← Chapters

လုံချန် သေဆုံးခြင်း

Vol. 40 Ch. 547

လုံချန် သေဆုံးခြင်း

Vol. 40 Ch. 547

ထို့ပိဟန်မှာ ထိုမြင်ကွင်းကို တစ်ချိန်လုံး ငြိမ်သက်စွာ ကြည့်နေခဲ့သည်။ သူ့စိတ်များက သပွတ်အူလို ရှုပ်ထွေးနေ၏။

ဝေ့ဝူယင်နှင့် လုံချန်…

အနန္တ ဧကရာဇ်ဂိုဏ်း၏ အထူးချွန်ဆုံး လူငယ်နှစ်ဦး…

အမှန်အတိုင်း ဝန်ခံရပါက ထို့ပိဟန် ထိုလူငယ် နှစ်ဦး ပေါ် အများကြီး မျှော်လင့်ခဲ့ဖူးသည်။ တစ်နေ့တစ်ချိန်တွင် သူတို့နှစ်ယောက်မှာ အတူတကွ ပူးပေါင်းကာ အနန္တ ဧကရာဇ်ဂိုဏ်း၏ အဆင့်အတန်းကို အမြင့်ဆုံးထိ ရောက်အောင် ဆွဲတင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။

သို့သော်လည်း သူတို့ထံတွင် ကျောင်းတော်မှ ရန်စများ ရှိနေလိမ့်မည်ဟု မည်ကဲ့သို့ ကြိုတင် သိခဲ့မည်နည်း။ ယခု၌ နှစ်ယောက်မှာ အသေအကြေ တိုက်ခိုက်ကြ‌တော့မည့်ပုံ ပေါ်သည်။

ထို့ပိဟန်  လေးပင်စွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိ၏။ မဟာ အင်ပါယာ သူတော်စင် တစ်ပါး အနေဖြင့်ပင် သူ သူတို့ကို တားဆီးပိုင်ခွင့် မရှိပါချေ။

“ငါ မင်းတို့ အတွက် အင်ပါယာ စိန်ခေါ်ပွဲ ကြေညာပေးမယ်...”

ထို့ပိဟန်က ကြေညာလိုက်ရင်း လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။ ဝူပိုင်ကျိုးနှင့် ချင်ချူးမူတို့မှာ နောက်ပြန် ရွေ့လျားသွားကာ သူဖန်တီးထားသည့် အကာအကွယ် အလွှာအတွင်း ရောက်ရှိသွားသည်။

ချင်ချူးမူမှာ တိတ်ဆိတ်နေ၏။ သူမ လုံချန်ကို ထပ်မံ စကားပြောလိုစိတ် မရှိတော့ချေ။ တစ်ချိန်တစ်ခါက သိခဲ့ဖူးသည့် လုံချန်မှာ ပျောက်ဆုံးသွားပြီ ဖြစ်ကြောင်း သူမ  နားလည်ခဲ့ပြီး ဖြစ်သည်။ ရုတ်တရက် တစ်စုံတစ်ရာကို ဆုံးရှုံးသွားသည့် အလား ဝမ်းနည်းမှုမျိုးကို သူမ ခံစားလိုက်၏။

သူမ၏ ခံစားချက်ကို နားလည်သည့် အလား နူးညံ့ သွယ်ပျောင်းသည့် လက်တစ်ဖက်မှာ သူမ ပခုံးထက်သို့ ရောက်ရှိလာကာ ပွတ်သပ် လိုက်သည်။ ချင်ချူးမူ လှည့်ကြည့်လိုက်တော့ နှစ်သိမ့်သည့် အပြုံးနှင့် ဝူပိုင်ကျိုးကို မြင်တွေ့ လိုက်ရ၏။ စကားတစ်ခွန်းမှ မပြောကြမိသည့်တိုင် သူတို့ နှစ်ယောက်မှာ ခံစားချက်နှင့် စကားလုံး ထောင်ပေါင်းများစွာကို ဖလှယ်ကြပြီး ဖြစ်သည်။

ချင်ချူးမူ၏ မြစိမ်းရောင် မျက်လုံးများက မျက်ရည်များဖြင့် ဝဲတက်လာကာ သူမ ဘဝကို ကွဲပြားစွာ ထုဆစ်ပေးခဲ့သည့် လူငယ် နှစ်ဦးထံသို့ ရွေ့လျားသွား၏။ နှလုံးသားထဲတွင်တော့ ထိုတိုက်ပွဲက သရေကျသွားမှာကို သူမ အလိုမရှိပါချေ။ သူတို့ နှစ်ယောက် အနက် တစ်ယောက်က ထိုရန်ငြိုးကို အပြီးတိုင် အဆုံးသတ်ပေးနိုင်ဖို့ သူမ မျှော်လင့်မိပေသည်။

ဝူပိုင်ကျိုးမှာ ချင်ချူးမူ၏ မျက်လုံးများထဲမှ လက်ခံမှု အလင်းတန်းများကို တွေ့မြင်လိုက်ရသည်။ သူမက သက်ပြင်းတစ်ချက် ချရင်း မဟာ အသွင်ပြောင်းခြင်း ပထမ အဆင့်တွင် ရှိနေသည့် လုံချန်ဘက်သို့ လှည့်လိုက်၏။

အာဏာရှင်များ အဖွဲ့အတွင်း ဝင်ရောက်ပြီးသည့် အချိန်ကတည်းက ထိုလူငယ်နှင့် ပတ်သက်သမျှ သံယောဇဥ် အားလုံးကို သူမ ဖြတ်တောက်ခဲ့ပြီး ဖြစ်သည်။ အထူးသဖြင့် လုံချန် အင်ပါယာ ကောင်းကင်ချီ နည်းလမ်းကို ကျင့်ကြံနိုင်ရန် အတွက် ဝူယု၏ လှည့်စားခဲ့မှုများ အကြောင်းအား သိရှိပြီးနောက်ပိုင်းတွင် သူမ၏ ဆုံးဖြတ်ချက်များက ပိုမို ခိုင်မာလာခဲ့သည်။

“သူတို့ နှစ်ယောက်ထဲ ဘယ်သူနိုင်မယ် ထင်လဲ...”

ဝူပိုင်ကျိုးက အနက်ရောင် လက်စွပ်ကလေးထဲသို့ ဝိညာဥ်အင်အား တစ်စကို ပို့လွှတ်ရင်း မေးမြန်းလိုက်၏။ ဝေ့ဝူယင်၏ ဖုံးကွယ်ထားသည့် ကျင့်ကြံခြင်း အခြေခံကို သူမ တွေ့မြင်နိုင်စွမ်း မရှိသလို လုံချန်၏ အစစ်အမှန် ခွန်အားကိုလည်း သူမ မသိပါချေ။ ထို့အပြင် တိုက်ပွဲများတွင် ကျင့်ကြံခြင်း အခြေခံထက် ပိုမို အရေးကြီးသည့် အရာများလည်း ရှိပေသေးသည်။

“ဝေ့ဝူယင် နိုင်လိမ့်မယ်...”

ဝူယု၏ အသံက ဝမ်းနည်းမှု အငွေ့အသက် အချို့ဖြင့် ထုံလွှမ်းနေ၏။ သူ၏ မတုန့်မဆိုင်း ဖြေဆိုမှုက ဝူပိုင်ကျိုး၏ နှလုံးသားကို အနည်းငယ် တုန်လှုပ်သွားစေသည်။

“ဘာလို့ အဲဒီလောက် ‌သေချာ ပြောနိုင်ရတာလဲ”

သူမ၏ မျက်လုံးများက သိလိုစိတ်ဖြင့် ပြည့်နှက် နေ၏။ တစ်ချိန်တည်း၌ ‌ပျော်ရွှင် ဝမ်းမြောက်မှု အငွေ့အသက် အချို့ ရှိနေခဲ့သည်။ လက်ရှိ အချိန်၌ ဝေ့ဝူယင်မှာ သူမ၏ အရှင်သခင် ဖြစ်သည်။ သို့ဖြစ်လေရာ တိုက်ပွဲတွင် ဝေ့ဝူယင်ကိုသာ သူမ အသက်ရှင် ကျန်ရစ်စေလိုသည်။

ဝူယု၏ အသံက ခပ်တိုတိုပင် ထွက်ပေါ်လာ၏။

“ဖြစ်နေလို့...”

ဝူပိုင်ကျိုးမှာ နားလည်ဟန်နှင့် ခေါင်းတစ်ချက် ညိတ်လိုက်၏။ ထို့နောက် သူမက ငြိမ်သက်စွာပင် တိုက်ပွဲကို အာရုံစိုက်လိုက်တော့သည်။

လုံချန်မှာ ယုံကြည်ချက် အပြည့်ဖြင့် အနက်ရောင် ဓားကို ကိုင်ရင်း ရပ်နေခဲ့၏။ ပထမ မဟာ အသွင်ပြောင်းခြင်း အဆင့်ကို ဝင်ရောက်ပြီးသည့် နောက်တွင် သူ၏ အင်ပါယာ ကောင်းကင် အော်ရာမှာ ထူးခြားသည့် စွမ်းအင် တစ်မျိုး ဖြစ်သည့် အင်ပါယာ ဖိအား အဖြစ် ပြောင်းလဲ သွားခဲ့သည်။ လုံချန် လက်ရှိတွင် ထိုအင်ပါယာ ဖိအားကို ဆယ်မီတာ အကန့်အသတ် အထိသာ ဖြန့်ကျက်နိုင်သေးသည် ဆိုသော်လည်း ၎င်း၏ ထူးခြားသော စွမ်းအင်က ထိုဧရိယာ အတွင်းရှိ မည်သည့် သက်ရှိ၊ မည်သည့် စွမ်းအင် အမျိုးအစားကို မဆို ဖိနှိပ်နိုင်သည်။ ဟယ်ယန်းလဲ့၏ တိုက်ခိုက်မှုမှ လွတ်‌မြောက်ခဲ့သည်မှာလည်း ထိုစွမ်းအား၏ အကူအညီဖြင့်ပင် ဖြစ်သည်။

ထို့အပြင် အင်ပါယာ ကောင်းကင် ‌အော်ရာ၏ မွမ်းမံမှုဖြင့် သူ၏ ကြယ်တာရာ အင်အားများမှာလည်း အရည်အသွေးပိုင်း ပိုမို မြင့်မားလာခဲ့သည်။ ပုံမှန်ဆိုလျှင် သူ၏ ကြယ်တာရာ အမြုတေ အရွယ်အစားမှာ ၅.၅ စင်တီမီတာ ဖြစ်သော်လည်း အင်ပါယာ အော်ရာကို ထုတ်ဖော်လိုက်သည့် အခိုက်၌ နှစ်ဆမျှ အထိ ပိုမို ကြီးထွားလာခဲ့သည်။ ထိုကဲ့သို့ ရုပ်ပိုင်းဆိုင်ရာနှင့် ကြယ်တာရာ အင်အားများ အပြင် သူ့ခန္ဓာကိုယ် အတွင်းတွင် ဥပဒေသ မျိုးစေ့ ရှိနေပေသေးသည်။

ထို့ကြောင့်ပင် မျိုးဆက်တူ၊ အဆင့်တူ မည်သည့် ကျင့်ကြံသူကိုမှ လုံချန် ကြောက်ရွံ့ခြင်း မရှိချေ။ ထိုအထဲ၌ ဝေ့ဝူယင်သည်လည်း ချွင်းချက် မဟုတ်ပါချေ။

“သေစမ်း...”

လုံချန်က ခက်ထန်စွာ အော်ဟစ်လိုက်ရင်း ဓားကို ကိုင်ဆောင်ကာ ဝေ့ဝူယင်ထံ အလွန် လျှင်မြန်စွာ ပြေးဝင်လာ၏။ ဓားမှာ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်များဖြင့် အလွန်တရာ ထက်ရှနေကာ ဂြိုဟ်တစ်ခုလုံးကိုပင် ထက်ပိုင်းပိုင်းပစ်နိုင်ဟန် ရလေသည်။

“ဒြပ်စင်...”

ဝေ့ဝူယင်က ခပ်တိုးတိုး ရေရွတ်လိုက်ရင်း လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်၏။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ဆေဘာမှာ ရောင်စုံ အလင်းတန်းများ အသွင်ဖြင့် ဖြစ်တည်လာကာ ဝေ့ဝူယင်မှာ ဓားရိုးကို ကိုင်ဆောင်လိုက်သည်။ ထိုအခိုက်၌ သူ့မျက်လုံးအစုံက တည်ငြိမ်နေကာ မနှိုင်းယှဥ်နိုင်သည့် အလင်း တစ်ခုဖြင့် တောက်လောင်နေ၏။

ဝှစ်...

လျှပ်တစ်ပြက် အတွင်းမှာပင် လုံချန်မှာ ဝေ့ဝူယင် အရှေ့သို့ ရောက်ရှိလာကာ အင်ပါယာ အော်ရာမှာ ပတ်လည် ဆယ်မီတာကို ဖုံးအုပ်သွား၏။ ၎င်းမှာ လောကဖိအား ကဲ့သို့ မည်သည့် စွမ်းအင် အမျိုးအစားကို မဆို ဖိနှိပ်နိုင်သည့် ထူးခြားသော ဖိအားတစ်မျိုးကို ပိုင်ဆိုင်ထားရာ ခုခံကာကွယ်ရေး အပြင် အနီးကပ် တိုက်ပွဲများတွင် အလွန် အသုံးဝင်သည်။

သို့သော်လည်း ဝေ့ဝူယင်ကတော့ ဒြပ်စင်ကို ကိုင်လျှက် တည်ငြိမ်စွာပင် ရှိနေသေးဆဲ ဖြစ်သည်။ သူ၏ အမြင်အာရုံက နှေးကွေးနေကာ လုံချန် အော်ဟစ် မာန်သွင်းလိုက်ပုံ၊ ချည်းကပ်လာပုံ၊ အင်ပါယာ ဖိအားအား ဖြန့်ကျက်လိုက်ပုံနှင့် နောက်ဆုံး သူ့ မျက်လုံးထဲမှ သွေးရောင် အလင်းစများကို အသေးစိတ် မြင်နေရ၏။

သူက ဖြည်းညင်းစွာပင် ခန္ဓာကိုယ်ကို ဟန်ချက်ညီညီ ရွေ့လျားလိုက်ရင်း ဒြပ်စင်ကို လုံချန်၏ ဓားနှင့် ကန့်လန့်ဖြတ် ခုတ်ပိုင်းလိုက်၏။

ဓားနှင့် ဆေဘာတို့မှာ အများအမြင်တွင် အလွန် လျှင်မြန်သော အရှိန်နှုန်းတို့ဖြင့် ထိပ်တိုက် တွေ့သွား၏။ သို့သော်လည်း မည်သည့် သတ္တုချင်း ထိခတ်သံမှ ထွက်ပေါ် မလာချေ။ မည်သည့် ပေါက်ကွဲမှုနှင့် စွမ်းအင်လှိုင်းတို့မှ ဖြစ်ပေါ်လာခြင်း မရှိချေ။ ဆေဘာတွန်သံ ခပ်ဖျော့ဖျော့နှင့် ဓားထံမှ ငြီးတွားသံ တစ်ခုကို သာလျှင် ကြားရ၏။ ထိုမှတစ်ပါး လောကကြီးတစ်ခုလုံးကတော့ အပ်ကျသံ ကြားရလောက်အောင်ပင် တိတ်ဆိတ်နေချေသည်။

ဝှစ်... ဝှစ်...

သူတို့ နှစ်ယောက်မှာ တစ်ယောက်ကို တစ်‌ယောက် အရှိန်အဟုန်နှင့် ဖြတ်ကျော်သွား၏။ မျက်စိတစ်မှိတ်စာ အတွင်းမှာပင် သူတို့ နှစ်ယောက်မှာ နေရာချင်း ပြောင်းလဲသွားပုံ ပေါ်သည်။ ဝေ့ဝူယင်က ဆေဘာကို ကိုင်စဥ် ရပ်နေစဥ်တွင် လုံချန်ၑ ဓားကိုင်လက်ကတော့ အနည်းငယ် တုန်ရီနေ၏။

ဝေ့ဝူယင်က နောက်သို့ လှည့်လိုက်သည်။ ထို့နောက် ဘာစကားမှ မဆိုပဲ လုံချန်ထံသို့ ဖြည်းညင်းစွာပင် ပြန်လည် လျှောက်လာခဲ့၏။

စက္ကန့် အနည်းငယ် အတွင်းမှာပင် လုံချန်မှာ အစာအိမ်၊ အဆုပ်၊ နှလုံးသားနှင့် ဦးနှောက်တို့ထံမှ တဆစ်ဆစ် နာကျင်မှု တစ်မျိုးကို စတင် ခံစားလာရသည်။

ဝှစ်...

သူ၏ ဓားမှာ ထက်ပိုင်းပြတ်ကာ မီးခိုးရောင် သဲသောင်ပြင်ပေါ်သို့ ပြုတ်ကျသွား၏။ တိုးညှင်းသော လေတိုးသံ ထွက်ပေါ်လာသည်။ လူတိုင်း၏ နှလုံးသားများမှာ ရင်ဘတ်ထဲမှ ပေါက်ထွက်တော့မလို တဒိတ်ဒိတ် တုန်ရီနေ၏။

လုံချန်မှာ သူ့နောက်မှ ခြေသံ ခပ်ဖျော့ဖျော့ကို ကြားလိုက်ရ၏။ သူ ခန္ဓာကိုယ်ကို မားမားမတ်မတ်ပင် ရပ်ရင်း နောက်သို့ လှည့်လိုက်၏။ ထိုအခါ သူနှင့် သုံးပေခန့် အကွာတွင် မျက်နှာမူနေသည့် ဝေ့ဝူယင်ကို တွေ့လိုက်ရသည်။ ငွေရောင် မျက်လုံးများနှင့် မဟူရာ မျက်ဝန်းများမှာ လမ်းခုလတ်တွင် ဆုံတွေ့သွား၏။ ထိုအခိုက်၌ သူတို့ နှစ်ယောက်စလုံး၏ စိတ်ထဲတွင် ထူးဆန်းသော ငြိမ်းချမ်းမှု တစ်ခုက နေရာယူနေသည်။

တစ်မိနစ်ခန့်မျှ အထိ ကြာအောင် သူတို့ တစ်ယောက်ကို တစ်ယောက် ဘာစကားမှ မပြောပဲ ကြည့်နေမိခဲ့ကြ၏။ ပရိသတ်များမှာ ဆက်လက် ဖြစ်ပေါ်မည့် အရာကို ရင်တမမဖြင့် စောင့်မျှော်နေကြ၏။ သို့သော်လည်း သူတို့ အတွက် ကံမကောင်းစွာပင် တိုက်ပွဲမှာ ဆုံးဖြတ်ပြီး ဖြစ်လေသည်။

“ငါ မှားသွားတာလား...”

လုံချန်မှာ သူ့ဆုံးဖြတ်ကို ပထမဆုံး အကြိမ် အဖြစ် သံသယ ဝင်လာခဲ့၏။ ဝေ့ဝူယင်မှာ အလွန်အမင်း သန်မာကာ ‌ကြောက်မက်ဖွယ် ကောင်းလွန်းသည်။ ပထမဆုံး စတွေ့ခဲ့သည့်ည ကတည်းက သူက သူ့ပြိုင်ဘက် မဟုတ်ခဲ့တာမျိုးပင် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ခါးသီးသော အပြုံးတစ်ခုမှာ လုံချန်၏ မျက်နှာထက်တွင် မွေးဖွားလာခဲ့၏။

ဝေ့ဝူယင်က ဖြည်းညင်းစွာပင် လက်ထဲရှိ ဆေဘာကို ငုံ့ကြည့်လိုက်သည်။

“လူတစ်ယောက် အတွက် ဆေဘာကို ငါ ဘယ်တုန်းကမှ နှစ်ကြိမ် မသုံးခဲ့ဖူးဘူး... ဒါပေမဲ့ မင်းက ဘယ်လို သေသွားတယ် ဆိုတာ သိရဖို့ ထိုက်တန်တယ်လို့ ငါထင်တယ်”

“ ... “

လုံချန်၏ မျက်လုံးများက ဖြည်းညင်းစွာပင် ဒြပ်စင်ထံသို့ ရွေ့လျားသွားသည်။ စိတ်ထဲတွင် မေးခွန်းများ မရေမတွက်နိုင်အောင် ရှိနေသည့်တိုင် သူ ဘာကိုမှ မမေးနိုင်ချေ။ ရုတ်တရက် သူ ဝူပိုင်ကျိုး၊ လင်းကျိရန်၊ နာ့ရှင်းရီနှင့် လျဲ့ယုတို့ကို သတိရလိုက်မိ၏။ သူတို့ကို ကာကွယ်ပေးချင်ခဲ့သည့် စိတ်၊ တစ်ဦးတည်း ပိုင်ဆိုင်လိုချင်ခဲ့သည့် စိတ်က တစ်ကိုယ်ကောင်း ဆန်ခဲ့သလော။

လုံချန် အဓိပ္ပာယ်မဲ့စွာပင် ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည်။ မည်မျှ လှမသည့် မျက်လုံးတွေနည်း။ သူ၏ စိတ်က အဆက်အစပ် မရှိသည့် အတွေးများနှင့် ပြည့်နှက်နေ၏။

အကယ်၍ အချိန်ကို နောက်ပြန်ဆုတ်၍ ရခဲ့လျှင် သူ ဝေ့ဝူယင်ကို ဆန့်ကျင်ရန် နောက်တစ်ကြိမ် ထပ်ရွေးချယ် မိမည်လော။ ထိုအမျိုးသမီးများကို‌‌ရော နောက်တစ်ကြိမ် ထပ်ချစ်ခဲ့မိလား။ သို့တည်းမဟုတ် အနန္တ ကုန်းမြေတိုက်ကြီး၏ လုံမျိုးနွယ်တွင်ပင် မထင်မရှား ဘဝနှင့် တစ်သက်လုံး  နေထိုင်ခဲ့မည်လော။

ဝေ့ဝူယင်က ဆေဘာကို ဖြည်းညင်းစွာပင် မလိုက်၏။ ထို့ပိဟန် အပါအဝင် လူတိုင်း၏ နှလုံးသားများက အေးခဲနေသည်။ ဓားအသွား ကျဆင်းသွားချိန်၌ လုံချန်မှာ သေဆုံးသွားတော့မည်လော။ အနန္တ ဧကရာဇ်ဂိုဏ်း၏ အထူးချွန်ဆုံး ပါရမီရှင် နှစ်ယောက်ထဲမှ တစ်ယောက်မှာ ထိုကဲ့သို့ အဆုံးသတ်သွားရတော့မည်လော။

ရွှစ်...

ဆေဘာမှာ လုံချန်၏ လည်ပင်းကို ဒေါက်လိုက် ဖြတ်ကျော်ကာ အခြားတစ်ဖက်မှ ပြန်လည် ထွက်ခွာသွားသည်။ လုံချန်၏ ဒူးများက ခွေယိုင်သွားကာ မြေပြင်ပေါ် ဒူးထောက် ပြုတ်ကျသွား၏။ သူ့မျက်လုံးများထဲမှ ရီဝေဝေ အလင်းများမှာ ဖြည်းညင်းစွာပင် မှုန်ဝါးကာ ပျောက်ကွယ်သွားခဲ့တော့သည်။

***

All Chapters