သွေးပင်လယ်
Vol. 24 Ch. 329
ဒေါင် ဒေါင် ဒေါင်
မဟာမိုးခြိမ်းသံကျောင်းတော်တွင် ဧည့်ကြိုခေါင်းလောင်းသံ တဒေါင်ဒေါင် ပျံလွင့်နေသည်။
ချင်မူ ရွာလူကြီးကို ကျောပိုး၍ တောင်ပေါ်တက်လာသည့်အခါ သူတို့ကို ကြိုဆိုရန် ရဟန်းရှင်တော်အားလုံးကို ဦးဆောင်လျက် ရှေ့မှကြွလာသော တထာဂတတစ်ပါးကို မြင်လိုက်ရသည်။ ချင်မူ အတန်ငယ် ဝမ်းနည်းမိသည်။ အေးတိအေးစက်မျက်နှာထား ရှိသော်လည်း နွေးထွေးကြင်နာတတ်သော မာဝမ်ရှန်းကား မဟာမိုးခြိမ်းသံကျောင်းတော်၏ တထာဂတ၊ ဗုဒ္ဓမြတ်စွာတစ်ပါး ဖြစ်လာခဲ့ချေပြီ။
မဟာမိုးခြိမ်းသံကျောင်းတော်မှ ရဟန်းများက သူ၏ ဇနီးသည်နှင့် ကလေးများကို သတ်ခဲ့သော်လည်း အဘိုးကြီးမာသည် သူ ကြီးပြင်းလာခဲ့ရသော ကျောင်းတော်ကို မစွန့်ပစ်နိုင်ပေ။
တထာဂတအတွက် အဘိုးကြီးမာက တပည့်အရင်း၊ အဘိုးကြီးမာအတွက်လည်း တထာဂတက ဆရာအရင်းဖြစ်သည့်အတွက် တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိကြသည်။ တထာဂတသည် အိုမင်းနေပြီဖြစ်၍ သူ့လက်အောက်ရှိ ရဟန်းများကို ကောင်းစွာမထိန်းနိုင်တော့ပေ။ အရဟတ်ကျောင်းဆောင်မှ အရဟတ်များက ကျန်ကျောင်းဆောင်များမှ ရဟန်းများဖြင့် တောင်အောက်ဆင်းလာပြီး အဘိုးကြီးမာ၏ ဇနီးများနှင့် ကလေးများကို သတ်သွားခြင်းဖြစ်သည်။
တထာဂတက လက်ကိုဖြတ်၍ အဘိုးကြီးမာကို ပေးခဲ့သည်။ ဤအရာက သူ့ရင်ထဲရှိ အမုန်းအဃာတကို မချေဖျက်နိုင်သော်လည်း တပည့်တစ်ဦးအနေဖြင့် ဆရာ၏ သင်္ကန်းနှင့် သပိတ်တော်ကို ဆက်ခံရသေးလေသည်။ သူ့အနေဖြင့် မဟာမိုးခြိမ်းသံကျောင်းတော် ပျောက်ကွယ်သွားမည်ကို လက်ပိုက်မကြည့်နိုင်ပေ။
သူ ကြီးပြင်းခဲ့ရာ ကျောင်းတော်သို့ ပြန်လာပြီး တထာဂတခုံပေါ်တွင် ထိုင်လိုက်သောအခါ လေတစ်ချက်က မိုးပြာတိမ်တိုက်များကို စွေ့သယ်ကာ သူ့ခန္ဓာကိုယ်ကို တိုးဝှေ့တိုက်ခတ်သွားသည်။ လေငြိမ်သွားသောအချိန်တွင် သူ စစ်မှန်သောဉာဏ်အလင်းကို ရှုမြင်ဆင်ခြင်နိုင်ခဲ့ပြီး မဟာယနသုတ္တန်၏ နောက်ဆုံးအဆင့်သို့ တက်လှမ်းကာ ဗြဟ္မဘုံအဆင့်သို့ ရောက်ရှိခဲ့၏။
သိကြားဘုံမှ ဗြဟ္မဘုံသို့ ရောက်ရှိခြင်းသည် ဗုဒ္ဓမြတ်စွာတစ်ပါးအဖြစ် နိုးထလာခြင်းဟု ဆိုလိုသည်။
မဟာမိုးခြိမ်းသံကျောင်းတော်၏ ရွှေတောင်ထွတ်ထက်တွင် ချင်မူမှာ လူကြီးတစ်ယောက်သဖွယ် မည်ကဲ့သို့ပြုမူနေထိုင်ရမည်ကို ဆုံးမသွန်သင်ပေးခဲ့သော အဘိုးကြီးမာအား ကြည့်ကာ ရင်ထဲတွင် ခံစားချက်ပေါင်းများစွာ လှိုက်တက်လာသည်။ နောက်ဆုံးတော့ အဘိုးကြီးမာကို နောင်တော်ဟု သူ ခေါ်လိုက်၏။
မဟာမိုးခြမ်းသံကျောင်းတော်၏ ဤတထာဂတသည် အမြင့်ဆုံးအဆင့်ဖြစ်သည့် ဗြဟ္မဘုံအထိ ကျင့်ကြံပေါက်မြောက်ခဲ့ပြီးဖြစ်သည်။ သူ၏ရုပ်ခန္ဓာ၊ နာမ်စိတ်နှင့် တထတ္တသည် ပြစ်ချက်ကင်းနေပြီး သူ့အနောက်၌ ကောင်းကင်ဘုံအဆင့်နှစ်ဆယ် ရှိသည်။ ဗြဟ္မာတစ်ပါးက တင်ပျဉ်ခွေဖွဲ့ထိုင်နေပြီး အရွယ်အစားမျိုးစုံရှိသော နတ်ဘုရားများ၊ ဗုဒ္ဓများက သူ့ကို ခြံရံလျက် ဗုဒ္ဓရောင်ခြည်တော်များ ကွန့်မြူးတောက်ပနေရာ အဘိုးကြီးမာကား အလွန်သပ္ပါယ်လှလေသည်။
“နောင်တော်” အဘိုးကြီးမာက သူ့ကို ပြန်နှုတ်ဆက်သည်။
ချင်မူ့မျက်နှာ ညှိုးကျသွားသည်။ ယခုတွင် အဘိုးကြီးမာက တထာဂတခုံတွင် ထိုင်နေပြီဖြစ်ရာ အတိတ်တုန်းက အဘိုးကြီးမာ မဟုတ်တော့၊ တထာဂတဖြစ်လာခဲ့ချေပြီ။ သူသည် လောကီကိစ္စများကို ပယ်ရှား၍ ပစ္စည်းလေးပါးကိုလည်း ဖယ်ခွာထားရလိမ့်မည်။
ထော့ကျိုးက အနားတွင် ရှိသည်။ အခမ်းအနားတက်ရောက်ရန်အတွက်သာ သွားသည်ဆိုသော်လည်း အဘိုးကြီးမာကို စိတ်မချခြင်းဖြစ်သည်။ မဟာမိုးခြိမ်းသံကျောင်းတော်၏ ဘုန်းကြီးများ သူ့အား လုပ်ကြံမည်ကို စိုးရိမ်လေသည်။
သို့သော် အဘိုးကြီးမာက မဟာယနသုတ္တန်၏ အမြင့်ဆုံးဗြဟ္မဘုံအထိ ရောက်ရှိခဲ့ပြီဖြစ်သည့်အတွက် စိတ်ပူစရာမလိုတော့ပေ။ မဟာမိုးခြိမ်းသံကျောင်းတော်၏ နေတိုင်းလိုလိုတွင် ရတနာများ ရှိနေရာ ထော့ကျိုး ငြိမ်ငြိမ်မထိုင်နိုင်ဖြစ်နေသည်။ ခိုးချင်သော်လည်း အကျိုးဆက်ကို မရင်ဆိုင်နိုင်သဖြင့် ချင်မူနှင့် ရွာလူကြီး ရောက်လာသည်ကို မြင်လျှင် ပြန်မည်တကဲကဲ လုပ်နေတော့သည်။
ချင်မူ ရက်ပိုင်းမျှ ထပ်နေချင်သော်လည်း ညရောက်သည့်အခါ မြောက်ပိုင်းရှိ ချင်းမန်တံခါးမှ အလင်းတန်းများဖြာထွက်နေသည်ကို မြင်လိုက်ရ၏။ ထိုမျှတောက်ပသောအလင်းရောင်များ ဖြာထွက်နေသည်ကို ကြည့်ခြင်းအားဖြင့် တစ်ခုတော့ သေချာသည်။ ချင်းမန်တံခါး၌ တိုက်ပွဲ အလွန်ပြင်းထန်နေချေပြီ။
ချင်းမန်တံခါးဘေးတွင် အမွှေးဖြူလင်းနို့နှစ်ကောင် နေသော တစ္ဆေတောင်ကြားရှိသည်။ မဟာမိုးခြိမ်းသံကျောင်းတော်နှင့် သိပ်မဝေးပေ။
ချင်မူ မနက်စောစော ထ၍ နှုတ်ဆက်ပြီး ရွာလူကြီး၊ ရှုန်းရှီယွီ၊ ထော့ကျိုးနှင့် ကျန်ရှိသူများကို ခေါ်ကာ ထွက်လာခဲ့သည်။
“ငါက အဘိုးကြီးမာနဲ့ တွေ့တုန်းက ကောင်းကင်လူဆိုးထိန်းမာလို့ သူ နာမည်ကြီးနေတဲ့အချိန်ပေါ့။ သူ ငါ့ကို ဖမ်းမိမလိုတောင် ဖြစ်ခဲ့သေးတယ်”
ထော့ကျိုးက မြင့်းမိုရ်တောင်၏ ရွှေရောင်တောင်ထွတ်ဆီသို့ ပြန်လှည့်ကြည့်သည်။ ရွှေရောင်တောင်ထွတ်က ဗုဒ္ဓရောင်ခြည်တော်များ ကွန့်မြူးနေပြီး ဗုဒ္ဓသံများက စာလုံးအသွင်၊ ကြာပန်းများအသွင်၊ ဗုဒ္ဓပုံရိပ်များအသွင် ဖွဲ့တည်လျက် တောင်ထွတ်ကို ခြံရံလျက်ရှိ၏။
ထော့ကျိုးသည် တောင်ထွတ်ကို ငေးရင်း ခပ်တိုးတိုး ပြော၏။ “သူ ငါ့ကို ခဏခဏ ဖမ်းမိလို့ ငါတို့ ခဏခဏ တိုက်ခိုက်ကြတယ်။ ငါ အကြောက်ဆုံးနဲ့ အလေးစားဆုံးက သူပဲ။ ငါ ငယ်ငယ်တုန်းက မိဘမဲ့တစ်ကောင်ကြွက်၊ ဘာဆိုဘာမှမရှိတော့ တောင်းစားရတယ်။ ဗိုက်အရမ်းဆာလာရင် ခိုးတယ်။ လုတော့ မလုရဲဘူး ပိန်လှီပြီး အားမှမရှိတာကိုး”
“နောက်တော့ ငါ့ကို ကင်းလှည့်အဘိုးကြီးတစ်ယောက် ဖမ်းမိသွားတယ်။ ဒါပေမဲ့ အကျဉ်းမချဘဲ နောက်မခိုးတော့အောင် လက်မှုအတတ်တွေ သင်ပေးတယ်။ သူက ငါ့အတွက် အဖေတစ်ယောက်လိုပဲ။ ငါ သူ့နောက်ကနေ တကောက်ကောက် လိုက်ပြီး သူ့လို ကင်းလှည့်တပ်သားတစ်ယောက် လုပ်မယ်ဆိုပြီး အမြဲစိတ်ကူးယဉ်နေခဲ့တာပေါ့။ အဘိုးကြီးမာကို မြင်ရင် သူ့ သတိရတယ်။ အဘိုကြီးမာ ခပ်တည်တည်ကြီးနေရင် သူ့အတိုင်းပဲ...”
ချင်မူ နဂါးချီလင်၏ကျောပေါ် ထိုင်ပြီး မည်သည်ကိုမျှ မပြောဘဲ ထော့ကျိုး သူ့အတိတ်အကြောင်း ပြောနေသည်ကို နားထောင်နေ၏။
“ငါ့မှာ အဖေမရှိတော့ ကင်းလှည့်အဘိုးကြီးကိုပဲ အဖေလို့ တွေးထားတာ။ သူ့နောက်လိုက်နေတဲ့ နှစ်တွေမှာ ငါ ကြိုးကြိုးစားစား အလုပ်လုပ်ပြီး ပျော်ရွှင်ခဲ့ရတယ်။ ဒါပေမဲ့ တစ်နေ့တော့ ကင်းလှည့်အဘိုးကြီး သေသွားတယ်”
ထော့ကျိုး၏မျက်လုံးများက တည်ငြိမ်နေပြီး သူ့အသံသည်လည်း အေးဆေးလာ၏။ “သူ့ရန်သူတွေက ညသန်းခေါင်ကြီး သူ့ လာရှာတာ။ အဲဒီအချိန်တုန်းက ငါ အိပ်နေပေမယ့် အပြင်က အော်သံတွေကြောင့် နိုးလာတယ်။ အဘိုးကြီးက ငါ့အခန်းထဲ ကရောသောပါး ဝင်လာပြီး သူ့အသက်ကို ဂရုမစိုက်ဘဲ ငါ့ကို အိမ်အပြင်ရောက်အောင် ခေါ်ထုတ်ပေးတယ်။ ပြီးတော့ ဒီလိုပြောတယ် ‘ကောင်လေး လူကောင်းအဖြစ် နေထိုင်နော် .... ပြေး’ တဲ့။ အဲဒီတုန်းက ငါ့မှာ အဝတ်အစားတွေ မရှိတော့ အဝတ်ဗလာနဲ့ ပြေးရတာ။ ပြေးရင်း ပြေးရင်း ငါ့ခြေထောက်တွေက မြန်သထက် မြန်လာတယ်။ ငါ အကူအညီအော်တောင်းတယ် ဘယ်သူမှ ပေါ်မလာဘူး။ ဘယ်သူ့မှပဲ....”
နံရိုးအပြိုင်းပြိုင်းနှင့် ပိန်လှီလှီကောင်လေးတစ်ယောက် အဝတ်ဗလာနှင့် အကူအညီအော်တောင်းရင်း ပြေးနေသော်လည်း မည်သူမှ သူ့အား မကူညီခဲ့ကြပေ။
ထော့ကျိုး မိုးလင်းသည်အထိ တစ်ညလုံး ပြေးပြီး မိုင်တစ်သောင်းကျော် ရောက်လာသည်။ သူ စိတ်နှင့်ကပ်ပြန်ကပ်သွားသောအခါ ကင်းလှည့်အဘိုးကြီးအိမ် ပြန်သွားသော်လည်း အိမ်မှာ ပြာကျနေပြီဖြစ်သည်။ အဘိုးကြီး၏ အရိုးစများကိုသာ မြေကြီးထဲမှ တူးဖော်နိုင်ခဲ့၏။
“သူက သူ့တစ်ဘဝလုံး နေခဲ့တဲ့အတိုင်း ငါ့ကို လူကောင်းတစ်ယောက် ဖြစ်လာစေချင်ပေမယ့် သူ ဘယ်လိုအဖြစ်မျိုးနဲ့ အဆုံးသတ်သွားလဲ ကြည့်လေ။ ငါ လူကောင်းမဖြစ်ချင်တော့ဘူး။ သူ ငါ့ကို မခိုးစေချင်တာကြောင့် ငါ ခိုးတယ်”
ထော့ကျိုးက အထီးကျန်နေသောအသံဖြင့် ဆက်ပြောသည်။ “ခိုးတယ်၊ ထွက်ပြေးတယ်။ တဖြည်းဖြည်း ငါ့နာမည်က စောရနတ်ဘုရားဆိုပြီး ကျော်ကြားလာတယ်။ အစီအရင်တွေ၊ တားမြစ်သိုင်းကျင့်စဉ်တွေဆိုတာ ငါ့မျက်လုံးထဲမှာ ဘာမှမဟုတ်ဘူး။ ငါ လေဟုန်စီးတယ်၊ တိမ်တွေကို နင်းတယ်၊ မိုးကြိုးတွေကို ကျော်ဖြတ်တယ်။ တစ်လောကလုံးကို ပတ်ခိုးတယ်။ ဘယ်ဂိုဏ်းဖြစ်ဖြစ်၊ ဘယ်အထွတ်အမြတ်မြေဖြစ်ဖြစ် ငါ အကုန်လုံးဆီက ခိုးတာပဲ
“အဲဒီလိုလျှောက်ပတ်သွားရင်း အဘိုးကြီးရဲ့ ရန်သူတွေကို ပြန်တွေ့လို့ သူတို့ခေါင်းတွေကို ဖြုတ်ခိုးသေးတယ်။ ကင်းစောင့်အဘိုးကြီးဆီ ပြန်သွားပြီး ဂါဝရပြုတဲ့အချိန်ကျတော့ လူကောင်းတစ်ယောက် ဖြစ်ချင်နေပြီ။ ဒါပေမဲ့ ခိုးတဲ့အကျင့်က ငါ့မှာ အမြစ်တွယ်နေတော့ ဘယ်လောက်ပဲကြိုးစားကြိုးစား မခိုးပဲ မနေနိုင်ဘူး။ အဲဒီနောက်မှာ အဘိုးကြီးမာနဲ့ တွေ့တယ်။ သူက ကင်းစောင့်အဘိုးကြီးနဲ့ တူတော့ သူ့ကို ငါ ကြောက်တယ်၊ လေးစားတယ်။ အခု သူ တထာဂတဖြစ်လာပြီ၊ သူ့ရဲ့ သနားကရုဏာအကြည့်ကြောင့် ကင်းစောင့်အဘိုးကြီး ဗုဒ္ဓမြတ်စွာတစ်ပါး ဖြစ်သွားသလို ငါ ခံစားရတယ်...”
ရွာလူကြီးက ဆေးခြင်းထဲမှ ခေါင်းထွက်လာသည်။ “အဘိုးကြီးမာက ဗုဒ္ဓဖြစ်မှာ မဟုတ်ဘူး။ တစ်နေ့ တထာဂတအသစ် ရောက်လာရင် သူ လူဝတ်ပြန်လဲပြီး အရင်တုန်းက အဘိုးကြီးမာ ပြန်ဖြစ်လာလိမ့်မယ်”
ထော့ကျိုး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ “မျှော်လင့်ရတာပဲ”
ချင်မူလည်း ယိုင်နွဲ့နွဲ့သက်ပြင်းချ၍ ခပ်တိုးတိုး ရေရွတ်လိုက်၏။ “အဘိုးကြီးမာ သေချာပေါက် ပြန်လာမှာပါ...”
လမ်းတွင် ရှုန်းရှီယွီ၏ကိုယ်ထဲရှိ အဆိပ်ကို သူ ဖယ်ရှားပြီး၍ ချီစွမ်းအင်ဖြည့်တင်းရန် စွမ်းအင်ဆေးလုံးတချို့ပင် ဖော်နိုင်လိုက်သည်။ နောက်ဆုံးတော့ သူတို့ တစ္ဆေတောင်ကြားဆီ ရောက်လာပြီး အမွှေးဖြူလင်းနို့နှစ်ကောင်က တစ္ဆေတောင်ကြား၏ ချိုင့်ဝှမ်းအတွင်း ပျံဆင်းသွား၏။ သူတို့က သစ်ပင်တစ်ပင်၌ တွဲလောင်းခိုကာ ချင်မူတို့ကို နှုတ်ဆက်သည်။
“ဂိုဏ်းသခင် အားရင် လာလည်လှည့်ပါဦး ငါတို့ မင်းကို မစားပါဘူး စိတ်ချ” ဖုယွီချိုးက ပြောသည်။
ချင်မူ တဟားဟား အော်ရယ်ကာ လက်ပြနှုတ်ဆက်လိုက်၏။ အမွှေးဖြူလင်းနို့နှစ်ကောင်က တစ္ဆေတောင်ကြားထဲ ပျံဝင်သွားပြီး အော်ဟစ်ကြသည်။ “ဘိုးဘေးတွေကို နှိုးပြီး ငါတို့ သားဖောက်နိုင်အောင် အမ,လေးတွေ မွေးပေးခိုင်းကြစို့”
“သူတို့ကို မွေးခိုင်းရင်တောင် ငါတို့ရဲ့ ဘွားဘွားကြီးတွေ ဖြစ်နေမှာလေ ဘယ်လိုလုပ် သားဖောက်နိုင်မတုံး။ ပြီးတော့ ဘိုးဘေးနှစ်ယောက်က အထီးဖြစ်နေရင် ဘယ်နှယ့်လုပ်မလဲ”
“ပိတ်ထားစမ်း”
...
နဂါးချီလင် တစ္ဆေတောင်ကြားမှ ထွက်လာပြီး များစွာမကြာလိုက်ဘဲ စစ်မြေပြင်တစ်ခုက သူတို့အရှေ့တွင် ပေါ်လာသည်။ ဘဲလျှာရပ်ဝန်းရှိ တောအုပ်မှာ ပြားပြားကပ်ပျက်စီးနေပြီ ဖြစ်သည်။ ဘဲလျှာရပ်ဝန်းသည် မိုင်တစ်ထောင်နီးပါး ရှည်လျားသော်လည်း မန်သီလူရိုင်းနယ်မြေနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စစ်မြေပြင်ဖြစ်လာခဲ့သည့်အတွက် တောင်များပင် ပြားဝပ်သွားသည်အထိ ရစရာမရှိတော့ပေ။
ချင်မူတို့ ရောက်လာသည့်အခါ စစ်ပွဲက ပြင်းထန်နေသည်။ နှစ်ဖက်လုံးမှ စစ်သည်ထောင်ပေါင်းများစွာက ကမ္ဘာမြေတုန်ဟည်းစေသော ကောင်းကင်နတ်သိုင်းများဖြင့် တဟုန်ထိုး ချီတက်နေကြသည်။ ဧရာမဆန်းကြယ်သားရဲကြီးများက ကောင်းကင်နတ်သိုင်းပညာရှင်ပေါင်းများစွာကို ကျောတွင် သယ်လျက် ပျံသန်းနေ၏။
ဧရာမသားရဲကြီး၏အောက်တွင် ဓားမများ၊ ဓားပျံများ ကိုင်ထားသော သိုင်းသမားများ ရှိသည်။ သူတို့က အားမာန်အပြည့်ဖြင့် ပြေးတက်သွားကြပြီး ရန်သူနှင့် တိုက်ခိုက်ကြ၏။ တမုဟုတ်ချင်း မြေပြင်တွင် သွေးချောင်းစီးသွားသည်။
ဆန်းကြယ်သားရဲကြီးများ၏ ခေါင်းပေါ်တွင် လေသင်္ဘောများက အလံတလွင့်လွင့် လွှင့်ထူလျက် ကောင်းကင်အပြည့် နေရာယူထားသည်။ အမြှောက်များက တဒိန်းဒိန်း ပစ်ခတ်နေပြီး ရေစည်ပိုင်းကြီးတမျှ ကြီးမားတုတ်ခိုင်သော အလင်းတန်းများက ရန်သူစစ်တပ်ကို ဖောက်ခွဲဖျက်စီး၍ ထိထိသမျှ အရာရာတိုင်းအား အငွေ့ပျံသွားစေသည်။
မရေမတွက်နိုင်သော ဓားမစက်လုံးများ၊ ဓားစက်လုံးများကလည်း ဓားရောင် တဖျတ်ဖျတ် လက်လျက် တဝီးဝီး လည်နေကြသည်။
လိုလန်ရွှေနန်းတော်၏ အဆင့်မြင့်မှော်ဆရာများကလည်း ရွှေတောင်ပံငှက်ခေါင်း သန္ဓေပြောင်းသတ္တဝါများ အသွင်ဖွဲ့တည်ထားကြ၏။ သူတို့ တောင်ပံခတ်၍ လက်များ လှုပ်ခါလိုက်သည့်အခါ အလင်းတန်းများ အရပ်မျက်နှာတစ်ခွင် ဖြာထွက်သွားသည်။
မြေပြင်ပေါ်တွင် ရွှေဆင်ခေါင်းဘီလူးကြီးများက ဒေါသတကြီး ပြေးတက်လာနေကြ၏။
တောင်ကြောနှစ်ခုလုံးအပေါ်ရှိ ကြေးမုံကြီးများက ကောင်းကင်နတ်သိုင်းပညာရှင်များ၏ ဝိညာဉ်များကို ပြသနေသည်။ ကြေးမုံများဘေးတွင် လေလမ်းကြောင်း၊ တိမ်လမ်းကြောင်းများ ပြောင်းလွှဲ၍ စစ်မြေပြင်ပေါ် မိုးကြိုးများ ရွာကျနေစေသော အလံကြီးများ ရှိကြသည်။
လူ့ဘီလူးကြီးများက လမ်းကြောင်းပေါ်ရှိ အရာရာတိုင်းကို စိစိညက်ညက် နင်းခြေပစ်ရင်း တိမ်လှည်းကြီးများကို ဆွဲလာသည်။ ရှေ့တန်းစစ်ကြောင်းသို့ ရောက်သည့်အခါ ဘီလူးကြီးများက တိမ်လှည်းကြီးများကို ရပ်၍ ဖွင့်လိုက်၏။ အတွင်းထဲ၌ ဗူးသီးခြောက်များ ပြည့်နေပြီး တိမ်လှည်းကြီးများကို ဖွင့်လိုက်သောအခါ အဆိပ်ပိုးကောင်များ တဝီဝီ ပျံထွက်လာကာ နေလုံးကြီးနှင့် ကောင်းကင်ကို ဖုံးလွှမ်းသွား၏။ သူတို့က ရန်သူ၏ကိုယ်ထဲ ထိုးဖောက်ဝင်ရောက်၍ စားပစ်ကြသည်။
ယဇ်ပလ္လင်ကြီးများလည်း ရှိသည်။ လိုလန်ရွှေနန်းတော်၏ ရွှေရောင်မှော်ဆရာများက မှော်ဆရာအစီအရင်များဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ စစ်သူကြီးများကို သတ်ဖြတ်ကာ တစ်ဖက်တွင် ဦးဆောင်သူမရှိအောင် လုပ်နေကြသည်။
ဤအချိန်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာက ယဇ်ပလ္လင်များအပေါ်ရှိ ရွှေရောင်မှော်ဆရာများကို နှိမ်နင်းရန် ဓားသိုင်းပညာရှင်များအား စေလွှတ်လိုက်သည်။ ဓားသိုင်းပညာရှင်များက ဆူးညှောင့်ခလုတ်မှန်သမျှ သုတ်သင်ဖယ်ရှားကာ စစ်မြေပြင်အတွင်း ထိုးဖောက်ဝင်ရောက်သွားကြ၏။
ဤမြင်ကွင်းကား အမှန်တကယ် ရင်သပ်ရှုမောဖွယ်ကောင်းပေသည်။ နှစ်ဖက်လုံး သိသိသာသာ အကျအဆုံးများပြားပြီး သွေးများက မြစ်သဖွယ် စီးနေရာ ဘဲလျှာရပ်ဝန်းအား ငရဲပမာ အကျည်းတန်နေစေတော့သည်။
ချင်မူ့အတွက် ယခုလိုစစ်ပွဲမျိုးကို ပထမဆုံးမြင်ဖူးခြင်းဖြစ်၍ ရင်ထဲ တုန်လှုပ်မိသွား၏။ ဤသည်မှာ လူသားတို့၏ စစ်မြေပြင်၊ လူများသေဆုံးသော စစ်မြေပြင် ဖြစ်သည်။
ရှုန်းရွှီယွီမှာ ရှုန်းချီအာကို ပွေ့ချီထားရင်း မျက်နှာဖြူဖပ်ဖြူရော်ဖြင့် ခပ်တိုးတိုး မေးသည်။ “ကျွန်မတို့ ဒီလိုနေရာကို ဘယ်လိုကျော်ဖြတ်ကြမလဲ။ ကျွန်မကျင့်စဉ်စွမ်းအင်က အခုထက်ထိ ပြန်မပြည့်သေးဘူး..”
သူမသည် ကောင်းကင်နတ်အသွင်အဆင့်အထိသာ ပြန်သက်သာလာသေး၏။ ဤကဲ့သို့စစ်ပွဲမျိုးတွင် ကောင်းကင်နတ်အသွင်အဆင့်ဆိုသည်မှာ မပြောပေလောက်ပေ။ ခုနစ်စဉ်ကြယ်အဆင့် စစ်သည်များ၏ သေကွက်ဝင်္ကပါကြောင့် အချိန်မရွေး အသက်ထွက်သွားနိုင်သည်။
သေခြင်းရှင်ခြင်းအဆင့် သိုင်းပညာရှင်များပင် ယခုလိုစစ်ပွဲကြားမှ ဖြတ်သွားပါက အသက်ကို ဖက်နှင့်ထုပ်ထားရလိမ့်မည်။
ရှုန်းရှီယွီသည် ဂိုဏ်းသခင်အဆင့် သိုင်းသမားတစ်ဦးဖြစ်သော်လည်း စစ်မြေပြင်ကို အကဲခတ်ကြည့်သည့်အခါ လူသုံးဆယ်၊ငါးဆယ် စုသွားသည့်အချိန်တိုင်း ဝင်္ကပါအမှတ်အသားများ တောက်ပလာသည်ကို မြင်တွေ့ရ၏။ ဤဝင်္ကပါအမှတ်အသားများက မြေပေါ်တွင် ဖြစ်လျှင်ဖြစ်၊ လေပေါ်တွင် ဝဲလျှင်ဝဲနေပြီး အဆက်မပြတ် ပြောင်းလဲနေသည်။ စစ်မြေပြင်က ကြီးမားပြီး လူအရေအတွက်များလျှင်သော်မှ ဝင်္ကပါများက ကမောက်ကမဖြစ်မည့်ပုံမပေါ်ပေ။
လူတစ်ယောက် မဆင်ခြင် ဝင်သွားလိုက်လျှင် သိုင်းကွက်ဝင်္ကပါတစ်ခုကြောင့် တစစီ ဖြစ်သွားလိမ့်မည်။ ထိုတစ်ခုတည်းနှင့် မသေလျှင်လည်း ခြေနှစ်လှမ်း၊ သုံးလှမ်းမျှလှမ်းပြီးလျှင် နောက်တစ်ခုကြောင့် သေရလိမ့်မည်။
ချင်မူ ဆေးခြင်းကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်၍ ဆေးခြင်းထဲရှိ ရွာလူကြီးက ပြုံးသည်။ “ဖြတ်သာလျှောက်သွားလိုက် မူအာ။ မင်း ခိုင်ဧကရာဇ်ရဲ့ဓားမှာ သွေးပင်လယ်ဖြာတယ် ဓားကွက်ကို သင်ထားပြီးသားမဟုတ်လား။ မင်း ထပ်လေ့လာရအောင် ငါ ပြပေးမယ်”
ချင်မူ ရင်ထဲ အနည်းငယ်လှုပ်ခတ်သွားပြီး ဓားရောင်များက စစ်ပွဲအတွင်း တရှိန်ထိုး ဖြာဆင်းသွားသည်။ တဒင်္ဂအတွင်း တောင်ကြောနှစ်ခုအရှေ့ရှိ စစ်မြေပြင်မှာ ဓားရောင်များဖြင့် လွှမ်းခြုံခံလိုက်ရပြီး စစ်သည်များမှာ ဓားပင်လယ်အတွင်း ရောက်ရှိသွားကြသည်။ ဓားရောင်များက သူတို့ကို ရစ်ပတ်လှည့်လည်နေသည့်အတွက် မည်သူမှ မလှုပ်ရဲကြတော့ပေ။
တောင်ကြောနှစ်ခုပေါ်တွင် ရပ်နေသော စစ်သည်များမှာ အောက်ငုံ့ကြည့်ရင်း ခေါင်းနပန်းကြီးလာ၏။ ဤနေရာက ဓားရောင်ပင်လယ်တစ်စင်းပမာ ဖြစ်လာပြီး အကုန်လုံး စုန်းစုန်းမြုပ်နေချေပြီ။
“တပ်ပြန်ရုတ်ဖို့ မောင်းတီးကြစမ်း” နှစ်ဖက်လုံး၏ မျှော်စင်များအပေါ်ရှိ စစ်သည်များ လှမ်းအော်ကြသည်။
သို့သော် စစ်မြေပြင်ထက်တွင် မည်သူမှ မလှုပ်ရဲကြပေ။ စစ်သည်တစ်ယောက်မှ မဆုတ်ကြသလို၊ လေသင်္ဘောများပင် ရပ်နေကြသည်။
လှုပ်လျှင် သေရလိမ့်မည်။
ဤဓားရောင်များ လှုပ်ရှားလိုက်သည်နှင့် သွေးပင်လယ် ဝေသွားလိမ့်မည်။
“ထိပ်တန်းဓားသမားတစ်ယောက် ရောက်လာပြီ”
ချင်းမန်မျှော်စင်ပေါ်တွင် သက်လတ်ပိုင်းလူတစ်ယောက် ထွက်လာပြီး အောက်ငုံ့ကြည့်လိုက်သည့်အခါ ဓားရောင်များအကြား အေးအေးလူလူ လျှောက်လာသော နဂါးချီလင်ကို မြင်လိုက်ရသည်။
“ဧကရာဇ်အတိုင်ပင်ခံ” မျှော်စင်ထဲရှိ လူကို စစ်သည်အားလုံး နှုတ်ဆက်ဂါဝရပြုလိုက်ကြ၏။