ကောင်းကင်အမြှောက်
Vol. 24 Ch. 332
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ အကြည့်က တွေဝေရှုပ်ထွေးသွားပြီး သတ်ဖြတ်လိုစိတ်ပင် သူ့ရင်ထဲ၌ ပေါက်ဖွားလာသည်။ မျိုးဆက်ဟောင်း လူသားဧကရာဇ် ရွာလူကြီးသည် အောင်မြင်ကျော်ကြားမှုကို မမက်မောသလို၊ ရာထူးအာဏာကိုလည်း ဂရုမစိုက်ကြပေ။ သူ၏ပန်းတိုင်က ထိုအရာများ၏ အဝေး၌ တည်ရှိသည်။ သူသည် သေမျိုးလူပြည်၏ အာဏာကို မလိုလားသည့်အတွက် လူတိုင်း၏ လေးစားရိုသေခြင်း ခံရ၏။
သို့သော် ချင်မူက ရွာလူကြီးလို လူသားဧကရာဇ် ဖြစ်နိုင်မည်လော။
လူသားဧကရာဇ်များ၏ အာဏာစက်က ဧကရာဇ်ယန်ဖုန်းထက်ပင် မြင့်မားသည်။ သူတို့၏ ပါရမီကလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံထက်ပင် ထက်သန်သည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံသည် ကျောက်စိမ်းမြို့တော်ငယ်သို့ သွားရောက်ခဲ့ဖူး၍ လူသားဧကရာဇ်၏ အာဏာကဲ့သို့သော လျှို့ဝှက်ချက်တချို့ကို သိရှိထား၏။ ကမ္ဘာပေါ်ရှိ အထွတ်အမြတ်မြေတိုင်း၊ ဂိုဏ်းတိုင်း၏ လျှို့ဝှက်ချက်အားလုံးကို သူနှင့် ဧကရာဇ်ယန်ဖုန်း စုစည်းထားချင်သော်လည်း လိုက်လျောမည်သူ များများစားစား မရှိကြပေ။
သို့သော် လူသားဧကရာဇ်ဆိုလျှင် ဖြစ်နိုင်သည်။
ဂိုဏ်းများ သူ့စကားအတိုင်း နာခံအောင် လူသားဧကရာဇ်က လုပ်နိုင်သည်။ လူသားဧကရာဇ်၏အာဏာက တိုက်ခိုက်ခြင်းမှတစ်ဆင့် ရရှိလာခြင်းမဟုတ်၊ ဂိုဏ်းကြီးများနှင့် အထွတ်အမြတ်မြေအားလုံးက ထိုအာဏာကို လိုလိုလားလား ပေးကြခြင်းဖြစ်သည်။
ကျောက်စိမ်းမြို့တော်ငယ်ပင် ချင်မူက မျိုးဆက်သစ်လူသားဧကရာဇ်မှန်း သိလျှင် သူ့အား ထောက်ပံ့ပေးလိမ့်မည်။
ချင်မူသာ စည်းစိမ်အာဏာ၌ ယစ်မူးသွားပါက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ထီးနန်းကို ထိပါးလာပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် ဧကရာဇ်ယန်ဖုန်းကို သုတ်သင်ချေမှုန်းပစ်လာနိုင်၏။
“မင်းနဲ့ ဧကရာဇ်ယန်ဖုန်း မအောင်မြင်ရင် လူသားဧကရာဇ်က ရှိနေဦးမှာဆိုတော့ ဦးပြန်မော့ဖို့ မျှော်လင့်ချက်ဖြစ်လိမ့်မယ်” ရွာလူကြီးက ပြောလိုက်သည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ နှလုံးသား လှုပ်ရှားသွားပြီး သူက အကြည့်လွှဲလိုက်သည်။ “ကျွန်တော် မအောင်မြင်ဘဲ မနေဘူး”
ရွာလူကြီး ပြုံးလိုက်သည်။ “မင်း အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်။ ငါတို့မူအာ ဒုက္ခခံရမှာ မမြင်ချင်ဘူး”
ချင်မူ လျှောက်လာသည့်အတွက် သူတို့နှစ်ယောက် ပါးစပ်ပိတ်ပြီး စကားမပြောတော့ပေ။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ အကြည့်က ချင်မူ့အပေါ် ပြန်ရောက်သွားပြီး သူ့ရင်ထဲရှိ ခံစားချက်များ တစ်မျိုးတမည် ဖြစ်နေသည်။ သူ့အရှေ့ရှိ ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်အရွယ်သာသာ ကောင်လေးက တစ်လောကလုံးတွင် အမြင့်မားဆုံးအာဏာကို ပိုင်ဆိုင်ထားသည့်တိုင် နားကန်းတစ်လုံးမျှ မသိပေ။
ချင်မူသည် ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်၊ နန်းတွင်းကောလိပ်၏ တော်ဝင်ကျောင်းသား၊ ဒုက္ခိတဘိုးဘွားကျေးရွာ၏ ဆက်ခံသူဖြစ်သော်လည်း လက်ရှိအမြင့်မားဆုံးအဆင့်အတန်းက လူသားဧကရာဇ်ဆိုသည့် ရာထူးဖြစ်သည်။
သူ၏အာဏာက ဧကရာဇ်ယန်ဖုန်းနှင့် ဧကရာဇ်အတိုင်ပင်ခံထက်ပင် မြင့်မားသော်လည်း ချင်မူမှာ မည်သည်ကိုမျှ သိဟန်မတူရာ အမှန်တကယ် ထူးဆန်းလေသည်။
ထော့ကျိုးက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ အမူအရာကို ကြည့်ပြီး တိတ်တိတ်လေး ကျေနပ်နေသည်။ ‘မူအာ့မှာ လင်မိသားစုရဲ့ ရတနာရှိနေတာ ဧကရာဇ်အတိုင်ပင်ခံ မသိလောက်သေးဘူး။ ဧကရာဇ်တံဆိပ်ပြားက ချင်မူ့ဆီမှာ ရှိတာသာ သူ သိသွားလို့ကတော့ ဒေါသတကြီး ခုန်ပေါက်နေလောက်တယ်’
ထော့ကျိုး ဧကရာဇ်တံဆိပ်ပြားကို ချင်မူ့လက်ထဲ အပျော်သက်သက် ထည့်ခဲ့ခြင်းဖြစ်သည်။ ထိုကျောက်စိမ်းပြားကို သူ နှစ်ပေါင်းများစွာ လေ့လာခဲ့သော်လည်း မည်သည်ကိုမှ နားမလည်၍ သူ့အတွက် သိမ်းထားရန်လည်း အသုံးမဝင်ပေ။
သို့သော် ဧကရာဇ်တံဆိပ်ပြား မည်သည်ကို ကိုယ်စားပြုကြောင်း သူ သိသည်။ နတ်ဘုရားတစ်ပါးက ဤတံဆိပ်ပြားအား လင်မိသားစုကို ပေးအပ်ခဲ့ခြင်းဖြစ်၏။ လင်မိသားစု၏ နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်မှာ ဧကရာဇ်တံဆိပ်ပြားမှ ဆင်းသက်လာခြင်းဖြစ်သည်ဟု ဆိုကြသည်။
တံဆိပ်ပြား အခိုးခံရသောအခါ အကြီးအကျယ် ဂယက်ရိုက်သွားသော်လည်း ဧကရာဇ်ယန်ဖုန်းက အပြင်လူများ မသိအောင် ထိန်းသိမ်းထားခဲ့၏။
ဧကရာဇ်တံဆိပ်ပြားက ချင်မူ့လက်ထဲတွင် ရှိနေသည်ကို မည်သူမှ တွေးမိမည်မဟုတ်ပေ။
ဧကရာဇ်တံဆိပ်ပြားနှင့် လူသားဧကရာဇ်တံဆိပ်တုံးဖြင့် ချင်မူက တစ်လောကလုံးတွင် အာဏာအရှိဆုံးလူသား ဖြစ်သော်လည်း နားကန်းတစ်လုံးမျှ မသိပေ။
‘ဒီအရူးလေး သိသွားလို့ကတော့ ပါးစပ်တောင် ပြန်မစေ့နိုင်အောင် အံ့ဩသွားလိမ့်မယ်’ ထော့ကျိုး ကျေနပ်နေသည်။
စက်မှုဝန်ကြီးဌာန၏ လက်ထောက်ဝန်မင်း ရှန်းယိုရှင်က လျှောက်လာပြီး ဧကရာဇ်အတိုင်ပင်ခံကို အရိုအသေပေးကာ ချင်မူ့ကို တိုးတိုးပြောသည်။ “ဂိုဏ်းသခင်၊ လေသင်္ဘောထဲက အမြှောက်တွေကို ပြန်ပြင်ဖို့ လိုနေတယ်။ ဂိုဏ်းသခင် တစ်ချက်လောက် လိုက်ကြည့်ပေးလို့ရမလား”
“ဝန်မင်းရဲ့ ပန်းပဲစွမ်းရည်က ကျွန်တော့်အောက်မှ မနိမ့်ကျတာ။ ဘာလို့ ကျွန်တော့်ကို ကြည့်ပေးခိုင်းရတာလဲ” ချင်မူ စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
“အမြှောက်ပြောင်းထဲက အစီအရင်အမှတ်အသားတွေမှာ ပြဿနာရှိနေတယ်။ အမြှောက်ကို ၈၉ ကြိမ် ပစ်ခတ်ပြီးရင် ပြောင်းက နီရဲပူခြစ်လာပြီး အမြှောက်ရဲ့ ဝင်္ကပါအမှတ်အသားတွေ ကမောက်ကမ ဖြစ်ကုန်တယ်။ အဲဒါကြောင့် ဝင်္ကပါစွမ်းအားက တဟုန်ထိုး ကျဆင်းပြီး ထပေါက်ကွဲလို့ပါ ဂိုဏ်းသခင်”
ရှန်းယိုရှင်သည် စက်မှုစံအိမ်သခင် ဖြစ်၍ ရှေ့မှ အလျင်အမြန် ဦးဆောင်သွားပြီး ပြောသည်။ “ဒီတစ်ခေါက် မန်သီလူရိုင်းနယ်မြေနဲ့ တိုက်ခိုက်နေတဲ့အတောအတွင်း အမြှောက်တစ်ဒါဇင်ကျော် ထပေါက်ကွဲလို့ ကောင်းကင်နတ်သိုင်းပညာရှင်တစ်ရာကျော် အသက်ဆုံးရှုံးသွားရတယ်။ ဒီအမြှောက်တွေရဲ့ ဝင်္ကပါအမှတ်အသားတွေကို စက်မှုစံအိမ်နဲ့ ဓာတ်ငါးပါးဝင်္ကပါစံအိမ်နှစ်ခု ပေါင်းပြီး ရေးဆွဲထားတာပါ။ ကျွန်တော့်အထင် မဟူရာရွှေက အားပျော့တော့ မခံနိုင်တာလားလို့....”
ချင်မူ ခေါင်းယမ်းလိုက်သည်။ “ကျွန်တော်တော့ မဟူရာရွှေက အားပျော့တာကြောင့်လို့ မထင်ဘူး။ အပူရှိန်ကျဆင်းမှုကြောင့် ဝင်္ကပါတွေ ပြဿနာတက်နေတာ ဖြစ်မယ်။ သွားကြည့်တာပေါ့”
“အပူရှိန်ကျဆင်းမှုတဲ့လား” ရှန်းယိုရှင်၏မျက်လုံးများ အရောင်တောက်သွားပြီး ချီးကျူးလိုက်သည်။ “ဖြစ်နိုင်တယ် ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဓာတ်ငါးပါးဝင်္ကပါစံအိမ်ရဲ့ လက်ရာက ချို့ယွင်းချက်မရှိတော့ အဆင့်မြှင့်ရခက်မှာ စိုးမိပါတယ်”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ မျက်ခုံးများပင့်သွားသည်။ “လက်ထောက်ဝန်မင်းရှန်းတောင် အကြံတောင်းရတဲ့အထိ ဂိုဏ်းသခင်က ပန်းပဲလမ်းစဉ်မှာလည်း ပေါက်မြောက်တာပဲလား” သူ အံ့ဩမဆုံးတော့ပေ။
ထော့ကျိုးက ပြုံးလိုက်သည်။ “မူအာက ပန်းပဲပညာကို သင်ထားတာလေ”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ သူ့ကို တစ်ချက်ကြည့်ပြီး ဤအရှက်မရှိသည့်သူခိုး သူ့အိပ်ရာ၌ မစင်,ပါပြီး လက်ဖက်ရည်အိုးထဲ ကျင်ငယ်စွန့်သွားသည်ကို ပြန်တွေးမိလိုက်၍ သူ့မျက်နှာမှာ အတန်ငယ် စိမ်းပုပ်သွား၏။ ထိုမျှသာမက ဓားနတ်ဘုရား၏ပန်းချီကိုလည်း ဤသူခိုးပင် ခိုးသွားခဲ့သည်။
ချင်မူနှင့် ရှန်းယိုရှင် လေသင်္ဘောတစ်စင်းအပေါ် တက်လိုက်သည့်အခါ စက်မှုဝန်ကြီးဌာနမှ အရာရှိများ သင်္ဘော၏ ပျက်စီးနေသောအပိုင်းများကို ပြုပြင်တည်ဆောက်ရင်း အလုပ်များနေကြသည်ကို တွေ့လိုက်ရ၏။ အမြှောက်များ ထပေါက်ကွဲခဲ့သဖြင့် အမြှောက်ပြောင်းများပေါ်တွင် သွေးကွက်များ စွန်းထင်းနေသည်။
ဤအမြှောက်မျိုးကို အဝေးပစ်အမြှောက်များဟု ခေါ်ကြသည်။ တိမ်လိုက်သင်္ဘောပေါ်တွင် အဝေးပစ်အမြှောက်များ မရှိပေ။ ဖန်းယွင်ရှောင် လိုက်ဝယ်ခဲ့သော်လည်း စျေးထဲ၌ ဝယ်မရခဲ့၍ဖြစ်သည်။
ပထမဆုံး စတင်ပေါက်ကွဲသည့်နေရာကို ချင်မူ စစ်ဆေးပြီး မည်သည့်စွမ်းအင်ကြောင့် ပေါက်ကွဲသည်ကို ကြည့်ရှုသည်။ ထို့နောက် သတ္ထုအစအနများကို ကိုင်ကြည့်ပြီး စွမ်းအင်အိုးကို စစ်ဆေးကြည့်ရှုသည်။ သူက သူ့ဘာသာသူ ပြောနေ၏။ “သွန်းလုပ်တဲ့နေရာမှာ ပြဿနာရှိနေတာတင်မကဘူး၊ ဝင်္ကပါတွေလည်း မှားနေတယ်။ ဒါပေမဲ့ အားပြန်ဖြည့်ဖို့ ခက်နေတာ။ စစ်က ဖြစ်နေတော့ စွမ်းအင်အိုးတွေ သွန်းပြီး ဝင်္ကပါပြန်စီရင်ဖို့ကလည်း အချိန်မရဘူး။ ဆိုတော့ အမြှောက်ကိုပဲ ပြောင်းလဲရလိမ့်မယ်။ ကျွန်တော့အမြင်အရ အမြှောက်ပြောင်းဝနဲ့ ပြောင်းအတွင်းမှာ စက်ဝိုင်းပုံစံကွင်း တပ်လိုက်ရင် အလင်းကို စုစည်းနိုင်မယ်ထင်တယ်”
ချင်မူ အမြှောက်ကိုယ်ထည်မှ မဟူရာရွှေသတ္ထုပြားတစ်ပြား ခွာပြီး ချီစွမ်းအင်ဖြင့် အရည်ဖျော်လိုက်သည်။
စက်မှုဝန်ကြီးဌာနမှ အရာရှိများက သူ ရပ်နေသောနေရာတွင်ပင် သွန်းလုပ်နေသည်ကို လှမ်းကြည့်နေကြသည်။ သူတို့အားလုံး တအံ့တဩ ချီးကျူးကြပြီး စာရွက်နှင့် စုတ်တံများ ထုတ်ကာ သူ၏ပန်းပဲနည်းစနစ်များကို မှတ်သားနေကြ၏။
များစွာမကြာလိုက်ဘဲ ချင်မူ သတ္ထုကွင်းနှစ်ကွင်း သွန်းလုပ်ပြီး ဝင်္ကပါအမှတ်အသားများ ရေးဆွဲလိုက်သည်။
သတ္ထုကွင်းပေါ်ရှိ ဝင်္ကပါအမှတ်အသားများက မျက်ကန်း သူ့ကို သင်ပေးခဲ့သော ကောင်းကင်ကိုးဆင့်မျက်လုံးကျင့်စဉ်မှ ကောင်းကင်အမှတ်အသားများ ဖြစ်ကြသည်။ ဤကွင်းနှစ်ကွင်းက မျက်ဆံမပါသော မျက်အိမ်တစ်ခု တူ၏။
ကွင်းတစ်ကွင်းကို အမြှောက်ပြောင်းအတွင်းထဲ ထည့်ပြီး တစ်ကွင်းကို ပြောင်းဝ၌ တပ်လိုက်သည်။
ချင်မူ မီးငှက်ချီစွမ်းအင်ကို မီးတောက်အသွင် ဖွဲ့တည်၍ အဝေးပစ်အမြှောက်၏ ဝင်္ကပါအမှတ်အသားများကို ကွင်းနှစ်ကွင်းပေါ်ရှိ အမှတ်အသားများနှင့် ဆက်သွယ်ကာ ပြောလိုက်သည်။ “စံအိမ်သခင်ရှန်း အဝေးပစ်အမြှောက်ကို အသက်သွင်းကြည့်ပါလား”
အဝေးပစ်အမြှောက်အတွက် စွမ်းအင်ကို လေသင်္ဘော၏ ဆေးမီးဖိုမှ ဖြည့်တင်းပေးခြင်း ဖြစ်သည်။ လေသင်္ဘောပေါ်ရှိ ဆေးမီးဖိုများကို အဆင့်မြှင့်ပေးပြီးနောက် အဝေးပစ်အမြှောက်များက အမြင့်ဆုံးစွမ်းအားဖြင့် ပစ်ခတ်နိုင်သွားသည်။
ရှန်းယိုရှင် စစ်သည်များကို ဆေးမီးဖိုခိုင်းလိုက်သည်။ လေသင်္ဘောက မြောက်တက်လာပြီး ဘဲလျှာရပ်ဝန်းဆီ ထိုးဆင်းသွား၏။
ယခင်ထက် ပိုမိုတောက်ပသော အမြှောက်အလင်းတန်းတစ်တန်းက မျဉ်းဖြောင့်အတိုင်း တစ်ဖြောင့်တည်း ထွက်သွားပြီး စစ်မြေပြင်တွင် အလောင်းရှင်းနေသည့် မန်သီလူရိုင်းနယ်မြေ၏ စစ်သည်တစ်ယောက်ကို ထိမှန်သွားသည်။
ထိုစစ်သည်မှာ စစ်မြေပြင်ပေါ်ရှိ အလောင်းများ၏ကိုယ်ပေါ်မှ ရတနာများကို အမြန်ဆုံး ရှင်းလင်းနေသည့်တိုင် အလင်းတန်းတစ်တန်း လာရောက်ထိမှန်မည် မထင်ထားခဲ့ပေ။ အမြှောက်အလင်းတန်းက သူ့ကို ထိုးဖောက်သွားပြီး သူ့အလောင်းက မြေကြီးပေါ် ဘုန်းခနဲ လဲကျသွားသည်။
လေသင်္ဘောပေါ်ရှိ အရာရှိအားလုံး မှင်သက်ကုန်ကြသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး အံ့ဩမဆုံး ဖြစ်နေကြသည်။ အဝေးပစ်အမြှောက်၏ အလင်းတန်းက မိုင်သုံးဆယ်ခန့်သာ ရောက်နိုင်သော်လည်း ယခုမူ မိုင်တစ်ရာကျော် ရောက်နိုင်သွား၏။
ရှန်းယိုရှင် စွမ်းအင်အိုးကို ကိုယ်တိုင် ချိန်ညှိပြီး နောက်တစ်ကြိမ် ပစ်ခတ်ကြည့်သည်။ နောက်အလင်းတန်းတစ်တန်းက တဟုန်ထိုး ထွက်သွားပြီး မန်သီလူရိုင်းနယ်မြေ၏ စစ်သည်တစ်ယောက် ဘုန်းခနဲ လဲကျသေဆုံးသွားသည်။
ရှန်းယိုရှင်က တရစပ် ပစ်ခတ်ရင်း တစ်ယောက်ပြီး တစ်ယောက် သတ်ပစ်နေသဖြင့် မန်သီလူရိုင်းနယ်မြေ၏ စစ်သည်များ အသက်လုထွက်ပြေးကြသည်။ တစ်ယောက်မှ အသက်မရှင်ကြပေ။ သူတို့ စီးထားသည့် သားရဲများသာ အခြားတစ်ဖက်ရှိ တောင်ကြောဆီသို့ ထွက်ပြေးသွားကြသည်။
ရှန်းယိုရှင် အမြှောက်ပြောင်းကို ထိပြီး တအံ့တဩ ပြောလိုက်သည်။ “ဆယ့်ခုနစ်ကြိမ် ပစ်ခတ်ပြီးတာတောင် ပြောင်းက အေးနေတုန်းပဲ။ ဧကရာဇ်အတိုင်ပင်ခံ၊ ဧကရာဇ်အတိုင်ပင်ခံ။ ဧကရာဇ်အတိုင်ပင်ခံကို မြန်မြန် သွားခေါ်ကြ”
တခဏကြာသော် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သိချင်နေသောအမူအရာဖြင့် သင်္ဘောပေါ် ရောက်လာသည်။
ရှန်းယိုရှင် စိတ်လှုပ်ရှားမှုများကို မမြိုသိပ်နိုင်ဘဲ အရိုအသေပေးလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံ ၊ ကျွန်တော်တို့ မန်သီလူရိုင်းနယ်မြေကို သိမ်းလို့ရပြီ”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ရင်ထဲ ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားပြီး မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။ “လက်ထောက်ဝန်မင်းရှန်း။ စစ်ရေးကိစ္စဆိုတာ အပြောင်အပျက်လုပ်စရာ မဟုတ်ဘူး”
ရှန်းယိုရှင် ပြုံးလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံ၊ အပြောင်အပျက်လုပ်နေတာ မဟုတ်ရပါဘူး။ ကျွန်တော်တို့ လေသင်္ဘောရဲ့ အဝေးပစ်အမြှောက်တွေက မိုင်သုံးဆယ်သာသာပဲ ပစ်ခတ်နိုင်တယ်။ မြေပြင်ပေါ်မှာ ခုနစ်စဉ်ကြယ်အဆင့်သိုင်းသမားတွေက ဓားစက်လုံးနဲ့ မိုင်သုံးဆယ်အကွာက ရန်သူတွေရဲ့ အသက်ကို နှုတ်ယူနိုင်တယ်။ ဒါကြောင့် လေသင်္ဘောပေါ်က အဝေးပစ်အမြှောက်တွေက အလယ်စစ်ကြောင်းမှာပဲ နေရာယူနိုင်တဲ့အပြင် ရှစ်ကြိမ်၊ ကိုးကြိမ်လောက်ပဲ ပစ်ခတ်နိုင်ခဲ့တယ်။ အခုတော့ အဝေးပစ်အမြှောက်တစ်လက်က မိုင်တစ်ရာ့ခြောက်ဆယ်အကွာအထိ ပစ်နိုင်သွားပြီ။ အဆငါးဆ တိုးသွားပြီဗျ”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ အထိတ်တလန့် ထခုန်၍ အော်လိုက်သည်။ “မိုင်တစ်ရာ့ခြောက်ဆယ်။ မိုင်တစ်ရာ့ခြောက်ဆယ်ဆိုတာ သေချာလား”
ရှန်းယိုရှင် ခေါင်းတဆိတ်ဆိတ် ညိတ်ပြီး ပြောသည်။ “မိုင်တစ်ရာ့ခြောက်ဆယ်။ ဒါ့အပြင် ဂိုဏ်းသခင်ချင်ရဲ့ လက်ရာကြောင့် ပြောင်းက မပူတော့ဘူး။ အဲဒါက အရေးကြီးဆုံးပဲ။ ကျွန်တော်တို့ ကြိုက်သလောက် ပစ်ခတ်နိုင်ပြီ။ လေသင်္ဘောတွေက အလယ်စစ်ကြောင်းမှာပဲ နေရာယူနိုင်ခဲ့ပေမယ့် အခုဆို စစ်ကြောင်းကို ထိုးခွဲသွားနိုင်ပြီ။ ကျွန်တော်တို့ စစ်တပ်မှာ လေသင်္ဘောအစင်းနှစ်ရာကျော်၊ သင်္ဘောရဲ့ ဘေးနှစ်ဖက်မှာ အဝေးပစ်အမြှောက်နှစ်တန်းစီ ရှိတယ်။ တစ်တန်းစီမှာ အမြှောက်ရှစ်လက်။ အရှေ့နဲ့ အနောက်မှာလည်း အမြှောက်လေးလက်စီရှိတယ်ဆိုတော့ စုစုပေါင်း အမြှောက်လေးဆယ် ရှိတယ်။ လေသင်္ဘောနှစ်ရာကျော်နဲ့ဆို အမြှောက်ရှစ်ထောင်၊ ကိုးထောင်ဖြစ်သွားပြီ။ မိုင်တစ်ရာကျော်က ရန်သူတပ်ကြောင်း တစ်ကြောင်းပြီးတစ်ကြောင်း သုတ်သင်ချေမှုန်းပစ်နိုင်တယ်။ သေချာပေါက် မြို့ပြင်အထိ တွန်းထုတ်နိုင်လိမ့်မယ်”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ အသက်တစ်ချက် ရှူသွင်းလိုက်ပြီး ပြောလိုက်သည်။ “စံအိမ်သခင်ရှန်း၊ ခင်ဗျားရဲ့ အမြှောက်က ကုန်ကျစရိတ်တွေ သက်သာစေပြီး စစ်သည်ပေါင်းများစွာရဲ့အသက်ကို ကယ်တင်ပေးလိုက်တာပဲ...”
ရှန်းယိုရှင် အရိုအသေပေးလိုက်သည်။ “အကုန်လုံးက ဂိုဏ်းသခင်ချင် လုပ်ပေးခဲ့တာ။ ကျွန်တော်မျိုး နာမည်မယူဝံ့ပါဘူး”
လောလောဆယ်တွင် ချင်မူက ကောင်းကင်မျက်လုံးပုံကြမ်းများကို ရေးဆွဲနေသည်။ အပြီးသတ်ပြီးသည့်အခါ စက်မှုဝန်ကြီးဌာနမှ အရာရှိတစ်ဦးဆီ ပေးလိုက်သည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ရောက်လာပြီး ပုံကြမ်းကို ကြည့်ကာ မေး၏။ “ကောင်းကင်မျက်လုံးပန်းချီတစ်မျိုးပါလား။ အဝေးပစ်အမြှောက်ပေါ်မှာ ကောင်းကင်မျက်လုံးပန်းချီ ရေးဆွဲတာမျိုးလား”
ချင်မူ စုတ်တံကို ဆေး၍ ခေါင်းညိတ်လိုက်သည်။ “အမြှောက်ရဲ့ အဝက သူငယ်အိမ်၊ အမြှောက်အလင်းတန်းက အကြည့်သဘောမျိုးပါ”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ မှင်သက်သွားပြီးနောက် ပြောသည်။ “နန်းတွင်းကောလိပ်ရဲ့ မှတ်တမ်းထိန်းဆောင်မှာ မျက်လုံးကျင့်စဉ်တစ်ရာကျော် ရှိတယ်။ အဲဒီထဲ အဆင့်မြင့်ဆုံးက နေသူရိန်ခွင်းကောင်းကင်မျက်လုံးကျင့်စဉ်ပဲ။ ငါတောင် မကျင့်ကြံနိုင်လို့ နေသူရိန်ခွန်းကောင်းကင်မျက်လုံးရဲ့ အမှတ်အသားတွေကိုပဲ မှတ်သားခဲ့ရတယ်။ ဒီလိုအမြှောက်တစ်လက်ကို မင်း သွန်းလုပ်နိုင်လောက်လား”
ဧကရာဇ်အတိုင်ပင်ခံ၏ ချီစွမ်းအင်က တဟုန်ထိုး ထွက်လာပြီး အမှတ်အသားအလွှာအထပ်ထပ် ပေါ်လာကာ မနှိုင်းယှဉ်နိုင်လောက် ရှုပ်ထွေးသည့် သူငယ်အိမ်တစ်ခု ပေါ်လာ၏။
ချင်မူ အသေးစိတ်ကြည့်ပြီး ခန္ဓာကိုယ်ကို ချုံ့လိုက်သည်။ သူက ကိုယ်သေးသေးလေးဖြင့် အမှတ်အသားများအကြား လမ်းလျှောက်သွားပြီးနောက် ပုံမှန်အရွယ်အစား ပြန်ပြောင်းကာ ပြောသည်။ “ဒီအမြှောက်ကို သွန်းလုပ်ဖို့ လူတွေအများကြီး လိုတဲ့အပြင် ကုန်ထုတ်စက်ရုံနှစ်ရုံ၊ သုံးရုံလောက်လည်း အတူတူအလုပ်လုပ်ရလိမ့်မယ်။ ပြီးတော့ နှစ်လအတွင်း တစ်လက်ပဲ သွန်းနိုင်မှာ။ ဒီအမြှောက်မျိုးက အင်မတန် အရွယ်အစားကြီးလိမ့်မယ်၊ တခြားဝိညာဉ်လက်နက်တွေထက်လည်း အများကြီး ပိုလေးလိမ့်မယ်။ ဧကရာဇ်အတိုင်ပင်ခံ ဒီလိုရှုပ်ထွေးတဲ့ ကောင်းကင်မျက်လုံးကို ဘယ်နေရာက ရလာတာလဲ”
“မဟာမြို့ပျက်ကပဲ” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက အလေးအနက်အသံဖြင့် ပြောသည်။ “ဒီမျက်လုံးကျင့်စဉ်ကို မြင်ချင်းချင်း ငါလည်း တုန်လှုပ်ခဲ့ရတယ်။ ဘာအတွက် သုံးရတာလဲ မင်း သိလား”
ချင်မူ ခေါင်းခါလိုက်သည်။
“နတ်ဘုရားတွေကို သတ်ဖို့ပဲ” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက တည်ငြိမ်စွာ ပြောလိုက်၏။ “မင်း ဒါကို ဖန်တီးနိုင်ရင် လောကတစ်ခွင်မှာ နံပါတ်တစ် ကောင်းကင်လက်ရာ ဖြစ်လိမ့်မယ်။ မင်း သွန်းမယ့် အမြှောက်က နတ်ဘုရားတွေကို သတ်နိုင်လောက်တယ်”
ချင်မူ ကပျာကယာ လက်ခါယမ်းကာ ရိုးရိုးသားသား ပြောလိုက်သည်။ “နံပါတ်တစ် ကောင်းကင်လက်ရာလို့ ကိုယ့်ကိုယ်ကို မခေါ်ဝံ့ပါဘူး။ နံပါတ်နှစ်ပဲ ရှိပါတယ်”