← Chapters

ကောင်းကင်လူသားဂိုဏ်း၏ နတ်ဘုရားဘုရင်

Vol. 65 Ch. 894

ကောင်းကင်လူသားဂိုဏ်း၏ နတ်ဘုရားဘုရင်

Vol. 65 Ch. 894

မိုဝူကျိက ရုတ်တရက် ပြောလိုက်သည် “ မင်းပြောတော့ မင်းမှာလည်း လျှပ်စီးဝိညာဉ်ကြော ရှိတယ်ဆို... မင်း လျှပ်စီးကျင့်စဉ်ကို ဘာလို့ မကျင့်ကြံတာလဲ”

ကူချိုက်က စိတ်ဓာတ်ကျစွာ ခေါင်းခါလိုက်ပြီး  “ ညီမ မကျင့်ကြံချင်လို့ မဟုတ်ပါဘူး … ညီမရဲ့အဖေက ဒီသလင်းကျောက် ကျင့်စဉ်ကိုပဲ  ချန်ရစ်ထားခဲ့လို့ပါ။ ညီမရဲ့ အဖေက ပြောဖူးတယ် .. လျှပ်စီးကျင့်စဉ်က အရမ်းကို တန်ဖိုးကြီးမားလွန်းတယ်တဲ့။ အဆင့် မြင့်လာတာနဲ့အမျှ ပိုပြီး တန်ဖိုးကြီးမားလာတယ်။ တချို့ဂိုဏ်းကြီးတွေတောင်မှပဲ အဲ့လိုမျိုး ကျင့်ကြံစဉ်တွေ မပိုင်ဆိုင်ကြဘူးတဲ့။ ညီမမှာ အဲ့လိုမျိုး ကျင့်ကြံစဉ်တွေနဲ့ ထိတွေ့ဖို့ အခွင့်လည်း မရှိသလို အရည်အချင်းလည်း မရှိပါဘူး ”

ထိုသို့ ပြောပြီးသည့်နောက် ကူချိုက်က သလင်းကျောက်ကို မိုဝူကျိထံ တွန်းပို့ပေးလိုက်ရင်း

“ စီနီယာအစ်ကို ဝူကျိ… ... ညီမက မကြာခင် သေလူ ဖြစ်တော့မှာ။ ဒီဟာလေးက အဖေ ချန်ရစ်ထားခဲ့တဲ့ တစ်ခုတည်းသောအရာပါ…အဲ့ဒါကြောင့် အစ်ကို့ကို ဒီဟာလေး လက်ဆောင်ပေးပါရစေ ”

မိုဝူကျိသည် ဤသလင်းကျောက်က မည်မျှ အစွမ်းထက်သည်ကို ကောင်းကောင်း သိနေသောကြောင့် မသိစိတ်၏ စေ့ဆော်မှုအရ သလင်းကျောက်ကို လက်ခံထားလိုက်မိသည်။ အကယ်၍ သူသာ အမှောင်ထုစည်းမျဉ်းများကို ထိန်းချုပ်နိုင်ပြီး အမှောင်ထုစည်းမျဉ်း လျို့ဝှက်ပညာရပ်ကို ဖော်ထုတ်နိုင်သွားလျှင် သူ့စွမ်းအားမှာ ကြောက်မက်ဖွယ် ကောင်းသွားပေလိမ့်မည်။

မကြာသေးခင်ကပင် မိုဝူကျိက ကူချိုက်ထံမှ ဖန်းဖုန်းပန် ပြောပြခဲ့သော နယ်ခြားကျင့်ကြံသူတစ်ဦးအား တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးတွင် ဆုံးရှုံးမှုအများအပြား ခံစားလိုက်ရသည့် နတ်ဘုရားဘုရင်များအကြောင်းကို ကြားသိခဲ့ရသည်။

ထိုလူများ အဘယ်ကြောင့် ရှုံးနိမ့်ခဲ့ရသနည်း။ နယ်ခြားကျင့်ကြံသူ၏ အမှောင်ထုစည်းမျဉ်းများက အရမ်းအားကောင်းနေသောကြောင့်လေလား။

မိုဝူကျိက အမှောင် ဝိညာဉ်ကြောများနှင့် မည်သည့်ဆက်နွယ်မှုမျှ မရှိချေ။ ထို့အပြင် အမှောင်ဝိညာဉ်ကြော မဆိုထားနှင့် မိုဝူကျိသည် ပုံမှန်ဝိညာဉ်ကြော ရှစ်မျိုးနှင့်ပင် ပတ်သက်ဆက်နွယ်မှု မရှိပေ။ သူက သူ့လူသားတာအိုဖြင့် ကျင့်ကြံနိုင်သေးသည် မဟုတ်ပါလော။

“ ညီမအဖေ ပြောတာတော့ အမှောင်ထုစည်းမျဉ်း လျို့ဝှက်ပညာရပ်က အားလုံးထဲမှာ အစွမ်းထက်ဆုံးပဲတဲ့။ နတ်ဘုရားဘုရင်အဆင့်ထိ ကျင့်ကြံနိုင်သွားရင် အဲ့ဒီသူက နတ်ဘုရားလောက တစ်ခုလုံးမှာ အားအကောင်းဆုံး တည်ရှိမှု ဖြစ်လာနိုင်တယ်တဲ့ ”

ကူချိုက်က သူမဘာသာ စိတ်လျော့လိုက်ပြီး အကူအညီတောင်းလိုသော သူမ၏ မျော်လင့်ချက်အား စွန့်လွှတ်လိုက်ပုံ ပေါ်သည်။

မိုဝူကျိက ဖြည်းညင်းစွာ ပြောလိုက်သည်   “ ကူချိုက်… ဒီအမှောင်ထုကျင့်စဉ် သလင်းကျောက်က ငါ့အတွက် အရမ်းအသုံးဝင်တယ်။ အဲ့ဒါကြောင့် အခုအချိန်မှာ ဒီဟာကို ငါ့ဆီပေးလိုက်တာက မင်း ငါ့ကို အကြီးကြီး ကူညီလိုက်တာပဲ။ ဒီလိုဆိုရင်ကော… ငါ့ဆီမှာ ဘာလျှပ်စီးကျင့်စဉ်မှ မရှိပေမဲ့ ငါက လျှပ်စီးလျို့ဝှက်ပညာရပ်ကိုတော့ ကျွမ်းကျင်တယ်။ မင်းသာ စိတ်မရှိဘူးဆိုရင် ငါ မင်းအတွက် သီးသန့် လျှပ်စီးကျင့်စဉ်တစ်ခု ကူညီပြီး ဖော်ထုတ်ပေးမယ်လေ ”

မိုဝူကျိက ဤသလင်းကျောက်ကို သူနှင့်အတူ ထိန်းသိမ်းထားဖို့ ရွေးချယ်လိုက်သည်မှာ ဤသလင်းကျောက်က သူ့အတွက် အလွန်အသုံးဝင်သောကြောင့်သာ မဟုတ်ချေ။ ပို၍ အရေးကြီးသည်မှာ အကယ်၍ သလင်းကျောက်ကို ကူချိုက်နှင့်သာ ထားခဲ့ပါက ဘေးအန္တရာယ်ကြီးအား ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်နေမည်ကို မိုဝူကျိက သိနေသည်။

အဆင့်မြင့် ကျင့်ကြံသူများကသာ သူတို့၏ စိတ်စွမ်းအားကို သုံး၍ ကူချိုက်၏ သိုလှောင်ရေးလက်စွပ်အား စစ်ဆေးကြည့်လိုက်မည်ဆိုလျှင် ကူချိုက်တွင် အတွင်းရေးလျို့ဝှက်ချက်များကို ဆက်လက် ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။

မိုဝူကျိကတော့ မတူပေ။ အကြောင်းမှာ ဤသလင်းကျောက်ကို သူ့ထာဝရကမ္ဘာငယ်လေးထဲတွင် ထည့်ထားနိုင်သောကြောင့် ဖြစ်သည်။

သူ့ကို သတ်ပြီး သူ့အသိစိတ်ပင်လယ်ကို ဖျက်ဆီးမပစ်နိုင်သ၍ မည်သူကမှ သူ့ထာဝရကမ္ဘာငယ်လေးကို သိလိမ့်မည် မဟုတ်ပေ။

“ စီနီယာအစ်ကို ဝူကျိ…အစ်ကိုက ကျင့်စဉ်ကို ထုတ်ဖော်နိုင်တာလား ”

ကူချိုက်က မိုဝူကျိအား တအံ့တသြ ကြည့်လိုက်သည်။ သူမက တသီးတသန့် နေတတ်ရုံနှင့် သူမသည် နလပိန်းတုံးဖြစ်သည်ဟု မဆိုလိုပေ။ သူမက ကျင့်စဉ် ဖော်နိုင်သောသူများမှာ မည်သို့သော လူမျိုးဖြစ်သည်ကို ကောင်းကောင်း သိပေသည်။ သူမ အဖေ ဒါမှမဟုတ် လွန်ခဲ့သောနှစ်များစွာက နတ်ဘုရား နယ်မြေအတွင်းသို့ ဖြတ်ဝင်ခဲ့သော သူမအဖိုးပင်လျှင် ကျင့်စဉ်များကို ဖော်ထုတ်နိုင်မည် မဟုတ်ပေ။

“ မင်း ငါ့ကို ယုံတယ်ဆိုရင် ငါ လုပ်ပေးလို့ရတယ်။ ဒါပေမဲ့ ငါ ဖော်ထုတ်လိုက်တဲ့ ကျင့်စဉ်ရဲ့ အဆင့်ကတော့ သိပ်မသေချာဘူး ” မိုဝူကျိက ရိုးသားစွာ ဖြေလိုက်သည်။

သူက အင်မော်တယ်မော်တယ်ကျင့်စဉ်ကို ဖော်ထုတ်နိုင်ခဲ့ကာ တာအိုဖွင့်လမ်းကြောင်းကို ရရှိပိုင်ဆိုင်ခဲ့ပြီး လျှပ်စီးစည်းမျဉ်းများနှင့် ပတ်သက်၍လည်း အတွေ့အကြုံများစွာ ရှိပေသည်။ ကူချိုက်၏ ဝိညာဉ်လမ်းကြောင်းကိုသာ သိပါက သူမအတွက် လျှပ်စီးကျင့်စဉ်ကို သူ ဖော်ထုတ်ပေးနိုင်ပေလိမ့်မည်။ တစ်ခုတည်းသော မသေချာမှုမှာ သူ ထုတ်ပေးလိုက်မည့် ကျင့်စဉ်၏ အဆင့်သာ ဖြစ်၏။

“ အစ်ကိုကြီး ဝူကျိ…အစ်ကိုကြီး  လုပ်ပေးလိုက်တဲ့ ကျင့်စဉ်က ကျွန်မကို ကနဦး နတ်ဘုရားအဆင့်ထဲ တက်လှမ်းနိုင်အောင် လုပ်ပေးနိုင်မှာလား ” ကူချိုက်က သိချင်စွာ မေးလိုက်သည်။ သူမက မိုဝူကျိကို ခေါ်ပုံမှာ မသိလိုက်ခင်မှာပင် ပြောင်းလဲသွားဟန် ပေါ်သည်။

မိုဝူကျိက လက်ကို ဝှေ့ကာ ယုံကြည်ချက် ရှိရှိ ပြောလိုက်သည်။

“ စိတ်မပူပါနဲ့… မင်း ကနဦးနတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်မယ်ဆိုတာ သေချာတယ် ”

ယခု မိုဝူကျိကိုယ်တိုင်က ကနဦးနတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ကာ သူ့ကျင့်စဉ်က သူမကို ကောင်းကင် နတ်ဘုရားအဆင့် တက်လှမ်းနိုင်အောင် လုပ်ပေးနိုင် မပေးနိုင် မသေချာသော်လည်း ကနဦး နတ်ဘုရားအဆင့်မှာမူ ပြသာနာမရှိ ဟု သူ ယုံကြည်ထားသည်။

“ အစ်ကိုကြီး ဝူကျိကို လုပ်ပေးဖို့ တောင်းဆိုချင်  … ”

ကူချိုက်က သူမ၏ ကံကြမ္မာအကြောင်း သတိရသွားကာ သူမစကားကို တစ်ဝက်တစ်ပျက်နှင့် အဆုံးသတ်လိုက်သည်။ သူမက ခေါင်းကို ခါကာ ဆက်လက်၍ မပြောတော့ပေ။

မိုဝူကျိက မှတ်ချက်ပေးလိုက်သည်  “ ကူချိုက်… ဟိုးအရင်နှစ်တွေတုန်းက ငါက မင်း ထက်ပိုပြီး ကြီးမားတဲ့ အန္တရာယ်ဒုက္ခတွေကြား ရောက်နေခဲ့တယ်။ ဒါပေမဲ့ ငါ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့သေးတယ် မဟုတ်ဘူးလား။  တကယ်လို့ ဂိုဏ်းချုပ်သာ မင်းကို အမှန်တကယ် သတ်ချင်တယ်ဆိုရင် မင်း ခုချိန်ထိ အသက်ရှင်နေပါ့ဦးမလား။

သူက မင်းကို နေရာတင် မသတ်လိုက်ဘူးဆိုကတည်းက သူ တွေဝေနေသေးတယ်လို့ ဆိုလိုတာပဲ။ တွေဝေမှု ရှိနေတယ်ဆိုရင် မင်းမှာ မျှော်လင့်ချက်ရှိသေးတယ်လို့ ဆိုလိုတာပဲ။

ငါ့စကားကို ယုံကြည်ပြီး နားထောင်ပါ။ မင်းကံကြမ္မာကို ကြိုတင်သတ်မှတ်ထားပြီးသားလို့ မင်းက လက်မခံဘူးဆိုရင် မင်းမှာ အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိသေးတယ်။ မင်း ဒီနေ့ သေမယ်လို့ လက်ခံထားလိုက်ရင် မင်းမှာ ဘာမျှော်လင့်ချက်မှ ကျန်တော့မှာမဟုတ်ဘူး။ တကယ်လို့ မင်းက လမ်းဆုံး ရှေ့မှာ ရောက်နေခဲ့ရင်တောင် အဆုံးစွန်ထိ ဘယ်အရာမဆို ဖြစ်လာနိုင်သေးတာပဲ ”

ကူချိုက်က မိုဝူကျိကို လက်ခံယုံကြည်စွာ စိုက်ကြည့်လိုက်ရင်း ခေါင်းကို မော့လိုက်ကာ

“ အစ်ကိုကြီး မို… ကျွန်မ အစ်ကို့စကား နားထောင်ပါ့မယ် ”

……………….

“ ဘုန်း ဘုန်း …”  လျှပ်စီးမိုးကြိုးများက ပို၍ သိပ်သည်းကာ ထူထပ်လာသည်။ ထိုအခိုက်အတန့်၌ လျှပ်စီးအလင်းက ကောင်းကင်လူသားဂိုဏ်း အပြင်ဘက်ရှိ ခမ်းခြောက် စိမ့်စမ်းအိုင် တစ်ခုလုံးနီးပါးကို လွှမ်းခြုံသွားသည်။

ကောင်းကင်လူသားဂိုဏ်းမှ အကြီးအကဲအားလုံးက စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။ လောကနတ်ဘုရား စမ်းသပ်ချက်ကို ကျရှုံးကာ နောက်ဆုံးတွင် အသက်ဆုံးရှုံးခဲ့ရသော အဆင့်မြင့်ကျင့်ကြံသူများစွာ ရှိပေ၏။

“ ဝုန်း ”

နောက်ထပ် လျှပ်စီးမိုးကြိုးထုကြီး ထပ်မံ ကျရောက်လာစဉ် ကောင်းကင်လူသားဂိုဏ်းရှိ လူအားလုံးမှာ အသက်အောင့် ထားလိုက်မိကြသည်။ ထို့နောက်  ကြီးမားကျယ်ပြောသော စွမ်းအားကြီးတစ်ခုက ကောင်းကင်အထိ တရှိန်ထိုး တက်သွားကာ ချက်ချင်းပင် ဤစွမ်းအားကြီးက ခမ်းခြောက် စိမ့်စမ်းအိုင် ပတ်လည် နယ်မြေတစ်ခုလုံးကို ဖိနှိပ်လိုက်သည်။

စိတ်ဝိညာဉ်တိမ်တိုက်များ စတင် ကင်းစင်လာပြီး လျှပ်စီးမိုးကြိုးများလည်း ပျောက်ကွယ်သွားသည်။

ဖန်းကျဲက ပျောက်ကွယ်နေသော လျှပ်စီးမိုးကြိုးများကြားမှ ပို၍အားကောင်းလာသည့် အရှိန်အဝါတစ်ခုနှင့် ထွက်ပေါ်လာသည်။ သူက မိုးကုပ်စက်ဝိုင်းကို ဖောက်ထွက်သွားတော့မလိုပင် ခံစားလိုက်ရသည်။

ရှီစု အပါအဝင် ကောင်းကင်လူသားဂိုဏ်းမှ လူများအားလုံး ဒူးထောက်လိုက်ကြကာ အားလုံးနီးပါး၏ မျက်ဝန်းများမှာ အနည်းငယ် နီရဲနေကြသည်။ ကောင်းကင်လူသားဂိုဏ်းတွင် နတ်ဘုရားဘုရင်တစ်ဦး နောက်ဆုံးတော့ ထွက်ရှိလာခဲ့လေပြီ။ ဤသည်မှာ ကောင်းကင်လူသားဂိုဏ်းသည် ယခင်ကကဲ့သို့ မထင်မရှား ကျန်ရှိနေတော့မည် မဟုတ်ကြောင်းကို ညွှန်ပြနေလေ၏။

“ ဂိုဏ်းချုပ်ဖန်း…ဂိုဏ်းချုပ်ရဲ့ နတ်ဘုရားဘုရင်တာအို ပြီးမြောက်အောင်မြင်ပြီး နတ်ဘုရားနယ်မြေကို ငွားငွားစွင့်စွင့် လွှမ်းမိုးနိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်…” မြောက်များစွာသော ဂုဏ်ပြုသံများကို ကြားလိုက်ရသည်။

ထို့နောက်တွင် ဖန်းကျဲ၏ ခေါင်းထက်ရှိ တိမ်တိုက်များက စတင် ပျောက်ကွယ်လာပြီး သူ့ကိုယ်ပတ်လည်ရှိ စွမ်းအင်မှာ လျော့ပါးလာသည်။ နတ်ဘုရားဘုရင်စွမ်းအင်မှာလည်း အစောပိုင်းကလောက် မသိသာ မထင်ရှားတော့ပေ။ ဤနေ့မှစ၍ နတ်ဘုရားနယ်မြေတွင် နောက်ထပ် နတ်ဘုရားဘုရင်တစ်ဦး ရှိပြီဖြစ်ကြောင်းကို လူတိုင်းက သိလိုက်ကြသည်။

ဖန်းကျဲက ဆက်လက် မကျင့်ကြံတော့ဘဲ စောင့်ကြည့်နေသော ကျင့်ကြံသူအားလုံးဆီသို့ သူ့လက်နှစ်ဖက်ကို ယှက်ကာ

“ ကျုပ်ရဲ့ ကောင်းကင်လူသားဂိုဏ်းက နောက်ရက် ၃၀ ကြာရင် ဂိုဏ်းပြန်လည်ဖွင့်လှစ်ရေး အခမ်းအနား နဲ့ နတ်ဘုရားဘုရင် ရိုးရာအခမ်းအနားကို ကျင်းပကြမယ်။ ဒီမှာရှိတဲ့ ရောင်းရင်းအပေါင်းတို့ကို ကျုပ်ရဲ့ ကောင်းကင်လူသားဂိုဏ်းမှာ ဒီအခမ်းအနား တက်ရောက်ဖို့ ဖိတ်ကြားကြိုဆိုပါတယ်ဗျာ ”

စောင့်ကြည့်နေကြသည့် ကျင့်ကြံသူလူအုပ်ကြီးထဲတွင် နတ်ဘုရားဘုရင် မပါသော်လည်း အားလုံးက ဖန်းကျဲသည် ဂိုဏ်းကို ရှင်းရှင်းလင်းလင်း ဖြစ်စေဖို့ ကြိုးစားနေကြောင်းကို ကောင်းကောင်း သိသည်။ ရက် ၃၀ အကြာ၍ နတ်ဘုရားနယ်မြေတွင် အသစ်စက်စက် ထိပ်သီးဂိုဏ်း တစ်ခု ရှိလာပေလိမ့်မည်။

လူအုပ်ကြီးက ဖန်းကျဲဆီ ဂုဏ်သွားပြုကြရင်း ရက် ၃၀ အကြာတွင် အခမ်းအနား တက်ရောက်ဖို့ ရောက်ရှိကြမည့်အကြောင်းကိုလည်း အရိပ်အမြွက် ပြောသွားကြသည်။

ကောင်းကင်လူသားဂိုဏ်းမှ ပစ္စည်းများကို ယူခဲ့ဖူးသည့် အဆင့်မြင့်ကျင့်ကြံသူတချို့မှာ ကြောက်စိတ်ဖြင့် စတင် တုန်ရီလာကြသည်။ အကယ်၍ ကောင်းကင်လူသားဂိုဏ်း၌ နတ်ဘုရားဘုရင် အဆင့်မြင့်ကျင့်ကြံသူ တစ်ဦးတစ်လေမျှ ရှိမနေပါက ထိုလောကနတ်ဘုရား အဆင့်မြင့်ကျင့်ကြံသူများသည် ကောင်းကင်လူသားဂိုဏ်းအား ဖျက်ဆီးပစ်ရမည်ဆိုလျှင်ပင် ကြောက်မည် မဟုတ်ပေ။ ယခု ကောင်းကင်လူသားဂိုဏ်းတွင် နတ်ဘုရားဘုရင်တစ်ဦး ရှိလာပြီဖြစ်ရာ လွန်ခဲ့သောနှစ်များစွာက ဖြစ်ပျက်ခဲ့သည်များကိုသာ ဂိုဏ်းက ပြန်လည်ဆန်းစစ်မည်ဆိုလျှင် သူတို့တော့ သေကိန်း ကြုံရပေလိမ့်မည်။

“ တပည့် ရှီစုက  ဆရာကို ဂါရဝပြု ကြိုဆိုပါတယ် ” ဖန်းကျဲ ခမ်းခြောက် စိမ့်စမ်းအိုင်မှ ထွက်လာသည့်အခိုက်တွင် ရှီစုက သူ့ဆီ အလျင်အမြန် သွားလိုက်သည်။

ရှီစု နောက်ကိုလိုက်ကာ အကြီးအကဲများနှင့် ကျန်ရှိနေသေးသော တပည့်များက ဖန်းကျဲအား ကြိုဆိုဖို့ စတင် ရှေ့ထွက်လာကြသည်။

ဖန်းကျဲက အားလုံးကို မျက်လုံးဝှေ့ကြည့်လိုက်ပြီး ရုတ်တရက် ကြွေးကြော် အော်ဟစ်လိုက်သည်။

“ အရင်တုန်းက ငါတို့ရဲ့ကောင်းကင်လူသားဂိုဏ်းကလည်း ထိပ်သီးဂိုဏ်း တစ်ဂိုဏ်းလို့ မှတ်သတ်ခံခဲ့ရတယ်။ ဒီနေ့မှာ ဒီလို အခြေအနေအထိ ကျဆင်းသွားတယ်ဆိုတာ  မယုံကြည်နိုင်ဘူး ”

“ တည်ထောင်သူဘိုးဘေး… အခု တည်ထောင်သူဘိုးဘေးက နတ်ဘုရားဘုရင်တစ်ယောက် ဖြစ်လာပြီဆိုတော့ ကျွန်တော်တို့ ကောင်းကင်လူသားဂိုဏ်းဟာ ကျွန်တော်တို့ရဲ့ အတိတ်က ကျော်ကြားမှု ဂုဏ်သရေကို ပြန်လည်ရယူနိုင်တော့မှာပါ ”

“ ဟုတ်တယ် ဘိုးဘိုး … ဘိုးဘိုးက အခုဆို နတ်ဘုရားဘုရင် တစ်ယောက်လေ… အဲ့ဒါကြောင့် ကျွန်တော်တို့ ကောင်းကင်လူသားဂိုဏ်းက အရင်ကလို ပြန်ဖြစ်သွားတော့မှာ ” ယခုအချိန်ထိတိုင် ဖန်းဖုန်းပန်မှာ စောစောကတင် မျက်မြင်တွေ့ကြုံလိုက်ရသည့်အရာများကို မယုံကြည်နိုင်သေးပေ။

ဖန်းကျဲက ခေါင်းငြိမ့်ပြလိုက်ပြီး သူက မြင့်မားအုပ်မိုးနေသော တောင်ကြီးနှစ်လုံးကို ငေးစိုက်ကြည့်ဖို့ ခေါင်းမော့လိုက်သည်။

“ မင်းတို့ထဲက တချို့ ပြောတာ သဘာဝကျတယ်။ ငါတို့ အကုန်လုံး ပြန်ရသင့်တယ်… ဟိုအရင်နှစ်တွေတုန်းက ငါတို့ ဆုံးရှုံးခဲ့ရတာတွေထက်ကိုပေါ့။ နောက် ရက် ၃၀ ကြာရင် ငါတို့ရဲ့ကောင်းကင်လူသားဂိုဏ်းဟာဆို ဂိုဏ်းရဲ့ ခန်းမကို ပြန်လည်ဖွင့်လှစ်ပြီး ဧည့်သည်တွေကို စားသောက်ပွဲကြီး တည်ခင်းမယ်။ ရှီစု …  ဆရာရဲ့ကျင့်ကြံရေးကို အခြေတည်ဖို့ လုပ်နေတုန်း ဒီကိစ္စကို ဆရာ့အတွက် စီစဉ်ပေးထား။ အဲ့ဒါပြီးသွားရင်တော့ ဆရာ အပြင်ခဏထွက်ဖို့ လိုလိမ့်မယ် ”

“ ဟုတ်ကဲ့ ”

ရှီစုက မဆိုင်းမတွ တုန့်ပြန်လိုက်သည်။ သူက ကူချိုက်အကြောင်း ဖန်းကျဲအား ပြောသင့် မပြောသင့်ကို အနည်းငယ် တွန့်ဆုတ်တွေဝေနေမိသည်။

ဖန်းကျဲက ရှီစု၏ ချီတုံချတုံဖြစ်နေမှုကို သတိပြုမိသဖြင့် တိုးတိုးသာသာ မေးလိုက်သည်။

“ ရှီစု… မင်းက ဆရာ့တပည့်။ ဆရာ မင်းကို အရင်က ပြောခဲ့ဖူးတယ်လေ။ …ကောင်းကင်လူသားဂိုဏ်းက အမြဲတမ်း ပွင့်လင်းပြီး ဖြောင့်မတ်ရမယ်လို့။ မင်းမှာ ကိစ္စတစ်စုံတစ်ရာ ရှိနေရင် ဆရာ့ကို ချက်ချင်းသာ အသိပေး ”

“ ဟုတ်ကဲ့… ကျွန်တော် ဂိုဏ်းချုပ်ကို ဂိုဏ်းခန်းမထဲ ပြန်ကြွဖို့ ဖိတ်ခေါ်ပါရစေ ”  ရှီစုက တလေးတစား ဦးညွှတ်လိုက်သည်။

………………

နောက် နာရီဝက် အကြာတွင် ဂိုဏ်းခန်းမထဲသို့ သူတို့ ပြန်ရောက်လာကြသည်။ ဖန်းကျဲက ဂိုဏ်းချုပ်နေရာတွင် ထိုင်ကာ ရှီစုနှင့် အကြီးအကဲတချို့က သူ့တစ်ဖက်တစ်ချက်ဆီတွင် အလျင်အမြန် နေရာယူထိုင်လိုက်ကြသည်။ ကူချိုက်၏ အမှောင်ဝိညာဉ်ကြောက အားလုံးကို သောကရောက်စေသော်လည်း ကောင်းကင်လူသားဂိုဏ်းမှ နတ်ဘုရားဘုရင် ထွက်ပေါ်လာမှုက အားလုံးကို စိတ်လှုပ်ရှားစေပြန်သည်။

“ ဆရာ့ကို ပြောပြတော့ ”  ဖန်းကျဲက ရှီစုကို ခေါင်းငြိမ့်ပြလိုက်သည်။

ဤနှစ်များစွာ တစ်လျှောက်လုံးတွင် ဖန်းကျဲက သူ့မျက်နှာ ထွက်မပြခဲ့သော်လည်း သူက ကောင်းကင်လူသားဂိုဏ်းမှ အပြင်သို့ ခြေတစ်လှမ်းပင် ထွက်မသွားဖူးချေ။ ရှီစု လုပ်ခဲ့သည့်အရာများကို သူက ကောင်းကောင်း သိလေသည်။ သူ့အနေနှင့် ယခုချိန်အထိ ရှီစု လုပ်ခဲ့သမျှ အရာအားလုံးကို အလွန် စိတ်တိုင်းကျမိသည်။

ကောင်းကင်လူသားဂိုဏ်းမှာ နတ်ဘုရားဘုရင်ကော လောကနတ်ဘုရားပါ မရှိခဲ့ပေ။ ဂိုဏ်းအား မတိုးချဲ့ရန် သို့မဟုတ် ဂိုဏ်းအား မည်သည့် နတ်ဝိညာဉ်စွမ်းအင်မျှ မပိုင်ဆိုင်စေရန် လုပ်ဆောင်ထားသော ရှီစု၏ အစီအစဉ်မှာ အင်မတန် နည်းလမ်းကျသော အကွက်ပင် ဖြစ်သည်။

“ ဟုတ်ကဲ့ ”

ရှီစုက မတ်တပ်ထရပ်ကာ ဦးညွှတ်လိုက်ပြီး ကူချိုက်၏ ပြဿနာတစ်ခုလုံးကို ရှင်းပြလိုက်သည်။

အစပိုင်း၌ ဖန်းကျဲက ကူချိုက်တွင် ပြစ်ချက်ကင်း ဝိညာဉ်ကြော ရှိကြောင်း ကြားသောအခါ ရှေ့ရေး အလားအလာ တက်လမ်းအတွက် ပြောမပြနိုင်လောက်အောင် စိတ်လှုပ်ရှားမိသွားသည်။ နောက်ပိုင်းအကြောင်းအရာကို ကြားသောအခါမှာတော့ သူ့မျက်နှာမှာ တဖြည်းဖြည်းပို၍ တည်ကြည် လေးနက်လာသည်။

ရှီစု၏ ရှင်းပြချက် ပြီးဆုံးသွားသည့်နောက်တွင် ဖန်းကျဲက အချိန်အတော်ကြာသည်အထိ ငြိမ်သက်နေပြီးမှ စကားပြန်ပြောလိုက်သည်။

“ အဲ့ဒီနယ်ခြားကျင့်ကြံသူကို နတ်ဘုရားနယ်မြေထဲမှာ ဝိုင်းသတ်လိုက်ပြီးနောက်  နတ်ဘုရားနယ်မြေမှာ ဘာတွေဖြစ်သွားသေးလဲဆိုတာ မင်းတို့သိကြလား ”

မည်သူ ပြန်ဖြေသည်ကိုမျှ စောင့်မနေတော့ဘဲ ဖန်းကျဲက ဆက်၍ ပြောလိုက်သည်။

“ အဲ့ဒီတုန်းက နယ်ခြားကျင့်ကြံသူ အသတ်ခံလိုက်ရပြီးတဲ့နောက် အားလုံးက မဟာတာအိုတိုက်ပွဲအကြောင်းကို တွေးနေကြတာ မဟုတ်ဘူး။ သူတို့က ကျင့်စဉ်ရဲ့တစ်စိတ်တစ်ပိုင်းကိုပဲ စိတ်ဝင်စားကြတာ။ အဲ့ဒီကျင့်စဉ်က အဲ့ဒီနယ်ခြားကျင့်ကြံသူ ကျန်ရစ်ထားခဲ့တဲ့ အမှောင်ထုစည်းမျဉ်းများ ကျင့်စဉ်လို့ ခေါ်တယ် ”

လူအုပ်ကြီးက အချင်းချင်း အပြန်အလှန်ကြည့်လိုက်ကြပြီး အားလုံးက တည်ထောင်သူဘိုးဘေး ဖန်းကျဲ မည်သည်ကိုဆိုလိုမှန်း နားလည်သွားကြသည်။ အကယ်၍ ထိုနယ်ခြားကျင့်ကြံသူက ထိုအချိန်၌ သူ့အား ဝန်းရံထားသည့် နတ်ဘုရားဘုရင်များစွာကို သတ်လိုက်နိုင်သည်ဆိုပါက သူ့ကျင့်ကြံစဉ်မှာ မည်မျှအစွမ်းထက်ကြောင်းကို စိတ်ကူးယဉ် ခန့်မှန်း၍ ရနိုင်ပေသည်။ ဤကဲ့သို့ ကျင့်စဉ်မျိုးသည်ကား သိသာစွာပင် လူတိုင်းက ထိုအရာအတွက် တိုက်ခိုက်ကြမည်မှာ မလွဲပေ။

ဖန်းကျဲက သက်ပြင်းချလိုက်ပြီး

“အဲ့ဒီနယ်ခြားကျင့်ကြံသူက ဒီအမှောင်ထုစည်းမျဉ်းများ ကျင့်စဉ်ကို ချန်ထားခဲ့ဖို့ အကြံရှိနေတယ်ဆိုတာကို  ဘယ်သူသိမှာလဲ … အဲ့ဒီနယ်ခြားကျင့်ကြံသူ အသတ်ခံရပြီးတဲ့ အချိန်မှာတောင် နတ်ဘုရားနယ်မြေက အဆင့်မြင့်ကျင့်ကြံသူတွေဟာ အဲ့ဒီကျင့်စဉ်အတွက် အချင်းချင်း စတင် တိုက်ခိုက်ကုန်ကြတယ်လေ။ သူတို့ နယ်ခြားကျင့်ကြံသူကို တိုက်ခိုက်နေတဲ့အချိန်မှာ နတ်ဘုရားနယ်မြေထဲက အာကာပြင်ဟာ မငြိမ်မသက် ဖြစ်လာပြီးပြီ။ အားလုံးက အချင်းချင်း စတင်တိုက်ခိုက်ကြပြန်တော့ ဒီတိုက်ခိုက်မှုအားလုံးကနေ နတ်ဘုရားနယ်မြေထဲမှာ အက်ကြောင်းတစ်ခု နောက်ဆုံးတော့ ဖြစ်ပေါ်သွားတယ်။ နဂိုကတည်းက လျော့နည်းနေပြီးသား နတ်ဘုရားဘုရင် အရေအတွက်ဟာ နောက်ထပ် ထပ်ပြီး သိသိသာသာ ကျဆင်းလာတယ်လေ…

အဲ့ဒီအခြေအနေမှာ အားလုံးက မှော်ရတနာမျိုးစုံကို ထုတ်ပြီး အရူးအမူးတွေ ဖြစ်ကုန်ကြတယ်။ ဥပမာ လော့ကျမ်းစာအုပ်၊ ချင်းခွန်မီးပြင်းဖို … အဲ့ဒါတွေ အကုန် ပေါ်ထွက်လာကြတယ်…  ဟူး …. ”

ထို ကြောက်မက်ဖွယ် ပြင်းထန်လှသော တိုက်ပွဲကို ပြန်အမှတ်ရသွားကာ ဖန်းကျဲက သက်ပြင်း ထပ်ချလိုက်ပြန်သည်။

“ အခု ကူချိုက် ဘယ်မှာလဲ ”

ရှီစုက ဖြေကြားလိုက်သည်။

“ သူမက မိုဝူကျိလို့ ခေါ်တဲ့ တခြားတပည့်တစ်ယောက်ရဲ့ အိမ်ဆီ သွားပါတယ်။ ကျွန်တော်တို့က သူမကို သတ်ချင်တာ သိသွားလို့ သူမက ကြောက်လန့်ပြီး သူရဲ့အကူအညီ သွားတောင်းတာ ဖြစ်မယ်… သူမက တခြား ဘယ်သူကိုမှ မသိဘူးလေ  ”

မိုဝူကျိမှာ ဝေကျဲခေါ်လာသည့် လေလွင့် ကျင့်ကြံသူတစ်ဦး ဖြစ်သောကြောင့် ရှီစုက ခေါင်းခါလိုက်သည်။ သူ့ကို ယင်လင်း ထက်ပင် ဆိုးဝါးညံ့ဖျင်းသည်ဟု မှတ်ယူထားကာ အကယ်၍ အရင် ကောင်းကင်လူသားဂိုဏ်းဆိုပါက မိုဝူကျိသည် အစေခံတပည့် ဖြစ်ဖို့ပင် အရည်အချင်းမှီမည် မဟုတ်ပေ။ ကူချိုက်သည် သွားစရာနေရာ မရှိသောကြောင့်သာ မိုဝူကျိ၏ အကူအညီကို သွားတောင်းခြင်း ဖြစ်ပေလိမ့်မည်။

“ အဲ့ဒါဆို သူမကို ခေါ်လာခဲ့လိုက် ”  ဖန်းကျဲက အမိန့်ပေးလိုက်သည်။

***

All Chapters