ကူချိုက်၏ တောင်းဆိုမှု
Vol. 64 Ch. 893
မိုဝူကျိက ကနဦး နတ်ဘုရားအဆင့် ၁ သို့ ရောက်လာပြီး အရမ်းကို ခံစားချက် ကောင်းနေသည်။ သူက သူ့အင်အား အသစ်ကို စမ်းသပ်ကြည့်ဖို့ ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ဦးနှင့် တိုက်ခိုက်ချင်မိလာသည်။ ထို့အပြင် သူက လျို့ဝှက်တိုက်ကွက်အမျိုးမျိုးကိုလည်း ထုတ်စမ်းကြည့်ချင်မိ၏။ သူ့စည်းမျည်းများက အားကောင်းလာပြီးသည့်နောက်တွင် သူ့လျို့ဝှက်တိုက်ကွက်များ၏ အင်အားမှာလည်း သိသိသာသာ တိုးတက်လာလိမ့်မည်။
ထိုစဉ် အပြင်ဘက်မှ မိုးကြိုးသံများကို ကြားလိုက်ရ၏။ မိုးကြိုးခြိမ်းသံနှင့်အတူ ပေါက်ကွဲသံများက နားကွဲလုမတတ် ကျယ်လောင်လေရာ မိုးမြေစည်းမျည်းများပင် မငြိမ်မသက် ဖြစ်လာရသည်။ တစ်ယောက်ယောက်က မိုးကြိုးစမ်းသပ်ချက် ခံယူနေသည်မှာ သိသာလှ၏။ ထို့အပြင် ထိုလူက အရမ်းအားကောင်းပေသည်။ မိုဝူကျိက ထိုလူသည် သူပင် မခန့်မှန်းနိုင်လောက်သည့်အထိ အားကောင်းကြောင်း မှန်းဆမိလိုက်၏။
ကနဦး နတ်ဘုရားအဆင့် ရောက်ရှိပြီးနောက် မိုဝူကျိ၏ ကျင့်ကြံနှုန်းမှာ နှေးကျသွားလေ၏။ ယခု တစ်ယောက်ယောက်က ကောင်းကင်လူသားဂိုဏ်း၌ မိုးကြိုးစမ်းသပ်ချက် ခံယူနေလေရာ မိုဝူကျိအနေနှင့် ဆက်လက် ကျင့်ကြံဖို့ရာ စိတ်ဓာတ်တက်ကြွမှု မရှိတော့ပေ။ မိုဝူကျိက သူ့ပစ္စည်းများကို သိမ်းဆည်းပြီးသည်နှင့် အစီအရင်အလံများကို သိမ်းကာ ကာကွယ်ရေး အစီအရင်ကို ဖွင့်လိုက်သည်။
မိုဝူကျိက သူ့ဉယျာဉ်ငယ်လေးမှ မထွက်လာခင် ပိန်ပါးပါး ပုံရိပ်လေးက သူ့ဆီ ပြေးလာနေသည်ကို မြင်လိုက်ရ၏။
“ ဂျုနီယာညီမ ကူချိုက်လား ” မိုဝူကျိက ရောက်လာသည့် မိန်းကလေးကို သိချင်စွာ ကြည့်လိုက်သည်။ ကူချိုက်သည် အာဟာရ ပြတ်လပ်နေသည့်ဟန် ပေါ်ကာ သူမ ဆံပင်များမှာ ပါးလွှာနေရုံသာမက ဝါကျင့်ကျင့် ဖြစ်နေသည်။
ကောင်းကင်လူသားဂိုဏ်း၌ မိုဝူကျိက ကူချိုက်တစ်ယောက်တည်းအပေါ်သာ ဝါစဉ်ကြီး စီနီယာ တစ်ဦး ဖြစ်လေသည်။ ဝေကျဲ ခေါ်ဆောင်လာသည့် တပည့်ခြောက်ယောက်အနက် ကျန်လေးယောက်မှာ မိုဝူကျိ၏ ဝါစဉ်ကြီး အစ်ကို၊ အစ်မများ ဖြစ်ကြပြီး ကူချိုက်တစ်ဦးတည်းသာ သူ့ထက် ဝါစဉ်ငယ်ပေသည်။ သူမကို နောက်ဆုံးမှ ခေါ်ဆောင်လာသည့်အတွက် မိုဝူကျိ၏ ဂျုနီယာညီမလေးဟု သတ်မှတ်၍ ရပေသည်။
“ စီနီယာအစ်ကို ဝူကျိ … ညီမကို ကယ်ပါဦး ” ကူချိုက်က မြေပြင်ပေါ် ဒူးထောက်ကာ တောင်းဆိုလိုက်သည်။
မိုဝူကျိက ကူချိုက်အား နားမလည်စွာ ကြည့်လိုက်မိသည်။ အကယ်၍ ကူချိုက်သာ အသက်အန္တရာယ်ရှိနေလျှင် သူ့အသက်လည်း အန္တရာယ် ရှိနေနိုင်သည်။ အကယ်၍ ဤသည်မှာ အမှန်ဖြစ်နေလျှင် ကူချိုက်ကို သူက မည်သို့ ကူညီပေးရမည်နည်း။ ထို့အပြင် ကောင်းကင်လူသားဂိုဏ်းအတွင်း နတ်ဝိညာဉ်စွမ်းအားများမှာ နည်းပါးရုံသာမက လူများမှာလည်း အရမ်းကို ကြင်နာတတ်ကြသည်။ မည်သူကမှ ကူချိုက်အား အနိုင်မကျင့်လောက်ပေ။
မိုဝူကျိက သေချာစဉ်းစားကြည့်ပြီးနောက် ကူချိုက်သည် တစ်ယောက်ယောက်၏ အနိင်ကျင့်မှုကို ခံရလျှင်ပင် သူ့ဆီ လာရောက်တောင်းဆိုမည် မဟုတ်ကြောင်း သတိပြုမိလိုက်သည်။ အစကတည်းက သူက ကူချိုက်နှင့် စကားပင် မပြောဖူးပေ။ တခြားနည်းဖြင့်ဆိုရလျှင် သူတို့နှစ်ယောက်မှာ တစ်ယောက်နှင့် တစ်ယောက် မရင်းနှီးလေရာ ကူချိုက်က သူ့ဆီကနေ အဘယ်ကြောင့် အကူအညီ တောင်းသနည်း။
“ ဘာတွေ ဖြစ်နေတာလဲဆိုတာ ထပြီး ပြောပါ ..” မိုဝူကျိက အဝေးတစ်နေရာမှ တိမ်မည်းများကို မော့ကြည့်လိုက်သည်။ တစ်ယောက်ယောက်က တကယ်ကြီး မိုးကြိုးစမ်းသပ်ချက် ခံယူနေပေသည်။
ကူချိုက်က ဘာမှမပြောဘဲ မျက်ရည်များသာ စီးကျလာပြီး “ ဂိုဏ်းချုပ်က ညီမကို သတ်ချင်နေတယ် ”
မိုဝူကျိက တုန်လှုပ်မိသွားသည်။ အကယ်၍ ဂိုဏ်းချုပ်က ကူချိုက်အား မည်သည့်အကြောင်းပြချက်ဖြင့် သတ်လိုစေကာမူ မိုဝူကျိက ကူချိုက်အား ကယ်တင်ပေးနိုင်မည် မဟုတ်ပေ။ ထို့အပြင် ကောင်းကင်လူသားဂိုဏ်း၏ ဂိုဏ်းချုပ် ရှီစုမှာ သက်ညှာနားလည်ပေးတတ်သူ ဖြစ်ဟန် ပေါ်ရာ ပါးမွှားလေးလိုမျိုး ကူချိုက်လို တပည့်အား အဘယ်ကြောင့် သတ်ပစ်ချင်သည်နည်း။
…………..…
“ ဒါက ကျုပ် အဘိုးပဲ …. အဘိုး မပျောက်ကွယ်သွားသေးဘူး …” သူတို့က ဂိုဏ်းမှ ပြေးထွက်လာရင်း အားလုံးက ခမ်းခြောက် စိမ့်စမ်းအိုင်အတွင်း မိုးကြိုးစမ်းသပ်ချက် ခံယူနေသည့် ကျင့်ကြံသူ တစ်ဦးကို မြင်လိုက်ရသည်။ ဖန်းဖုန်းပန်က အံ့ဩတကြီး ထအော်ပြောလိုက်သည်။
“ ဆရာ …” ရှီစုသည်လည်း တူညီစွာ စိတ်လှုပ်ရှားမိနေသည်။
ကောင်းကင်လူသားဂိုဏ်းရှိ အားလုံး၏ မျက်ဝန်းမှာ နီရဲလာကြ၏။ အကြီးအကဲများကလည်း ဖန်းကျဲကို သိကြပေသည်။ သူက ဖန်းဖုန်းပန်၏ အဘိုးဖြစ်ပြီး ဂိုဏ်း၏ အကြီးမားဆုံး ကယ်တင်သူလည်း ဖြစ်၏။ သူက ကောင်းကင်လူသားဂိုဏ်းအား ပျက်သုန်းခြင်းဘေးမှ ကာကွယ်ပေးခဲ့သည်။ ကောင်းကင်လူသားဂိုဏ်းက ယခင်လို ဂုဏ်ကျက်သရေ တင့်တယ်လာသည့် နေ့ရက်များ ပြန်ရောက်မလာသော်လည်း ဂိုဏ်းအား ပျက်သုန်းခြင်းဘေးမှ ကာကွယ်ပေးနိုင်ခြင်းမှာ အလွန်အရေးပါသော အကျိုးပြုမှုကြီး ဖြစ်ပေသည်။
ဖန်းကျဲက ကောင်းကင်လူသားဂိုဏ်းအား ယခင်ကဲ့သို့ ပြန်လည် ဂုဏ်သရေဆောင်နိုင်မည့် နေ့ရက်ဆီ ပြန်ခေါ်ဆောင်မသွားနိုင်သည့် အကြောင်းအရင်းမှာ သူက လုပ်နိုင်စွမ်း မရှိ၍ မဟုတ်ဘဲ လုံလုံလောက်လောက် အားမကောင်း၍သာ ဖြစ်၏။
ယခင် ဖန်းကျဲက ကောင်းကင်နတ်ဘုရား အဆင့် ၉ မျှသာ ရှိနေပြီး ကောင်းကင်နတ်ဘုရားအဆင့် ၉ ကျင့်ကြံသူလေးက ကောင်းကင်လူသားဂိုဏ်း၏ အခြေခံအုတ်မြစ်အား ပြန်လည် တည်ထောင်နိုင်ခဲ့သည်မှာ အံ့ဖွယ် အောင်မြင်မှုမျိုး ဖြစ်နေပြီးသား ဖြစ်၏။ ဂိုဏ်း၏ အုတ်မြစ်အား အပြည့်အဝ တည်ဆောက်ထားနိုင်ခြင်းမှာ သူ့ဉာဏ်ပညာ၊ သတ္တိနှင့် ကံကောင်းမှုတို့ကြောင့် ဖြစ်သည်။
ကောင်းကင်လူသားဂိုဏ်း၏ နတ်ဝိညာဉ်သွေးကြောများ နှုတ်ယူခံလိုက်ရသည့်အခါ ဂိုဏ်းမှာ အလကား ဖြစ်သွားသည်နှင့် ညီမျှပေသည်။ ဖန်းကျဲက လုံးဝ စိတ်ဓာတ်မကျဘဲ ကောင်းကင်လူသားဂိုဏ်း၏ အသက်ရှင်ကျန်သူများကို ပြန်ဆွဲခေါ်လာနိုင်ခဲ့သည်။ သူတို့က ကောင်းကင်လူသားဂိုဏ်း ပြန်လည် တည်ဆောက်မည့်အရေးကို တွေးရင်း အသည်းအသန် ကျင့်ကြံကြသည်။
ကောင်းကင်လူသားဂိုဏ်းကို ပြန်လည် မတည်ဆောက်နိင်သေးသော်လည်း လုံးဝ ပျောက်ကွယ်သွားခြင်းတော့ မဟုတ်ပေ။ သို့သော်လည်း ဖန်းကျဲက အခွင့်အရေးတစ်ခုတွေ့ကာ နတ်ဘုရားအုပ်စိုးသူအဆင့်အထိ တက်လှမ်းနိုင်ခဲ့၏။ ဤသည်မှာ အဆုံးသတ် မဟုတ်သေးပေ။ နတ်ဘုရားအုပ်စိုးသူအဖြစ် နှစ်တစ်သိန်းလောက် ကျင့်ကြံပြီးသည့်နောက်တွင် လောကနတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
နတ်ဘုရားအုပ်စိုးသူအဆင့်မှ လောကနတ်ဘုရားအဆင့်သို့ နှစ်တစ်သိန်းအတွင်း ရောက်ဖို့ရာ ပင်မတပည့်တစ်ယောက်အတွက်ပင် မြန်ဆန်နေပြီဟု ယူဆနိုင်ပေသည်။ သို့သော်လည်း ဖန်းကျဲက အပြင်စည်းတပည့်တစ်ယောက်မျှသာ ဖြစ်၏။
နှမြောစရာကောင်းသည်က သူ လောကနတ်ဘုရားအဆင့်သို့ တက်လှမ်းပြီးနောက်တွင်ပင် နတ်ဘုရားနယ်မြေ၌ အားကောင်းသည့် ပုဂ္ဂိုလ် ဟု ယူဆ၍ မရသေးပေ။ လောကနတ်ဘုရား ဖြစ်လာသည့် တစ်ခုတည်းသော ကောင်းချက်မှာ သူ့အနေနှင့် ယုံကြည်ချက် ရှိလာခြင်း ဖြစ်၏။
ထို့နောက် ဖန်းကျဲက မည်မျှ ကြိုးစားစေကာမူ လောကနတ်ဘုရားအဆင့်တွင်သာ ရပ်တန့်နေလေသည်။ သူ့အနေနှင့် နတ်ဘုရားဘုရင်အဆင့် မတက်လှမ်းနိုင်တော့မှန်း သိရှိပြီးနောက် ဂိုဏ်းအား သူ့တပည့် ရှီစုဆီ ချန်ခဲ့ကာ ထွက်သွားပြီး ဘယ်သောအခါမှ ပြန်ပေါ်မလာတော့ပေ။
ရှီစုနှင့် ဖန်းဖုန်းပန် အပါအဝင် ဂိုဏ်းရှိ အားလုံးက ဖန်းကျဲ သေဆုံးသွားပြီဟု ထင်မှတ်ခဲ့ကြသည်။ ဖန်းကျဲက မသေဆုံသေးဘဲ ဂိုဏ်းဆီ ပြန်ရောက်လာကာ သူ့မိုးကြိုးစမ်းသပ်ချက်အား ဤနေရာ၌ ခံယူမည်ကို မည်သူက သိမည်နည်း။
မည်သူက စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
လွန်ခဲ့သည့်နှစ်များစွာက တည်ထောင်သူ ဘိုးဘေး ဖန်းကျဲသည် လောကနတ်ဘုရားအဆင့် ဖြစ်ကာ ယခု မိုးကြိုးစမ်းသပ်ချက် ခံယူနေလေရာ နတ်ဘုရားဘုရင်အဆင့်တွက် ဖြစ်ပေလိမ့်မည်။ နတ်ဘုရားနယ်မြေရှိ ဂိုဏ်းများတွင် နတ်ဘုရားဘုရင် ရှိသည့် ဂိုဏ်း မည်မျှ ရှိမည်နည်း။
နတ်ဘုရားနယ်မြေ၌ လောကနတ်ဘုရား ရှိသည့် ဂိုဏ်းများစွာ ရှိသော်လည်း လူသိများသည့် ဂိုဏ်းများသာ နတ်ဘုရားဘုရင်အဆင့် ကျင့်ကြံသူ ရှိကြပေသည်။ နတ်ဘုရားဘုရင်နှင့် လောကနတ်ဘုရားကြားရှိ ကွာခြားချက်မှာ အရေးပါသော အပြောင်းအလဲ ဖြစ်၏။ လောကနတ်ဘုရားများအနေနှင့် နှစ်များစွာ ကုန်ဆုံးထားသော်လည်း နတ်ဘုရားဘုရင်အဆင့် တက်လှမ်းခြင်း၌ ကျရှုံးကြရသည်။
“ နတ်ဘုရားဘုရင် … နတ်ဘုရားဘုရင်အဆင့်ပဲ ” ရှီစုက သူ့ဘာသာ ရေရွတ်လိုက်သည်။
နောက်ဆုံးတော့ ငါတို့ ကောင်းကင်လူသားဂိုဏ်းမှာ နတ်ဘုရားဘုရင် ရှိလာပြီ ….
ကောင်းကင်လူသားဂိုဏ်းအနေနှင့် ထိပ်သီးဂိုဏ်း ပြန်ဖြစ်ဖို့ရာ မခက်ခဲတော့ပေ။
အကြီးအကဲများကလည်း အလွန်အမင်း စိတ်လှုပ်ရှားနေမိကြသည်။ အသစ်ဝင်လာကြသော ယင်လင်းနှင့် တိပုထုံတို့ပင် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ကြပေ။
အကယ်၍ လူများသာ ကောင်းကင်လူသားဂိုဏ်း၌ နတ်ဘုရားဘုရင်အဆင့် ရှိလာပြီမှန်း သိကြလျှင် လူတော်တော်များများက နတ်ဝိညာဉ်စွမ်းအား နည်းပါးနေလျှင်ပင် ဂိုဏ်းသို့ ဝင်ရန် ရောက်လာကြလိမ့်မည်။
တခြားအကြောင်းပြချက်ကြောင့် မဟုတ်ဘဲ နတ်ဘုရားဘုရင် ရှိနေ၍ ဖြစ်၏။
မိုးခြိမ်းသံများနှင့်အတူ မိုးကြိုးချက်များက ဆက်တိုက် ကျရောက်နေသည်။ ဖန်းကျဲက သူ့မှော်ရတနာအား အသုံးပြုကာ မိုးကြိုးချက်များမှ ကာကွယ်ထားလေ၏။ သူ့ခန္ဓာကိုယ်ပတ်လည်ရှိ စွမ်းအားများမှာ မငြိမ်မသက် ဖြစ်လာပြီး အတားအဆီးတစ်ခုကို ကျော်ဖြတ်တော့မည့်အလား ဖြစ်နေသည်။
ပြင်းထန်လွန်းသည့် မိုးကြိုးစမ်းသပ်ချက်က ကျင့်ကြံသူများကို ဆွဲဆောင်ထားလေ၏။ နေ့တစ်ဝက်တာအတွင်း ကောင်းကင်လူသားဂိုဏ်းအပြင်ဘက်ရှိ ခမ်းခြောက်နေသည့် စိမ့်စမ်းအိုင်အနားတွင် လေ့လာသူများနှင့် ပြည့်နှက်သွားသည်။
ကျင့်ကြံသူများစွာက ထိုင်ကာ ဖန်းကျဲ၏ မိုးကြိုးစမ်းသပ်ချက်ကြောင့် ဖြစ်ပေါ်လာသည့် မိုးမြေစည်းမျည်း အပြောင်းအလဲများမှ တဆင့် ဉာဏ်အလင်းပွင့်ဖို့ရာ ကြိုးစားနေကြသည်။
ရှီစုတို့သည်လည်း လာရောက်ကြည့်ရှုကြသော လူအုပ်ကြီးကို သတိပြုမိလိုက်ပြီး စတင် စိုးရိမ်မိလာသည်။ သို့သော် သူတို့က အရမ်းအားနည်းနေသည့်အတွက် ထိုလူများကို ထွက်သွားခိုင်းဖို့ရာ အရည်အချင်း မပြည့်မှီပေ။
ထိုစဉ် သူတို့လည်း ထိုင်ကာ မိုးမြေစည်းမျည်း အပြောင်းအလဲများမှ ဉာဏ်အလင်းပွင့်ဖို့ရာ ကြိုးစားလိုက်ကြသည်။ သို့သော်လည်း သူတို့က ထိုသို့လုပ်ရန် စိတ်ခံစားချက် မဟုတ်ပေ။
…………………..
မိုဝူကျိက ကူချိုက်ဆီမှ ဇာတ်ကြောင်းအပြင် ဖန်းဖုန်းပန်၏ စကားများအပါအဝင် အဖြစ်အပျက်တစ်ခုလုံးကို နားထောင်ပြီးနောက် သူသည်လည်း နယ်ခြားကျင့်ကြံသူအကြောင်း ကြားကာ တူညီစွာ အံ့ဩတုန်လှုပ်မိသွားသည်။ ထို့အပြင် သူက အမှောင်ထု ဝိညာဉ်ကြောအကြောင်း တစ်ခါမှ မကြားဖူးပေ။
“ ဂျုနီယာညီမလေး ကူချိုက်က ငါ့ဆီ လာပြီး အကူအညီတောင်းဖို့ ဘယ်လိုလုပ် တွေးမိသွားတာလဲ ” မိုဝူကျိက ကူချိုက်အား မေးခွန်းထုတ်လိုက်သည်။
ကူချိုက်က မိုဝူကျိ၏ မေးခွန်းကြောင့် ကြောင်အမ်းသွားလေ၏။ သူမက မိုဝူကျိအား ဘယ်လိုကြောင့် အကူအညီတောင်းမိလိုက်သနည်း။ သူမက မိုဝူကျိအား မသိပေ။ ဤတစ်ခါ တပည့်များအနက် မိုဝူကျိ တစ်ယောက်တည်းသာ အတွင်းစည်းတပည့် ဖြစ်၏။ ကျန်လူများမှာ အနည်းဆုံးမှာ အမွေခံ တပည့်အဖြစ် ခေါ်ယူခံခဲ့ရသည်။
သို့သော်လည်း သူမက မိုဝူကျိကို ရှာမတွေ့လျှင် မည်သူကို သွားရှာရမည်နည်း။ အသစ်ခေါ်လာသည့် တပည့်ခြောက်ယောက်အနက် နှစ်ယောက်မှာ ပြန်ရောက်မလာသေးပေ။ သူတို့တွေ အသက်ရှင်သေးလားဆိုသည်ကိုလည်း မသိပေ။ ယင်လင်းနှင့် တိပုထုံတို့က သူမအား ကူညီပေးလိုလျှင် သူတို့က သူမအား လာပြောကြလိမ့်မည်။ မိုဝူကျိမှ လွဲ၍ သူမတွင် တခြားအကူအညီတောင်းစရာ လူ မရှိပေ။
မိုဝူကျိက ကူချိုက်၏ အတွေးများကို နားလည်သည့်အလား ဒူးထောက်နေသည့် ကူချိုက်အား ဆွဲထူပေးလိုက်သည်။ သူသည်လည်း စိတ်ထဲ၌ ကူကယ်ရာမဲ့နေမိသည်။
“ စီနီယာအစ်ကိုဝူကျိကို တောင်းပန်ပါတယ် ” ကူချိုက်က ဦးညွှတ်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း လှည့်ထွက်လိုက်သည်။ သူမက စကားပြောနည်းသော်လည်း အရူး မဟုတ်ပေ။ သူမက သူမဘေးပတ်လည်မှ အကြောင်းအရာကို သေချာသိထားသော်လည်း သူမအတွေးများကို ပွင့်ပွင့်လင်းလင်း မဖော်ပြလိုရုံသာ ဖြစ်၏။
သူမက သူမ အဖေ စကားကို နားမထောင်မိသည့်အတွက် နည်းနည်း နောင်တရနေမိသည်။ သူမ ဖခင်က သူမအနေနှင့် ဂိုဏ်းများဆီ မဝင်သင့်ကြောင်းနှင့် ဝိညာဉ်ကြော စစ်ဆေးမှုကို မခံယူသင့်ကြောင်း မှာကြားခဲ့ဖူးသည်။
သူမက အတားအဆီးအထိ ကျင့်ကြံပြီးနောက် ကနဦး နတ်ဘုရားအဆင့်ကို မတက်လှမ်းနိုင်သေးပေ။ သူမက သူမဘာသာ မထိန်းချုပ်နိုင်တော့ပေ။ သူမက ဂိုဏ်းများက တပည့်လက်ခံနေသည့်အကြောင်းကို ကြားသည့်အခါ အချိန်အတော်ကြာသည့်အထိ တွေးမိခဲ့သည်။ ကောင်းကင်လူသားဂိုဏ်း၏ အကြီးအကဲ ဝေကျဲက သူမအား ဆွဲထားရင်း ခေါ်လာသည့်အခါ သူမအနေနှင့် မငြင်းဆန်နိုင်တော့ဘဲ ကောင်းကင်လူသားဂိုဏ်းဆီ ဝင်ခဲ့မိတော့သည်။
“ မင်း ကျင့်ကြံနေတဲ့ ကျင့်စဉ်က ဘာလဲ ” မိုဝူကျိက ရုတ်ချည်း ထမေးလိုက်သည်။
“ ညီမက အမှောင်ထုစည်းမျည်းများ ကျင့်စဉ်ကို ကျင့်ကြံတာပါ။ အဖေ စကားကို နားမထောင်မိလို့ နောင်တ ရမိတယ် ” ကူချိုက်က ငိုရှိုက်ရင်း ပြောလိုက်သည်။
မိုဝူကျိက ကျင့်စဉ်ဆရာကြီး ဖြစ်ရာ လူသားတာအို၏ ဘိုးဘေးလည်း ဖြစ်၏။ သူ့နားလည်နိုင်စွမ်းမှာ ကူချိုက် ယှဉ်ပြိုင်နိုင်သည့်အရာ မဟုတ်ပေ။ သို့သော် ကူချိုက်၏ စကားများကို ကြားပြီးနောက် သူ့စိတ်လှုပ်ရှားမိသွား၏ “ ဂျုနီယာညီမလေး ကူချိုက် … မင်းရဲ့ ကျင့်စဉ်ကို ပြလို့ ရမလား ”
ကူချိုက်က ရပ်တန့်လိုက်ပြီးနောက် မိုဝူကျိအား မရေမရာ ကြည့်လိုက်သည်။ ခဏကြာပြီးနောက် သူမက ခေါင်းညိတ်ပြကာ “ ရပါတယ် … ”
ထိုသိုပြောပြီးနောက် သူမက သိုလှောင်လက်စွပ်မှ သလင်းကျောက်လေးကို ထုတ်ကာ မိုဝူကျိအား ပေးလိုက်၏။
မိုဝူကျိ၏ စိတ်စွမ်းအားက သလင်းကျောက်ဆီ ရောက်ရှိသွားသည့်အခါ အဆုံးမဲ့သော အမှောင်ထုက ထွက်ပေါ်လာသည်။ ဤသို့ အမှောင်ထုအောက်၌ အားလုံးက ပျောက်ကွယ်သွားသည်။ ကြည့်ရသည်မှာ အားအကောင်းဆုံး မှော်ရတနာပင် ထိုအမှောင်ထုပေါ် ကျရောက်သွားသည်နှင့် ပျောက်ကွယ်သွားနိုင်သည်။ ဝိညာဉ် တုန်ခါမတတ် တာအိုအငွေ့အသက်များက မိုဝူကျိ၏ အသိစိတ်ပင်လယ်အတွင်း လှည့်ပတ်နေကြသည်။ မိုဝူကျိက အသက်ပြင်းပြင်း ရှုကာ အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ကျင့်ကြံလိုက်သည်။ သိပ်မကြာခင် သူ့ တာအိုအသိဉာဏ်ပွင့် လမ်းကြောင်းက ထိုသလင်းကျောက်နှင့် ရောစပ်သွားတော့သည်။
မိုဝူကျိ ရှေ့မှောက်တွင် လုံးဝကွဲပြားနေသည့် ကမ္ဘာသစ်တစ်ခု၏ စည်းမျည်းများက ပေါ်လာသည်။ ထိုတာအိုအငွေ့အသက်များကြောင့် မိုဝူကျိက မနေနိုင်တော့ဘဲ အသက်ပြင်းပြင်း ရှုရှိုက်လိုက်မိပြန်သည်။ ထို့နောက် မဟာတာအို၏ မှတ်ဉာဏ်ကြွေးကြော်သံများနှင့်အတူ တာအိုအရှိန်အဝါများက သူ့အသိစိတ်ပင်လယ်အတွင်း ပြောမပြတတ်လောက်အောင် စတင်ပေါ်လာသည်။
မိုဝူကျိက အမှောင်ထုစည်းမျည်း ကျင့်စဉ်ကို ဆက်လက်၍ မလေ့လာကြည့်တော့ပေ။ သူ့ကျင့်ကြံဆင့်က နိမ့်နေသေးသော်လည်း သူက လူသားတာအို၏ တည်ထောင်သူ ဘိုးဘေး ဖြစ်ပေသည်။ သူက မိုးမြေစည်းမျည်းများ၊ တာအိုစည်းမျည်းများနှင့် ပတ်သတ်လာလျှင် သာမာန်ကျင့်ကြံသူများထက် စွမ်းဆောင်ရည် ပိုကောင်းလေ၏။
ကူချိုက်ဆီ သလင်းကျောက် ပြန်ပေးလိုက်ပြီးနောက် မိုဝူကျိက ပြောလိုက်သည်
“ ဂျုနီယာညီမလေး … မင်း ပြောတော့ နတ်ဘုရားနယ်မြေမှာ အမှောင်ထု ဝိညာဉ်ကြော မရှိဘူးဆို …. တကယ်လို့ အမှောင်ထု ဝိညာဉ်ကြော မရှိရင် ဒီနေရာ နတ်ဘုရားနယ်မြေမှာ မိုးမြေရဲ့ အမှောင်ထု စည်းမျည်းလည်း ရှိနေမှာ မဟုတ်ဘူး။ ဒီနေရာမှာ အဲလို စည်းမျည်းမျိုး ရှိမနေရင် မင်းအနေနဲ့ ဘယ်လောက်ကျင့်ကြံ ကျင့်ကြံ ကနဦး နတ်ဘုရားအဆင့်ကို ရောက်လာမှာ မဟုတ်ဘူး။ ပြောရမယ်ဆိုရင် မင်းရဲ့ ပါရမီက ဘယ်လောက်မြင့်မြင့်၊ ဘယ်ဂိုဏ်းကို ဝင်ဝင် မင်းက ကနဦး နတ်ဘုရားအဆင့်ကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး ”
ဤသည်မှာ မိုဝူကျိက လျှောက်ပြောနေခြင်း မဟုတ်ပေ။ အကြောင်းမှာ သူက ကူချိုက်၏ သလင်းကျောက်နှင့် ထိတွေ့ပြီးနောက် ဤနေရာ၌ မိုးမြေ အမှောင်ထုစည်းမျည်း မရှိကြောင်း တကယ် ခံစားမိလိုက်သည်။ အမှောင်ထု ရှိနေသော်လည်း မိုးမြေ၏ အမှောင်ထု စည်းမျည်းနှင့် ကွာခြားလှပေသည်။
“ အာ …” ကူချိုက်က အနည်းငယ် အံ့ဩသွားကာ သလင်းကျောက်ကို ပြန်ယူဖို့ရာပင် မေ့လျော့နေလေ၏။ အမှောင်ထု စည်းမျည်း မရှိလျှင် သူမအနေနှင့် ဤအလွှာအတွင်း ရှိနေသရွေ့ ကနဦး နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်မည် မဟုတ်ပေ။
***