ဒုတိယ ကပ်ဘေး အဆုံးမဲ့နောင်တ
Vol. 40 Ch. 551
သေခြင်းတရား…
ရိုးရှင်းသော စကားလုံး တစ်လုံးမျှသာ ဖြစ်သော်လည်း ၎င်းက သက်ရှိတိုင်း ကျိန်းသေ တွေ့ကြုံရမည့် အတွေ့အကြုံ တစ်ခု ဖြစ်ပေသည်။ သေမျိုး လောက၌ သေခြင်းတရားကို ရှောင်လွှဲနိုင်သည့် နည်းလမ်း မရှိချေ။ နာကျင်သည် ဖြစ်စေ၊ ညင်သာသည် ဖြစ်စေ၊ လျှပ်တစ်ပြက် ဖြစ်စေ၊ နာတာရှည် ဖြစ်စေ… ၎င်းက မုချ ရောက်ရှိ လာလိမ့်မည်သာ ဖြစ်သည်။
လောက၌ တမလွန် ဘဝနှင့် ပတ်သက်၍ ယူဆချက် အမျိုးမျိုး ရှိပေသည်။
အချို့ ဘာသာရေး အယူအဆများက သူတို့ နတ်ဘုရားများအား ယုံကြည်သူများမှာ နောက်ဘဝတွင် ကောင်းကင်ဘုံ၌ ပြန်လည် မွေးဖွား၍ ချစ်ရသူများနှင့် ဆုံစည်းကာ ထာဝရ နေထိုင်နိုင်လိမ့်မည် ဟု ပြောဆိုကြသည်။
အချို့ အတွေးအခေါ် ပညာရှင်များကတော့ သေသည်နှင့် အရာအားလုံး ချုပ်ငြိမ်း သွားလိမ့်မည်ဟု ယုံကြည်ကြသည်။ လူဝင်စားမှု မရှိ။ နောင်ဘဝ မရှိ။ ဖန်ဆင်းရှင်လည်း မရှိ။
တစ်ချိန်တည်း၌ အချို့ကလည်း သက်ရှိများမှာ သေဆုံးသည်နှင့် မြစ်ဝါမြစ်သို့ ဝိညာဉ်မီးတောက်များ အဖြစ် သွားရောက် သန့်စင်ခံရကာ၊ ပြန်လည် မွေးဖွားခြင်း စက်ဝန်း အတွင်း ဝင်ရောက်၍ အသစ်သစ်သော ပုဂ္ဂိုလ်များ အဖြစ် ပြန်လည် မွေးဖွားလာသည်ဟု ပြောဆိုကြသည်။
အချို့ကလည်း သူတို့မှာ အတိတ်ဘဝတွင် တိရစ္ဆာန်များ၊ သားရဲများ၊ တောင်တန်းများ ဖြစ်ခဲ့ဖူးသည်ဟု ပြောကြသည်။
ထိုကဲ့သို့ သေခြင်းတရားနှင့် ပတ်သက်၍ အယူအဆ အမျိုးမျိုး ရှိသည့်တိုင် လက်တွေ့တွင်တော့ သေဆုံးပြီးသည့် လူများသာ တိကျ မှန်ကန်သည့် အဖြေကို ပေးနိုင်ပေလိမ့်မည်။
ဖျပ်… ဖျပ်… ဖျပ်…
ခြေသံများမှာ တည်ငြိမ်စွာဖြင့် ပဲ့တင်ထပ်ကာ ထွက်ပေါ်နေ၏။
အမှောင်ထုက လောကတစ်ခုလုံးကို ပိန်းပိတ်အောင် မင်းမူနေသည်။ မဟူရာ ကန့်လန့်ကာမှာ သေခြင်းနှင့် ရှင်ခြင်း သံသရာ အလား အဆုံးမဲ့လှသည်။
ဖျပ်… ဖျပ်… ဖျပ်…
"ငါ ဘယ်နေရာမှာလဲ…"
အဆုံးမဲ့ အမှောင်ထု အတွင်း လျှောက်လှမ်းရင်း အတွေးတစ်ခုမှာ ဝေ့ဝူယင်၏ စိတ်အတွင်း မွေးဖွားလာ၏။ အဘယ် အရပ်မျက်နှာသို့ ဦးတည်နေမှန်းလည်း သူ မသိသလို အဘယ်ကြောင့် လျှောက်လှမ်း နေရသည်ကိုလည်း သူ နားမလည်ချေ။
ရုတ်တရက် သူ မွေးဖွားလာခဲ့သည့် မှတ်ဉာဏ် နှစ်ခုကို ပြန်လည် မှတ်မိလိုက်၏။ ပထမ မှတ်ဉာဏ်က သူ့ကို ထွေးပွေ့ကာ ငုံ့ကြည့်နေသည့် ငွေရောင် မျက်လုံးများနှင့် လှပသော မျက်နှာကလေးပင် ဖြစ်သည်။ ထိုမျက်နှာလေးမှာ အနည်းငယ် ချောင်ချကာ မောပန်း နွမ်းနယ်နေဟန်ရသည့်တိုင် တစ်ချိန်တည်း၌ မိခင်မေတ္တာစိတ် ဇောအဟုန်ဖြင့် အားမာန်ပြည့်ဝ နေသည်။
ဒုတိယ မှတ်ဉာဏ်ကလည်း အလားတူပင် ဖြစ်သည်။ တစ်ခုတည်းသော ကွာခြားချက်က သူ့အား ကြည့်နေသည့် မိခင် ဖြစ်သူ၏ မျက်လုံးများပင် ဖြစ်သည်။ ၎င်းတို့က နားမလည်နိုင်သည့် ထူးဆန်းသော အလင်းရောင် တို့ဖြင့် ပြည့်နှက်နေကာ မရေမတွက်နိုင်သော မေးခွန်းများ ပါဝင်နေပုံ ရသည်။
ထိုမှတ်ဉာဏ် နှစ်ခုက ဝေ့ဝူယင်၏ စိတ်ကို တိုက်ရိုက်ပင် မောင်းနှင်သွားကာ ဘဝ နှစ်ခုစာ မှတ်ဉာဏ်များကို ပြန်လည် အမှတ်ရ လာစေခဲ့သည်။ ထူးဆန်းစွာပင် ထိုမှတ်ဉာဏ်နှစ်ခု၏ အဆုံးသတ်ကတော့ တစ်ခုတည်းသာ ဖြစ်သည်။
“ငါ မှတ်မိပြီ...”
ဝေ့ဝူယင်၏ မှတ်ဉာဏ်များမှာ တဖြည်းဖြည်းနှင့် အဆုံးသတ်ထိ ရောက်ရှိသွား၏။ လုံချန်မှာ မုန်းတီးစွာဖြင့် သူ့လည်ပင်းကို ဖြတ်တောက်လိုက်သည်။
“ငါသေသွားတာပဲ...”
ဖျပ်... ဖျပ်... ဖျပ်...
“ဆိုတော့ ဒါက သေတာပေါ့... အမှောင်ထု... အဆုံးမဲ့ အမှောင်ထု...”
ဖျပ်... ဖျပ်... ဖျပ်...
“ဘယ်လောက် ပင်ပန်းပြီး စိတ်ပျက်စရာ ကောင်းလိုက်လဲ...”
ခြေလှမ်း သုံးလှမ်းစီတိုင်း၌ အတွေးတစ်ခုမှာ ဝေ့ဝူယင်၏ စိတ်အတွင်း မွေးဖွားလာနေခဲ့၏။ တိုက်ဆိုင်မှု သက်သက်လော၊ တမင်ဖန်တီးထားခြင်းလော မသိသည့်တိုင် ၎င်းက ထူးဆန်းစွာပင် စည်းဝါးကိုက် နေပေသည်။
ဖျပ်... ဖျပ်... ဖျပ်...
အဆုံးမဲ့ အမှောင်ထု အတွင်း ဝေ့ဝူယင် တဝဲလည်လည် ဆက်လက် လျှောက်လှမ်းနေခဲ့စဥ်တွင် အလွန်တရာ ကြီးမားလှသည့် ဧရာမ ပုံရိပ်ကြီး တစ်ခုမှာ စက်ဝိုင်း သဏ္ဌာန် အမှောင်ကမ္ဘာလောက၏ အပြင်ဘက်၌ ရပ်နေခဲ့၏။ ထိုပုံရိပ်ကြီးမှာ မရေမတွက်နိုင်သည့် ရောင်စုံ မျက်လုံးများစွာကို ပိုင်ဆိုင်ထားကာ ၎င်း၏ လက်တံများမှာ အရပ်ရှစ်မျက်နှာကို ဖြန့်ကျက်ထား၏။
ထိုဧရာမ ပုံရိပ်ကြီး၏ အောက်ဘက်တွင်တော့ အတောင်ပံပါ ပုံရိပ် နှစ်ခု ရှိသည်။ ပထမ အတောင်ပံ တစ်စုံက ငွေရောင် အလင်းတန်းများဖြင့် တောက်ပနေကာ ကျန်းမာ ပြည့်ဖြိုးသည့် အဖြူရောင် ငှက်တောင် ငှက်မွေးများနှင့် ပြည့်နှက် နေ၏။ ၎င်းတို့မှ ထွက်ပေါ်နေသည့် အော်ရာမှာ အလွန်ပင် ကြီးမြတ်လှကာ သေမျိုးဘုံတွင် နေထိုင်သည့် မည်သည့် သက်ရှိမှ အလှမ်း မမှီနိုင်ပုံ ရလေသည်။
ဒုတိယမြောက် အတောင်ပံ တစ်စုံကတော့ ဆန့်ကျင်ဘက်ပင် သွေးရောင် အဆင်း ရှိပြီး ပိန်လှီ ခြောက်သွေ့နေသည်။ ၎င်းတွင် မည်သည့် အမွေးအတောင်မှ မပါရှိကာ အရိုးများပင် အချောင်းလိုက်၊ အစင်းလိုက် ထွက်ပေါ်နေ၏။ ဥပမာ ပေးရပါက ၎င်းတို့မှာ လင်းနို့တစ်ကောင်၏ အတောင်ပံနှင့် နီးနီးစပ်စပ် တူညီပေသည်။
ထိုပုံရိပ်နှစ်ခု၏ မျက်နှာနှင့် ခန္ဓာကိုယ်များမှာ ခပ်ဝါးဝါးနှင့် မထင်မရှား ဖြစ်နေသည့်တိုင် လူသား အသွင် ရှိတာကတော့ သေချာပေသည်။
“မာန သွေးမျိုးဆက် ပိုင်ရှင် အပြစ်သား ပြန်လာပြီ”
ငွေရောင် အတောင်ပံ ပိုင်ရှင်၏ အသံက ကြမ်းတမ်းစွာဖြင့် ထွက်ပေါ်လာ၏။ သို့သော်လည်း သူ့ မျက်လုံးများတော့ မျှော်လင့်ချက် အရိပ်အငွေ့တို့ဖြင့် ခပ်ရေးရေး သမ်းနေပေသည်။
“ဒါပေမဲ့ ခုထိ သူ့ဝိညာဥ်က ကမ္မအပြစ်ရဲ့ အားဖြည့် မခံရသေးဘူး... သေမျိုး ဝိညာဥ်ကို အဆင့်မှာပဲ ရှိသေးတယ်... သူတော်စင်တွေရဲ့ အဆင့်ကို မရောက်သေးသမျှ ခြေတစ်လှမ်း မှားတာနဲ့ လမ်းစဥ် တစ်ခုလုံး အဆုံးသတ်သွားလိမ့်မယ်... ဒုတိယမြောက် အခွင့်အရေး ရှိလာမှာ မဟုတ်ဘူး”
သွေးရောင် အတောင်ပံ ပိုင်ရှင်၏ အသံက ဆန့်ကျင်ဘက်ပင် နူးညံ့သိမ်မွေ့နေ၏။ ကလေးငယ် တစ်ယောက်၏ လေသံမျိုးပင်။
“အဲဒါကြောင့် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းတာပေါ့”
ငွေရောင် အတောင်ပိုင်ရှင်က ဆိုလိုက်၏။
“သူက သေမျိုး ဝိညာဥ် ပဲ ရှိတဲ့ အပြစ်သား ဆိုပေမဲ့ အစစ်အမှန် ဆုံးရှုံးခြင်း ငရဲကနေ လွတ်မြောက်ခဲ့တယ်... ဆုံးရှုံးခြင်းရဲ့ အဆင့် ခုနစ်ဆင့် စလုံးကို အောင်မြင်ခဲ့တယ်... မာန သွေးမျိုးဆက် ပိုင်ရှင် အပြစ်သားတွေ မပြောနဲ့ ဟွေ အပြစ်သား သွေးမျိုးဆက် ပိုင်ရှင်တွေတောင် အဲဒီလိုမျိုး မအောင်မြင်ခဲ့ဖူးဘူး”
“ ... “
သွေးရောင် အတောင်ပံ ပိုင်ရှင်က ထပ်စကားမပြောတော့ချေ။ အမှန်အတိုင်း ဝန်ခံရပါက သူ ကိုယ်တိုင် ပင်လျှင် ဝေ့ဝူယင်၏ ကြံ့ကြံ့ခံနိုင်မှု အပေါ် အံ့အားသင့်ခဲ့ရသည်။ အစစ်အမှန် ဆုံးရှုံးခြင်းမှာ ငရဲ၏ ကပ်ဘေးကြီး ဆယ့်ရှစ်ခုတွင် အားအနည်းဆုံး ဖြစ်သည့်တိုင် ခံစားချက်နှင့် မှတ်ဉာဏ်များကို နှိပ်စက်သည့် ငရဲဖြစ်ရာ ကျော်လွှားရန် အလွန် ခက်ခဲသည်။ အဆင့် ခုနစ်ဆင့်စလုံးကို ကျော်လွှားဖို့ ဆိုလျှင် ခံစားချက် ကင်းမဲ့သူ တစ်ယောက် ဖြစ်မှသာ ရရှိနိုင်ပေလိမ့်မည်။
မည်သည့် အပြစ်သား သွေးမျိုးဆင် ပိုင်ရှင်မှ ခံစားချက် မကင်းမဲ့ကြချေ။ သူတို့က အမြဲတမ်း အကျိုးသက်ရောက် ခံရကာ အစစ်အမှန် ဆုံးရှုံးခြင်း ကပ်ဘေး၏ အဆင့် အနည်းငယ်ကိုတော့ ကျရှုံး တတ်ကြသည်။ သို့သော်လည်း သူတို့က ကမ္မအပြစ်နှင့် အားဖြည့်ထားသည့် ဝိညာဥ်များကို ပိုင်ဆိုင်ထားလေရာ အပြင်လွှာ ပြိုကွဲမှုကို ကြံ့ကြံ့ခံနိုင်ကြပေသည်။ သေမျိုးဝိညာဥ်ကတော့ ထိုကဲ့သို့ ပြုလုပ်နိင်လိမ့်မည် မဟုတ်ချေ။ ထိုကဲ့သို့သော အထိမခံ အခြေအနေဖြင့်ပင် ဝေ့ဝူယင်မှာ မည်သည့် အပြစ်သားမှ မအောင်မြင်ခဲ့ဖူးသည့် ခုနစ်ဆင့်လုံးကို အောင်မြင်ခဲ့ပေသည်။
ငွေရောင် အတောင်ပံ ပိုင်ရှင်က ဆက်ပြောလိုက်၏။
“အစစ်အမှန် ဆုံးရှုံးခြင်း ကပ်ဘေးကို အဆင့်ခုနစ်ဆင့် ခွဲခြားထားတယ်... ဒါပေမဲ့ အဆုံးမဲ့ နောင်တမှာတော့ အဆင့်တစ်ဆင့်ပဲ ပါတယ်... သူ လုပ်နိုင်မယ်လို့ ထင်လား”
“ငါ့အထင် နှစ်ရှစ်ထောင်လောက်ပဲ ဖြစ်လိမ့်မယ်”
သွေးရောင် အတောင်ပံ ပိုင်ရှင်က ဆိုလိုက်၏။ ငွေရောင် အတောင်ပံ ပိုင်ရှင်က လက်မခံနိုင်ဟန်ဖြင့် သူ့ကို လှည့်ကြည့်လိုက်သည်။
“ရှစ်ထောင်ပဲလား... ဆိုတော့ သူက နှစ်ပေါင်းတစ်သိန်းနဲ့ ရှစ်ထောင်ကို မလုပ်နိုင်လောက်ဘူးပေါ့... ငါကတော့ မယုံဘူး”
သွေးရောင် အတောင်ပံ ပိုင်ရှင်က သက်ပြင်းတစ်ချက် ချလိုက်၏။
“မင်းသိတဲ့ အတိုင်း အဆုံးမဲ့ နောင်တက စိတ်ပိုင်းဆိုင်ရာ ထိခိုက် ခံစားရပြီး နှစ်ပေါင်းများစွာ ကြာအောင် အထီးကျန်မှု၊ ဆုံးရှုံးမှု၊ စိတ်ပျက် အားငယ်မှုတို့ကို ရင်ဆိုင်ရတယ်.... အဆိုးမြင်စိတ် တစ်ခါ ပေါ်လာတိုင်း ဝိညာဥ် အပြင်လွှာက ပိုပြီး ပါးသွားလိမ့်မယ်... သူ့ အဆင့်နဲ့ ဆိုရင် တစ်ခါပဲ ကျရှုံးခွင့် ရှိလိမ့်မယ်... သူ ဘယ်လောက်ပဲ ခံစားချက် ကင်းမဲ့ ကင်းမဲ့ အထီးကျန်မှု၊ နောင်တနဲ့ စိတ်ပျက်အားငယ်မှုတွေကို ခုခံနိုင်မယ်လို့ ငါ မထင်ဘူး”
“တကယ်လို့ အဲဒီလို ဆိုရင်တောင် သူ အဆုံးထိ သွားနိုင်လိမ့်မယ်လို့ ငါထင်တယ်”
ငွေရောင် အတောင်ပံ ပိုင်ရှင်မှာ ဝေ့ဝူယင် အပေါ် အပြည့်အဝ အကောင်းမြင်နေသေးဆဲ ဖြစ်သည်။ တစ်ချိန်တစ်ဖက်၌ သွေးရောင် အတောင်ပံ ပိုင်ရှင်ကလည်း သူ့ယူဆချက် အပေါ် အခိုင်အမာပင် ယုံကြည် နေပေသည်။
အစစ်အမှန် ဆုံးရှုံးခြင်း ငရဲက ခံစားချက်များကို စစ်ဆေးကာ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် ဆုံးရှုံးမှုများ အပေါ် ခံနိုင်ရည်ကို တိုင်းတာသည်။ အဆုံးမဲ့ နောင်တငရဲကတော့ ဘဝ၏ အကြီးကျယ်ဆုံး ရည်မှန်းချက်များကို အောင်မြင် ရရှိပြီးနောက်တွင် သေဆုံးခြင်းနှင့် တိုက်ရိုက် အစားထိုး ပစ်လိုက်ကာ ဖြစ်ပေါ်လာသည့် အပြစ်သားတို့၏ အဆုံးမဲ့ နောင်တတို့ကို စစ်ဆေးသည်။ သေဆုံးရသည့် အကြောင်းရင်းမှာလည်း သူ၏ ပေါ့ဆမှု၊ သို့မဟုတ် ကိုယ်ပိုင် လုပ်ရပ်တို့ကြောင့် ဖြစ်ကာ အကန့်အသတ်မဲ့ နောင်တများကို ဖြစ်ပေါ် စေနိုင်စွမ်း ရှိသည်။
ထိုနောင်တတို့က ဝိညာဥ်ကို အဆုံးမဲ့ စားသောက်ကာ ကမ္မအပြစ်တို့ကို သန့်စင်၍ အသိစိတ်တို့ကိုပင် ဝါးမြို ပစ်နိုင်စွမ်း ရှိသည်။ ထို့အပြင် အဓိက အကြောင်းအရာမှ လွဲ၍ လူတို့၏ အခြား ဖြစ်ရပ်များ အပေါ် မှတ်ဉာဏ်မှာလည်း ဝေဝါးနေလိမ့်မည် ဖြစ်သည်။ သင့်အနေဖြင့် နောင်တရစရာ အဖြစ်အပျက်များကိုသာ ထပ်တလဲလဲ ပြန်လည် အမှတ်တရနေကာ ထိုစက်ဆုပ်ဖွယ် မှတ်ဉာဏ်များ အတွင်း နှစ်သောင်းပေါင်းများစွာ ပိတ်မိနေလိမ့်မည် ဖြစ်သည်။
ဖျပ်... ဖျပ်... ဖျပ်...
“လုံချန် သတ်တာကို ခံရလိမ့်မယ် လို့ ငါ လုံးဝ မယုံကြည်နိုင်ဘူး... အားလုံးက ငါ့အမှားပဲ... ဘဝမှာ ငါ ဘာကို အောင်မြင်ခဲ့လဲ... ဘာတစ်ခုကိုမှ...”
တစ်နာရီမျှ မကြာခင်မှာပင် အဆိုးမြင်စိတ်များမှာ ဝေ့ဝူယင်၏ စိတ်အတွင်း စတင်ကာ နေရာယူ လာခဲ့၏။ ထိုအတွေးများထဲမှ လွတ်မြောက်နိုင်စွမ်း သူ့တွင် မရှိသလို လွတ်မြောက်အောင်လည်း သူ မကြိုးစားခဲ့ချေ။ အဆုံးမဲ့လှသည့် အမှောင်ထုကြီးထဲ၌ ၎င်းတို့မှာ သူခံစားနိုင်သည့် တစ်ခုတည်းသော အရာများ ဖြစ်ပေသည်။
“လွန်ခဲ့တဲ့ နှစ်တွေ အတွင်း ငါ အရမ်းကြိုးစားခဲ့တော့ရော ဘာထူးခဲ့လို့လဲ... နောက်ဆုံးမှာ သေခြင်းတရားနဲ့ပဲ အဆုံးသတ်ရတာပဲ... တကယ်လို့ အဲဒီနေ့တွေတုန်းက ငါသာ နာ့ရှင်းရီကို လွှတ်မပေးခဲ့ဘူး ဆိုရင်...”
“ကလန့်...”
***