ဒုတိယ ကပ်ဘေး ဝိညာဥ် သက်ရောက်ခြင်း
Vol. 40 Ch. 553
လောကတစ်ခုလုံးမှာ ပိန်းပိတ်သည့် အမှောင်ထုဖြင့် ပြည့်နှက်နေ၏။ တိတ်ဆိတ်မှုက နေရာတိုင်းတွင် မင်းမူနေကာ တဖျပ်ဖျပ် ထွက်ပေါ်နေသည့် ခြေသံမှ လွဲ၍ ဘာကိုမှ မကြားရပါချေ။
“အပြစ်ကျမ်းစာ အရဆိုရင် ဒုတိယမြောက် ကပ်ဘေးက အဆုံးအစမဲ့ပြီး အာရုံငါးပါးစလုံးကို သိမ်းပိုက်ထားလိမ့်မယ် တဲ့... ပုံမှန်ဆိုရင် ဝိညာဥ်တွေကပဲ ငရဲကို ကျခံရတာ ဆိုပေမဲ့ အမွေခံ အပြစ်သား တစ်ယောက် အနေနဲ့ ငါ့ခန္ဓာကိုယ်ကလည်း ဒီနေရာမှာ ရှိနေလိမ့်မယ်... ဒါပေမဲ့ ခုအချိန်မှာ ခန္ဓာကိုယ်က ငါနဲ့ လုံးဝ အဆက်အသွယ် ပြတ်လုနီးပါးပဲ... ရှေ့ဆက်နေတဲ့ ခြေလှမ်းတွေကိုပဲ ငါခံစားလို့ ရတယ်...”
ကောင်းကင်ဘုံ နတ်မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို အဆက်မပြတ် လေ့လာနေသည့်တိုင် အဆုံးအစမဲ့ အမှောင်ထုမှ လွဲ၍ သူ ဘာကိုမှ မတွေ့ရချေ။ အမှန်အတိုင်း ဝန်ခံရပါက ခြေသံ တဖျပ်ဖျပ် ကြားနေရသည့်တိုင် သူ ရွေ့လျားနေ၊ မနေပင် မသေချာချေ။
“ထူးဆန်းတယ်...”
ဧဒင်က မှတ်ချက်ချလိုက်၏။
“ကလန့်...”
ဘုရင်၏ အသံကတော့ စိတ်မရှည်ခြင်းများနှင့် ပြည့်နှက်နေကာ အဆုံးအစမဲ့ အမှောင်ထု တစ်ခုလုံးကို တိုက်ရိုက် ထက်ပိုင်းပိုင်းပစ်ရန် တိုက်တွန်းနေသည်။ ဆေဘာ၏ ရှေ့မှောက်၌ အမှောင်ထုက ဘာမလို့နည်း။ ငရဲက ဘာမလို့နည်း။ တစ်ချက်နှင့် မလုံလောက်လျှင် နှစ်ချက်။ နှစ်ချက်နှင့် မလုံလောက်လျှင် သုံးချက် အသုံးပြုရုံသာ ဖြစ်သည်။
သို့သော်လည်း ဝေ့ဝူယင်ကတော့ ထိုတိုက်တွန်းချက်ကို လျစ်လျူထား၏။ ဆေဘာကို လွှဲရန် မဆိုထားနှင့် ခြေများလက်များကိုပင် သူ အာရုံ ခံစားနိုင်စွမ်း မရှိချေ။ လက်ရှိ၌ သူက အတွေး၊ ခံစားချက်နှင့် စိတ်ပျက်ဖွယ် နောင်တတို့မှ လွဲ၍ ဘာမှ မရှိသည့် အခွံသက်သက်သာ ဖြစ်သည်။
“တကယ်လို့ ငါတို့သာ ထွက်သွားချင်ရင် ဒီသောက်ငရဲလည်း မတားနိုင်ပါဘူး...”
ခရာတို၏ လေသံကလည်း ဘုရင်နှင့် သိပ်ကွာခြင်း မရှိချေ။ ၎င်းမှာ ဟင်းလင်းပြင် တာအိုမှ မွေးဖွားလာသည့် ကြယ်တာရာ ဝိညာဥ် ဖြစ်လေရာ လောကကြီးထဲ၌ သူ မသွားနိုင်သည့် နေရာ ဘယ်နေရာမှ မရှိဟု ပြင်းထန်စွာပင် ယုံကြည်ထားသည်။ ထိုအရာက တကယ်လား လေကြီးခြင်းလား ဆိုကိုတော့ ဝေ့ဝူယင်လည်း မသေချာပါချေ။
အသိစိတ် အာရုံကို ပြန်လည် ရရှိပြီးနောက်တွင် ဝိညာဥ်၏ အပေါ်ယံ အခွံမှာ ဖြည်းညင်းစွာပင် ပြန်လည် ကောင်းမွန်လာနေခဲ့၏။ သုံးစက္ကန့်တိုင်း၌ လုံချန် အသက်ရှင် လွတ်မြောက်ကာ သူ့ထံ လာရောက် လက်စားချေသည့် မှတ်ဉာဏ်က ဝေ့ဝူယင်၏ စိတ်အတွင်း တိုးဝင်လာနေခဲ့၏။ ထိုမှတ်ဉာဏ်က အမှန်တကယ် မဟုတ်သည့်တိုင် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှကာ ဧဒင်တို့ လေးယောက် ရှိနေသည် ဆိုသည့် အသိကြောင့်သာ ဝေ့ဝူယင် ကြံ့ကြံ့ခံ နေနိုင်ခြင်း ဖြစ်သည်။
ဖျပ်... ဖျပ်... ဖျပ်...
ခြေလှမ်းသုံးလှမ်း၊ စက္ကန့်သုံးစက္ကန့်၊ အတွေးစ တစ်ခု... အဆုံးအစမဲ့ အမှောင်ထု အတွင်း ထိုဖြစ်စဥ်မှာ ထပ်ခါတလဲလဲ ဖြစ်ပေါ်နေခဲ့၏။ ဝေ့ဝူယင် တိတ်တဆိတ်ပင် ရှေ့သို့ ဆက်နေခဲ့သည်။
ငရဲ၏ ကပ်ဘေးက ကြမ်းတမ်း လွန်းလှသည် ဆိုသော်လည်း အကယ်၍ အမွေခံ အပြစ်သား တစ်ယောက်သာ ဖြစ်မလာခဲ့ပါက ယခုအချိန် လုံချန်၏ ဓားချက်အောက်တွင် သူ ခေါင်းပြတ်နေလောက်ပြီ ဖြစ်သည်။ သို့သော်လည်း သူ ရှင်သန်ခဲ့သည်။ တိုးတက်လာခဲ့သည်။ သူ့အစား လုံချန်သာလျှင် သေဆုံးသွားရကာ ကံကြမ္မာမှာ ပြောင်းလဲသွားခဲ့သည်။
ဖျပ်... ဖျပ်... ဖျပ်....
ကြောက်မက်ဖွယ် မှတ်ဉာဏ်များ ထပ်လဲလဲ ဖြစ်ပေါ်နေခဲ့သည်မှာ သုံးထောင့်ငါးရာ လေးဆယ့်ငါးကြိမ် ရှိသွားခဲ့ပြီ ဖြစ်သည်။ အချိန်ကာလအားဖြင့် စုစုပေါင်း မိနစ် ငါးဆယ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
“ဘယ်အချိန်ကျမှ ပြီးမှာလဲ... ဒီလို နေရတာကြီးကို မကြိုက်ဘူး...”
အိုရီ၏ အသံက နောက်တစ်ဖန် ထွက်ပေါ်လာပြန်၏။ ကြောက်မက်ဖွယ် ကောင်းသည့် မြင်ကွင်းအား သုံးစက္ကန့်ခြား တစ်ခါ ထပ်တလဲလဲ ပြန်လည် တွေ့မြင်နေရသည့် အပေါ် သူက မနှစ်မြို့ဖြစ်နေဟန် ရသည်။
ဝေ့ဝူယင်၏ မူလ ဝိညာဉ်မှ တိုက်ရိုက် ခွဲထွက်လာသည့် အပိုင်းအစများ ဖြစ်သည့်တိုင် အိုရီ၊ ဧဒင်၊ ခရာတိုနှင့် ဘုရင်တို့မှာ ကွဲပြား ခြားနားသည့် လမ်းစဉ်များကို ပိုင်ဆိုင်ထားသည့် ကြယ်တာရာ ဝိညာဉ်များ ဖြစ်သည်။ သူတို့တွင် ကိုယ်ပိုင် အတွေးအခေါ်နှင့် ခံစားချက်များကို ရှိလေရာ ကြုံတွေ့ရသည့် ဖြစ်ရပ်များ အပေါ် တုန့်ပြန်မှုများမှာလည်း အမျိုးမျိုး ကွာခြားကြသည်။
ခရာတိုမှာ လုံချန် လာနေသည်ကို အစောတည်းက အာရုံခံနိုင်ခဲ့သင့်သည်ဟု တွေးနေမိသည်။ မည်သို့ပင် ဆိုစေ… သူက ဟင်းလင်းပြင် နဂါး ဖြစ်သည်။ အချိန် တစ်စက္ကန့်မျှ ရလျှင်ပင် ဝေ့ဝူယင်ကို ခေါ်ဆောင်၍ လွတ်မြောက်အောင် ထွက်ပြေး နိုင်ပေသည်။ သို့သော်လည်း လက်တွေ့တွင်တော့ ဝေ့ဝူယင် အသတ်ခံရသည်ကိုသာ ဘေးနားမှ ကြည့်နေနိုင်ခဲ့သည်။ သူက နဂါး တစ်ကောင် ဖြစ်တော့ရော ဘာအသုံးကျခဲ့သနည်း။
တစ်ချိန်တည်း၌ ဧဒင်မှာ သူ့ပေါ့ဆမှုကို ပြန်ကျိန်ဆဲ နေခဲ့မိ၏။ လွန်ခဲ့သည့် ဆယ့်သုံးနှစ် အတွင်း သူ ဝေ့ဝူယင်ကို တိုးတက်ဖို့ အတွက် အချိန်တိုင်း တိုက်တွန်း နေခဲ့သင့်သည်။ ထို့အပြင် တိုက်ခိုက်ရာတွင် အသုံးဝင်သည့် အဂ္ဂိရတ် ထုတ်ကုန်များကိုလည်း ဖော်စပ်ထားခဲ့သင့်သည်။ သူ့အမြင်အရ ဝေ့ဝူယင်၏ ရှူံးနိမ့်ခဲ့မှု တစ်ခုလုံးက သူ၏ ပျင်းရိမှုနှင့် တိုက်ရိုက် သက်ဆိုင်နေပေသည်။
အားလုံးထဲ၌ ဘုရင်မှာ ဒေါသ အထွက်ဆုံး ဖြစ်သည်။ ထိုမှတ်ဉာဏ်ထဲ၌ သူက ဆေဘာ တစ်ချက်ကိုပင် လွှဲခုတ်နိုင်ခဲ့ခြင်း မရှိခဲ့ချေ။ ခုတ်ဖြတ်မှု မရှိသည့် ဆေဘာတစ်စင်းမှာ ဘာအဓိပ္ပာယ် ရှိမည်နည်း။ ထိုအရာက မှတ်ဉာဏ်အတု တစ်ခုသာ ဖြစ်သည့်တိုင် သူ နာကျင်စွာ ခံစားနေရဆဲ ဖြစ်သည်။
ကြယ်တာရာ ဝိညာဉ်များ၏ ခံစားချက်များ တဖြည်းဖြည်း ပြောင်းလဲနေသည်ကို ကြည့်ကာ ဝေ့ဝူယင်မှာ အနည်းငယ် အံ့သြသွားခဲ့၏။ သူတို့သည်လည်း ကပ်ဘေး၏ လွှမ်းမိုးမှုများ ဖြစ်သည့် ဒေါသ၊ ရှုံးနိမ့်မှု၊ နောင်တရမှု၊ စိတ်ပျက်မှုနှင့် ကူရာကယ်ရာမဲ့မှုတို့ကို ခံစားရလိမ့်မည်ဟု မျှော်လင့် မထားခဲ့ချေ။
"အာရုံစိုက်ထားကြ…"
ဝေ့ဝူယင်က စိတ်ထဲမှ အော်ဟစ် သတိပေး လိုက်၏။
သူ၏ အသံက ကြယ်တာရာ ဝိညာဉ်လေးခုကို တုန်ရီသွားစေကာ အသိပြန်လည် ဝင်သွားစေသည်။ ၎င်းတို့မှာ တစ်ယောက်ကို တစ်ယောက် ပြန်လည် ချိတ်ဆက်လိုက်ကြရင်း မကြာခင်မှာပင် တစ်ယောက် အတွေးကို တစ်ယောက် သိသွားကြ၏။
"ငရဲရဲ့ ကပ်ဘေးက ကြယ်တာရာ ဝိညာဉ်တွေကိုပါ အကျိုးသက်ရောက်နိုင်တာလား… ဒါမှမဟုတ် သူတို့ ကိုယ်ပိုင် စိတ်ခံစားမှုရဲ့ အကျိုးဆက် သက်သက်လား"
ကံကောင်းထောက်မစွာပင် ထိုအတွေးများက သူတို့အပေါ် ဘာမှ ကြီးကြီးမားမား မထိခိုက်စေခဲ့ပါချေ။ သူတို့က ၎င်း၏ တိုက်ရိုက် ပစ်မှတ် မဟုတ်ခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
“ကြောက်စရာကြီး... တကယ် ကြောက်စရာကြီး...”
အိုရီက တုန်ရီစွာဖြင့် မှတ်ချက်ချလိုက်၏။ သူ့ကိုယ်ပိုင် စွမ်းအင်များထဲမှ ကြီးမားသော အစိတ်အပိုင်း တစ်ခုမှာ အတွေးထဲ နစ်မြုပ်နေသည့် အတောအတွင်း ခမ်းခြောက်သွားခဲ့ရသည်။
ဝေ့ဝူယင်က အိုရီထံ စိတ်စွမ်းအင် အချို့ ပို့ကာ နှစ်သိမ့်လိုက်၏။ ခြေသုံးလှမ်းတိုင်း၌ လုံချန်၏ သတ်ဖြတ်ခံရသည့် မြင်ကွင်းက သူ့မှတ်ဉာဏ်များ အတွင်း ထပ်တလဲလဲ နိုးထနေဆဲ ဖြစ်သည်။ အချိန် ကြာမြင့်လာသည်နှင့် အမျှ ထိုမှတ်ဉာဏ်၏ ဝေ့ဝူယင် အပေါ် အကျိုးသက်ရောက်မှုမှာလည်း နည်းသထက် နည်းလာနေခဲ့သည်။
“ဒီကပ်ဘေးကနေ လွတ်မြောက်ရင် ကျင့်ကြံဖို့ ငါ ဘယ်တော့မှ မပျင်းတော့ဘူး... ငါ့ကို ဆန့်ကျင်နိုင်တဲ့ ဘယ်သူ့ကိုမှ ရှင်သန်ခွင့် မပေးတော့ဘူး... ကျူပင်ခုတ် ကျူငုတ် မကျန်အောင် လုပ်ရမယ်...”
ဖြစ်စဥ် တစ်ပတ်လည်တိုင်း၌ ဝေ့ဝူယင်၏ ဆန္ဒမှာ ပိုမို ခိုင်မာလာ၏။ ခွန်အားကို ရှာဖွေလိုသည့် နှလုံးသား အတွင်းရှိ ဆာလောင်မှုက ပိုမို ပြင်းထန်လာသည်။ အကယ်၍ သူသာ လုံလောက်အောင် သန်မာပါက ထိုကဲ့သို့ အဖြစ်ဆိုးမျိုးနှင့် ကြုံတွေ့ရလိမ့်မည် မဟုတ်ချေ။
အမှောင်ထုမှ လွဲ၍ ဘာမှ မရှိသည့်တိုင် ဝေ့ဝူယင်၏ မျက်လုံးများထဲရှိ ငွေရောင် အလင်းမှာ ပိုမို၍ တောက်ပလာ၏။ ၎င်းက အမှောင်ထု တစ်ခုကို ခွဲဖျက်တော့မည့် အတိုင်းပင်။
“မဟုတ်ဘူး...”
“ရပ်လိုက်...”
“ကလန့်...”
“မဖြစ်ဘူး... အဲဒီလို လုပ်လို့ မဖြစ်ဘူးနော်...”
အသံလေးခုမှာ ဆက်တိုက် ဆိုသလိုပင် ဝေ့ဝူယင်၏ အတွေး အတွင်း ပေါက်ကွဲလာ၏။ ၎င်းတို့က အလွန် ကျယ်လောင်လှလေရာ ဝေ့ဝူယင်မှာ အမှောင်ထု ကမ္ဘာကြီး တစ်ခုလုံး တုန်လှုပ်သွားသလိုပင် ခံစားလိုက်ရသည်။
ဝေ့ဝူယင် ခြေလှမ်းများကို ရပ်လိုက်၏။ ထူးဆန်းစွာပင် ထိုအခိုက်၌ သူ့အသိစိတ် အာရုံ တစ်ခုလုံးမှာ အလွန် ပါးလွှာနေကာ ပေါက်ကွဲလုနီးပါး အထိ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ တစ်ချိန်တည်း၌ အလိုအလျောက် ပြန်လည် ပြုပြင်နေသည့် သူ့ဝိညာဥ်၏ အပေါ်ယံ အခွံလွှာမှာလည်း ပေါက်ကွဲလုနီးပါး အထိ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ လက်ရှိ၌ သူက ချောက်ကမ်းပါး တစ်ခု၏ အစွန်အဖျား၌ မတ်တပ်ရပ်နေသည့် လူတစ်ယောက်လိုပင်။ တစ်ချက်မျှ မှားယွင်းသည်နှင့် သူ့ဘဝ တစ်ခုလုံးမှာ အဆုံးမဲ့ ချောက်နက် အတွင်း သက်ဆင်း သွားရတော့မည် ဖြစ်သည်။
ဝိညာဥ် အပေါ်ယံ အလွှာကား နှစ်ရာခိုင်နှုန်းမျှပင် မကျန်ရှိတော့။
***