ဒုတိယမြောက် ကပ်ဘေး ဘယ်တော့မှ အထီးမကျန်
Vol. 40 Ch. 552
“ကလန့်...”
ရုတ်တရက် ရင်းနှီးနေသည့် ဆေဘာသံ တစ်ခု ထွက်ပေါ်လာကာ ဝေ့ဝူယင်၏ အတွေးများကို ဖရိုဖရဲ ဖြစ်သွားစေ၏။ သူ ချက်ချင်းပင် အသံလာရာကို ကြည့်ရှုရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူ ဘာကိုမှ မမြင်နိုင်သလို အာရုံခံနိုင်စွမ်းလည်း မရှိပါချေ။ စည်းချက် ညီညီ ခြေလှမ်းများနှင့် မှတ်ဉာဏ်များမှ လွဲ၍ လောက၌ ဘာမှ မကျန်ရှိတော့ပုံ ပေါ်သည်။
“ဒီမယ်... ဒီမယ်... ဒီမယ်...”
စိတ်အားထက်သန်မှုများ ပြည့်ဝနေသည့် နောက်ထပ် အသံတစ်ခုမှာ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့ပြန်၏။ သို့သော်လည်း ၎င်းက အလွန် တိုးလျလှလေရာ လေသံ သဲ့သဲ့မျှသာ ရှိသည်။ ဝေ့ဝူယင် ပိုမို၍ စိတ်ဝင်စားလာကာ အသံများ ထွက်ပေါ်လာသည့် နေရာကို ရှာဖွေရန် ကြိုးစားလိုက်၏။
သို့သော်လည်း မည်မျှပင် ကြိုးစားစေကာမူ... ပတ်ဝန်းကျင် တစ်ခုလုံးက ပိန်းပိတ်အောင် အမှောင်တိုက် အတွင်း နစ်မြုပ်နေဆဲ ဖြစ်သည်။ သူ ကိုယ်ပိုင် ခန္ဓာကိုယ်ကိုပင် ပြန်လည် မြင်နိုင်စွမ်း မရှိချေ။
အထီးကျန်မှုနှင့် စိတ်ပျက်အားငယ်မှုတို့က ဆောင်း၏ အေးမြစိုစွတ်သော ခြုံလွှာ တစ်ခုလို သူ့စိတ်တစ်ခုလုံးကို ပြန်လည် ဖုံးလွှမ်းသွားပြန်သည်။ အဆင်မပြေမှုများမှာ အလုံးလိုက် အရင်းလိုက် ဝေ့ဝူယင်၏ စိတ်အတွင်း ပြန်လည် တိုးဝင်လာခဲ့၏။ သူ၏ အသိစိတ်များက နောက်တစ်ဖန် ပြန်လည် ဝေဝါးသွားကာ သေဆုံးခဲ့ရသည့် မှတ်ဉာဏ်များထဲတွင်သာ ထပ်တလဲလဲ နစ်မြုပ်နေပြန်တော့သည်။
“အားလုံးက ငါ့အမှားပဲ... ငါ့အမှားပဲ...”
“ဟေး... ကျုပ်တို့ အသံကို ကြားရလားဗျ...”
အချိန်နှင့် ဟင်းလင်းပြင်ကို ပဲ့တင်ထပ် လာဟန် ရသည့် အသံတစ်ခုမှာ ဝေ့ဝူယင်၏ စိတ်အတွင်း ပဲ့တင်ရိုက်ကာ တိုးဝင် လာခဲ့ပြန်၏။
သို့သော်လည်း ဝေ့ဝူယင်မှာ အတွေးများ အတွင်း ဆက်လက် နစ်မြုပ်နေဆဲ ဖြစ်ကာ သူ့မိန်းမများနှင့် ပတ်သက်သည့် နာကျည်းဖွယ် အမှတ်တရများကို ပြန်လည် သတိရနေမိခဲ့သည်။
“ငါက အဲဒီလိုမျိုးနဲ့ မထိုက်တန်ဘူး... ငါ သူတို့ကို မချစ်ခဲ့ဘူး...”
အာဏာနှင့် ပါရမီ အပါအဝင် မရေမတွက်နိုင်သည့် အရာများကို ပိုင်ဆိုင်နိုင်ခဲ့သည့်တိုင် ကျင့်ကြံခြင်း လောက၏ အခြေခံ အကျဆုံး ပျော်ရွှင်မှု ဖြစ်သည့် “ခွန်အား” ကိုတော့ သူ လျစ်လျူခဲ့မိသည်။ မည်မျှပင် ပါရမီ မြင့်မားစေကာမူ... နောက်ဆုံးတွင်တော့ ခွန်အားသာလျှင် ကိုယ်ပိုင် ကံကြမ္မာကို ဖမ်းဆုပ်နိုင်သည့် တစ်ခုတည်းသော လက်နက်ဖြစ်သည်။
“ဘဝက နောက်ပြန်လှည့်ကြည့်ပြီး တသသ တမ်းတနေရမယ့် အရာမျိုး မဟုတ်ဘူး... မှတ်ထားပါ နတ်ဆိုးလေး... ဘဝဆိုတာက အနာဂတ်မှာ နောင်တရ မရဖို့ အတွက် ပစ္စုပ္ပန်မှာ ဖြောင့်မတ်စွာ ရှေ့ဆက်ဖို့ပဲ... ဘယ်တော့မှ အတိတ်ကို မပြောင်းလဲချင်တဲ့ လိုအင်ဆန္ဒတွေနဲ့ အတူပေါ့”
နူးညံ့ နွေးထွေးလှသည့် အသံတစ်ခုက ဝေ့ဝူယင်၏ အတွေးများ အတွင်း ထိုးဖေက် ဝင်ရောက်လာပြန်သည်။ ၎င်းတို့က ရှုပ်ထွေးပွေလီနေသည့် စိတ်တံတိုင်းကို တိုက်ရိုက်ပင် ထိုးဖောက်ကာ အထီးကျန်မှု၊ စိတ်ပျက်အားငယ်မှုနှင့် နောင်တတို့ကို စစ်ကြေညာနေဟန် ရ၏။
“ဘယ်သူလဲ...”
ဖျပ်... ဖျပ်...
အဆုံးအစမဲ့သည့် အမှောင်ထု အတွင်း ဝေ့ဝူယင် တတိယမြောက် ခြေလှမ်းကို ဆက်မလှမ်းပဲ ရပ်တန့်လိုက်၏။ သူ၏ ငွေရောင် မျက်လုံးများက အရပ် မျက်နှာတိုင်းကို ရွေ့လျားသွားကာ အသံပိုင်ရှင်ကို ရှာဖွေလိုက်ပြန်သည်။
သူ၏ အမြင်အာရုံထဲ၌ အဆုံးအစမဲ့ အမှောင်ထုမှာ လှိုင်းတွ့န့် သဏ္ဌာန် ပုံရိပ် တစ်ခု အလား ရှင်သန်လာသည်။ ထိုသဏ္ဌာန်မှာ နွေးထွေးသည့် ကိုယ်ရောင်ကိုယ်ဝါများကို ထုတ်လွှတ်နေကာ တွေးတောမှုကြောင့် ဖြစ်ပေါ်လာသည့် ပင်ပန်း နွမ်းနယ်မှုနှင့် နာကျင်ကိုက်ခဲမှုတို့ကို သက်သာစေ၏။
"ငါတို့ကို မြင်လား..."
ရုတ်တရက် ဝေ့ဝူယင်မှာ အလင်းရောင် တစ်ခုကို ဖျပ်ခနဲ တွေ့လိုက်ရသလို ခံစား လိုက်ရ၏။ မိခင်ဖြစ်သူ၏ သိမ်မွေ့သော အပြုံးက သူ့အာရုံကို စိုးမိုးသွားကာ အကိုကြီး၏ ဆုံးမ စကားများမှာ သူ့နားအတွင်း ပဲ့တင်ထပ်လာသည်။ လျှင်မြန်စွာပင် သူက မည်သူ ဖြစ်ကြောင်း ဝေ့ဝူယင် ပြန်လည် မှတ်မိလာခဲ့၏။ ပျောက်ဆုံးနေခဲ့သည့် ကိုယ်ပိုင် အတွေ့အကြုံများ၊ အတွေးများနှင့် ခံစားချက်များကို သူ ပြန်လည် ရရှိလာသည်။
အမှောင်ထု အတွင်းတွင် ငွေရောင် အလင်းစ နှစ်ခုမှာ ဖြည်းညင်းစွာပင် တောက်ပလာ၏။ သူ့မျက်ခွံတို့က နှစ်သောင်း တစ်သောင်းတွင် တစ်ကြိမ်သာ ဖွင့်သည့် အလား လေးပင်နေသည်။ တုန်ရီစွာဖြင့် အပေါ်ကို မော့ကြည့်လိုက်မိသော အခိုက်၌ သူ့ မျက်လုံးများမှာ အမှောင်ထုကို ဖြတ်၍ ရှင်းလင်းစွာပင် မြင်လိုက်ရတော့သည်။
"ငါနားလည်ပြီ… ငါ နားလည်ပြီ…"
ဝေ့ဝူယင်မှာ ဆေးခတ်ခံရရာမှ ပြန်လည် အသိဝင်လာ သလို ခံစားလိုက်ရ၏။ နေလာ နှင်းပျောက်သည့် အလား မနှစ်မြို့ဖွယ် အတွေးများနှင့် နောင်တတရားများမှာ စစ်မှန်သော အသိဉာဏ်၏ တိုက်ဖျက်မှုကို ခံလိုက်ရသည်။
"သူနိုးလာပြီ… သူ နိုးလာပြီ…"
အို၍၏ အသံက အမှောင်ထု အတွင်း ပဲ့တင်ရိုက်ကာ ထွက်ပေါ်လာ၏။
"ကလန့်…"
ဘုရင်က စိတ်မရှည်ဟန်နှင့် ဆေဘာတွန်သံ တစ်ချက်သာ ပြုသည်။ သူက ဝေ့ဝူယင် ထိုမျှ ကြာကြာ စိတ်လွတ်နေခြင်း အပေါ် မကျေမနပ် ဖြစ်နေဟန် ရသည်။ သို့သော်လည်း အသံအတွင်း ပါဝင်နေသည့် စိတ်သက်သာရာ ရခြင်းများကိုတော့ သူ ဖုံးဖိ၍ မရနိုင်ပါချေ။
"ဒီလောကမှာ ငါ့တို့ကို တားနိုင်တာ ဘာမှ မရှိဘူး"
ခရာတို၏ အသံက စိတ်လှုပ်ရှားခြင်းများနှင့် ပေါက်ကွဲနေ၏။
"ကောင်းတယ်…"
နောက်ဆုံးမှ ထွက်ပေါ်လာသည့် ဧဒင်၏ အသံက ညင်ညင်သာသာပင်။
ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ အမှောင်ထုကို လေ့လာလိုက်၏။ ယခု အချိန်အထိ သူ ခန္ဓာကိုယ်ကို ပြန်လည် ခံစားနိုင်ခြင်း မရှိသေးချေ။ ပတ်ဝန်းကျင်ကို တစ်ချက် လှည့်ပတ်ကြည့်ပြီးနောက် သူ ခပ်တိုးတိုး ရေရွတ်လိုက်၏။
"အလုပ်ဖြစ်သားပဲ…"
ကျေနပ်သည့် အလင်းတစ်စမှာ သူ့ ငွေရောင် မျက်လုံးများ အတွင်း ပေါ်လာခဲ့၏။
"အလုပ်ဖြစ်တယ်… အလုပ်ဖြစ်တယ်… ပြီးတော့ ဘာလုပ်မှာလဲ"
အိုရီမှာ အတော်လေး စိတ်လှုပ်ရှားနေဟန်ဖြင့် မေးလိုက်သည်။
ဝေ့ဝူယင်က ဒုတိယ ကပ်ဘေးနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက် များကို ပြန်လည် စုစည်းလိုက်၏။ ၎င်းက အမှောင်ထု အတွင်း ရှင်သန်ခြင်းနှင့် လွတ်မြောက်ခြင်း ဖြစ်သည်။
အမှောင်ထု…
အမှောင်ထုမှာ လူများ၏ စိတ်ကို ပြောင်းလဲ စေနိုင်သည့် ထူးခြားသော စွမ်းရည် တစ်မျိုးကို ပိုင်ဆိုင်ထားသည်။ မည်မျှပင် သတ္တိကောင်းသော လူတစ်ယောက် ဖြစ်စေ ဘယ်ဆီဘယ်ဝယ်မှန်း မသိရသည့် အဆုံးမဲ့ အမှောင်ထု အတွင်း တစ်ယောက်တည်း အထီးကျန်စွာ ရှိနေခဲ့ရပါက ကျိန်းသေ စိတ်ထွေပြားလာလိမ့်မည် ဖြစ်သည်။ နောက်ဆုံး ရူးသွပ်သွားတာမျိုးပင် ဖြစ်နိုင်ချေ ရှိသည်။
အမှောင်ထု အတွင်း အသက်ရှင်သန် နိုင်ဖို့ ဆိုလျှင် ၎င်းကို ပြန်လည် တွန်းလှန်ပစ်ဖို့ လိုအပ်သည်။ ကံမကောင်းစွာပင် မင်ရှုဖုန်းထံမှ ရရှိခဲ့သည့် အချက်အလက်များတွင် ငရဲ၏ ကပ်ဘေးအား မည်ကဲ့သို့ တွန်းလှန်ရမည် ဆိုသည့် အကြောင်းတရားများ မပါဝင်ချေ။ ထိုကြောင့်ပင် သူ အပြစ်ကျမ်းစာကို စူးစမ်း လေ့လာကာ ကောက်နှုတ်ချက် အချို့ ချခဲ့ရသည်။
ငရဲ၏ ကပ်ဘေး အကြောင်း ရှင်းလင်းချက်တွင် စမ်းသပ်မှု အတွင်း၌ ဝိညာဉ်ကို ကပ်ဘေးဆီသို့ ယူဆောင်လာသည်ဟု ဖော်ပြထားသည်။ ၎င်းက ဝိညာဉ် တစ်ခုလုံးကို ဆိုလိုလေရာ မူလ ဝိညာဉ်မှ ခွဲထွက် ဖြစ်ပေါ်လာသည့် ကြယ်တာရာ ဝိညာဉ်များလည်း ပါဝင် လာနိုင်ချေ ရှိသည်။
အကယ်၍ ၎င်းတို့နှင့် ပြောဆို ဆက်သွယ် နိုင်ပါက သူ အမှောင်ထု၏ ဝါးမျိုမှုကို တွန်းလှန်ကာ ကိုယ်ပိုင် အာရုံခံစားမှုကို ဖန်တီးနိုင်ပေလိမ့်မည်။ အမှား တစ်ခုမှ လုပ်၍ မရသော်လည်း အမှောင်ထု အတွင်း အသင်ရှင်နေသမျှ ကာလပတ်လုံး သူ ထိုကပ်ဘေးကို ကျော်လွန် နိုင်ဖွယ် ရှိသည်။
ကြယ်တာရာ ဝိညာဉ်များကိုသာ ဤနေရာသို့ ခေါ်လာနိုင်ခြင်းက ဝေ့ဝူယင်၏ တစ်ခုတည်းသော အောင်မြင်မှု မဟုတ်ချေ။ သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံး များမှာလည်း ဆက်လက် အသက်ဝင်နေဆဲ ဖြစ်သည်။ ၎င်းတို့က ဤပတ်ဝန်းကျင်တွင် အသုံးမဝင်သလောက် ဖြစ်သည့်တိုင် မမျှော်လင့်ထားသည့် တွေ့ရှိမှု ဖြစ်လေရာ ဝေ့ဝူယင်ကို ပျော်ရွှင်စေသည်။
အကယ်၍ သူသာ ပိုမို မြင့်မားသည့် ကျင့်ကြံခြင်း အဆင့်များကို တက်လှမ်းနိုင်ပါက နောက်ထပ် လာမည့် ကပ်ဘေးများတွင် ထိုကောင်းကင်ဘုံ နတ်မျက်လုံးများမှာ အသုံးဝင် လာနိုင်ပေသည်။
"မင်းတို့ရဲ့ အသံကြောင့်သာ မဟုတ်ရင် ငါ ပြန်ပြီး အသိဝင်လာမှာ မဟုတ်ဘူး… ကျေးဇူးတင်ပါတယ်"
အတွေးတစ်စမှ လွဲ၍ မိမိ ခန္ဓာကိုယ်ကိုပင် ပြန်လည် မခံစားနိုင်သေးသည့်တိုင် ဝေ့ဝူယင်မှာ ကျောရိုးတစ်ခုလုံး အေးစိမ့်နေသလို ခံစား နေရသည်။ သည်ကပ်ဘေးကား ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
၎င်းက မိမိ၏ အမှားတစ်ခုကြောင့် ဖြစ်ပေါ် လာနိုင်ချေ ရှိသည့် အနာဂတ်ကို ပြသကာ အဆုံးမဲ့ နောင်တ တရားများဖြင့် အပြစ်သားများ၏ ဝိညာဉ်ကို တိုက်စားခြင်း ဖြစ်သည်။ ၎င်းမှာ အလွန်ပင် ရက်စက်လှကာ အစစ်အမှန် ဆုံးရှုံးခြင်း ကပ်ဘေးထက်ပင် ပိုမို၍ ကြောက်မက်ဖွယ် ကောင်းလှသည်။
ထိုအခိုက်အတန့်၌ ဝေ့ဝူယင်၏ ဝိညာဉ် အပေါ်ယံခွံလွှာ တစ်ခုလုံးမှာ ဆယ်ရှစ်ရာနှုန်း အထိ တိုက်စား ခံခဲ့ရပြီး ဖြစ်သည်။ အစစ်အမှန် ဝိညာဉ်အား ထိခိုက်ရန် ငါးပုံ တစ်ပုံမျှသာ ကျန်ရှိပေတော့သည်။
"အချိန် ဘယ်လောက်ကြာသွားပြီလဲ…"
တစ်ချိန်လုံး အတွေးများ အတွင်း နစ်မြုပ်နေလေရာ အချိန်ဘယ်လောက် ကြာမြင့်သွားပြီ ဖြစ်ကြောင်း သူ မသိပါချေ။ တစ်စက္ကန့် ဖြစ်နိုင်သလို၊ ဆယ်နှစ်လည်း ဖြစ်နိုင်ပေသည်။ ထို့ကြောင့် ပြောရန် ခက်ခဲလှသည်။
“သုံးမိနစ်... နှစ်ဆယ့်နှစ် စက္ကန့်...”
ခရာတိုက လေးနက်သော အသံဖြင့် အဖြေပေးလိုက်သည်။
“သုံးမိနစ်ပဲ ရှိသေးတာလား...”
ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ ပြူးကျယ်သွား၏။ သုံးမိနစ် အတွင်း သူ့ဝိညာဥ် အပေါ်ယံ အလွှာက ရှစ်ဆယ်ရာခိုင်နှုန်း အထိ ပျက်စီးသွားခဲ့သည်လား။
ထိုနှုန်းအတိုင်းသာ ဆိုပါက နောက်ထပ် စက္က့န် အနည်းငယ် ကြာသည်နှင့် သူ့ဝိညာဥ်မှာ ဖျက်ဆီးခံရကာ ဝိညာဥ်မြစ်သို့ ပို့ဆောင်ခံရလိမ့်မည် ဖြစ်သည်။
“ဘာပဲဖြစ်ဖြစ်... ဒီကပ်ဘေးကို အရင် ကျော်လွှားရမယ်”
မပြောင်းလဲနိုင်သည့် အရာများကို စိတ်၏ အဝေးဆုံးသို့ ဝေ့ဝူယင် တွန်းပို့လိုက်၏။ ထို့နောက် ကိုယ့်ကိုယ်ကို တည့်မတ်လိုက်ရင်း ဝိညာဥ်ထံမှ တိုက်တွန်းမှုကို လိုက်နာကာ စည်းချက်မှန်မှန်ပင် ရှေ့သို့ ဆက်လိုက်လေတော့သည်။
ဖျပ်... ဖျပ်... ဖျပ်...
***