ကူညီပြောဆိုပေးခြင်း
Vol. 65 Ch. 895
“မဟုတ်သေးဘူး။ အဲ့ဒီမှာ ပြဿနာတစ်ခု ရှိကို ရှိနေလိမ့်မယ် ” မိုဝူကျိက ရုတ်တရက် အလွန်အရေးကြီးသော ပြဿနာတစ်ခုကို စဉ်းစားမိလိုက်သည်။
“ အစ်ကိုကြီးဝူကျိ… ဘာဖြစ်လို့လဲ ” အစောပိုင်း၌ အားတက်သရော ဖြစ်နေသော ကူချိုက်က နောက်တစ်ကြိမ် ထပ်မံ၍ စိုးရိမ်ကြောင့်ကြမိသွားသည်။
မိုဝူကျိက လေးလေးနက်နက် မေးလိုက်သည်။
“ ခန်းမမှာ အစစ်ဆေးခံရတုန်းက မင်း သလင်းကျောက်ထဲက ကျင့်စဉ်ကို မကျင့်ကြံခဲ့ဘူးလား ”
“ အစ်ကိုကြီးဝူကျိ… အဲ့ဒီ့ကျင့်စဉ်ပါပဲ… ညီမက ဒီကျင့်စဉ် တစ်ခုတည်းကိုပဲ သိတာ။ ပြီးတော့ ညီမက အရင် အဖေ သင်ပေးခဲ့ဖူးတဲ့ ကျင့်စဉ်ရဲ့ အစိတ်အပိုင်းလေး တစ်ခုစာလောက်ကိုပဲ သိထားတာ။ ညီမမှာ သလင်းကျောက်တစ်ခုလုံးကို သဘောပေါက် နားလည်နိုင်စွမ်း မရှိပါဘူး ”
ကူချိုက်က အလျင်စလို ရှင်းပြလိုက်သည်။
မိုဝူကျိက တည်တည်ငြိမ်ငြိမ် လေသံဖြင့် တုံ့ပြန်လိုက်သည်။
“ ခဏနေလို့ မင်း ရှင်းပြဖို့ ဂိုဏ်းခန်းမဆီ ပြန်သွားတဲ့အခါ မင်း ဒီကျင့်စဉ်ကို သိတယ်ဆိုတာ သူတို့တွေကို မပြောပြနဲ့။ ရှေ့လျှောက်လည်း မင်းဒီကျင့်စဉ်ကို သိတယ်ဆိုတာ မပြောပြနဲ့။ တကယ်လို့ မင်း ဒီကျင့်စဉ်ကို ကျင့်ကြံဖို့ ဆန္ဒရှိတယ်ဆိုရင်တောင်မှ မင်း တိုးတိုးတိတ်တိတ်လေး ကျင့်မှရမယ် …”
“ ဒါပေမဲ့…”
ကူချိုက်က ကျင့်စဉ်တစ်ခုတည်းသာကို သိသောကြောင့် အနည်းငယ် ကျပ်တည်းသော အခြေအနေတွင် ကျရောက်နေသည်။
ကူချိုက်က သူမအတွေးတွေကို ထုတ်မပြောရသေးခင် မိုဝူကျိသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး “ ဒီအတွက်တော့ စိတ်မပူနဲ့။ မင်း စိတ်အေးလက်အေးသာနေ။ ငါ မင်းကို သာမန်ကျင့်စဉ်တစ်ခု အရင်ပေးမယ် ”
ထိုသလင်းကျောက်၌ ပါဝင်သော အကြောင်းအရာမှာ အတိုင်းအဆမဲ့ ကျယ်ပြောသော်လည်း မိုဝူကျိသည် တစ်ချက်တည်း ကြည့်ရုံမျှဖြင့် အကြောင်းအရာ အနည်းငယ်ကို နားလည်သဘောပေါက်သလို ရှိသွားသည်။ ဤအချိန်တိုလေးအတွင်း၌ သူက ကူချိုက်အတွက် အစွမ်းထက်သော ဘယ်ကျင့်စဉ်မျိုးမျှ မဖန်တီးနိုင်လောက်ပေ။ မည်သို့ပင်ဆိုစေကာမူ သူသည် ဝိညာဉ်စွမ်းအား လှည့်ပတ်ခြင်း ကျင့်စဉ် အချို့ကိုတော့ ကူချိုက်အား သင်ပေးနိုင်သေး၏။
“ အစ်ကို့စကားကို ညီမ နားထောင်ပါ့မယ်…အစ်ကိုကြီး ဝူကျိ ”
ကူချိုက်သည် ထိုစကားပြောပြီးသည့်နောက် သူမ စိတ်နှလုံးမှာ သက်တောင့်သက်သာ ဖြစ်စပြုလာသည်။ မိုဝူကျိ၏ စိတ်စွမ်းအားက ကူချိုက်၏ အသိစိတ်ပင်လယ်နှင့် ဝိညာဉ်လမ်းကြောင်းများထဲသို့ ဝင်လိုက်သည်။ ထိုအချိန်၌ သူသည် အမှန်တကယ် အလွန် အံ့အားသင့်သွားပေ၏။
ဝိညာဉ်ကြောတစ်ခုက ညစ်ညမ်းမှု လုံးဝ မရှိသည့်အလား ပြစ်ချက်ကင်းပုံကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ဤသည်က ယခင် သူ့တပည့် ဖူကျင့်ဖုန်းအား သူသင်ပြပေးခဲ့သည့် အချိန်ကထက်ပင် ပို၍ လွယ်ကူစေလိမ့်မည်။ အမှန်အားဖြင့် ကူချိုက်၏ မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင် သန့်ရှင်းပြီး ပြစ်ချက်ကင်းသော ဝိညာဉ်လမ်းကြောင်းအတိုင်း အသင့်တော်ဆုံး ဝိညာဉ်စွမ်းအား လှည့်ပတ်ခြင်းကို မိုဝူကျိက အလွယ်တကူ ရှာတွေ့နိုင်ခဲ့သည်။
မိုဝူကျိသည် လျှပ်စီး သဘာဝ စည်းမျဉ်းများနှင့် ပက်သက်၍ အတွေ့အကြုံများစွာရှိပြီး ကနဦး နတ်ဘုရားအဆင့်ကို တက်လှမ်းပြီးစ ဖြစ်သော်လည်း သူက ကူချိုက်အတွက် ကျင့်ကြံရေးကျင့်စဉ် အပြည့်အစုံကို ဖော်ထုတ်ရန် မတတ်နိုင်ပေ။ ကူချိုက်၏ ဝိညာဉ်လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့ပြီးနောက် ဤအချိန်တိုလေးအတွင်း၌ သူမအား ဝိညာဉ်စွမ်းအား လှည့်ပတ်ခြင်း ကျင့်စဉ်ကို ကူညီဖော်ထုတ်ပေးရန်မှာ အလွယ်တကူ အောင်မြင်နိုင်သော အလုပ် ဖြစ်သွားသည်။
အမွှေးတိုင် တစ်ဝက်စာအတွင်း မိုဝူကျိသည် ကူချိုက်အား သူမ ဝိညာဉ်လမ်းကြောင်းအတွက် ဝိညာဉ်စွမ်းအား လှည့်ပတ်ခြင်း ငါးကြိမ်ကို ဖော်ထုတ်နိုင်ရန် ကူညီပေးနိုင်လိုက်သည်။
“ မင်းဘာသာမင်း ကြိုးစားကြည့် ” ကူချိုက်ကို အင်မော်တယ်ကျောက်များ အပုံလိုက် မပေးခင် မိုဝူကျိက သူမအား ဝိညာဉ်စွမ်းအား လှည့်ပတ်ခြင်း အခြေခံများကို သင်ပေးလိုက်သည်။
ကူချိုက်သည် မိုဝူကျိက သူမအား သင်ပေးလိုက်သော နည်းလမ်းကို အသုံးပြု၍ ကျင့်ကြံရန် ကြိုးစားလိုက်ပြီး တစ်ကြိမ် လှည့်ပတ်လိုက်နိုင်သည်နှင့် သူမ မျက်ဝန်းများက အံ့သြတကြီး ပွင့်လာသည်။
“ အစ်ကိုကြီးဝူကျိ… အစ်ကိုကြီးရဲ့ ကျင့်ကြံနည်းကို အသုံးပြုလိုက်တော့ ညီမ အရင်တုန်းက လုပ်နေကျထက် ပိုလွယ်ပြီး ပိုမြန်သွားတယ် ”
ကူချိုက် ကျင့်ကြံနေစဉ်အတွင်း မိုဝူကျိက သူမ၏ အင်မော်တယ်စွမ်းအား စုပ်ယူနိုင်နှုန်းသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်းကို ခံစားမိလေသည်။ သူက ပြစ်ချက်ကင်း ဝိညာဉ်ကြောမှာ တကယ့်ကို မယုံကြည်နိုင်စရာကောင်းကြောင်း ကျိတ်၍ ချီးမွမ်းနေမိသည်။ ဤနေရာ၌ အမှောင်ထု စည်းမျဉ်းများ ပြတ်လပ်နေမှုကြောင့်သာ မဟုတ်ပါက ကူချိုက်သည် သူမ၏ ပါရမီနှင့် ကောင်းကင်နတ်ဘုရားအဆင့်သို့ပင် တက်လှမ်းပြီးသွားလောက်ပေမည်။
“ ပြီးရင် မင်းဘာသာ တစ်ခေါက်ထပ်ပြီး သွားစမ်းသပ်ခံလိုက် ။ စမ်းသပ်ချက်ခံနေတုန်း ငါမင်းကို သင်ပေးထားတဲ့ လှည့်ပတ်နည်းကိုသုံး။ မင်းရဲ့ဇာစ်မြစ်အတွက်တော့ ဒီလိုပဲ ပြောလိုက်.. ”
မိုဝူကျိက ကူချိုက် မည်သည့်အကြောင်းပြချက်ကို အသုံးပြုသင့်ကြောင်း ချင့်ချိန်တွေးတောနေစဉ် ကူချိုက်က စကားစလိုက် အစပျိုးလိုက်သည်။
“ အစ်ကိုကြီးဝူကျိ… ... အဖေက ညီမကို အရင်က သင်ပေးခဲ့ဖူးတယ်။ ဘာပြောရမလဲဆိုတာ သိပါတယ် ”
“ ကောင်းပြီလေ… မင်းရဲ့ သလင်းကျောက်ထဲက အမှောင်ထု စည်းမျဉ်းများ ကျင့်စဉ်က မယုံနိုင်လောက်အောင် စွမ်းအားကြီးမားတယ်။ ငါ ဒါကို စစ်ဆေးကြည့်ပြီးသွားရင် မင်းကို သင်ပေးမယ် ” မိုဝူကျိက ဆက်ပြောလိုက်သည်။
“ ညီမ အစ်ကိုကြီးရဲ့ စကားကို နားထောင်ပါ့မယ် ”
ကူချိုက် စကားဆုံးသည်နှင့် အပြင်ဘက်မှ စုရှား၏ အသံကို ကြားလိုက်ရသည်။
“ ဝူကျိ… ... ကူချိုက် … ဂိုဏ်းချုပ်နဲ့ တည်ထောင်သူဘိုးဘေး ဖန်းကျဲက မင်းတို့နှစ်ယောက်ကို ဂိုဏ်းခန်းမမှာ စောင့်နေတယ်။ မြန်မြန် … အတူတူသွားကြရအောင် ”
…………
သိပ်မကြာခင်မှာပင် စုရှား၏ ခေါ်ဆောင်မှုနောက် မိုဝူကျိနှင့် ကူချိုက်တို့ ခန်းမထဲသို့ ပါလာကြသည်။ မိုဝူကျိက အရင်မျိုးဆက် တည်ထောင်သူဘိုးဘေး ဖန်းကျဲသည် အသက်မဆုံးရှုံးဘဲ နတ်ဘုရားဘုရင် အစစ်အမှန် ဖြစ်လာရန် သူ့စမ်းသပ်ချက်အား တောင့်ခံနိုင်ခဲ့သည်ကို တွေ့ရှိလိုက်ရသည်။ ကောင်းကင်လူသားဂိုဏ်းသည် တစ်လအကြာတွင် ဂိုဏ်းပြန်လည်ဖွင့်လှစ်ရေး အခမ်းအနားနှင့် နတ်ဘုရားဘုရင် ရိုးရာအခမ်းအနားကို ဧည့်ခံကျင်းပမည် ဖြစ်သည်။
“ တပည့်မိုဝူကျိ နဲ့ ကူချိုက်က တည်ထောင်သူဘိုးဘေး၊ ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေကို ဂါရဝပြုပါတယ် ”
ခန်းမထဲရှိ လူတိုင်းကို ကူချိုက် နှုတ်ဆက်နိုင်ရန် မိုဝူကျိက ဦးဆောင်ကူညီပေးလိုက်သည်။
ဖန်းကျဲကို ကြည့်ရသည်မှာ သာမန် လူလတ်ပိုင်း ကျင့်ကြံသူတစ်ဦးနှင့် တူပေသည်။ သူ့ကျင့်ကြံဆင့်အား အခြေမတည်ရသေးသည့်အပြင် သူ့စွမ်းအားထဲ၌ မူမမှန်မူများ ရှိနေသေးသော်လည်း သူ၏ကို ယ်ဟန်အသွင်အပြင်မှ သူသည် စိတ်တိုလွယ်သူ တစ်ဦး မဖြစ်နိုင်ကြောင်းကို မိုဝူကျိက ကောက်ချက်ချလိုက်၏။
ဖန်းကျဲလို နတ်ဘုရားဘုရင် ရှေ့မှောက်တွင် မိုဝူကျိသည် စကားမပြောရဲလောက်အောင်ထိ ကြောက်လန့်နေခြင်းမျိုး မရှိဘဲ ကြည့်ရသည်မှာ သဘာဝကျကျ အေးဆေး တည်ငြိမ်နေပုံ ပေါ်သည်။ ဤသည်က ဖန်းကျဲအား များစွာ အံ့ဩသွားစေသည်။
မည်သို့ပင်ဆိုစေကာမူ မိုဝူကျိ၏ တာအိုအရှိန်အဝါကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူသည် သာမန်ပါရမီရှိသည့် ကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း ပြောနိုင်ပေ၏။ ဖန်းကျဲက ကူချိုက်ထံ အကြည့်ရောက်လာကာ မေးလိုက်သည်။
“ မင်းနာမည်က ကူချိုက်လား ”
ကူချိုက်က ကြောက်ရွံ့စွာ ဦးညွှတ်လိုက်ပြီး အသံတိုးတိုးလေးဖြင့် တုံ့ပြန်လိုက်သည်။
“ တည်ထောင်သူဘိုးဘေးကို ဖြေကြားပါတယ်။ တပည့်ရဲ့နာမည်က ကူချိုက်ပါ ”
“ မင်းဘယ်က လာတာလဲ။ မင်းမိဘတွေကကော ဘယ်မှာလဲ။ မင်း တစ်ယောက်ယောက်ဆီမှာ တရားဝင် တပည့်အဖြစ် ခံယူထားပြီးသားလား ”
ဖန်းကျဲက နွေးနွေးထွေးထွေး လေသံဖြင့် ပြောလိုက်သည်။ သို့သော်လည်း သူ၏လေသံက မည်မျှပင် နွေးထွေးစေကာမူ နတ်ဘုရားဘုရင်တစ်ယောက်၏ အရှိန်အဝါက ကူချိုက်အား ကြောက်ရွံ့စေနှင့်လေပြီ။
“ ကျွန်မ မိဘနှစ်ပါးလုံးက နယ်လှည့်ကျင့်ကြံသူတွေဖြစ်ပြီး ဆုံးသွားခဲ့တာ ကြာပါပြီ။ ကျွန်မမှာ ဆရာ မရှိပါဘူး။ အမြဲတမ်း တစ်ယောက်တည်းပါပဲ ” ကူချိုက်က ညင်သာစွာ တုံ့ပြန်လိုက်သည်။
“ ဒါဆို မင်းရဲ့ကျင့်ကြံဆင့်ကျင့်စဉ်ကို ဘယ်ကနေသင်ယူခဲ့တာလဲ ” ဖန်းကျဲသည် နောက်ထပ်မေးခွန်းကို ဆက်မေးလိုက်ပြီး သူ့လေသံမှာလည်း ပိုမာလာလေသည်။
ကူချိုက်သည် ဆတ်ခနဲတုန်သွားကာ ကြောက်ရွံ့စွာ ဖြေလိုက်သည်။
“ ကျွန်မ အဖေ ပေးခဲ့တဲ့ မပြည့်စုံတဲ့ ကျင့်စဉ်လေးပါ။ ကျွန်မက အဲ့ဒီတိုင်း လိုက်ကျင့်ကြံဖို့…”
“ ရှီစု… မှော်ရတနာကို ပြန်သွားထုတ်လာခဲ့။ ကူချိုက်ကို နောက်တစ်ခေါက် အခွင့်အရေး ပေးလိုက်ရအောင် ” ဖန်းကျဲက အသာပြောလိုက်သည်။
“ ဟုတ်ကဲ့ ”
ရှီစုက တုံ့ပြန်လိုက်ပြီး ကျောက်စိမ်းဖြူ မှော်ရတနာကို သူ့လူများအား ထုတ်ယူလာစေသည်။
“ ဒီမှာ ထိုင်ပြီး မင်းရဲ့မပြည့်စုံတဲ့ကျင့်စဉ်ကို ကျင့်ကြံကြည့် ” ဖန်းကျဲက ကူချိုက်ကို ခေါင်းညိမ့်ပြလိုက်သည်။
ယခင် မိုဝူကျိက သူမအား ညွှန်ကြားထားပြီးသား ဖြစ်သော်လည်း ဤဖြစ်ရပ်မျိုး တစ်ခါမျှ မကြုံဖူးသေးသဖြင့် ကူချိုက်က သူမ ခြေထောက်များ တုန်ရီနေသည်ကို ခံစားမိနေဆဲ ဖြစ်သည်။ ဤအခိုက်အတန့်၌ သူမအနေနှင့် မှော်ရတနာဆီသို့ လမ်းလျှောက်သွားရုံသာ တတ်နိုင်တော့သည်။
ဝိညာဉ်စွမ်းအားလှည့်ပတ်မှု တစ်ခေါက်တည်းနှင့် အနက်ရောင်တိုင်များသည် အဖြူရောင်အဖြစ် စတင် ပြောင်းလဲသွားပြီး ၎င်းတို့မှ တောက်ပသော အလင်းရောင်များ ဖြာထွက်လာလေသည်။
မှော်ရတနာ၏ ဘေးနှစ်ဖက်စလုံးပေါ်ရှိ ရှစ်ခုသော အဖြူရောင်တိုင်များအနက် နှစ်ခုမှာ အပြာရောင်သို့ ပြောင်းလဲဖော်ပြနေသည်။ အပြာရောင်တစ်ခုက မျက်လုံးထဲသို့ သိသာထင်ရှားလာစဉ် နောက်တစ်ခုမှာ တဖြည်းဖြည်း အနက်ရောင်သို့ ပြောင်းလာသည်။ သို့သော်လည်း အရင် စမ်းသပ်ချက်တုန်းကလောက် အနက်ရောင်မှာ သိသာထင်ရှားစွာ နက်မှောင်မနေတော့ပေ။
“ ဒါဟာ တကယ့်ကို ပြစ်ချက်ကင်း ဝိညာဉ်ကြောပဲ။ ပြီးတော့ ထိပ်တန်းအဆင့်တောင်တဲ့လား…” ဖန်းကျဲက ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး သူ့ဘာသာသူ စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်မိသည်။
သူ့မှာသာ ကူချိုက်၏ ပါရမီမျိုးရှိလျှင် သူတွင်ရှိသည့် အခွင့်အရေးများနှင့် ပေါင်းစပ်လိုက်ပါက ဟိုးအရင်ကတည်းက နတ်ဘုရားဘုရင် ပြီးပြည့်စုံခြင်း အဆင့်၌ ရှိနေနှင့်ပြီ ဖြစ်သည်။
ကူချိုက်သည် မိုဝူကျိ၏ စကားများကို သတိရသွားသောကြောင့် ဝိညာဉ်စွမ်းအားလှည့်ပတ်မှု သုံးခေါက်တည်းနှင့် သူမက ကျင့်ကြံခြင်းကို ရပ်လိုက်သည်။
“ မဆိုးဘူးဘဲ။ မင်းကျင့်စဉ်က တော်တော်လေး အထင်ကြီးစရာပဲ။ ဒါပေမဲ့ ဒီကျင့်စဉ်ကြည့်ရတာ ဟာကွက်တွေ အများကြီးရှိနေသလိုပဲ ”
ဖန်းကျဲနှင့် ရှီစုသည် မတူညီပေ။ အကြောင်းမှာ ဖန်းကျဲက ကူချိုက် ကျင့်ကြံလိုက်သည်နှင့် သူမ၏ ကျင့်စဉ်အား ပြောနိုင်သောကြောင့် ဖြစ်သည်။ အကယ်၍ ကူချိုက်က အမှောင်ထုစည်းမျဉ်းများ ကျင့်စဉ်ကို ကျင့်ကြံခဲ့သည်ဆိုပါက ဖန်းကျဲသည် သေချာပေါက် ပြောနိုင်ပေလိမ့်မည်။
“ ဆရာ… အရင် ကူချိုက်ကျင့်ကြံတုန်းက သူမရဲ့အမှောင်ဝိညာဉ်ကြောက လျှပ်စီးဝိညာဉ်ကြောထက် အများကြီးပိုပြီး သိသာနေခဲ့တာ။ ဒီတစ်ကြိမ်မှာတော့ သူမရဲ့လျှပ်စီးဝိညာဉ်ကြောက ပိုပြီး သိသာနေတယ် ” ရှီစုက သူ့သံသယများကို ဖန်းကျဲအား ပြောပြလိုက်သည်။
“ ကူချိုက်… မင်းရဲ့အမှောင်ဝိညာဉ်ကြောက ဘယ်လိုဖြစ်တည်လာလဲဆိုတာ ငါမသိဘူး။ ဒါပေမဲ့ အဲ့ဒါကို နတ်ဘုရားနယ်မြေမှာ ကန့်သတ်ထားတယ်ဆိုတဲ့ အချက်က ပြောင်းမသွားဘူး ”
ဖန်းကျဲက သက်ပြင်းချလိုက်ပြီး ကူချိုက်အား ပြောလိုက်သည်။ သူသည် ကူချိုက်အား အမှန်တကယ် သဘောကျမိသည်။ ထို့အပြင် သူမ၏ ပါရမီနှင့် ကောင်းကင်လူသားဂိုဏ်း၏ နောက်ထပ် နတ်ဘုရားဘုရင် တစ်ယောက် ဖြစ်လာရန် သူက သူမကို လမ်းပြနိုင်လိမ့်မည်ဟု သေချာသိနေသည်။
ကူချိုက်သည် ကြောက်ရွံ့နေသော မျက်နှာအမူအရာ ဖြစ်ပေါ်သွားသည်။ ယခု ဖန်းကျဲက သူမအား သတ်ပစ်ချင်နေသေးပါက သူမ ဘာလုပ်သင့်သနည်း။
မိုဝူကျိက ဖန်းကျဲသည် ကူချိုက်အား မသတ်ပစ်ရက်သည်ကို သတိပြုမိသည်။ ဖန်းကျဲ စကားဆက်မပြောခင် သူ တစ်ခုခု ထွက်ပြောသင့်သည်ကို သိလိုက်သည်။ အကယ်၍ ဖန်းကျဲသာ ဆက်ပြောနေပါက ဤသည်မှာ ကူချိုက်အား သတ်ရန် အမိန့်ထုတ်တာမျိုး ဖြစ်ပေလိမ့်မည်။
“ မိုဝူကျိက တည်တောင်သူဘိုးဘေးကို ဂါရဝပြုပါတယ်။ ပြီးတော့ ကောင်းကင်လူသားဂိုဏ်းရဲ့ အတွင်းတပည့် တစ်ယောက်အနေနဲ့ ကျွန်တော့်မှာ ပြောကိုပြောရမယ့် စကားတချို့ ရှိပါတယ် ” မိုဝူကျိက ဦးညွှတ်လိုက်ရင်း အထက်စီးဆန်သော လေသံအေးအေးဖြင့် ပြောလိုက်သည်။
မိုဝူကျိမှာ အမှန်တကယ် ဤကဲ့သို့ သတ္တိမျိုးရှိသည်ကို မြင်လိုက်ရသောအခါ ဖန်းကျဲသည် ပို၍ အံအားသင့်မှုများ ကြီးထွားလာပြီး ခေါင်းညိတ်ပြလိုက်သည်။
“ ပြောလို့ရပါတယ်။ ဒီနေ့အထိ ငါတို့ရဲ့ကောင်းကင်လူသားဂိုဏ်းဆိုတာ ရပ်တည်နေနိုင်တာဟာ အဓိကက ဒီမှာရှိတဲ့ ငါတို့အားလုံးက အချင်းချင်း လေးစားပြီး ချစ်ခင်ကြလို့ပဲ ”
မိုဝူကျိက တည်ငြိမ်စွာ ပြောလိုက်သည်။
“ တည်ထောင်သူဘိုးဘေးက ကျွန်တော်တို့ရဲ့ကောင်းကင်လူသားဂိုဏ်း ဒီနေ့အထိ ရပ်တည်နေနိုင်တဲ့ အဓိကအကြောင်းရင်းက ဒီမှာရှိတဲ့ ကျွန်တော်တို့အားလုံး အချင်းချင်းလေးစားပြီး ချစ်ခင်ကြလို့ ဆိုပြီးပြောတယ်။ ကူချိုက်က ဂိုဏ်းထဲ ဝင်လိုက်တော့ သူမကို ဒီဂိုဏ်းရဲ့တပည့်တစ်ယောက်လို့ သတ်မှတ်လို့ ရပါတယ်။
ပထမအချက်… သူမ ဘာအမှားမှ မလုပ်ခဲ့ပါဘူး။ ပြီးတော့ ဒုတိယအချက်… သူမ ဘာပြဿနာမှ မရှာထားဘူး။ သူမကို အပြစ်ပေးမယ်ဆိုရင် သူမအတွက် နည်းနည်း မတရားသလို ဖြစ်နေလိမ့်မယ်။ တကယ်လို့ ကောင်းကင်လူသားဂိုဏ်းကသာ သူမကို တကယ် အပြစ်ပေးခဲ့မယ်ဆိုရင် ကောင်းကင်လူသားဂိုဏ်းက ကောင်းကင်လူသားဂိုဏ်း မဟုတ်တော့ဘူး။ တည်ထောင်သူဘိုးဘေးနဲ့ ဂိုဏ်းချုပ် ပြောတဲ့ ချစ်ခင်မှုနဲ့ လေးစားမှုတွေဆိုတာ အပြောသက်သက်ပဲ ဖြစ်သွားတော့မှာပေါ့ ”
“ နတ်ဘုရားနယ်မြေတစ်ခုလုံးမှာ အမှောင်ဝိညာဉ်ကြော ရှိတဲ့ကျင့်ကြံသူတွေက လူတိုင်းရဲ့အမုန်းခံရတဲ့ တည်ရှိမှုမျိုးဆိုတာ မင်း မသိဘူးလား။ ဒါက ကောင်းကင်လူသားဂိုဏ်းအပေါ် ပြဿနာနဲ့ ဘေးဒုက္ခကြီးတွေ ကျရောက်ဖို့ ဖိတ်ခေါ်နေသလို ဖြစ်လိမ့်မယ် ” ရှီစုက မိုဝူကျိအား ပြင်းပြင်းထန်ထန် အပြစ်တင်လိုက်သည်။
မိုဝူကျိက သူ့တည်ငြိမ်အေးဆေးမှုကို ထိန်းသိမ်းကာ တုံ့ပြန်လိုက်သည်
“ ကျွန်တော်ကတော့ ဂိုဏ်းတစ်ဂိုဏ်း တည်ရှိဖို့ဆိုရင် တည်ရှိရတဲ့ အကျိုးအကြောင်း ရှိရမယ်လို့ ယုံကြည်ထားတယ်။ ကောင်းကင်လူသားဂိုဏ်းကို အဆင့်မြင့်ကျင့်ကြံသူတွေ ဝိုင်းရံထားတဲ့အချိန်မှာ စည်းလုံးညီညာတဲ့ ခင်မင်မှုနဲ့ချစ်ခင်မှုကြောင့် ကျွန်တော်တို့ အသက်ဆက်ရှင်သန်နိုင်ခဲ့တယ်။
လူတိုင်းက စည်းလုံးနေသ၍ ကျွန်တော်တို့ပြိုင်ဘက်ကို အနိုင်မယူနိုင်ရင်တောင် ကျွန်တော်တို့ နောက်ဆုတ်မှာ မဟုတ်ဘူး။ ဒါက ကျွန်တော်တို့ရဲ့စိတ်ဓာတ်နဲ့ ကျွန်တော်တို့ ကောင်းကင်လူသားဂိုဏ်း ဒီနေ့အထိ ရပ်တည်ရှင်သန်နေနိုင်တဲ့ အကြောင်းအရင်းပဲ။
အခု ကျွန်တော်တို့မှာ ကျူးကျော်ဝင်ရောက်လာတဲ့ ဘယ်ရန်သူမှလည်းမရှိပေမဲ့ သူမမှာ အမှောင်ဝိညာဉ်ကြော ရှိနေတာလေးအတွက်နဲ့ ကျွန်တော်တို့က တပည့်တစ်ယောက်ကို သတ်ပစ်ကြတော့မယ်။ ဒါဟာ ကျွန်တော်တို့ကောင်းကင်လူသားဂိုဏ်းရဲ့ သမိုင်းမှာ အစွန်းအထင်းတစ်ခု ဖြစ်လာပြီး ကျွန်တော်တို့ ဒီလိုပြိုင်ဘက်ကင်း စိတ်ဓာတ်ကို ပျောက်ဆုံးစေလိမ့်မယ်။
တည်ထောင်သူဘိုးဘေးက နတ်ဘုရားဘုရင်အဆင့်ကို တက်လှမ်းနိုင်ခဲ့လို့ ကျွန်တော်တို့ အင်အားကောင်းလာတယ် ဆိုရင်တောင် စိတ်ဓာတ်မရှိတဲ့ ဂိုဏ်းတစ်ဂိုဏ်းက ကြာရှည်တည်မြဲနိုင်မှာ မဟုတ်ပါဘူး။
တကယ်လို့ အရင်ကလိုမျိုး နောက်ထပ် ပြဿနာဖြစ်ရပ်သာ ဖြစ်ပွားခဲ့ရင် တောင့်ခံဖို့အတွက် ဂိုဏ်းမှာ စိတ်ဓာတ်တွေးခေါ်မှု ဒါမှမဟုတ် ယုံကြည်မှုတွေ ရှိတော့မှာ မဟုတ်ပါဘူး။ ကူချိုက်မှာ အမှောင်ထု ဝိညာဉ်ကြော ရှိနေတာမှန်ပေမဲ့ အဲ့ဒါက သူမ ရွေးချယ်ခဲ့တာမှ မဟုတ်တာ။ ဘယ်သူကမှ ဒီဟာကို မပေါက်ကြားစေရင် ဘယ်သူကများ သိနိုင်မှာလဲ။ နောက်ပြီးတော့ ဒီနတ်ဘုရားနယ်မြေထဲမှာ အမှောင်ဝိညာဉ်ကြောရှိနေတဲ့သူက ကူချိုက် တစ်ယောက်တည်း မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်တယ် ”
“ အို.. ဆက်ပြောပါဦး ” ဖန်းကျဲသည် အံ့သြထောက်ခံသံ ပြုလိုက်ကာ မိုဝူကျိအား ခေါင်းငြိမ့်ပြလိုက်သည်။
မိုဝူကျိ၏ ဖန်းကျဲအပေါ် ထင်မြင်ချက်မှာ အလွန်တရာ တိုးတက်ကောင်းမွန်သွားသည်။ နတ်ဘုရားဘုရင် တစ်ယောက်အနေနှင့် သူသည် နတ်ဘုရားနယ်မြေ၏ ထိပ်သီးနေရာတွင် တည်ရှိနေသော်လည်း မကြာသေးခင်ကတင် ဂိုဏ်းထဲဝင်လိုက်သော တပည့်တစ်ယောက်နှင့် သာမန်ကာ လျှံကာ စကားပြောဆိုသည်အထိ ရိုကျိုးနှိမ့်ချနေသေးသည်။ ဤသည်မှာ တကယ့်ကို လူတိုင်းလုပ်နိုင်သည့် အရာမျိုးမဟုတ်ပေ။
“ ဟုတ်ကဲ့… ”
မိုဝူကျိက ထပ်မံ၍ လက်နှစ်ဖက်ယှက်လိုက်ပြီး
“ ကျွန်တော်ကြားတာတော့ ဟိုးလွန်ခဲ့တဲ့နှစ်တွေတုန်းက နတ်ဘုရားနယ်မြေမှာ နယ်ခြားကျင့်ကြံသူ တစ်ဦး သေသွားခဲ့ပြီးတဲ့နောက် သူ့စည်းမျဉ်းတွေက နတ်ဘုရားနယ်မြေထဲကို ပျံနှံသွားခဲ့တယ်တဲ့။ အဲ့ဒီနယ်ခြားကျင့်ကြံသူက အရမ်းအားကောင်းပြီး သူ့စည်းမျဉ်းတွေက နတ်ဘုရားနယ်မြေအတွင်း အမှောင်ထုစည်းမျဉ်းတွေနဲ့ သိပ်သည်းစေခဲ့တယ်။ ဒါဟာ နတ်ဘုရားနယ်မြေထဲမှာ အမှောင်ဝိညာဉ်ကြောတွေ ရှိနေဖို့ လုံးဝမဖြစ်နိုင်တာမျိုး မဟုတ်ဘူးလို့ဆိုလိုနေတာပဲ …”
ဖန်းကျဲက မိုဝူကျိ၏ စကားလုံးများကို ကြားပြီးနောက် သူ၏ မျက်လုံးထဲမှ အံ့သြမှုများမှာ ပို၍ပြင်းထန်လာသည်။ မိုးမြေစည်းမျဉ်းများကို လွန်လွန်ကဲကဲ နက်ရှိုင်းသော နားလည်မှုမျိုး ရှိမနေပါက မိုဝူကျိ ပြောခဲ့သလိုမျိုး ပြောနိုင်လိမ့်မည် မဟုတ်ပေ။ ပြောရမည်ဆိုလျှင် ဖန်းကျဲသည် ဤသို့ရှင်းပြချက်မျိုးကို တစ်ခါမျှ မကြားဖူးခဲ့ပေ။ မိုဝူကျိသည် နောက်ထပ် ပါရမီရှင် တစ်ဦးများ ဖြစ်နေသည်လော။
***