← Chapters

မဟာတာအို တိုက်ပွဲ

Vol. 64 Ch. 892

မဟာတာအို တိုက်ပွဲ

Vol. 64 Ch. 892

ယင်လင်းက သူမ ဝိညာဉ်ကြောမှာ အရည်အသွေး မကောင်းကြောင်း အမြဲ သိထားခဲ့၏။ မဟုတ်လျှင် သူမက ကနဦး နတ်ဘုရားအဆင့်၌ နှစ်များစွာ ကြာမြင့်နေမည် မဟုတ်ပေ။ ထို့ကြောင့် သူမ၏ စမ်းသပ်ချက်ကို မြင်လိုက်သည့်အခါ စိတ်မပျက်မိခြင်း ဖြစ်၏။

ယင်လင်း ဆင်းလာပြီးနောက် တိပုံထုံက နေရာယူလိုက်သည်။ သူဝိညာဉ်ကြောမှာလည်း ယင်လင်းနှင့် အတူတူ ဖြစ်ကာ သူက ယင်လင်းထက် အနည်းမျှသာ ပိုကောင်းသည်ဟု ယူဆနိုင်ရုံမျှ ဖြစ်သည်။ ခြားနားချက်မှာလည်း အစွန်းအဖျားမျှသာ ဖြစ်ပေသည်။ အလယ်ရှိ တိုင်နက်လုံးမှာ အဖြူရောင် ပြောင်းသွားပြီး မီးခိုးရောင် အမှတ်အသားများနှင် ရောနှောသွားလေသည်။

ရှီစုက သက်ပြင်းချကာ ဝေကျဲက ပါရမီကောင်းသော တပည့်များကို မရွေးလာနိုင်မှန်း သိထားသော်လည်း သူတို့ဝိညာဉ်ကြောကို ကြည့်၍ အနည်းငယ်တော့ စိတ်ပျက်မိနေဆဲ ဖြစ်သည်။ သူက သူ့စိတ်ပျက်မှုကို မဖုံးကွယ်ထားနိုင်တော့ပေ။

တိပုံထုံ ဆင်းလာပြီးနောက် ရှီစုက ရှက်ရွံ့နေသည့် ကူချိုက်အား လှည့်ပြောလိုက်သည်  “ လာလာ … စစ်ဆေးကြည့်ရအောင်လေ ”

စုရှားက ကူချိုက်၏ အကျင့်စရိုက်ကို သိထားသူ ဖြစ်၍ ကူချိုက်က ရှေ့တစ်လှမ်းမှ မတိုးရဲ ဖြစ်နေသည်ကို သတိပြုမိ၍ ကူချိုက်လက်လေးကို ဆွဲကာ “ ဂျုနီယာညီမလေး ကူချိုက် … ဂိုဏ်းချုပ်က ငါတို့ရဲ့ မိသားစုဝင်လိုပဲလေ။ မင်းက ဒီရောက်လာမှတော့ မိသားစုရဲ့ တစိတ်တပိုင်းပဲ။  သွားပြီး စစ်ဆေးကြည့်လိုက် …. ရလဒ်ကို ဘာမှစိုးရိမ်နေဖို့ မလိုဘူး ”

ကူချိုက်က အသံတိုးတိုးလေးဖြင့် တုံ့ပြန်လိုက်ပြီး မှော်ရတနာဆီ သွားလိုက်သည်။

အနက်ရောင် တိုင်လုံးမှ တောက်ပနေသည့် အဖြူရောင်အလင်းရောင်များက အမည်းရောင်အဝတ်ကို ဖယ်ရှားလိုက်သည့်အလား  ထွက်ပေါ်လာလေ၏။ ရုတ်တရက်ဆိုသလို သန့်စင်သည့် အဖြူရောင်အလင်း ဖြစ်လာပြီး မှိန်ဖျော့ဖျော့အလင်းတန်းများလည်း ထုတ်လွှင့်နေလေသည်။

တခြားသော တိုင်ရှစ်လုံးမှာလည်း အဖြူရောင်အလင်းများ တောက်ပလာသည်။ ယခင်အနက်ရောင်တိုင်လုံးနှင့် နှိုင်းယှဉ်လျှင် တခြားသော တိုင်လုံးရှစ်လုံး၌ အဖြူရောင်တွင် တာအိုစွမ်းအားများ လိုအပ်နေလေ၏။

ရှီစုက ရှေ့တိုးလာရင်း ကူချိုက်ကို ဆွဲလှုပ်ကိုင်လုမတတ် ဖြစ်သည့်အထိ စိတ်လှုပ်ရှားနေမိသည်။

“ ပြစ်ချက်ကင်း ဝိညာဉ်ကြောပဲ …” အကြီးအကဲ တစ်ယောက်က ရေရွတ်လိုက်ရင်း သူ့လက်များပင် တုန်ယင်နေမိသည်။

နတ်ဘုရားနယ်မြေ၌ ဝိညာဉ်ကြော အမျိုးမျိုး ရှိပေသည်။ ထိပ်တန်းအဆင့် ဝိညာဉ်ကြော အမျိုးမျိုး ရှိသော်လည်း ပြစ်ချက်ကင်း ဝိညာဉ်ကြောမှာ ထိပ်တန်းအဆင့် ဝိညာဉ်ကြော၌ အကြီးကျယ်ဆုံး ဖြစ်ပေ၏။

မှော်ရတနာ အသုံးပြု၍ စစ်ဆေးသည့်အခါ ထိပ်တန်းအဆင့် ဝိညာဉ်ကြောများပင် မီးခိုးရောင် အရိပ်အယောင်တချို့ ပေါ်လာလေ့ ရှိသည်။ ပုံမှန်အားဖြင့် ထိုမသိသာ မထင်ရှားသော မီးခိုးရောင်များကို များသောအားဖြင့် လျစ်လျုရှုပေးကြ၏။

မီးခိုးရောင် အရိပ်တစ်ခုပင် မမြင်ရသည့်အပြင် မှိန်ဖျော့ဖျော့ အလင်းတန်းလေးပင် ထုတ်လွှင့်နေသည့်အခါ ကူချိုက်၏ ဝိညာဉ်ကြော အမျိုးအစားနှင့် သင့်တော်သည့် ဝိညာဉ်ကြော အမျိုးအစား တစ်ခုတည်းသာ ကျန်ရှိတော့သည်။ ထိုသည်မှာ ပြစ်ချက်ကင်း ဝိညာဉ်ကြော ဖြစ်၏။

ပြစ်ချက်ကင်း ဝိညာဉ်ကြောက မည်သို့ ထွက်ပေါ်လာစေကာမူ မပြောင်းလဲသွားပေ။ နမူနာအားဖြင့် အင်မော်တယ်လောက၌ ပြစ်ချက်ကင်း ဝိညာဉ်ကြော ပိုင်ရှင်က နတ်ဘုရားလောကတွင်လည်း ပြစ်ချက်ကင်း ဝိညာဉ်ကြောကိုသာ ဆက်လက် ပိုင်ဆိုင်ထားလိမ့်မည်။ ကမ္ဘာလောကတစ်ခုလုံး၌ ဤသို့ မပြောင်းလဲနိုင်သည့် ဝိညာဉ်ကြောမျိုးကို လူအနည်းအကျဉ်းသာ ပိုင်ဆိုင်နိုင်ကြ၏။

“ အကြီးအကဲ ဝေကျဲ ကျေးဇူးပါ … ကျေးဇူးပါ …” ရှီစုက တအံ့တဩ ဖြစ်နေသည့် ဝေကျဲအား ကြည့်ကာ အရမ်းကို ကျေးဇူးတင်နေမိသည်။

ပြစ်ချက်ကင်း ဝိညာဉ်ကြောပိုင်ရှင်များက နတ်ဘုရားနယ်မြေ၌ ထိပ်သီးဂိုဏ်းများ၌ပင် မရှိတတ်ကြချေ။ ပြစ်ချက်ကင်း ဝိညာဉ်ကြော ပါရှိသည့် ဂိုဏ်းသားကို ဂိုဏ်းအနေနှင့် အပြည့်အဝ အာရုံစိုက်ထားပြီး မြေထောင်မြှောက်ပေးကာ ပျိုးထောင်ပေးလေ့ ရှိသည်။ တခြားနည်းဖြင့်ဆိုရလျှင် တခြားဂိုဏ်းများသာ ကူချိုက်၏ ပြစ်ချက်ကင်း ဝိညာဉ်ကြောအကြောင်း သိသွားကြလျှင် သူမအနေနှင့် အားလုံး လုယက်ကြမည့် ပစ်မှတ် ဖြစ်သွားပေမည်။

ဝေကျဲက သူ့ကိုယ်သူ အကြောင်းပြချက် ရှာနေစဉ် ပြစ်ချက်ကင်း ဝိညာဉ်ကြော ပိုင်ရှင်အား တွေ့လာလိမ့်မည်ဟု မထင်ထားမိပေ။ သူက အသိပြန်ဝင်လာကာ လေးလေးနက်နက် ပြောလိုက်၏  “ ကူချိုက်ကို ဂိုဏ်းဆီ ခေါ်လာဖို့ နည်းမျိုးစုံ ကြိုးစားခဲ့ပါတယ်။ ကံကောင်းတာက ကျုပ်တို့အတွက် အဆင်ပြေလာတာပဲ ”

“ မကောင်းတော့ဘူး …. သူမရဲ့ ဝိညာဉ်ကြော သဘာဝကို ကြည့်လိုက်ကြဦး ” အကြီးအကဲ ရှုယီက ရုတ်ချည်း ထပြောလိုက်သည်။

အကြီးအကဲ ရှုယီ၏ စကားမပါလျှင်ပင် အားလုံးက တိုင်ရှစ်လုံးမှ အရောင်ကို ကြည့်လိုက်ကြသည်။

ထိုတိုင်ရှစ်လုံးမှ အလင်းရောင်မှာ အနက်ရောင် ပြောင်းလဲသွားပြီး တစ်ခုမှာ အပြာရောင် ဖြစ်နေ၏။

“ ဘာတွေ ဖြစ်နေတာလဲ။ အနက်ရောင်က ဘာသဘာဝကို ပြောချင်တာလဲ ” အားလုံးက အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့က အနက်ရောင်ကို မြင်လိုက်ရ၍ ကြောင်အမ်းနေကြဟန် ပေါ်နေ၏။ သူတို့က အပြာရောင်မှာ လျှပ်စီး သဘာဝ ဝိညာဉ်ကြောကို ညွှန်ပြကြောင်း သိပေသည်။

အကယ်၍ ကူချိုက်၏ စစ်ဆေးမှုက အနက်ရောင် မပါဘဲ အပြာရောင် တစ်ခုတည်းသာ ဆိုလျှင် ကောင်းကင်လူသားဂိုဏ်းက ပျော်လွန်း၍ ထခုန်မိကြပေလိမ့်မည်။ ယခုတွင်မူ သဘာဝက အနက်ရောင် ဖြစ်နေလေရာ အားလုံးက မသက်မသာ ခံစားမိနေကြ၏။

“ အနက်ရောင် ပေါ်နေတာကို သိသွားပြီ ” ဖန်းဖုန်းပန်က အလောသုံးဆယ် ထရပ်လိုက်သည်။ သူက ကောင်းကင်လူသားဂိုဏ်း၏ အကြီးအကဲ ဖြစ်ရုံသာမက ဖန်းကျဲ၏ မျိုးဆက်လည်း ဖြစ်ပေသည်။

“ အကြီးအကဲဖန်း … ဘာများ ဖြစ်လို့လဲ ” ရှီစုက စိုးရိမ်တကြီး မေးလိုက်တော့သည်။ သူက အစိုးရိမ်ဆုံး ဖြစ်နေ၏။ ကောင်းကင်လူသားဂိုဏ်း၌ ကူချိုက်လိုမျိုး ပါရမီရှင် ပေါ်လာပြီ ဖြစ်ရာ သူတို့အနေနှင့် ယခင်ကလို ဂုဏ်ကျက်သရေ ပြန်ရနိုင်တော့မည် ဖြစ်၏။

ဖန်းဖုန်းပန်က ဖြေကြားလိုက်သည်  “ အရင်တုန်းက ကျုပ် အဘိုး ပြောပြခဲ့ဖူးတယ်။ ရှေးခေတ်အချိန်အခါတုန်းက ကျင့်ကြံသူတွေမှာ ဝိညာဉ်ကြော အမျိုးအစား နှစ်ခုပဲ ရှိကြတယ်တဲ့ …. ”

“ ဝိညာဉ်ကြော ရှစ်မျိုး ရှိရမှာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် နှစ်မျိုးတည်းလဲ ” အကြီးအကဲ တချို့က ဝင်၍ ထောက်လိုက်ကြသည်။

မေးခွန်းများ ထုတ်လိုက်ကြသော်လည်း မည်သူကမှ ဖန်းဖုန်းပန်၏ စကားကို  သံသယ မဝင်ကြပေ။ အကြောင်းမှာ သူက ကောင်းကင်လူသားဂိုဏ်း၏ တည်ထောင်သူ ဘိုးဘေး ဖန်းကျဲ၏ မျိုးဆက် ဖြစ်ပေသည်။ ဖန်းကျဲက အပြင်စည်းတစ်ယောက်သာ ဖြစ်ခဲ့သော်လည်း ဖန်းကျဲကြောင့်သာ မဟုတ်လျှင် ကောင်းကင်လူသားဂိုဏ်းက သမိုင်းစာအုပ်များထဲ၌ ပျောက်ကွယ်သွားလောက်လေပြီ။

ဖန်းဖုန်းပန်က ဆက်ပြောလိုက်သည်  “ ရှစ်မျိုး ရှိတယ်ပြောရင်လည်း မှန်ပါတယ်။ အခု နတ်ဘုရားနယ်မြေမှာ ရှစ်မျိုးပဲ ရှိတော့တာမလို့လေ။ ရှေးအခါတုန်းက အလင်းနဲ့ အမှောင်ဆိုပြီး ဝိညာဉ်ကြော အမျိုးအစား နှစ်ခုပဲ ရှိတယ်။ အဲဒီအထဲမှာ အလင်း ဝိညာဉ်ကြောကို သတ္တု၊ သစ်သား၊ ရေ၊ မြေ၊ လေ၊ မီး၊ ရေခဲနဲ့ လျှပ်စီးဆိုပြီး ပြန်ခွဲခြားထားကြတယ်။ အမှောင်ထု ဝိညာဉ်ကြောကတော့ အမှောင်ထု ဝိညာဉ်ကြောအနေနဲ့ပဲ ကျန်ရှိနေတာပေါ့။ ဒီရှင်းပြချက်အရဆိုရင် အမှောင်ထု ဝိညာဉ်ကြော ပါရင် ဝိညာဉ်ကြော အမျိုးအစား ကိုးမျိုး ရှိလိမ့်မယ် …. ”

“ အကြီးအကဲဖန်း ပြောတာက ကူချိုက်ရဲ့ ဝိညာဉ်ကြောက အမှောင်နဲ့ အလင်း ရောနှောနေတာလို့ ပြောချင်တာလား ” ရှီစုက တုန်လှုပ်စွာ ထုတ်မေးလိုက်သည်။

ဖန်းဖုန်းပန်က ခေါင်းညိတ်ပြကာ  “ အမှန်ပဲ … အဲဒီအလယ်က တိုင်လုံးက သူမမှာ အမှောင်ထု ဝိညာဉ်ကြော ရှိတယ်ဆိုတာ ပြနေတာပဲ။ ကျုပ် နားမလည်တာ တစ်ခုက လျှပ်စီး ဝိညာဉ်ကြောကို မပြောနဲ့ဦး။ အမှောင်ထု ဝိညာဉ်ကြောက တခြားဝိညာဉ်ကြောနဲ့ ပူးတွဲမတည်ရှိနိုင်ဘူးလို့ ကြားထားတာ  ”

“ ဒါပေမဲ့ ကျုပ်တို့တွေ အမှောင်ထု ဝိညာဉ်ကြောအကြောင်းကို အရင်က ကြားဖူးလို့လား ” အကြီးအကဲရှုယီက မျက်မှောင်ကျုတ်ကာ ပြောလိုက်သည်။ သူ့ကျင့်ကြံဆင့်က အမြင့်ဆုံး မဟုတ်သော်လည်း သူက အတွေ့အကြုံ အတော်လေး ကြွယ်ဝပေသည်။ သူ နတ်ဘုရားနယ်မြေ၌ နေထိုင်ခဲ့သော နှစ်အရေအတွက်အရ အမှောင်ထု ဝိညာဉ်ကြောအကြောင်း နမူနာတစ်ခုတော့ ကြားဖူးသင့်သည် မဟုတ်ပါလော။

ဖန်းဖုန်းပန်က ရှင်းပြလိုက်သည်  “ ကျုပ် အဘိုးပြောဖူးတာကတော့ အမှောင်ထု ဝိညာဉ်ကြောက စကြဝဠာထဲမှာ တည်ရှိတယ်တဲ့။ ကျုပ်တို့နတ်ဘုရားနယ်မြေနဲ့ နေရာအတူတူ မဟုတ်ရုံပဲတဲ့ … ပြောရမယ်ဆိုရင် ကျုပ်တို့ နေနေတဲ့ အလွှာမှာ အမှောင်ထု ဝိညာဉ်ကြော မရှိဘူး။ ကူချိုက်မှာ အမှောင်ထု ဝိညာဉ်ကြော ရှိတာဆိုတော့ တစ်ခုတည်းသော ရှင်းပြချက်က သူမက ကျုပ်တို့လိုမျိုး အလွှာအတူတူက လာတာ မဟုတ်ဘူးဆိုတာပဲ … ”

“ နယ်ခြားကျင့်ကြံသူလား ” အားလုံးက ထိတ်လန့်ကုန်ကြသည့် အမူအယာများ ဖြစ်ကုန်ကြသည်။

အကယ်၍ နတ်ဘုရားနယ်မြေ၌ အားလုံးက ကြောက်ရွံ့ကြပြီး သတ်ပစ်ဖို့ရာ ဆန္ဒရှိသည့် တည်ရှိမှုမျိုး ရှိနေမည်ဆိုလျှင် နယ်ခြားကျင့်ကြံသူသာ ဖြစ်လိမ့်မည်။

ကျင့်ကြံသူများက အင်မော်တယ်လောက၊ မှော်လောက၊ နတ်ဆိုးလောကနှင့် တခြားသော လောကများမှ တက်လှမ်းလာခြင်း ဖြစ်စေကာမူ အားလုံးက အလွှာအတူအတွင်းမှ ကျင့်ကြံသူများ ဖြစ်ကြ၏။

အလွှာတူအတွင်း၊ နယ်မြေတစ်ခုအတွင်း၊  ရှိနေသည့် ကျင့်ကြံသူများက တူညီသော ကျင့်ကြံရေး စနစ်အောက်တွင် ရှိပေသည်။ လွန်ခဲ့သည့်အချိန်ကတည်းက နတ်ဘုရားနယ်မြေရှိ အလွှာအားလုံးကို သတ္တကမ္ဘာအလွှာများဟု ခေါ်တွင်ခဲ့ကြသည်။ သို့သော်လည်း နတ်ဘုရားနယ်မြေတွင် ဖြစ်စေ သို့မဟုတ် နတ်ဘုရားနယ်မြေအောက်တွင် ရှိသော လောကတွင် ဖြစ်စေ အားလုံးက အလွှာအတူတူပေါ်တွင်သာ ဖြစ်ကြ၏။ နှိုင်းယှဉ်မှု မရှိသည့်အချက်က  မည်သူကမှ သူတို့ရှိနေသည့် အလွှာကို မည်သို့ခေါ်ဝေါ်ကြောင်း ရှာဖွေဖို့ရာ စိတ်ပင် မဝင်စားကြချေ။

နယ်ခြားကျင့်ကြံသူများက ခြားနားပေ၏။ သူတို့က သတ္တကမ္ဘာအလွှာမှ ရောက်လာကြခြင်း မဟုတ်ပေ။ သူတို့က ကျင့်ကြံရေး စနစ်များ လုံးဝ ကွဲပြားနေသည့် နေရာမှ ရောက်လာကြခြင်း ဖြစ်ရာ လျို့ဝှက်တိုက်ကွက်များ၏ စည်းမျည်းများမှာလည်း ခြားနားလှသည်။ တခြားနည်းဖြင့်ဆိုရလျှင် သူတို့၏ မဟာတာအိုအပေါ် နားလည်နိုင်စွမ်းက တခြားသူများအားလုံးနှင့် လုံးဝ ခြားနားပေ၏။

နယ်ခြားကျင့်ကြံသူများ သတ္တကမ္ဘာအလွှာသို့ ရောက်လာသည့် တစ်ကြိမ် ရှိခဲ့ဖူးပြီး နတ်ဘုရားနယ်မြေ၌ ပေါ်လာခဲ့သည်။ သူ နားလည်နေသည့် ကျင့်ကြံရေး စနစ်နှင့် ကွဲလွဲနေကြောင်း သတိပြုမိပြီးနောက် သူက သတ္တကမ္ဘာအလွှာ၌ သူ့ကိုယ်ပိုင် ကျင့်ကြံရေး စနစ်ကို ဖွံ့ဖြိုးစေရန် အကြံထွက်လာမိသည်။

သတ္တကမ္ဘာအလွှာရှိ ကျင့်ကြံသူများက ဤသို့အကြံမျိုုးကို လက်ခံပေးကြမည် မဟုတ်ပေ။

ဖြည်းဖြည်းချင်းဖြင့် ကောင်းကင်ဘုံကို တုန်လှုပ်နိုင်သည့် မဟာတာအို တိုက်ပွဲ ဖြစ်လာကြသည်။ ထိုတိုက်ပွဲအပြီးတွင် နတ်ဘုရားနယ်မြေ၏ နတ်ဘုရားဘုရင် သန်းချီ၍ ကွယ်ပျောက်သွားကြသည်။

လက်ရှိ နတ်ဘုရားနယ်မြေတစ်ခုလုံးတွင် နတ်ဘုရားဘုရင် တစ်ရာပင် မရှိပေ။

 ယခင် နတ်ဘုရားဘုရင် သန်းချီသာ ကွယ်ပျောက်မသွားခဲ့လျှင် အခုလက်ရှိဖြစ်နေမည့် အနာဂတ်ကို တွေးကြည့်လိုက်ပါ။

ကံကောင်းစွာဖြင့် သတ္တကမ္ဘာအလွှာရှိ အဆင့်မြင့် ပညာရှင်များက ထိုနယ်ခြားကျင့်ကြံသူ၏ အင်အား အားလုံးကို ဖယ်ရှားပစ်နိုင်ပြီး ရှင်းပစ်နိုင်ခဲ့သည်။

ထိုသို့ဆိုလျှင်ပင် နတ်ဘုရားနယ်မြေက နှစ်များစွာ ကြာပြီးသည့်နောက်တွင် နတ်ဘုရားဘုရင်များစွာ မွေးထုတ်ဖို့ရာ ကျရှုံးခဲ့သေး၏။

ထိုအဖြစ်အပျက်အပြီးတွင် နယ်ခြားကျင့်ကြံသူများက နတ်ဘုရားနယ်မြေ၏ တားမြစ်ရာ ဖြစ်လာသည်။ အကယ်၍ နောက်ထပ် နယ်ခြားကျင့်ကြံသူ တစ်ဦးသာ သတ္တကမ္ဘာအလွှာ၌ ပေါ်လာခဲ့လျှင် ဖြစ်လာမည့် အခြေအနေများကို စိတ်ကူးကြည့်လို့ ရပေသည်။

ယနေ့ နယ်ခြားကျင့်ကြံသူ တစ်ယောက်က ကောင်းကင်လူသားဂိုဏ်း၌ ပေါ်လာလေရာ ကောင်းကင်လူသားဂိုဏ်းအနေနှင့် ဆက်လက် တည်ရှိနိုင်မည့် အခွင့်အရေး ရှိဦးမည်လား။

အားလုံးက အတူတူ တွေးမိနေကြသည်။

ကူချိုက်ကို သတ်ပစ်ရမယ် ….

ကူချိုက်သာ သေဆုံးသွားသည်နှင့် ကူချိုက်က သူတို့ဂိုဏ်းအတွင်း ပေါ်လာသည့် ကိစ္စမှာ ပေါ်ပေါက်တော့မည် မဟုတ်ပေ။

ရှီစုက အတော်လေး စိတ်ဖိစည်းနေမိသည်။ နောက်ဆုံး၌ ကောင်းကင်လူသားဂိုဏ်းတွင် ထိပ်သီး ပါရမီရှင် ရှိလာသော်လည်း သူတို့အနေနှင့် သူမကို သတ်ပစ်ရုံမှအပ ရွေးချယ်စရာ မရှိတော့ချေ။

အားလုံးက ကူချိုက်ကို သတ်ပစ်ဖို့ လိုအပ်ကြောင်း ခံစားမိနေသော်လည်း မည်သူကမှ ထိုအတွေးအား ထုတ်မပြောလိုကြပေ။ မည်သူကမှလည်း မလုပ်ဆောင်ချင်ကြပေ။

ကောင်းကင်လူသားဂိုဏ်းမှ လူများစွာ မရှိသည့်အပြင် ဤနေရာတွင် နတ်ဝိညာဉ်စွမ်းအားလည်း နည်းပါးပေသည်။ ထို့ကြောင့် အားလုံးက ငြိမ်းချမ်းအေးဆေးသော ဘဝမျိုးသာ ပိုင်ဆိုင်ထားကြ၏။ အကြောင်းမှာ ကောင်းကင်လူသားဂိုဏ်းအနေနှင့် သူတို့ဂိုဏ်းထဲ ဝင်လာသည်နှင့် အားလုံးမှာ မိသားစုကြီးတစ်ခု၏ တစိတ်တပိုင်း ဖြစ်သွားကြောင်း သတ်မှတ်ထားကြသည်။

အားလုံးက ကူချိုက်အကြောင်းကို ဘာလုပ်ရမှန်း မသိကြစဉ် ဂိုဏ်းအပြင်ဘက်မှ မိုးခြိမ်းသံများကို ကြားလိုက်ရလေ၏။

ရှီစုက အသံကို ကြားလိုက်သည့်အခါ ဒေါသတကြီး အော်ပြောလိုက်သည် “ ငါတို့ ကောင်းကင်လူသားဂိုဏ်းက နိမ့်ကျနေတယ်ဆိုပေမဲ့ ဘာအတွက်နဲ့မှ တိုက်ခိုက်နေမှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါတို့ ကောင်းကင်လူသားဂိုဏ်းကို မင်းတို့ ခြေနင်းတုံးအဖြစ် မှတ်ယူထားရင်တော့ ငါတို့က ပျောက်ဆုံးသွားရမယ်ဆိုရင်တောင် ငါတို့ရဲ့ ဂုဏ်ကို နောက်ဆုံးအထိ ကာကွယ်သွားမယ် ”

ထိုအရာကို ပြောပြီး ရှီစု၏ ခန္ဓာကိုယ်က ဖြတ်ခနဲ ပျောက်သွားကာ ခန်းမအပြင်သို့ ထွက်သွားတော့သည်။

ကျန်ရှိနေသည့် အကြီးအကဲများကလည်း တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြတော့သည်။ အားလုံးက ဂိုဏ်းချုပ် ဒေါသထွက်နေသည့် အကြောင်းအရင်းကို သိလိုက်ကြသည်။ တစ်ယောက်ယောက်က သူတို့၏ မိုးကြိုးစမ်းသပ်ချက်ကို သူတို့ ကောင်းကင်လူသားဂိုဏ်း၌ ခံယူရဲသောကြောင့် ဖြစ်၏။ ဤသည်မှာ လက်မခံနိုင်ဖွယ် ဖြစ်၏။

ယင်လင်းက ကျင့်ကြံနေဆဲ ဖြစ်သည့် ကူချိုက်အား ကြည့်ကာ သက်ပြင်းချလိုက်သည်။ သူမက နယ်ခြားကျင့်ကြံသူ ဇာတ်ကြောင်းကို ကြားလိုက်ပြီးနောက် ကူချိုက်ကို ကူညီပေးချင်လျှင်ပင် သူမအနေနှင့် လုပ်နိုင်မည့်အရာ မရှိပေ။

***

All Chapters