက် အုံးအွမ်ဟု နှစ်ကြိမ်အော်သည်။ ပိုးကောင်ကို စားလိုက်သည်နှင့် ဖားပြုတ်မှာ ပူဖောင်းကြီးလို ဖောင်းလာကာ နွားတစ်ကောင်သဖွယ် ကြီးမားလာ၏။
ချင်မူ စွမ်းအင်ဆေးလုံးတစ်လုံး ထုတ်၍ အလယ်မှ ခြမ်းလိုက်သည်။ နှစ်ခြမ်းပွင့်သွားလျှင်ချင်း အထဲမှ တဝီဝီ ဆူသံများ ထွက်လာ၏။ ဆေးလုံးက အထဲတွင် ဗလာကျင်းနေပြီး ခြင်တစ်ကောင် ရှိနေချေသည်။
ခြင်က တောင်ပံခတ်ကာ ဖားပြုပ်၏ကျောပေါ် နားလိုက်သည်။ များမကြာခင် ဖားပြုပ်သည် သေးသထက် သေးလာပြီး ခြေက ကြီးသထက် ကြီးလာ၏။ ခြင်၏ဝမ်းဗိုက်မှာ ရေအိတ်ကြီးသဖွယ် ဖောင်းနေသော်လည်း အထဲတွင် ရှိနေသည်က သွေးဖြစ်သည်။ သွေးက နီရဲမနေ၊ အစိမ်းရောင်တောက်နေသည်။
ခြင် သွေးစုပ်ပြီးသည့်အခါ ခြေသုံးချောင်းဖားပြုပ်က ပုံမှန်အရွယ်အစား ပြန်ဖြစ်သွားပြီး ခုန်ဆွခုန်ဆွ လျှောက်သွားပြန်သည်။ ၎င်းက ခြင်ဆီ လျှာထုတ်လိုက်သော်လည်း အရွယ်အစားမမျှသဖြင့် မျိုမရပေ။
မုယင်ရွှယ် အံ့အားသင့်သွားသည်။ “ပိုးကောင်တွေကို စွမ်းအင်ဆေးလုံးအဖြစ် မွေးထားတယ်လား။ စိတ်ဝင်စားစရာပဲ”
သူမ လက်အိတ်ချွတ်လိုက်၍ ဖြူဖွေးနူးညံ့နေသော အသားလေးပေါ်လာသည်။ ခြင်က ရုတ်ခြည်း သူမလက်မောင်းဆီ ပျံသန်းလာပြီး နှာမောင်းဖြင့် အသားကို ထိုးဖောက်သည်။ ထိုအခါ ခြင်သည် အရည်ခမ်းသွားသကဲ့သို့ ရှုံ့လာပြီး အရောင်အသွေးလည်း ပြောင်းသွား၏။ ၎င်းက နီရဲလာပြီး မီးဟုန်းဟုန်းတောက်လျက် ချင်မူ့ဆီ လှည့်ပြန်လာသည်။
ချင်မူ့သူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး ထောင်ကျယ်အိတ်ထဲမှ စွမ်းအင်ဆေးလုံးတချို့ ထုတ်လိုက်သည်။ ဤဆေးလုံးများသည် အရွယ်အစားစုံလင်သည်သာမက အရောင်လည်း မတူကြပေ။
ချင်မူ သူတစ်ယောက်သာ သိသည့် အချိုးအစားအတိုင်း ဆေးလုံးများကို အလျင်အမြန် ခြမ်းလိုက်သည်။ သူ့လက်ဝါးမှ မီးတောက်တစ်ခု ဖွဲ့တည်လာပြီး သူက ဆေးစွမ်းအင်အမျိုးမျိုးကို ပေါင်းစည်းကာ ဆေးလုံးနောက်တစ်မျိုးအဖြစ် ပြောင်းလဲနေ၏။
ဤဆေးလုံးကို မြိုချ၍ ဆေးစွမ်းအင်ကို လှုံ့ဆော်ပြီးနောက် သူ့အင်္ကျီလက်အိုးက လိပ်တင်လိုက်သည်။
ခြင်က သူ့သွေးကို စုပ်ပြီးသည့်အခါ မီးဟုန်းဟုန်းတောက်နေရာမှ ပုံမှန်အရောင်ပြန်ဖြစ်သွားပြီး မုယင်ရွှယ်ဆီ အေးအေးလူလူ လှည့်ပြန်သွား၏။
မုယင်ရွှယ်က သရော်စကားဆိုသည်။ “အဆိပ်မခပ်လိုက်ဘူးလား”
ရုတ်တရက် ချင်မူ့နှာခေါင်းပေါ်တွင် ဘုကြီး ပေါက်လာပြီး နှာသီးဖျားက အပေါ်လှန်သွားရာ သူ့ပုံစံမှာ အလွန်ကြည့်ရဆိုးသွား၏။ သူက ဟက်ခနဲ ရယ်ကာ ပြောသည်။ “အဆိပ်သာ မခပ်လိုက်ရင် မမကြီးဆီ ဘယ်လိုပျံလာမှာတုန်း။ အနံ့ခံပြီးတော့လား”
မုယင်ရွှယ် အနည်းငယ်မျက်မှောင်ကြုတ်၍ ပျံသန်းလာသော ခြင်ကို စိုက်ကြည့်ကာ ချင်မူ ခပ်လိုက်သည့်အဆိပ်ကို ဆုံးဖြတ်ကြည့်နေသည်။
တခဏကြာသော် သူမက အင်္ကျီလက်အိုးထဲမှ ဆေးပင်အနည်းငယ်ထုတ်ကာ သွက်သွက်လက်လက် ဆေးဖော်လိုက်သည်။ ထို့နောက် လက်မောင်းပေါ် သုတ်လိမ်းပြီး ခြင်အကိုက်ခံလိုက်၏။
ခြင်ကိုက်ခံပြီးသည်နှင့် မုယင်ရွှယ်၏ ဆံပင်များ ရှည်ထွက်လာသည်။ သူမ၏ဘောင်းဘီလည်း ဗြန်းခနဲ ကွဲထွက်သွားပြီး အမွှေးဖွားဖွား အမြှီးတစ်ချောင်းက မြေကြီးကို တိုက်သည့်တိုင်အောင် ရှည်ထွက်လာ၏။
မုယင်ရွှယ်၏မျက်နှာက အနည်းငယ် မည်းမှောင်သွားသည်။ ခြင်က သူမသွေးကို စုပ်ပြီးသည့်အခါ ၎င်းကိုယ်ထဲရှိ အဆိပ်ဓာတ် ပြောင်းလဲသွား၍ သူမကို စိတ်မဝင်စားတော့ပေ။ ခြင်သည် တဝီဝီမြည်လျက် ချင်မူ့ဆီ ပျံသွား၏။
ချင်မူ့အမူအရာ မဆိုစလောက် ပြောင်းလဲသွားပြီး ထောင်ကျယ်အိတ်ထဲမှ စွမ်းအင်ဆေးလုံးတစ်ဒါဇင်ကျော် ထုတ်၍ နှစ်ခြမ်းခြမ်းကာ ရောစပ်လိုက်သည်။ ခြင် ပျံသန်းလာသည့်အခါ ချင်မူက စွမ်းအင်ဆေးလုံးအသစ် ဖော်စပ်ပြီးခဲ့ချေပြီ။
ဆေးစားလိုက်သည့်အခါ သူ့မျက်နှာက ပုံမှန်ပြန်ဖြစ်သွား၏။
ခြင်က သူ့ကို ကိုက်ပြီး ပျံထွက်သွားသည်။ ထိုစဉ် ချင်မူ့ကိုယ်ထဲမှ မိုးခြိမ်းသံကဲ့သို့ ဂျိုးဂျိုးဂျိမ့်ဂျိမ့်မြည်သံများ ထွက်လာ၏။ ထို့နောက် ကောင်းကင်မှ မိုးကြိုးတန်းများက သူ့ကို ပစ်ချလိုက်ရာ မျက်စိတစ်မှိတ်အတွင်း သူ့တစ်ကိုယ်လုံး မည်းခြစ်သွားတော့သည်။
ထိုအချိန်တွင် မုယင်ရွှယ်က အဆိပ်ဆေးပင်များကို အဆိပ်ဆေးတစ်ပုလင်းအဖြစ် ဖော်စပ်ပြီးသွားသည်။ ဆေးကို မော့သောက်လိုက်သည့်အခါ ရှည်ထွက်နေသော သူမ၏ဆံပင်များ ပြတ်ကျသွားသည်။ တင်ပါးရှိ အမြီးလည်း ပြုတ်ကျသွား၏။
သူမက သုန်သုန်မှုန်မှုန်ဖြင့် ဘောင်းဘီပြန် ဆွဲတင်ပြီးနောက် လက်ဆန့်ထုတ်ကာ ခြင်ကိုက်ခံသည်။
ထို့နောက် သူမ အင့်ခနဲ ညည်းလိုက်ရပြီး မြေကြီးပေါ် မှောက်ရက်သား လဲကျပြီး မျက်နှာဖြင့် မိတ်ဆက်သွား၏။ သူမကိုယ်အောက်ပိုင်းမှ ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်သံများ ထွက်လာပြီး ခြေရှစ်ချောင်းပေါ်လာကာ သူမပုံစံမှာ အမွှေးထူထူပင့်ကူတစ်ကောင်နှင့် တူသွားသည်။
“နင့်အဆိပ်က သိပ်ပြင်းတာပဲ” မုယင်ရွှယ်က ဒေါသတကြီး အော်သည်။ “အခု ငါ့အဆိပ်ကို မြည်းကြည့်လိုက်စမ်း”
ခြင်က ချင်မူ့ဆီ ပြန်သွားပြီး ချင်မူ့အမူအရာ အကြီးအကဲ ပြောင်းလဲသွားသည်။ သူ့အတွက် ဆေးအသစ် ကပျာကယာ ဖော်ပြီးနောက် မုယင်ရွှယ်၏ ရေခဲအဆိပ်ကို ချေဖျက်ကာ တုံ့ပြန်လိုက်၏။ “ကြောက်တယ်များ ထင်နေလား”
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အဆိပ်ခပ်နေသော မြင်ကွင်းအား ရှုန်းရှီယွီ၊ ရှုန်းချီအာနှင့် ကျန်ရှိသူများမှာ တအံ့တဩ ကြည့်နေကြသည်။ နှစ်ယောက် စစချင်းတွေ့တုန်းက အဆိပ်က ကျောက်စိမ်းပုလင်းပေါ်တွင် ရှိခဲ့သည့်အတွက် ချင်မူက ခြေသုံးချောင်းဖားပြုပ်ကို မြိုချစေလိုက်ပြီး တစ်ချိန်တည်းမှာပင် အဆိပ်ကို ပြောင်းလဲခဲ့သည်။
ခြေသုံးချောင်းဖားပြုပ်က အဆိပ်ဓာတ်ကြောင့် မုယင်ရွှယ်ကို အရသာရှိသည့်အစာအဖြစ် မြင်သွားပြီး ဗိုက်ထဲရှိ အပြင်းစားအဆိပ်များဖြင့် သူမဆီ ခုန်ခဲ့သည်။
ထိုအခါ မုယင်ရွှယ်က ချီစွမ်းအင်ကို ပိုးကောင်အသွင် ဖွဲ့တည်ကာ အဆိပ်နောက်တစ်မျိုး ခပ်ခဲ့သည်။ ဖားပြုပ် ပိုးကောင်ကို စားသည့်အခါ ၎င်းကိုယ်ထဲရှိ အဆိပ်က ပြောင်းလဲသွားပြန်၏။ ချင်မူက အနောက်ကောင်းကင်နန်းတော်၏ ချိုင့်ဝှမ်းထဲမှ ဖမ်းခဲ့သော ဆန်းကြယ်ခြင်ကို လွှတ်ပေးကာ ဖားပြုပ်၏သွေးအား စုပ်စေလိုက်သည်။ ထို့နောက် ခြင်က မုယင်ရွှယ်ကို ကိုက်ပြီး အဆိပ်သင့်စေခဲ့သည်။
မုယင်ရွှယ်က အဆိပ်ဖြေပြီးနောက် ခြင်ထဲ အဆိပ်ခပ်ထည့်ကာ ချင်မူ့ကို ကိုက်စေလိုက်သည်။
သူတို့အနေဖြင့် အဆိပ်ကြောင့် ခြင်မသေသွားအောင် တစ်ဖက်လူ၏ အဆိပ်ကို ဖြေရသလို၊ ရန်သူကို အဆိပ်ခပ်ဖို့လည်း အကောင်းဆုံး ကြိုးစားကြရသည်။ အဆိပ်ခပ်ခြင်းနှင့် အဆိပ်ဖြေခြင်းကို နက်နက်နဲနဲ သိမြင်နှံ့စပ်ထားမှ ဤသို့လုပ်နိုင်လိမ့်မည်။ သတိလက်လွတ် ဖြစ်သွားပြီး တစ်ဖက်လူကို အဆိပ်မခပ်လိုက်လျှင် မိမိဖော်သည့်အဆိပ် မိမိ ပြန်စားရလိမ့်မည်။
ချင်မူ ပျံသန်းလာသော ခြင်ကို ကြည့်၍ မျက်မှောင်ကြုတ်သွားသည်။ သူက လက်မြှောက်ကာ ပြောလိုက်၏။ “ခဏလေး မမကြီးအဆိပ်စွမ်းရည်က ကျွန်တော်စွမ်းရည်နဲ့ တူတူလောက်ပဲဆိုတော့ ဘယ်သူ ပိုသာလဲ အဖြေပေါ်ချင်ရင် ကိုယ့်ကိုယ်ကို အဆိပ်ပြန်မခပ်သင့်ဘူးလား”
မုယင်ရွှယ်လည်း သည်းမခံနိုင်တော့ပေ။ ချင်မူ့စကား ကြားသည့်အခါ သူမက ရှုန်းရှီယွီနှင့် ကျန်ရှိသူများကို လှမ်းကြည့်ကာ ပြုံးသည်။ “ဒါဆို နင်က ယွီပိုချွမ်ကို အဆိပ်ခပ်၊ ငါက အဆိပ်ဖြေမယ်။ ပြီးရင် ငါ နိုင်းခွေကို အဆိပ်ခပ်မယ်။ နင်က အဆိပ်ဖြေ။ မပူပါနဲ့။ ယွီပိုချွမ်က အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ သခင်လေးဖြစ်နေပြီဆိုတော့ နိုင်းခွေရဲ့ အဆင့်အတန်းအောက် သိပ်မနိမ့်ကျပါဘူး”
ရှုန်းရှီယွီနှင့် ကျန်ရှိသူများ အကြီးအကဲ မျက်နှာပျက်သွားကြပြီး မြေကြီးပေါ် မလှုပ်မယှက် လဲနေသော ယွီပိုချွမ်ပင် အသံတိတ်အော်နေသည်။
တစ်ယောက်ကိုတစ်ယောက် အဆိပ်ခပ်နေသော နှစ်ယောက်ကတော့ မျက်လုံးများ တလက်လက်တောက်ပနေသည်။ အဆိပ်ဆရာမမုယင်ရွှယ်၏ နာမည်ကြီးသော ရေခဲအဆိပ်ကပင် ချင်မူ့အား မည်သို့မျှမလုပ်နိုင်သေးပေ။ ဤအခြင်းအရာအရ ချင်မူ၏အဆိပ်ပညာသည် မုယင်ရွှယ်အောက် မလျော့ကြောင်း ပေါ်လွင်၏။
‘ငါ့ကို အဆိပ်ခပ်မယ်.... အဆိပ်ဆရာမသာ ပြန်မဖြေနိုင်ရင် ငါ သေရမှာမဟုတ်ဘူးလား’ ယွီပိုချွမ်မှာ ထွက်ပြေးချင်သော်လည်း မေ့ဆေးမပြယ်သေးသည့်အတွက် လှုပ်မရပေ။
ချင်မူက တဟားဟား ရယ်သည်။ “အဆိပ်ခပ်တတ်ရုံနဲ့ အစွမ်းအစရှိတယ် ပြောမရဘူးဗျ။ မမကြီးနဲ့ ကျွန်တော်က အဆိပ်လမ်းစဉ်မှာ အဆင့်မနိမ့်တော့ ပိုသန်မာတဲ့ ပစ်မှတ်ကို ရှာသင့်တယ်။ အသန်မာဆုံးပစ်မှတ်ကို သေတဲ့အထိ အဆိတ်ခပ်နိုင်မှ အစွမ်းအစရှိတယ် သတ်မှတ်နိုင်တာ”
မုယင်ရွှယ်က သိချင်သွားသောအမူအရာဖြင့် သွေးတိုးစမ်းသည်။ “နိုင်းခွေက အစစ်အမှန်ကောင်းကင်နန်းတော်မှာ သိုင်းအစွမ်းအမြင့်ဆုံးတွေထဲက တစ်ယောက်ပဲ။ သူ့ကျင့်စဉ်အခြေခံကို ငါ့ပိုးခြည်ရစ်ခွေအဆိပ်က ဖျက်စီးခဲ့တာတောင် ငါ့အဆိပ်လမ်းစဉ်က မြင့်မားသင့်သလောက် မမြင့်မားသေးဘူးဟုတ်လား”
ချင်မူ ဘေးရှိ သစ်ပင်ကြီးကို ရိုက်လိုက်ပြီး ပြုံးသည်။ “အဲ့ဒါက ဘာမှမပြောပလောက်သေးဘူး။ ကျွန်တော်တို့ အဆိပ်ပညာချင်း ပြိုင်ချင်ရင် ဟော့ဒီမိစ္ဆာကြီးကို ရွေးတာ အကောင်းဆုံးပဲ။ ဒီသစ်မြစ်မိစ္ဆာက နတ်ဘုရားသွေးနဲ့ မိစ္ဆာသွေးတွေကို စုပ်ယူခဲ့လို့ နတ်ဘုရားမျိုးဆက်ရော၊ မိစ္ဆာမျိုးဆက်ရော ဖြစ်နေတာ။ ဒီလိုစွမ်းအားမျိုးနဲ့ ဒီမိစ္ဆာကြီးက အင်မတန် ထူးခြားတယ်။ မမကြီး ဒါကြီးကို အဆိပ်ခပ်ချင်ရင် နတ်ဘုရားသွေးနဲ့ မိစ္ဆာသွေးကို ဖိနှိပ်နိုင်မယ့် အဆိပ်ဖော်ရမှာ။ ဒါကြောင့် နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကို အဆိပ်ခပ်ရမယ်လို့ ဆိုလိုတယ်”
မုယင်ရွှယ်၏မျက်လုံးများ တမုဟုတ်ချင်း ဝင်းလက်သွားသည်။ သူမက သစ်မြစ်မိစ္ဆာမှ အသွင်ပြောင်းလဲလာသော သစ်ပင်ကြီးကို ကြည့်ပြီး ရင်တဒိန်းဒိန်း ခုန်လာ၏။ “အဆိပ်ပညာရှင်တွေဆိုတာ နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကို အဆိပ်ခပ်နိုင်ဖို့ မျှော်လင့်ကြတယ်။ ဒါကြောင့် ကောင်းကင်တံတားအဆင့် သိုင်းသမားတစ်ဦးကို အဆိပ်ခပ်နိုင်တာက အစွမ်းအစရှိတာ မဟုတ်သေးဘူးပေါ့။ ကောင်းပြီ ငါ သဘောတူတယ်။ ဒီသစ်မြစ်မိစ္ဆာကို အဆိပ်ခပ်နိုင်တဲ့သူ အနိုင်ရမယ်”
ကောင်းကင်နတ်အသွင်အဆင့် သိုင်းသမားတစ်ယောက်မှာ စိတ်ဓာတ်ကျသွားပြီး ခဲရာခဲဆစ် လျှောက်လာသည်။ “အဆိပ်ဆရာမ၊ အရေးကြီးတဲ့ကိစ္စတွေ ရှိ....”
မုယင်ရွှယ်က သူ့ကို တစ်ချက်စောင်းကြည့်ကာ သရော်စကားဆိုသည်။ “အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ ထီးနန်းတွေကို ငါ စိတ်မဝင်စားဘူး။ ငါ့မျက်လုံးထဲမှာ အဆိပ်ကပဲ အရေးကြီးတယ်။ ငါနဲ့ ဒီမောင်လေး တစ်ယောက်ကိုတစ်ယောက် ပညာစမ်းပြီး အားရတဲ့အထိ ပြိုင်ရမယ်။ ဒါမှ ငါတို့တစ်ဘဝလုံး သင်ယူလေ့လာထားတာတွေ အလကားမဖြစ်မှာ”
ရုတ်တရက် အကုန်လုံး မြေကြီးပေါ် ဘုန်းခနဲ လဲကျသွားကြသည်။ နဂါးချီလင်၊ ရှုန်းရှီယွီနှင့် အမွှေးဖြူလင်းနို့နှစ်ကောင်လည်း တောင့်တင်းနေကြ၏။ ကောင်းကင်နတ်အသွင်အဆင့် သိုင်းသမားသုံးယောက်လည်း မေ့ဆေးကြောင့် မေ့ကုန်ကြသည်။
မုယင်ရွှယ်က ချင်မူ့ကို ကြည့်၍ ခိုင်မာပြတ်သားစွာ ဆိုသည်။ “ယင်ရွှယ်အတွက် လမ်းစဉ်တူမိတ်ဆွေတစ်ယောက်နဲ့ ဆုံတွေ့ခဲတယ်။ ဒါကြောင့် ငါတို့ ဒီနေ့ စိတ်အားရတဲ့အထိ ပြိုင်မယ်။ လောလောဆယ် ပရဆေးပင် လုံလုံလောက်လောက် ပါမလာလို့ မဟာမြို့ပျက်ထဲ သွားရှာရဦးမယ်။ နှစ်ရက်နေရင် နင်နဲ့ငါ ဒီသစ်ပင်ကြီးအောက်မှာ ပြန်ဆုံပြီး အစွမ်းကုန်ပြိုင်ကြစို့”
ချင်မူ သက်ပြင်းချလိုက်သည်။ “ဟုတ်ပါပြီ” ထို့နောက် သူ အတိတ်မေ့ဆေးပုလင်းကို တစ်ဝက်ဖွင့်ထားလိုက်သည်။ နောက်နှစ်ရက်ကြာသည်အထိ အတိတ်မေ့ဆေး၏ မွှေးရနံ့က သင်းပျံနေမည်ဖြစ်ရာ မည်သူမှ ဤနေရာအနား ကပ်လာနိုင်မည်မဟုတ်ပေ။
နှစ်ယောက်သား နဂါးချီလင်၊ ရှုန်းရှီယွီနှင့် ကျန်ရှိသူများကို အဖက်မလုပ်ဘဲ ဆေးပင်အရှာထွက်သွားကြသည်။
သူတို့ ထွက်သွားပြီးနောက် သစ်ပင်ကြီးက ထွက်ပြေးဖို့ အမြစ်များကို ဆွဲထုတ်သော်လည်း မည်မျှကြိုးစားစေကာမူ နဂါးစိမ်းပုတီးစေ့ကြောင့် တစ်လက်မလေးပင် လှုပ်မရပေ။