← Chapters

ရန်သူတွေ မိုင်သုံးဆယ် ရောက်လာပါပြီ

Vol. 24 Ch. 336

ရန်သူတွေ မိုင်သုံးဆယ် ရောက်လာပါပြီ

Vol. 24 Ch. 336

ပန်ကုန်းစုန် လွမ်သီခန်တို့ကို ဦးဆောင်လျက် ချင်မူ့‌နောက် ပြေးလိုက်သည့်အချိန် အလံလွင့်ထူနေသော လေသင်္ဘောအစင်းနှစ်ရာကျော်ကို မြင်တွေ့ရသည်။ လေသင်္ဘောများက ကောင်းကင်အပြည့် စိုးမိုးထားပြီး နေလုံးကြီးကိုလည်း ကွယ်နေရာ မိုးကုပ်စက်ဝန်း၏တစ်ဝက်ကျော်အား တိမ်တိုက်များ ဖုံးလွှမ်းနေသကဲ့သို့ ရှိသည်။

လေသင်္ဘောများ၏အောက်၌ ဆန်းကြယ်သားရဲ စစ်တပ်ကြီး တဟုန်ထိုး ပြေးထွက်လာသည်။ သားရဲကြီးများက လေးသမားများကို သယ်လျက် တောင်ကြီးများသဖွယ် ရွေ့လျားနေကြ၏။ သူတို့အနောက်တွင် စစ်ရထားလုံးများ၊ သားရဲစီးတပ်ဖွဲ့များနှင့် ခြေလျင်တပ်သားများ ရှိသည်။ သူတို့က ဝိညာဉ်ခန္ဓာများအလိုက် စုဖွဲ့နေရာယူထားရာ ထိုမြင်ကွင်းက ခမ်းနားကြီးကျယ်လှ၏။

ဤစစ်အခင်းကျင်းက ရင်သပ်ရှုမောဖွယ် ကောင်းလွန်း၍ လွမ်သီခန် ဇဝေဇဝါ ဖြစ်သွားသည်။

ယခင်က ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် ဆန်းကြယ်သားရဲစစ်တပ်ကို ရှေ့တန်းမှ လွှတ်၍ ရထားလုံးများနှင့် သားရဲစီးတပ်ဖွဲ့များအား နောက်မှ လိုက်စေ၏။ ခြေလျင်တပ်သားများက ဆန်းကြယ်သားရဲကြီးများ၏ အကာအကွယ်အောက်တွင် လှုပ်ရှားကြသည်။ လေသင်္ဘောများကတော့ စစ်တပ်၏အလယ်စစ်ကြောင်း၌ နေရာယူသည်။

သို့သော် ယခုတွင် လေသင်္ဘောများက ရှေ့တန်းမှ ထွက်လာနေသည်။

လေသင်္ဘောများကို ပစ်ခွင်းချဖို့ သိုင်းပညာရှင်များအနေဖြင့် ဓားစက်လုံးများကို မိုင်သုံးဆယ်အကွာမှ ပစ်လွှတ်လိုက်ရုံသာ လိုအပ်၏။ ထိုအခါ သင်္ဘောပျက်ကျပြီး သင်္ဘောတပ်သားများ ပြုတ်ကျလိမ့်မည်။ ဆေးမီးဖိုတစ်ခုကိုသာ ထိမှန်သွားပါက ပေါက်ကွဲမှုကြောင့် သင်္ဘောတပ်သားအားလုံး သေသွားနိုင်သည်။

ချင်မူက လေသင်္ဘောများ၏ ဆေးမီးဖိုအားလုံးကို အဆင့်မြှင့်၍ မီးအားကို ကြောက်မက်ဖွယ်ရာ အားကောင်းလာစေခဲ့၏။ သို့သော် ထိုဆေးမီးဖိုများ ပေါက်ကွဲလျှင်လည်း ပေါက်ကွဲအားက ဆယ်ဆပိုမိုပြင်းထန်လိမ့်မည်။ သာမန်ကောင်းကင်နတ်သိုင်းပညာရှင်များအနေဖြင့် မည်သည့်နည်းနှင့်မျှ အသက်ရှင်မည်မဟုတ်ပေ။

ချင်မူ့ကိုလည်း အပြစ်မဆိုနိုင်ရာ။ ချင်မူက လေသင်္ဘောများ မြန်မြန်သွားနိုင်အောင် ‌ဆေးမီးဖိုများကို အဆင့်မြှင့်ခဲ့သော်လည်း မီးအားက လိုက်မမှီသည့်အတွက် စွမ်းအင်အလုံးစုံ မထုတ်လွှတ်နိုင်ခြင်းဖြစ်သည်။

‘ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ရူးများသွားပြီလား’

လွမ်သီခန် အတွေးထဲ နစ်မျောနေသည့်အတွက် ပန်ကုန်းစုန်၏အသံက သူ့ကို အတွေးထဲမှ ပြန်ဆွဲထုတ်လိုက်သည်။ “လွမ်သီခန် ခွေးသူတောင်းစားချင်ကို သတ်ပစ်စမ်းပါ”

ထော့ကျိုး သူ့ဘောင်းဘီချွတ်ချသွား၍ လွမ်သီခန် ကိုယ်လုံးတီး ဖြစ်နေသည်။ ရွှေဓားမနှင့် မြားကျည်တောက်လည်း ပါသွားပြီး အမွှေးဖားဖား သားမွှေးခြုံထည်လည်း မရှိတော့ပေ။

သို့သော် နယ်မြေတစ်ခု၏ ခေါင်း‌ဆောင်ဖြစ်သည်နှင့်အညီ သူ့တွင် ကျင့်စဉ်စွမ်းအင် ရှိသေးသည်။ ပန်ကုန်းစုန်၏အသံကို ကြားလျှင် သူ ဘောင်းဘီကို ဆွဲတင်၍ ခါးပတ်ပတ်ရန် ပြင်လိုက်သော်လည်း မည်သည်ကိုမျှ မတွေ့ရပေ။

ရွှေအနားကွပ်၍ ကျောက်စိမ်းစီခြယ်ထားသော သူ့ခါးပတ်လည်း အခိုးခံလိုက်ရချေပြီ။

‘အဲဒီထော့ကျိုးရဲ့ လက်က မြန်လိုက်တာ။ ငါ့အဝတ်တွေကို မခိုးဘဲ သတ်များသတ်လိုက်ရင် ဘယ်လို ခုခံရပါ့”

လွမ်သီခန် တုန်လှုပ်သွားပြီး ချွေးစေးများက သူ့ကျောတွင် ရွှဲသွားသည်။

သို့သော် ထော့ကျိုးကို သူ အထင်ကြီးမိသွား၏။ ထော့ကျိုး၏ ခြေလက်များက မြန်‌သော်လည်း သူ့အစွမ်းအစအားလုံးက ခိုးရန်အတွက်သာ ဖြစ်သည်။ အသက်နုတ်ရန်မဟုတ်။ သူ၏ခြေလက်များအား မခန့်မှန်းနိုင်သော်လည်း အနီးကပ်သိုင်းတိုက်ပွဲတွင် ခြေ‌ထောက်ကိုသာ အားပြုနိုင်ခြင်းဖြစ်သည်။ သူ့လက်များ၌ သိုင်းကွက်စွမ်းအင်မရှိပေ။

ထော့ကျိုး၏ ကောင်းကင်နတ်သိုင်းများက ဟာကွက်များရှိပြီး သာမန်သာ ဖြစ်သည်။ အစွမ်းထက်သော သိုင်းကွက်များမဟုတ်။ လူတစ်ယောက်သာ သူ့ကို အမှန်တကယ် သတ်လျှင် ထော့ကျိုးတစ်ယောက် အသက်ရှင်မည်မဟုတ်ပေ။ သူနှင့်ပတ်သက်၍ ကြောက်စရာအကောင်းဆုံးက သူ၏ခြေသိုင်းသာ ဖြစ်သည်။

လွမ်သီခန်တွင် လေးနှင့်မြားမရှိတော့သော်လည်း ကျင့်စဉ်စွမ်းအင် ရှိသေး၏။ သူ၏ချီစွမ်းအင်က တဟုန်ထိုး ထွက်ပေါ်လာပြီး သူ့အနောက်၌ နတ်ဘုရားလို၊ မိစ္ဆာလိုပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ထရပ်လာသည်။ ထိုနတ်ဘုရားတွင် လက်လေးဖက်၊ ငှက်ခေါင်းရှိပြီး ခန္ဓာကိုယ်တစ်လျှောက်လုံး မီးဟုန်းဟုန်းတောက်နေသည်။

ဤနတ်ဘုရားသည် လွမ်သီခန်၏ မူလဝိညာဉ်မှ ဖွဲ့တည်ပေးလိုက်ခြင်း ဖြစ်၏။ ၎င်း၏လက်လေးဖက်က လေးညို့ကို ဆွဲလိုက်သည့်အခါ ဘဲလျှာရပ်ဝန်း၏လေထဲတွင် မီးလျှံများ ထတောက်လာသည်။ မီးလျှံများက သူ့ဆီ ရွေ့လျားပြီး မနှိုင်းယှဉ်နိုင်လောက်အောင် တောက်ပသော မြားတစ်စင်းအဖြစ် စုစည်းသွား၏။

ရွှစ်

လေးညို့ တုန်ခါသွားပြီး မြားတစ်စင်း ပြေးထွက်လာသည်။ မိုးကောင်းကင်နှင့် ကမ္ဘာမြေမှာ တမုဟုတ်ချင်း မီးလောင်တိုက်သွင်းခံလိုက်ရ၏။ မြား ဖြတ်သွားသောနေရာတိုင်းတွင် မီးလျှံနဂါးများ ဖွဲ့တည်လာသည်။

အပေါ်ပိုင်းအဝတ်ဗလာနှင့် လွမ်သီခန်က ညာလက်ကို ပင့်မြှောက်လိုက်သည်။ သူ၏ လက်ညှိုးနှင့် လက်ခလယ်ကို ထိ၍ လက်မကို လက်သူကြွယ်နှင့် လက်သန်းအပေါ်တင်ကာ သူ့မျက်ခုံးနှစ်ခုအကြား ဖိချလိုက်သည်။

ဝုန်း

မီးလျှံမြားက ကြောက်စရာကောင်းလောက်အောင် ကြီးမားလာပြီး ပြေးနေသော ထော့ကျိုးနှင့် ချင်မူ့ဆီ တန်းတန်းပြေးဝင်သွားသည်။ မြားက မြန်လွန်းသည့်အတွက် မည်သူမျှ မီးလျှံများကို မမြင်ရလိုက်ပေ။ မြား သူတို့ဘေးမှ ဖြတ်သွားသည့်အခါ မီးခိုတန်းကိုသာ မြင်လိုက်ရ၏။

ပန်ကုန်းစုန် အကြီးအကျယ် အံ့အားသင့်သွားသည်။ လွမ်သီခန်သည် မြက်ခင်းလွင်ပြင်တွင် နံပါတ်တစ်ကောင်းကင်လေးသမား ဆိုသည့်အတိုင်း သူ၏လေးစွမ်းအားက သူ့ကိုပင် တုန်လှုပ်သွားစေ၏။

‘ငါ ရွှေစာအုပ်ကို ပြန်ယူပြီး နတ်ဘုရားဖြစ်လာရင် လွမ်သီခန်ကို သတိထားရလိမ့်မယ်.. ငါ့ ရွှေစာအုပ်လေး’

ပန်ကုန်းစုန် ရင်ကွဲပက်လက်ဖြစ်နေသည်။ ချင်မူ ရွှေစာအုပ် ခိုးသွားသည့်အကြောင်း တွေးမိလျှင် သူ့နှလုံးသားမှာ ဓားဖြင့် တဇွပ်ဇွပ် ထိုး၍ ကြိတ်ဆုံထဲ ထည့်ခံလိုက်ရသကဲ့သို့ ခံစားရသည်။

နယ်စပ်ခံတပ်ဆီ အလာတွင် သူ ရွှေစာအုပ်ကို တိုးတိုးတိတ်တိတ် ဖတ်၍ စွမ်းအင်လှည့်ပတ်ပုံကို အလွတ်ကျက်ခဲ့သည်။ သို့သော် စွမ်းအင်လှည့်ပတ်ပုံမှာ အလွန် ရှုပ်ထွေးပြီး တစ်ချက်မှားသွားလျှင် လမ်းမှားသို့ မိုင်တစ်ထောင် လျှောက်သွားမိသည်နှင့် တူလိမ့်မည်။ ကောင်းကင်တံတားကို ပြန်ဆက်ရာတွင် အမှားတစ်ချက်မှ ပါ၍မဖြစ်ပေ။

မှတ်ထားသည့်အရာများကို သည်၊၏ မရွေး ပြန်ပွားနိုင်မည်လား ပန်ကုန်းစုန် မသေချာ။

မီးလျှံမြားက ချင်မူနှင့် ထော့ကျိုးကို မှီသွားသည်။ ထော့ကျိုးက ခိုးထားသမျှ အရာအားလုံးကို ပစ်ချ၍ သူ့ဘေးရှိ ကောင်လေးကို လှမ်းဆွဲကာ မီးလျှံမြားအား တစ္ဆေတစ်ကောင်လို တိမ်းရှောင်လိုက်သည်။

လွမ်သီခန် မျက်မှောင်ကြုတ်ကာ သံသယဝင်သွား၏။ “ဒီအဘိုးကြီးရဲ့ အစွမ်းအစက ငါ ထင်ထားသလို မမြင့်မားဘူးပဲ...”

သူ့လက်ချောင်းများက မျက်ခုံးနှစ်ခုကြားတွင် မလှုပ်မယှက်ရှိနေဆဲပင်။ မီးလျှံမြားက ဦးတည်ရာပြောင်း၍ ထော့ကျိုးဆီ ပြေးဝင်လာပြန်သည်။ ထော့ကျိုး၏ ခြေကွက်များက တစ်ကွက်ပြီးတစ်ကွက် ပြောင်းပြီး ဖျတ်ခနဲ ဟိုရောက်သွားလိုက်၊ သည်ရောက်သွားလိုက် ဖြစ်နေရာ နေရာဟင်းလင်းပြင်ထဲ ခုန်ကူးနေသကဲ့သို့ ခံစားရစေသည်။

ထော့ကျိုး၏ ခြေသိုင်းများက လူတိုင်းကို မှင်သက်နေစေသည်။ လွမ်သီခန်မှာ သူ့ကို ထိအောင် မပစ်နိုင်ဖြစ်နေ၏။

ထော့ကျိုးနှင့် လေသင်္ဘောများအကြား အကွာအဝေးက နီးသထက် နီးလာသည်။ နယ်စားဝေ့က နယ်စားဓားကို ကိုင်လျက် ခုန်တက်လိုက်ပြီး မီးလျှံမြားအား ပိုင်းချလိုက်၏။

ဒုန်းးးးးး

ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုက အားကုန်ပေါက်ကွဲသွား၍ တုန်ခါလှိုင်းများကြောင့် နယ်စားဝေ့ အပေါ်မြောက်တက်သွားသည်။ ထို့နောက် သူက သင်္ဘောပေါ် ပြန်ဆင်းကာ တဟားဟား ရယ်သည်။ “လွမ်သီခန် မင်းက နယ်နယ်ရရတော့ မဟုတ်ဘူးပဲ”

လွမ်သီခန်၏ သိုင်းစွမ်းရည်က သူ့ထက် မြင့်မားသည့်အတွက် မြားအရှိန်က လျော့ကျမသွားပေ။ ရုတ်တရက် ကွမ့်ကျွင်းတပ်မှူးချုပ် ရှေ့ထွက်လာသည်။ သူ၏စစ်ပုဆိန်က လေပေါ်ပျံဝဲတက်သွားပြီး နဂါးလက်သည်းအသွင် ပြောင်းကာ မီးလျှံများကို သုတ်ချီလိုက်၏။

ကွမ့်ကျွင်းတပ်မှူးချပ် အင့်ခနဲ ညည်းလိုက်ရပြီး အလင်းမြား၏အရှိန်ကြောင့် သူ၏ချီစွမ်းအင် ဖြာထွက်သွား၏။ သူ့ခြေထောက်များ နောက်ဆုတ်ပြီးနောက်မှ အလင်းမြားကို ထိန်းလိုက်နိုင်သည်။ သူ အကြီးအကျယ် အံ့အားသင့်သွားသည်။

နယ်စားဝေ့သာ အလင်းမြား၏အရှိန်ကို ဦးစွာမလျှော့ချခဲ့လျှင် သူ ဤမြားကို ‌တောင့်ခံနိုင်မည်မဟုတ်ပေ။

“မန်သီလူရိုင်းနယ်မြေရဲ့ လွမ်သီခန်က အမှန်တကယ် အရည်အချင်းရှိပါပေတယ်။ ဧကရာဇ်အတိုင်ပင်ခံနဲ့ အရှင်မင်းကြီးအောက် အနည်းငယ်ပဲ အားနည်းတယ်”

ကွမ့်ကျွင်းတပ်မှူးချုပ်က လက်ဆန့်တန်းလိုက်သည်။ နဂါးက သူ့ဆီ ပျံသန်းလာပြီး သွေးနီရောင်ပုဆိန်တစ်လက်အသွင် ဖွဲ့တည်သွား၏။ နဂါးလက်သည်းက ပုဆိန်ကို သစ်ကိုင်းခက်ပမာ ရစ်ပတ်ကာ တဒင်ဒင် မြည်လျက် တုန်ခါသွားသည်။

ဘဲလျှာရပ်ဝန်းထဲတွင် ခန်များနှင့် မှော်ဆရာဘုရင်များ ဘောင်းဘီပြန်ဆွဲတင်နေကြသော်လည်း ခါးပတ်များ ရှာမတွေ့ကြပေ။

ရုတ်တရက် သူတို့အနောက်ရှိ ဟဲ့လန်တံခါးမှ စစ်ခရာသံ ထွက်လာသည်။ လူရိုင်းမျိုးနွယ်စစ်တပ်ကြီးက ရေလှိုင်းလုံးကြီးပမာ ထွက်လာကြ၏။ ပထမဆုံးထွက်လာသည်က ဆိတ်တပ်ဖွဲ့ဖြစ်သည်။

ကောင်းကင်နတ်သိုင်းပညာရှင် ဆိတ်တပ်သားများက တောင်ဆိတ်များကို စီးနေကြခြင်းမဟုတ်၊ ခြေနှစ်ချောင်းဆန်းကြယ်သားရဲဖြစ်သည့် ဆိတ်ရိုင်းများကို စီးနေကြသည်။ ထိုဆိတ်ရိုင်းများသည် ဆိတ်များနှင့် မဟာမြို့ပျက်၏ ဆန်းကြယ်သားရဲများမှ မျိုးစပ်ပေါက်ဖွားလာသော သွေးနှောများ ဖြစ်ကြ၏။ သူတို့က မြက်စားကြသော်လည်း ကြံ့ခိုင်သန်မာကြသည်။

ဆိတ်ရိုင်းများတွင် ခြေနှစ်ချောင်းသာ ရှိသော်လည်း ပြေးသည့်အခါ တောင်ပံမဲ့ငှက်များ တဟုန်ထိုး ပြေးနေသည့်အလား ထင်ရသည်။ သူတို့၏အရပ်အမောင်းက အလွန်မြင့်မား၍ ရပ်နေသည့်အခါ အဆောက်အဦငယ်များနှင့် တူသည်။ ဆိတ်ရိုင်းတစ်ကောင်၏ အမာဆုံးအပိုင်းက ခရုပတ်ရစ်ခွေနေသော ချိုကြီးများဖြစ်၏။ ဆိတ်ရိုင်းများ ခေါင်းကို နှိမ့်လျက် တဟုန်ထိုး ပြေးလာသည့်အခါ လမ်းရှိအရာအားလုံးကို ထိုးခွင်းသွားမည့် ဓားထိပ်များနှင့် တူသည်။

လေထဲတွင် မြက်ခင်းလွင်ပြင်၏ ဝံပုလွေသိမ်းငှက်များကို စီးနင်းနေသော ‌ဝေဟင်တပ်ဖွဲ့က နေရာယူထားသည်။ ဝံပုလွေသိမ်းငှက်များက တောင်ပံပေါက်နေသော ဝံပုလွေကိုယ်ရှိသည့် အသားစား ဆန်းကြယ်သားရဲတစ်မျိုး ဖြစ်၏။ ဝံပုလွေများ၏ ကျောပေါ်တွင် မြက်ခင်းလွင်ပြင်၏ အထူးချွန်ဆုံး လေးသမားများနှင့် ဓားမသိုင်းပညာရှင်များ ရပ်နေကြသည်။

မြက်ခင်းလွင်ပြင်၏ စစ်သည်များက လေလို လာပြီး ပြန်သွားတတ်၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာတပ်ဖွဲ့မှာ အသားစီးမရခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် မြက်ခင်းလွင်ပြင်၏ စစ်သည်တပ်ဖွဲ့အားလုံး ကမ္ဘာမြေတုန်ဟည်းစေသော အင်အားကြီးဖြင့် တဟုန်ထိုး ချီတက်လာနေကြ၏။ အင်အားက ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ ချီတက်လာသော အင်အားထက် အဆများစွာ သာလေသည်။

လွမ်သီခန်နှင့် ကျန်ရှိသူများက ကြိုးထုံးများဖြင့် ‌‌ဘောင်းဘီကို စည်းလိုက်ကြသည်။

လွမ်သီခန် တဟားဟား အော်ရယ်လိုက်၏။ “ငါတို့ ရတနာတွေ အဝတ်တွေကို သူခိုးခိုးသွားလဲ ဘာအရေးလဲ။ ငါတို့က စစ်မြေပြင်မှာ အပေါ်အဝတ်ဗလာနဲ့ အမြဲတိုက်ခိုက်နေတဲ့ ယောက်ျားဘသားတွေကွ။ ငါတို့သွေးပူပူတွေက ‌‌ဟော့ဒီသွေးကြောတွေထဲမှာ တရှိန်းရှိန်း စီးဆင်းနေတာ။ ငါတို့မျိုးနွယ်တွေ ကောင်းကောင်းနေ၊ ကောင်းကောင်းစားရဖို့ နယ်မြေတွေ လုရင်း ဝမ်းစာဖြည့်ခဲ့ရတယ်။ ရန်ငြိုးတွေ ထားခဲ့ရတယ်။ ဒါပေမဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာက သယံဇာတ်ပေါကြွယ်ဝပြီး စည်ပင်တိုးတက်နေတယ်။ သူတို့မှာ မိန်းမတွေ၊ မြေတွေ အများကြီးရှိတယ်။ ဒီနေ့ ဒီစစ်မြေပြင်ပေါ်မှာ အစွမ်းကုန်တိုက်ခိုက်ကြစို့။ ချင်းမန်တံခါးကျသွားတာနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာက ငါတို့အပိုင် ဖြစ်လာလိမ့်မယ်”

စစ်မြေပြင်ပေါ်ရှိ ခန်အားလုံး စိတ်အားတက်ကြွလာကြသည်။ သူတို့အား အပေါ်ပိုင်းအဝတ်ဗလာများဖြင့် တဟားဟား ရယ်လိုက်ကြပြီး သူတို့၏သူရဲကောင်းအငွေ့အသက်များက တိမ်တိုက်ဖြူများကို ဖြိုခွဲ၍ မိုး‌ကောင်းကင်ကို ကြည်လင်သွားစေသည်။

သူတို့၏ကျင့်စဉ်စွမ်းအင်က မနိမ့်ကျကြပေ။ ကောင်းကင်နတ်အသွင်အဆင့်နှင့် သေခြင်းရှင်ခြင်းအဆင့်သိုင်းပညာရှင် များစွာ ရှိသည်။ ခန်တချို့ဆိုလျှင် ကောင်းကင်တံတားအဆင့်အထိပင် ကျင့်ကြံပေါက်မြောက်ထားကြ၏။

လူတိုင်း၏ချီစွမ်းအင်က အားအဟုန်ဖြင့် ပေါက်ကွဲထွက်လာပြီး သူတို့၏မူလဝိညာဉ်များ ဖွဲ့တည်လာကြသည်။ သူတို့နောက်တွင် နတ်ဘုရား၊ မိစ္ဆာပုံရိပ်မျိုးစုံ ဖြစ်တည်လာပြီး အကုန်လုံးက အတိုင်းထက်အလွန် စွမ်းအားကြီးမားပုံပေါ်ကြ၏။

ရန်သူစစ်တပ် ရောက်လာသည်နှင့် သိုင်းကွက်များ ထုတ်ဖော်ကြသည်။ တချို့က မြေပေါ်တွင် လျှောတိုက်ပြေးကြပြီး တချို့က လေပေါ်ပျံတက်ကာ လေသင်္ဘောတပ်ကို ရင်ဆိုင်ကြ၏။

ပန်ကုန်းစုန် တွန့်ဆုတ်နေသော်လည်း သူတို့နောက် မလိုက်ပေ။ မှော်ဆရာဘုရင်တစ်ဦးကို ခေါ်ကာ အလေးအနက် ပြောလိုက်သည်။ “ငါ့ကို တံခါးထဲ ပြန်လိုက်ပို့ပေး”

ထိုမှော်ဆရာဘုရင်က အမိန့်နာခံပြီး ကျန်မှော်ဆရာဘုရင်များက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ လေသင်္ဘောတပ်ဆီ ချီတက်သွားကြသည်။

လေသင်္ဘောတပ်၏ အလံသင်္ဘောပေါ်တွင် ဓားစံအိမ်သခင်က သင်္ဘောဦး၌ ရပ်နေ၏။ လေအဟုန်က သူ့အဝတ်အစားများကို တွန်းထိုးတိုက်ခတ်၍ လွင့်နေစေသည်။ ယုယွမ်ချူးယွင်ကလည်း သူ့ဘေးတွင် ရပ်နေပြီး သူတို့နှစ်ယောက်သည် တစတစ နီးကပ်လာနေသော မြက်ခင်းလွင်ပြင်စစ်တပ်ကြီးကို ကြည့်နေကြ၏။

“ဦးစီးမှူး ရန်သူတွေ မိုင်တစ်ရာ့ခြောက်ဆယ်စက်ကွင်းထဲ ရောက်လာပါပြီ” အကွာအဝေး တိုင်းတာနေသော အချက်ပြတပ်သားက ကျယ်လောင်စွာ သတင်းပို့သည်။ သူက ကြိုးများကို တင်းတင်းဆုပ်ကိုင်၍ မြင့်မားသော ရွက်တိုင်ပေါ်တွင် ရပ်နေ၏။

ဓားစံအိမ်သခင်က အမူအရာမပျက် ပြောသည်။ “ဆက်တိုင်းနေ၊ မိုင်ရှစ်ဆယ်ရောက်ရင် သတင်းပို့”

ယုယွမ်ချူးယွင်၏အမူအရာလည်း မပြောင်းလဲသည့်တိုင် မိုင်ရှစ်ဆယ်ဟု ကြားလျှင် မျက်ခုံးအနည်းငယ် ပင့်သွားသည်။ အချက်ပြတပ်သားက အလံတစ်လံ ဝှေ့ယမ်းပြီး သင်္ဘောများက ဆက်မောင်းသွားစေသည်။

“ဦးစီးမှူး ရန်သူတွေ မိုင်ရှစ်ဆယ်စက်ကွင်းထဲ ရောက်လာပါပြီ”

ယုယွမ်ချူးယွင်က ဓားစက်လုံးထုတ်၍ မျက်ခုံးများပင့်သွားသည်။ ဓားစံအိမ်သခင်က ပြောလိုက်သည်။ “မိုင်လေးဆယ်ရောက်ရင် လှမ်းအော်လိုက်”

ယုယွမ်ချူးယွင် အတန်ငယ် မျက်မှောင်ကြုတ်သွားပြီး ဓားစံအိမ်သခင်ကို လှမ်းကြည့်လိုက်သော်လည်း မည်သည်ကိုမျှ မပြောပေ။

များစွာမကြာလိုက်ဘဲ အချက်ပြတပ်သား၏ ထိတ်လန့်နေသောအသံကို ကြားလိုက်ရပြန်သည်။ “ရန်သူတွေ မိုင်လေးဆယ်စက်ကွင်းထဲ ရောက်လာပါပြီ”

ယုယွမ်ချူးယွင် ယိုင်နွဲ့နွဲ့ သက်ပြင်းချလိုက်ပြီး သူ၏မျက်လုံးများက ဆည်းဆာနေမင်းပမာ တောက်ပလာသည်။ ဓားစံအိမ်သခင်က ပြောသည်။ “အဝေးပစ်အမြှောက်တွေကို မီးညှိထားဖို့ အမိန့်ပေးကြ။ မိုင်သုံးဆယ်ရောက်ရင် ပစ်မယ်”

ယုယွမ်ချူးယွင်၏လက်ဝါးများ ချွေးထွက်လာပြီး သူက အံကြိတ်လျက် ပြောလိုက်သည်။ “စစ်ဦးစီးမှူးကျန့်က တကယ် စိတ်ထိန်းနိုင်တာပဲ။ မိုင်သုံးဆယ်အထိ စောင့်နေနိုင်တယ်.... မိုင်သုံးဆယ်ဆိုတာ ... ရန်သူတွေရဲ့ ပိုင်နက်ပဲ...”

အချက်ပြတပ်သားက အလံဝှေ့၍ သင်္ဘောအားလုံးကို အချက်ပြလိုက်သည်။ အမြှောက်စွမ်းအင်အိုးများက ဆေးမီးဖိုးများမှ စွမ်းအင်ကို တမုဟုတ်ချင်း ထုတ်ယူ၍ ပစ်ခတ်ရန် အသင့်ဖြစ်နေသည်။

ဓားစံအိမ်သခင်က ကောင်းကင်နတ်အသွင်အဆင့်နှင့် သေခြင်းရှင်ခြင်းအဆင့် သိုင်းပညာရှင်များ ရှေ့မှဦးဆောင်လျက် မိုးကုပ်စက်ဝန်းမှ အရှိန်ပြင်းပြင်းလာနေသော မြက်ခင်းလွင်ပြင်စစ်တပ်ကြီးကို ကြည့်လိုက်သည်။ ထို့နောက် သူက မနှေးလွန်းမမြန်လွန်းသော လေသံဖြင့် ရှင်းပြ၏။ “ဧကရာဇ်အတိုင်ပင်ခံရဲ့ အမိန့်တော်က ရန်သူကို အနိုင်ယူရုံတင်မဟုတ်ဘူး။ ဟဲ့လန်တံခါးကို ပြားပြားကပ်ကပ်သွားအောင် ဖျက်စီးပစ်ဖို့ပဲ။ မိုင်တစ်ရာ့ခြောက်ဆယ်အကွာမှာ ပစ်ခတ်ရင် ရန်သူ့အဓိကတပ်စု မထိခိုက်ဘဲ လွတ်မြောက်သွားလိမ့်မယ်။ မိုင်ရှစ်ဆယ်မှာ ရန်သူရှစ်ဆယ်ရာခိုင်နှုန်း လွတ်သွားနိုင်သေးတယ်။ မိုင်လေးဆယ်မှာ သုံးဆယ်ရာခိုင်နှုန်းပဲ လွတ်လာနိုင်ပေမယ့် တပ်မှူးတွေလည်း ရှောင်တိမ်းနိုင်လိမ့်မယ်။ မိုင်သုံးဆယ်မှာတော့ တပ်မှူးတွေရဲ့ အသက်ရှင်နိုင်ခြေတောင် အလွန်ဆုံးသုံးဆယ်ရာခိုင်နှုန်းပဲ ရှိလိမ့်မယ်”

ယုယွမ်ချူးယွင် တအံ့တဩ စုပ်သပ်လိုက်မိသည်။ “ဆရာကျန့်ကတော့ ဆရာကျန့်ပါပဲ။ ဆရာကျန့်ဆီက ဓားပညာ သင်ယူခဲ့ရလို့သာ ချူးယွမ်အနေနဲ့ ဒီနေရာအထိ ရောက်လာနိုင်တာပါ”

ရုတ်တရက် လေသင်္ဘောအစင်းနှစ်ရာကျော်က တကျွိကျွိ မြည်လျက် ဘေးလှည့်လိုက်ကြသည်။ ဧရာမသင်္ဘောကိုယ်ထည်ကြီးများက လေထဲတွင် အတားအဆီးတစ်ခုပမာ ဖြစ်လာပြီး အမြှောက်များ တစ်ပြိုင်တည်း ပစ်ချလိုက်ကြ၏။ အလွန်ကြီးမားသော အလင်းတန်းများ ထွက်လာကြသည်။

တစ်ချက်တည်းဖြင့် မှော်ဆရာဘုရင်၊ ခန်များနှင့် လူရိုင်းဘုရင်များမှာ ဇကာပေါက်ဖြစ်ကာ လေပေါ်မှ ပြုတ်ကျသွားကြ၏။

ပထမအသုတ်နောက်ရှိ သေခြင်းရှင်ခြင်းအဆင့်နှင့် ကောင်းကင်တံတားအဆင့် သိုင်းပညာရှင်များ ထိတ်လန့်သွားကြသည်။ ထိုအချိန်တွင် နယ်စားဝေ့၊ စစ်သေနာပတိချုပ်၊ ကွမ့်ကျွင်းတပ်မျူးချုပ်နှင့် ဟွိုက်ဟွားတပ်မှူးချုပ်တို့က သူတို့ကို အငိုက်ဖမ်းတိုက်ခိုက်ကြသည်။

အလံသင်္ဘောပေါ်တွင် ဓားစံအိမ်သခင်ကိုယ်တိုင် အလံဝှေ့ယမ်းပြီး အမြှောက်များက မြေပြင်ကို ချိန်ရွယ်လိုက်ကြသည်။ အမြှောက်အလင်းတန်းများက ဓားရောင်များပမာ စစ်မြေပြင်ကို ထိုးခွဲသွား၏။

ဓားစံအိမ်သခင်က အလံဝှေ့ယမ်းလိုက်ရာ လေသင်္ဘောအစင်းနှစ်ရာကျော်က နှစ်ဖွဲ့ခွဲလိုက်သည်။ တစ်ဖွဲ့က အမြင့်သို့ ပျံတက်သွားပြီး တစ်ဖွဲ့က မြေကြီးထံမှ ကိုက်သုံးရာအကွာတွင် ပျံဝဲနေကြသည်။ ယုယွမ်ချူးယွင်က အပေါ်တပ်ဖွဲ့ကို ဦးဆောင်၍ ဝံပုလွေသိမ်းငှက်များကို သုတ်သင်သည့်အချိန် ဓားစံအိမ်သခင်က အောက်တပ်ဖွဲ့ကို ထိန်းချုပ်၍ မြေကြီးကို ထယ်ထိုးသွားသကဲ့သို့ တဟုန်ထိုး ရှေ့တိုးဝင်သွားသည်။ အမြှောက်အလင်းတန်းများက မိုးရွာကျသကဲ့သို့ စစ်မြေပြင်ထက်တွင် တဖျတ်ဖျတ် လက်နေပြီး လူရိုင်းများ၊ ဆိတ်များမှာ ဖရိုဖရဲ ဖြစ်ကုန်တော့သည်။

ချင်မူနှင့် ထော့ကျိုး ချင်းမန်တံခါးသို့ ပြန်ရောက်သည့်အခါ မျှော်စင်ပေါ်တွင် စိမ်ပြေန‌ပြေ လက်ဖက်ရည်ကြမ်း သောက်နေသော ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် ရွာလူကြီးကို တွေ့လိုက်ရသည်။ သူတို့ကြည့်ရသည်မှာ အပြင်ရှိ အခြေအနေကို မတုန်လှုပ်သည့်အလားပင်။

“ကျန့်စန်းရှန့်က သူ့ကိုယ်သူ ကောင်းကောင်းထိန်းနိုင်တယ်။ သူ့ဓားသိုင်းကလည်း အံ့မခန်းပဲ။ ပညာရှင်တစ်ယောက်လို့တောင် သတ်မှတ်နိုင်နေပြီ”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ရွာလူကြီးအတွက် လက်ဖက်ရည်ကြမ်း ငှဲ့ပေးလိုက်သည်။ ရွာလူကြီးက အကျင့်ပါနေ၍ သူ့နှုတ်ခမ်းအနားအထိ လက်ဖက်ရည်ခွက်အား မြှောက်ပေးမည်ကို စောင့်နေသော်လည်း သူ့ဘေးရှိလူက ဆေးဆရာမဟုတ်မှန်း သတိရလိုက်၍ ချီစွမ်းအင်ဖြင့် လက်ဖက်ရည်ခွက်ကို မြှောက်ကာ သောက်လိုက်သည်။ “သူ့ဓားမှာ မင့်ဓားသိုင်းရဲ့ အရိပ်အယောင် ပါနေပေမယ့် ထူးဆန်းတာက ငါ့ဓားသိုင်းရဲ့ အရိပ်အယောင်လည်း ရှိနေတယ်”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ခေါင်းယမ်းလိုက်သည်။ “ကျွန်တော် သူ့ကို တစ်ခါမှ မသင်ပေးခဲ့ဖူးဘူး”

သူတို့နှစ်ယောက်လုံး မျှော်စင်ထဲ ဝင်လာသော ချင်မူ့ကို တစ်ပြိုင်တည်း လှည့်ကြည့်လိုက်ကြသည်။ သူတို့တစ်ယောက်မှ ဓားစံအိမ်သခင်ကို ဓားသိုင်းမသင်ပေးခဲ့လျှင် ဤမဟာနတ်ဂိုဏ်းသခင်ချင်သာ ဖြစ်နိုင်သည်။

ချင်မူ့လက်တစ်ဖက်က ထူးထူးဆန်းဆန်း ရွှေစာအုပ်တစ်အုပ်ကိုင်ထားပြီး ကျန်တစ်ဖက်က အတွင်းခံတစ်ထည် ကိုင်ထား၍ သူတို့နှစ်ယောက် မျက်မှောင်ကြုတ်မိလိုက်ကြ၏။

“မူအာ ငါတော့ ခိုးလာတဲ့ ပစ္စည်းတွေ အကုန် ပစ်ချလိုက်ရတယ်။ မင်းက မပစ်ချခဲ့ဘူးဆိုတော့ အခု တစ်လောကလုံးမှာ နံပါတ်တစ် ကောင်းကင်စောရ ဖြစ်သွားပါပြီ”

ချင်မူ ခေါင်းယမ်းကာ ပြောလိုက်သည်။ “ကျွန်တော်က ဘိုးဘိုးထက် အများကြီးနိမ့်ကျပါသေးတယ်”

“အဲဒါကြီး ပစ်လိုက်စမ်းပါဟ” ထော့ကျိုးက နှာခေါင်းပိတ်၍ ပြောသည်။ “မှော်ဆရာသခင်ရဲ့ အတွင်းခံက ဘာများကောင်းလို့လဲကွာ။ မြန်မြန် ပစ်လိုက်စမ်းဘာ”

ချင်မူ အတွင်းခံကို မျှော်စင်အပြင် လွှတ်ပစ်လိုက်သည်။ ထို့နောက် လက်ဖက်ရည်သောက်နေသော လူနှစ်ယောက်ဆီ လျှောက်သွားပြီး လက်ဖက်ရည်စားပွဲပေါ် ရွှေစာအုပ်ကို ပစ်တင်လိုက်၏။ လက်ဖက်ရည်အနံ့ ရှူပြီးသည့်အခါ သူ ပြုံးလိုက်သည်။ “ကျွန်တော့်မှာ လက်ဖက်ခြောက်ကောင်းကောင်း ရှိတယ်။ အထက်ကောင်းကင်ဘုံက ရှုရှန်းဟွာဆိုတဲ့ သခင်လေး ပေးလိုက်တာ။ ကျွန်တော်က အရှက်မရှိဘဲ အိတ်တစ်ဝက်လောက်ပေးပါ တောင်းခဲ့တာလေ”

“အထက်ကောင်းကင်ဘုံ”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် ရွာလူကြီး ထခုန်မတတ် လန့်ဖျပ်သွားကြသည်။ ရွာလူကြီးက အလျင်အမြန် မေးလိုက်၏။ “အထက်ကောင်းကင်ဘုံက လာတဲ့သူကို တွေ့ခဲ့တာလား။ သူ မင်းကို တိုက်ခိုက်သေးလား”

“မတိုက်ခိုက်ပါဘူး” ချင်မူ စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။ “ရှုရှန်းဟွာက သိပ်တော်တာပဲ။ ကျွန်တော် သူနဲ့ ကောင်းကင်နတ်သိုင်း ဖလှယ်ကြည့်တော့ နှစ်ယောက် လက်ရည်တူနေတာ။ ရွာလူကြီး သူ့မှာလည်း လောကသခင်ခန္ဓာရှိတယ်။ ကျွန်တော့်လို လောကသခင်ခန္ဓာဗျ”

ကောင်လေးချင်မူ စိတ်လှုပ်ရှားလာ၏။

All Chapters