← Chapters

ဓားနတ်ဘုရားအဟောင်းနှင့် အသစ်

Vol. 24 Ch. 328

ဓားနတ်ဘုရားအဟောင်းနှင့် အသစ်

Vol. 24 Ch. 328

တိမ်တိုက်များ ရွေ့‌နေသောဘက်နှင့် လေတိုက်နေသည့်ဘက်က မတူညီပေ။ တစ်ခုက ဘယ်သို့ သွားနေပြီး တချို့က ညာကို ဦးတည်နေသည်။ ထို့အပြင် တိမ်တိုက်နှစ်ခုရှိသော ကောင်းကင်ထဲတွင် လေလမ်းကြောင်းက အောက်သို့ တိုက်ခတ်နေသည်။

ထိုဖြစ်ရပ်၏နောက်ကွယ်၌ အကြောင်းရင်းတစ်ခုတည်းသာ ရှိသည်။ တိမ်တိုက်နှစ်ခုနှင့် လေသည် မတူညီသော နေရာဟင်းလင်းပြင်တွင် ရှိလိမ့်မည်။ တိမ်တိုက်များနှင့် လေအပေါ်မူတည်၍ အနည်းဆုံး လောကအလွှာသုံးလွှာ ရှိနေသည်။

ယိုတုကမ္ဘာဆိုလျှင် အမှောင်ထုက အချိန်ပြည့်ကြီးစိုးနေသည့်အတွက် ကောင်းကင်က မှောင်မည်းနေလိမ့်မည်။ ဖုန်းတုဆိုလျှင်မူ မြူခိုးများလွှမ်းခြုံနေသည့်အတွက် ကောင်းကင်က မီးခိုးရောင်ရေးရေး သမ်းနေလိမ့်မည်။

လက်ရှိကောင်းကင်က ထိုသို့မဟုတ်သော်လည်း ထိုကမ္ဘာနှစ်ခုလည်း အနားတွင် ရှိနေကြောင်း ချင်မူ သေချာသည်။

ဆိုလိုသည်က မာန်ဟုန်မြစ်သည် ကမ္ဘာငါးခု တစ်ခုအပေါ်တစ်ခု ထပ်နေသော အရင်းအမြစ်ဖြစ်၏။

ညရောက်သည့်အခါ အမှောင်ထုက ကျူးကျော်လာပြီး ကမ္ဘာလောက တစ်ခုပြီးတစ်ခုပေါ်လာကာ စည်ကားသိုက်မြိုက်နေလိမ့်မည်။

‘အချိန်ရရင် မဟာမြို့ပျက်နဲ့ အနောက်ကမ္ဘာမြေ ဆက်နေတဲ့ နေရာကို သွားဖြစ်အောင် သွားရမယ်။ အမှောင်ထုက အဲဒီဘက်က လာတာဆိုတော့ အဲဒီနေရာမှာ လျှို့ဝှက်ချက်တွေ ပိုရှာတွေ့လောက်တယ်’

ချင်မူ ကောင်းကင်ပေါ်မှ ပြန်ဆင်းပြီး ခေါင်းကိုက်လာသည်။ ထိုသမိုင်းပုံရိပ်များသည် မည်သည့်အရာများနည်း။ မာန်ဟုန်မြစ်အစတွင် ထပ်နေသည့် ကမ္ဘာလောကများသည် မည်သည့်ကမ္ဘာလောကများနည်း။ လောကတစ်ခုနှင့်တစ်ခု ဆက်သွယ်နေသော အမှတ်များက မည်သည့်နေရာတွင် ရှိသနည်း။

မဟာမြို့ပျက်တွင် လျှို့ဝှက်ချက် များမြောင်လွန်းသည်။ မာန်ဟုန်မြစ်ထဲတွင် လျှို့ဝှက်ချက် အတော်များများ ကိန်းဝပ်နေဟန်တူ၏။

‘တချို့လျှို့ဝှက်ချက်တွေကို ငါ ထိလို့လည်းမရသလို၊ ဖြေလည်း မဖြေရှင်းနိုင်ဘူး။ အတင်းအကြပ် သွားလုပ်လိုက်ရင် ငါတို့အသက်အန္တရာယ် ရှိလိမ့်မယ်။ အရင်ဆုံး ရွာပြန်ကြစို့’

သူတို့ မြစ်အတိုင်း ဆင်းလာနေစဉ် ရှုန်းရှီယွီမှာ ချင်မူ့အရိပ်အခြည်ကို ကြည့်ပြီး မချုပ်တည်းနိုင်တော့ဘဲ စပ်စုလိုက်သည်။ “ဂိုဏ်းသခင်ချင်က မဟာမြို့ပျက်မှာ တကယ် ကြီးလာတာလား”

ချင်မူ ခေါင်းညိတ်လိုက်ပြီး ဇဝေဇဝါ မေးလိုက်မိသည်။ “ဘာလို့ ဒီလိုမေးတာလဲ”

“ဒီ‌လောက်အန္တရာယ်များတဲ့ နေရာမှာ ဘယ်လိုများနေနိုင်ခဲ့တာလဲနော်။ မဟာမြို့ပျက်မှာ ဆန်းကြယ်သားရဲမျိုးစုံ ကျက်စားနေကြတဲ့အပြင် ထူးဆန်းတဲ့အရာတွေလည်း ဖြစ်ပျက်နေတာ။ ညရောက်လို့ အမှောင်ထုဝင်‌ရောက်လာရင်လည်း မကောင်းဆိုးဝါး၊ မိစ္ဆာတွေ ပေါ်လာတယ်။ မဟာမြို့ပျက်နဲ့ ထပ်နေတဲ့ တခြားကမ္ဘာလောကတွေလည်း ရှိနေသေးတယ်။ ဂိုဏ်းသခင်ချင် ဒီအချိန်အထိ အသက်ရှင်လာခဲ့တာ တကယ်မယုံနိုင်စရာကောင်းလွန်းလို့ပါ”

ချင်မူ ပြုံးလိုက်သည်။ “နန်းဆောင်သခင်မ မှားနေပြီ။ မဟာမြို့ပျက်က အပြင်လောကထက်စာရင် သိပ်လုံခြုံတာဗျ။ တကယ့်အန္တရာယ်တွေက အပြင်လောကမှာ ရှိတာ။ ကျွန်တော် မဟာမြို့ပျက်ရဲ့အပြင်ကို ပထမဆုံးထွက်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ သွားတုန်းက မြစ်ကမ်းဘေးက စားသောက်ဆိုင်တစ်ဆိုင်မှာ တည်းခဲ့တယ်။ အဲဒီညမှာပဲ ပုန်ကန်မှုထဖြစ်လို့ အဲဒီတိကျန်းစီရင်စုတစ်စုလုံး အကုန်သေတာပဲ။ ကျွန်တော်နဲ့ လင်းအာပဲ လွတ်လာတာ။ မဟာမြို့ပျက်မှာတော့ အဲဒီလိုအဖြစ်အပျက်မျိုး တစ်ခါမှ မဖြစ်ဖူးဘူး”

ရှုန်းရှီယွီမှာ ရယ်ရမလား ၊ ငိုရမလား မသိတော့ပေ။ “အဲဒါလေးကြောင့်နဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာက မဟာမြို့ပျက်ထက် အန္တရာယ်များတယ် ပြောလို့မရဘူးလေ။ တိုက်ဆိုင်သွားလို့ နေမှာပါ”

“ကျွန်တော် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ရောက်တော့ လုပ်ကြံသတ်ဖြတ်မှုတွေ၊ ချုံခိုတိုက်ခိုက်မှုတွေ၊ အပြိုင်အဆိုင်တွေ အများကြီး ကြုံတွေ့ခဲ့ရတယ်။ အဲဒါနဲ့ယှဉ်ရင် မဟာမြို့ပျက်က ပိုပြီးအန္တရာယ်ကင်းတယ်။ မဟာမြို့ပျက်မှာ တွေ့ခဲ့ဖူးတဲ့ အကြီးမားဆုံးအန္တရာယ်ကလည်း အပြင်လူတွေ ဝင်လာလို့ ဖြစ်ခဲ့တာ။ ဒါကြောင့် မဟာမြို့ပျက်က အန္တရာယ်အကင်းဆုံးပဲ” ချင်မူက အေးအေးလူလူ ရှင်းပြသည်။

ရှုန်းရှီယွီ ‌နားမလည်နိုင်ဖြစ်သွားသည်။ အဘယ်သို့ပြု၍ မဟာမြို့ပျက်က အပြင်‌လောကထက် အန္တရာယ်ကင်းနိုင်မည်နည်း။

နဂါးချီလင်က တခွီးခွီး ရယ်သည်။ “နန်းဆောင်သခင်မကတော့ မသိလောက်ဘူး။ ဂိုဏ်းသခင်ချင် အပြင်ထွက်ရင် သူ့နာမည်အမှန် မသုံးရဲဘူး သိလား။ သူ့နာမည်အမှန် ပြောလိုက်တာနဲ့ သူ့ကို သတ်ဖို့ ပြေးလာတဲ့ လူတွေစီလိုက်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာကနေ ဒုက္ခိတဘိုးဘွားကျေးရွာအထိ ရှည်လိမ့်မယ်။ သမာသမတ်သိုင်းသမားအကုန်လုံး သူ့ကို သတ်ချင်လွန်းလို့ ယားနေကြတာ ခွီး ခွီး”

ချင်မူ သူ့ကို စိုက်ကြည့်ပြီး ရှုန်းရှီယွီကို ကပျာကယာ ရှင်းပြလိုက်သည်။ “တကယ်တမ်း ကျွန်တော်တို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက သိပ်သမာသမတ်ကျတာ။ အထင်မလွဲပါနဲ့။  ဪ ဒါနဲ့ ရွာပြန်ရောက်ရင် နန်းဆောင်သခင်မရဲ့ အဆိပ်ကို ကျွန်တော် အပျောက်ကုပေးနိုင်လောက်တယ်။ အဲဒါပြီးရင် ဘာလုပ်မှာလဲ”

ရှုန်းရှီယွီ တွေဝေသွားသည်။ အစစ်အမှန်ကောင်းကင်နန်းတော်သို့ ပြန်ရမည်လား။

ယခုတွင် သွေးသားဆို၍ သမီးငယ်တစ်ယောက်သာ ရှိတော့လေရာ အစစ်အမှန်ကောင်းကင်နန်း‌တော်သို့ ပြန်ပြီး နန်းဆောင်သခင်မနေရာ ပြန်သိမ်းရန် သူမ ယုံကြည်ချက်မရှိပေ။ ထို့အပြင် ရှုန်းချီအာ၏ အသက်အန္တရာယ်ကိုလည်း စိုးရိမ်ရသေးသည်။

သို့သော် ဘိုးဘေးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့သော အခြေခံအုတ်မြစ်ကို လက်မလျှော့နိုင်ပေ။

ချင်မူ သူမမျက်နှာရိပ်မျက်နှာကဲကို ကြည့်၍ ပြုံးလိုက်သည်။ “ရစ်ခွေအဆိပ်ကို ဖယ်ပေးနိုင်ရင်တောင်မှ နန်းဆောင်သခင်မရဲ့ ကျင့်စဉ်စွမ်းအင်က ဗြုန်းခနဲ အကောင်းအတိုင်း ပြန်ဖြစ်လာမှာမဟုတ်ဘူး။ နန်းဆောင်သခင် အနားယူပြီး ချီစွမ်းအင်ပြန်ဖြည့်နိုင်အောင် ကျွန်တော် ကူညီရဦးမှာ။ ဘာလုပ်ရမလဲ မဆုံးဖြတ်ရသေးဘူးဆိုရင် ဒီလိုလုပ်ပါလား။ ကျွန်တော်နဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို လိုက်ခဲ့။ ကျွန်တော်က နန်းတွင်းကောလိပ်ရဲ့ ကျောင်းသားဆိုတော့ နန်းဆောင်သခင်မ နန်းတွင်ကောလိပ်မှာ သင်ကြားနိုင်အောင် ထောက်ခံပေးလို့ရတယ်”

ရေပြင်ပမာ တောက်ပရွှန်းလဲ့နေသော ရှုန်းရှီယွီ၏ မျက်ဝန်းလှလှလေးတွင် အထွတ်အမြတ်နယ်မြေတစ်ခုမှ သခင်မတစ်ဦး၏ မာန်မာနတို့ မသိမသာ ထင်ဟပ်လာသည်။ “ကျွန်မက အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ သခင်မပါ။ ဂိုဏ်းသခင်က ကျွန်မကို နန်းတွင်းကောလိပ်ရဲ့ ကျောင်းသားလုပ်ခိုင်းနေတာလား”

ချင်မူ တခဏတွေးပြီး ပြောလိုက်သည်။ “ဒါဆိုလည်း ကျွန်တော်တို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ကျောင်းစံအိမ်မှာ ကျောင်းသားလုပ်မလား”

ရှုန်းရှီယွီမှာ ရယ်မလား ငိုရမလား မသိတော့၍ ပြောလိုက်သည်။ “နန်းတွင်းကောလိပ်ကို အရင်ဆုံး သွားကြည့်တာပေါ့”

ငါးရက်ကြာသော် သူတို့ ဒုက္ခိတဘိုးဘွားကျေးရွာသို့ ရောက်လာကြသည်။ ချင်မူ ရောက်ရောက်ချင်း ဟူလင်းအာကို အရင်ဆုံးသွားရှာသည့်အခါ သူမအခန်းထဲမှ မြေခွေးဖြူ‌လေးများ ထွက်လာပြီး လူစကားပြောသည်။ “သခင်လေး၊ မမကြီးက သခင်လေးကို ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ သွားရှာတယ်။ ထွက်သွားတာ လပိုင်းလောက်ရှိနေပြီ”

ချင်မူ အကြောင်းစုံမေးကြည့်သောအခါ ရှေ့ဆုံးရှိ မြေခွေးဖြူလေးက ပြောသည်။ “မဟာမှော်မိစ္ဆာဘုရင်က မမကြီးကို အတင်းလာလက်ထပ်ခိုင်းနေတာနဲ့ မမကြီးလည်း စိတ်တိုပြီး ရိုက်လွှတ်ပစ်လိုက်တာ။ နောက်နေ့ကျတော့ မဟာမှော်မိစ္ဆာဘုရင်က သူ့အဖေကို ခေါ်လာတယ်လေ။ မမကြီးလည်း သူ့အဖေကို မနိုင်လို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ သခင်လေးကို သွားရှာမယ်ပြောပြီး ထွက်ပြေးသွားတာပဲ”

ချင်မူ မြေခွေးဖြူလေးများကို နှုတ်ဆက်ပြီး အကုန်လုံးကို ဒုက္ခိတဘိုးဘွားဆီ ခေါ်သွားလိုက်သည်။ ရွာကို လှမ်းမြင်ရသည့်အခါ ချင်မူ စိတ်လှုပ်ရှားလာပြီး အကျယ်ကြီး လှမ်းခေါ်လိုက်၏။ “ဗျို့ ဘိုးဘိုးရွာလူကြီး၊ ဘိုးဘိုးဆေးဆရာ ကျွန်တော် ပြန်လာပြီ”

ရှုန်းရှီယွီ ရွာလေးကို လှမ်းကြည့်လိုက်သည့်အခါ ရွာအဝင်ဝရှိ ထမ်းစင်တစ်ခုပေါ်တွင် ထိုင်နေသော ပါးသိုင်းမွှေးထူလဗျစ်နှင့် အဘိုးအိုတစ်ဦးအား မြင်လိုက်ရသည်။

ကြက်နဂါးများက ရွာထဲ လျှောက်သွားနေ၏။

“ဟေ မူအာ ပြန်လာပြီလား။ အရပ်ရှည်လာပြန်ပြီပဲ” ပေစုတ်စုတ် အဘိုးအိုက ထမ်းစင်ကို စိမ်ပြေနပြေ လွှဲလျက် ရှုန်းရှီယွီနှင့် အမွှေးဖြူလင်းနို့နှစ်ကောင်ကို ကြည့်သည်။ တခဏကြာသော် သူ့အမူအရာက အံ့ဩသွားဟန် ပြောင်းလဲသွား၏။ “ဒီမိန်းကလေးက တော်တော်လှတာပဲ ကျင့်စဉ်စွမ်းအင်ကလည်း တော်ရုံမဟုတ်ဘူး။ အဆိပ်သင့်နေတာ နှမြောစရာကောင်းလိုက်တာ။ အမွှေးဖြူလင်းနို့နှစ်ကောင်ကလည်း နည်းနည်းစိတ်ဝင်စားစရာပါလား”

အမွှေးဖြူလင်းနို့နှစ်ကောင်က ရွာလူကြီးခေါင်းပေါ်ရှိ သစ်ပင်၌ ဇောက်ထိုးတွဲလောင်းခိုကာ ရွာလူကြီးအား စိတ်ဝင်တစား အကဲခတ်သည်။ “ခင်ဗျားလည်း စိတ်ဝင်စားစရာပဲ”

ချင်မူမှာ ရွာလူကြီးကို ကြည့်ရင်း မျက်မှောင်ကြုတ်နေသည်။ ထို့နောက် ရွာထဲ ပြေးဝင်ပြီး ဝက်ခုတ်ဓားမတစ်ချောင်း ယူပြီးနောက် အဘွားစစ်အခန်းထဲမှ အဝတ်ဖြူတစ်စ သွားရှာကာ ပြန်ရောက်လာသည်။ ‌ရေနွေးခွက်ထဲတွင် အဝတ်စကို နှစ်ပြီး ရွာလူကြီးမျက်နှာအပေါ် အုပ်လိုက်၏။

တခဏကြာသော် ချင်မူ အဝတ်စကို ပြန်ဖယ်၍ ဝက်ခုတ်ဓားမဖြင့် သူ့ပါးသိုင်းမွှေးများကို ရိတ်ပေးလိုက်သည်။ “ရွာလူကြီး၊ ရွာကလူတွေ ဘယ်ရောက်ကုန်တာတုန်း။ ဘိုးဘိုးဆေးဆရာရော ရွာမှာမဟုတ်ဘူးလား။ ရွာလူကြီး ကိုယ့်ကိုယ်ကိုလည်း ပြန်ကြည့်ပါဦး မုတ်ဆိတ်မွှေးတွေက မြေကြီးတောင် ထိတော့မယ်”

“ဆေးဆရာက ထွက်ပြေးသွားတာ” ရွာလူကြီးက သက်ပြင်းချကာ ပြောသည်။ “မိန်းမတွေပေါ့ ဒီနေရာကို ရောက်လာပြီး သူ့ကို ခြိမ်းခြောက်လိုက်လို့ ငါတစ်ယောက်တည်း ကျန်ခဲ့တာပဲ။ ငါ့မှာ ခြေလက်မှ မရှိတာကွာ အခန်းထဲ ဘယ်ပြန်သွားနိုင်ပါ့မလဲ”

ချင်မူ အလန့်တကြား ထခုန်မိလိုက်သည်။ “ရွာလူကြီး ရွာအဝင်ဝမှာ ဒီလိုနေနေတာ ဘယ်လောက်ကြာပြီလဲ”

“နှစ်လလောက်”

ချင်မူ ဆွံ့အသွားသည်။ ဤအဘိုးကြီးသည် နှစ်လလုံး မလှုပ်ဘဲ ရွာအဝင်ဝတွင် မိုးရွာရွာ၊ နေပူပူ၊ လေတိုက်တိုက် နေခဲ့၏။ အမှောင်ထုကိုလည်း မရှောင်ပေ။

ဤသည်ကား အပျင်းကြီးသည်ဟု မဆိုလျှင် အဘယ်အရာကို အပျင်းကြီးသည် ဆိုရတော့မည်နည်း။

ရှန်းရှီယွီလည်း တအံ့တဩ ထခုန်မိသည်။ ရွာထဲရှိ နတ်ဘုရားရုပ်တုများ၏ နေရာအရ ကောင်းကင်အလင်းတန်းများသည် ဤနေရာအထိ မတောက်ပနိုင်ပေ။ ဤပေစုတ်စုတ်အဘိုးကြီးက မသေဘဲ ဤနေရာတွင် နှစ်လတိုင် လဲနေခဲ့သည်။

သူက နတ်ဘုရားလော။

အမှောင်ထုထဲရှိ ထူးဆန်းသောအရာများက သူ့ကို စိတ်မဝင်စားခြင်းလော။

ချင်မူ ရွာလူကြီး၏ မုတ်ဆိတ်ပါးသိုင်းမွှေးတို့ကို ရိတ်ပေးပြီး မျက်နှာသစ်ပေးလိုက်သည်။ ထို့နောက် ရှုပ်ပွနေသော ဆံပင်ဖြူများကို ညှပ်၍ သပ်သပ်ရပ်ရပ် ဖြီးသင်ပေးပြီးနောက် အခန်းထဲ ပြန်သယ်ပြီး အဝတ်အစားအသစ် လဲပေးကာ အဟောင်းများကို သွားလျှော်လိုက်သည်။

ကိစ္စဝိစ္စအကုန် လုပ်ပြီးသည့်အခါ ချင်မူ အဘိုးအိုက ထမ်းစပ်ပေါ် ပြန်တင်၍ လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးပြီးနောက် မေးလိုက်သည်။ “ဘိုးဘိုးမာနဲ့ ကျန်တဲ့သူတွေ‌ရော ပြန်မလာဘူးလား”

“အဘိုးကြီးမာ တစ်ခါပြန်လာတယ်။ တာအိုသခင်နဲ့ တထာဂတလည်း ရောက်လာကြတယ်။ တထာဂတက သူ တထာဂတ မဟုတ်တော့ဘူးပြောပြီး လက်တစ်ဖက် ဖြတ်ပေးခဲ့တယ်။ သူက ငါ့ကို ပြောတယ် အဘိုးကြီးမာကို သူ့ကလေးတွေ ပြန်မပေးနိုင်ပေမယ့် လက်တစ်ဖက်တော့ ပြန်ပေးနိုင်ပါတယ်တဲ့လေ”

ချင်မူ အော်လိုက်မိသည်။ “တထာဂတက သူ့လက်သူ ဖြတ်လိုက်တယ်လား”

“အေး တထာဂတရဲ့ လက်ကို ကြက်နဂါးမတွေ ကောက်သွားတယ်။ ဒါပေမဲ့ သူတို့ စားလို့မရတော့ အခု ကြက်ခြံထဲမှာပဲ”

ရွာလူကြီးက သက်ပြင်းချသည်။ “အဘိုးကြီးမာက အေးတိအေးစက်နဲ့ လောကကြီးကို မုန်းနေတဲ့ပုံပေါ်ပေမယ့် တထာဂထ သူ့လက်ဖြတ်ပေးတော့ စိတ်ထိခိုက်ပြီး ငိုတယ်လေ။ အခုတော့ မဟာမိုးခြိမ်းသံကျောင်းတော်ကို သွားကြီးကြပ်တယ်။ တထာဂတအသစ်လာရင် ပြန်လာမယ်ပြောတာပဲ။ ဒါပေမဲ့ ပြန်လာနိုင်မှာမဟုတ်ဘူး၊ တထာဂတအသစ်ကို သူ စောင့်နေပေမယ့် တထာဂတခုံမှာ ထိုင်လိုက်တာနဲ့ သူက တထာဂတဆိုတာ သိသွားလိမ့်မယ်”

ချင်မူ ငိုင်တွေတွေ ပြောလိုက်သည်။ “ကျွန်တော် တစ္ဆေတောင်ကြားဘက် သွားမှာဆိုတော့ သူ့ဆီ ဝင်တွေ့လို့ရတယ်။ ဘိုးဘိုးထော့ကျိုးရော ဘယ်မှာလဲ။ သူက ဘိုးဘိုးမာနဲ့ မခွဲနိုင်မခွာနိုင်မဟုတ်ဘူးလား”

“အခုလည်း မခွဲနိုင်မခွာနိုင်ဘူးလေ။ အဘိုးကြီးမာ လုပ်ကြံခံရမှာစိုးလို့တဲ့ မဟာမိုးခြိမ်းသံကျောင်းတော်မှာ ဧည့်သည်သွားလုပ်တယ်” ရွာလူကြီးက စိတ်ပူနေဟန်ဖြင့် ပြောသည်။ “အဘိုးကြီးမာ တထာဂတဖြစ်လာရင် သူ့တောင်တစ်ခုလုံးက ပုံရိပ်ယောင်တစ်ခုပဲဆိုတာ တွေ့သွားမှာပဲ စိတ်ပူတယ်”

ချင်မူ သားသတ်သမား၊ မျက်ကန်းနှင့် ရွှေအတို့ကိုလည်း မတွေ့သဖြင့် မေးလိုက်သည်။ မျက်ကန်းနှင့် သားသတ်သမားက ကျောက်စိမ်းမြို့တော်ငယ်ကို သွားကြည့်ချင်၍ တာအိုဆရာသခင်နှင့် တထာဂတနောက် လိုက်သွားသည်။ ရွှေအက ရွာမှ ထွက်သွားရန် အစီအစဉ်မရှိခဲ့သော်လည်း ဆေးဆရာ ထွက်ပြေးသည့်နေ့မတိုင်ခင် စိတ်ဖောက်သွားပြီး သူ့ပစ္စည်းများကို ယူ၍ အမှောင်ထုထဲ ဝင်ကာ တစ်စုံတစ်ခု နောက်သွား၏။ သူ ယခုထက်ထိ ပြန်မလာသေးပေ။

အဘွားစစ်လည်း မရှိ။ သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် စိတ်နှလုံးမိစ္ဆာကို ဖိနှိပ်၍ သိုင်းကျင့်နေဆဲဖြစ်လိမ့်မည်။

ချင်မူ ရွာထဲတွင် လှဲကျင်းသိမ်းဆည်းပြီး ရတနာနှင့်တူသည့် အရာများကို သူ့ထောင်ကျယ်အိတ်နှစ်အိတ်ထဲ ထည့်လိုက်သည်။ ထို့နောက် ရွာအဝင်ဝရှိ ဆေးခင်းဆီ သွားပြီး လက်ဆန့်တန်းလိုက်၏။ ဓားပျံငါးလက်က ဆေးခင်းပတ်ပတ်လည်တွင် စိုက်ဝင်သွားပြီး မြေကြီးထဲ ထိုးဖောက်ကာ တိတိရိရိ ဖြတ်တောက်နေသည်။

ချင်မူ တစ်စုံတစ်ခုကို ပင့်မြှောက်လိုက်သကဲ့သို့ လက်နှစ်ဖက်အား မြှောက်လိုက်သည့်အခါ ဆေးခင်းတစ်ခင်းလုံး အပေါ်မြောက်တက်လာပြီး ပန်ကုန်းစုန်၏ ထောင်ကျယ်အိတ်ထဲ ထည့်ခံလိုက်ရ၏

ပန်ကုန်းစုန်၏ ထောင်ကျယ်အိတ်က ချင်မူ့ထောင်ကျယ်အိတ်ထက် များစွာကောင်းပြီး အထဲတွင် မြေတစ်မြေပင် ဆန့်၏။

ချင်မူ ဆေးဆရာ၏ ဆေးခြင်းကို ကောက်ကာ ရွာလူကြီးအား အထဲ ထည့်လိုက်သည်။ ရွာလူကြီး ဒေါသထွက်သွား၏။ “ခွေးကောင်လေး ဘာလုပ်တာလဲ ပြန်ချပေးစမ်း”

“ဘိုးဘိုးကို ဒီမှာနေခိုင်းလို့ မဖြစ်ဘူး” ချင်မူ ဆေးခြင်းကို ကျောတွင် လွယ်ကာ ပြောလိုက်သည်။ “တစ်ခုခုဖြစ်သွားရင် ဘယ်နှယ့်လုပ်မတုံး။ အခုကစပြီး ကျွန်တော် ဘယ်သွားသွား ဘိုးဘိုးရွာလူကြီး လိုက်ခဲ့ရမယ်”

ရွာလူကြီး တခဏတိတ်ဆိတ်သွားပြီး ရင်ထဲ လှုပ်ခတ်သွား၏။ သူက ပြုံးလိုက်သည်။ “ပြန်ချပေး အကောင်စုတ်လေး။ ငါ အိုနေပြီ မသွားနိုင်မလာနိုင်တော့ဘူး။ သေပြီးရင် သေဆုံးသူတို့ရှင်သန်ကမ္ဘာဆီ လာခဲ့မယ်လို့တောင် ငရဲမင်းကို ကတိပေးပြီးသား။ ငါ သေရင် ငှက်နတ်ဘုရား လာသုတ်ချီသွားလိမ့်မယ်”

ဆေးခြင်းက တောင်တစ်လုံးထမ်းထားရသကဲ့သို့ လေးလာသည်ကို ချင်မူ တမုဟုတ်ချင်း ခံစားလိုက်ရသည်။ ရွာလူကြီး မဟာမြို့ပျက်မှ ထွက်မသွားချင်ကြောင်း သူ သိ၍ မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် ပြောလိုက်သည်။ “ဘိုးဘိုးရွာလူကြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနဲ့ မတွေ့ချင်ဘူးလား။ ဓားနတ်ဘုရားအဟောင်းအနေနဲ့ ဓားနတ်ဘုရားအသစ်ကို သွားမတွေ့ချင်ဘူးလား။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက နှစ်ငါးရာမှ တစ်ခါပေါ်တဲ့ ပါရမီရှင်ဆိုတော့ သေချာပေါက် တွေ့သင့်တယ်နော်”

ချင်မူ့ကျောနောက်ရှိ ဆေးခြင်းက ရုတ်ခြည်း ပေါ့သွားပြီး ရွာလူကြီး၏လေသံက သူရသတ္တိပြည့်ဝနေသော ဓားသမားတစ်ဦး၏အသံ ပေါက်လာသည်။ “ဓားနတ်ဘုရားအသစ်တဲ့လား။ ကောင်းပြီလေ ငါ မသေခင် သူနဲ့တွေ့သွားတာလည်း ကောင်းတဲ့အရာပဲ။ သွားစို့ ထာဝရငြိမ်းချမ်းအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနဲ့ သွားတွေ့ကြမယ်”

All Chapters