← Chapters

ချောင်းကြည့်ခြင်း

Vol. 24 Ch. 331

ချောင်းကြည့်ခြင်း

Vol. 24 Ch. 331

ချင်မူ့အကြည့်က လက်ညှိုးထိပ်ရှိ ‌မိုးရေစက်အပေါ် ရောက်သွားပြီး သူ ငေးငိုင်သွားသည်။ ဓားပညာက ဤအဆင့်အထိ အမှန်တကယ် ရောက်နိုင်သည်လော။

တောင်တန်းနှင့်မြစ်ပြင်များကို ဖြတ်လျှောက်သောဓားက သူ သင်ယူခဲ့သော ဓားကွက်ဖြစ်သော်လည်း တမူကွဲပြားနေသည်။

ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီး၏ ဖန်ဆင်းမှုသဘောတရားအတိုင်း အရာအားလုံးကို ဖန်ဆင်းနေသကဲ့သို့ ဖြစ်၏။

တာအိုဂိုဏ်း၏ တာအိုဓားက သဘာဝတရားထဲရှိ အရာရာတိုင်းကို သင်္ချာဖြင့် တွက်ထုတ်ပြီးနောက်မှ တာအိုဓားဆယ့်လေးကွက်က သဘာဝတရားထဲရှိ အရာရာတိုင်းအား ပြန်လည်ဖန်ဆင်း၍ ကြောက်မက်ဖွယ်စွမ်းအားကို ထုတ်ဖော်သည်။

သို့ရာတွင် ရွာလူကြီး၏ ဓားပညာက တာအိုဓားနှင့် တူညီသောလမ်းစဉ် မဟုတ်ပေ။ သူက သူ၏ဓားပညာဖြင့် ကမ္ဘာလောကထဲရှိ အရာရာတိုင်းကို ဖန်ဆင်း၍ သဘာဝတရားကို သရုပ်ဖော်ခြင်းဖြစ်သည်။

မည်သည့်လမ်းစဉ်က ပိုမိုအဆင့်မြင့်မားသည်ကို ပြောရခက်သော်လည်း အယူအဆအရ သိသာသည်။ တာအိုဓားသည် ‘တာအိုက သဘာတရားကို လိုက်နာသည်’ ဆိုသော အယူအဆဖြင့် အလုပ်လုပ်၏။ ရွာလူကြီး၏ ဓားပန်းချီကမူ သဘာဝကို ကိုယ်တိုင်ဖန်ဆင်းခြင်းဖြစ်သည်။ သို့ဖြစ်၍ ဓားပန်းချီ၏ အယူအဆက ပိုမိုအဆင့်မြင့်မားသင့်လေသည်။

သဘာဝတရားကို သရုပ်ဖော်ခြင်းဆိုသည်မှာ သဘာဝတရားကို လေ့လာခြင်းပင် ဖြစ်၏။ အခြားတစ်ဖက်တွင် ဖန်ဆင်းခြင်းဟူသည့်အရာကား ဗလာနတ္ထိမှ တစ်စုံတစ်ခုကို ပုံဖော်ခြင်းမည်သည်။

တာအိုဂိုဏ်း၏ လမ်းစဉ်မှာ တာအိုမှ မူလ၊ မူလမှ ယင်ယန်နှစ်ဖြာ၊ ယင်ယန်နှစ်ဖြာမှ စွမ်းအင်သုံးသွယ်၊ စွမ်းအင်သုံးသွယ်မှ အရာအားလုံးကို ဖန်တီးသည်ဟူ၍ဖြစ်သည်။ တာအိုဂိုဏ်း၏ တာအိုဓားက အရာရာတိုင်းကို သရုပ်ဖော်နိုင်သော်လည်း သင်္ချာဖြင့် ဖြစ်နိုင်ခြေအားလုံးကို တွက်ထုတ်ထားခြင်းသာ ဖြစ်သည်။

ချင်မူ ကြည်လဲ့တောက်ပနေသော ရေစက်ကို စိုက်ကြည့်လိုက်သည်။ ရေစက်မျက်နှာပြင်ထက်တွင် အဆုံးမဲ့စကြဝဠာများ၏ ရောင်ပြန်ပုံရိပ်များကို သူ အနုစိတ်မြင်လိုက်ရ၏။

“စိမ်းပြာရောင်ကောင်းကင်မျက်လုံး နိုးထ”

ချင်မူ့ သူငယ်အိမ်ထဲတွင် အလွှာအထပ်ထပ် ဖြစ်ပေါ်လာပြီး သူက စိမ်းပြာရောင်ကောင်းကင်မျက်လုံးဖြင့် ရေစက်ကို ဖွဲ့တည်ပေးထားသော ဓားရောင်များကို မြင်အောင် ကြည့်လိုက်သည်။ သို့သော် သူ၏အစွမ်းအစဖြင့်ပင် မမြင်ရသည့်အတွက် စိတ်ပျက်သွား၏။

သို့သော် အံ့အားသင့်ဖွယ်ရာကောင်းသော အချက်တစ်ချက်ကို သူ သတိပြုမိလိုက်သည်။‌ ရေစက်ပေါ်တွင် ပြင်ပအရာဝတ္ထုများ၏ပုံရိပ်များ ရောင်ပြန်ဟပ်နေပြီး စိုက်ကြည့်လိုက်သည့်အခါ ‌ရောင်ပြန်ပုံရိပ်များကို ပို၍ပင် အသေးစိတ်မြင်လိုက်ရသည်။

ရေစက်ထဲမှတစ်ဆင့် အံ့အားသင့်ဖွယ်အခြေအနေတစ်ရပ်သို့ ဝင်ရောက်သွားခဲ့သော ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို သူ ကြည့်လိုက်သည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အကြည့်က ငေးကြောင်နေပုံပေါ်သော်လည်း ရေစက်ထဲမှတစ်ဆင့် ကြည့်လိုက်သောအခါတွင် သူ၏မျက်လုံးထဲရှိ ပြောင်းလဲမှုပေါင်းများစွာကို ချင်မူ မြင်လိုက်ရ၏။

ပို၍ပင် အသေးစိတ်ကြည့်လိုက်လျှင် ပြောင်းလဲမှုအတွင်း၌ ကမ္ဘာတစ်ခု ဖွဲ့တည်လာသည်ကို မြင်လိုက်ရသယောင် ရှိသည်။

ချင်မူ တရှိန်ရှိန် စိတ်အားတက်ကြွလာသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ မျက်လုံးထဲရှိ ပြောင်းလဲမှုများက ကမ္ဘာလောကအသစ်ကို ဖွင့်လှစ်ကာ ဖန်ဆင်းခြင်းမှော်ပညာကို သရုပ်ဖော်နေ၏။

ချင်မူမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ မျက်လုံးထဲတွင် မွေးဖွားလာသည့် ကမ္ဘာထဲ လူကိုယ်တိုင် ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အသိအမြင်များကို သူ မြင်တွေ့နေရသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံသည် အမှန်ပင် ပါရမီရင့်သန်သူတစ်ယောက် ဖြစ်၏။ ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်၊ တာအိုသခင်နှင့် တထာဂတတို့ သူ၏ပါရမီကို ကရုဏာသက်၍ သူတို့အထွတ်အမြတ်နယ်မြေများ၏ အဆင့်မြင့်ဆုံးသိုင်းပညာကို သင်ကြားခွင့်ပေးခဲ့သည်မှာ အံ့ဩဖွယ်ရာမရှိပေ။

ချင်မူသည် အတွေးအခေါ်နှင့် အသိအမြင်ပိုင်း၌ သူ့အောက် နိမ့်ကျ၏။ ဧကရာဇ်အတိုင်ပင်ခံ ရွာလူကြီး၏ ဓားလမ်းကို ပထမဆုံး မြင်ရသောအခါ သဘောတရားအသစ်များ တွေးမိပြီး သူ၏ကိုယ်ပိုင်ဓားလမ်းအား ဖမ်းဆုပ်နိုင်လိုက်သည်။ ထိုမျှရင့်သန်သော အတွေးအခေါ်နှင့် ပါရမီ၏ ရှေ့မှောက်တွင် ချင်မူ သူ့အစွမ်းအစ နိမ့်ကျသည်ကို ဝန်ခံလိုက်ရသည်။

သို့သော် လောလောဆယ်တွင် ချင်မူက ရေစက်မှတစ်ဆင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ စိတ်အခြေအနေထဲ ဝင်ရောက်ကာ သူ့ကိုယ်သူ အဆင့်မြှင့်နေသည်။

“အင်မတန် အံ့ဩစရာပဲ”

ရွာလူကြီး ချင်မူ့ကို မြင်သောအခါ သက်ပြင်းချ၍ ထော့ကျိုးကို ပြောသည်။ “ချင်မူရဲ့ အတွေးအခေါ်နဲ့ အသိအမြင်က နှစ်ငါးရာမှာ တစ်ခါပေါ်တဲ့ ပါရမီရှင်နဲ့ မယှဉ်နိုင်ပေမယ့် ဒီလိုဖြတ်ထိုးဉာဏ်နဲ့ ဇွဲလုံ့လက ပါရမီရှင်တောင် မယှဉ်နိုင်တဲ့အရာပဲ”

ထော့ကျိုးက ဂုဏ်ယူနေသည်။ “ငါ့တပည့် ပီသတယ်”

“ငါတို့တပည့် ပီသတယ်” ရွာလူကြီးကလည်း ဖြည့်စွက်ပြောလိုက်သည်။

“ဧကရာဇ်အတိုင်ပင်ခံကို ဘယ်လိုမြင်လဲ။ လူသားဧကရာဇ် ဖြစ်နိုင်လား” ထော့ကျိုး မေးလိုက်သည်။

ရွာလူကြီးက တခဏတိတ်ဆိတ်သွားပြီး ပျော့ပျောင်းသောအသံဖြင့် ပြောလိုက်၏။ “သူက ငါ့အောက် မနိမ့်ကျဘူး။ နောင်တစ်ချိန်မှာ ငါ့ထက်တောင် ပိုထူးချွန်သွားနိုင်သေးတယ်”

‌ထော့ကျိုး သူ့ကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။ “ခင်ဗျားဗျာ စကားပြောရင် ဘယ်တော့မှ ပြီးအောင်မပြောဘူး။ တစ်ခါတည်း လိုရင်းတိုရှင်း ပြောလိုက်တော့ ဘာဖြစ်သွားမှာမလို့လဲ”

ရွာလူကြီး သက်ပြင်းချလိုက်သည်။ “ငါက သိပ်အစွမ်းထက်ခဲ့တယ်။ ဓားလမ်းရဲ့ အဆုံးအထိလည်း လျှောက်ခဲ့တယ်။ ဒါမဲ့ ငါ့ ခြေလက်တွေကို ဘာက ဖြတ်လိုက်လဲ ကြည့်လေ”

ထော့ကျိုး မည်သည်ကိုမျှ မပြောသည့်အတွက် ရွာလူကြီး ဆက်ပြောလိုက်သည်။ “ငါ့ခြေလက်တွေကို ဓားတစ်လက်နဲ့ ဖြတ်သွားတာ။ နှစ်ငါးရာမှ တစ်ခါပေါ်တဲ့ ပါရမီရှင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ငါ့ထက် ပိုအစွမ်းထက်ကောင်း ထက်လိမ့်မယ်။ ဒါပေမဲ့ အခွင့်အရေးမရှိရင် သူလည်း ငါ့လို ကောင်းကင်တံတားအဆင့်မှာ ပိတ်မိနေမှာ။ ကောင်းကင်တံတားကို သူ မဆက်နိုင်လို့ နောက်အဆင့်ကို မကူးနိုင်တော့ရင် ငါ့လို နိဂုံးချုပ်ရလိမ့်မှာပဲ”

ထော့ကျိုး၏ခန္ဓာကိုယ် တုန်လှုပ်သွားသည်။ သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို ကြည့်ပြီးနောက် ချင်မူ့ဘက် လှည့်လိုက်ကာ ခပ်တိုးတိုး မေးလိုက်သည်။ “ခင်ဗျားနဲ့ ကျုပ် သေရင် ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံလည်း သေသွားရင် ချင်မူ ဘာဖြစ်သွားမှာလဲ”

“ငါ အစတုန်းကတော့ မူအာကို သာမန်လူတစ်ယောက်လို ပုံမှန်ဘဝလေးနဲ့ နေသွားစေချင်ခဲ့တာ။ ဒါပေမဲ့ သူက ငါထင်ထားတာတွေနဲ့ တခြားစီ လုပ်ပြခဲ့တယ်။ ငါ့အစီအစဉ်တွေကို တစ်ခုပြီးတစ်ခု ဖျက်စီးခဲ့တယ်။ သူ့အနာဂတ်နဲ့ ပတ်သက်ပြီးလို့ကတော့ ငါလည်း မပြောတတ်ဘူး။ အစတုန်းက သူ့ကို သာမန်လူတစ်ယောက်ပဲ ထင်ထားပေမယ့် ရွှင်ပျော်ပျော်ကျေးရွာကို သွားရှာပြီးကတည်းက သူ့မှာ သူများနဲ့မတူတဲ့ အားသာချက်တွေ ရှိနေလောက်တာ သတိထားမိလာတယ်”

ထော့ကျိုးက ဂုဏ်ယူစွာ ပြုံးလိုက်သည်။ “သာမန်ဟုတ်လား၊ ရွာလူကြီးကလည်း အသက်ကြီးလာတော့ ဦးနှောက်မကောင်းတော့ဘူးထင်တယ်။ သာမန် လောကသခင်ခန္ဓာဆိုတာ ရှိလို့လား။ မူအာက လောကသခင်ခန္ဓာလေ ဘယ်လိုလုပ် သာမန်ဖြစ်မှာတုံး”

ရွာလူကြီး တံတွေးနင်သွားပြီး အားတင်းပြုံးကာ ဆက်ပြောလိုက်သည်။ “ဟုတ်သားပဲ သူက လောကသခင်ခန္ဓာဆိုတာ ငါ မေ့သွားတယ်။ ဒီတစ်ခေါက် သူ ငါ့ဓားလမ်းကို သုံးသပ်ဆင်ခြင်မယ်ထင်ထားပေမယ့် အဲဒီရေစက်ကနေ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံရဲ့ အသိအမြင်တွေကို ကြည့်နိုင်တာ ငါ မတွေးမိခဲ့ဘူး။ ဒါက သိပ် .. သိပ်ကို....”

သူ မည်သို့ဆက်ပြောရမှန်း မသိပေ။ ထော့ကျိုးက ရယ်သည်။ “သိပ်ကို မယုံနိုင်စရာပဲ”

ရွာလူကြီး ခေါင်းညိတ်လိုက်ပြီး ရယ်ရမည်လား၊ ငိုရမည်လား မသိတော့ပေ။ “တကယ်ကို မယုံနိုင်စရာပဲ။ မူအာ ဒီကောင်လေး ဝိညာဉ်သန္ဓေသားကို မနှိုးနိုင်ဘူး ငါ ထင်တယ်။ သူက နှိူးပြတယ်။ သူ ဝိညာဉ်သန္ဓေသားအဆင့်ကနေ မတက်ဘူးလို့ ငါ တွေးနေတဲ့အချိန် လောကသခင်ခန္ဓာ... အဟမ်း လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ရဲ့ နောက်ဆက်တွဲကို တွေ့ပြန်တယ်။ လူတိုင်းလိုပဲ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ စံအိမ်သခင် သုံးရာ့ခြောက်ဆယ်ကို သူ မနိုင်နိုင်ဘူးလို့ ငါ တွေးတယ်။ သူက သူတို့ရဲ့ ဂိုဏ်းသခင် ဖြစ်လာတယ်။ ငါတို့ သင်တာတွေ သူ လိုက်နိုင်မှာမဟုတ်ဘူးလို့ ငါ ထင်တယ်။ သူက ဇွဲကောင်းကောင်းနဲ့ လေ့လာပြီး ငါတို့ကိုတောင် ကျော်သွားပြီ

ရွာလူကြီး ခါးသီးစွာ ပြောလိုက်သည်။ “ငါ သူ့ကို ဘယ်တော့မှ အသိအမှတ်မပြုဘူး၊ ငါ့အမွေကို ဘယ်တော့မှ မပေးဘူး တွေးထားပေမယ့် သူ့ကို အသိအမှတ်ပြုပြီး ငါ့အမွေပေးခဲ့တယ်။ ငါ့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေနဲ့ တာဝန်ဝတ္တရားတွေကိုတောင် ပေးခဲ့မိတယ်”

သူ အတိတ်ကို ပြန်တွေးပြီး ရယ်ချင်လာသည်။ “စစချင်း ငါ သူ့ကို မယုံခဲ့ဘူး။ သူက ဘာမှဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်မှာမဟုတ်ဘူး တွေးခဲ့ပေမယ့် သူက ငါ့မျှော်လင့်ချက်တွေကို တဖြည်းဖြည်း မြင့်မားလာစေတယ်။ နောက်ဆုံးတော့ ငါ အယုံကြည်ရဆုံးက သူပဲဆိုတာ နားလည်လာတယ်။ တကယ်တော့ ငါတို့က သူ့ကို ပျိုးထောင်ပေးခဲ့တဲ့လူတွေဆိုတော့ သံယောဇဉ်လည်း တွယ်နေပြီလေ”

ထော့ကျိုးက ပြုံးလျက် မေးသည်။ “ခင်ဗျား ပြောချင်တာက”

ရွာလူကြီး၏ နဖူးကြောများ တွန့်သွားပြီး သူက စိတ်ရင်းဖြင့် ပြုံးလိုက်သည်။ “ငါ ဆိုလိုတာက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနဲ့ ယှဉ်ရင် ငါတို့အားလုံးအတူတူ ပျိုးထောင်ပေးခဲ့တဲ့ မူအာ့ကို ပိုမျှော်လင့်တယ်။ ပိုအားကိုးတယ်။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်က အမှောင်ထုထဲမှာ မာန်ဟုန်မြစ်ကနေ ငါတို့လက်ထဲ ထည့်ပေးခဲ့တဲ့ ကလေးက သူများနဲ့မတူဘူး။ သူ့အသိအမြင်က ဧကရာဇ်အတိုင်ပင်ခံရဲ့ အသိအမြင်လို မကျယ်ပြောပေမယ့် ငါမမြင်ရတဲ့ အစွမ်းတွေ သူ့မှာ ရှိနေတယ်...”

“အဲဒါ လောကသခင်ခန္ဓာပဲလေ” ထော့ကျိုးက စိတ်လှုပ်တရှား ပြောသည်။

ရွာလူကြီး၏အပြုံး တောင့်တင်းသွားပြီး ခံစားချက်မျိုးစုံ ဖြစ်ပေါ်လာသည်။ “လောကသခင်ခန္ဓာကြောင့် နေမှာပါ။ သာမန်လူတစ်ယောက် အံ့ဖွယ်လုပ်ပြရင် တစ်ခါဆို အခွင့်အရေးရှိလို့၊ နှစ်ခါဆို ကံကောင်းလို့၊ ဒါပေမဲ့ သုံးလေးခါဆို အခွင့်အရေးရှိလို့ရော၊ ကံကောင်းလို့ရော မဟုတ်တော့ဘူး။ သူက တကယ် သူများတွေနဲ့ ကွဲပြားတယ်။ အင်း လောကသခင်ခန္ဓာတစ်ခုက လေးစားထိုက်ပါပေမယ်။ မူအာက မဟာမြို့ပျက်မှာ ပုန်းခိုနေရတဲ့ ငါတို့လိုဒုက္ခိတတွေဆီက ကောင်းတဲ့အချက်တွေကို ဆက်ခံပြီး ငါတို့ကို သင်ခန်းစာယူနိုင်ခဲ့ပြီ။ သူက ငါတို့အားလုံးထက် ပိုဝေးတဲ့လမ်းကို သေချာပေါက် လျှောက်နိုင်လိမ့်မယ်”

ဓားလမ်းစဉ်ကို တွေးတောဆင်ခြင်နေသည်နှင့်အမျှ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ အသိအမြင်က တဖြည်းဖြည်း ကျယ်ပြန့်နက်ရှိုင်းလာသည်။ သူ၏အသိအမြင်အားလုံးကို ချင်မူက ရေစက်မှတစ်ဆင့် မြင်နေရ၏။

သူ့ထက် သိုင်းအဆင့်များစွာ မြင့်မားသော ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှတစ်ဆင့် ချင်မူ အကျိုးအမြတ်များစွာ ရရှိလိမ့်မည်။

ချင်မူသည် အခြေခံဓားသိုင်းများသာ တတ်ကျွမ်းသေးသော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ဓားလမ်းကို ရှာဖွေနေသောအခြေအနေကို အသုံးချပြီး ဓားလမ်းအဆင့်ကို ‌ချောင်းကြည့်နိုင်သွား၏။ သူ ရရှိလိုက်သော အကျိုးအမြတ်များကား စိတ်ကူးဖြင့်ပင် မှန်းဆမကြည့်နိုင်ပေ။

ထာဝရငြိမ်းချမ်းရေးအင်ပါယာက ဘီလူးကြီးတစ်ကောင်ဆိုလျှင် ချင်မူက ကလေးပေါက်စလေးဖြစ်သည်။ သို့တိုင်အောင် ကလေးပေါက်စလေးသည် ဘီလူးကြီး၏ ပခုံးပေါ်တွင် ရပ်ကာ အပြောကျယ်သော မိုးကုပ်စက်ဝန်းကို ကြည့်ရှုနိုင်၏။

ရွာလူကြီး၏ တောင်တန်းနှင့် မြစ်ပြင်များကြားမှ ဖြတ်သန်းသွားသည့်ဓားကို ချင်းမန်တံခါးရှိ လူတိုင်း တွေးတောဆင်ခြင်နေကြသော်လည်း ဓားကွက်အတွင်းရှိ များပြားလှသော အံ့ဖွယ်သဘောတရားများအား ဖမ်းဆုပ်နိုင်သောအရေအတွက်မှာ နည်းပါး၏။ အများစုမှာ ဓားကွက်တစ်ကွက်၊ နှစ်ကွက်မျှ ဖန်တီးလိုက်နိုင်၍ သူတို့အတွက် တစ်သက်လုံး အားရကျေနပ်နေရန် လုံလောက်ပြီဟု ဆိုနိုင်သည်။ သို့ရာတွင် ချင်မူ့ကဲ့သို့ အကျိုးအမြတ်များစွာ ရရှိလိုက်သူတစ်ယောက်မှ မရှိပေ။

ချင်မူ့အတွက် ဓားနတ်ဘုရားအဟောင်း ရွာလူကြီးနှင့် ဓားနတ်ဘုရားအသစ် ဧကရာဇ်အတိုင်ပင်ခံတို့ နှစ်ဦးလုံး၏ အသိအမြင်များမှ အံ့ဖွယ်သဘောတရားများကို သင်ယူနေရသည်နှင့် ညီမျှသည်။

အချိန်များစွာကြာသော် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ဓားလမ်းရှာနေရာမှ နိုးထလာပြီး သူ၏အရှိန်အဝါက ဖော်ပြမတတ်နိုင်အောင် ကြီးမားလာသည်။

အမြင့်ဆုံးထိပ်သို့ ရောက်သည့်အခါ အကြည့်တစ်ချက်တည်းဖြင့် တောင်အားလုံးကို ရှုစားနိုင်၏။

ယခုတွင် ဧကရာဇ်အတိုင်ပင်ခံက ဓားပညာ၏ အမြင့်ဆုံးအဆင့်သို့ ရောက်သွားဖြစ်၍ ကမ္ဘာလောကထဲရှိ ကျန်ဓားသိုင်းများနှင့် ကောင်းကင်နတ်သိုင်းများက သူ့အတွက် နိမ့်ကျနေသကဲ့သို့ ခံစားလိုက်ရသည်။ သူ့မျက်ဝန်းများအား အရောင်တောက်စေနိုင်သော ဓားကွက်သော်လည်းကောင်း၊ သိုင်းကွက်သော်လည်းကောင်း မရှိတော့ပေ။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ အမူအရာက ဝမ်းနည်းသွားဟန်ဖြစ်သွားသော်လည်း များစွာမကြာလိုက်ဘဲ သူ၏တာအိုနှလုံးသားနှင့် သူ၏အသိအမြင်ကို တစ်စုံတစ်ယောက် ချောင်းကြည့်နေသည်ကို ခံစားလိုက်ရ၏။

ဧကရာဇ်အတိုင်ပင်ခံ အံ့အားသင့်သွားပြီး အကြည့်လာရာသို့ ကြည့်လိုက်သောအခါ ချင်မူ့ကို မြင်တွေ့လိုက်ရသည်။

သူ အတန်ငယ် မှင်သက်သွားပြီးနောက် တဟားဟား ရယ်ကာ ခေါင်းယမ်းလိုက်သည်။ “ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်က သူ့အကျိုးအမြတ်အတွက် သူများတွေကို ကောင်းကောင်းအသုံးချတတ်ပါပေတယ်”

ချင်မူ သူ့အကြည့်ကို ခံစားလိုက်ရသည်။ သူ့မျက်လုံးများက နေရောင်စူးသကဲ့သို့ စူးအောင့်သွား၍ ကပျာကယာ အကြည့်လွှဲလိုက်ရ၏။ နှစ်ယောက်အကြည့်ဆုံသောအခါ ချင်မူ တောက်ပစွာ ပြုံးပြလိုက်သည်။ “ကောင်းကင်နတ်မင်း၊ နှောင့်ယှက်မိတဲ့အတွက် စိတ်မရှိပါနဲ့”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြန်ပြုံးပြသည်။ “ရပါတယ်”

ရုတ်တရက် တောင်တန်းမြစ်ပြင်များ ပျောက်ကွယ်သွားပြီး ဓားရောင်များ မှေးမှိန်သွားသည်။ ရွာလူကြီးက ဓားရောင်များကို ပြန်သိမ်း၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်အား ပြောလိုက်၏။ “လမ်း ရှာတွေ့သွားပြီပဲ”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ဦးညွှတ်အရိုအသေပေးကာ ကျေးဇူးတင်ကြောင်း ပြသသည်။ “နောင်တော်ရဲ့ လမ်းပြမှုကြောင့်သာ မဟုတ်ရင် လမ်းစဉ်အဆင့်ကို ဘယ်လိုတက်လှမ်းရမလဲ သိမှာမဟုတ်ပါဘူး”

ချီစွမ်းအင်ဖြင့် ဖွဲ့တည်ထားသော ရွာလူကြီး၏ ခြေလက်များက အလိုလိုပျောက်ကွယ်သွားသည်။ “လာ ငါ့ခြေလက်တွေပေါ်က ဓားရာကို လာကြည့်။ ဒီဓားဒဏ်ရာတွေကို ငါ တမင်တကာ မဖျက်ဘဲ ထားထားတာ။ နောင်တစ်ချိန် ဒီဒဏ်ရာတွေကို ချန်ခဲ့တဲ့ နတ်ဘုရားနဲ့ မင်း တွေ့ရင် တွေ့ရလိမ့်မယ်”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက အလေးအနက် လျှောက်လာပြီး ထိုင်ကာ ဒဏ်ရာများကို အသေးစိတ်ကြည့်ရှုသည်။

လူသားဧကရာဇ်၏ ဓားဒဏ်ရာများက ပိုမိုအစွမ်းထက်သော ဓားတစ်လက်၏အရာများဖြစ်သည်။ ဓားသိုင်းပညာရှင်တစ်ယောက်မှာ ဓားကြောင့် ဒဏ်ရာရခဲ့ရ၏။ ဧကရာဇ်အတိုင်ပင်ခံ၏ မျက်လုံးထဲတွင် ရွာလူကြီး၏ ဓားသိုင်းက လမ်းစဉ်အဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း ဓားဒဏ်ရာများအရ သူ့ထက် မြင့်မားသောအဆင့်ရှိသေးသည်ဟု ဆိုလိုသည်။

“မင်း သူ့ကို အနိုင်ယူဖို့ ယုံကြည်ချက်ရှိလား” ရွာလူကြီးက မေးသည်။

“အခုတော့ မရှိသေးပါဘူး။ ဒါပေမဲ့ နောင်တစ်ချိန် ရှိလာလိမ့်မယ်။ နောင်တော်က ကျွန်တော့်ကို နောင်တော့်ရဲ့ ဓားလမ်းကို ပြပေးတဲ့အပြင် ကျွန်တော်ဓားပညာ တိုးတက်အောင်လည်း သင်ကြားပေးခဲ့တယ်။ နောင်တော်က ကျွန်တော့်ဆရာပါ။ ဒါကြောင့် နောင်တော် သယ်ဆောင်ထားရတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကျွန်တော် ပြောင်းထမ်းပေးရမလား” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက အလေးအနက်အမူအရာဖြင့် မေးလိုက်သည်။

ရွာလူကြီး ခေါင်းယမ်းကာ ပြုံးလိုက်၏။ “မင်းကို လွှဲပေးစရာမလိုတော့ပါဘူး။ တခြားတစ်ယောက်ဆီ ပေးလိုက်ပြီးပြီ”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားသော်လည်း ရုတ်တရက် သဘောပေါက်သွားပြီး ချင်မူ့အား လှမ်းကြည့်ကာ တိုးညှင်းသောအသံဖြင့် မေးလိုက်၏။ “မျိုးဆက်သစ် လူသားဧကရာဇ်လား”

All Chapters