ဒုတိယမြောက် ကပ်ဘေး ကွဲလွဲမှု
Vol. 40 Ch. 555
တိုက်တန် ပုံရိပ်ကြီးက အဖြေမပေးချေ။ ၎င်း၏ မရှင်းလင်းသော အလုပ်အပေါ် အာရုံစိုက်နေဆဲ ဖြစ်သည်။ အောက်ရှိ အတောင်ပါ ပုံရိပ်နှစ်ခုမှာ သူ့အာရုံစူးစိုက်မှုနှင့် နည်းနည်းလေးမျှ မထိုက်တန်ပုံ ရလေသည်။
“ကီး...”
သွေးရောင် အတောင်ပံ ပိုင်ရှင်က ထူးဆန်းသော အသံတစ်ခုကို ထုတ်လွှတ်လိုက်ရာ ငွေရောင် အတောင်ပံ ပိုင်ရှင်မှာ တုန်လှုပ်သွား၏။ ထိုအသံက ဒဏ္ဍာရီများထဲမှ မြင့်မြတ် ထည်ဝါသည့် ဓမ္မတေးသံတို့ ရောနှောနေသည့် အော်စူးစူးရှရှ ဟစ်သံ တစ်ခု လိုပင် ဖြစ်သည်။ ငွေရောင် အတောင်ပံ၏ တုန်ရီသွားသော တုန့်ပြန်မှုက တစ်ခဏတာမျှသာ ဖြစ်ကာ မကြာခင် လုံးဝ လုံးဝ တိတ်ဆိတ် သွားတော့၏။
“သေမျိုး ဝိညာဥ်တစ်ခု... အထူးသဖြင့် အပြစ်သွေးနဲ့ မသန့်စင်ရသေးတဲ့ ဝိညာဥ်တစ်ခုက အသိဉာဏ်ကို ဒီလောက် မြန်မြန် ပြန်မရနိုင်ဘူး မလား”
သွေးရောင် အတောင်ပံ ပိုင်ရှင်၏ အသံက မယုံကြည်နိုင်ခြင်းများနှင့် ပြည့်နှက်နေသည်။ ငွေရောင် အတောင်ပံ ပိုင်ရှင်က တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
“အမှန်ပဲ... အစစ်အမှန် ဝိညာဥ်တွေတောင် လွတ်မြောက်ဖို့ အတွက် နှစ်ပေါင်း ရာချီ၊ ထောင်ချီ အချိန်ယူကြရတယ်... အသိဉာဏ်ကို ပြန်ရတာက ကပ်ဘေးဖို့ အောင်မြင်ဖို့ အလားအလာ ရှိတယ် ဆိုတဲ့ လက္ခဏာ တစ်ရပ်ပဲ... တကယ်လို့ သူသာ အသက်ရှင်ခဲ့ရင် ကောင်းကင်က ဘယ်လို ကမ္မ ကံကောင်းမှုမျိုးကို ချီးမြှင့်မယ် မသိဘူး”
ငွေရောင် အတောင်ပံ ပိုင်ရှင်၏ အသံက အလွန်အမင်း နက်မှောင်နေကာ သုန်မှုန်မှုများဖြင့် ပြည့်နှက် နေသည်။
"ကပ်ဘေးတစ်ခု ကျရောက်လာတိုင်း ငရဲရဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်တဲ့ လူက ကောင်းကင်ရဲ့ အကျိုးအမြတ်ကို ရရှိကြတယ်”
သွေးရောင် အတောင်ပံ ပိုင်ရှင်က တိမ်မြုပ်နေသည့် အဓိပ္ပာယ် တစ်စွန်းတစ်စ ပါဝင်နေသည့် လေသံမျိုးဖြင့် ပြောလိုက်၏။
“ ... “
ထိုအရာက ဝေ့ဝူယင်၏ အစစ်အမှန် ဆုံးရှုံးမှု ကပ်ဘေး အတွင်း ငွေရောင် အတောင်ပံ ပိုင်ရှင် ပြောခဲ့သည့် စကားလုံးများပင် ဖြစ်သည်။ သူတို့ စကားထဲမှ ကောင်းကင်မှာ ကောင်းကင်တာအိုကို ဆိုလိုခြင်း မဟုတ်ချေ။ လောကကြီး၏ တည်ရှိမှု တစ်ခုလုံးကို အုပ်ချုပ်နေသည့် စနစ်တကျ ဥပဒေသ အစုအဝေး တစ်ခုပင် ဖြစ်လေသည်။
“အိုး... မဟုတ်ဘူး”
ထိုအခိုက်တွင်ပင် သန့်စင်ခြင်း မြူနှင်းများမှာ ဝေ့ဝူယင်၏ ပုံရိပ်ကို နောက်တစ်ကြိမ် ဝန်းရံသွားလေရာ သွေးးတောင် အတောင်ပံ ပိုင်ရှင်မှာ လန့်ဖျန့် သွား၏။
ငွေရောင် အတောင်ပိုင်ရှင်၏ အတောင်များမှာ အနည်းငယ် လှုပ်ရှားသွား၏။ ထိုအတွင်း၍ ဖော်ပြရန် ခက်ခဲသည့် တင်းမာမှု တစ်ခု ရှိနေခဲ့သည်။
“သူက အသိဉာဏ်ကို ပြန်ရခဲ့ပေမဲ့ အဲဒီ အသိဉာဏ်ကြောင့်ပဲ ကပ်ဘေးရဲ့ တန်ပြန် တိုက်ခိုက်မှုကို ခံနေရပြန်ပြီ... တကယ်လို့ အဲဒီ အပြောင်းအလဲကို နောင်တက မီးစာထိုးပေးလိုက်မယ် ဆိုရင် သွားပြီ... သူ ကျဆုံးသွားလိမ့်မယ်”
ငွေရောင် အတောင်ပံ ပိုင်ရှင်မှာ သူ့မျှော်လင့်ချက်များကို လုံးလုံးလျားလျား လက်လျှော့လိုက်ပုံ ရလေ၏။ သေမျိုး ဝိညာဥ်များမှာ သူတို့ကိုယ် သူတို့ ပြောင်းလဲရန် မဖြစ်နိုင်ချေ။ ဝေ့ဝူယင်၏ ဝိညာဥ် အပေါ်ယံ အလွှာမှာ ပျက်စီးလုနီးပါး အထိ ရောက်ရှိနေပြီ ဖြစ်သည်။ နောက်ထပ် ခြေလှမ်း အနည်းငယ် လှမ်းလိုက်သည်နှင့် သူ့ ဝိညာဥ်မှာ ဝိညာဥ်မြစ်အတွင်း ဝင်ရောက်သွားတော့မည် ဖြစ်သည်။
“မင်းက အတော်လေး မျှော်လင့်ထားခဲ့ပုံပဲ...”
သွေးရောင် အတောင်ပံ ပိုင်ရှင်က ပြုံးရင်း ခေါင်းခါလိုက်၏။ အစောကြီးတည်းက သူ့မျက်လုံးထဲတွင် ထိုအပြစ်သား လူငယ်လေးမှာ ရှုံးနိမ့်သူ တစ်ယောက်သာ ဖြစ်သည်။ သေမျိုး ဝိညာဥ် ပိုင်ရှင် တစ်ယောက် အနေဖြင့် သူ ရင်ဆိုင်နေရသည့် ရုန်းကန်မှုများက မမျှတချေ။
“ ... “
သူတို့ နှစ်ယောက် နောက်တစ်ကြိမ် တိတ်ဆိတ်သွားချိန်တွင်ပင် ဝေ့ဝူယင်မှာ အပြင်းအထန် တိုက်ခိုက်ကာ ပြန်လည် အသိဝင်လာခဲ့၏။ သန့်စင်ခြင်း မြူနှင်းမှာ ၎င်း၏ ပစ်မှတ်ကို နောက်တစ်ကြိမ် ဆုံးရှုံးသွားကာ ဝိညာဥ် အပေါ်ယံ အလွှာ သေးငယ်သော အာရုံ စူးစိုက်မှု တစ်ခုကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။
ပုံရိပ်နှစ်ခုမှာ မယုံကြည်နိုင်မှု၊ နားမလည်နိုင်မှုများနှင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိပြန်၏။ ဘာတွေ ဖြစ်ပျက်နေသနည်း။
ထိုပြောင်းလဲမှု အဟုန်က မြန်ဆန်လွန်းလှသည်။ ခံစားချက်တို့ အမြင့်ဆုံး အချိန်မှာတွင်ပင် ထိုလူငယ်လေးမှာ ရုတ်ချည်း ရပ်တန့်ပစ်နိုင်ခဲ့သည်။ အစစ်အမှန် ဝိညာဥ်များပင် နှစ်ပေါင်းချီ ယူရသည့် ဖြစ်စဥ် တစ်ခုကို သူက မိနစ် အနည်းငယ် အတွင်း လုပ်ပြသွားခဲ့ခြင်း ဖြစ်သည်။
“အဲဒါက...”
ငွေရောင် အတောင်ပံ ပိုင်ရှင်မှာ တစ်ခုခု ပြောချင်နေသော်လည်း ဆွံ့အနေမိ၏။ ထိုအပြစ်သားက အဘယ်နေရာတွင် ကွဲလွဲနေသနည်း။ မသိခြင်း တရားက ဝိညာဥ် အတွင်း နေရာယူလာလေရာ သူ ကြောက်ရွံ့မှုကိုပင် ခံစားလိုက်ရသည်။
“နေဦး... သူက ဝိညာဥ်အပေါ်ယံ အလွှာကို ပြန်ကုစားနေပြီ...”
သွေးရောင် အတောင်ပံ ပိုင်ရှင်က အလန့်တကြားဖြင့် ထအော်ဟစ်လိုက်၏။ ပထမ မြူနှင်း သန့်စင်မှု ကတည်းက ထိုအရာကို သူတို့ ရိပ်မိခဲ့သော်လည်း ယခုတစ်ကြိမ် အမြန်နှုန်းက လျစ်လျူ၍ မရအောင် ကြောက်မက်ဖွယ် ကောင်းလှသည်။ သူက ကိုယ့်ကိုယ်ကို ပြန်ကုသနိုင်သည့် နည်းလမ်းကို ဘယ်ကနေ ရခဲ့သနည်း။
သူတို့ နှစ်ယောက်စလုံးမှာ ချက်ချင်းပင် အမှောင်ထု လောကအတွင်း ပြေးဝင်ကာ ဝေ့ဝူယင်၏ ဝိညာဥ်၊ စိတ်နှင့် ခန္ဓာတို့ကို စစ်ဆေးချင်လာခဲ့၏။ ထိုလူငယ်၏ ဝိညာဥ် အတွင်း တည်ရှိနေသည့် စိတ်စွမ်းအင် ပမာဏက မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို သူတို့ တွေ့မြင်လိုသည်။
သူတို့ ကြည့်နေစဥ်မှာပင် ဝေ့ဝူယင်မှာ သူ့ကိုယ်သူ လုံးလုံးလျားလျား ထိန်းချုပ် သွားနိုင်ခဲ့ပြန်၏။ ပထမဆုံး စရောက်လာခဲ့စဥ်နှင့် ယခုအကြား ကွာခြားမှု မရှိသလောက်ပင် ဖြစ်လေသည်။ မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်သနည်း။
“သေမျိုး ဝိညာဥ် တစ်ခုက သန့်စင်ခြင်း နှစ်ခုကနေ အသက်ရှင်ခဲ့တယ်... နောက်ပြီး နှစ်ခုစလုံးကိုလည်း စက္ကန့်ပိုင်း အတွင်း အဆုံးသတ်ပစ်နိုင်ခဲ့တယ်... ဒါပေမဲ့လည်း...”
ငွေရောင် အတောင်ပံ ပိုင်ရှင်က လေးပင်စွာဖြင့် ခေါင်းခါလိုက်ရင်း စကားကို တစ်ဝက်တစ်ပြက်ဖြင့် ရပ်တန့်လိုက်သည်။ သို့သော်လည်း သွေးရောင် ပုံရိပ်မှာ သူ ဘာကို ဆက်၍ပြောချင်သည်ကို နားလည်ပေသည်။
အပြစ်သား လူငယ်လေးမှာ ဆက်လက် အသက်ရှင်နိုင်ခဲ့သည့်တိုင် သန့်စင်မှု မြူနှင်း နှစ်ခုနှင့် စောစီးစွာ ရင်ဆိုင်ခဲ့ရသည် ဆိုသည့် အချက်က ငရဲ၏ အဆင့်အား ဖြတ်ကျော်ရန် လုံလောက်မှု မရှိဟု ဆိုလိုပေသည်။
အဆုံးမဲ့ နောင်တ ကပ်ဘေးမှာ အဆင့်တစ်ခုတည်းသာ ရှိသည့်တိုင် ဘဝတစ်ခုလုံးကို ဖြတ်သန်း၍ မရေမတွက်နိုင်သည့် အလွှာများဖြင့် ပေါင်းစပ်ထားသည်။ ရာစုနှစ် တစ်ခုချင်းစီတိုင်း၌ ခက်ခဲမှု အဆင့်မှာ ပိုမို၍ တိုးတက်လာလေရာ နှစ်ပေါင်း တစ်သိန်း ရှစ်ထောင်ကို ဖြတ်ကျော်ရန်က လုံးဝ မဖြစ်နိုင်လောက်အောင်ပင်။ ဝေ့ဝူယင်မှာ ကိုယ့်ကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည် ဆိုသော်လည်း ထိုအကြောင်းရင်း ကြောင့်ပင် ကပ်ဘေး၏ ခက်ခဲမှု အဆင့်က ပိုမို၍ တိုးတက်သွားလိမ့်မည် ဖြစ်သည်။
လေးပင်သော စိတ်နှလုံးနှင့် အတူ အမှောင်ထုလောကကို သူတို့ ဆက်၍ လေ့လာနေကြစဥ်မှာပင် မှိန်ဖျော့သော အလင်း တစ်ခုမှာ ဖြည်းညင်းစွာ စတင် တောက်ပလာသည်ကို တွေ့မြင်လိုက်ရလေ၏။
...
ဖျပ်... ဖျပ်...
ခြေနှစ်လှမ်း လှမ်းလိုက်ပြီးနောက် ဝေ့ဝူယင်မှာ တတိယမြောက် ခြေလှမ်းကို ရပ်တန့်လိုက်၏။ ၎င်းက လုံချန် လက်စားချေသည့် ဖြစ်စဥ် ထပ်မံ ပေါ်မလာအောင် တားဆီးပေးသည်။ ရှေ့သို့ ဆက်လှမ်းလိုသည့် သူ့ဝိညာဥ် အတွင်းရှိ ဆန္ဒကတော့ ထိန်းသိမ်း၍ မရအောင် ပြင်းထန်နေဆဲ ဖြစ်သည်။ သို့သော်လည်း ဒုတိယမြောက် ကပ်ဘေး အကြောင်းကို ပြန်လည် စဥ်စားရင်း ဝေ့ဝူယင်၏ စိတ်တစ်ခုလုံးမှာ တွက်ချက်မှုများဖြင့် ပြည့်နှက်နေ၏။
"အဲဒါက ဘာလဲ…"
အိုရီက အပြစ်ကင်းစင်သည့် အသံမျိုးဖြင့် မေးလိုက်၏။ ဝေ့ဝူယင်၏ အတွေးများ ပြောင်းလဲနေကြောင်း သူ ခံစားနိုင်သော်လည်း အရှိန်အဟုန်က အလွန် လျှင်မြန်လှလေရာ လိုက်မှီရန် ခက်ခဲလှသည်။ အိုရီသာလျှင် မက ခရာတိုနှင့် ဘုရင်တို့မှာလည်း တူညီစွာပင် ကြုံတွေ့နေရ၏။
ဧဒင် တစ်ယောက်တည်း သာလျှင် ဝေ့ဝူယင်၏ အဟုန်ကို လိုက်မှီပေသည်။ သူတို့၏ အတွေးများမှာ အလင်းထက်ပင် ပိုမို လျှင်မြန်စွာ ရွေ့လျားနေကာ စိတ်သင်္ဘော တစ်စင်း ကဲ့သို့ ခုတ်မောင်းနေ၏။ ထိုဖြစ်စဉ်က ပြီးပြည့်စုံစွာ ပေါင်းစပ်၍ အလွန် ချောမွေ့လှလေရာ ပြင်ပမှ နားလည်ရန် ခက်ခဲလှသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် ဝေ့ဝူယင်က သူ့ခြေထောက်ကို မြှောက်ကာ တတိယမြောက် ခြေလှမ်းကို လှမ်းလိုက်၏။ နောက်ထပ်တစ်ဖန် သူ၏ စိတ်အစဉ်က မှတ်ဉာဏ်များ၏ အစသို့ ကျရောက်သွားပြန်သည်။
ပျော်ရွှင်စွာ ရယ်မောနေသည့် မိန်းမတို့၏ ညုတုတု အသံများနှင့် ချိုအီ နူးညံ့လှသည့် အထိအတွေ့များ…
ကောင်းကင်ဘုံက ချီးမြှောက်ထားသည့် အလှတရား ဆယ်ယောက်… သူတို့ အားလုံးတွင် ကွဲပြားခြားနားသော မျက်နှာများ မရှိသလို မည်သည့် တစ်ဦး တစ်ယောက်ကမှ သူ၏ အမှန်တကယ် မိန်းမများ မဟုတ်ချေ။ သူတို့၏ မျိုးနွယ်များကိုပင် ဝေ့ဝူယင် ခွဲခြားနိုင်စွမ်း မရှိချေ။ သူက နတ်ဆိုးကို အလိုရှိလျှင် သူတို့က နတ်ဆိုးများ ဖြစ်သွားသည်။ သူက အယ်ဗန်မျိုးနွယ် မိန်းမတို့ကို အလိုရှိလျှင်လည်း သူတို့က ချက်ချင်း အသွင်ပြောင်း သွားကြသည်။ သူတို့က သူ လိုချင်သည့် အချိန်၊ လိုချင်သည့် နေရာတွင် လိုချင်သည့် ပုံစံမျိုးဖြင့် အဆင်သင့် ရှိနေတတ်ကြသည်။
ဝေ့ဝူယင် သူတို့၏ နာမည်များကို မမှတ်မိချေ။ သို့သော်လည်း သူ အလိုရှိသည့် နာမည် တစ်ခုကို ရေရွတ်လိုက်တိုင်း သူတို့က ပျော်ရွှင် စိတ်လှုပ်ရှားစွာဖြင့် တုန့်ပြန်ကြသည်။ အချို့ကတော့ သူ နာမည် မခေါ်နိုင်ခင်မှာပင် ချိုအီသော နှုတ်ခမ်းများဖြင့် သူ့ပါးစပ်ကို ဝါးမျိုကာ ပိတ်ပစ်လေ့ ရှိသည်။ ထိုအခိုက်အတန့်မျိုး၌ ဝေ့ဝူယင်မှာ မယုံကြည်နိုင်လောက်အောင် ကောင်းသည်ဟု ခံစားရသည်။
ဤသည်က ငယ်ရွယ်စဉ် ကလေးဘဝတည်းက သူ လိုချင်ခဲ့သည့် ကောင်းကင်ဘုံမျိုး ဖြစ်သည်။ သူ အမြဲတမ်း တမ်းတခဲ့သည့် စံပြအိပ်မက် ဖြစ်သည်။
ထို့နောက် ပထမ တစ်ကြိမ်ကလိုပင် လုံချန်မှာ တံခါးကို ချိုးဖျက် ဝင်ရောက်လာကာ သူ့ ခေါင်းကို ဖြတ်ပစ်ခဲ့သည်။ ထို့နောက် မသေဆုံးခင် သူ့မိန်းမများ အပေါ် လုံချန်၏ ရိုင်းစိုင်းသည့် ရည်ရွယ်ချက်များကို ကြားခဲ့ရသည်။
ဤသို့နှင့် အဆုံးသတ်တွင် ကျင့်ကြံခြင်းအား လျစ်လျူခဲ့သည့် အပေါ် အဆုံးမဲ့ နောင်တတရားများက သူ့စိတ်တစ်ခုလုံး အပေါ် လွှမ်းခြုံ လာခဲ့ပြန်သည်။
"ဆိုတော့ ဒါက အဲဒီလိုပေါ့…"
ဝေ့ဝူယင်၏ နှုတ်မှ ထွက်ပေါ်လာသည့် ရေရွတ်သံက အိုရီ၊ ဘုရင်နှင့် ခရာတိုတို့၏ စိတ်ဝင်စားမှုကို ပိုမို လောင်ကြွမ်း လာစေခဲ့၏။ သူတို့သည်လည်း ဝေ့ဝူယင်နှင့် တူညီသည့် အတွေ့အကြုံမျိုး ရခဲ့သည့်တိုင် ကျင့်ကြံခြင်း ဝိညာဥ်များ အနေဖြင့် အရေးကြီးသည့် အစိတ်အပိုင်း အချို့၌ လစ်ဟာနေဆဲ ဖြစ်သည်။
"ငါတို့ ထွက်သွားကြတော့မှာလား…"
ခရာတိုက သံသယ ဖြစ်စွာဖြင့် မေးလိုက်၏။
"ဟင့်အင်း… ဒီကနေ ထွက်သွားလို့ မရဘူး"
ဧဒင်က လေးနက်သော လေသံဖြင့် ဆိုလိုက်သည်။ ငရဲ၏ ကပ်ဘေးကို ရှောင်လွှဲ၍ မရနိုင်ချေ။ အကယ်၍ သူတို့ ထွက်သွားခဲ့ပါက မည်ကဲ့သို့သော အကျိုးဆက်များ စောင့်ကြိုနေမည်မှန်း မသိနိုင်ချေ။
ခရာတိုမှာ တိတ်ဆိတ်သွား၏။ ဧဒင်၏ ဆုံးဖြတ်ချက်ကို အခြား မည်သူထက် မဆို သူ ပိုပြီး ယုံကြည်ပေသည်။ ဧဒင်က ထွက်သွား၍ မရဆိုလျှင် အခြား ရွေးချယ်စရာ တစ်ခုကို သူ စောင့်ဆိုင်းမည် ဖြစ်သည်။
"ကလန့်…"
ဘုရင်က ပုံမှန် အသံကိုပင် ထုတ်လွှတ် လိုက်၏။ သို့သော်လည်း ဧဒင်ကတော့ သူ ဘာပြောချင်သည်ကို နားလည်ပေသည်။ သူက ဖြည်းညင်းစွာပင် ဘုရင်ကို ရှင်းပြလိုက်၏။
"ငါတို့ရဲ့ လက်ရှိ အဆင့်နဲ့ ငရဲကို တည်ရှိမှုမျိုးကို ထက်ပိုင်းပိုင်းလို့ မရသေးဘူး… မဟုတ်ရင် ဒီလိုနေရာကို ရောက်လာစရာ အကြောင်းတောင် မရှိဘူး"
"ကလန့်…"
ဘုရင်က နောက်ထပ် အသံတစ်ချက် ပြုလိုက်ပြန်၏။ သုံးချက်က မလုံလောက်လျှင် ဘာအရေးနည်း။ သူ လေးချက် ခုတ်မည် ဖြစ်သည်။ အကယ်၍ လေးချက်က မလုံလောက်လျှင်လည်း အဆုံးမဲ့သည် အထိ သူ ထပ်မံ ခုတ်နေဦးမည် ဖြစ်သည်။
ဧဒင်က လက်မှိုင်ချဟန်နှင့် သက်ပြင်းချလိုက်၏။ တစ်ယောက်က ငရဲအတွင်းမှ ထွက်သွားချင်နေကာ အခြား တစ်ယောက်တော့ ငရဲကို ထက်ပိုင်းပိုင်းပစ် ချင်နေသည်။ သူတို့က တူညီသည့် ဝိညာဉ် တစ်ခုတည်းက မွေးဖွားလာသူများ ပီသလှသည်။
***