← Chapters

သမိုင်းပုံရိပ်များ

Vol. 24 Ch. 327

သမိုင်းပုံရိပ်များ

Vol. 24 Ch. 327

သူတို့ မာန်ဟုန်မြစ်ဆီသို့ ရောက်လာခဲ့ကြချေပြီ။

ချင်မူ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ရွာလူကြီး သူ့ကို ခေါ်၍ ရွှင်ပျော်ပျော်ကျေးရွာအား အရှာထွက်ခဲ့တုန်းက ဤနေရာအနား ရောက်လာခဲ့ဖူး၏။ ဝိညာဉ်လမ်းပြပေးသော မရဏတမန်တော်‌ကျေးရွာက ဤနေရာနှင့် သိပ်မဝေးလောက်ပေ။ အလွန်ဆုံး ငါးရက်၊ ခြောက်ရက်ခရီးသာ ရှိမည်။ ထို့နောက် သူတို့ ဒုက္ခိတဘိုးဘွားကျေးရွာဆီ ပြန်နိုင်မည်။

ရှစ်လပိုင်း ကုန်ခါနီးနေပြီဖြစ်၍ နေက ခြစ်ခြစ်‌တောက် ပူနေသည်။ လမ်းကလည်း အတော်လေး ကြမ်း၏။ ချင်မူ အိမ်ရှေ့မင်းသားလင်ယွိရှုနှင့် ထွက်လာသည့်အချိန်က နွေဦးပေါက်ချိန်ဖြစ်ပြီး ယခုမူ နွေရာသီ၏အဆုံးသတ်သို့ ရောက်နေချေပြီ။ နောက်တစ်ရာသီကုန်လျှင် နှစ်သစ်ကူးအတွက် ဒုက္ခိတဘိုးဘွာကျေးရွာဆီ ပြန်ရဦးမည်။

ခရီးစဉ်တစ်လျှောက် သူ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များအား ဒဏ္ဍာရီများအဖြစ် ရေးထိုးနိုင်၏။

မြစ်အတိုင်း သူတို့ ဆင်းလာကြစဉ် ရုတ်တရက် မြစ်ရေပြင်ထက်မှ ရေငွေ့များ တထောင်းထောင်း ထလာသည်။ ဆွတ်ဆွတ်ဖြူနေသော မြူခိုးများက သူတို့ပတ်ဝန်းကျင်ကို မမြင်ရတော့သည့်တိုင်အောင် ပိတ်ဖုံးသွားသည်။

ချင်မူ ရုတ်ခြည်း ရပ်လိုက်ပြီး ကျန်ရှိသူများလည်း ရပ်လိုက်ကြကာ မြစ်ရေပြင်ထက်၌ မလှုပ်မယှက် ရပ်နေကြသည်။

ရှုန်းရှီယွီ ရင်ထဲ တင်းကြပ်လာပြီး ခပ်တိုးတိုး မေးလိုက်၏။ “မကောင်းဆိုးဝါးလား”

ချင်မူ ခေါင်းယမ်းလိုက်သည်။ “မကောင်းဆိုးဝါးဟုတ်ပုံမရဘူး။ မဟာမြို့ပျက်ရဲ့ ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုပဲ ထင်တယ်”

ထိုအခိုက်အတန့်တွင် သူ့ကျောနောက်တွင် လွယ်ထားသော သစ်သားဓားအိမ်ထဲရှိ ရွှင်ပျော်ပျော်ဓားက တုန်ခါလာ၍ ချင်မူ ရင်ထဲ လှုပ်ခတ်သွားသည်။ ရွှင်ပျော်ပျော်ဓားသည် ဓားသံပြုခဲ၏။ နောက်ဆုံးတစ်ခေါက် အသံမြည်တုန်းက သင်္ဘောအပေါ်တွင် သူ့အဖေ ချင်ဟန်ကျန်းကို ဆုံခဲ့သည့်အချိန်ဖြစ်သည်။

ရွှင်ပျော်ပျော်ဓားက တရစပ် တုန်ခါနေပြီး မြူအတွင်းမှ ညာသံပေး ကြွေးကြော်သံများကို ခပ်သဲ့သဲ့ ကြားလာရသည်။ လူပေါင်းများစွာ ဤနေရာမှ ဖြတ်သွားနေပုံရ၏။

“သမီးတို့ ခြေထောက်အောက်ကို ကြည့်။ ရေတွေ မရှိတော့ဘူး” ရှုန်းချီအာက အလန့်တကြား ဆိုသည်။

ချင်မူ ခေါင်းငုံ့ကြည့်လိုက်ရာ မာန်ဟုန်မြစ် ပျောက်ကွယ်သွားပြီး ပက်ကြားအက်နေသော အဝါရောင်တစ်မြေဖြစ်နေသည်ကို မြင်လိုက်ရသည်။

မြူများက တဖြည်းဖြည်း ကျဲပါးသွားသည့်အတွက် ရွေ့လျားနေသောအရိပ်များကို သူတို့ မြင်ကြရသည်။

ချင်မူ၊ ရှုန်းရှီယွီနှင့် နဂါးချီလင်တို့မှာ မမှင်သက်ဘဲ မနေတော့ပေ။ သဲကန္တာရကြီးက သူတို့ပတ်ပတ်လည်မှ ဝိုင်းထားပြီး အဝါရောင်သဲများက မိုးကုပ်စက်ဝန်းတောက်လျှောက် ဖုံးလွှမ်းနေသည်။ ရှေးဟောင်းအဝတ်အစားများကို ဝတ်ဆင်ထားသည့် ကောင်းကင်နတ်သိုင်းပညာရှင်သောင်းပေါင်းများစွာက ဧရာမသားရဲကြီးများကို ဦးဆောင်ကာ ဧရာမအဆောက်အဦးကြီးများ တည်ဆောက်နေကြသည်။

ဤအဆောက်အဦများသည် လူနေအိမ်များနှင့် မတူပေ။ တိမ်တိုက်များအထဲ ရောက်သည့်တိုင်အောင် မြင့်မားလှသော စေတီများသဖွယ် ၊ ကျောက်စိမ်းရွှေနန်းတော်များသဖွယ် တင့်တယ်ခမ်းနားစွာ တောက်ပနေသည်။ အဆောက်အဦးအားလုံးက ဘီလူးကြီးများ၊ ကောင်းကင်နတ်ဘုရားများ စံမြန်းရာ ဗိမာန်များနှင့် တူသည်။

ပလ္လင့်မြင့်ကြီးများထက်တွင် ရွှေရောင်တောက်နေသော ကောင်းကင်နတ်ဘုရားများ ရပ်နေကြသည်။ သူတို့အားလုံးတွင် လူသားခန္ဓာကိုယ်ရှိသော်လည်း ခေါင်းများက မတူကြပေ။ ငှက်ခေါင်း၊ နွားခေါင်းအစသဖြင့် သားရဲခေါင်းများ ရှိကြသည်။ အကုန်လုံးက ရွှေရောင်ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားကြပြီး သူတို့၏ကောင်းကင်မျက်လုံးများက စူးရှတောက်ပနေကြ၏။

သူတို့သည် သက်ရှိနတ်ဘုရားများ ဖြစ်ကြပြီး ဤနေရာက သူတို့စံမြန်းရာ ထာဝရဗိမာန်ဖြစ်မည်ထင်ရသည်။

ကောင်းကင်နတ်သိုင်းပညာရှင်သောင်းများစွာက ကောင်းကင်နတ်ဘုရားများ၏ မျက်စိအောက်တွင် နတ်ဘုရားများ စံမြန်းရန် နန်းတော်များ တည်ဆောက်နေကြသည်။ ထိုမြင်ကွင်းကား အမှန်စင်စစ် ရင်သပ်ရှုမောဖွယ် ကောင်းပေသည်။

သို့သော် သူတို့ မာန်ဟုန်မြစ်အပေါ်တွင် လမ်းလျှောက်နေကြခြင်း မဟုတ်ပေဘူးလား....

ဤနေရာက အဘယ်သို့ပြု၍ သဲကန္တာရဖြစ်သွားသနည်း။

ဦးချိုမပါသော နဂါးများက ရထားလုံးတစ်စင်းကို ဆွဲလျက် ပျံသန်းလာသည်။ ကောင်းကင်တစ်လျှောက် ထစ်ချုန်းသွားသော အသံတစ်သံကို သူတို့ ကြားလိုက်ရ၏။ “ချုံဧကရာဇ်၏ အမိန့်တော်၊ စက်မှုလက်မှုဝန်ကြီးဌာန အနောက်နန်းတော်ကို တည်ဆောက်ပြီး ရေကြောင်း၊ ကုန်းကြောင်း လမ်းများ ဖွင့်လှစ်တော်မူစေ”

ချင်မူ အတန်ငယ်မှင်သက်သွားသည်။ “ချုံဧကရာဇ်၊ ရွာလူကြီး ငါ့ကို သင်ပေးခဲ့တဲ့ ဓားပန်းချီရဲ့ တတိယဓားကွက်က ချုံဧကရာဇ်ရဲ့ကပ်ဘေးပဲ။ ချုံဧကရာဇ်ကပ်ဘေးက ချုံဧကရာဇ်နဲ့ စောစောက အမိန့်ထုတ်လိုက်တဲ့ ချုံဧကရာဇ်ကြားမှာ ဘယ်လိုပတ်သက်မှုရှိနေတာလဲ”

ပလ္လင်တစ်ဆူပေါ်တွင် ရပ်နေသော နဂါးခေါင်းဖြင့် နတ်ဘုရားတစ်ပါးက ဦးညွှတ်ကာ အမိန့်စာချွန်ကို လက်ခံယူသည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကို လှုပ်ခါ၍ မိုးပြာရောင်နဂါးတစ်ကောင်အသွင် ပြောင်းကာ မိုးတိမ်တိုက်များဆင့်ခေါ် လိုက်ပြီး သဲကန္တာရပေါ် မိုးရွာသွန်းစေသည်။

တစ်ချိန်တည်းမှာပင် ကြေးထယ်တစ်လက်ကို ကိုင်ထားသော နတ်ဘုရားက ဘီလူးကြီးအသွင်ပြောင်း၍ တောင်တစ်လုံးအား ပိုင်းဖြတ်ကာ ‌ရေကြောင်းအတွက် တူးမြောင်းဖောက်လိုက်သည်။

ထို့နောက် နတ်ဘုရားနောက်တစ်ပါးက ရတနာပန်းအိုးတစ်လုံးထုတ်ကာ လေလယ်တွင် ပျံဝဲစေလိုက်၏။ ပန်းအိုး အောက်စိုက်သွားသည့်အခါ သစ်ပင်ပန်းမန်များ တမုတ်ဟုတ်ချင်း ထွက်လာပြီး သဲကန္တာရအား စိမ်းလန်းစိုပြေနေသော မြက်ခင်းပြင် ဖြစ်သွားစေသည်။

ဧရာမဒယ်ဇောက်အိုးတစ်လုံး ထုတ်လိုက်သော နတ်ဘုရားတစ်ပါးလည်း ရှိသည်။ ဒယ်ဇောက်အိုး မြေပြင်ပေါ် ကျသွားသည့်အခါ တောင်တန်းတစ်စင်း မြောက်တက်လာပြီး မြေပြင်အနေအထား ပြောင်းလဲသွား၏။ အချိန်တိုလေးအတွင်း သဲကန္တာရသည် တောတောင်ထူပြောသော စိမ်းစိမ်းစိုစို ‌ဒေသတစ်ခု ဖြစ်သွားချေပြီ။

ချင်မူတို့မှာ ဤမြင်ကွင်းကို ပါးစပ်အဟောင်းသား ငေးကြည့်နေမိကြသည်။ ချုံဧကရာဇ်ခေတ်မှ နတ်ဘုရားများ၏ အဆုံးမဲ့တန်ခိုးတို့က ကောင်းကင်နှင့်မြေကြီးကို ပြောင်းလဲနိုင်၏။ များစွာအားစိုက်ထုတ်စရာမလိုဘဲ ပင်လယ်ပြာတစ်စင်းအား ပန်းခင်းတစ်ခင်း ဖြစ်သွားစေနိုင်သည်။

“ဒီမြစ်ကြီးက မာန်ဟုန်မြစ်မလား”

ချင်မူ မှင်သက်သွားသည်။ ကြေးထယ်ကိုင်စွဲသော နတ်ဘုရားက မြစ်စီးကြောင်းတစ်ကြောင်း တူးဖော်လိုက်သည်ကို သူ မြင်ရသည်။ မြစ်က အရှေ့စူးစူးသို့ အရှိန်ပြင်းပြင်းစီးဆင်းနေသော မြစ်ရှည်တစ်စင်းဖြစ်၏။

ဤမြစ်ကြီး၏ ပုံသဏ္ဍာန်က မာန်ဟုန်မြစ်နှင့် ဆင်သယောင် ရှိသော်လည်း မြစ်လမ်းကြောင်းက တစ်ထပ်တည်းတော့ မကျပေ။

ထိုအခိုက်အတန့်တွင် မြူများ ပြန်ထလာပြီး အရာအားလုံး မှုန်ဝါးသွား၏။ သူတို့ အံ့ဩနေကြဆဲ ရှိစဉ်မှာပင် မြေပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါလာသည်ကို ခံစားလိုက်ရပြီး ကောင်းကင်ပြိုကျလာသကဲ့သို့ မြေငလျင်လှုပ်ခတ်နေသကဲ့သို့ တဝုန်းဝုန်းမြည်သံကြီးများကို ကြားလိုက်ရသည်။ မြူအတွင်း၌ ကမ္ဘာပျက်နေသောမြင်ကွင်းတစ်ခု ရှိသည်။ မိုးကောင်းကင်သည် ဝဲကဲ့သို့ လည်နေပြီး ကမ္ဘာမြေက ဇောက်ထိုးမိုးမျှော် လန်နေသည်။ မီးတောင်များ၊ ဥက္ကာခဲများ၊ မီးခိုးငွေ့များ၊ မိုးကြိုးများက တစ်ချိန်က ကြီးကျယ်ခမ်းနားခဲ့သော နန်းတော်များကို လွှမ်းခြုံကာ ပြည်သူပြည်သူများအား မြှုပ်နှံနေ၏။

ရုတ်တရက် သူတို့အ‌နောက်မှ ဂျုန်းခနဲ မြည်သံကြီး ကြားလိုက်ရ၍ နောက်လှည့်ကြည့်လိုက်သောအခါ သဘာဝကမ်းပါးကြီးတစ်ခုက ဖြည်းဖြည်းချင်း မြောက်တက်လာပြီး မြေပြင်ကို ပိတ်ဆို့ကာဆီးသွားသည်။

မြူများ တဖြည်းဖြည်း လွင့်စင်သွားသည့်အခါ အချိန်နှင့်နေရာက တစတစ ပြောင်းလဲလာသည်။ သဘာဝကမ်းပါးကြီးက ထင်ရှားပြတ်သားလာပြီး ရေတံခွန်များက မာန်ဟုန်မြစ်ထဲ တစ်ဖန်စီးဆင်းဝင်ရောက်နေကြသည်။

သူတို့ခြေထောက်အောက်ရှိ အဝါရောင်သဲများက အရှေ့အရပ်သို့ နေ့နေ့ညည တသွင်သွင်စီးနေ‌သော ရေအလျဉ်ပြန်ဖြစ်လာ၏။

ဗွမ်း ဗွမ်း

နဂါးချီလင်၏မေ့စေးကို တွဲခိုနေသော အမွှေးဖြူလင်းနို့နှစ်ကောင်မှာ ကြက်သေသေနေကြပြီး ရေထဲ ပြုတ်ကျသွား၏။ သူတို့က ချက်ချင်း ပြန်ထွက်လာပြီး တစ်ကောင်ကိုတစ်ကောက်ဖက်ကာ တခိုက်ခိုက် တုန်နေကြသည်။ “မဟာမြို့ပျက်က ထူးဆန်းလွန်းတယ်။ ဂိုဏ်းသခင်ချင် ငါတို့ကို တစ္ဆေတောင်ကြားဆီ မြန်မြန်ပြန်ပို့ပေးပါတော့”

ချင်မူ ရယ်ရမည်လား၊ ငိုရမည်လား မသိတော့ပေ။ “ဖုနောင်တော်တို့ကလည်း မဟာမြို့ပျက်ရဲ့ ဆန်းကြယ်သတ္တဝါတွေပဲလေ၊ ဒါတောင် မဟာမြို့ပျက်က ထူးဆန်းတယ်ပြောနေသေးတယ်လား။ တစ္ဆေတောင်ကြားထဲ လူဘယ်နှယောက် ရောက်လာလဲ သိနေတဲ့ နတ်ဘုရားတောင် နောင်‌တော်တို့မှာ ရှိတယ်လေ”

အမွှေးဖြူလင်းနို့နှစ်ကောင်က တစ်ကောင်ကိုတစ်ကောင် တအံ့တဩ ကြည့်လိုက်ကြသည်။ “ငါတို့လည်း ဆန်းကြယ်သတ္တဝါပဲလား”

ချင်မူ စိတ်တိုသွားသော်လည်း ရယ်ချင်မိသွား၏။ ဤလင်းနို့ညီနောင်သည် နားကန်းတစ်လုံးမျှ မသိကြပေ။ တစ္ဆေတောင်ကြားက ဆန်းကြယ်သတ္တဝါပေါင်းစုံဖြင့် မည်မျှကြောက်စရာကောင်းကြောင်း သူတို့နားမလည်။ ကောင်းကင်နတ်များပင် တစ္ဆေတောင်ကြားထဲမှ ခလုတ်မထိ ဆူးမငြိ ဖြတ်သွားနိုင်မည်ဟု အတပ်မပြောနိုင်။ ထို့အပြင် ဤညီနောင်က တစ္ဆေတောင်ကြား၏ အစောင့်အရှောက်များ ဖြစ်သည့်အပြင် အထူးဆန်းဆုံးလည်း ဖြစ်ကြသည်။

ပတ်ဝန်းကျင်ရှိ မြူများက အကုန်အစင် လွင့်ပျယ်သွားခြင်း မရှိသည့်အတွက် သဘာဝကမ်းပါးကြီးကို ပြန်လှည့်ကြည့်လျှင် မှုန်ရီမှုန်ဝါးဖြစ်နေသည်။

ရုတ်တရက် တိမ်တိုက်များ မျောလွင့်လာပြီး သူတို့ဘေးမှ ဖြတ်သွားသည့်အခါ မီးခိုရောင်အရိပ်များ ဖြစ်နေသည်ကို သူတို့ မြင်လိုက်ကြရသည်။

အကုန်လုံး ကပျာကယာ ပြန်လှည့်လိုက်ကြရာတွင် မြူများ ပြန်စုဝေးလာသည်ကို တွေ့လိုက်ရ၏။ ထို့နောက် အသံတစ်သံက မြူထဲမှ ထွက်လာသည်။ “ချုံဧကရာဇ်ခေတ်မှာ ဘာဖြစ်ခဲ့တာလဲ။ ဘာလို့ ဒီလောက်ခမ်းနားကြီးကျယ်တဲ့ ခေတ်ကာလက ကုန်လွန်သွားတာလဲ။ စောစောက အဖြစ်အပျက်က သမိုင်းပုံရိပ်တစ်ခုလား။ အတိတ်တုန်းက ဖြစ်ပျက်ခဲ့တဲ့ မြင်ကွင်းတစ်ခုကို မှတ်တမ်းတင်ထားတာမျိုးလား။ ဒီမြေဟာ သိပ်ထူးခြားတယ်။ ရှေးအင်ပါယာက လူတွေကလည်း အမှန်တကယ် လေးစားစရာပေပဲ”

“အရှင်မင်းကြီး၊ တာအိုဂိုဏ်းနဲ့ မဟာမိုးခြိမ်းသံကျောင်းတော်မှာ နှစ်အဆက်ဆက် ဖြစ်ပျက်ခဲ့တာတွေကို မှတ်တမ်းတင်ထားတွေ ရှိပါတယ်။ သူတို့ကို လာရောက်ဆက်သဖို့ အမိန့်ထုတ်ပြန်ရုံပဲ လိုပါတယ်”

“ကောင်းတယ် ပို့ခိုင်းလိုက်။ ငါရဲ့ ပြန်လည်တည်ဆောက်ရေးတွေကို ဘုန်းကြီးတွေနဲ့ တာအိုရသေ့တွေ ဝင်စွက်ဖက်‌နေတာ မလိုလားဘူး။ ပြန်လည်တည်ဆောက်ရေးမလုပ်ရင် ပြည်သူတွေရဲ့ ဘဝကို ဘယ်လိုပြောင်းလဲပေးနိုင်မှာလဲ။ ငါကိုယ်တော် သူတို့နဲ့ မတွေ့ချင်ဘူး”

မြူက သဘာဝကမ်းပါးကြီးဆီ လျှောက်သွားပြီး ပြောသည်။ “ငါတို့ ခိုင်ဧကရာဇ်ခေတ်ကို ဒီကံကြမ္မာမျိုးနဲ့ အဆုံးမသတ်စေချင်ဘူး‌ မောင်မင်း။ ငါတို့အရှေ့က လူတွေဆီကနေ သင်ခန်းစာပြန်ယူရမယ်။ သေမျိုးလူ့ပြည်ကို အုပ်ချုပ်ပြီး လူသားတွေနဲ့ တစ်စည်းတစ်လုံး အလုပ်လုပ်နေတဲ့ နတ်ဘုရားတွေနဲ့ ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ အင်ပါယာတစ်ခု၊ သိပ်အင်အားကြီးပြီး စည်ပင်ဝပြောတဲ့ ခေတ်တစ်‌ခေတ်က ဘယ်လိုလုပ်ပျက်သုဉ်းခဲ့ရတာလဲ....”

....

ချင်မူ လူပုံစံမြူဆီ စိတ်လှုပ်တရှား လှမ်းကြည့်လိုက်သည်။

ခိုင်ဧကရာဇ်များလော

ချင်မိသားစု၏ အိမ်ထောင်စုစာရင်းတွင် ပထမဆုံးနေရာရှိလူမှာ ခိုင်ဧကရာဇ်ဖြစ်သည်။ သူက ချင်မိသားစု၏ ဘိုးဘေးဖြစ်၏။

ချင်မူ လူပုံစံမြူနောက် အပြေးလိုက်သွားသော်လည်း မြူက အလွန်မြန်၏။ ခြေတစ်လှမ်း၊ နှစ်လှမ်းမျှဖြင့် သူ့အား နောက်ချန်ခဲ့သည်။ ချင်မူ ကောင်းကင်ခိုးယူနတ်ခြေသိုင်းကို ထုတ်သုံး၍ လျှပ်စီးသဖွယ် တဟုန်ထိုး ပြေးလိုက်သော်လည်း မြူကား အစအနမကျန် ပျောက်ကွယ်သွားလေသည်။

ချင်မူ ငိုင်တွေတွေ ရပ်မိလိုက်သည်။

ခိုင်ဧကရာဇ်

ခိုင်ဧကရာဇ်အင်ပါယာ

မဟာမြို့ပျက်မတိုင်ခင် အင်ပါယာက ကပ်ဘေးတစ်ခုကြုံတွေ့ခဲ့ရသော်လည်း ခိုင်ဧကရာဇ်သည် ရွှင်ပျော်ပျော်ကျေးရွာနှင့် မည်သို့မည်ဖုံ ဆက်စပ်နေသနည်း။

ရှုန်းရှီယွီနှင့် ကျန်ရှိသူများ လိုက်မှီလာသည်။ ရှုန်းရှီယွီက ဘေးဝဲယာကို ကြည့်ပြီးနောက် မေး၏။ “ဂိုဏ်းသခင်ချင် ‌စောစောက မြင်ကွင်းက”

“သမိုင်းပုံရိပ်” ချင်မူ စိတ်ပြန်ထိန်းကာ ပြောလိုက်သည်။ “မာန်ဟုန်မြစ်အစမှ ထူးဆန်းတာတွေ အများကြီးရှိတယ်။ ဒီနေရာက တခြားကမ္ဘာတွေနဲ့ ဆက်သွယ်နေတာ။ ညရောက်ရင် ဒီအနားတစ်ဝိုက်မှာ ထူးဆန်းတာတွေ ဖြစ်တယ်။ ဒါပေမဲ့ နေ့ဘက်မှာလည်း ထူးဆန်းတာတွေ ဖြစ်မယ်မထင်ထားခဲ့ဘူး။ စောစောက သမိုင်းပုံရိပ်အရဆိုရင် ဒီနေရာက ချုံဧကရာဇ်ရဲ့ ယာယီနန်းဆောင်တစ်ခု ဖြစ်လောက်တယ်။ အဲဒီခေတ်က မြို့ပျက်တွေကို ဒီနားမှာ ရှာလို့ရလောက်မယ်”

“သမိုင်းပုံရိပ်တဲ့လား”

ရှုန်းရှီယွီနှင့် ကျန်ရှိသူများ မှင်သက်သွားကြသည်။ ထိုအရာမျိုးက အဘယ်သို့ပြု၍ အလိုအလျောက် ပြန်ဖြစ်ပေါ်လာသနည်း။

ချင်မူ သမိုင်းပုံရိပ်ကို တစ်ခါမြင်ခဲ့ဖူးသည်။ သင်္ဘောပေါ်မှာတုန်းက သူ့အဖေ ချင်ဟန်ကျန်း ဝိုင်းအတိုက်ခိုက်ခံခဲ့ရသော မြင်ကွင်းကို သူ မြင်ခဲ့ဖူး၏။

ဤကဲ့သို့ သမိုင်းပုံရိပ်မျိုးသည် အစွမ်းထက်သိုင်းပညာရှင်များ ချန်ရစ်ခဲ့သော အမှတ်အသားဖြစ်လိမ့်မည်။ ထိုသမိုင်းဇစ်မြစ်နှင့် ဆက်စပ်နေပြီး အလွန်တိုက်ဆိုင်မှုရှိခဲ့လျှင် လူတစ်ယောက်၊ ပစ္စည်းတစ်ခု သို့မဟုတ် အဖြစ်အပျက်တစ်ခုကြောင့် သမိုင်းပုံရိပ်များ အသက်ဝင်လာတတ်သည်။

သင်္ဘောပေါ်ရှိ သမိုင်းပုံရိပ်မှာ ချင်မူနှင့် ရွှင်ပျော်ပျော်ဓားကြောင့် ဖြစ်ခဲ့ရာ ဤသမိုင်းပုံရိပ်က မည်သည့်အရာကြောင့် ဖြစ်ပေါ်လာရသနည်း။

‘ဒီတစ်ခေါက် သမိုင်းပုံရိပ်နှစ်ခု ပေါ်လာတာ’

ချင်မူ ရုတ်တရက် သ‌ဘောပေါက်သွားသည်။ သူတို့မြင်ခဲ့ရသည်က သမိုင်းပုံရိပ်ထဲက သမိုင်းပုံရိပ်တစ်ခု ဖြစ်သည်ဟု ဆိုရလိမ့်မည်။

ခိုင်ဧကရာဇ် ဤနေရာသို့ လာရောက်တုန်းက ပထမသမိုင်းပုံရိပ်ကို အသက်သွင်းခဲ့၍ ခိုင်ဧကရာဇ်လက်အောက်တွင် သဲကန္တာရကို ပြောင်းလဲနေသော နတ်ဘုရားများကို မြင်တွေ့ခဲ့သည်။ ထို့နောက် ခိုင်ဧကရာဇ် မာန်ဟုန်မြစ်ပေါ်တွင် ပေါ်လာခဲ့ခြင်းက ဒုတိယသမိုင်းပုံရိပ်ဖြစ်သည်။

ပထမသမိုင်းပုံရိပ်သည် ဒုတိယသမိုင်းပုံရိပ်ထဲတွင် မှတ်တမ်းတင်ထားသောအရာ ဖြစ်၏။

‘ဒါဆို ဒီသမိုင်းပုံရိပ်ကို ဘယ်အရာက အသက်သွင်းလိုက်တာလဲ။ ရွှင်ပျော်ပျော်ဓားကြောင့်ပဲများလား’

ချင်မူ့အနောက်ရှိ ရွှင်ပျော်ပျော်ဓားက ငြိမ်သက်နေပြီဖြစ်ပြီး ဓားသံမပြုတော့ပေ။ သမိုင်းပုံရိပ်သည်လည်း လွင့်စင်ပျောက်ကွယ်သွားချေပြီ။ မြစ်ရေပြင်ထက်တွင် မြူတစ်စက်မှ မရှိတော့။ ကောင်းကင်က ရှင်းလင်းနေပြီး နေရောင်က စူးနေသည်။

မြူသည် မည်သည့်နေရာကမှန်းမသိ ပေါ်လာခဲ့သည့်အတိုင်း ပျောက်ကွယ်သွားခဲ့၏။

“ထူးဆန်းလွန်းတယ်။ ဘာကြောင့် ဒီနေရာမှာ ဖြစ်ပျက်နေတာလဲ... နေပါဦး အဖေ့သင်္ဘောပေါ်မှာတုန်းကလည်း သမိုင်းပုံရိပ် ပေါ်လာခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းက သင်္ဘောက ယိုတုကမ္ဘာနဲ့ သက်ရှိကမ္ဘာကြားထဲက ဝင်ပေါက်မှာ ပိတ်မိနေတာ။ ဖြစ်ပျက်တဲ့ပုံစံက အတူတူပဲဆိုတော့ ဒီနေရာမှာ သမိုင်းပုံရိပ်ရှိနေတာက ဒီနားပတ်ဝန်းကျင် တစ်နေရာရာမှာ တခြားကမ္ဘာဆီသွားတဲ့ ဝင်ပေါက်ရှိနေလို့ပဲ ဖြစ်ရမယ်’

ချင်မူ စဉ်းစားခန်းဖွင့်နေသည်။ သမိုင်းပုံရိပ်ဆိုသည်မှာ ကမ္ဘာများအကြားက အတားအဆီးပေါ်တွင် ထင်ဟပ်ပြီး အတိတ်အဖြစ်အပျက်များကို ပြသခြင်းဖြစ်တန်ရာသည်။

သူနှင့် ရွာလူကြီး ဤအနားရှိ မရဏတော်များနှင့် တွေ့ဆုံပြီးနောက် ဖုန်းတု၏ သေဆုံးသူတို့ ရှင်သန်ရာ ကမ္ဘာထဲ ဝင်ရောက်ခဲ့ကြသည်။ ဒုတိယအကြိမ် ဤနေရာသို့ သူ ရောက်လာတုန်းကလည်း မရဏတမန်တော်များနှင့် တွေ့ဆုံပြီး သေဆုံးသူတို့ ရှင်သန်ရာကမ္ဘာထဲ ဝင်ကာ လသင်္ဘောကို ငှားခဲ့ဖူးသည်။

သေဆုံးသူတို့ ရှင်သန်ရာကမ္ဘာက အနားတွင်ရှိလျှင် ယိုတုလည်း အနားတွင် ရှိသင့်သည်။

‘မာန်ဟုန်မြစ်အစက ကမ္ဘာလောကတွေကို ဆက်သွယ်ပေးထားတဲ့ အမှတ်တစ်မှတ်ဖြစ်ပုံပဲ။ တခြားလောကတွေဆီ သွားနိုင်တဲ့ ကောင်းကင်နတ်သိုင်းတစ်ခုခု ဒီနေရာမှာ ရှိနေမလားမသိဘူး။ တခြားကမ္ဘာတွေနဲ့ ဆက်သွယ်နေတဲ့ အမှတ်တွေကတော့ သေချာပေါက် ရှိတယ်’

ချင်မူ စိတ်ပြန်ထိန်းပြီး သူငယ်အိမ်အလွှာများ ဖွဲ့တည်ကာ စိမ်းပြာရောင်ကောင်းကင်မျက်လုံးဖြင့် ကြည့်လိုက်သည်။ မူမမှန်သည့်အရာ မတွေ့ရပေ။

သူ အပေါ်မော့ကြည့်ပြီး တခဏကြာသော် မူမမှန်သော သဲလွန်စတစ်ခုကို တွေ့လိုက်ရသည်။

ကောင်းကင်က နဂို‌ကောင်းကင်ပြာပြာသာ ဖြစ်သော်လည်း တိမ်နှစ်ခု ဆုံသွားပြီး တစ်ခုကိုတစ်ခု ဖြတ်သွားသည်ကို သူ မြင်လိုက်ရ၏။

တိမ်နှစ်ခု ဆုံလျှင် ပေါင်းသွားမည်ဟု သူ သိထားသော်လည်း ဤတိမ်နှစ်ခုက မည်သည့်အရာကိုမှ မထိခဲ့သည့်အလား တစ်ခုကိုတစ်ခု ဖြတ်သွားခဲ့သည်။

သဘောက သူတို့ခေါင်းပေါ်တွင် တစ်ခုအပေါ် တစ်ခုထပ်နေသော ကောင်းကင်နှစ်ခု ရှိနေသည်။

‘မဟုတ်ဘူး သုံးခုဖြစ်လောက်တယ်’ ချင်မူ ကောင်းကင်ပေါ် ခုန်တက်လိုက်သည်။ ရုတ်တရက် လေတစ်ချက် တိုက်ခတ်သွားပြီး သူ့အား တခိုက်ခိုက် တုန်သွားစေ၏။ “မဟုတ်ဘူး လေးခု... ငါးခုတောင် ဖြစ်လောက်တယ်ဟ...”

All Chapters