အတောင့်တဆုံးသော
Vol. 24 Ch. 326
မုယင်ရွှယ်မှာ ငူငူငိုင်ငိုင် ရပ်နေသည်။ သစ်ကိုင်းအပိုင်းအစကြီးတစ်ခုက သူမဆီ လွင့်လာသော်လည်း ရှောင်ရန် မေ့နေသဖြင့် ချင်မူ သူမကို လှမ်းပွေ့ကာ ခုန်လိုက်ရသည်။
ထိုသစ်ကိုင်းကြီး ပြုတ်ကျလာသည့်အရှိန်က သူတို့နှစ်ယောက်ကို လွင့်ထွက်သွားစေ၏။
ခဏကြာသော် သူတို့ ရပ်လိုက်နိုင်၍ ချင်မူ မုယင်ရွှယ်ကို ပြန်ချပေးလိုက်သည်။ နောက်ပြန်လှည့်ကြည့်သည့်အခါ စောစောက မုယင်ရွှယ် ရပ်နေခဲ့နေသောနေရာတွင် သစ်ကိုင်းကြီး၏ အရှိန်ကြောင့် တွင်းကြီးချိုင့်ဝင်သွားသည်ကို မြင်လိုက်ရသည်။ ကျောက်ခဲမြေမှုန်များက လွင့်စင်ပြန့်ကြဲသွား၏။
မုယင်ရွှယ် စိတ်နှင့်ကိုယ်ပြန်သွားပြီး ထိတ်လန့်သွားသည်။ သူမက ကျောက်စိမ်းပုလင်းများ ထုတ်ပြီး ကပျာကယာ ပြော၏။ “ငါ့ကိုယ်ပေါ်မှာ အဆိပ်တွေ ရှိတယ်။ နင် ငါ့ကို ပွေ့လိုက်တုန်းက အဆိပ်မိသွားလောက်ပြီ”
“ရပါတယ်”
ချင်မူ အဆိပ်ဖြေဆေးတချို့ ထုတ်သောက်လိုက်သည်။
နှစ်ယောက်သား ဘေးဘီဝဲယာကို ကြည့်ရင်း ရင်တုန်သွားမိ၏။ ပတ်ဝန်းကျင်တွင် အမည်းရောင်သစ်ကိုင်းသစ်ခတ်များက တောင်လိုပုံနေချေသည်။
သူတို့ခြေထောက်အောက်တွင် သစ်မြစ်မိစ္ဆာ၏ အမြစ်များရှိသည်။ အမြစ်များက ထွေးယှက်လိမ်ပတ်နေသော်လည်း မလှုပ်တော့ပေ။
ချင်မူ သတိရသွားပြီး နဂါးချီလင်တို့ကို ကမန်းကတန်း ကြည့်လိုက်သည်။ ဤမျှကြီးမားသော သစ်ပင်ကြီး ပြိုကျသွားသည့်အချိန်တွင် သူတို့က သစ်မြစ်များအောက်၌ ရှိနေ၍ ကံကောင်းထောက်မပြီး ထိခိုက်ဒဏ်ရာရခြင်းမရှိကြပေ။
“နင် နိုင်သွားပြီ” မုယင်ရွှယ်၏မျက်နှာက ဆီးသီးလောက်သာ ရှိတော့ပြီး စိတ်ပျက်လက်ပျက် ပြောသည်။ “အနောက်ကမ္ဘာမြေရဲ့ နံပါတ်တစ် အဆိပ်ပညာရှင်က မဟာမြို့ပျက်က မောင်လေးတစ်ယောက်ကို မယှဉ်နိုင်ဘူးတဲ့လေ။ အနောက်ကမ္ဘာမြေရဲ့ နံပါတ်တစ်ဖြစ်ရတာ ရှက်ရွံ့မိပါတယ်”
ချင်မူ ခေါင်းယမ်းကာ ပြောလိုက်သည်။ “ဒီတစ်ခေါက် ကျွန်တော် ကြက်ကန်းဆန်အိုးတိုးသွားတာမလို့ မမကြီး စိတ်မကောင်းမဖြစ်ပါနဲ့။ ကျွန်တော့်အဆိပ်ထဲမှာ လိုလန်ရွှေနန်းတော်ရဲ့ မှော်ဆရာအဆိပ် ထည့်ထားရုံတင်မကဘူး၊ မမကြီးက သစ်မြစ်မိစ္ဆာကို အရင်အဆိပ်ခတ်ပြီး ချီစွမ်းအင် အားနည်းစေခဲ့တယ်။ အဲ့ဒါကြောင့်သာ ကျွန်တော် သူ့ကို အဆိပ်ခတ်သတ်နိုင်ခဲ့တာပါ”
“သူက နဂါးစိမ်းပုတီးစေ့ကို မြိုချထားတာလေ၊ အချိန်မရွေး ချီစွမ်းအင်ပြန်ဖြည့်နိုင်တယ်။ ငါက ဘာအကူအညီမှ မဖြစ်ခဲ့ပါဘူး” မုယင်ရွှယ်က အားလျော့စွာ ပြောသည်။
“တကယ်တော့ ကျွန်တော်က အဆိပ်ပညာမှာ မကျွမ်းပါဘူး။ ရောဂါတွေ ကုသပြီး လူကယ်တဲ့နေရာမှာပဲ ပိုကျွမ်းတာ” ချင်မူက နှစ်သိမ့်သည်၊။
မုယင်ရွှယ်မှာ ဤစကားကြောင့် အရှိုက်တည့်တည့် ထိသွား၏။
မကျွမ်းပေမယ့် ငါ့ကို အနိုင်ယူနိုင်သေးတယ်လား....
“နင် ငါ့ကို နှစ်သိမ့်စရာမလိုပါဘူး” သူမ အေးစက်စက် ပြောလိုက်သည်။ “အခု နင် နိုင်သွားပြီဆိုတော့ ငါ့ကို ဘာလုပ်မှာလဲ”
ချင်မူ စိတ်ရှုပ်ထွေးသွားပြီး ခေါင်းယမ်းလိုက်သည်။ “ကျွန်တော်က ဘာလုပ်ရမှာလဲ။ ကျွန်တော်တို့နှစ်ယောက် အခုလို ပြိုင်ပြီး ဒီသစ်မြစ်မိစ္ဆာကြီးကို ရှင်းပစ်နိုင်တာပဲ ဝမ်းသာလှပြီ။ လမ်းစဉ်တူ မောင်နှမတွေပဲ တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်ဖေးမတာက လုပ်သင့်တဲ့အရာမဟုတ်လား”
မုယင်ရွှယ်က ရွှန်းလဲ့နက်မှောင်နေသော မျက်ဝန်းများဖြင့် သူ့ကို စိုက်ကြည့်ပြီး ခြေဖျားလေးထောက်ကာ သူ့နှုတ်လမ်းပေါ် အနမ်းခြွေလိုက်သည်။ ထို့နောက် သူ့လက်ထဲ အိတ်သေးသေးတစ်လုံး ထိုးထည့်ကာ တခစ်ခစ် ရယ်လျက် လှည့်ထွက်သွား၏။ “ငါ နင့်ကို အခု တောင့်တအလွမ်းအဆိပ် ခတ်လိုက်ပြီ။ အနောက်ကမ္ဘာမြေကို သွားရင် ငါ့ကို လာရှာဖို့ မမေ့နဲ့။ ဒါပေမဲ့ အရှေ့တံခါးက မဝင်ဘဲ ပြတင်းပေါက်ကနေ ခုန်ကျော်လာဖို့ လိုတယ်”
ချင်မူ အကြောင်သား ကျန်ခဲ့သည်။ မိန်းကလေး၏ နှုတ်ခမ်းလေးများက စိုစိုလေးဖြစ်သည့်အပြင် နူးညံ့အိစက်ပြီး မွှေးလေသည်။ သူ့မှာ ထိုအတွေ့အထိမှအပ မည်သည်ကိုမျှ မတွေးနိုင်ဖြစ်နေသည်။
သို့သော် ဤခံစားချက်က အဆိပ်ကြောင့်မဟုတ်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နတ်ဆေးသမားတော်လေး ချင်မူသည် သူ့ခန္ဓာကိုယ်ကိုသူ စေ့စေ့ပေါက်ပေါက် သိသည့်အတွက် စိတ်အေးအေးထားပြီး သူ့အခြေအနေကို ဆန်းစစ်ကြည့်၏။ ‘ဦးနှောက်ထဲ သွေးမရောက်တဲ့ လက္ခဏာတွေ ရှိတယ်။ သူ ငါ့ကို နမ်းလိုက်တုန်းက ငါ့နှလုံးခုန် ရပ်သွားပြီး ဦးနှောက်ထဲ သွေးမရောက်တော့ဘူး။ အဲ့ဒါကြောင့် ငါ ဘာမှမတွေးနိုင်ဖြစ်ရတာ’
မုယင်ရွှယ်က နဂါးချီလင်၊ ရှုန်းရှီယွီနှင့် ကျန်ရှိသူများ တန်းတန်းလျှောက်သွားသဖြင့် ငေးကြောင်နေသော ချင်မူလည်း ကပျာကယာ လိုက်သွားသည်။
သစ်မြစ်မိစ္ဆာ၏ကိုယ်ထဲမှ နဂါးစိမ်းပုတီးစေ့ ဖောက်ခနဲ ထွက်လာပြီး အားလုံး၏အလယ်သို့ ပြုတ်ကျလာသည်။ အစစ်အမှန်ကောင်းကင်နန်းတော်၏ နုန်းခွေ ရှုန်းရှီယွီမှာ ပုတီးစေ့ဆီ အားသွန်ခွန်စိုက် ရွေ့လျားနေ၏။
အမွှေးဖြူလင်းနို့နှစ်ကောင်လည်း တွားသွားနေသည်။ သူတို့ကိုယ်ထဲရှိ မုယင်ရွှယ်၏အဆိပ်အာနိသင်က တဖြည်းဖြည်း ပြယ်သွားသည့်အတွက် သူတို့ ပြန်လှုပ်ရသွားသည်။
အခြားတစ်ဖက်တွင် ယွီပိုချွမ်နှင့် အစစ်အမှန်ကောင်းကင်နန်းတော်မှ သိုင်းသမားများလည်း အတိတ်မေ့ဆေး ပြယ်နေကြပြီဖြစ်သည်။ ထို့ကြောင့် သူတို့လည်း နဂါးစိမ်းပုတီးစေ့ဆီ တွားသွားကာ အခြားတစ်ဖက်မယူနိုင်ခင် ယူဖို့ ကြိုးစားနေကြသည်။
နဂါးချီလင်က အမြန်ဆုံးဖြစ်သည်။ ဖက်တီးနဂါးသည် အလွန်အပျင်းထူ၍ ဖင်ကို မီးနှင့် တို့မှသာ ရွေ့တတ်သော်လည်း ဤအခိုက်အတန့်တွင် ကမ္ဘာပျက်စေကာမူ ဤနဂါးစိမ်းပုတီးစေ့ကို အမိအရယူတော့မည့်ပုံပေါ်သည်။ သူက အားကုန်ထုတ်၍ သူ့ကိုယ်သူတွန်းရင်း ကျန်ရှိသူများကို ကျော်သွား၏။
သို့သော် သက်လုံမကောင်းသဖြင့် အတန်ကြာ တွားသွားပြီးနောက် ဟောဟဲလှိုက်လာတော့သည်။ သူ၏အရှိန်က တဖြည်းဖြည်း နှေးကျသွား၏။
နှစ်ဖွဲ့လုံး နဂါးစိမ်းပုတီးစေ့အနား တရွေ့ရွေ့ ရောက်လာကြသည်။ ကောင်းကင်နတ်အသွင်အဆင့် သိုင်းသမားတစ်ယောက်က အနီးဆုံးဖြစ်၍ ပုတီးစေ့ဆီ လက်လှမ်းလိုက်သည်။
နဂါးချီလင်က အခြေအနေကို မြင်လျှင် ချက်ချင်း ပါးစပ်ဟပြီး လျှာထုတ်လိုက်သည်။ သူ့လျှာက ရှည်သထက် ရှည်လာပြီး နဂါးစိမ်းပုတီးစေ့အနား တိုးကပ်သွား၏။ ကြည့်ရသည်မှာ သူ ယူနိုင်တော့မည့်ပုံရသည်။
မုယင်ရွှယ် ဤနေရာသို့ ရောက်လာသောအခါ ချင်မူ ခြေတစ်လှမ်းနောက်ကျသွားသည်။ သို့သော် သူက လက်ဝှေ့ယမ်းကာ ချီစွမ်းအင်ဖြင့် နဂါးစိမ်းပုတီးစေ့အား ကောက်ယူလိုက်၏။
မုယင်ရွှယ်က နဂါစိမ်းပုတီးစေ့ကို အာရုံမရှိဘဲ အင်္ကျီလက်အိုးဝှေ့ယမ်းကာ ယွီပိုချွမ်နှင့် ကျန်ရှိသူများကို ဆင်ဖြူ၏ကျောပေါ် ပို့လိုက်သည်။
အနက်ရောင်အဝတ်အစားများ ဝတ်ထားသော သူမသည် ခြေတစ်ချက်ဆောင့်နင်းလိုက်ရာ ဆင်ဖြူက နှာမောင်းဖြင့် သူမကို ပင့်မကာ ကျောပေါ်တင်ပေးလိုက်၏။ “ယွီမိသားစုရဲ့ သခင်ကြီးက ငါ့ရဲ့ ကျေးဇူးရှင်မလို့ သူတို့ကို ငါ ပြန်ခေါ်သွားလိုက်မယ်။ မမ အတောင့်တရဆုံးမောင်လေးလည်း အနောက်ကမ္ဘာမြေကို မြန်မြန် လာခဲ့နော်”
ချင်မူ ငေးကြောင်နေသည်။ သူမကို လက်ပြန်ဝှေ့ယမ်းပြနေစဉ် သူ့နှလုံးသားထဲ၌ ထူးဆန်းသောခံစားချက်တစ်ခု ပေါက်ဖွားလာ၏။
မုယင်ရွှယ် သူ့လက်ထဲ ထိုးထည့်ပေးခဲ့သော အိတ်သေးသေးလေးက သိပ်မကြီးပေ။ မွှေးရနံ့အိတ်နှင့် ဆင်တူသော်လည်း အိတ်က အနက်ရောင်ဖြစ်သည်။ ကြာပန်းတစ်ပွင့်၏ဘေးတွင် တစ်ကောင်ကိုတစ်ကောင် ကျီစယ်နမ်းရှုံ့လျက် ကူးခတ်နေသော ဟင်္သာစုံတွဲပုံစံကို အိတ်အပေါ်၌ ရွှေချည်ထိုးပုံဖော်ထား၏။
ချင်မူ အမွှေးရနံ့အိတ်ကို ဖွင့်ကြည့်လိုက်သည့်အခါ အနီရောင်ပဲစေ့များကို တွေ့ရသည်။ ပဲ့စေ့များက ပန်းသီးအမှည့်များနှင့် တူသော်လည်း သေးငယ်၏။
“တောင်ဘက်နယ်မြေတွေရဲ့ ပဲ့စေ့နီနီ၊ ဟေမန်ကုန်လို့ နွေဦးဝင်တဲ့အခါ အတူတူ ထွေးယှက်မိချင်လို့၊ လွမ်းဆွတ်လေလေ တောင့်တမိလေလေဖြစ်လို့ ၊ ချစ်ခြင်းဆိုတာ ဤအရာများလား” ရှုန်းရှီယွီက အားယူထပြီး သူ့လက်ထဲရှိ အနီရောင်ပဲ့စေ့များကို ကြည့်ကာ ခပ်တိုးတိုး ကဗျာရွတ်သည်။ “ဂိုဏ်းသခင်ချင်၊ အဆိပ်ဆရာမက ရှင့်ကို အလည်လာလက်ထပ်ဖို့ ဖိတ်ခေါ်နေတာ”
ချင်မူ ပဲ့စေ့နီနီများကို ရှူကြည့်ပြီး ခေါင်းယမ်းလိုက်သည်။ “ဒီပဲစေ့တွေထဲမှာ အဆိပ်ရှိတယ်။ သူ ကျွန်တော့်ကို အဆိပ်ခတ်လို့ ကြိုးစားနေတာ နေမှာ။ ဒါက တကယ်ပဲ တောင့်တအလွမ်းအဆိပ်များလား။ ဟုတ်သားပဲ။ သူ ငါ့ကို နမ်းလိုက်တုန်းက သူ့နှုတ်ခမ်းက စိုနေတာဆိုတော့ ပဲစေ့နဲ့ ပေါင်းစည်းသွားတာနဲ့ အဆိပ်ထလာအောင် အဆိပ်ဆေးတစ်မျိုး သုတ်ထားတာဖြစ်မယ်....ဟုတ်တယ် အဲဒါပဲ ဖြစ်ရမယ်”
ရှုန်းရှီယွီ မှင်သက်သွားသည်။ အစစ်အမှန်ကောင်းကင်နန်းတော်၏ နန်းဆောင်သခင်မသည် မျက်ဝန်းနက်နက်များဖြင့် ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်ကို ကြည့်ကာ မယုံနိုင်ဖြစ်နေ၏။ ‘ပဲ့စေ့နီနီတွေက အလွမ်းနဲ့ အချစ်ကို ဖော်ပြဖို့ သုံးတာမဟုတ်ဘူးလား။ မဟာနတ်ဂိုဏ်းသခင်ချင်က အဆိပ်နဲ့ ဘယ်လိုဆက်စပ်မိသွားတာပါလဲ။ မုယင်ရွှယ် သူ့ကို အဆိပ်ခတ်လိုက်ပြီလို့တောင် သံသယဝင်နေတယ်တဲ့လား”
သူမ သဘောပေါက်သွားသည်။ မဟာနတ်ဂိုဏ်းသခင်ချင်သည် ယောက်ျားနှင့် မိန်းမကြားက ခံစားချက်များနှင့်ပတ်သက်လျှင် နားလည်မှုတစ်ခုခု လွဲနေလိမ့်မည်။ ထို့အပြင် သူ၏နားလည်မှုများက အတော်လေး ဆိုးဝါး၏။
‘သူ့ကို တစ်ယောက်ယောက် လျှောက်သင်ပေးထားတဲ့ပုံပဲ” ရှုန်းရှီယွီ သူမဘာသာ တွေးမိလိုက်သည်။
သို့သော် ချင်မူက အဆိပ်ပဲ့စေ့နီနီများကို အနက်ရောင်အမွှေးရနံ့အိတ်ထဲ ပြန်ထည့်ပြီး ဂရုတစိုက် သိမ်းလိုက်သည်။ ကယ်တင်မရသည့် အခြေအနေတော့မဟုတ်သေးကြောင်း ရှုန်းရှီယွီ ခံစားလိုက်ရ၏။
ချင်မူ နဂါးစိမ်းပုတီးစေ့ကို မြှောက်၍ လေ့လာကြည့်သည်။ နဂါးစိမ်း၏ ခန္ဓာကိုယ်အရောင်က ကျောက်စိမ်းအရောင်ဖြစ်၍ တဖျတ်ဖျတ် ကြည်လဲ့နေခြင်းဖြစ်ကြောင်း သူ မြင်လိုက်ရသည်။ ကျောက်စိမ်းနဂါးတစ်ကောင်အလား နဂါးနှုတ်ခမ်းမွှေးများကလည်း အစိမ်းရောင်ဖြစ်နေ၏။
နဂါးဝိညာဉ်က ပုတီးစေ့ထဲတွင် ပျော်ရွှင်မြူးထူးစွာ ကူးခတ်သွားလာနေသည်။
ဤသည်မှာ နဂါးအစစ်တစ်ကောင်၏ နဂါးဝိညာဉ်ဖြစ်သည်။ ကြက်နဂါး၊ နဂါးချီလင် သို့မဟုတ် နွားသိုးစိမ်းကြီးကဲ့သို့ သွေးနှောနဂါးအမျိုးအစားမဟုတ်ပေ။ ဤနဂါးသည် မျိုးသန့် နဂါးစိမ်းတစ်ကောင်ဖြစ်၏။ ပုတီးစေ့အတွင်းမှ ထူးထူးဆန်းဆန်း အင်အားကြီးမားသော ကောင်းကင်ဘုံစွမ်းအင်ကို ချင်မူ ခံစားရသည်။
သစ်မြစ်မိစ္ဆာက နဂါးစိမ်းပုတီးစေ့ထဲရှိ စွမ်းအင်တစ်စိတ်တစ်ပိုင်းကို စုပ်ယူခဲ့သော်လည်း ဤပစ္စည်းသည် သဘာဝအတိုင်း တည်ရှိနေသော ချီစွမ်းအင်များကို အဆက်မပြတ် စုပ်ယူကာ အားပြန်ဖြည့်နိုင်၏။ အလွန်ဆန်းကြယ်လှပေသည်။
‘တကယ်အံ့ဖွယ်ကောင်းတဲ့ ရတနာတစ်ပါးပဲ။ အထဲက နဂါးဝိညာဉ်က နဂါးနတ်ဘုရားတစ်ပါးနဲ့များ သက်ဆိုင်နေမလား’
ချင်မူ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်လိုက်သည့်အခါ သူ၏ချီစွမ်းအင်က နဂါးစိမ်းချီအသွင် ပြောင်းလဲသွားသည်။ ထို့နောက် နဂါးစိမ်းပုတီးစေ့ထဲရှိ စွမ်းအင်ကို လှုံ့ဆော်ကြည့်သော်လည်း မကြာခင် သူ မလုပ်နိုင်ကြောင်း သဘောပေါက်လိုက်၏။ သူ ဇဝေဇဝါဖြင့် ပြောမိလိုက်သည်။ “အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ ပြိုင်ဘက်ကင်းကျင့်စဉ်ကို သုံးမှ နဂါးစိမ်းပုတီးစေ့ထဲက စွမ်းအင်ကို ထိန်းချုပ်နိုင်မှာထင်တယ်။ ငါ့နဂါးစိမ်းချီက နဂါးစိမ်းဝိညာဉ်အတွက် အစာသက်သက်ပဲ”
နဂါးစိမ်းပုတီးစေ့၏စွမ်းအင်ကို အသုံးချရန် အထဲရှိ နဂါးစိမ်းဝိညာဉ်နှင့် သူ ဆက်သွယ်ရလိမ့်မည်။ အရာရာတိုင်းတွင် ယန်ဝိညာဉ်နှင့် ယင်ဝိညာဉ်ရှိသည်ဆိုသော ကျင့်စဉ်ကသာလျှင် ထိုသို့လုပ်နိုင်သည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်လောက်၏။
‘အနောက်ကမ္ဘာမြေရဲ့ အထွတ်အမြတ်မြေက တော်တော်လေး ထူးခြားတာပဲ’ ချင်မူ သူ့ဘာသာ တွေးမိလိုက်သည်။
နဂါးချီလင်က အဆိပ်ပြယ်သွားပြီဖြစ်၍ ထရပ်နိုင်သွားသည်။ ထို့နောက် သူက အမြီးကြီးကို ခွေးတစ်ကောင်လို ယမ်းကာ အော်သည်။ “ဂိုဏ်းသခင်၊ ဂိုဏ်းသခင် ကျွန်တော့်ကို အဲဒီပုတီးစေ့ပေးပါ”
ချင်မူ သူ့ကို အဖက်မလုပ်ဘဲ နဂါးစိမ်းပုတီးစေ့ကို ရှုန်းချီအာဆီ ပစ်ပေးပြီး ပြုံးပြလိုက်သည်။ “ကစားဖို့”
ရှုန်းချီအာက နဂါးစိမ်းပုတီးစေ့ကို ဖမ်းပြီး ချစ်စဖွယ်ကောင်းစွာ ပြုံးပြသည်။ “ကျေးဇူးတင်ပါတယ် ကိုကိုကြီး”
နဂါးချီလင်မှာ သွားရည်တမြားမြား ကျနေပြီး ရှုန်းချီအာကို အမြီးယမ်းပြသည်။ “မမကြီး ကျွန်တော် အဲဒီပုတီးစေ့နဲ့ ကစားချင်လို့ပါ။ မစားပစ်ဘူး စိတ်ချ ကတိပေးပါတယ်နော် နော်”
ချင်မူ ကျောက်စိမ်းပုလင်းအလွတ်များ အလျင်အမြန် ထုတ်ကာ နဂါးသွားရည်များ ယူလိုက်ပြီး တွေးမိလိုက်သည်။ ‘မြို့တော်ရောက်ရင် ရောင်းစားဖို့ နည်းနည်းပါးပါး ထပ်စုထားဦးမှပဲ။ အဲဒါမှ ငွေရမှာ... ဟုတ်သား ရွာပြန်ပြီး လင်းအာကို ခေါ်ရဦးမယ်။ သူက ငါ့ထက်ပိုပြီး စစ်စစ်စီစီ သုံးတတ်တယ်’
ချင်မူ ပုလင်းတစ်ဒါဇင်ကျော် စုပြီးသည့်အခါ ရှုန်းချီအာက နဂါးစိမ်းပုတီးစေ့ကို အတွင်းဝတ်ထဲ ထည့်လိုက်သည်။ ထိုအချိန်မှ နဂါးချီလင် သွားရည်ကျနေခြင်း ရပ်သွား၏။
ချင်မူ ကလေးမလေးကို တစ်ချက်ကြည့်လိုက်သည်။ ရှုန်းချီအာက ငယ်သေးသော်လည်း ပါးနပ်၏။ သူမက နဂါးစိမ်းပုတီးစေ့ ပြန်ထုတ်လိုက်၍ နဂါးချီလင်မှာ အမြီးတယမ်းယမ်းနှင့် သွားရည်ကျလာပြန်သည်။
နဂါးသွားရည်ပုလင်း နှစ်ဆယ်ကျော် စုပြီးသည့်နောက် ချင်မူ ကျေနပ်သွားသည်။ များလွန်းလျှင် အရည်အသွေးကျသွားမည်စိုး၍ ရှုန်းချီအာကို မျက်နှာရိပ်မျက်နှာကဲပြကာ နဂါးစိမ်းပုတီးစေ့အား သိမ်းစေလိုက်သည်။
အမွှေးဖြူလင်းနို့နှစ်ကောင်နှင့် ရှုန်းရှီယွီလည်း အားပြန်ပြည့်လာသဖြင့် ချင်မူ သူတို့ကို အရှေ့အရပ်ဆီ ခေါ်သွားသည်။
ရှုန်းရှီယွီ၏အဆိပ်က အမြစ်တွယ်နေပြီဖြစ်သည်။ ရိုးရိုးအဆိပ်သာဆိုလျှင် အာနိသင်က သိပ်မပြင်း၍ ကုသရန် လွယ်ကူသည်။ သို့သော် ပိုးချည်ရစ်ခွေအဆိပ်က ကောင်းကင်ရတနာများ၏ အတွင်းထဲအထိ စိမ့်ဝင်နေရာ ဖယ်ရှားရခက်လေသည်။
အခြားသူများအတွက် ကုသမရနိုင်သောအဆိပ်ဟု ဆိုနိုင်သော်လည်း ချင်မူကတော့ သူမကို ကုသနိုင်သေးသည်ဟု ခံစားရသည်။
လမ်းတစ်လျှောက်လုံး သူ ပရဆေးပင်များရှာကာ စွမ်းအင်ဆေးလုံးများ ဖော်လာခဲ့သည်။ စွမ်းအင်ဆေးလုံးဆယ်မျိုးကို သုံးပြီး ဆေးအမယ်များကို ဆယ်ကြိမ်ပြောင်းလဲပြီးနောက်တွင် သူမ၏ဝိညာဉ်သန္ဓေသား၊ ဓာတ်ကြီးငါးပါး၊ အရပ်ခြောက်မျက်နှာနှင့် ခုနစ်စဉ်ကြယ်ကောင်းကင်ရတနာတို့အထဲရှိ ရစ်ခွေအဆိပ်ကို သူ ဖယ်ရှားနိုင်သွားသည်။
ဆယ်ရက်ကျော် လျှောက်လာပြီးသည့်တိုင် ယွီပိုချွမ်တို့တစ်သိုက်နှင့် မတွေ့ခဲ့ပေ။ နဂါးစိမ်းပုတီးစေ့မရှိတော့၍ ချင်မူတို့ကို မယှဉ်နိုင်ကြောင်း တွေးမိဟန်တူသည်။ တပ်ကူခေါ်ဖို့ အနောက်ကမ္ဘာမြေသို့ ပြန်သွားလောက်သင့်ပြီဖြစ်သည်။
ရုတ်တရက် အရှေ့မှ ရေကျသံ တဝုန်းဝုန်း ကြားလိုက်ရ၍ ချင်မူ့မျက်လုံးများ တောက်ပသွားသည်။ “မာန်ဟုန်မြစ်အစကို ရောက်ပြီ”
များစွာမကြာလိုက်ဘဲ သူတို့ ကျောက်ကမ်းပါးတစ်ခုသို့ ရောက်လာကြသည်။ စမ်းချောင်းတစ်စင်းက ပေတစ်ထောင်ကျော်မြင့်မားသော ကျောက်ကမ်းပါးမှ တဝုန်းဝုန်း စီးကျနေ၏။ ရှုန်းရှီယွီနှင့် ကျန်ရှိသူများ ဘေးဘီဝဲယာကို ကြည့်လိုက်သည့်အခါ မဟာမြို့ပျက်က အနောက်အရပ်မှ အရှေ့အရပ်သို့ သွယ်တန်းသွားပြီး တစ်နေရာရောက်သော် မြေပြင်က နှစ်ခြမ်းကွဲသွားရာ မြောက်မှတောင်သို့ မိုင်ပေါင်းများစွာ ဆန့်တန်းနေသော သဘာဝကမ်းပါးကြီး ဖြစ်ပေါ်လာသည်ကို မြင်လိုက်ကြရသည်။
သဘာဝကမ်းပါးကြီးက မဟာမြို့ပျက်ကို နှစ်ခြမ်းခြမ်းထား၏။ အနောက်မဟာမြို့ပျက်က အရှေ့မဟာမြို့ပျက်ထက် ပေပေါင်းထောင်ချီ မြင့်မားလေသည်။
“ဘယ်လိုစွမ်းအားက ဒီလိုနှစ်ခြမ်းကွဲသွားစေခဲ့တာလဲ” ရှုန်းရှီယွီ ခပ်တိုးတိုး ရေရွတ်မိလိုက်သည်။
“ငလျင်ကြီးတစ်ခုကြောင့်” ချင်မူ့မျက်နှာက အပြုံးအရယ်မရှိ တည်နေသည်။ “မမှန်းဆနိုင်လောက်အောင် ကြီးမားတဲ့ ငလျင်ကြီးတစ်ခုကြောင့်”
ရှုန်းရှီယွီ တုန်လှုပ်သွားသည်။
ချင်မူ ကျောက်ကမ်းပါးမှ ခုန်ဆင်းလိုက်ပြီး သူ့ခြေထောက်က လေအပေါ် ကျရောက်ကာ တစ်လှမ်းချင်း လျှောက်သွားသည်။ ရှုန်းရှီယွီက သမီးဖြစ်သူကို ချီ၍ နောက်မှ လိုက်လာ၏။ ကျောက်ကမ်းပါးအလယ်ဆီသို့ သူတို့ရောက်သည့်အချိန်တွင် ကျောက်ကမ်းပါးမှ စီးကျလာသော စမ်းချောင်းက ကောင်းကင်မှ ကျဆင်းနေသော တခြားစမ်းချောင်းများနှင့် စုဆုံကာ ရေတံခွန်ကြီးအဖြစ် ကျဆင်းသွားကြောင်း မြင်လိုက်ရသည်။ အောက်ရောက်သောအခါ တဝေါဝေါကျနေသည့် ရေများက ကန်ကြီးတစ်ကန် အဖြစ် စုသွားသည်ကို တွေ့ရသည်။
မြစ်က ထိုကန်မှ အဖျားခံကာ စီးဆင်းသွားသော်လည်း သိပ်မကျယ်ပေ။ အဖျားပိုင်းက ဆယ်ကိုယ်ကျော်သာ ကျယ်ဝန်းသော်လည်း ရှေ့ဆက်သွားရင်း တခြားမြစ်များအတွင်း စီးဆင်းဝင်ရောက်ကာ ရေစီးနှုန်းလာပြီး မြစ်ပြင် ကျယ်ပြောလာသည်။
ရှုန်းရှီယွီ နောက်ပြန်လှည့်ကြည့်လိုက်ရာတွင် သူတို့အနောက်ရှိ သဘာဝကမ်းပါးမှ ရေတံခွန်ပေါင်းများစွာ ကျဆင်းနေသည်ကို မြင်တွေ့ရသည်။ စီးဆင်းလာသော ရေများက အောက်တွင် မြစ်ကြီးတစ်စင်းအဖြစ် စုဆုံသွား၏။
မာန်ဟုန်မြစ်