← Chapters

ကောင်းကင်မျက်လုံး ပြန်ပေါ်လာခြင်း

Vol. 24 Ch. 333

ကောင်းကင်မျက်လုံး ပြန်ပေါ်လာခြင်း

Vol. 24 Ch. 333

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ပြုံးပြချင်သော်လည်း မပြုံးနိုင်ဖြစ်သွားသည်။ “နတ်ဂိုဏ်းသခင်က မနှိမ့်ချတတ်ဘူးပဲ”

ချင်မူ အတန်ငယ် စိတ်ရှုပ်ထွေးသွားသည်။ သူ သိသိသာသာ နှိမ့်ချခဲ့သော်လည်း နံပါတ်တစ်မဟုတ်၊ နံပါတ်နှစ်သာ ဖြစ်ကြောင်း ယုတ္တိကျကျ ပြောခဲ့မိသည်။ ကြွားဝါခြင်းလည်း မဟုတ်ပေရာ ဤအရာက နှိမ့်ချခြင်းမဟုတ်လျှင် ဘယ်အရာနည်း။

လက်ထောက်ဝန်မင်းရှန်းယိုရှင်သည် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ စက်မှုစံအိမ်သခင် ဖြစ်ပြီး သူ၏ပန်းပဲလက်ရာက ကမ္ဘာပေါ်တွင် ထိပ်တန်းလက်ရာဖြစ်သည်။ တခြားဂိုဏ်းများတွင် ထူးချွန်သော ပန်းပဲပညာရှင်များ ရှိပါသော်လည်း ရှန်းယိုရှင်ကို မယှဉ်နိုင်ပေ။

သို့တိုင်အောင် ရှန်းယိုရှင်က သူ့အောက် နိမ့်ကျပေရာ သူ့အထက်၌ ရွှေအတစ်ယောက်သာ ရှိသည်ဟု ခံစားရ၍ နံပါတ်နှစ်ဟု ဝန်ခံကာ အမှန်အတိုင်း ပြောလိုက်ခြင်းဖြစ်သည်။ အဘိုးကြီးမာက သူ့ကို မမောက်မာဘဲ နှိမ့်ချတတ်ရန်၊ ဒေါသရှေ့တန်းမတင်ရန်၊ မခယ၊ မမော်ကြွားဘဲ ပြုမူနေထိုင်ရန် သင်ကြားပေးထားသည့်အတွက် ထိုအတိုင်းသာ လိုက်နာနေခြင်းဖြစ်သည်။

သို့ရာတွင် အခြားသူအတွက် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် နံပါတ်နှစ် အကောင်းဆုံးလက်ရာ ဖြစ်နေခြင်းက အံ့ဩဖွယ်ရာဖြစ်၏။ ထို့အပြင် ထိုလူငယ်က နံပါတ်နှစ် နတ်ဆေးသမားတော်ဟုလည်း ဝန်ခံထားရာ ပို၍ပင်မယုံနိုင်စရာကောင်းပေသည်။

ချင်မူ အခြေအနေကို တခဏ စဉ်းစားပြီးနောက် လိုအပ်သည့် ပစ္စည်းများ ချရေးကာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံဆီ ပေးလိုက်သည်။ ဤသည်မှာ ဧကရာဇ်အတိုင်ပင်ခံ ပြောသော အမြှောက်လက်နက်အတွက် စွမ်းအင်အိုး သွန်းလုပ်ရန် လိုအပ်မည့် ပစ္စည်းစာရင်းအကြမ်းဖျင်းသာ ရှိသေးသည်။ မလောက်ပါက ထပ်တောင်းရလိမ့်မည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက စာရင်းကို ယူကြည့်ကာ မေးလိုက်သည်။ “နတ်ဂိုဏ်းသခင် ဧကရာဇ်ရဲ့ ဘဏ္ဍာသိုက်ကို အပြောင်ရှင်းချင်နေတာလား”

“ဧကရာဇ်အတိုင်ပင်ခံ ဘာကြောင့် အခုလိုပြောတာလဲ” ချင်မူ စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

“မဟူရာရွှေနဲ့ မဟူရာကြေးနက်က အဆင်ပြေတယ်။ ဘယ်လောက်သုံးသုံး ပြန်ဖြည့်ပေးနိုင်တယ်။ ဒါပေမဲ့ ကောင်းကင်ရွှေနဲ့ ကျန်တဲ့ကောင်းကင်သတ္ထုတွေကို ဘယ်နေရာက သွားရှာစေချင်နေတာတုန်း”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက အလွန်ရိုးသားသောအမူအရာဖြင့် စာရင်းကို တောက်ထုတ်လိုက်သည်။ “နတ်ဂိုဏ်းသခင် ဧကရာဇ်ရဲ့ ဘဏ္ဍာတိုက်ကို မျက်စိကျနေတာလား”

“ဧကရာဇ်အတိုင်ပင်ခံ သွန်းလုပ်ချင်နေတာက နတ်ဘုရားတွေကို သတ်နိုင်တဲ့ လက်နက်၊ ဂိုဏ်းသခင်တွေကိုလည်း သတ်နိုင်တဲ့ ဂိုဏ်းအမွေအဆင့်ရတနာတစ်ခုနော်။ ပြီးတော့ ခင်ဗျားမပြောရင် ကျွန်တော် မေ့တော့မလို့။ လက်နက်သွန်းလုပ်ဖို့ ကူညီပေးရမယ့် ကျွန်တော်တို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသားတွေအတွက်လည်း လစာပေးရမယ်”

ချင်မူ စဉ်းစားပြီးနောက် လစာများနှင့်အတူ လိုအပ်မည့် ကုန်ထုတ်စက်ရုံအရေအတွက်ကိုလည်း ချရေးလိုက်သည်။ နန်းတွင်းကောလိပ်၏ အမြင့်စံ ပထမအဆင့် နန်းစဉ်အရာရှိများ၏ နာမည်တချို့လည်း ရေးလိုက်သည်။

“ဒီလိုကောင်းကင်အမြှောက်တစ်လက်ကို သွန်းဖို့ဆို သင်္ချာစွမ်းရည်မြင့်မားတဲ့ ကောင်းကင်နတ်သိုင်းပညာရှင်အကုန်လုံး လိုအပ်တယ်။ တာအိုဂိုဏ်းက သိုင်းပညာရှင်တွေကို ဖိတ်ခေါ်နိုင်ရင် အကောင်းဆုံးပဲ”

ချင်မူ တာအိုဂိုဏ်းကိုလည်း ချရေးပြီး ပြောလိုက်သည်။ “ဒီကောင်းကင်အမြှောက်ရဲ့ အစိတ်အပိုင်းကို အသေးစိတ် သွန်းလုပ်ရမှာမလို့ တွက်ချက်မှုတွေ အများကြီးလုပ်ရမှာ။ နန်းတွင်းကောလိပ်ရဲ့ ကျောင်းသားတွေပဲဆိုပဲ အကုန်လုံးတွက်ချက်ဖို့ နှစ်ပေါင်းရာချီ ကြာပြီး အမှားတွေပါမှာ စိုးမိတယ်။ တာအိုဂိုဏ်းရဲ့ သိုင်းပညာရှင်တွေက သင်္ချာကျွမ်းတယ်။ သူတို့ကို သေချာပေါက် လိုတယ်”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ မျက်နှာ အတန်ငယ် ပြောင်းလဲသွားပြီး လက်ထဲရှိ စာရင်းစာရွက်က လေးလံလာသလို ခံစားလိုက်ရသည်။

အင်ပါယာတစ်ခုလုံး၏ အင်အားဖြင့်ပင် နေသူရိန်ခွင်းကောင်းကင်အမြှောက်တစ်လက်သာ သွန်းလုပ်နိုင်လိမ့်မည်။

အခက်အခဲဆုံးက တာအိုဂိုဏ်း၏ သိုင်းပညာရှင်များကို ဖိတ်ခေါ်ရမည့် အပိုင်းပင်။ တာအိုသခင်သည် ဧကရာဇ်ယန်ဖုန်းကို သုတ်သင်ဖို့ ကြိုးစားပြီး အောင်မြင်လုနီးပါး ဖြစ်ခဲ့၏။ သူတို့က အိမ်ရှေ့မင်းသား၏ ပုန်ကန်မှုကိုပင် အားပေးအားမြှောက်ပြုကာ ဧကရာဇ်အသစ်အဖြစ် တင်မြှောက်ရန် အားထုတ်ခဲ့သည်။ ပုန်ကန်မှုအား နှိမ်နင်းပြီးနောက် ဧကရာဇ်ယန်ဖုန်းနှင့် အိမ်ရှေ့မင်းသား လင်ယွိရှုက တာအိုဂိုဏ်းကို မညှာမတာ နှိပ်ကွပ်ခဲ့သည့်အတွက် မီးနှင့်ရေပမာ နှစ်ဦးနှစ်ဖက် မသင့်မြတ်ကြပေ။

တာအိုဂိုဏ်း၏ ရသေ့များကို အကူအညီတောင်းရန်မှာ အလွန်ခက်ခဲလိမ့်မည်။

သို့ရာတွင် ဤကောင်းကင်အမြောက်လက်နက်ကို မဖြစ်မနေ သွန်းရမည်။ မဟုတ်လျှင် ကပ်ဘေးနောက်တစ်ခု ကျရောက်လာပါက သူတို့အနေဖြင့် မည်သည့်နည်းနှင့်အမျှ တောင့်ခံနိုင်မည်မဟုတ်ပေ။

ဧကရာဇ်အတိုင်ပင်ခံလည်း လူကောင်းအတိုင်း ပြန်မဖြစ်သေး၍ ကပ်ဘေးနောက်တစ်ခု ရောက်လာလျှင် မည်သို့ဖြစ်ပျက်မည်ကို မည်သူပြောနိုင်မည်နည်း။

“ဧကရာဇ်ရဲ့ ဘဏ္ဍာတိုက်မှာ ဘာမှသိပ်မကျန်တော့ ငွေလည်း များများစားစား မရှိဘူး။ နတ်ဂိုဏ်းသခင် လျှော့ပေးလို့ရမလား” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ သွေးတိုးစမ်းကြည့်လိုက်သည်။

ချင်မူ တွက်ချက်ပြီးနောက် ပြောလိုက်၏။ “လိုလန်ရွှေနန်းတော်ကို သိမ်းပိုက်ပြီးရင် ရတနာတစ်ရာ ရွေးချယ်ပေးရမယ်။ ဒါဆို နတ်ဂိုဏ်းသားတွေရဲ့ လစာကို ကျွန်တော်ပေးမယ်”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက စျေးထပ်ဆစ်ချင်သေးသော်လည်း ချင်မူ ပြုံးလိုက်သည်။ “ကောင်းကင်နတ်မင်း၊ ကျွန်တော့်အတွက်လစာတောင် မတောင်းဘူးနော်။ တစ်လောကလုံးမှာ နံပါတ်နှစ် ပန်းပဲပညာရှင်ကို ဒီလိုခိုင်းဖို့ဆိုတာ စျေးနည်းနည်းနဲ့ မရဘူး။ ပြီးတော့ ကျွန်တော်က ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်ဆိုတာ မမေ့နဲ့ဦး”

ဧကရာဇ်အတိုင်ပင်ခံ သက်ပြင်းချလိုက်သည်။ “ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ကောင်းကင်နတ်မင်းလုပ်ဖို့ သဘောမတူခဲ့သင့်ဘူး။ အခုတော့ ခြေချုပ်မိနေတော့ စျေးတောင် ဆစ်လို့မရတော့ဘူး။ ဒီကိစ္စကို ဧကရာဇ်ဆီ လျှောက်တင်ပြီး ဆုံးဖြတ်ခိုင်းလိုက်မယ်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာက နိုင်ငံအတော်များများကို လက်‌အောက်ခံအဖြစ် သိမ်းသွင်းပြီး ဂိုဏ်းတွေကို နှိမ်နင်းခဲ့လို့ ဧကရာဇ်ဘဏ္ဍာတိုက်ထဲမှာ ကောင်းကင်ရွှေတချို့ ရှိတယ်။ ဧကရာဇ် ခေါင်းညိတ်ဖို့ပဲ လိုတာ။ ဆယ်ရက်လောက် စောင့်၊ ဧကရာဇ်ရဲ့ အမိန့်တော် ရောက်လာလိမ့်မယ်”

ကောင်းကင်စက်ကွင်းများကို ကူညီသွန်းလုပ်ပေးရန် ချင်မူ လှည့်ထွက်လာသည်။ ကောင်းကင်ရွှေနှင့် ကောင်းကင်သတ္ထုများအတွက် သူ စိတ်မပူပေ။ သူ၏ဓားစက်လုံးကို သွန်းလုပ်တုန်းက ကောင်းကင်သတ္ထုများစွာ သုံးခဲ့၏။ အကုန်လုံးက ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ရတနာမှ လာပြီး အလဲအလှယ်အနေဖြင့် သူ၏ဂိုဏ်အမွေအဆင့် ရတနာအားလုံး ပေးခဲ့ရသည်။

ချင်မူ၊ စက်မှုဝန်ကြီးဌာနနှင့် နန်းတွင်းကောလိပ်ကျောင်းသားအားလုံး အတူတူစုရုံးပြီး ကောင်းကင်စက်ကွင်းများ သွန်းလုပ်ကြသည့်အခါ ခရီးတွင်ကြသည်။ အမြန်နှုန်းက စစ်ပွဲအတွင်း အ‌ရေးပါပြီး ကောင်းကင်စက်ကွင်းများကိုသာ သွန်းလုပ်ရခြင်းဖြစ်သော်လည်း အရေအတွက် တစ်ထောင့်ခုနစ်ရာကျော် လိုအပ်လေရာ လုပ်ငန်းစဉ်ကြီးတစ်ရပ် ဖြစ်သွား၏။

ကောင်းကင်စက်ကွင်းများကို ဝင်္ကပါအမှတ်အသားများနှင့် ချိတ်ဆက်လိုက်သည်နှင့်တစ်ပြိုင်နက် အမြှောက်အလင်းစွမ်းအင်ကို ပြောင်းအလယ်တွင်သာ စုစည်းနိုင်လိုက်ပြီး ဘေးနံရံများနှင့် မထိတော့ပေ။ စုစည်းလာသည့် အမြှောက်အလင်းတန်းသည် ပြောင်းဝနှင့် အရွယ်အစားတူညီသွားပြီး ပြောင်းက ပူတော့မည်မဟုတ်ရာ မဟူရာရွှေ၏အားပျော့မှုနှင့် အပူရှိန်ကျဆင်းမှုကို ထုတ်ပယ်ပြီးသား ဖြစ်သွားသည်။

အဝေးပစ်အမြှောက်၏ အမြှောက်အလင်းတန်းသည် မူလက ရေစည်အရွယ်ပတ်လည်သာ ရှိခဲ့သော်လည်း ယခုမူ ပြောင်းဝနှင့် တစ်ရွယ်တည်း ဖြစ်သွားချေပြီ။ ပစ်ခတ်အားက သေးငယ်သော်လည်း အကွာအဝေး ဝေးဝေးသို့ ရောက်နိုင်၏။ အမြှောက်တပ်သားများအနေဖြင့်လည်း အမြှောက် ထပေါက်ကွဲမည်ကို စိတ်ပူစရာမလိုဘဲ စိတ်တိုင်းကျ မီးညှိနိုင်မည်။ ဤဖြစ်ရပ်က လေသင်္ဘောများကို စစ်သင်္ဘောများ ဖြစ်သွားစေသည်။

အမှန်တွင် ကောင်းကင်မျက်လုံးက အဝေးပစ်အမြှောက်အတွက် အကြီးမားဆုံးတိုးတက်မှုမဟုတ်ပေ။ ကောင်းကင်ကိုးဆင့်မျက်လုံးကျင့်စဉ်တွင် ကောင်းကင်မျက်လုံးက အခြေခံအကျဆုံးသူငယ်အိမ် ဖြစ်သည်။ ကျန်သူငယ်အိမ်ရှစ်ခုက ပိုမိုအစွမ်းထက်လေသည်။

အစွမ်းအထက်ဆုံးက ကိုးဆင့်မြောက်ကောင်းကင် မီးလျှံကောင်းကင်မျက်လုံး ဖြစ်သည်။

သို့ရာတွင် ကောင်းကင်မျက်လုံးဝင်္ကပါက အရိုးရှင်းဆုံးနှင့် အတတ်မြန်ဆုံး ဖြစ်သည်။ ‌ရေးဆွဲရအလွယ်ကူဆုံးနှင့် လိုအပ်သည့် ပစ္စည်းပမာဏ အနည်းဆုံးလည်းဖြစ်သည့်အတွက် ချင်မူ ဤဝင်္ကပါကို လူတိုင်း ရေးဆွဲတတ်အောင် ပြသပေးရန် ရွေးချယ်လိုက်သည်။

မီးလျှံကောင်းကင်မျက်လုံးသာဆိုလျှင် ချင်မူအတွက်ပင် စက်ကွင်းတစ်ကွင်း သွန်းလုပ်ဖို့ ဆယ်ရက်မှ ဆယ့်ငါးရက်အထိ ကြာမြင့်လိမ့်မည်။ မီးလျှံကောင်းကင်မျက်လုံး၏ ဝင်္ကပါအမှတ်အသားများသည် ရှုပ်ထွေးလွန်းပြီး အဝေးပစ်အမြှောက်အလင်းတန်းကို အပ်တစ်ချောင်းထက်ပင် သေးမျှင်အောင် စုစည်းရလိမ့်မည်။ ပစ်ခတ်နိုင်သော အကွာအဝေးက ကြောက်ခမန်းလိလိ တိုးတက်သွားမည်။ သို့သော် ထိုကဲ့သို့ အဝေးပစ်အမြှောက်တစ်လက်ကို အသက်သွင်းရန် စွမ်းအင်များစွာ လိုအပ်သည်။ ဧကရာဇ်၏ ဘဏ္ဍာတိုက်ပင် လုံလောက်မည်မဟုတ်။

‘မီးလျှံကောင်းကင်စက်ကွင်းတွေက အလင်းတန်းကို ချည်မျှင် သေးမျှင်တဲ့အထိ စုစည်းပေးလိုက်ရင် ဘယ်ခံတပ်မှ ‌တောင့်ခံနိုင်မှာမဟုတ်ဘူး။ အထွတ်အမြတ်နယ်မြေတစ်ခုကို စောင့်ရှောက်ထားတဲ့ လူတစ်သောင်းနဲ့ မြင်းတစ်သောင်းစစ်တပ်တောင် အလင်းတန်းကို မဖြိုခွင်းနိုင်ဘူး’

ထိုကဲ့သို့ဝင်္ကပါတစ်ခုအတွက် မည်မျှကုန်ကျမည်ကို တွက်ချက်ကြည့်သောအခါ ချင်မူ စိတ်ပျက်သွားသည်။ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းအနေဖြင့် သွန်းလုပ်နိုင်သော်လည်း ‌ဆေးစွမ်းအင်ကျောက်တုံး,မတတ်နိုင်၍ အသုံးပြုနိုင်မည်မဟုတ်ပေ။

သူ့အတွေးများ စတင်နယ်ချဲ့သွားသည်။ မီးလျှံကောင်းကင်မျက်လုံးက နေသူရိန်ခွင်းကောင်းကင်မျက်လုံးကဲ့သို့ ရူးသွပ်ဖွယ်ကောင်းလောက်အောင် အစွမ်းမထက်သော်လည်း မျက်ကန်း၏ ကောင်းကင်ကိုးဆင့်မျက်လုံးကျင့်စဉ်နှင့် သူ၏ကောင်းကင်မျက်လုံးများတွင် သူငယ်အိမ်အလွှာကိုးထပ် ပါရှိသည်။ ထိုသူငယ်အိမ်အလွှာကိုးထပ်၏ စွမ်းအားက ‌ကောင်းကင်ဘုံကိုးထပ်၏ စွမ်းအားနှင့် ညီမျှပေသည်။ မည်မျှကြောက်စရာကောင်းလိုက်သနည်း။

‘ဘိုးဘိုးမျက်ကန်း မျက်လုံးတွေ ရှိတုန်းက သူ့အကြည့်တစ်ချက်ကြောင့် လူတိုင်း မသေသွားဘူးလား’

ချင်မူ အတွေးထဲ နစ်မျောသွားသည်။ မျက်ကန်းသည် ဝါးတောင်ဝှေးတစ်ချောင်းနှင့် ဟိုဟိုသည်သည် လျှောက်သွားပြီး သူ၏ကဗျာစွမ်းရည်ကို ကြွားဝါတတ်၏။ သူ့မျက်လုံးများသာ ရှိနေလျှင် သူ့အကြည့်က မည်မျှကြောက်စရာကောင်းမည်ကို တွေးကြည့်နိုင်သည်။

တူညီသောမေးခွန်းက ထပ်ပေါ်လာပြန်သည်။ မည်သူက မျက်ကန်း၏ ကောင်းကင်မျက်လုံးများကို ဖောက်ထုတ်ခဲ့သနည်း။

ထိုစဉ်က လှံနတ်ဘုရားတွင် ကြောက်မက်ဖွယ်ရာ ကောင်းကင်မျက်လုံးများ ရှိခဲ့လေရာ မည်သူက သူ့မျက်လုံးများကို ဖောက်ထုတ်၍ နတ်ဘုရားလို လှံသိုင်းပညာရှင်တစ်ဦးကို ဤအခြေအနေ ဖြစ်စေခဲ့သနည်း။

‘တာအိုဂိုဏ်းလား၊ မဟာမိုးခြိမ်းသံကျောင်းတော်လား၊ လီထျန်းရှင်လား၊ ကျောက်စိမ်းမြို့တော်ငယ်လား’

ချင်မူ တွေးနေရင်း ရှုရှန်းဟွာဆိုသော လူငယ်ကို သတိရလိုက်၍ ရင်ထဲ လှုပ်ခတ်သွားသည်။ ‘ရှုရှန်းဟွာ လာတဲ့ အထက်ကောင်းကင်ဘုံဆိုတဲ့ နေရာများဖြစ်နိုင်မလား’

မျက်ကန်းသည် လှံနတ်ဘုရားအဖြစ် ကျော်ကြားသော်လည်း သူ၏စွမ်းအားက ကောင်းကင်မျက်လုံးများကို အားပြုခြင်းဖြစ်၏။ ထို့ကြောင့် မျက်လုံးများ ဖောက်ထုတ်ခံခဲ့ရသည်။

သားသတ်သမားက ကောင်းကင်ဓားမအဖြစ် ထင်ရှားပြီး ကောင်းကင်ကိုပင် ဓားမတစ်လက်ဖြင့် တိုက်ခိုက်ခဲ့သည်။ နတ်ဘုရားတစ်ပါး ပေါ်လာကာ သူ၏ခါးအောက်ပိုင်းကို ဖြတ်ခဲ့သည်ဟု ဆိုကြ၏။

ရွာလူကြီးက ဓားနတ်ဘုရားဖြစ်သော်လည်း ဓားတစ်‌ချောင်းဖြင့် ခြေလက်များ ဖြတ်တောက်ခံခဲ့ရသည်။

ဤအဖြစ်အပျက်များသည် ဆက်စပ်နေသည်လော။

ထော့ကျိုးက စောရနတ်ဘုရားဖြစ်ပြီး နန်းတွင်းထဲ ဝင်ခိုးသည့်အချိန် သူ့ခြေထောက်များကို ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ဖြတ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မျက်ကန်း၊ သားသတ်သမားတို့နှင့် ဖြစ်ရပ်မတူပေ။ ရွှေအက လျှာဖြတ်ခံထားရသော်လည်း မည်သည်ကိုမျှ ပြောပြခြင်းမရှိ၍ သူ့ဇာတ်လမ်းကို မသိရပေ။

ဆေးဆရာက သူ့မျက်နှာသူ ဓားဖြင့် လှီး၍ အချစ်ဇာတ်ထုပ်များထံမှ ရှောင်ပြေးလာခဲ့သည်။ နားကန်း၏ နားများကလည်း အပြင်လောကအကြောင်း နားထောင်ရမည်ကို ရွံ့မုန်း၍ နားကန်းကိုယ်တိုင် ဖြတ်ခဲ့ခြင်းဖြစ်၏။ အဘွားစစ်၏ စိတ်နှလုံးမိစ္ဆာက လီထျန်းရှင်ဖြစ်သည်။ သူတို့ဆရာတပည့်နှစ်ယောက်က အလှတရားအတွက် တိုက်ခိုက်နေကြသည်။ အဘိုးကြီးမာက သူ့ဆရာ၏ကျေးဇူးအတွက် လျော်ကြေးအဖြစ် သူ့လက်မောင်းသူ ဖြတ်ခဲ့သည်။ ဤဖြစ်ရပ်များက ဆက်စပ်မှုမရှိပေ။

သားသတ်သမားနှင့် ရွာလူကြီးကမူ နတ်ဘုရားတစ်ပါးကြောင့် ဒုက္ခိတဘဝရောက်ခဲ့ရသည်။

မျက်ကန်း၏မျက်လုံးများကို ထုတ်သွားသူက မည်သူမှန်း မသိရ‌ပေ။

“ဘိုးဘိုးမျက်ကန်းရဲ့ မျက်လုံးတွေ ဘယ်နေရာမှာ ရှိလောက်မလဲ”

ချင်မူ ငိုင်သွားသော်လည်း ခေါင်းယမ်းကာ ဤကိစ္စကို ခေါင်းထဲမှ ထုတ်လိုက်သည်။ ‘အဝေးပစ်အမြှောက်ရဲ့ သ‌ဘောတရားအရ ကောင်းကင်ကိုးဆင့်မျက်လုံးကျင့်စဉ်ကို အသုံးချပြီး မျက်လုံးသိုင်းတစ်ခု ဖန်တီးနိုင်တယ်။ ဘိုးဘိုးမျက်ကန်းက ငါ့ကို မျက်လုံးကျင့်စဉ်ပဲ သင်ပေးခဲ့တာ။ ကောင်းကင်နတ်သိုင်းတွေ မသင်ပေးဘူး။ ဒါပေမဲ့ အခု ငါကိုယ်တိုင် ဖန်တီးနိုင်ပြီ။ ငါ့ကောင်းကင်မျက်လုံးတွေကို အောင်‌အောင်မြင်မြင် ကျင့်ကြံပြီးရင် ဘယ်သူ ငါ့မျက်လုံးတွေကို လာထုတ်မလဲ ကြည့်ရသေးတာပေါ့”

သူ ရုတ်ခြည်း အတွေးကို အလုပ်ပြောင်း၍ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်လိုက်သည်။ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ၏ ဖန်ဆင်းကျင့်စဉ်ခုနစ်ခန်းကို ဖတ်ရှုပြီး ကမ္ဘာမြေမှုန်ဖန်ဆင်းပညာနှင့် လူသားဘုရင်ဖန်ဆင်းပညာအား အသုံးပြုလိုက်သည့်အခါ သူ၏ချီစွမ်းအင်မှ မီးလျှံစွမ်းအင်က သူ၏မျက်လုံးအိမ်ထဲတွင် စတင်စုဝေးလာသည်။

သူငယ်အိမ်အလွှာအထပ်ထပ် ဖွဲ့တည်လာပြီး စိမ်းပြာရောင်ကောင်းကင်မျက်လုံး ပေါ်လာသည်။ မီးလျှံစွမ်းအင်ကို ထုတ်လွှတ်လိုက်သည့်အခါ သူ့မျက်လုံးမှ အလင်းတန်းနှစ်တန်း တမုဟုတ်ချင်း ထွက်သွားသည်။

ချင်မူ့မျက်လုံးများက မီးလျှံတဝင်းဝင်း တောက်လာပြီး အလင်းရောင် တဖြည်းဖြည်း စူးရှလာ၏။ သူ့အကြည့်က အရှေ့ရှိ အမြှောက်စွမ်းအင်အိုးကို စိုက်ကြည့်လိုက်သည့်အခါ အိုးမှာ သုံးခြမ်းကွဲသွားသည်။

သင်္ဘောပေါ်ရှိ လူတိုင်း လှမ်းကြည့်၍ ချင်မူ အကြည့်ပြန်ရုတ်ကာ မျက်လုံးထဲရှိ သူငယ်အိမ်အလွှာများကို ဖျောက်လိုက်သည်။ သူက အပြုံးဖြင့် ပြောလိုက်၏။ “မလန့်ကြပါနဲ့။ ဒီအိုးက အသုံးမဝင်လို့ ပြန်သွန်းလုပ်မလို့ပါ”

လူတိုင်း အံ့ဩမဆုံးကြသေးပေ။ ချင်မူ ရင်တဒိန်းဒိန်း ခုန်နေပြီး လက်သီးတင်းတင်း ဆုပ်ထားမိ၏။ ‘ကောင်းကင်မျက်လုံးတွေက သိပ်စွမ်းအားကြီးတာပဲ ငါ ကြည့်လိုက်တဲ့ ဘယ်သူမဆို သေရလိမ့်မယ်...’

ထော့ကျိုးနှင့် ရွာလူကြီးက နားနေဆောင်၏ အပေါက်ဝတွင် ထိုင်ကာ နေပူဆာလှုံနေကြသည်။ အလင်းတန်းနှစ်တန်းကို မြင်လျှင် ထော့ကျိုးက ခေါင်းယမ်းလိုက်သည်။ “မူအာ အဲဒီကောင်လေးကတော့ လျှောက်လုပ်နေပြန်ပြီ။ အပူကြောင့် မျက်လုံးပျက်သွားမှာကိုတောင် မကြောက်ဘူး။ မျက်ကန်းလည်း သိပ်စေတနာကောင်းတာပဲ။ ဒီလောက်အန္တရာယ်များတဲ့အရာကိုတောင် သင်ပေးရတယ်လို့”

ရွာလူကြီးက သူ့ကို ကြည့်ကာ ပြောသည်။ “ချင်မူကို ကြည့်ရင် မျက်ကန်းရဲ့ ကောင်းကင်မျက်လုံးတွေ ဘယ်လောက်အစွမ်းထက်လဲ မင်း မြင်တယ်မလား။ မျက်ကန်းရဲ့ မျက်လုံးတွေကို ထုတ်သွားတဲ့လူက သာမန်မဟုတ်ဘူး။ ဒီလိုလုပ်နိုင်တဲ့လူ အနားမှာ ရှိနေတာမလို့ မင်းလည်း ဂရုစိုက်ဦး။ မင်းခြေ‌ထောက်တွေကို သဘောကျသွားရင် ဘယ်နှ့ယ်လုပ်မတုံး”

ထော့ကျိုး တုန်ရီသွားပြီး ဟိုဟိုသည်သည် ကြည့်ကာ ခပ်တိုးတိုး မေးသည်။ “ခင်ဗျားဆိုလိုတာက နတ်ဘုရားအဆင့် ရောက်နေတဲ့ အရာတွေကို လိုက်စုနေတဲ့သူ ရှိတယ်ပြောတာလား။ သူက အဲဒါတွေကို ဘာအတွက် လိုချင်နေတာလဲ”

“နတ်ဘုရားတစ်ပါးအဖြစ် ပေါင်းစည်းဖို့ပေါ့” ရွာလူကြီး သက်ပြင်းချကာ ပြောလိုက်သည်။ “ငါတို့မျိုးဆက်မှာ ငါတစ်ယောက်ပဲ ကျန်တာမဟုတ်ဘူး။ တခြားသူတွေ ကျန်သေးတယ်။ မင်းလည်း တစ်နေ့ တစ်ယောက်ယောက်နဲ့ တွေ့ရလောက်မှာပါ”

ထော့ကျိုး ဇက်ပုသွားသည်။ “ကျုပ်က ကြောက်တတ်တယ်နော်၊ မခြောက်ပါနဲ့။ ထွက်ပြေးလို့ရတာပဲ မဟုတ်လား”

ရွာလူကြီး သင်္ဘောပေါ်ရှိ ချင်မူ့ကို လှမ်းကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ “ချင်မူ အေး‌အေးချမ်းချမ်း ကြီးပြင်းလာရအောင် အနှောင့်ယှက်တွေအားလုံး ငါ ဖယ်ရှားပေးနိုင်ရင် ကောင်းမှာပဲ။ ဒါပေမဲ့ ငါ အဲဒီလောက်အသက်ရှည်ပါ့မလား မသိဘူး... မူအာက ရိုးသားဖြူစင်လွန်းတယ်။ နည်းနည်းလောက်သာ လည်လို့ကတော့...”

လိုလန်ရွှေနန်းတော်တွင် ပန်ကုန်းစုန်၏ ပတ်ပတ်လည်ရှိ ပလ္လင်များအပေါ်၌ ရုပ်အလောင်းများ ထိုင်နေကြသည်။ အကုန်လုံးက မှော်ဆရာသိုင်းများဖြင့် အလယ်ရှိ ရှေးဟောင်းစာအုပ်တစ်အုပ်ကို အဆက်မပြတ် ပစ်ခတ်ကာ ဖွင့်ဖို့ ကြိုးစားနေကြ၏။

ဤစာအုပ်က ချင်ဟန်ကျန်း၏ သင်္ဘောမှ ယူလာခဲ့သော စာအုပ်များထဲမှ တစ်အုပ်ဖြစ်လေသည်။

ဘုန်း

ပေါက်ကွဲမှုကြီး ဖြစ်ပေါ်သွား၍ စာအုပ် ပွင့်လာသည်။ ပန်ကုန်းစုန်မှာ ဟန်ဆောင်မနေနိုင်တော့ဘဲ ရှေးဟောင်းစာအုပ်ဆီ အလျင်အမြန် ပြေးသွား၏။ သို့သော် ပထမဆုံးစာကြောင်း အနည်းငယ် ဖတ်ပြီးသောအခါ သူ့မျက်နှာ မည်းမှောင်သွားပြီး ရှေးဟောင်းစာအုပ်ကို ကြမ်းပြင်ပေါ် ပစ်ပေါ်လိုက်သည်။ “မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာပဲ။ ရွှင်ပျော်ပျော်ကျေးရွာက ဒီနတ်ဘုရားက ကောင်းကင်နတ်ဆိုးဂိုဏ်းကလားဟ”

သူ့ဘေးတွင် စာအုပ်များ ပြန့်ကြဲနေသည်။ ယခုထိ မဖွင့်ရသေးသည်မှာ တစ်အုပ်သာ ကျန်တော့၏။

ပန်ကုန်းစုန် စိတ်ပြန်ထိန်းပြီး သူ၏ခန္ဓာကိုယ်အဟောင်းများမှ စွမ်းအင်အလုံးစုံ ထုတ်ယူ၍ နောက်ဆုံးစာအုပ်ကို ဖွင့်လိုက်သည်။

ပထမစာရွက်ကို  သူ လှန်လိုက်သောအခါ ရွှေအလင်းတန်းများ ဖြာထွက်လာပြီး ခန်းမတစ်ခုလုံး လင်းထိန်သွား၏။

ပန်ကုန်းစုန် ထခုန်မိမတတ် ပျော်သွားသည်။

All Chapters