အသက်ရှင်တုန်းလား
Vol. 40 Ch. 548
“...”
တိတ်ဆိတ် အုံ့မှိုင်းမှုက လောကကြီး တစ်ခုလုံးကို စိုးမိုးနေ၏။ အနန္တ ဧကရာဇ်ဂိုဏ်းသားများမှာ ထိုမြင်ကွင်းကို အေးစက်တုန်ရီစွာ ကြည့်နေမိခဲ့ကြသည်။
ဝူပိုင်ကျိုးမှာ လုံချန် သေဆုံးသွားသည်ကို ခံစားလိုက်မိရာ လက်သီးကို ခပ်ဖွဖွ ဆုပ်လိုက်မိ၏။ မျက်တောင်များကို ပုတ်ခတ်လိုက်ရင်း ဝဲတက်လာသည့် မျက်ရည်များကို သူမ ပြန်လည် သိမ်းဆည်းလိုက်သည်။ ဝေ့ဝူယင်ကြောင့် လုံချန်ကို သေစေချင်ခဲ့သည် ဆိုသော်လည်း လွန်လေခဲ့ပြီးသော အမှတ်တရများက ဝူပိုင်ကျိုး၏ စိတ်အတွင်း အစီအရီ ပြန်လည် ပေါ်ထွက်လာနေခဲ့သည်။ တစ်ချိန်တစ်ခါက ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတို့ကို သူတို့ အတူတကွ ဝေမျှခဲ့ဖူးသည်။
ဝူယု၏ လှည့်စားမှုဖြင့် သူမ အပျိုစင် ဘဝကို ဆုံးရှုံးခဲ့ရသည် ဆိုသော်လည်း ထိုအရာက လုံချန် အပြစ်တော့ မဟုတ်ပါချေ။ သူက သူမကို ကာကွယ်ပေးခဲ့သည်။ အပြည့်အဝ တာဝန်ယူခဲ့သည်။ သူမ သူ့ကို ချစ်ခဲ့တာမျိုးပင် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ သို့သော်လည်း သူမ ဝေ့ဝူယင်၏ နောက်ကို လိုက်ရန် ရွေးချယ်ခဲ့ရာ ထိုအချစ်က နှလုံးသားထဲမှ စွမ်းအား အပေါ် တပ်မက်မှုလောက်တော့ အရေးမပါခဲ့ပုံ ရသည်။
ဘာပဲဖြစ်ဖြစ်... လုံချန် သေဆုံးသွားပြီ ဖြစ်လေရာ သူမမှာ အနန္တ ဧကရာဇ်ဂိုဏ်း၏ တစ်ဦးတည်းသော မဟာ ဧကရာဇ် သွေးမျိုးဆက် ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ဤနေ့တွင်မှ စတင်၍ သူမ၏ စစ်မှန်သော ကျင့်ကြံခြင်း ခရီးလမ်းမှာ စတင်ပေလိမ့်မည်။
အခြားတစ်ဖက်၌ ချင်ချူးမူမှာ လုံချန် သေဆုံးသွားမှုကို ငေးကြောင်ကာ ကြည့်နေမိခဲ့၏။ ထူးဆန်းစွာပင် သူမ၏ ခံစားချက် အလုံးစုံက ပျောက်ဆုံးသေနည်။ သူမ ဝမ်းမနည်းသလို ဒေါသလည်း မထွက်မိချေ။ ဝူပိုင်ကျိုး၊ လျဲ့ယုတို့နှင့် ယှဥ်လျှင် သူမနှင့် လုံချန်တို့ အကြားရှိ ပတ်သက်မှုနှင့် သံယောဇဥ်က သိပ်မနက်ရှိုင်း သောကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
အနက်ရောင် လက်စွပ်လေးထဲတွင်တော့ ဝူယုမှာ တိတ်ဆိတ်နေ၏။ မျက်စိအောက်တွင်ပင် ကြီးပြင်း အရွယ်ရောက်လာခဲ့သည့် လုံချန် အပေါ် သူ သံယောဇဥ် ရှိသည့်တိုင် ဆက်ခံသူ နောက်တစ်ယောက်ကို သူ ရှာဖွေ တွေ့ရှိခဲ့ပြီး ဖြစ်သည်။ လုံချန်မှာ ပိုမို ပါရမီမြင့်မားသည် ဆိုသော်လည်း ဝေ့ဝူယင်၏ ထောက်ခံမှုကို ရရှိထားသည့် ဝူပိုင်ကျိုး၏ အလားအလာက အများကြီး ပိုသာပေသည်။ အနည်းငယ် စိတ်မကောင်းရုံမှ လွဲ၍ သူ ထူးထူးခြားခြား မခံစားရပါချေ။
ဝေ့ဝူယင်က လုံချန်၏ အလောင်းကို ငေးကြည့်လိုက်၏။ သူ့ ငွေရောင် မျက်လုံးများထဲတွင်တော့ ရှုပ်ထွေးသော ခံစားချက် အချို့ ရှိနေခဲ့သည်။ လုံချန်၏ သေဆုံးမှုက လောကတွင် မဖြစ်နိုင်တာ မရှိကြောင်း သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။
ဝေ့ဝူယင် ဖြည်းညင်းစွာပင် ခေါင်းကို မော့ကြည့်လိုက်ရင်း ကောင်းကင်တာအို၏ တုန့်ပြန်မှုကို စောင့်ဆိုင်းနေလိုက်၏။
ကောင်းချီးခံ တစ်ယောက်အား သတ်ဖြတ်ခြင်းက မည်သည့် အကျိုးဆက်မှ မရှိပဲ နေလိမ့်မည် မဟုတ်ပါချေ။ အကယ်၍ သာမန် ကျင့်ကြံသူ တစ်ယောက်သာ ဆိုပါက ချက်ချင်းပင် ကမ္မ အပြစ်၏ ဖုံးလွှမ်းမှုကို ခံရကာ ငရဲကြီး ဆယ့်ရှစ်ထပ်တွင် အပြစ် အညစ်အကြေးများကို သန့်စင်ခံရလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ၎င်းက အမွေခံ အပြစ်သား တစ်ယောက် ဖြစ်သည့် သူ့အပေါ်တွင်တော့ တိုက်ရိုက် သက်ရောက်လိမ့်မည် မဟုတ်ပါချေ။
စက္ကန့် အနည်းငယ် ကြာမြင့်သွား၏။ ယွမ်လုံရှီအား သတ်ဖြတ်ခဲ့တုန်းက ကောင်းကင်တွင် ဖြစ်ပေါ်လာခဲ့သည့် အမှောင် တိမ်တိုက်များနှင့် မိုးကြိုးလျှပ်စီးများမှာလည်း ကင်းမဲ့နေဆဲ ဖြစ်သည်။ လောကကြီးမှာ အရာရာကို လျစ်လျူထားသည့် အလား ပုံမှန်အတိုင်း ဆက်လက် လည်ပတ်နေဆဲ ဖြစ်သည်။
ဝေ့ဝူယင်၏ အမူအရာက သံသယ ဖြစ်သွားကာ လက်ရှိ အပြစ်သား တက်တူးကို ငုံ့ကြည့်လိုက်၏။
ကမ္မတန်ဖိုး... ၉၄၄.၆
ပထမ ကပ်ဘေး လွတ်မြောက်ခြင်း ... ၇/၇
ဒုတိယ ကပ်ဘေး တားဆီးခြင်း ... ၄ နှစ်
တစ်စုံတစ်ရာ ပြောင်းလဲမရှိ။
“လုံချန်ရဲ့ ကမ္မတန်ဖိုးက ဘာမှ မကျန်တော့လို့လား... အဲဒါကြောင့်ပဲ ကောင်းကင်တာအိုက ဘာမှ မတုန့်ပြန်တာလား”
ဝေ့ဝူယင် ခေါင်းကို ခါလိုက်မိ၏။ ထိုအတွေးက မဆီလျော်သလို သူ ခံစားရ၏။ ကမ္မတန်ဖိုး တစ်မှတ်မှ မကျန်တော့လျှင်ပင် လုံချန်မှာ လင်းမင်နှင့် ယွမ်လုံရှိတို့ ကဲ့သို့ အဆင့်မြင့် ကောင်းချီးခံ တစ်ယောက် ဖြစ်ခဲ့သူ ဖြစ်သည်။ သူ့အား သတ်ဖြတ်ခြင်း အပေါ် ကောင်းကင်တာအိုက ဘာမှ မတုန့်ပြန်ပဲ နေလိမ့်မည် မဟုတ်ချေ။ သို့ဖြစ်လေရာ ဖြစ်နိုင်ချေက တစ်ခုသာ ရှိတော့သည်။
ဝေ့ဝူယင် လုံချန်၏ အလောင်းကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်၏။ မည်သည့် ဝိညာဥ်နှင့် အသက်ဓာတ် အရိပ်အငွေ့မှ ကျန်ရစ်ခြင်း မရှိချေ။ သူက အပြည့်အဝ သေဆုံးသွားခဲ့ပြီး ဖြစ်သည်။
ကမ္မတန်ဖိုး... ၉၄၄.၆
ပထမ ကပ်ဘေး လွတ်မြောက်ခြင်း ... ၇/၇
ဒုတိယ ကပ်ဘေး တားဆီးခြင်း ... ၄ နှစ်
သို့သော်လည်း အပြစ်သား တက်တူးမှာ ယခုအထိ ငြိမ်သက်နေဆဲ ဖြစ်သည်။ ဝေ့ဝူယင်မှာ ပိုမို၍ စိတ်ရှုပ်ထွေး လာခဲ့၏။ လုံချန် သေသွားတာ သေချာသည့်တိုင် အပြစ်သား တက်တူးမှာ မမှားနိုင်ချေ။
“သူ ဘယ်လိုလုပ်ပြီး အသက်ရှင်နေတာလဲ... သူ့မှာ ဒုတိယ ဝိညာဥ် ရှိတာလား... ဒါမှမဟုတ် ဒုတိယ ခန္ဓာကိုယ်လား... အဲဒီလိုမှ မဟုတ်ရင် လောကီ ပြန်လည် မွေးဖွားခြင်းထဲ ကို ရောက်သွားတာလား”
သို့သော်လည်း... ကောင်းကင်ဘုံ နတ်မျက်လုံးဖြင့်ပင် လုံချန့် အလောင်းထံမှ ဘာထူးခြားမှုကိုမှ သူ တွေ့မြင်နိုင်စွမ်း မရှိချေ။ သူက လုံးဝ သေဆုံးသွားခဲ့ပြီး ဖြစ်သည့် အလောင်းတစ်လောင်းသာ ဖြစ်သည်။
ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်ရင်း လုံချန်၏ ခေါင်းကို ဆံပင်မှ ကိုင်ကာ ဆွဲဖြုတ်လိုက်၏။ ချက်ချင်းပင် သွေးများက စီးကျလာကာ ခေါင်းပြတ်မှာ ဝေ့ဝူယင်၏ လက်ထဲ ပါလာခဲ့သည်။
အနန္တ ဧကရာဇ်ဂိုဏ်းသားများမှာ ထိုမြင်ကွင်းကို ကြည့်ကာ ကြက်သီး မွေးညှင်းထလာခဲ့၏။ သေဆုံးပြီးသား လူတစ်ယောက် အပေါ် ထိုကဲ့သို့ ပြုလုပ်ခြင်းက အနည်းငယ် ရက်စက်သည်ဟု သူတို့ မြင်မိပေသည်။
သို့သော်လည်း ဝေ့ဝူယင်မှာ အခြားလူများ၏ အကြည့်များကို ဂရုစိုက်ခြင်း မရှိချေ။ သူ ဝိညာဥ်အာရုံကို ဆန့်ထုတ်၍ လုံချန်၏ ဦးခေါင်းအတွင်း ရှာဖွေလိုက်၏။ သို့သော်လည်း ဘာကိုမှ မတွေ့ရချေ။ ဝေ့ဝူယင်၏ မျက်မှောင်က ပိုမို နက်ရှိုင်းလာကာ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။ မမြင်ရသော လက်တစ်ဖက်၏ ဆွဲယူမှုကို ခံရသည့် အလား လုံချန်၏ အလောင်းမှာ သူ့ထံသို့ ပျံသန်းလာ၏။
ရွှစ်...
ဝေ့ဝူယင်၏ လက်ချောင်းများမှာ လုံချန်၏ ဝမ်းဗိုက်ကို ဖောက်ထွင်းကာ ထျန်းတျန် အတွင်း ဝင်ရောက် သွား၏။ ချက်ချင်းပင် လုံချန်၏ ကြယ်တာရာ အမြုတေမှာ ကွဲကြေသွားကာ လောကပင်လယ်မှာ ခမ်းခြောက်သွား၏။ ဝေ့ဝူယင် အပြစ်သား တက်တူးကို နောက်တစ်ဖန် စစ်ဆေးလိုက်သည်။
ကမ္မတန်ဖိုး... ၉၄၄.၆
ပထမ ကပ်ဘေး လွတ်မြောက်ခြင်း ... ၇/၇
ဒုတိယ ကပ်ဘေး တားဆီးခြင်း ... ၄ နှစ်
၎င်းမှာ မပြောင်းမလဲ ရှိနေသေးဆဲ ဖြစ်သည်။ ဝေ့ဝူယင်၏ မျက်လုံးများမှာ ဒေါသ အလင်းများနှင့် စတင်၍ တောက်ပလာခဲ့၏။
“သူက ဘယ်လိုလုပ်ပြီး အသက်ဆက်ရှင်နေရသေးတာလဲ...”
ဝေ့ဝူယင်၏ မျက်လုံးများက ဝူပိုင်ကျိုး၏ ရင်သားတစ်ခု အစပ်တွင် တွဲလောင်းကျနေသည့် အနက်ရောင် လက်စွပ်ထံသို့ ရွေ့လျားသွားသည်။ ဝူပိုင်ကျိုးမှာ တစ်ကိုယ်လုံး ထွင်းဖောက်ခံနေရသည့် အလား အေးစက်မှု တစ်ခုကို ခံစားလိုက်ရ၏။
သူမက ထိတ်လန့်တကြားဖြင့် လက်စွပ်ကို လည်ပင်းမှ ချွတ်ရန် ဟန်ပြင်လိုက်သော်လည်း ထိုအခိုက်တွင်ပင် ဝေ့ဝူယင်မှာ ပြန်လည် အကြည့်လွှဲသွားခဲ့၏။ ဝူပိုင်ကျိုးမှာ တစ်ကိုယ်လုံး ချွေးများဖြင့် စေးကပ်နေကာ ဝိညာဥ်အာရုံဖြင့် ဝူယုကို ကပျာကယာ ဆက်သွယ်လိုက်သည်။
“ခုနက ဘာဖြစ်သွားတာလဲ... ဆရာ”
ဝူယုက ဖြူရော်စွာဖြင့် ပြုံးလိုက်၏။
“သူက ငါ လုံချန် ဝိညာဥ်ကို သိမ်းဆည်းထားတယ်လို့ ထင်နေတာ”
“ဝိညာဥ်ကို သိမ်းတာ...”
ရုတ်တရက် ဝူပိုင်ကျိုးမှာ ဟုန်ရုကို ပြန်လည် သတိရလိုက်၏။ ထိုမိန်းကလေးမှာ လူတိုင်း၏ ရှေ့တွင်ပင် သတ်ဖြတ်ခံရကာ သားရဲတစ်ကောင်၏ စားသောက်မှုကို ခံခဲ့ရသော်လည်း ဝူယုက သူမ၏ ဝိညာဥ်ကို သိမ်းဆည်းကာ ဆက်လက် အသက်ရှင်စေခဲ့သည်။ နောက်ပိုင်းတွင် ဝေ့ဝူယင်က သူမကို အသက်ပြန်သွင်းဖို့ အတွက် ကူညီခဲ့သည်။
“ဆရာသိမ်းထားပေးတာလား...”
"မဟုတ်ဘူး... သူက သေသွားပြီ”
ဝူယုက စိတ်ရှုပ်ထွေးနေသည့် လေသဖြင့် ဆိုလိုက်၏။ ဝူပိုင်ကျိုးမှာ သံသယ ဖြစ်သွားကာ ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်မိသည်။ သူက အဘယ်ကြောင့် လုံချန်၏ ဝိညာဥ် အသက်ရှင်နေသေးသည်ဟု ထင်နေရသနည်း။
ချင်ချူးမူမှာ ဝေ့ဝူယင်မှာ ထူးဆန်းသော အပြုအမူကို သတိထားမိရာ အနီးသို့ လျှောက်လာခဲ့၏။
“ဝေ့ဝူယင်... ရှင် ဘာရှာနေတာလဲ”
ဝေ့ဝူယင်က ချင်ချူးမူကို တစ်ချက်သာ ကြည့်သည်။ သူက စကားတစ်ခွန်းမှ ပြန်မပြောချေ။ ယခုအချိန်၌ သူ သူမနှင့် ဟာသလုပ်လိုစိတ်၊ စကားပြောလိုစိတ် မရှိချေ။ လုံချန်၏ အခြေအနေက အလွန် ထူးဆန်းနေသည်။ လျှို့ဝှက် အာဏာရှင် အဆင့်တစ်ယောက်က ဤကြယ်တရာ နယ်မြေသို့ ရောက်လာကာ လုံချန်၏ ဝိညာဥ်ကို ခေါ်ဆောင်သွားခြင်းလော။
“ခင်ဗျားတို့ အားလုံး ဒီနေရာကနေ ထွက်သွားကြတော့... မဟာငလျင် မြို့ထဲကို သွားပြီး ကျုပ် အမိန့်ကို စောင့်နေကြချေ”
ဝေ့ဝူယင်က အမိန့်ပေးလိုက်ရင်း ထူးဆန်းသော သင်္ကေတများ ပြည့်နှက်နေသည့် မီးခိုးရောင် တိုကင် တစ်ခုကို ထို့ပိဟန်ထံ ပစ်ပေးလိုက်၏။ ထိုအရာက မဟာငလျင် အစီအရင်ကြီး အတွက် အမိန့်ပေးပြားပင် ဖြစ်သည်။
ထို့နောက် သူက ချင်ချူးမူ၊ ရွှယ်ရီဖေးနှင့် ဝူပိုင်ကျိုးတို့ကို တစ်ခဏမျှ ကြည့်ကာ ခေါင်းတစ်ချက်စီ ညိတ်ပြပြီးနောက် သရဲတစ္ဆေ တစ်ကောင်လိုပင် အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွား၏။
ဝှစ်...
အကြမ်းဖျဥ်း မိုင်တစ်ထောင်ခန့် အကွာကို ဟင်းလင်းပြင် ခုန်ကူးပြီးနောက် ဝေ့ဝူယင်မှာ လုံချန်၏ အလောင်းနှင့် ခေါင်းပြတ်တို့ကို ကိုင်ဆောင်ကာ ပြန်ပေါ်လာခဲ့သည်။ သူက လက်သီးတစ်ဖက်ကို ဆုပ်လိုက်ရင်း စွမ်းအင် အပိုင်းအစ အချို့ကို ထည့်သွင်းလိုက်၏။
ဘုန်း...
ချက်ချင်းပင် လုံချန်၏ ခေါင်းပြတ်နှင့် အလောင်းတို့မှာ အသွေးအသားနှင့် အရိုး အပိုင်းအစများ အဖြစ် ပေါက်ကွဲ သွားတော့သည်။ ဝေ့ဝူယင် ကောင်းကင်ဘုံ နတ်မျက်လုံးကို အသုံးပြုရင်း လုံချန်၏ ခန္ဓာကိုယ် အပိုင်းအစ တစ်ခုချင်းစီကို စစ်ဆေးလိုက်၏။ ဘာကိုမှ မတွေ့ရ။
သို့သော်လည်း သူ လက်လျှော့ခြင်း မရှိချေ။
တစ်မိနစ်...
ဆယ်မိနစ်...
မိနစ် သုံးဆယ်...
“နေဦး...”
တစ်နာရီခန့် ကြာမြင့်ပြီးနောက်၌ ရုတ်တရက် ဝေ့ဝူယင်၏ အမူအရာက တစ်စုံတစ်ခုကို စဥ်းစားမိဟန်နှင့် ပြောင်းလဲသွား၏။ ကြယ်ခုနစ်လုံးမှာ သူ့မျက်လုံးတစ်ဖက်တစ်ချက် စီတွင် ပေါ်လာကာ မတူကွဲပြားသော အရောင်များဖြင့် တောက်ပလာခဲ့သည်။
သေမျိုးဝိညာဥ် အဂ္ဂိရတ် ကြယ်တာရာများမှာ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ပါး ဖြစ်လာခြင်း၏ လက္ခဏာ ရပ်များပင် ဖြစ်ကာ အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန် တစ်ခု အောင်အောင်မြင်မြင် ဖော်စပ်နိုင်ပြီး နောက်တွင် ရရှိလာသည့် ဆုလာဘ်ပင် ဖြစ်သည်။ ၎င်းတို့တွင် ကောင်းကင်ဘုံ နတ်မျက်လုံးများနှင့် မတူကွဲပြားသော မြင်နိုင်စွမ်းရည် ရှိကာ ဝိညာဥ်စွမ်းအင်နှင့် ဆက်စပ်သည့် မည်သည့် လှုပ်ခတ်မှုကို မဆို အာရုံခံနိုင်စွမ်း ရှိသည်။
ဟူး... ဟူး...
နောက်ဆုံး၌ ဝေ့ဝူယင်မှာ သေမျိုး အဂ္ဂိရတ် ကြယ်တာရာ မျက်လုံးများနှင့် အတူ လုံးဝ ခြားနားသော အရာတစ်ခုကို မြင်တွေ့ လိုက်ရတော့၏။
“ဒါက လုံချန်ရဲ့ ဝိညာဥ်အော်ရာလား...”
***