ဒုတိယမြောက် ကပ်ဘေး အဖြေ
Vol. 40 Ch. 558
“ဘာတွေ ဖြစ်နေတာလဲ... ဘုရင် ဘယ်ရောက်သွားတာလဲ...”
အဆုံးမဲ့ အမှောင်ထု လောကအတွင်း၌ ကြယ်တာရာ ဝိညာဥ် သုံးခုမှာ ထိတ်လန့်တကြား ဖြစ်သွားကြ၏။ ဝေ့ဝူယင်၏ ဝိညာဥ် အပေါ်ယံ အခွံလွှာမှာ သန့်စင်ခြင်း မြူနှင်း၏ သန့်စင်မှုကို လျှင်မြန်စွာပင် ခံနေရ၏။ ချောက်ကမ်းပါး တစ်ခု၏ နဖူးတွင် လျှောက်လှမ်းနေရသည့် အလား သေခြင်းတရားမှာလည်း တဖြည်းဖြည်း နီးကပ်လာနေခဲ့ပြီ ဖြစ်သည်။
"ဧဒင်...”
ခရာတိုက ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
“ငါ မသိဘူး... ငါ သူတို့နဲ့ အဆက်အသွယ် မရဘူး... သူတို့က လုံးဝ ခြားနားတဲ့ ကမ္ဘာတစ်ခုကို ရောက်သွားတဲ့ အတိုင်းပဲ”
ဧဒင်၏ အသံကလည်း စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေ၏။ ထိုအရာက ပထမဆုံး အကြိမ် အဖြစ် ဝေ့ဝူယင်နှင့် သူ အဆက်အသွယ် ပြတ်သွားခြင်း ဖြစ်သည်။ စတင် မွေးဖွားလာခဲ့သည့် အချိန်ကတည်းက ထိုကဲ့သို့ တစ်ခါမှ မဖြစ်ဖူးချေ။
ထို့အပြင် ဘုရင်မှာလည်း ဘာသတိပေးချက်မှ မရှိပဲ ပျောက်ကွယ်သွားခဲ့သည်။ သူက သူတို့နှင့် လုံးဝ ချိတ်ဆက်မှု ပြတ်တောက်သွားသည်။ ကြယ်တာရာ ဝိညာဥ်များ အနေဖြင့် သူတို့က အစဥ်အမြဲ ချိတ်ဆက်နေသည့် ဖြစ်တည်မှုများ ဖြစ်သည်။ ခန္ဓာကိုယ် ပြင်ပသို့ ထွတ်ခွာနေချိန်များတွင်ပင် ချိတ်ဆက်မှု ပြတ်တောက်ခဲ့ခြင်း မရှိခဲ့ချေ။
ထိုအခိုက်၌ ဧဒင်၊ ခရာတိုနှင့် အိုရီတို့၏ ခံစားမှုက ကမ်းမမြင် လမ်းမမြင် ပင်လယ်ထဲတွင် အဖြေနှင့် အကိုကို ပျောက်ဆုံးသွားသလိုပင် ဖြစ်သည်။
“ဒါပေမဲ့ ငါ သူ့ကို ယုံတယ်... တကယ်လို့ လောကမှာ ဒီကပ်ဘေးကို ကျော်လွှားနိုင်တဲ့ လူတစ်ယောက် ရှိမယ် ဆိုရင် အဲဒီ တစ်ယောက်က သူပဲ...”
သန့်စင်ခြင်း မြူနှင်းက ဝိညာဥ် အပေါ်ယံ အလွှာ၏ ခုနစ်ဆယ် ရာခိုင်နှုန်းခန့်ကို တိုက်စားသွားခဲ့ပြီး ဖြစ်သည့်တိုင် ဧဒင်မှာ ယုံကြည်ချက် အပြည့်ရှိနေသေးဆဲ ဖြစ်သည်။ သူ၏ ယုံကြည်ချက်က ခရာတိုနှင့် အိုရီတို့ကိုပါ ကူးစက် သွား၏။ အထူးသဖြင့် အိုရီပင်။ မူလ ဝိညာဥ် ဘဝ ကတည်းက ဝေ့ဝူယင်နှင့် အတူ ရှိခဲ့သည့် အသက် အကြီးဆုံး ကြယ်တာရာ ဝိညာဥ် အနေဖြင့် ဝေ့ဝူယင် အပေါ် သူ၏ ယုံကြည်မှုက အားလုံးထဲတွင် အပြင်းထန်ဆုံး ဖြစ်သည်။
...
ထူးဆန်းသော ကမ္ဘာအတွင်း၌ ဝေ့ဝူယင်မှာ ကပ်ဘေးအား မည်ကဲ့သို့ ကျော်လွှားရမည်ကို တွေးတောနေတုန်းပင် ဖြစ်သည်။ ပြောရလျှင် စမ်းသပ်မှု အချို့ကိုပင် သူ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ပထမဆုံး သူ ကျင့်ကြံရန် ကြိုးစားခဲ့သည်။ သို့သော်လည်း သူ၏ ကျင့်ကြံခြင်း အခြေခံက ရပ်တန့် နေခဲ့သည်။ ထို့အပြင်... သူ အခန်း အတွင်းမှ လွတ်မြောက်အောင် ကြိုးစားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း မည်မျှပင် ကြိုးစားစေကာမူ ထူးဆန်းသော နေရာချမှုနှင့် ကြုံတွေ့နေရသည်။ သူ အကြိမ်ကြိမ် နေရာ ရွှေ့ပြောင်းခဲ့သေးသော်လည်း အခန်းအတွင်းရှိ တစ်နေရာရာတွင်သာ ပြန်လည် ပေါ်လာခဲ့သည်။ ကြည့်ရသည်က ဤအခန်းမှာ ထူးဆန်းသော ကမ္ဘာ၏ အဆုံးသတ် ဖြစ်ဟန် တူသည်။
ဝေ့ဝူယင် လုံချန်ကို ပုံဖော်ဖို့ ကြိုးစားခဲ့သေးသော်လည်း ထိုအရာက အလုပ်မဖြစ်ခဲ့ချေ။ ဆိုလိုသည်က လုံချန်မှာ သူ၏ ထုတ်လုပ်နိုင်စွမ်း ပြင်ပတွင် ရှိနေခဲ့ပုံ ပေါ်ပြီး နောင်တရမှု၏ အဓိကအချက် ဖြစ်နေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
“ငါ့အတွေးတွေက ဘာတွေ လွဲနေတာလဲ... တကယ်လို့ ကပ်ဘေးကို ဖြတ်ကျော်နိုင်တဲ့ နည်းလမ်း တစ်ခု ရှိမယ် ဆိုရင် အဲဒါက ဒီကမ္ဘာမှာပဲ ရှိနေမှာ သေချာတယ်... လုံချန် ရောက်လာမယ် ဆိုတာက ကြိုတင် သတ်မှတ်ပြီးသားပဲ... ငါ့ကိုငါ မပြောင်းလဲနိုင်ပဲ သူ ရောက်လာတာကို တားဆီးနိုင်မှာ မဟုတ်ဘူး... ဒီတော့ သူ ရောက်လာတာကိုက ငါ့ရဲ့ အကြွင်းမဲ့ ရှုံးနိမ့်မှုပဲ... ဒီယူဆချက်က ခိုင်မာတယ်... ငါ အဲဒါကို အဓိက အချက် အနေနဲ့ စဥ်းစားရမယ်”
“ငါလုံချန်ကို ဘယ်လိုမှ မနိုင်နိုင်သလို လွတ်လည်း မလွတ်မြောက်နိုင်ဘူး... ငါ့အနနဲ့ ဒီအချက် နှစ်ချက်ကို ဘယ်လိုမှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး... နောင်တ... နောင်တ... နောင်တ... ရန်သူက ငါ့ကို သတ်သွားတဲ့ ရလဒ် အပေါ် နောင်တမရဖို့ ငါ ဘာလုပ်ရမလဲ”
ရက်သတ္တပတ်ပေါင်း များစွာ ဆက်လက် တွေးတောနေခဲ့ပြီး နောက်ဆုံး၌ သူ့ မျက်လုံးများက ငွေရောင် အလင်းတန်းများဖြင့် တောက်ပလာသည်။
“ငါလုပ်နိုင်တာ ဘာမရှိဘူး...”
ထိုအရာက သူ၏ နောက်ဆုံး ကောက်နှုတ်ချက်ပင် ဖြစ်သည်။ ဝေ့ဝူယင် သေရမှာ မကြောက်ချေ။ သို့သော်လည်း ထိုအရာက သေသင့်သေထိုက်သည့် သေဆုံးခြင်းကိုသာ ဆိုလိုခြင်း ဖြစ်သည်။ ပြီးပြည့်စုံသော ဘဝ တစ်ခု၌ နေထိုင်ပြီးနောက် ကျင့်ကြံခြင်း လမ်းစဥ် ရပ်တန့်ကာ သက်တမ်း ကုန်ဆုံးသွားသည်ဖြစ်စေ၊ အင်အားကြီးသော ရန်သူ၏ လက်၌ဖြစ်စေ အသတ်ခံရ၍ ဖြစ်စေ... ထိုကဲ့သို့သော သေခြင်းတရားမျိုးကို သူ နောင်တ ရမည်မဟုတ်ပေ။
သို့သော်လည်း လုံချန်၏ လက်တွင် သေဆုံးရခြင်းကတော့ သူ၏ ကိုယ်ပိုင် ပေါ့ဆမှုကြောင့် ဖြစ်သည်။ ဝီရိယ အားနည်းခြင်းကြောင့် ဖြစ်သည်။ သို့ဖြစ်လေရာ သူ နောင်တကို ဘယ်လိုနည်းနှင့်မှ ရှောင်လွှဲနိုင်လိမ့်မည် မဟုတ်ချေ။
အတွေးများကို အဆုံးသတ်လိုက်ပြီးနောက် ဝေ့ဝူယင် တုန့်ဆိုင်းခြင်း မရှိပဲ ဓားကို ဘက်ပြန်ကိုင်ကာ ခုတ်လိုက်၏။ ဆေဘာ၏ အသွားက တိကျသေချာစွာပင် ပစ်မှတ်ကို တိခနဲ ပိုင်းဖြတ်သွားသည်။
စက္ကန့်ပိုင်း အတွင်းမှာပင် လေနုအေး တစ်ခုနှင့် အတူ တစ်စုံတစ်ရာမှာ ခုတင်ထက်သို့ ပြုတ်ကျသွားခဲ့၏။ ထိုအရာကား ဝေ့ဝူယင်၏ ဦးခေါင်းပင် ဖြစ်လေတော့သည်။
ဆယ်စုနှစ် အနည်းငယ် ကြာပြီးနောက် လုံချန်မှာ အခန်းတံခါးကို ချိုးဖျက်ကာ ဝင်ရောက် လာခဲ့၏။ သို့သော်လည်း သူ့ကို ဆီးကြိုနေသည့် အရာကား ဝေ့ဝူယင်၏ ခေါင်းမဲ့ ခန္ဓာ အပါအဝင် မရေမတွက်နိုင်သည့် အလောင်းများပင် ဖြစ်သည်။
“ ... “
လုံချန်မှာ တစ်ခဏမျှ အေးခဲသွား၏။ သူ၏ အနက်ရောင် မျက်လုံးများက မာကြော အေးစက်သွားကာ မဖော်ပြနိုင်သည့် ခံစားချက်များနှင့် ပြည့်နှက်သွားသည်။
“မဟုတ်ဘူး... မဟုတ်ဘူး... အစက ပြန်စ...”
သူက မျက်နှာကျက်ကို မော့ကြည့်ရင်း ဒေါသတကြီး အော်ဟစ်လိုက်၏။ သို့သော်လည်း ယခုတစ်ကြိမ်တွင်တော့ သံသရာက တစ်ပတ်လည်ခြင်း မရှိတော့ချေ။ အေးစက်သော အမှောင်ထုမှာ ဖြည်းညင်းစွာပင် နံရံများ၊ ခုတင်များမှ ဖောက်ဝင်လာကာ ဖြည်းညင်းစွာပင် ဝါးမျိုလာ၏။
"မဟုတ်ဘူး... ဒါက ငါ့ရဲ့ ကောင်းကင်ဘုံလေ... မင်းတို့ ယူသွားလို့ မရဘူး”
လုံချန်၏ ပုံရိပ်မှာ ပိုမို၍ ရိုင်းစိုင်းလာကာ ဝေ့ဝူယင်၏ အလောင်းထံသို့ ပြေးသွား၍ ဓားနှင့် ခုတ်ထစ်လိုက်၏။ သူက ဝေ့ဝူယင်၏ ခေါင်းကိုပင် ထက်ပိုင်းပိုင်း ပစ်လိုက်သည်။ သူ၏ မျက်လုံးများက အဆုံးမဲ့ ရူးသွပ်မှုများဖြင့် ပိုမို၍ ကြမ်းကြုတ်လာခဲ့စဥ်မှာပင် အမှောင်ထုမှာ အခန်းတစ်ခုလုံးကို ဝါးမြို သွားခဲ့တော့၏။
“မဟုတ်ဘူး...”
စိတ်ပျက်လက်ပျက် စူးစူးဝါးဝါး အော်ဟစ်သံ တစ်ခု ပြီးနောက်တွင် လောကတစ်ခုလုံးမှာ အမှောင်ကျ သွားခဲ့တော့သည်။
...
“သူ ပြီးသွားပြီ...”
တိုက်တန်ကဲ့သို့ ပုံရိပ်ကြီးက ပထမဆုံး အကြိမ် အဖြစ် စကားပြောလိုက်၏။ ၎င်း၏ အသံက သိပ်ကျယ်လောင်ခြင်း မရှိသည့်တိုင် နားထောင်သူ၏ စိတ်ဝိညာဥ်ကို အနက်ရှိုင်းဆုံးထိ ပဲ့တင်ရိုက်နိုင်ကာ စကားလုံး တစ်လုံးချင်းစီတိုင်းကို ဂရုတစိုက် နားထောင်ရန် အတင်းအကြပ် စေခိုင်းနိုင်စွမ်း ရှိသည်။
အတောင်ပံပါ ပုံရိပ် နှစ်ခုမှာ ဝေ့ဝူယင်ကို ကြည့်ကာ အနည်းငယ် တုန်ရီနေကြ၏။ သူ့ခန္ဓာကိုယ်ကို စပါးကြီးမြွေ တစ်ကောင်ကို ပတ်ကာ အဘက်ဘက်မှ ဆူနာမီလှိုင်းများလို တိုက်စားရန် ကြိုးပမ်းနေသည့် သန့်စင်ခြင်း မြူနှင်းများမှာ ဖြည်းညင်းစွာပင် လွင့်ပါး သွားခဲ့ပြီ ဖြစ်လေသည်။ ဆိုလိုသည်က ဝေ့ဝူယင်၏ ဝိညာဥ် အပေါ်ယံခွံ အလွှာမှာ ဘေးကင်းသွားခဲ့ပြီ ဖြစ်သည်။
“သူ့ကို ပြန်ပို့လိုက်တော့...”
ပထမ ကပ်ဘေးအား အောင်မြင်ခဲ့စဥ်တုန်းကလိုပင် ဧရာမ ပုံရိပ်ကြီးထံမှ အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ သူ၏ အသံက ပုံမှန်လိုပင် ဖြစ်ကာ အဆုံးမဲ့ နောင်တ ကပ်ဘေးအား ဝေ့ဝူယင် အောင်မြင်ခဲ့သည့် အပေါ် နည်းနည်းလေးမှ အံ့အားသင့်ဟန် မရပါချေ။
ထို့နောက် တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာကာ ပုံရိပ်ကြီးမှာ ထိုနေရာမှ လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့တော့၏။
***