ပြောင်းလဲသွားသော ပုံရိပ်
Vol. 40 Ch. 559
အတောင်ပံပါ ပုံရိပ်နှစ်ခုကတော့ ဘေးချင်းယှဥ်ရပ်နေခဲ့ကာ အတွေးများ၏ တိုက်စားမှုအတွင်း နစ်မြုပ် နေခဲ့သည်။ သူတို့ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြကာ တစ်ယောက် မျက်လုံးထဲမှ ခံစားချက်ကို တစ်ယောက် မြင်လိုက်ကြရ၏။
“ငါ...”
ငွေရောင် အတောင် ပိုင်ရှင်မှာ တစ်စုံတစ်ရာ ပြောချင်နေသော်လည်း ဘာပြောရမှန်း မသိ ဖြစ်နေခဲ့ပုံ ပေါ်သည်။
“သူက ငရဲရဲ့ ချွတ်ယွင်းချက်ကို ရှာတွေ့သွားတယ် ဆိုတာ ငါ မယုံနိုင်ဘူး... နောင်တ နှလုံးသား နယ်ပယ်ရဲ့ အသိတရားကို ရယူပြီး အဲဒီ တစ်ခုလုံးကို ဖြတ်တောက်ပစ်ဖို့...”
သွေးရောင် အတောင်ပံ ပိုင်ရှင်မှာလည်း အလွန် အံ့သြနေဟန် ရ၏။ အဆုံးမဲ့ နောင်တက ကပ်ဘေးမှာ ပုံမှန် အားဖြင့် ဆိုလျှင် နှစ်ပေါင်း တစ်သိန်း ရှစ်ထောင် ကြာမြင့်လေ့ ရှိသည်။ ထိုအတောအတွင်း ကျဆုံးသွားပါက အလုံးစုံ သန့်စင်ခြင်းကို ခံရကာ ဝိညာဥ်မြစ်ထံ ပို့လွှတ်ခြင်း ခံရသည်။
သို့သော်လည် ဝေ့ဝူယင်ကတော့ နောင်တ နှလုံးသား နယ်ပယ်နှင့် ဆက်သွယ်မှုကို ဖြတ်တောက်ကာ ကပ်ဘေးကို ကျော်လွှားခဲ့သည်။
အမှန်အတိုင်း ဝန်ခံရပါက သူတို့၏ အဆင့်အတန်းဖြင့်ပင် အဆုံးမဲ့ နောင်တ ကပ်ဘေး၏ နိဂုံးကို ထိုကဲ့သို့ စွန့်စားခန်း ဆန်သည့် ပုံစံမျိုးဖြင့် အဆုံးသတ်ရန် သူတို့ တစ်ခါမှ မတွေးမိခဲ့ကြဖူးချေ။ ၎င်းက ပုံမှန် လောက နိယာမများ၏ အပြင်ဘက်တွင် ရှိနေသည်။
ဘယ်လိုပဲ ဖြစ်ဖြစ် အသက် ငါးဆယ်ပင် မပြည့်သေးသည့် အပြစ်သား လူငယ်လေးမှာ အဆုံးမဲ့ နောင်တ ငရဲကို တစ်ခါမှ မရှိဖူးသည့် နည်းလမ်းအား သုံးကာ ကျော်ဖြတ်သွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူ၏ အမြန်နှုန်းကလည်း သမိုင်းတစ်လျှောက် နံပတ်တစ် ဖြစ်သည်။ ထိုကဲ့သို့သော စွမ်းရည်က သူတို့ထက်ပင် ကျော်လွန်နေပေသည်။
“လုပ်လိုက်ကြတာပေါ့...”
ငွေရောင် အတောင်ပံ ပိုင်ရှင်မှာ နောက်ဆုံး၌ စကားလုံးများကို ပြန်ရှာတွေ့သွားပုံ ပေါ်၏။ သို့သော်လည်း သူ၏ လေသံက ခံစားချက်တို့ ကင်းမဲ့ကာ ပြတ်သားနေသည်။ ထိုဖြစ်တည်မှု အပေါ်တွင် သူ မည်သည့် မှတ်ချက်မှ ထပ်ပေးလိုတော့ပုံ မရချေ။
“ ... “
သို့သော်လည်း သွေးရောင် အတောင်ပံ ပိုင်ရှင်ကတော့ မိတ်ဆွေဖြစ်သူ ဘာတွေးနေသည်ကို ပြီးပြည့်စုံစွာပင် နားလည်ပေ၏။ သူက ရွှင်မြူးသော အသံဖြင့် ပြောလိုက်၏။
“မီးနဲ့ဓား ကပ်ဘေးကို သူ ဘယ်လို ရင်ဆိုင်မလဲ ဆိုတာ မင်း သိချင်နေတာမလား... မင်းရဲ့ မျက်လုံးထဲက အလင်းတန်းတွေကို ငါ မြင်နေရတယ်”
“ ... “
ငွေရောင် အတောင်ပံ ပိုင်ရှင်က စကားမပြောချေ။ သို့သော်လည်း သူ၏ အတောင်ပံများကတော့ အနည်းငယ် လှုပ်ခါသွား၏။ ဝေ့ဝူယင်ကို နောက်ဆုံးတစ်ကြိမ် လှမ်းကြည့်ကာ သက်ပြင်း တစ်ချက် ချလိုက်ပြီးနောက် သူက ဖြည်းညင်းစွာပင် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်လေ၏။
သွေးရောင် အတောင်ပံ ပိုင်ရှင်က အနည်းငယ် ရယ်မောလိုက်ရင်း သူ့လက်ကိုပါ ဆန့်ထုတ်လိုက်သည်။ သူတို့၏ လက်များမှာ ထိတွေ့သွားကာ အနက်ရောင်နှင့် အဖြူရောင် အလင်းများ ရောနှော တောက်ပလာလေ၏။
နောင်တ နှလုံးသား နယ်ပယ်မှ လွတ်မြောက်လာခဲ့ပြီး ဖြစ်သည့်တိုင် ဝေ့ဝူယင်၏ အသိစိတ် ပင်လယ်မှာ အနည်းငယ် ဝေဝါးနေဆဲ ဖြစ်သည်။ ကြယ်တာရာ ဝိညာဥ်များထံမှ ခံစားချက် ပြင်းထန်သည့် စကား ဖလှယ်သံများကိုတော့ သူ ကြားရ၏။ တစ်ချိန်တည်း၌ သူ၏ ဝိညာဥ် အပေါ်ယံ အလွှာမှာ ကြောက်မက်ဖွယ် ကောင်းသော အမြန်နှုန်းဖြင့် ပြန်လည် ကောင်းမွန်နေကြောင်း သူ ခံစားရပေသည်။ တဒင်္ဂမျှ အချိန် အတွင်းမှာပင် မည်သည့် ချွတ်ယွင်းချက်မှ မရှိပဲ အသိစိတ်ကို သူ အပြည့်အဝ ပြန်လည် ရရှိလာခဲ့၏။
ဝေ့ဝူယင် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်၏။ နေကြယ် သုံးစင်းမှာ ကောင်းကင်၌ လင်းလက်နေကာ နွေထွေးသော ရောင်စဥ်တန်းများက သူ့အပေါ် ဖြာကျနေသည်။ သူ့အောက်ရှိ မြေပြင် တစ်ခုလုံးကတော့ မီးခိုးရောင် သဲသောင်များနှင့် ပြည့်နှက်နေ၏။ အစွန်းလေးဖက် ကုန်းမြေ တိုက်ကြီး ပေါ်ရှိ ပျက်သုဥ်းခြင်း နယ်မြေရှိရာဆီသို့ သူ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သူ ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သလား၊ သို့မဟုတ် ဆက်လက် တည်ရှိနေခဲ့သလား မသိသော်လည်း အချိန် မည်မျှ ကုန်သွားကြောင်း တိုင်းတာရမည့် နည်းလမ်းကိုတော့ သူ သိပေသည်။ ဝေ့ဝူယင် အမှန်တရား မျက်လုံးများကို အသက်သွင်းလိုက်ကာ ကြယ်တာရာ နယ်မြေဆီ ကပ်ဘေး ရောက်ရှိလာမည့် အချိန်ကို ကြည့်ရှု လိုက်၏။
ဆယ့်တစ်ရက်...
၎င်းက ကပ်ဘေး မစတင်ခင် အချိန်အတိုင်း အတိအကျပင် ဖြစ်လေသည်။
“အချိန် ကုန်မသွားဘူး”
ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။ အချိန် တစ်ခဏ ကြာပြီးနောက် စကားလုံး တစ်လုံးက သူ့စိတ်အတွင်း အလိုအလျောက် ပေါ်လာခဲ့သည်။
“ငါလုပ်နိုင်ခဲ့တယ်...”
“ဟုတ်တယ်... ငါလုပ်နိုင်ခဲ့တယ်...”
ဝေ့ဝူယင် ထိုစကားလုံးကို နောက်ထပ် တစ်ကြိမ် ထပ်မံ ရေရွတ်လိုက်၏။
“ငါတို့ လုပ်နိုင်ခဲ့တယ်... ဟားဟား...”
သူ ပျော်ရွှင်စွာဖြင့် အူလှိုက်သည်းလှိုက် အော်ဟစ် ရယ်မောလိုက်မိ၏။ သေမျိုး တစ်ယောက် အနေဖြင့်ပင် သူ အဆုံးမဲ့ နောင်တ ကပ်ဘေးမှ လွတ်မြောက်ခဲ့ပြီ ဖြစ်သည်။ သူတော်စင် အဆင့်များပင် မကြာခဏ ကျဆုံးလေ့ ရှိသည့် ကပ်ဘေးကို သူ အောင်မြင်ခဲ့ပြီ ဖြစ်သည်။
ထို့အပြင် ပထမ ကပ်ဘေးနှင့် မတူညီသည်က ဒုတိယ ကပ်ဘေးကို သူ ကိုင်ပိုင် ဉာဏ်ရည်ဉာဏ်သွေးဖြင့် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ ကိုယ်ပိုင် အရည်အချင်းဖြင့် ဖြတ်ကျော်ခဲ့ခြင်း ဖြစ်သည်။ ကိုယ်ပိုင် စဥ်းစားဉာဏ်ဖြင့် အနိုင်ယူခဲ့ခြင်း ဖြစ်သည်။
“ငါလုပ်နိုင်ခဲ့ပြီ... ငါ လုပ်နိုင်ခဲ့ပြီ...”
ဝေ့ဝူယင် အော်ဟစ်လိုက်ရင်း ဒူးနှစ်ဖက်ကို မီးခိုးရောင် သဲသောင်ပြင်ပေါ်သို့ ထောက်ကာ ထိုင်ချလိုက်သည်။ ထိုအခိုက်၌ ပျော်ရွှင်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ မယုံကြည်နိုင်ခြင်း... စသည့် ခံစားချက် ပေါင်းစုံက ရောထွေးကာ သူ့နှလုံးသား အတွင်း နိုးထနေသည်။ သူ့ ငွေရောင် မျက်ဝန်းများမှာ စိုစွတ်လာကာ မျက်ရည်များပင် စီးကျလာခဲ့၏။ သို့သော်လည်း သူ အူလှိုက်သည်းလှိုက် ဆက်လက် အော်ဟစ် ရယ်မောနေဆဲ ဖြစ်သည်။
"ငါတို့က လွတ်မြောက်ခဲ့ရုံတင် မကဘူး... အောင်မြင်မှုကိုပါ ယူနိုင်ခဲ့တာ”
ဧဒင်က ပျော်ရွှင်စွာဖြင့် အော်ဟစ်လိုက်၏။ ဝေ့ဝူယင်မှာ ဒုတိယ ကပ်ဘေးမှ အသက်ရှင်လျှက် လွတ်မြောက်ခဲ့ခြင်းသာ မကချေ။ ၎င်းအား မည်ကဲ့သို့ ဖြတ်ကျော်ရမည် ဆိုသည့် ကယ်ပေါက်ကိုပါ ရှာဖွေ တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။
ဝေ့ဝူယင်မှာ မျက်ရည်များ ထွက်သည် အထိ ဆက်လက် ရယ်မောနေခဲ့မိ၏။ တစ်နာရီခန့် ကြာပြီးနောက်မှ သူတို့မှာ ခံစားချက်များ အနည်းငယ် သက်သာလာသလို ခံစားလိုက်ရသည်။
ဝေ့ဝူယင် တည်ငြိမ်သော အပြုံးနှင့် အင်္ကျီ လက်အိုးကို မတင်ကာ ညာဘက်လက်မောင်းကို ကြည့်လိုက်၏။ ကပ်ဘေး တစ်ခုကို အောင်မြင်တိုင်း ကမ္မကံကောင်းမှု များစွာကို ထပ်ပေါင်း ထည့်ပေးနိုင်လိမ့်မည် ဖြစ်သည်။ ဒုတိယမြောက် ကပ်ဘေးအား အောင်မြင်ပြီးနောက်တွင် မည်မျှ ရရှိနိုင်မည်ကို သူ စိတ်ဝင်စား နေမိသည်။
ပထမ ကပ်ဘေးကို အောင်မြင်ပြီးနောက်တွင် သူ ကမ္မ တန်ဖိုး ၄၉၀.၁ မှတ်ကို လက်ခံ ရရှိခဲ့သည်။ ယွမ်လုံရှီနှင့် မတွေ့ခင် အချိန်အထိ ၎င်းက သူ လက်ခံ ရရှိဖူးသမျှ ကမ္မတန်ဖိုးများ အနက် အများဆုံး ဖြစ်သည်။
ပထမ ကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇
ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း... ၁/၁
တတိယ ကပ်ဘေး တားဆီးခြင်း... ၄၉ နှစ်
ဝေ့ဝူယင်၏ မျက်လုံးများက ဒုတိယမြောက် ကပ်ဘေး အေင်မြင်ခြင်း ဆိုသည့် စာကြောင်းကို နှစ်ခါပြန် ကြည့်လိုက်မိ၏။ ၎င်းက “လွတ်မြောက်ခြင်း” ဟူသော စကားလုံး အစား “အောင်မြင်ခြင်း” ဆိုသည့် စကားလုံးကို အစားထိုး သုံးထားပေသည်။ ၎င်း၏ နက်ရှိုင်းသော အဓိပ္ပာယ်ကို သူ မသိသည့်တိုင် စကားလုံးများအား ရွှေရောင် အလင်း ဖျော့ဖျော့က ဝန်းရံနေသည်ကိုတော့ သူ မြင်နိုင်ပေသည်။ ၇/၇ နှင့် ၁/၁ တို့၏ အဓိပ္ပာယ်က ငရဲ၏ ကပ်ဘေးတွင် အသက်ရှင် လွတ်မြောက်နိုင်ခဲ့သည့် အရေအတွက်ကို ရည်ညွှန်းခြင်း ဖြစ်ပေလိမ့်မည်။
တစ်ခဏကြာပြီးနောက် ဝေ့ဝူယင် မျက်လုံးများကို ကမ္မတန်ဖိုးအား ပြသသည့် အပြစ်သား တက်တူး၏ အခြား တစ်နေရာသို့ ပို့လွှတ်လိုက်၏။ ကိန်းဂဏန်း အရေအတွက်ကို တွေ့မြင်လိုက်ရသော အခိုက်၌ သူ့နှလုံးသားမှာ ခုန်ရန်ပင် ရပ်တန့်သွားလေတော့သည်။
ကမ္မတန်ဖိုး... ၁၆၆၆၇. ၀
“ ... “
ဝေ့ဝူယင်မှာ ညာဘက်လက်မောင်းကို တစ်မိနစ်မျှ ကြာအောင် ငေးကြောင်ကာ ကြည့်နေခဲ့မိ၏။ သူ၏ ငွေရောင် မျက်လုံးများက အေးခဲနေကာ အသက်ရှူခြင်း ပင်လျှင် ရပ်တန့်နေခဲ့သည်။
စိတ်ပိုင်းဆိုင်ရာ တွက်ချက်မှု အချို့ ပြုလုပ်ပြီးနောက်တွင် ကမ္မတန်ဖိုးမှာ ၁၅၀၀၀ ကျော် အတိအကျ ဆိုရလျှင် ၁၅၆၉၉.၄ အထိ တိုးတက်လာကြောင်း သူ ရှာဖွေ တွေ့ရှိလိုက်ရသည်။ ပထမ ကပ်ဘေးအား ဖြတ်ကျော်နိုင်ခဲ့သည့် အချိန်တုန်းက သူ ၄၉၀.၁ သာ ရရှိခဲ့သော်လည်း ဒုတိယ ကပ်ဘေးကမူ သူ့အား တစ်သောင်းခွဲကျော် အထိ ပေးအပ်ခဲ့ပေသည်။
ထိုအရာက ဒုတိယ ကပ်ဘေး ဖြတ်ကျော်နိုင်ခြင်း ဆုလာဒ် အတွက် ပျမ်းမျှလား သို့မဟုတ် မြင့်မားလွန်းနေသလား သူ မသိချေ။ သို့သော်လည်း ထိုအရာက ပုံမှန်မဟုတ်ဟု သူ ခံစားရသည်။
ဘယ်လိုပဲ ဖြစ်ဖြစ်... ကမ္မတန်ဖိုး မြင့်မားလေလေ ကောင်းကင်တာအို၏ မျက်နှာသာပေးမှုကို ပိုမို၍ ရရှိလေလေ ဖြစ်သည်။ အကယ်၍ သင့်တွင် လုံလောက်သည့် ကမ္မတန်ဖိုးများ ရှိသည် ဆိုလျှင် ကောင်းကင်တာအိုက အချိန်နှင့် ဟင်းလင်းပြင်ကို ကျော်ဖြတ်ကာ ဒုတိယမြောက် အခွင့်အရေးကိုပင် မေးလိမ့်မည် ဖြစ်သည်။ လက်ရှိ ဝေ့ဝူယင် လုပ်ရမည့် တစ်ခုတည်းသော အလုပ်က ထိုကမ္မတန်ဖိုးများ မည်ကဲ့သို့ အကျိုးရှိရှိ ကုန်ဆုံးမည်ကို စောင့်ကြည့်ရန်သာ ဖြစ်ပေလိမ့်မည်။
ဝေ့ဝူယင် တည်ငြိမ်စွာပင် ပြုံးလိုက်မိ၏။ မည်သည့် မသေချာ၊ မရေရာမှုများ ရှိစေကာမူ ထိုရရှိမှု အပေါ် သူ အလွန်အမင်း ကျေနပ်မိပေသည်။ ထိုအခိုက်တွင် ရင်းနှီးနေသည့် အသံတစ်ခုက သူ့စိတ်အတွင်း ပဲ့တင်ထပ်လာကာ လက်မောင်းဆီမှ စူးရှရှ နာကျင်မှု တစ်ခုကို သူ ခံစားလိုက်ရလေသည်။
ကမ္မတန်ဖိုး... ၁၆၆၆၇.၀ → ၁၅၃၄၈.၂
ပထမ ကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇
ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း... ၁/၁
တတိယ ကပ်ဘေး တားဆီးခြင်း... ၄၉ နှစ်
“တစ်ထောင်ကျော်တောင်...”
ဒုတိယ ကပ်ဘေး ပြီးပြီးချင်း ထိုမျှ ကမ္မတန်ဖိုး များများစားစား ကုန်ဆုံးသွားလိမ့်မည် ဟု မျှော်လင့် မထားခဲ့သည့်တိုင် ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ မျှော်လင့်ချက် အလင်းတန်းများဖြင့် တောက်ပသွား၏။
ကောင်းကင်တာအိုက ကြယ်တာရာ နယ်မြေဆီ လာနေသည့် ကပ်ဘေးကို တားဆီးဖို့ အတွက် သူ့ ကမ္မတန်ဖိုးများကို အသုံးချလိုက်ခြင်းလော။ ဝေ့ဝူယင် မျှော်လင့်ချက်ဖြင့် အမှန်တရား မျက်လုံးကို ထုတ်ဖော်ကာ ကြယ်တာရာနယ်မြေ၏ ရလဒ်ကို ကြည့်လိုက်သည်။ နိမိတ်ပုံရိပ်က ယခင် ပြောင်းလဲခြင်း မရှိချေ။ ပျက်စီးခြင်းက လာနေတုန်း ဖြစ်သည်။
လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်ရင်း စိတ်ထဲတွင် တုန့်ဆိုင်းသွားသလို ဝေ့ဝူယင် ခံစားလိုက်ရ၏။ ကောင်းကင်တာအိုက သူ့တည်ရှိမှုကို သတိထားမိနေခြင်းလော။ ထိုအခွင့်အရေးကို ယူ၍ သူ့အား သတ်ဖြတ်ရန် ကြိုးစားနေခြင်းလော။ ဝေ့ဝူယင် လက်ရှိ အပြစ်သား တက်တူးကို တစ်ဖန် ပြန်လည် စစ်ဆေးကာ ထိုအရာက မဖြစ်နိုင်ဟု ခံစားလိုက်ရသည်။ ကောင်းကင်တာအိုမှာ ၎င်းကို တွေ့မြင်နိုင်စွမ်း မရှိချေ။ ထို့အပြင် အမွေခံ အပြစ်သား တစ်ဦး၏ အဆင့်အတန်းကို ထုတ်ဖော်ပြသနိုင်သည့် မည်သည့် အရာကိုမှ သူ မလုပ်ခဲ့ချေ။
သို့ဖြစ်လေရာ ဖြစ်နိုင်ချေမှာ တစ်ခုသာ ရှိပေတော့သည်။ ကောင်းကင်တာအိုမှာ သေချာသည့် အဖြစ်အပျက် တစ်ခုခုကို ပြောင်းလဲရန် လွှမ်းမိုး လုပ်ဆောင်နေခြင်း ဖြစ်သည်။ ထိုအရာက အဘယ်နည်း။ သူ မသိချေ။ သို့သော်လည်း ထိုအရာက သူ့အတွက် အကျိုးအမြတ် ဖြစ်ထွန်းစေမှာတော့ သေချာပေသည်။
စောစောက သူ့စိတ်အတွင်း ပေါ်လာသည့် ထူးဆန်းသော ခံစားမှုက ရွေးချယ်ခံ တစ်ယောက် ဖြစ်လာစေရန် လင်းမင် ကောင်းကင်တာအို၏ အကူအညီကို လက်ခံ ရယူခဲ့ရသည့် အချိန်၊ လောကီ ပြန်လည် မွေးဖွားသူ ပထမဆုံး ထွက်ပေါ်လာခဲ့သည့် အချိန်တို့ကနှင့် ခံစားချက်ခြင်း တူညီနေပေသည်။ သို့သော်လည်း ထိုခံစားချက်က တဒင်္ဂမျှသာ ဖြစ်ပြီး ချက်ချင်းဆိုသလိုပင် ပြန်လည် ပျောက်ကွယ် သွားခဲ့သည်။
ဝေ့ဝူယင် အပြစ်သား တက်တူးကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်၏။
“အဲဒီခံစားချက်က ငါနဲ့ တိုက်ရိုက် သင်ဆိုင်နေလို့ ချက်ချင်း ပျောက်ကွယ်သွားတာလား... ဒါမှမဟုတ် ငါ့ရဲ့ လက်အောက်ငယ်သားတွေ ငါနဲ့ ကံကြမ္မာချင်း ဆက်စပ်နေတဲ့လူတွေ အတွက်လား”
လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ကြိုးကြာဖြူ ပိုင်လင် သူ့ကမ္မတန်ဖိုးများထဲမှ တစ်စိတ်တစ်ပိုင်းကို လက်ခံ ရရှိခဲ့ကာ ရွှေရောင်ဖီးနစ် သစ်သီးကို စားသုံးခဲ့ရသည်။ အကျိုးဆက် အနေဖြင့် သူ၏ ဖီးနစ် သွေးမျိုးဆက်က နိုးထလာခဲ့ကာ ကြယ်အဆင့်သားရဲ အသွင်ပြောင်းခြင်း အဆင့် အထိ တက်လှမ်းနိုင်ခဲ့သည်။ ထို့နည်းတူစွာပင် တရှန်းမှာလည်း ဝမ်ယုထျန်း ပေးအပ်သည့် ကျင့်ကြံခြင်း အခွင့်အလမ်းကို ဆုပ်ကိုင်နိုင်ခဲ့သည်။ သူမက သုံးနှစ် အတွင်းမှာပင် ကျင့်ကြံခြင်း အဆင့် နှစ်ဆင့်ထိ ကျော်ဖြတ် နိုင်ခဲ့သည်။
"..."
အတန်ကြာ တိတ်ဆိတ်ပြီးသည့်နောက်၌ ဝေ့ဝူယင်က ထူးဆန်းသော မီးဆိုင်းထဲရှိ ဝမ်ယုထျန်း၏ အသိစိတ်နှင့် ဆက်သွယ်လိုက်၏။
“ကျုပ် ခင်ဗျားကို မေးစရာ ရှိလို့”
***