← Chapters

ဒုတိယမြောက် ကပ်ဘေး၊ ရည်ရွယ်ချက်

Vol. 40 Ch. 556

ဒုတိယမြောက် ကပ်ဘေး၊ ရည်ရွယ်ချက်

Vol. 40 Ch. 556

"ဟီး… ဟီး…"

အိုရီက ရယ်မောလိုက်၏။ ငရဲ၏ ကပ်ဘေးအား ဖြတ်ကျော်ရန် ထိုမျှ မလွယ်ကူကြောင်း သူသိပေသည်။ သို့သော်လည်း ထိုရောင်းရင်းများဖြင့် သူက ဘာကို ကြောက်ရမည်နည်း။ အကယ်၍ ကောင်းကင်က သူတို့နောက်ကို လိုက်လျှင်ပင် ငါးယောက် အတူတကွ စုပေါင်းကာ လွတ်မြောက်နိုင်လိမ့်မည်ဟု သူ ယုံကြည်ချက် ရှိသည်။

ဧဒင်မှာ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ အနည်းဆုံး အိုရီကတော့ သိပ်မိုက်ရူးရဲ မဆန်လှချေ။

"ကျုပ်တို့ လှုပ်ရှားတာကို ရပ်လိုက်ကြမလား…"

ဧဒင်က အာရုံ စူးစိုက်မှုကို ဝေ့ဝူယင်ထံသို့ ပြန်ပို့ရင်း မေးလိုက်၏။

ဝေ့ဝူယင်မှာ အတွေးများ အတွင်း နစ်မြုပ်နေခဲ့သော်လည်း ဧဒင်၏ အသံကို ကြားသော အခိုက်၌ ပြန်လည် နိုးထလာခဲ့၏။

"အင်း… ငါတို့ အကြာကြီး ရပ်နေမယ် ဆိုရင် မူလ ဝိညာဉ်က ပေါက်ကွဲ သွားလိမ့်မယ်"

"ဒါပေမဲ့… အဲဒါက ဖြစ်နိုင်ပါ့မလား"

ဝေ့ဝူယင်က အတွေးများ အတွင်း သက်ပြင်း တစ်ချက် ချလိုက်သည်။

"ငါတို့ရဲ့ သီအိုရီက မှန်ပါ့မလား လို့ မေးတာလား"

"ဟုတ်တယ်…"

" … "

ဝေ့ဝူယင်မှာ ပြန်ဖြေနိုင်ခြင်း မရှိချေ။ ကြယ်တာရာ ဝိညာဉ်များ၏ အကူအညီဖြင့် အသိစိတ် အာရုံကို မလွတ်အောင်၊ အကယ်၍ လွတ်ထွက်သွားခဲ့လျှင်လည်း အချိန်မီ ပြန်ထိန်းနိုင်အောင် လုပ်ဆောင်နိုင်သည် ဆိုသော်လည်း ထိုအရာက လောင်းကစား ဆန်ကာ အန္တရာယ်များလွန်းလှသည်။ အသက်နှင့် ထပ်သည့် လောင်းကြေးမျိုးကို သူ မုန်းသည်။

ကပ်ဘေးမတိုင်ခင် သူ ပြင်ဆင်ထားသမျှ အရာအားလုံးမှာ အမျိုးမျိုးသော အပြောင်းအလဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ ထို့အပြင် နောက်ထပ် ဘာအပြောင်းအလဲများ လာဦးမည် မသိရသေးချေ။

တစ်ခုတည်းရှိသည့် လမ်းကြောင်းကို ဝေ့ဝူယင်မှာ ဘယ်တုန်းကမှ မလျှောက်ခဲ့ဖူးချေ။ ပြဿနာ တစ်ခု ကြုံသည်နှင့် သူက အမြဲတမ်း လိုလို စေ့စေ့စပ်စပ် ရှာဖွေကာ ဖြေရှင်းတတ်သူ ဖြစ်သည်။

"ပထမ ကပ်ဘေးမှာတောင် ကယ်ပေါက် ရှိရင် ဒုတိယ ကပ်ဘေးမှာလည်း ရှိမှာပဲ… ခုနက အစီအစဉ်က ကယ်ပေါက် မဟုတ်တာတော့ သေချာတယ်"

ဝေ့ဝူယင်မှာ ချက်ချင်းပင် ရှုပ်ထွေး ပွေလီသည့် သီအိုရီများ အတွင်း နစ်မြုပ် သွားပြန်၏။

"ကျုပ် ခင်ဗျားရဲ့ မှတ်ဉာဏ်တွေကို ဖယ်ရှားပြီး အာရုံ ခံစားမှုကို ချိပ်ပိတ် ပစ်လို့ရတယ်"

ဧဒင်က အကြံပြုလိုက်၏။ သို့သော်လည်း ဝေ့ဝူယင်က ချက်ချင်း ငြင်းဆန်လိုက်သည်။

"နောင်တ ဆိုတာက မှတ်ဉာဏ် မဟုတ်ဘူး… အတွင်းပိုင်း ဆန္ဒ တစ်ခုပဲ… အသစ် ဖြစ်ပေါ်လာတဲ့ ငါက အဲဒီ အဖြစ်အပျက်ကနေ ရလာတဲ့ နောင်တတွေထဲ ပိုပြီး နစ်မြုပ် သွားလိမ့်မယ်…"

ဝေ့ဝူယင်က အဖြေပေးလိုက်၏။ အလွန် တရာ လှပလှသည့် မိန်းမများနှင့် ပျော်ပါးနေစဥ် အသတ်ဖြတ်ခံရသည့် အပေါ် ဘယ်ယောက်ျား မဆို တစ်နည်းမဟုတ် တစ်နည်း ထိခိုက်ခံစား ရလိမ့်မည် ဖြစ်သည်။  သူတို့က သူတို့ အားနည်းသည့် အပေါ်၊ ချစ်ရသည့် လူများအား မကာကွယ်ပေးနိုင်သည့် အပေါ် နောင်တ ရကြပေလိမ့်မည်။

"တကယ်လို့ မွေးရာပါ ဆန္ဒတွေ ပြောင်းလဲ သွားရင် မှတ်ဉာဏ်တွေပါ ပြောင်းလဲသွား မလား ဆိုတာတော့ ငါလည်း မသေချာဘူး"

ဝေ့ဝူယင်က လေးနက်သည့် လေသံဖြင့် ရေရွတ်လိုက်၏။

ဧဒင်မှာ ငြိမ်သက်စွာဖြင့် နားထောင်နေသည်။ ဝေ့ဝူယင်၏ အတွေးများကို သူနားလည်သည်။ စောစောက သူပေးခဲ့သည့် အကြံမှာလည်း ဖြစ်နိုင်ချေများထဲမှ တစ်ခုသာ ဖြစ်ပြီး အလုပ်ဖြစ်နိုင်ချေက အလွန် နိမ့်ပါးကြောင်း သူ အစောတည်းက သိပေသည်။ သို့တိုင်အောင် ကိုယ်ပိုင် အတွေးကို သူ အကြုံပြုလိုသည်။

"အခြား ရှုဒေါင့်တစ်ခုကနေ စဉ်းစားကြည့်ရအောင်… ဒီငရဲရဲ့ ရည်ရွယ်ချက်က ဘာလဲ"

ဝေ့ဝူယင်က အတွေးလမ်းကြောင်းကို ပြောင်းလဲလိုက်ကာ အခြား ဖြစ်နိုင်ချေကို ရှာဖွေဖို့ ကြိုးစားလိုက်၏။

"ကျွန်တော်သိပြီ… အခြား နောင်တရတဲ့ ခံစားချက် တစ်ခု ထပ်လုပ်ဖို့"

အိုရီက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

"ရိုးရှင်းတာက ကောင်းတယ်… ဒါပေမဲ့ လုံးလုံးလျားလျားတော့ မမှန်ဘူး… အသက်ရှူ လိုက်တိုင်း ငါ့စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း နစ်ဝင်နေတဲ့ နောင်တတွေ ခုထိ ရှိနေတုန်းပဲ … မိဘတွေကို ရှာမတွေ့တဲ့ အပေါ် ငါ နောင်တရတယ်… အကိုကြီး သေသွားခဲ့ရတာကို ငါ နောင်တရတယ်… တိုင်လင်နဲ့ မမွေးဖွားလာခဲ့တဲ့ ကလေး အပေါ် ငါ နောင်တရတယ်…  ဘယ်အခြေအနေ ဘယ်လို အချိန်အခါမှာ ဖြစ်ဖြစ် အဲ့တာတွေက ငါ အမြဲ ခံစားရမယ့် နောင်တတွေပဲ"

ဝေ့ဝူယင်သည် ထိုအဖြစ်အပျက်များ အပေါ် နောင်တ ရမိသော်လည်း ထိုနောင်တက သူ့ ဝိညာဉ် အပေါ် တစ်စုံတစ်ရာ အကျိုးသက်ရောက်မှု မရှိပါချေ။ ၎င်းတို့က ပြီးဆုံးသွားခဲ့သည့် သူ့ဘဝကို အဆုံးအဖြတ် မပေးနိုင်တော့ သောကြောင့် ဖြစ်နိုင်ပေသည်။

" … "

အိုရီမှာ တိတ်ဆိတ်သွား၏။ အတန်ကြာပြီး နောက်၌ ခရာတိုက တိတ်ဆိတ်မှုကို ချိုးဖျက် လိုက်သည်။

"ဆိုတော့ ငါတို့ ထပ်ခါထပ်ခါ ကြုံတွေ့နေရတဲ့ မှတ်ဉာဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ နောင်တ တစ်ခုတည်းကပဲ ယိုယွင်း ပျက်စီးခြင်းကို ဦးတည်စေနိုင်တယ် ဟုတ်တယ်မလား"

ခရာတိုက သံသယ အမျှင်အတန်းများနှင့် ရေရွတ်လိုက်၏။

"မှန်တယ်… အဆုံးမဲ့ နောင်တ ကပ်ဘေးက အဲဒီ မှတ်ဉာဏ်တစ်ခုတည်းကနေ ရတဲ့ နောင်တ အပေါ် မှာပဲ မူတည်နေတယ်…"

"ကျုပ်တို့ အခု စဉ်းစားနေတဲ့ ဦးတည်ချက်က ဘာလဲ"

ဝေ့ဝူယင်၏ အတွေးများနှင့် အနီးစပ်ဆုံး ဖြစ်သည့် ဧဒင်ပင် မထိန်းချုပ်နိုင်ပဲ မေးလိုက်မိ၏။

ဝေ့ဝူယင်က ဆက်လက် ရွေ့လျားလိုက်သည်။

ဖျပ်… ဖျပ်… ဖျပ်…

ပုံရိပ်ယောင် မှတ်ဉာဏ်များမှာ နောက်ထပ် တစ်ဖန် ထပ်ပေါ်လာပြန်၏။

ကောင်းကင်ဘုံ အလှပဂေးများ၊ ဆွတ်ပျံ့ဖွယ် အထိအတွေ့နှင့် ချိုသာသော ရနံ့များ၊  နောက် အရှက်ရဖွယ် ရှုံးနိမ့်မှုနှင့် ခေါင်းဖြတ် သတ်ဖြတ် ခံရမှု…

ဖြစ်စဉ် တစ်ပတ်လည်သည်နှင့် ဝေ့ဝူယင်မှာ အဆုံးမဲ့ အမှောင်ထု အတွင်း နောက်တစ်ဖန် ပြန်လည် ရောက်ရှိလာခဲ့ပြန်၏။ ကြယ်တာရာ ဝိညာဉ် လေးခုမှာ ဝေ့ဝူယင် ဘာလုပ်ရန် ကြိုးစားနေကြောင်း နားမလည်နိုင်ကြချေ။

"ငါလည်း မသိဘူး… အကြံတစ်ခု ရဖို့ ကြိုးစားနေတာ ထင်တယ်"

ဝေ့ဝူယင်က အဖြေပေးလိုက်သည်။

ဖျပ်… ဖျပ်… ဖျပ်…

ပုံရိပ်ယောင် မှတ်ဉာဏ်မှာ နောက်တစ်ပတ် လည်လာပြန်၏။

ကောင်းကင်ဘုံ အလှပဂေးများ၊ ဆွတ်ပျံ့ဖွယ် အထိအတွေ့နှင့် ချိုသာသော ရနံ့များ၊  နောက် အရှက်ရဖွယ် ရှုံးနိမ့်မှုနှင့် ခေါင်းဖြတ် သတ်ဖြတ် ခံရမှု…

ဝေ့ဝူယင်မှာ အဆုံးမဲ့ အမှောင်ထု အတွင်း ပြန်လည် ရောက်ရှိ လာပြန်၏။

"ဘာအကြံလဲ…"

ခရာတိုက မေးလိုက်သည်။ ဝေ့ဝူယင်က ပြန်မဖြေချေ။

ဖျပ်… ဖျပ်… ဖျပ်…

ခြေသံ သုံးခုနှင့် အတူ ပုံရိပ်ယောင် မှတ်ဉာဏ်မှာ နောက်တစ်ပတ် လည်လာပြန်၏။

ကောင်းကင်ဘုံ အလှပဂေးများ၊ ဆွတ်ပျံ့ဖွယ် အထိအတွေ့နှင့် ချိုသာသော ရနံ့များ၊  နောက် အရှက်ရဖွယ် ရှုံးနိမ့်မှုနှင့် ခေါင်းဖြတ် သတ်ဖြတ် ခံရမှု…

ထို့နောက် အဆုံးမဲ့ အမှောင်ထု ကမ္ဘာ…

"အဲဒါက ကိုယ့်ကိုယ်ကို နှိပ်စက်နေတာပဲ…"

အိုရီက အော်ဟစ်လိုက်သည်။ သို့သော်လည်း ဝေ့ဝူယင်ကတော့ ရပ်တန့်ခြင်း မရှိချေ။

ဖျပ်… ဖျပ်… ဖျပ်…

ကောင်းကင်ဘုံ အလှပဂေးများ၊ ဆွတ်ပျံ့ဖွယ် အထိအတွေ့နှင့် ချိုသာသော ရနံ့များ၊  အရှက်ရဖွယ် ရှုံးနိမ့်မှုနှင့် ခေါင်းဖြတ် သတ်ဖြတ် ခံရမှု…

"ကလန့်…"

ဘုရင်၏ အသံက တစ်စုံတစ်ရာကို နားလည် သဘောပေါက်သွားသည့် အရိပ်အငွေ့များနှင့် ပြည့်နှက် နေ၏။

ကြယ်တာရာ ဝိညာဉ် လေးခုတွင် ၎င်းမှာ အလျှော့မပေးလိုသည့် သဘာဝကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ စက္ကန့်ပိုင်း မိနစ်ပိုင်း အတွင်းမှာပင် စက်ဆုပ်ဖွယ် ကောင်းသည့် ဖြစ်ရပ်ကို ထပ်တလဲလဲ ကြုံတွေ့နေရသည့်တိုင် သူ တည်ငြိမ်စွာ အာရုံစိုက်ထားနိုင်ဆဲ ဖြစ်သည်။

"မှန်တယ်…"

ဝေ့ဝူယင်က အတွေးအတွင်း အော်ဟစ် လိုက်၏။ ဆေဘာတွန်သံနှင့် အတူ ဘုရင် ချန်ထားခဲ့သည့် တစ်ခုတည်းသော စကားလုံး၏ အဓိပ္ပာယ်က "မှတ်ဉာဏ် မဟုတ်ဘူး" ဟူ၍ပင်။

ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ တဖျပ်ဖျပ် တောက်ပသွား၏။ အစကတည်းကပင် ထပ်ခါ တလဲလဲ ဖြစ်ပေါ်နေသည့် ထိုပုံရိပ်ယောင် မှတ်ဉာဏ်များ ကို သူ သံသယ ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ ထိုဖြစ်စဥ် တစ်ပတ်လည်လာသည့် အခါတိုင်း အပြင်တွင် တကယ် ဖြစ်နေသလိုပင် သူ ခံစားရသည်။ ၎င်းနှင့် ပတ်သက်သမျှ ထိတွေ့မှုတိုင်းကို သူ ခံစားနိုင်သည်။ ရနံ့တိုင်းကို သူ ရှူရှိုက်နိုင်သည်။ လတ်ဆတ်သည့် ရယ်မောသံများကို နားဝင် ပီသစွာ သူ ကြားရသည်။

၎င်းက မှတ်ဉာဏ် တစ်ခု မဟုတ်ချေ။ ထပ်ခါတလဲလဲ ဖြစ်ပေါ်နေသည့် အမှန်တကယ် အဖြစ်အပျက် တစ်ခုသာ ဖြစ်သည်။

“အဲဒါက မှတ်ဉာဏ် မဟုတ်ဘူး ဆိုတာက ဘာပြောတာလဲ... မင်း အဲဒါကို လုပ်လို့ မရ... နေဦး... အဲဒါက”

ဝေ့ဝူယင်၏ အတွေးများနှင့် ချိတ်ဆက်နေသည့် ဧဒင်မှာ တစ်ခဏအတွင်းမှာပင် ဘုရင်၏ ဆိုလိုရင်းကို သဘောပေါက်သွား၏။

“ဒါပေမဲ့ အဲဒါက ဖြစ်နိုင်ပါ့မလား...  မင်း ဘာကိုမှ မပြောင်းလဲရသေးဘူးလေ”

“ဒီကပ်ဘေးက နောင်တ ဆိုတဲ့ အကြောင်းရင်း အတွက်ပဲ... အပြစ်ကျမ်းစာရဲ့ အဆိုအရဆိုရင် ငရဲဆိုတာက ပြန်လည် မွေးဖွားခြင် စက်ဝန်း ညစ်ပတ်မှု စိုးတဲ့ အတွက် ကမ္မအပြစ်တွေကို သန့်စင်ဖို့ ကောင်းကင်တာအိုက ဖန်တီးထားတဲ့ အရာပဲ... ဒါပေမဲ့ အဲဒီ သန့်စင်မှုက ပြန်လည် မွေးဖွားခြင်း စက်ဝန်း တစ်ခုလုံးကို ဖျက်ဆီးနိုင်ပြီး အစွမ်းထက် ဝိညာဥ်တွေနဲ့ ညီမျှမှုကို ဆုံးရှုံးစေနိုင်တယ်”

“အဲဒီ အဖြစ်အပျက်ကို ဟန်ချက်ညီစေဖို့ အတွက် ကောင်းကင်တာအိုက ငရဲရဲ့ အဆင့်တစ်ခုတိုင်းကို ကျော်လွှားနိုင်တဲ့ ဝိညာဥ်တွေ အတွက် ကမ္မအကျိုးအမြတ်ကို ဖန်တီးခဲ့တယ်... သူတို့က ငရဲမှာ ကမ္မ ကံကောင်းမှုတွေကို စုစည်းနိုင်ကြပြီးတော့ ပြန်လူဝင်စားအခါမှာ ကောင်းချီးခံတွေ ဖြစ်လာကြတယ်”

“လွန်ခဲ့တဲ့ နှစ်တွေတုန်းက ငါကလည်း အဆင့်နိမ့် ကောင်းချီးခံ တစ်ယောက် ဖြစ်ခဲ့ဖူးသေးတယ်... ဒါပေမဲ့ ငါ့ရဲ့  ကမ္မတန်ဖိုးက အရမ်းကို နိမ့်ကျလွန်းတယ်... နှိုင်းယှဥ်ရရင် လုံချန်၊ ယွမ်လုံရှီနဲ့ လင်းမင်တို့ကတော့ ငရဲရဲ့ အဆင့် အတော်များများကို အောင်မြင်ခဲ့တဲ့ပုံ ရတယ်...  အဲဒါ‌ကြောင့်ပဲ သူတို့က အရမ်းကို ထူးချွန်တဲ့ ပါရမီတွေကို ပိုင်ဆိုင်ထားကြတာ”

ဝေ့ဝူယင် မျက်မှောင်ကြုတ်ရင်း အပြစ်ကျမ်းစာမှ အသေးစိတ် အချက်အလက်များကို ပြန်လည် စဥ်းစားလိုက်၏။

ငရဲ၏ ပထမ ကပ်ဘေးကို အောင်မြင်ခဲ့သော သူ ကမ္မတန်ဖိုးများစွာကို လက်ခံ ရရှိခဲ့သည်။ တစ်ခုတည်းသော ကွာခြားချက်က အမွေခံ အပြစ်သားများမှာ အခြား အပြစ်သားများလို ဝိညာဥ် သန့်စင်မှုကို မခံစားရပဲ ငရဲမှ ထွက်ခွာနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် အမွေခံ အပြစ်သားများကို ကောင်းကင်အား လှည့်စားသူ၊ ကောင်းကင်တာအိုအား ဆန့်ကျင်သူများ အဖြစ် ယူဆထားကြခြင်း ဖြစ်သည်။

အိုရီနှင့် ခရာတိုတို့မှာ နားမလည်ကြသေးချေ။ ထိုအရာက ငရဲ၏ ကပ်ဘေးနှင့် ဘာသက်ဆိုင်နေသနည်း။

ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ နောက်တစ်ကြိမ် ပိတ်သွား၏။ အမှောင်ထု အတွင်း ဆက်လက် တောက်ပနေခြင်း မရှိတော့ချေ။

“ငရဲရဲ့ ကပ်ဘေးတွေ အားလုံးက ကျော်လွှားဖို့ ခက်ခဲတယ် ဆိုပေမဲ့ ဟန်ချက်တစ်ခုကို ညီအောင် စီစဥ်ထားတာပဲ... တကယ်လို့ နောင်တရဲ့ စည်းမျဥ်းတွေကို ကျော်လွှားနိုင်ရင် ဘာဖြစ်မှာလဲ... တကယ်လို့ ဒီနောင်တရဲ့ သက်ရောက်မှုကို ဆက်ပြီး မခံရတော့ဘူး ဆိုရင် အဲဒါက ပြောင်းလဲသွားမှာလား... ဒါမှမဟုတ်”

“အိုး...”

ခရာတိုက နားလည် သဘောပေါက်သွားဟန်နှင့် အော်ဟစ်လိုက်၏။

“ငါ နားလည်ပြီ... ငါ နားလည်ပြီ”

တစ်ချိန်တည်း၌ အိုရီမှာလည်း ဝေ့ဝူယင် ဆိုလိုသည့် အဓိပ္ပာယ်ကို ဖမ်းဆုပ်မိသွားသည်။

“ကလန့်...”

ဘုရင်ကတော့ ထုံးစံအတိုင်း တူညီသည့် အသံတစ်ချက် ပြုကာ တော်တော် နှေးကွေးတဲ့ကောင်များဟု ကဲ့ရဲ့လိုက်၏။

ဘယ်လိုပဲ ဖြစ်ဖြစ်... လက်ရှိ၌ ကြယ်တာရာ ဝိညာဥ်အားလုံးမှာ ဝေ့ဝူယင် ပြောသည့် အကြံကို နားလည် သွားကြပြီ ဖြစ်သည်။ သို့သော်လည်း သူတို့ စိတ်ထဲ၌ မေခွန်းတစ်ခုက ကျန်ရှိနေဆဲ ဖြစ်သည်။ ထိုအရာက ဖြစ်နိုင်ပါ၏လော။

ဝေ့ဝူယင်ကတော့ တုန့်ဆိုင်း မနေခဲ့ချေ။

ဖျပ်... ဖျပ်... ဖျပ်...

“ရှင်က တော်တော်ဆိုတာပဲ...”

ကောင်းကင်ဘုံ အလှပဂေးများ၏ ရယ်မောသံများက သာယာသည့် ဂီတသံများလို ပျံ့လွင့်လာပြန်သည်။ ဖြစ်စဥ်ကား နောက်ထပ်တစ်ဖန် သံသရလည်လာပြန်ပြီ ဖြစ်လေသည်။ သို့သော်လည်း ဤတစ်ကြိမ်တွင်မူ ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ နှစ်ကြိမ် ပွင့်ဟလာရန် ရလေ၏။

“ဒီတော့ အဲဒါက ဖြစ်နိုင်တယ်ပေါ့...”

ဝေ့ဝူယင်မှာ မှတ်ဉာဏ်များအတွင်း အသိစိတ် အာရုံကို ရရှိလာခဲ့လေ၏။

***

All Chapters