သစ်မြစ်မိစ္ဆာကို အဆိပ်ခပ်ခြင်း
Vol. 24 Ch. 325
မှောင်ရီပျိုးသည့်အခါ အမှောင်ထုက စိုးမိုးပျံ့နှံ့လာသည်။ သို့သော် သစ်ပင်ကြီးအနားတွင် ကောင်းကင်အလင်းတန်းများ ဖြာဆင်းနေ၏။ သစ်မြစ်မိစ္ဆာက အမှောင်ထု၏ကျူးကျော်မှုကို ရှောင်တိမ်းလို၍ အခြားနေရာများမှ နတ်ဘုရားရုပ်တုများကို ခိုးယူထားခဲ့ခြင်းဖြစ်သည်။
သစ်မြစ်များ နေရာအနှံ့အပြားကို လွှမ်းခြုံနိုင်သော်လည်း မူလခန္ဓာကိုယ်မှာ သစ်မြစ်အထွေးတစ်ထွေးသာ ဖြစ်၏။ နေ့ဘက်တွင် သစ်မြစ်များက အရပ်လေးမျက်နှာသို့ ဖြာထွက်သွားပြီး မိန်းမပျိုများအသွင် ဖန်ဆင်းကာ သားကောင်ကို မျှားတတ်သည်။ သို့သော် ညရောက်လျှင် နတ်ဘုရားရုပ်တုများ၏ ကောင်းကင်အလင်းမီးလျှံများ စောင့်ရှောက်ပေးထားသည့် နေရာသို့ ပြန်ဆုတ်လာရ၏။
အမွှေးဖြူလင်းနို့နှစ်ကောင်၊ နဂါးချီလင်၊ ရှုန်းရှီယွီနှင့် ရှုန်းချီအာတို့မှာ ကောင်းကင်အလင်းလွှမ်းခြုံပေးထားသော သစ်မြစ်များ၏အနား၌ ဖြစ်၍ အန္တရာယ်ကင်းလေသည်။
သို့သော် အတိတ်မေ့ဆေးကြောင့် မေ့သူကမေ့၊ လှုပ်မရသူက လှုပ်မရဖြစ်နေရာ မိုးလင်းမည်ကိုသာ တိတ်ဆိတ်စွာ စောင့်နေကြရ၏။
အမှောင်ထုထဲ ကျက်စားနေသော အရိပ်မည်းမည်းကြီးများမှ တစ္ဆေခြောက်သံများ ကြားနေရသည်။ မိစ္ဆာကြီးတစ်ကောင် နား,အနားကပ်၍ တိုးတိုးပြောနေသကဲ့သို့ မိစ္ဆာသံများလည်း အဆက်မပြတ် ညံနေ၏။ နတ်ဘုရားရုပ်တုတချို့က အသက်ဝင်လာပြီး ယနေ့ခေတ်လူများ နားမလည်နိုင်သော စကားများကို ပြောနေကြသည်။
ကောင်းကင်အလင်းမီးလျှံများက အမှောင်ထုကို ထိုးခွဲပြီး စိမ်းစိမ်းစိုစိုတောင်တန်းများ၊ ပြာလဲ့လဲ့ရေပြင်များဖြင့် သာယာလှပသောကမ္ဘာတစ်ခုကို ဖွဲ့တည်လိုက်သည်။ မဟာမြို့ပျက်သည် အခြားကမ္ဘာတစ်ခုနှင့် ထပ်တူကျသွားပြီး ထိုကမ္ဘာထဲရှိ လူများက မဟာမြို့ပျက်၏အမှောင်ထုအား စပ်စပ်စုစု စူးစမ်းနေကြ၏။
နောက်တခဏတွင် မှုန်ဝါးပြီး တိတ်ဆိတ်နေသော အသက်မဲ့ကမ္ဘာတစ်ကမ္ဘာ ဘွားခနဲ ပေါ်လာသည်။
ည၏ ထူးထူးဆန်းဆန်း အဖြစ်အပျက်များက လူတိုင်းကို ရင်တဒိန်းဒိန်း ခုန်နေစေ၏။
နောက်ဆုံးတွင် နေထွက်လာသည့်အခါ နဂါးချီလင်က ခြေလေးချောင်းကို မိုးပေါ်ထောင်လျက် ပက်လက်လန်နေသည်။ မုယင်ရွှယ်၏အဆိပ် မိထားသော်လည်း သူက ခပ်တိုးတိုး ရေရွတ်နိုင်သေး၏။ “ဂိုဏ်းသခင် ငါ့ကို ဒီနေ့ အစာမကျွေးရသေးဘူး...”
နောက်တစ်နေ့ ရောက်ပြီး ညနေစောင်းလာ၏။ ချင်မူ ဖုန်အလိမ်းလိမ်းဖြင့် အပြင်မှ ခပ်သုတ်သုတ် ပြန်ရောက်လာသည်။ သူက လမ်းလျှောက်ရင်း ဆေးဖော်နေ၏။ ကျောက်စိမ်းတချို့ကိုလည်း သူ လိုက်ရှာခဲ့ပြီး နန်းတွင်းကောလိပ်၏ အလုံပိတ်ဆေးမီးပိုထက် ပိုမိုရှုပ်ထွေးပြီး အသေးစိတ်သော ပါကွငါးဆင့်ဆေးမီးဖိုအဖြစ် သွန်းလုပ်ထားသည်။
ချင်မူသည် လက်မှုအတတ်၌ ကျွမ်းကျင်သူတစ်ဦးဖြစ်ရာ ဆေးမီးဖိုတစ်လုံး သွန်းလုပ်ခြင်းက သူ့အတွက် မခက်ပေ။
သစ်ပင်ခြေရင်းသို့ ရောက်လာသောအချိန်တွင် သူ ဆေးလုံးများ၊ ဆေးဝါးများ ဖော်စပ်နေဆဲ ရှိသေးသည်။
အလုံပိတ်ဆေးမီးဖိုက အဆိပ်ငွေ့များ စိမ့်မထွက်သွားအောင် ကာကွယ်ပေးနိုင်သည်။
သူ့ဆေးဖော်နည်းများက ယခင်နှင့် မတူတော့ပေ။ အဆိပ်ဘုရင်ငယ်နှင့် ယှဉ်ပြိုင်ပြီးနောက်ပိုင်း အဆိပ်ပညာတွင် များစွာ တိုးတက်လာခဲ့၏။
ဤတစ်ကြိမ်တွင် သူက အခြေခံအကျဆုံးနည်းလမ်းဖြင့် ရိုးရှင်းသော အဆိပ်ဆေးလုံးများကို ဖော်နေသည်။
ဓားသိုင်းတွင် အခြေခံဓားချက် ဆယ့်လေးချက်ရှိသကဲ့သို့ အဆိပ်ပညာတွင် အခြေခံအဆိပ်ဆေးလုံး တစ်ထောင့်နှစ်ဆယ့်လေးလုံး (၁၀၂၄) ရှိသည်။ အုပ်စုတစ်စုစီ ခွဲခြားခြင်းဖြင့် မတူညီသော အဆိပ်တစ်မျိုးစီကို ဖော်စပ်နိုင်၏။ အဆိပ်ဆေးလုံးတစ်မျိုးစီ၏ အဆိပ်ပြင်းအားက ကွဲပြားသည့်အတွက် တွဲဖက်အသုံးပြုသော ဆေးပင်အပေါ် မူတည်၍ ရရှိမည့်အဆိပ်ဓာတ်ကလည်း ကွဲပြားလိမ့်မည်။
ထို့အပြင် ချင်မူ ဆေးစွမ်းအင်ကို မြှင့်တင်ရန် အခြေခံစွမ်းအင်အားဖြည့်ဆေးလုံးများစွာကိုလည်း ဖော်စပ်ထားသည်။ ၎င်းတို့က အဆိပ်ဓာတ်ကို အဆများစွာ ပြင်းထန်စေနိုင်၏။
အခြေခံအဆိပ်ဆေးလုံးများနှင့် အားဖြည့်ဆေးလုံးများကို ဖော်စပ်ပြီးစီးသည့်အခါ သူက မျိုးစေ့အနည်းငယ်နှင့် ပိုးကောင်ဥတစ်ဒါဇင်ကျော် ထုတ်လိုက်သည်။ မျိုးစေ့များကို သစ်ပင်၏အောက်၌ စိုက်ပြီးသော် ကမ္ဘာမြေမှုန်ဖန်ဆင်းပညာနှင့် တစ္ဆေဖန်ဆင်းပညာကို အသုံးပြုလိုက်ရာ မျိုးစေ့များက တမုဟုတ်ချင်း ကြီးထွားလာပြီး ပရဆေးပင်များဖြစ်လာ၏။
တစ်ချိန်တည်းမှာပင် ပိုးကောင်ဥများမှ ပိုးကောင်သေးသေးလေးများ တွားသွားထွက်လာသည်။
ချင်မူ သူတို့ကို အားဖြည့်ဆေးလုံးများ ကျွေးလိုက်ပြီး ဝဖြိုးလာစေသည်။ ထို့နောက် စွမ်းအင်ဆေးရည်များအပေါ် ချပေးလိုက်ပြီး စားစေလိုက်ကာ သူတို့၏အဆိပ်ဓာတ်အား ပိုမိုပြင်းထန်လာစေ၏။
သူ၏ဆေးပညာအသိမှာ ပြီးပြည့်စုံသည့်အဆင့်နှင့် နီးကပ်နေပြီဖြစ်သော်လည်း ဆေးဆရာက သူ့ကို အဆိပ်ပညာအကြောင်း မသင်ပေးခဲ့ဖူးပေ။ အဆိပ်ဘုရင်ငယ်ဖုယွမ်ချင်းထံမှ အဆိပ်လမ်းစဉ်နှင့် ဆေးပညာအား မည်သို့ပေါင်းစည်းရမည်ကို သင်ယူခဲ့ရခြင်းဖြစ်သည်။
သူက အဆိပ်ပိုးကောင်ဘုရင်တစ်ကောင်သာ ကျန်ခဲ့သည့်တိုင်အောင် အဆိပ်ပိုးကောင်များကို တစ်ကောင်နှင့်တစ်ကောင် သတ်စားခွင့်ပြုထားလိုက်သည်။ ထို့နောက် အဆိပ်ဆေးလုံးအမျိုးမျိုး ဖော်စပ်ပြီး အဆိပ်ပိုးကောင်ဘုရင်ကို ကျွေး၏။
မှောင်ရီမပျိုးခင် မုယင်ရွှယ် ပြန်ရောက်လာသည်။
ဤအမျိုးသမီးက ဆင်ဖြူတစ်ကောင်ကို စီးလာပြီး ဆင်ဖြူက လှုပ်လီလှုပ်လဲ့ လျှောက်လာနေသည်။ ဆင်ဖြူအပြင် ပန်းပွင့်များ၊ ဆေးပင်များ၊ ငှက်များ ၊ တိရစ္ဆာန်များလည်း ရှိနေသည်။
ပန်းပွင့်များ၊ ဆေးပင်များ၊ ငှက်များ၊ တိရစ္ဆာန်များနှင့် ပိုးကောင်များပင် သူမနောက်လိုက်လာသည်ကို မြင်လျှင် ချင်မူ မှင်သက်မိသွားသည်။ သူတို့အားလုံးက မခွဲနိုင်မခွာနိုင်ဖြစ်နေပုံရ၏။
‘အရာရာတိုင်းမှာ ဝိညာဉ်ရှိတယ်ဆိုတော့ အဆိပ်တွေမှာလည်း ဝိညာဉ်ရှိမှာပဲ။ သူ ဆေးပင်စုတဲ့ပုံစံက ငါ့ထက် ပိုအဆင့်မြင့်တယ်။ အဆိပ်ဆေးပင်တွေတောင် သူ့အနောက် အလိုလိုလိုက်လာပါလား”
ဤသည်မှာ အဆိပ်လမ်းစဉ်တွင် အမှန်တကယ် ထူးချွန်ပေါက်မြောက်သော ပညာရှင်တစ်ဦး ဖြစ်ပေသည်။
ချင်မူ စိတ်ဖိစီးလာသည်။ အရှေ့နှစ်ရက်တုန်းက ပြိုင်ပွဲတွင် အနိုင်အရှုံး မပေါ်ခဲ့ဘဲ နှစ်ယောက်လုံး ထိခိုက်ခဲ့ရသည်။ သို့သော် ဤတစ်ခေါက်က ပြိုင်ပွဲစစ်စစ် ဖြစ်လာလောက်သည်။
မုယင်ရွှယ်က သစ်ပင်ခြေရင်းသို့ လျှောက်လာပြီး ပန်းပွင့်များ၊ ဆေးပင်များ၊ ငှက်များ၊ တိရစ္ဆာန်များနှင့် ပိုးကောင်များလည်း ထပ်ကြပ်မကွာ လိုက်လာကြ၏။
သစ်ပင်အောက်၌ လဲနေသော လူများမှာတော့ ကြောက်လန့်နေသော မျက်ဝန်းများဖြင့် ချင်မူနှင့် မုယင်ရွှယ်ကို ကြည့်ကာ ခေါင်းမွှေးများထောင်နေကြ၏။
အဆိပ်ဆိုသည်မှာ ချင်မူနှင့် မုယင်ရွှယ်အတွက် မထူးဆန်းသော်လည်း ကျန်ရှိသူများအတွက်တော့ မတွေ့ချင်ဆုံး အန္တရာယ်များ ဖြစ်ကြသည်။
မုယင်ရွှယ်က ဆေးပင်များကို စုပြီး သူ့နည်းသူ့ဟန်ဖြင့် ဆေးဖော်သည်။ အဆိပ်သတ္တဝါများနှင့် အဆိပ်ပင်များက သူတို့၏အဆိပ်ဓာတ်ကို သူတို့ဘာသာ အမြင့်ဆုံးအထိ မြှင့်တင်ပြီးနောက် အဆိပ်အပြင်းဆုံး အစိတ်အပိုင်းကို သူမဆီ ပေးကြသည်။
မုယင်ရွှယ်က အလေးအနက်ထား အာရုံစိုက်ကာ စေ့စေ့စပ်စပ် အဆိပ်ဖော်နေသည်။
သူမ၏အဆိပ်ပညာက အလယ်ကမ္ဘာမြေ၏ အဆိပ်ပညာနှင့် မဆိုစလောက် ကွဲပြားသည်။ ၎င်းက လူတစ်ယောက်၏ ချီ၏ အစဖြစ်သော ချီစွမ်းအင်ကို အဓိကပစ်မှတ်ထား၏။ ချီစွမ်းအင် မလုံလောက်သည့်အခါ ခန္ဓာကိုယ်သည် အားအင်ကုန်ခမ်းပြီး ယင်ဝိညာဉ်နှင့်သွေးတို့ အားနည်းလာလိမ့်မည်။ ချီစွမ်းအင် ကုန်ခမ်းသွားလျှင် ထိုပုဂ္ဂိုလ် သေရလိမ့်မည်။
သူမ၏အဆိပ်ပညာက အသက်၏ အရင်းအမြစ်ကို ရှာဖွေကာ သေသည်အထိ အဆိပ်ခတ်ခြင်း ဖြစ်သည်။ အလွန်ပြောင်မြောက်၏။
ချင်မူ မျက်ခုံးများပင့်သွားပြီးနောက် သူမနည်းတူ အလေးအနက်ထား အာရုံစိုက်ကာ အဆိပ်ဖော်လိုက်သည်။ နှစ်ယောက်သား ညလုံးပေါက်သည်အထိ ဇွဲကောင်းကောင်း ပြိုင်နေကြစဉ် သူတို့ဘေးရှိ သစ်ပင်ကြီးမှာတော့ တဆတ်ဆတ် တုန်နေတော့သည်။ သစ်ပင်ကြီးက တစ်ညလုံး ယိမ်းထိုးနေသော်လည်း လွတ်အောင် မရုန်းထွက်နိုင်သေးပေ။
မနက်လင်းသည့်အခါ ချင်မူ ဆေးဖော်ပြီးသွားသည်။ မုယင်ရွှယ်လည်း ခါးပြန်မတ်လိုက်သည်။ သူတို့လက်ထဲတွင် အသေးစားရေကရားတစ်ခုစီ ကိုင်ထားသည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။
“မမကြီး ဘာအဆိပ်ဖော်ခဲ့တာလဲဗျ” ချင်မူ စပ်စပ်စုစု မေးကြည့်လိုက်သည်။
မုယင်ရွှယ်က ရေကရားကို မဖွင့်ဘဲ ပြုံးသည်။ “မောင်လေးအဆိပ်က သိပ်ပြင်းပေမယ့် အပြောလေးကတော့ ပျားသကာလေးလို ချိုနေတာပဲနော်။ မမရင်ထဲတောင် နွေးသွားရတယ်။ ဒီအဆိပ်က နတ်ဘုရားသွေးနဲ့ မိစ္ဆာသွေးအတွက် ပစ်မှတ်ထားပြီး ဖော်စပ်ထားတဲ့ အဆိပ်အသစ်ဆိုတော့ နာမည်မပေးရသေးဘူး။ မမအဆိပ်က နတ်ဘုရားသွေးနဲ့ မိစ္ဆာသွေးကို အရည်ဖျော်ပြီး ချီစွမ်းအင်၏ မူလအရင်းအမြစ်ကို ဖျက်စီးနိုင်တဲ့ သတ္တိရှိတယ်။ ဒီအဆိပ်ကို စားပြီးရင် မိနစ်နှစ်ဆယ်အတွင်း ချီစွမ်းအင်ကုန်ခမ်း၊ ဝိညာဉ် ပြိုကွဲပြီး သေရလိမ့်မယ်”
ချင်မူ့မျက်လုံးများ အရောင်တောက်သွားပြီး ပြောလိုက်သည်။ “မမကြီးအဆိပ်မှာ နာမည်မရှိသေးဘူးဆိုတော့ ကျွန်တော် နာမည်ပေး,ပေးမယ်။ ဝိညာဉ်ဖြိုခွဲအံ့ဖွယ်သုံးသွယ်အဆိပ် လို့ ခေါ်ရင် ဘယ်လိုလဲ”
မုယင်ရွှယ်မှာ အလွန်သဘောကျသွားပြီး သူ့ကို ပြုံးပြုံးပျော်ပျော် ကြည့်ကာ ချီးကျူးသည်။ “တော်လိုက်တဲ့ မောင်လေး။ အသိအမြင်ကြွယ်ဝလိုက်တာ။ မမသာဆိုရင် ဒီလောက်ကောင်းတဲ့နာမည် တွေးမိမှာမဟုတ်ဘူး။ မောင်လေးရော ဘာအဆိပ် ဖော်ထားလဲ”
ချင်မူ ရေကရားကို ပုတ်ကာ ပြုံးလိုက်သည်။ “ကျွန်တော့်အဆိပ်က အရင်နဲ့မတူဘူး။ ကျွန်တော့်ဆရာက အဆိပ်ပညာအကြောင်း နားကန်းတစ်လုံးမှ မသင်ပေးဖူးတော့ ဆရာတူအစ်ကိုဆီကနေပဲ အဆိပ်ဖော်နည်း သင်ခဲ့ရတယ်။ ဒီအဆိပ်ရဲ့ သတ္တိက ယင်နဲ့ယန်ကို ပြောင်းပြန်လှန်ပြီး ဓာတ်ငါးပါးကို ဖောက်ပြန်စေနိုင်တာပဲ။ အားဖြည့်ဆေးဆိုတာ အဆိပ်လည်း ဖြစ်တယ်။ အားဖြည့်ဆေးနဲ့ အဆိပ်ကို အားဖြည့်ပေးလိုက်တဲ့အခါ ရုပ်ခန္ဓာကိုယ်နဲ့ မူလဝိညာဉ် ပျက်စီးလိမ့်မယ်။ ကျွန်တော့်အဆိပ်ကို စားလိုက်ရင် ခန္ဓာကိုယ်က အရင်ပျက်စီးပြီးမှ မူလဝိညာဉ်ပြိုကွဲမှာ။ ကျွန်တော့်အဆိပ်က လိုလန်ရွှေနန်းတော်ရဲ့ ဝိညာဉ်ပျက်စီးစေတဲ့ မှော်ဆရာအဆိပ်နဲ့လည်း ပေါင်းထားတာဆိုတော့ သုံးမျိုး ဖျက်စီးပေးနိုင်တယ်”
“ဒါဆို အဖျက်သုံးသွယ်အဆိပ်လို့ ခေါ်ကြရော။ နာမည်က သိပ်မလှပေမယ့် လိုက်ဖက်ပါတယ်” မုယင်ရွှယ် ပြောလိုက်သည်။
ချင်မူ ပြုံး၍ ပြောလိုက်၏။ “မမကြီးရဲ့ နာမည်ကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ အဖျက်သုံးသွယ်အဆိပ်လို့ ခေါ်ကြတာပေါ့”
မြေကြီးပေါ်တွင် လဲနေကြသူများမှာ ရယ်ရမည်လား၊ ငိုရမည်လား မသိကြတော့ပေ။ ဤနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် အဆိပ်ခတ်၍ တစ်ယောက်၏အဆိပ်ပညာကို တစ်ယောက်အနိုင်ယူနေသော ရန်သူများဖြစ်ပါသော်လည်း မောင်လေး၊ မမကြီးဟု ချစ်စနိုးခေါ်ရင်း အချင်းချင်း မြှောက်ပင့်ချီးကျူးနေကြသေး၏။
ထို့အပြင် သူတို့၏အဆိပ်များကို နာမည်မှည့်၍ ချီးကျူးနေသည်ကို ကြားရခြင်းအရ စားပြီးလျှင် နတ်ဘုရားပင် ဖြစ်လာနိုင်သည့် အထွတ်အမြတ်ဆေးများအကြောင်း ပြောသည့်အလား ထင်ရ၏။
“မမကြီး ဒီကောင်ကြီးကို မမကြီး အဆိပ်အရင်ခတ်မလား၊ ကျွန်တော် အရင်ခတ်ရမလား” ချင်မူ မေးလိုက်သည်။
မုယင်ရွှယ် အကြပ်ရိုက်သွားသည်။
ဦးစွာ အဆိပ်ခတ်ခြင်းနှင့် နောက်မှ အဆိပ်ခတ်ခြင်းတွင် ပြဿနာကိုယ်စီ ရှိသည်။
ပထမတစ်ယောက်က သစ်မြစ်မိစ္ဆာကို အဆိပ်ခတ်ပြီးသည့်အခါ အဆိပ်က ထိုသတ္တဝါကြီးကို မသတ်နိုင်လျှင်တောင်မှ အတိုင်းအတာတစ်ခုအထိ ထိခိုက်သွားစေနိုင်သည့်အတွက် နောက်လူအတွက် အသာစီးရလိမ့်မည်။ သို့ရာတွင် ပထမဆုံးအဆိပ်ခတ်သူကြောင့် သစ်မြစ်မိစ္ဆာသေသွားလျှင် နောက်လူအနေဖြင့် အလိုလို အရှုံးပေးရမည့် အခြေအနေလည်း ရှိသည်။
မုယင်ရွှယ် မဆုံးဖြတ်တတ်တော့ပေ။
ချင်မူက သူမမျက်နှာရိပ်မျက်နှာကဲကို ကြည့်ပြီး ပြုံးလျက် သူ့ရေကရားကို ဖွင့်လိုက်သည်။ “ကျွန်တော် အရင်သွားလိုက်ရမလား”
သူ ရေကရားဖွင့်လိုက်သည့်အခါ အနက်ရောင်အခိုးအငွေ့များ ထွက်လာသည်။ အခိုးအငွေ့များထဲမှ အဆိပ်ပိုးကောင်တစ်ကောင် ထွက်လာပြီး ၎င်းခန္ဓာကိုယ်မှ အလင်းတန်းများ ဖြာထွက်နေ၏။ ထိုသတ္တဝါလေးသည် ပင့်ကူနှင့်တူသော်လည်း ပင့်ကူမဟုတ်ပေ။ ခြေရှစ်ချောင်း၊ ရှည်ရှည်မျောမျော ခန္ဓာကိုယ်၊ နကျယ်ကောင်၏ ဝမ်းဗိုက်နှင့် စေ့စေ့ပိတ်ထားသော မျက်လုံးရှစ်လုံး ရှိသည်။
ဤသည်မှာ အဆိပ်ပိုးကောင်အစစ်မဟုတ်ဘဲ အဆိပ်ဓာတ်ကြောင့် အမြင်ပြောင်းလဲသွားသည့် ပိုးကောင်ဖြစ်၏။ အဆိပ်ပိုးကောင် မျက်လုံးဖွင့်လိုက်လျှင် ကမ္ဘာမြေတုန်ဟည်းစေမည့် အဆိပ်ထွက်လာမည်နှင့် တူသည်။
မုယင်ရွှယ် ထိတ်လန့်သွားပြီး ကပျာကယာ ပြောလိုက်သည်။ “ငါ အရင်သွားမယ်”
ချင်မူ နောက်တစ်လှမ်း ဆုတ်ပေးလိုက်ပြီး မုယင်ရွှယ်က ရေကရားကို ဖွင့်သည်။ အစိမ်းရောင်အငွေ့များ ထွက်လာပြီး ဝိညာဉ်ဖြိုခွဲအံ့ဖွယ်သုံးသွယ်အဆိပ်မှာ အစိမ်းရောင်အစေ့တစ်စေ့ဖြစ်ကြောင်း ပေါ်လွင်လာ၏။
မုယင်ရွှယ် မှော်စွမ်းအင်ထုတ်လွှတ်လိုက်သည့်အခါ အစိမ်းရောင်အစေ့က သစ်ပင်ကြီးအထဲ ဝှစ်ခနဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။
သစ်ပင်ထဲတွင် အစေ့တစ်စေ့ အညှောင့်ထွက်လာပြီး လျင်မြန်စွာ ကြီးထွားလာသည်ကို သူတို့နှစ်ယောက် ဝိုးတိုးဝါတား မြင်နေရသည်။
မုယင်ရွှယ်က အစီအရင်ဖြင့် ဝိညာဉ်ဖြိုခွဲအံ့ဖွယ်သုံးသွယ်အဆိပ်ထဲရှိ အဆိပ်ဓာတ်များကို ချေဖျက်လိုက်ပြီး မြေကြီးက ရုတ်တရက် တုန်ခါလာသည်။ သစ်မြစ်မိစ္ဆာသည် ပြင်းထန်သောနာကျင်မှုကို ခံစားနေရသကဲ့သို့ တဝုန်းဝုန်း လှုပ်လာ၏။ နဂါးများသဖွယ် ကြီးမားထူထဲသော သစ်မြစ်များက တဖြောင်းဖြောင်း ကျိုးပဲ့ပုပ်သိုးသွားပြီး ပန်းဖူးများအတွင်းမှ စူးစူးဝါးဝါးအော်ဟစ်သံများ ဆူညံလာသည်။ ပန်းပွင့်မယ်များမှာ ယိမ်းထိုးရုန်းကန်နေကြပြီး ပန်းပွင့်များ နွမ်းခြောက်ကုန်သည်။ ဧရာမပန်းဖူးကြီးများ မြေပြင်ပေါ် တဘုတ်ဘုတ် ကြွေကျလာသည့်အခါ အထဲရှိ မိန်းမများမှာ မီးသွေးတုံးများသဖွယ် မည်းခြစ်သေဆုံးနေကြ၏။
ကောင်းကင်ထက်ရှိ သစ်ပင်ထိပ်ဖျား၏ ပထမအလွှာမှာ တဂျွတ်ဂျွတ်မြည်လျက် ကျိုးကျလာသည်။ ၎င်းက အနားရှိတောင်တစ်လုံးအပေါ် ပြုတ်ကျကာ တောင်အား နှစ်ခြမ်းကွဲသွားစေသည်။
“သိပ်ပြင်းလိုက်တဲ့ အဆိပ်။ သိပ်ကောင်းလိုက်တဲ့ ဆေး” ချင်မူ တအံ့တဩ စုတ်သပ်လိုက်မိသည်။
သို့ထိတိုင် မုယင်ရွှယ်က မျက်မှောင်အနည်းငယ်ကြုတ်သွား၏။ သစ်ပင်ထိပ်ဖျား၏ ပထမအလွှာ ကျိုးကျလာပြီး ပင်စည်မှာ ခြောက်သွေ့လာပုံရသော်လည်း သူမ ထည့်မတွက်မိခဲ့သည့်အရာတစ်ခု ရှိနေသည်။ ၎င်းက နဂါးစိမ်းပုတီးစေ့ပင်။
သစ်မြစ်မိစ္ဆာက နဂါးစိမ်းပုတီးစေ့ကို မြိုချခဲ့သည်။ နဂါးစိမ်းပုတီးစေ့က သစ်မြစ်မိစ္ဆာကို လှုပ်မရအောင် ချုပ်ထားခဲ့သော်လည်း ချီစွမ်းအင်များစွာဖြင့်လည်း အားဖြည့်ပေးထား၏။
နတ်ဘုရားသွေးနှင့် မိစ္ဆာသွေး၌ ပါဝင်သော စွမ်းအားကလည်း သူမထင်ထားသည်ထက် ကြီးမားနေသည်။ သူမ၏ ဝိညာဉ်ဖြိုခွဲအံ့ဖွယ်သုံးသွယ်အဆိပ်က ဤသစ်မြစ်မိစ္ဆာကို သေသည်အထိ အဆိပ်မခတ်နိုင်လောက်တော့ပေ။
မုယင်ရွှယ် နှစ်နာရီကြာ စောင့်ပြီးသည့်အခါ သစ်မြစ်မိစ္ဆာ ရုန်းကန်နေခြင်း တစတစ ရပ်တန့်သွားသည်။ သစ်မြစ်များ ပြန်ထွက်လာပြီး သစ်ရွက်များလည်း ပြန်လည်ဝေဆာလာ၏။ ခြောက်ကပ်နေသော ပင်စည်က ကွာကျသွားပြီး အသစ်ဖြင့် အစားထိုးခံလိုက်ရသည်။
“ငါ ရှုံးသွားပြီ” မုယင်ရွှယ် မျက်နှာညှိုးသွားပြီး ခေါင်းယမ်းလိုက်သည်။
ချင်မူက ရှေ့တက်၍ ပြုံးပြလိုက်သည်။ “ကျွန်တော်လည်း မနိုင်လောက်ပါဘူး”
သူ၏ချီစွမ်းအင်က အားအဟုန်ဖြင့် ပေါက်ကွဲပေါ်ထွက်လာပြီး ယဇ်ပလ္လင်တစ်ဆူကို ဖွဲ့တည်လိုက်သည်။ ထို့နောက် သူက ရေကရားကို ယဇ်ပလ္လင်၏ အလယ်တည့်တည့်၌ ချပြီး အစီအရင်ရေးဆွဲ၏။ ပလ္လင်ပေါ်ရှိ ပိုးကောင်က တဖြည်းဖြည်း ကြီးမားလာသည်။ ရုတ်တရက် ၎င်းက ဝှစ်ခနဲ ပျံတက်ကာ သစ်ပင်ကို ကုပ်ဖက်၍ ကိုက်ဖောက်ဝင်ရောက်သွားသည်။
အစီအရင်ရေးဆွဲနေစဉ် ချင်မူ့ဆံပင်များက တလွင့်လွင့် ပျံလွင့်နေသည်။ သူ၏အဖျက်သုံးသွယ်အဆိပ်က မှော်ဆရာအဆိပ်ကို သုံးထားသည့်အထိ ၎င်းကို အသက်သွင်းဖို့ အစီအရင်ရေးဆွဲရန် လိုအပ်သည်။
အချိန်တစ်ခုကြာသည်အထိ သစ်မြစ်မိစ္ဆာက မည်သို့မျှမဖြစ်ပေ။ ထို့နောက် အဆိပ်ဓာတ်က ပေါက်ကွဲသွားပြီး သစ်ပင်ကြီးထံမှ အုန်းခနဲ မြည်ဟည်းသွား၏။ တဖြောင်းဖြောင်းကျိုးသံများ တရစပ် ဆူညံလာပြီး သစ်ကိုင်းများက မိုးရွာသည့်နှယ် တဝုန်းဝုန်း ပြုတ်ကျလာသည်။
သစ်မြစ်များက ဧရာမမြွေကြီးများသဖွယ် မြေကြီးကို ထိုးခွဲ၍ လေလယ်တွင် လူးလွန့်ယမ်းခါနေသည်။
ဝုန်း
မြေကြီးထဲမှ ထိုးထွက်လာသည့် သစ်မြစ်များမှာ အနက်ရောင်အလုံးကြီးပမာ ထွေးယှက်လိမ်ပတ်သွားပြီးနောက် နွမ်းခြောက်ကာ အပိုင်းပိုင်း ပြတ်ကျလာ၏။ အနက်ရောင်သစ်ကိုင်းအစအနများက မြေကြီးပေါ်တွင် တောင်ကြီးသဖွယ် ပုံနေတော့သည်။