စစ်မှန်စွာ နေခြင်း
Vol. 40 Ch. 554
သေခြင်းချောက်ကမ်းပါးကို တစိမ့်စိမ့် ကြည့်ရင်း ဝေ့ဝူယင်မှာ ကျောရိုးများ စိမ့်တက်သွားသလို ခံစားလိုက်ရ၏။ အမှတ်တရများထဲ နှစ်မြုပ်ကာ အဆုံးမဲ့ အမှောင်ထုအတွင်း ဆက်လက် ရွေ့လျားလိုနေသည့် ဝိညာဥ်၏ စေ့ဆော်မှုကို ငြင်းဆန်ရင်း ဝေ့ဝူယင် ဖြစ်စဥ်တစ်ခုလုံးကို ပြန်လည် ဆန်းစစ်လိုက်၏။
“ဘာဖြစ်သွားတာလဲ...”
ချောက်ကမ်းပါး အစွန်းတွင် ရောက်ရှိနေသည့် သူ့အသိစိတ်၏ ခံစားမှုက ထူးဆန်းလှသည်။ နာကျင်မှု မရှိ။ စိုးရိမ် ပူပန်မှု မရှိ။ သို့သော်လည်း သေခြင်းတရားက လက်တစ်ကမ်း အလိုသို့ ရောက်ရှိနေကြောင်း သူ သိပေသည်။ အကယ်၍ ကြယ်တာရာ ဝိညာဥ်များ၏ အသံများကြောင့်သာ မဟုတ်ပါက သူ့ဝိညာဥ် အပေါ်ယံ အခွံမှာ အပြည့်အဝ ပျက်စီးကာ ကပ်ဘေး၏ သန့်စင်မှုကိုပင် ခံနေရလောက်ပြီ ဖြစ်သည်။
ဝေ့ဝူယင် ကိုယ့်ကိုယ်ကို သတိကြီးကြီး ထားလိုက်၏။ နောက်ထပ်တစ်ကြိမ် ထပ်မလှုပ်ရှားခင် ဝိညာဥ်အပေါ်ယံ အလွှာ အပြည့်အဝ ပြန်လည် ကောင်းမွန်လာသည် အထိ စောင့်ဆိုင်းရန် သူ ဆုံးဖြတ်လိုက်သည်။ ကြယ်တာရာ ဝိညာဥ်များကလည်း ဝေ့ဝူယင်ကို ကူညီကာ အာရုံပြောင်းလဲစေရန် အတွက် အတိတ်မှ မှတ်ဉာဏ် အပိုင်းအစများကို အသိစိတ် ပင်လယ် အတွင်း ပို့လွှတ်ပေးလိုက်ကြ၏။
ပထမဆုံး မှတ်ဉာဏ်ကား တုလင်နှင့် စတွေ့ခဲ့သည့်နေ့...
လွန်ခဲ့သည့် နှစ်ပေါင်းများစွာ အကြာက ချိုးနီမြို့ကို ပိုင်ဆိုင်သည့် ဝေ့ကလန်၏ သခင်လေး တစ်ယောက် အနေဖြင့် သူ မကြာခဏဆိုသလို မြို့တော် အတွင်း ထွက်လည်ပတ်လေ့ ရှိသည်။ တစ်မြို့လုံးက သူ့ကို လေးစားကြကာ ထိုနေ့ရက်များမှာ ဝေ့ဝူယင် အတွက်တော့ အပျော်ရွှင်ရဆုံး အမှတ်တရများပင် ဖြစ်သည်။ ဝေ့မျိုးနွယ်စုတွင် ဒုစရိုက်ကောင်းများအား ကိုင်တွယ်ရာ၌ တင်းကြပ်သော စည်းမျဥ်းများ ရှိကာ အများသူငါ သင်ခန်းစာ ရစေရန် အတွက် မြို့လယ်တွင် ခေါင်းဖြတ် ကွပ်မြက်လေ့ ရှိသည်။
ဤသို့နှင့် တစ်နေ့တွင် ဝေ့ဝူယင်မှာ ထွက်လည်ရင်း ဒရယ်ခြင်္သေ့ဂိုဏ်း ဟု ခေါ်သည့် ဒုစရိုက် အဖွဲ့တစ်ခုအား သုတ်သင်သည့်နေ့ မြင်ကွင်းကို တွေ့မြင်ခဲ့ရသည်။
တုလင်တွင် ချိန်သားကိုက် ဒုစရိုက်ကောင် တစ်ယောက် ဖြစ်လာခဲ့ရသည့် ဇာတ်လမ်းရှိသော်လည်း ဝေ့ဝူယင် အတွက်တော့ သူက ရယ်ရသည့် လူဝကြီးသာ ဖြစ်သည်။ တုလင်ကို နောက်ဆုံး စကားပြောဆိုရန် အာဏာ ပါးကွက်သားက စေခိုင်းခဲ့သော အချိန်၌ သူ့ မျက်နှာထက်ရှိ ကြောက်ရွံ့မှုများမှာ တိမ်ကင်းစင်သည့် ကောင်းကင်မှ လပြည့်ဝန်းကြီးလို ထင်ရှားနေခဲ့သည်။ သေခြင်းတရားနှင့် လက်တစ်ကမ်း အလိုသို့ ရောက်ရှိကာ အဆုံးမဲ့ ကြောက်လန့်မှုများနှင့် နပမ်းလုံး နေရချိန်တွင် သူ၏ နောက်ဆုံး စကားက...
“ကျုပ် ဗိုက်ဆာတယ်” ဟူ၍။
အခြားလူများက ထိုစကားအား တဝုန်းဝုန်း တဒိုင်းဒိုင်းဖြင့် ဝိုင်းဝန်း ရယ်မောကြသည့်တိုင် ဝေ့ဝူယင်ကတော့ ချက်ချင်း သဘောကျသွားခဲ့သည်။ သူက ချက်ချင်းပင် တုလင် အနားသို့ သွားကာ ပန်းသီးတစ်လုံး ကျွေးခဲ့သည်။ ထို့နောက် သူတို့ နှစ်ယောက် အတူ အချိန်ကြာမြင့်စွာ ရှိခဲ့ကြသည်။ ကလန် တစ်ခုလုံး ဖျက်ဆီးခံရချိန်တွင်ပင် တုလင်က သူ့နောက်ကို လိုက်ခဲ့သည်။
ထိုလူဝကြီး၏ သစ္စာရှိမှု အပေါ် ဝေ့ဝူယင် ဘယ်တုန်းကမှ သံသယ မဖြစ်ခဲ့။ ထို့ကြောင့်ပင် သူ ကျူးလွန်ခဲ့သည့် အမှားအချို့ အပေါ် ဝေ့ဝူယင် ခွင့်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
နောက်ထပ် မှတ်ဉာဏ်က စုမေ့နှင့် တွေ့သည့်နေ့...
နေသွေးနီနီဂိုဏ်း၏ အဓိက တပည့် ဖြစ်လာပြီး နောက်နေ့တွင် သူ သားရဲခြံဝန်းသို့ သွားရောက်ကာ ပိုင်လင်ကို ခေါ်ဆောင်ခဲ့သည်။ ထို့နောက် အပြန်လမ်းတွင် အနိုင်ကျင့်ခံနေရသည့် စုမေ့ကို သူ တွေ့ခဲ့သည်။ သူမထံသို့ သွားရောက်ကာ တုလင်နှင့် တူညီသည့် မေးခွန်းကို မေးမြန်းခဲ့သော အချိန်၌ သူမက တုန့်ဆိုင်းစွာဖြင့် ခေါင်းညိတ်ခဲ့သည်။
ထိုနေ့၌ ဝေ့ဝူယင် စုမေ့ကို ကယ်တင်ခဲ့သည်။ ကျင့်ကြံခြင်း လမ်းကြောင်းအား လျှောက်လှမ်းနိုင်အောင် ကူညီပေးခဲ့သည်။ စုမေ့ကလည်း သူမ အမှန်တကယ် ဆာလောင်နေကြောင်း သက်သေပြခဲ့ကာ ကျင့်ကြံခြင်း အဆင့်များကို လျှင်မြန်စွာပင် ချိုးဖျက်ပြခဲ့သည်။ သူနှင့် အတူ ရင်ဘောင်တန်း၍ မရေမတွက်နိုင်သည့် တိုက်ပွဲများကို တိုက်ခိုက်ခဲ့သည်။ သွေးစွန်းနေ့ရက်များတွင် သူ၏ အယုံကြည်ရဆုံး လက်ထောက် ဖြစ်လာခဲ့သည်။
ထိုနေ့ရက်များ၌ လောက၏ နိယာမ အမှန်တရားတစ်ခုကို သူ ရှာတွေ့ခဲ့သည်။ လူတိုင်းက ဆာလောင်နေသင့်သည်။ ဆာလောင်ခြင်းက လူသားတို့ အတွက် ခွန်အားများအား မျှဝေပေးကာ အဆုံးမဲ့ အောင်မြင်မှုများကို ယူဆောင်ပေးနိုင်သည်။ အကယ်၍ တုလင်နှင့် စုမေ့တို့သာ ဆာလောင်နေခဲ့ခြင်း မရှိပါကဘာကိုမှ ဘဝတွင် သူတို့ ဘာကိုမှ ပိုင်ဆိုင်နိုင်ခဲ့လိမ့်မည် မဟုတ်ပါချေ။
ထိုမှတ်ဉာဏ်များက ဝေ့ဝူယင်ကို နေသွေးနီနီဂိုဏ်းမှ အမှတ်တရများဆီသို့ ပြန်လည် ခေါ်ဆောင်သွားခဲ့၏။ မဟာမိတ်များ၊ လုပ်ကြံ သတ်ဖြတ်သူများနှင့် လက်တွင် သွေးစွန်းခဲ့ရသည့် နေ့စွဲများ... အောင်မြင်မှု တစ်ခု ရရှိတိုင်း သူ ပျော်ရွှင်ခဲ့သည်။ ဆုံးရှုံးခြင်းများတွင် သူ နာကျင်ခံစားခဲ့ရသည်။ ကျင့်ကြံခြင်း အဆင့် တစ်ခု ချိုးဖျက်တိုင်း သူ ကျေနပ်ခဲ့သည်။
သိပ်မကြာခင်မှာပင် အပြင်အလွှာ၏ သုံးဆယ် ရာခိုင်နှုန်းခန့်ကို ဝေ့ဝူယင် ပြန်လည် သိုလှောင်နိုင်ခဲ့ပြီး ဖြစ်သည်။ ပြန်လည် လန်းဆန်းလာသော စိတ်အာရုံနှင့် အတူ ဝေ့ဝူယင် ကြယ်တာရာ ဝိညာဥ်များကို ဆက်သွယ် လိုက်၏။
“စောစောတုန်းက ဘာအကြောင်းမှ မရှိပဲ အမှောင်ထုက ငါ့ဝိညာဥ် အပြင်လွှာကို တိုက်စားသွားတာလား... အဲဒီ အချိန်တုန်းက ငါ ဘာကိုမှ နောင်တရ မနေဘူးလေ... အဲဒါက ဘယ်လိုဖြစ်သွားရတာလဲ”
“...”
ကြယ်တာရာ ဝိညာဥ်လေးခုမှာ ထိုမေးခွန်းကို အဖြေပြန်မပေးနိုင်ကြချေ။ ယခု ရင်ဆိုင်နေရသည့် အဆုံးမဲ့ နောင်တ ကပ်ဘေး အကြောင်းကို မင်ရှုဖုန်းထံမှ သိရသည့် အချက်အလက် အနည်းငယ်မှ တစ်ပါး သူတို့ ဘာမှ မသိကြချေ။ ကံကောင်းထောက်မစွာပင် ဝေ့ဝူယင်မှာ သူတို့ကို မေးနေခြင်း မဟုတ်ပါချေ။ သူ့ကိုယ်သူ မေးနေခြင်းသာ ဖြစ်ပေသည်။
“စဥ်းစားစမ်း... စဥ်းစားစမ်း... ဘာက အဲဒီလို ဖြစ်သွားစေတာလဲ...”
ဝေ့ဝူယင် အတွေးများကို သေချာစွာ စနစ်တကျ ပြန်လည် စီစဥ်လိုက်၏။
“သူတို့ မအော်ခင် အချိန်တုန်းက ကျင့်ကြံဖို့ ဘယ်တော့မှ မပျင်းသင့်ဘူးလို့ ငါ တွေးနေတာ...”
“ဟုတ်တယ်... အဲဒါပဲ...”
ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ အမှောင်ထု အတွင်း တောက်ပသွား၏။ ဤစမ်းသပ်မှုမှာ နောင်တကြောင့် ဖြစ်ပေါ်လာသည့် စိတ်ဆန္ဒ အပေါ် ဝိညာဥ် သန့်စင်ခြင်း ဖြစ်သည်။ ထိုအတောအတွင်း သူက မှတ်ဉာဏ်တု အပေါ် အခြေပြု သင်ခန်းစာ ယူကာ အနာဂတ်ကို ပြောင်းလဲရန် တွေးတောခဲ့သည်။ ငရဲမှာ ထိုအရာကိုလည်း နောင်တဟု သတ်မှတ်ထားဟန် ရသည်။
“ဆိုတော့ အဲဒါက နောင်တပေါ့.. ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းလိုက်သလဲ... ဘာမဟုတ်တဲ့ နောင်တလေး တစ်ခုကတောင် အပြင်လွှာ တစ်ခုလုံးကို ဖျက်ဆီးပစ်လုလု အခြေအထိ ရောက်သွားတာ... ဒီငရဲက ဘယ်လို ငရဲ အမျိုးအစားမျိုးလဲ... မသိရင် ထောင်ချောက် တစ်ခု အတိုင်းပဲ... “
ဝေ့ဝူယင် ပင့်သက်ရှိုက်လိုက်မိ၏။ ကြည့်ရသည်က သူ၏ ဝိညာဥ် အပေါ်ယံ အလွှာမှာ ထိုမှတ်ဉာဏ်၏ လွှမ်းမိုးမှုကို နည်းနည်းလေးမျှပင် မခံနိုင်ပုံ ပေါ်သည်။ သူက သူ့အစစ်အမှန် အတိုင်း နေရမည် ဖြစ်ပြီး ၎င်းကသာလျှင် ကပ်ဘေးအား ခုခံရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။
“နောက်ထပ် ဘာလုပ်မှာလဲ...”
ခရာတိုက မေးလိုက်၏။ လက်ရှိ ဝေ့ဝူယင်၏ အခြေအနေက ချောက်ကမ်းပါးစွန်း တစ်ခုပေါ်တွင် ရှိနေကြောင်း သူ သိပေသည်။ ခြေတစ်လှမ်းမှားသည်နှင့် သေခြင်းတရားက သူ့ကို ခေါ်ဆောင်သွားပေလိမ့်မည်။ ထိုအခါကျလျှင် သူ၏ ကြယ်တာရာ ဝိညာဥ်များ အနေဖြင့် သူတို့လည်း လိုက်ပါသွားရမှာ ကျိန်းသေသည်။
...
လွန်ခဲ့သည့် တစ်နာရီခန့်က...
“တကယ် စိတ်ပျက်စရာပဲ...”
သွေးရောင် အတောင်ပံ ပိုင်ရှင်က ရေကဲ့သို့ နူးညံ့ ညင်သာသည့် ကလေးအသံမျိုးဖြင့် ဆိုလိုက်၏။
"အဲဒါက... ဟို”
ငွေရောင် အတောင်ပံ ပိုင်ရှင်မှာ ဘာပြန်ပြောရမှန်း မသိပါချေ။ ထိုသေမျိုး အပြစ်သားငယ်လေး အတွက် ခုခံပေးစရာ စကားလုံး သူ့တွင် ပျောက်ရှနေ၏။
လွန်ခဲ့သည့် မိနစ်ပိုင်းကပင် ဝေ့ဝူယင် အဆုံးမဲ့ နောင်တ ကပ်ဘေးကို ဘယ်လောက် ကြာကြာ တောင်ခံနိုင်မယ့် အကြောင်း သူတို့ ဆွေးနွေးနေခဲ့ကြသေးသည်။ သူတို့၏ ခန့်မှန်းချက်က အနည်းဆုံး နှစ်ထောင်ဂဏန်း အထိ ရှိခဲ့သော်လည်း လက်တွေ့တွင်တော့ မိနစ်ပိုင်း အတွင်းမှာပင် ရှုံးနိမ့်သွားတော့မည် ဖြစ်သည်။
“သူက ပထမ ခြေလှမ်း ရာဂဏန်းမှာတင် အမှားစလုပ်နေပြီ... ဘယ်လောက် ကံမကောင်းလိုက်သလဲ”
သွေးရောင် အတောင်ပံ ပိုင်ရှင်၏ အသံက စိတ်ပျက်မှုများနှင့် ပြည့်နှက်နေ၏။ ထိုအပြစ်သား လူငယ်လေးမှာ သေမျိုးဝိညာဥ်ကိုသာ ပိုင်ဆိုင်ထားလေရာ နောက်ထပ် ခြေလှမ်း အနည်းငယ် အတွင်းမှာပင် ငရဲ၏ အပြီးတိုင် သန့်စင်ခြင်းကို ခံရတော့မည် ဖြစ်သည်။
ငွေရောင် အတောင်ပံ ပိုင်ရှင်က သက်ပြင်းတစ်ချက် ချလိုက်၏။ သူ့တွင် ပြောစရာ စကား မရှိပါချေ။ ထိုလူငယ်လေးမှာ အစစ်အမှန် ဆုံးရှုံးခြင်း ကပ်ဘေးကို အလွန် ထူးချွန်စွာ အောင်မြင်ခဲ့သည့်တိုင် ထိုအဖြစ်အပျက်က အဆုံးမဲ့ နောင်တ ကပ်ဘေးတွင်လည်း တစ်ကျော့ပြန် သံသရာ လည်လာမည်ဟု မဆိုလိုပါချေ။
နောက်ထပ် နှစ်စက္ကန့်ကြာပြီးနောက်...
“ချပ်...”
ဝေ့ဝူယင်၏ ဝိညာဥ် အပေါ်ယံလွှာ ပျက်စီးနေမှုမှာ ရုတ်ချည်း ရပ်တန့်သွား၏။
“အိုး...”
ငွေရောင် အတောင်ပံ ပိုင်ရှင်မှာ မမျှော်လင့်သည့် အဖြစ်အပျက်ကြောင့် အာမေဍိတ်သံပင် ထွက်သွားခဲ့၏။
“မဖြစ်နိုင်တာ...”
တစ်ချိန်တည်း၌ သွေးရောင် အတောင်ပံ ပိုင်ရှင်မှာ တုန်လှုပ်သွားခဲ့သည်။ ပုံမှန်အားဖြင့် ဆိုလျှင် သေမျိုးများမှာ ခံစားချက်များ၏ ထိန်းချုပ်မှုများကို ခံရသည်။ သူ ပျော်ရွှင်သည့် အခါ၊ ဝမ်းနည်းသည့် အခါ၊ ဒေါသထွက်သည့် အခါမျိုး၌ ထိုခံစားချက်များကို ရုတ်ချည်း ပြောင်းလဲပစ်ရန်မှာ ခက်ခဲလှသည်။
အဆုံးမဲ့ နောင်တ ကပ်ဘေးမှာ အပြစ်သားများကို မှတ်ဉာဏ်တုများ အတွင်း တွန်းပို့ပစ်ကာ ခံစားချက်များ၏ စေစားရာ အတိုင်း သင်္ဂြိုဟ် ပစ်လိမ့်မည် ဖြစ်သည်။ ထိုနွံအတွင်း ကျွံဝင်သွားသည်နှင့် ပြန်ဆုတ်ရန် လမ်းကြောင်း မရှိပါချေ။ ဝေ့ဝူယင်က မည်ကဲ့သို့ ပြုလုပ်ခဲ့သနည်း။
“ကြည့်ရတာ သူ့ဝိညာဥ်က နည်းနည်း ပိုပြီး သန်မာတဲ့ပုံပဲ... သာမန် သေမျိုးတွေဆို ခံစားချက်တွေထဲကနေ ဘယ်လိုမှ ရုန်းထွက်နိုင်မှာ မဟုတ်ဘူး”
ငွေရောင် အတောင်ပံ ပိုင်ရှင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
“သူက သေမျိုး ဘဝနဲ့တင် အပြစ်သား သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတာလေ.... ဒီတော့ အခြား သေမျိုးတွေထက် ပိုပြီး သန်မာတာ မဆန်းပါဘူး”
သွေးရောင် အတောင်ပိုင်ရှင်က ထူးမခြားနားပင် မှတ်ချက် ချလိုက်၏။
“ဒါပေမဲ့ သူ ဘယ်လောက် ထပ်ပြီး တောင့်ခံ... နေဦး... သူက ဘယ်လိုလုပ်ပြီး”
ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများ ဖြည်းညင်းစွာ ပွင့်လာသည်ကို တွေ့လိုက်ရသော အခိုက်၌ သွေးရောင် အတောင်ပိုင်ရှင်မှာ စကားများပင် ထစ်အသွား၏။
“ဘယ်လို လုပ်ပြီး ဖြစ်နိုင်မှာလဲ... ဒီငရဲက တစ်ခုခု မှားနေတာများလား”
ငွေရောင် အတောင်ပံ ပိုင်ရှင် ရောင်စုံ မျက်လုံးများနှင့် လက်တံများ ပါရှိသည့် ဧရာမ တိုက်တန် ပုံရိပ်ကြီးဘက်သို့ လှည့်ကာ မေးလိုက်လေ၏။
***