ပြိုင်ဘက်ကင်းသော တွေ့ဆုံမှု
Vol. 24 Ch. 330
မျှော်စင်ထက်ရှိ သက်လတ်ပိုင်းလူမှာ ဒဏ်ရာမသက်သာသေးသကဲ့သို့ မျက်နှာဖြူဖပ်ဖြူရော်ရှိသည်။ သူကား နတ်ဘုရားတစ်ပါးနှင့် တိုက်ပွဲတွင် ဒဏ်ရာရခဲ့သော ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှတစ်ပါး အခြားမဟုတ်ပေ။ ချင်မူနှင့် အဆိပ်ဘုရင်ငယ်ဖုယွမ်ချင်းတို့ နှစ်ယောက်ပေါင်း၍ သူ့ကို ကုသပေးခဲ့သော်လည်း နတ်ဘုရားတစ်ပါးကြောင့် ရခဲ့သော ဒဏ်ရာဖြစ်၍ ယခုထက်ထိ မသက်သာသေးပေ။
မန်သီလူရိုင်းနယ်မြေက ဤအခြေအနေကို အခွင့်အကောင်းယူကာ ထာဝရငြိမ်းချမ်းရေးအင်ပါယာအား ကျူးကျော်စစ်ဆင်သည်။ ချင်းမန်တံခါး၏အခြေအနေမှာ အရေးအကြီးဆုံးဖြစ်၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ကပ်ဘေးကြီးနှစ်ခုအတောအတွင်း ဆုံးရှုံးနစ်နာမှုများပြားခဲ့သည့်အပြင် သူနှင့် ဧကရာဇ်ယန်ဖုန်းနှစ်ယောက်လုံး လူကောင်းပြန်မဖြစ်သေးပေ။ ဧကရာဇ်ယန်ဖုန်း၏ဒဏ်ရာများက သူ့ထက်ပင် ဆိုးဝါးသေး၏။
မန်သီလူရိုင်းနယ်မြေစစ်တပ်များ နန်းစိုက်မြို့တော်အထိ စီးနင်းဝင်ရောက်လာမည်ကို စိုးရိမ်၍ ချင်းမန်တံခါးကို အသက်ဖြင့်လဲ၍ ကာကွယ်ရန် ဧကရာဇ်အတိုင်ပင်ခံကိုယ်တိုင် စစ်သည်အင်အားစုစည်းကာ ချီတက်လာခဲ့ခြင်းဖြစ်သည်။
သူက စစ်မြေပြင်အထိ ကိုယ်တိုင်လာရောက်ပြီး စစ်တပ်ကို စီမံကွပ်ကဲရန်လည်း မတွန့်ဆုတ်ပေ။
ရွာလူကြီး ဓားသိုင်းကို ထုတ်ဖော်လိုက်သည့်အခါ ဓားတစ်လက်တည်းက စစ်မြေပြင်တစ်ခုလုံး၏ ရုန့်ရင်းဆန်ခတ်အခြေအနေကို ထိန်းသိမ်းလိုက်သည့် အံ့ဖွယ်မြင်ကွင်းက သူ့မျက်လုံးကို ဖမ်းစားနိုင်ခဲ့သည်။
အမှန်တွင် ထိုမြင်ကွင်းသည် ရိုးရိုးသာမန် အံ့ဖွယ်ရာသာမဟုတ်။ စစ်မြေပြင်တစ်ခုလုံးကို သွေးပင်လယ်ဖြာသွားစေနိုင်ပြီး နှစ်ဖက်လုံးရှိ စစ်သည်များအား ချေမှုန်းပစ်နိုင်သော ဓားကွက်တစ်ကွက် ဖြစ်သည်။
စစ်မြေပြင်ပေါ်ရှိ လူအားလုံး၏ အသက်သည် သူ့လက်ထဲတွင် ရှိ၏။
ဤဓားသိုင်းမျိုးကား ဓားသိုင်းသက်သက်မဟုတ်တော့၊ နက်နဲသိမ်မွေ့သော လမ်းစဉ်နှင့် နီးကပ်နေချေပြီ။ ၎င်းကြောင့် ပို၍ပင်မြင့်မားသော အဆင့်၊ ဓားလမ်းစဉ်အဆင့်ကို ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ မြင်တွေ့ခွင့်ရသွား၏။
ရွာလူကြီး ဖော်ကျူးလိုက်သော ဓားရောင်များက မရေမတွက်နိုင်သော်လည်း အမှန်တကယ် ကြောက်မက်ဖွယ်ရာကောင်းသည်မှာ ဓားရောင်တစ်ခုစီတိုင်း၏ လှုပ်ရှားသွားလာပုံက ကွဲပြားခြားနားပြီး သိုင်းသမားကို လှုပ်မရအောင် ချုပ်ထားခြင်းဖြစ်သည်။ ဤအရာမျိုးက မဖြစ်နိုင်လုနီးပါးပင်။
စစ်မြေပြင်ပေါ်တွင် သိုင်းသမားထောင်သောင်းချီ ရှိပြီး တစ်ဦးတစ်ယောက်ချင်းစီ၏ ကျင့်စဉ်စွမ်းအင်က ကွဲပြားခြားနားသည်။ သူတို့ တတ်မြောက်ထားသော ကျင့်စဉ်သိုင်းကွက်များနှင့် ကောင်းကင်နတ်သိုင်းများသည်လည်း မတူညီပေ။ ထို့အပြင် စဉ်ဆက်မပြတ် ပြောင်းလဲနေသော သိုင်းကွက်ဝင်္ကပါများကြောင့် ရွာလူကြီးအနေဖြင့် လူတိုင်းကို ချုပ်နှောင်လိုလျှင် သူတို့၏ကောင်းကင်နတ်သိုင်းများ၊ သိုင်းကွက်များ၊ ဝိညာဉ်လက်နက်များနှင့် ဝင်္ကပါအစီအရင်များကိုလည်း ချုပ်နှောင်ထားရလိမ့်မည်။ တွက်ချက်ရမည့် ပမာဏက စိတ်ကူးဖြင့် မှန်းဆမကြည့်နိုင်လောက်အောင် များပြား၏။
ထိုကဲ့သို့ အဆင့်တစ်ဆင့်ရောက်လျှင် လူတစ်ယောက်အား ဓားနတ်ဘုရားဟု ခေါ်ရလိမ့်မည်။
‘ခိုင်ဧကရာဇ်၏ဓားတွင် သွေးပင်လယ် ဖြာသည်၊ အဲဒီဓားကွက်ကို ငါ မြင်ခဲ့ဖူးတယ်။ ပန်းချီနတ်ဘုရားရဲ့ ပန်းချီထဲမှာပဲ’
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ နဂါးချီလင်ကို စိုက်ကြည့်လိုက်သည့်အခါ ကျောပေါ်တွင် ရပ်နေသော ချင်မူတို့ကို မြင်သွားသည်။
“အဲဒီပန်းချီက ဓားကွက်ရဲ့ ခမ်းနားကြီးကျယ်မှုတွေကို ငါ မြင်ခဲ့လို့ ပန်းချီထဲက လူရဲ့ ဓားသိုင်းကို နှစ်ပေါင်းနှစ်ရာတိုင် လေ့လာခဲ့တယ်။ အဲဒီပန်းချီကို ကြာကြာကြည့်တိုင်း အသစ်အသစ်တွေ သိခဲ့ရတယ်။ အသစ်တွေ မမြင်ခဲ့ရတော့အချိန်ရောက်တော့ ငါ သူ့လိုအဆင့် ရောက်သွားပြီ ထင်လိုက်တာ’
ပန်းချီကားကို ပြန်မြင်ယောင်ပြီး ပန်းချီထဲရှိ လူကို လိုက်ရှာခဲ့ဖူးသော်လည်း ရှာမတွေ့ခဲ့ပေ။ သူ့အကြည့်က ချင်မူ့ကျောဆီ ရောက်သွားသည်။
ထိုကောင်လေးက ဆေးခြင်းတစ်ခြင်းကို သယ်ပိုးထား၏။ ခြင်းထဲတွင် ခြေလက်မရှိသော ဆံဖြူအဘိုးကြီးတစ်ဦးကို သူ မြင်လိုက်ရသည်။
အဘိုးကြီးက ပန်းချီကားထဲမှ လူနှင့် မတူပေ။ ပန်းချီကားထဲက လူသည် အရွယ်ကောင်းချိန်က ဓားနတ်ဘုရားတစ်ပါးဖြစ်သည်။ သူ၏အားမာန်က သွေးဆာနေသော ဓားကဲ့သို့ တဟုန်ထိုးခုန်ထွက်လာတော့မည့်နှယ် ရှိခဲ့၏။
သို့သော် ဆေးခြင်းထဲရှိ အဘိုးကြီးက သေမည့်နေ့ကို ထိုင်စောင့်နေသည့်လူနှင့် တူသည်။ သူ့အသက်မီးတောက်က အချိန်မရွေး ငြိမ်းသေတော့မည့်အလား ထင်ရ၏။ ပန်းချီကားထဲက ဓားနတ်ဘုရားကဲ့သို့ မာန်မရှိပေ။
သို့သော် ဤခြေပြတ်လက်ပြတ် အဘိုးကြီးက ဓားနတ်ဘုရားဖြစ်ကြောင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ သေချာသိလိုက်သည်။
ဓားပညာနှင့်ပတ်သက်သည့် သူ၏အသိအမြင်များက ပန်းချီကားထဲရှိ ဓားနတ်ဘုရားဆီမှ အရင်းခံသည်မဟုတ်ပါလော။
ထာဝရငြိမ်းချမ်းရေးအင်ပါယာသခင်၏ ခန္ဓာကိုယ် အတန်ငယ် တုန်ရီသွားပြီး သူက ယိုင်နွဲ့နွဲ့ သက်ပြင်းချကာ ဘေးနားရှိ ကိုယ်ရံတော်များကို ညွှန်ကြားလိုက်သည်။ “ဧည့်သည်တွေကို သွားကြိုကြ”
မြို့တံခါး ပွင့်သွားပြီး မြို့ထဲရှိ စစ်သည်များက ဘေးနှစ်ဖက်တွင် စီတန်းနေရာယူကြသည်။ နဂါးချီက ခေါင်းမော့၊ ရင်ကော့လျက် လမ်းလျှောက်ဝင်သွား၏။ ထိုအခိုက်အတန့်တွင် စစ်မြေပြင်ပေါ်ရှိ ဓားရောင်အားလုံးက ချင်မူ့ဆီ ဦးတည်လျက် ပြန်ဆုတ်ခွာလာပြီး သူ့ကျောနောက်ရှိ ဆေးခြင်းထဲ ဝင်ရောက်သွားသည်။
ရွာလူကြီး ခေါင်းပြူကြည့်လိုက်သည့်အခါ သူ့ကို ကြိုရန် လာနေသော သက်လတ်ပိုင်းလူတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုလူသည် နှစ်ငါးရာမှ တစ်ခါပေါ်သော ပါရမီရှင်ဆိုသည့် လူ၊ နတ်ဘုရားများအောက် နံပါတ်တစ်ပုဂ္ဂိုလ်၊ လက်ရှိမျိုးဆက်၏ ဓားနတ်ဘုရားဟု အသိအမှတ်ပြုခံထားရသော ပုဂ္ဂိုလ်ဖြစ်၏။
လူနှစ်ယောက်၏အကြည့် ဆုံသွားပြီး နှလုံးသားထဲတွင် လှိုင်းများထသွားသည်။
မျိုးဆက်ဟောင်း ဓားနတ်ဘုရားနှင့် မျိုးဆက်သစ် ဓားနတ်ဘုရားတို့ ဆုံကြလေပြီ။
တောင်ကြောနှစ်ခုပေါ်ရှိ မျှော်စင်များဆီမှ ကြေးမောင်းသံ တဒူဒူ ထွက်လာသည်။ ကြေးမောင်းသံက တပ်ပြန်ဆုတ်ရန် အချက်ပေးသံဖြစ်သည်။
စစ်သည်များမှာ ပခုံးပေါ်ရှိ ဝန်ထုပ်ကြီး ပြုတ်ကျသွားသကဲ့သို့ စိတ်သက်သာရာရသွားကြသည်။ အကုန်လုံး ချွေးတို့ရွှဲနစ်နေသည်ကို ခံစားကြရ၏။
ချင်းမန်တံခါးတွင် ရွာလူကြီးက ဆေးခြင်းထဲမှ ခုန်ထွက်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ လက်မောင်းနှစ်ဖက်၊ ခြေနှစ်ချောင်းက ဖွဲ့တည်လာပြီး သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံဆီ လျှောက်သွားသည်။
မျိုးဆက်ကိုယ်စီ၏ အစွမ်းထက်ဆုံးလူနှစ်ယောက် ဆုံတွေ့ကြပြီဖြစ်သည်။
“ဓားပညာ လေ့လာဖူးတာလား” ရွာလူကြီးက မေးလိုက်သည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက တပည့်တစ်ဦးပမာ ရိုရိုကျိုးကျိုး အရိုအသေပြုပြီးနောက် လေးလေးစားစား ဖြေကြားသည်။ “တပည့် ငယ်ရွယ်စဉ်က ဓားပညာလေ့လာဖူးပါတယ်။ ဒါပေမဲ့ အသက်တစ်ရာ့ခြောက်ဆယ် နောက်ပိုင်းကတည်းက မလေ့လာဖြစ်တော့ပါဘူး”
“အသက်တစ်ရာ့ခြောက်ဆယ်မှာ ဓားကို နားလည်သွားတာလား” ရွာလူကြီးက မေးသည်။
“တစ်လောကလုံးမှာရှိတဲ့ ထိပ်တန်းကျင့်စဉ်တွေ၊ သိုင်းကွက်တွေအကုန်လုံးကို ကျွန်တော် မွှေနှောက်ဖတ်ခဲ့ပြီး အဆုံးမဲ့ကောင်းကင်နတ်သိုင်းတွေကို ဆင်ခြင်သုံးသပ်ခဲ့ပါတယ်။ ဒါကြောင့် ဓားကို နားလည်ပြီး ကိုယ်တိုင်ဓားကွက်တွေ စတင်ဖန်တီးနိုင်ခဲ့တာပါ” ထာဝရငြိမ်းချမ်းရေးအင်ပါယာသခင်က အမှန်အတိုင်း ဖြေသည်။
ရွာလူကြီး ပြုံးလိုက်သည်။ “ဒါဆို ငါ့အတွက် မင်းဓားကွက်တွေ ကစားပြပါဦး”
ထာဝရငြိမ်းချမ်းရေးအင်ပါယာသခင် ဓားကို ဆွဲထုတ်လိုက်သည့်အခါ ဓားရောင်များက အထက်ကောင်းကင်ယံတွင် ဖြာဆင်းသွားပြီး တစ်ကမ္ဘာလုံး လင်းထိန်သွား၏။ သူ၏ဓားကွက်များတွင် ပြောင်းလဲမှုပေါင်း မရေမတွက်နိုင်အောင် ပါဝင်နေပြီး ကောင်းကင်ထက်က ကြယ်များသဖွယ် ရှုပ်ထွေးသည့်တိုင် ရိုးရှင်းသော သဘောတရားလည်း ကိန်းဝပ်နေသည်။ တစ်ခါတရံ ဓားက အဖြောင့်အတိုင်း ရွေ့လျားသည်။ တစ်ခါတရံ ကွေးညွှတ်လမ်ဖယ်သွားသည်။ ကမ္ဘာပေါ်ရှိ မည်သည့်သိုင်းကွက်မဆို၏ သဘာဝအတိုင်း ပြောင်းလဲရွေ့လျားနိုင်သကဲ့သို့ တောက်ထုတ်ခြင်း၊ ဝိုက်ဆွဲခြင်း၊ ခုတ်ခွဲခြင်း၊ လှုပ်ခါခြင်း၊ ပယ်ခုတ်ခြင်း၊ ထိုးသွင်းခြင်း၊ ဆတ်ခနဲ ထိုးသွင်းခြင်း၊ ရစ်လှီးခြင်း၊ ခုတ်ပိုင်းခြင်း၊ ဖြတ်တားခြင်း၊ သိမ်းခုတ်ခြင်း၊ ရိပ်ဖြတ်ခြင်း၊ ပင့်မြှောက်ခြင်းတို့ကား ညက်ညောလှသည်။
သူ၏ဓားကွက်များတွင် ရှေ့သို့ထိုးခွဲပစ်ချင်နေသကဲ့သို့ မာန်အဟုန်၊ အလျှံတညီးညီးတောက်လောင်နေသော မီးတောက်ကဲ့သို့ စိတ်ဝိညာဉ်ပါရှိသည်။ ကမ္ဘာပေါ်ရှိ အရာရာတိုင်းကို မီးလောင်တိုက်သွင်း၍ ကောင်းကင်ဘုံ၊ ကမ္ဘာမြေကြီးနှင့် မဟာတာအိုတို့ကို ပြောင်းလဲပြီး အရာအားလုံးကို အသစ်ပြန်တည်ဆောက်ကာ မျိုးဆက်ဟောင်းမှ စုန်းပြူးတို့၏ မျက်နှာဖုံးများကို ခွာချပစ်ချင်နေပုံပေါ်၏။
ဤလူသည် သူ့ဓားကို အသုံးပြု၍ ဤကမ္ဘာ၏ အနှစ်မရှိသော ရှေးရိုးလမ်းစဉ်များကို ပြောင်းလဲကာ လမ်းကြောင်းအသစ်များ ဖွင့်၍ ခေတ်သစ်တစ်ခေတ်ကို တည်ထောင်ချင်နေ၏။
သူ၏ဓားကွက်များက သူ၏ဓားသိုင်း၊ သူ၏ဓားပညာဖြစ်လာခဲ့ပြီး သူ၏ခံယူချက်နှင့် ထပ်တူကျနေသည်။ ခြေတစ်လှမ်းလှမ်းလိုက်ရုံဖြင့် သူကား လမ်းစဉ်အဆင့်သို့ ရောက်သွားလိမ့်မည်။
ခံယူချက်ကြောင့် ဓားကွက်များက အသက်ဝင်လာပြီး သူ၏ဓားသိုင်းတွင် ဝိညာဉ်ရှိနေပြီဖြစ်သည်။
ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်လျှင် သူ ဓားလမ်းကို မြင်ရလိမ့်မည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာက ဓားပြန်သိမ်းပြီး မောဟိုက်နေသည်။ သူ၏ဒဏ်ရာများက မသက်သာသေးသည့်အတွက် သူ၏ကျင့်စဉ်စွမ်းအင်မှာ ယခင်လိုမဟုတ်တော့ပေ။ သို့သော် ယခင်မျိုးဆက်၏ ဓားနတ်ဘုရားရှေ့မှောက်ရောက်သည့်အခါ သူက ဆရာဖြစ်သူကို အပြီးပြည့်စုံဆုံး ဓားသိုင်း ကစားပြပြီး ဆရာ၏အမြင်ကို ကြားချင်နေသည့် တပည့်တစ်ဦးသာ ဖြစ်သည်။
“ပြောင်မြောက်လိုက်တဲ့ ဓားကွက်တွေ” ရွာလူကြီးက ချီးကျူးသည်။ “မင်းကို နတ်ဘုရားတွေအောက်မှာ နံပါတ်တစ်ပုဂ္ဂိုလ်၊ နှစ်ငါးရာမှ တစ်ခါပေါ်တဲ့ ပါရမီရှင်လို့ ခေါ်တာ အံ့ဩစရာမရှိဘူး။ မသေခင်တော့ ဒီလူတစ်ယောက်နဲ့ တွေ့ရပြီပဲ။ ငါ ဒီတစ်ခေါက် မင်းကို တွေ့ပြီး လမ်းပြပေးဖို့ အပြင်ထွက်လာတာ”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက အလေးအနက် ပြောသည်။ “ဒီနေ့ ချင်းမန်တံခါးမှ စစ်သည်တစ်သန်း တပ်ချထားပါတယ်။ တော်တော်များများက ကျွန်တော့်တပည့်တွေပါ။ ဒါပေမဲ့ ကျွန်တော်က ဆရာ့ရဲ့ တပည့်ဖြစ်ပါတယ်။ အင်ပါယာအတွက် အင်အားဖြည့်ပေးဖို့ ရောက်နေတဲ့ နန်းတွင်းကောလိပ်က ကျောင်းသားတွေလည်း ရှိပါတယ်။ ဒါကြောင့် ကျေးဇူးပြုပြီး ဆရာ့အသိအမြင်တွေကို ကျွန်တော်တို့ကို လမ်းပြပြီး သံသယတွေ ရှင်းလင်းပေးနိုင်မလားခင်ဗျာ”
ရွာလူကြီး ပြုံးလိုက်သည်။ “မငြင်းပယ်ဝံ့ပါဘူး”
သူတို့နှစ်ယောက် ဘေးချင်းယှဉ် လျှောက်သွား၍ ချင်မူက နောက်မှလိုက်သွားသည်။ ရှုန်းရှီယွီက အိုမင်းနေသော အဘိုးကြီးတစ်ယောက်နှင့် သန်မာအားကောင်းသော သက်လတ်ပိုင်းလူတစ်ယောက်ကို ကြည့်ကာ သက်ပြင်းချပြီး ပြော၏။ “အနောက်ကမ္ဘာမြေရဲ့ အစစ်အမှန်ကောင်းကင်နန်းတော်မှာ ဒီလိုထူးချွန်တဲ့ ယောက်ျားသားကောင်းတွေ မရှိဘူး။ မိန်းမတွေပဲ ဦးစီးဦးဆောင် လုပ်နေရတာ။ ယောက်ျားတွေက ဟုတ်ကဲ့ ဟုတ်ကဲ့နဲ့ ခိုင်းတာပဲ လုပ်တယ်။ အနောက်ကမ္ဘာမြေရဲ့ ယောက်ျားသားတွေသာ သူတို့လို ရဲရင့်ပြီး စွမ်းဆောင်နိုင်ရင် မိန်းမတွေ ဦးဆောင်နေစရာလိုပါ့မလား”
သူတို့ မြို့ထဲ ဝင်လိုက်သည့်အခါ နန်းတွင်းကောလိပ်မှ ကျောင်းသားများကို ချင်မူ တွေ့လိုက်ရသည်။ သူတို့အားလုံးက တင်ပျဉ်ခွေထိုင်၍ တိတ်ဆိတ်စွာ စောင့်နေကြ၏။ သူတို့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေမှုများက ဖုံးဖိမရအောင် ပေါ်လွင်နေသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပုန်ကန်ထကြွမှုနှင့် ဆီးနှင်းကပ်ဘေးကို ကျော်ဖြတ်ပြီးသည်နှင့် မန်သီလူရိုင်းနယ်မြေက အင်အားအလုံးအရင်းဖြင့် တိုက်စစ်ဆင်ရာ ပြည်သူပြည်သူများအတွက် လုပ်ကိုင်စားသောက်ရန် အဆင်မပြေတော့ပေ။ လူဦးရေက သိသိသာသာ ကျဆင်းလာပြီး အများစုမှာ အိမ်ခြေရာမဲ့ဖြစ်ကုန်ကြသည်။ စားနပ်ရိက္ခာများလည်း ရှားပါးလာ၏။ စစ်တပ်ထဲတွင်ပင် ရိက္ခာြပတ်လပ်နေရာ နန်းတွင်းကောလိပ်မှ ကျောင်းသားများမှာ ဤနေရာသို့ ရောက်လာပြီးနောက် ဗိုက်ပြည့်သည်အထိ မစားဝံ့ဘဲ အစားအသောက် ခြိုးခြံချွေတာကြရသည်။
ဝေ့ယုံ၊ ချင်ယွီနှင့် ကျန်ရှိသူများကို ချင်မူ တွေ့ရသည်။ ဝေ့ယုံသည် အစက ဝတုတ်လေး ဖြစ်ခဲ့သော်လည်း ယခုတွင် အစာရေစာငတ်ပြတ်မှုကြောင့် ပိန်ကျသွား၏။
ဆောင်းဦးပေါက်၍ သီးနှံများ စိုက်ပျိုးနိုင်မှသာ ဤအကျပ်အတည်းက အတန်ငယ်အဆင်ပြေလာလိမ့်မည်။
ရွာလူကြီးနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ထိုင်လိုက်ပြီး ရွာလူကြီးက မနှေးလွန်း၊ မမြန်လွန်းသောအသံဖြင့် ပြောသည်။ “ငါ လာရောက်ရတဲ့ အကြောင်းရင်းက ဓားပညာအကြောင်း ပြောဖို့မဟုတ်ဘူး။ လမ်း၊ ဓားလမ်းအကြောင်းပဲ ပြောမယ်။ ငါ့စကားကနေ မင်းတို့ ဘယ်လောက်ယူနိုင်မလဲ ဆိုတာကတော့ မင်းတို့ရဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းပေါ် မူတည်လိမ့်မယ်။ အရင်တုန်းက ဒီကမ္ဘာပေါ်မှာ ဓားလမ်းဆိုတာမျိုး မရှိခဲ့ပေမယ့် ဓားလို လက်နက်တွေ ပေါ်လာကတည်းက ဓားလမ်းဆိုတာ ဖြစ်တည်လာတာပဲ”
ရှေ့တန်းမှ ပြန်လာသည့် စစ်သည်များက သူတို့ဆီ လျှောက်လာကြသည်။ တချို့က ချပ်ဝတ်များကို ချွတ်၍ မြေကြီးပေါ် ထိုင်ကြသည်။ တချို့က ရပ်လျက် နားထောင်ကြ၏။
ရွာလူကြီး၏ စကားကို ကြားသောအခါ အတော်များများက ဇဝေဇဝါဖြစ်သွားပုံရသည်။ တစ်ယောက်က အသံတိုးတိုးဖြင့် ပြောသည်။ “လောကကြီးရဲ့ မဟာတာအိုက ဖန်တီးခံထားရတာများ ဖြစ်နိုင်လား။ ကျွန်တော်တို့ ကောင်းကင်နတ်သိုင်းပညာရှင်တွေက ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြီးရဲ့ မဟာတာအိုကို ကျင့်ကြံနေတာမဟုတ်ဘူးလား”
ချင်မူ ရင်ထဲ လှုပ်ခတ်သွားသည်။ လောကကြီး၏ မဟာတာအို မည်ကဲ့သို့ ပြောင်းလဲသွားခဲ့ကြောင်း ကောင်းကင်နတ်မင်းယွီ ပြောခဲ့သည်ကို သူ သတိရလိုက်၏။
လူသားများ၏ တီထွင်ဖန်တီးနိုင်စွမ်းက လောကကြီးတွင် မတည်ရှိခဲ့သော မဟာတာအိုများကို မွေးဖွားလာစေခဲ့သည်။ ထိုတီထွင်ဖန်တီးနိုင်စွမ်းကပင် တာအိုအဟောင်းများကို အသစ်အဖြစ် ပြောင်းလဲနိုင်ခဲ့သည်။
မဟာတာအိုတစ်ခု ပြောင်းလဲသွားသည့်အခါ စွမ်းရည်များလည်း ပြောင်းလဲသွားသည့်အတွက် အသစ်ပြန်လည်တည်ဆောက်သည်ဟု ဆိုကြ၏။
ပြန်လည်တည်ဆောက်မှုများက နတ်ဘုရားများ၊ မိစ္ဆာများ၏ အကျိုးစီးပွားများကို ထိပါးနိုင်သည်ဟု ကောင်းကင်နတ်မင်းယွီ ပြောခဲ့သည်။
သို့သော် ရွာလူကြီး၏စကားက များစွာနက်ရှိုင်း၏။
လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြသည်။ သူတို့ သိထားသည်မှာ လက်ဆင့်ကမ်းပေးသည့် လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို ကျင့်ကြံရန်သာ ဖြစ်သည်။ ကောင်းကင်နတ်သိုင်းများက လမ်းစဉ်တစ်ခုနှင့် ကျင့်စဉ်များအပေါ် အခြေခံသည်ဖြစ်ရာ သူတို့၏အသိအမြင် ပြောင်းလဲသွားလျှင် ရိုက်ချက်မည်မျှ ပြင်းမည်ကို ကောင်းကောင်း တွေးကြည့်နိုင်၏။
“မဟာတာအိုတစ်ခုကို ဘယ်လိုဖန်တီးရတာလဲ” ဧကရာဇ်အတိုင်ပင်ခံ မေးလိုက်သည်။
“အဆုံးထိ လျှောက်၊ ဖန်တီးပြီးသွားလိမ့်မယ်။ ဧကရာဇ်အတိုင်ပင်ခံ မင်းရဲ့ ဓားပညာက အဆုံးထိ ရောက်ပြီလား”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ အတန်ငယ် မှင်သက်သွားပြီး ပြောလိုက်သည်။ “အနည်းငယ်ပဲ လိုပါတော့တယ်”
ရွာလူကြီးက ပြုံးလိုက်သည်။ “ငါ မင်းကို ကူညီပေးပါရစေ”
သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဓားဖြင့် ထိုးလိုက်ပြီး သူတို့ပတ်ပတ်လည်ရှိ ရှုခင်း ပြောင်းလဲသွားသည်။ တောင်တန်း၊ မြစ်ချောင်းများက သူ့မျက်နှာကို တိုးဝှေ့သွားပြီး တခဏအတွင်း သူတို့၏ပတ်ဝန်းကျင်ကား ချင်းမန်တံခါးသော်လည်းကောင်း သွေးချောင်းစီးနေသော စစ်မြေပြင်သော်လည်းကောင်း မဟုတ်တော့ပေ။ စိမ်းလန်းစိုပြေသော တောင်တန်းများနှင့် တသွင်သွင် စီးဆင်းနေသော မြစ်ချောင်းများဖြင့် ကမ္ဘာလောကအသစ်တစ်ခု ပေါ်လာသည်။ မြစ်ရေလှိုင်းတစ်လှိုင်းစီတိုင်းက အတိုင်းထက်အလွန် ကြည်လင်ပြတ်သား၍ အသက်ဝင်နေပြီး သစ်ပင်ပေါ်ရှိ သစ်ရွက်တစ်ရွက်စီတိုင်း၏ သွေးကြောများသည်လည်း ရှင်းလင်းထင်ရှားနေ၏။
အကုန်လုံး မတ်တပ်ထရပ်လိုက်ကြသည်။ တချို့က တောင်ပေါ် တက်ကြပြီး တချို့က မြစ်ထဲ ခုန်ဆင်းကြည့်ကြသည်။ ဓားရောင်များမှ ဖွဲ့တည်လာသည့် ပန်းပွင့်များကို ခူးဆွတ်ကြည့်သူများပင် ရှိ၏။ ချင်မူလည်း သစ်ပင်ရွက်တစ်ရွက်မှ လျှောကျလာသော မိုးရေစက်တစ်စက်ကို လှမ်းဖမ်းလိုက်သည်။
တောင်တန်းနှင့် မြစ်ပြင်များကြားမှ ဖြတ်သန်းသွားသည့်ဓား
ဤသည်က ရွာလူကြီး၏ ဓားကွက်၊ တောင်တန်းနှင့် မြစ်ပြင်များကြားမှ ဖြတ်သန်းသွားသည့်ဓား ဖြစ်သည်။ ဓားကွက်သည် အတိုင်းထက်အလွန် ကြောက်မက်ဖွယ်ရာကောင်းသော်လည်း ရွာလူကြီး၏လက်ထဲတွင် အန္တရာယ်မရှိဘဲ လူတိုင်းကို ဆန်းပြားသောကမ္ဘာတစ်ကမ္ဘာအတွင်း ခေါ်ဆောင်လာ၏။
ဤနေရာက ဓားလမ်းစဉ်တစ်ခုမှ ဖွဲ့တည်လာသော ကမ္ဘာလောကအစစ်တစ်ခုအလားပင်။
ဤအခြေအနေက သူတို့အားလုံးအတွက် အံ့ဩဖွယ်ရာဖြစ်သော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံအတွက်မူ အပြင်းထန်ဆုံးဖြစ်သည်။ သူ့ခန္ဓာကိုယ်မှာ တုန်ရီနေပြီး သူ့ဝိညာဉ်လည်း လှုပ်ခတ်သွား၏။ သူက ဆောင့်ကြောင့်ထိုင်၍ မြေကြီးကို ပွတ်သပ်ကြည့်သည်။ ပြီးသည့်အခါ ခေါင်းမော့၍ ကောင်းကင်ကို ကြည့်သည်။ ရွာလူကြီးက သူ့ကို လမ်းစဉ်ဆိုသည့် အရာကို ပြသပြီး ထိတွေ့ခွင့်ပေးခဲ့လေသည်။
ရုတ်တရက် တံခါးတစ်ချပ် ဝုန်းခနဲ ပွင့်သွားပြီး သူ ထိုနေရာတွင် ငေးကြောင်စွာဖြင့် မလှုပ်မယှက် ရပ်နေမိသကဲ့သို့ ခံစားလိုက်ရသည်။
ရွာလူကြီးက ဤအခြင်းအရာကို မြင်လျှင် သူ့ဘာသာသူ တွေးလိုက်၏။ ‘နှစ်ငါးရာမှာ တစ်ခါပေါ်တဲ့ ပါရမီရှင်က တကယ်ပဲ မူအာထက် ပိုပါရမီထက်သန်ပါပေတယ်။ ဒီလောက်အချိန်တိုလေးနဲ့ လမ်းစဉ်ကို နားလည်သဘောပေါက်သွားပြီ’