လျှို့ဝှက် ရည်ရွယ်ချက်
Vol. 40 Ch. 560
ဝမ်ယုထျန်းမှာ တစ်ချိန်လုံး တိတ်ဆိတ် ငြိမ်သက်စွာပင် စောင့်ကြည့်နေခဲ့ကာ ဝေ့ဝူယင် လုံချန်အား သတ်လိုက်ပုံ၊ ခန္ဓာကိုယ်အား ဖောက်ခွဲကာ ဥပဒေသမျိုးစေ့အား ထုတ်ယူခဲ့ပုံတို့ကို မြင်တွေ့ခဲ့ရ၏။ ထို့နောက် သူက ရုတ်တရက် တအော်ကာ မျက်ရည်များနှင့် ရယ်မောပြန်သည်။ သူ့အား ကြည့်ရသည်က အလွန် ပျော်ရွှင်နေဟန် ရလေ၏။
လုံချန်အား သတ်ဖြတ်နိုင်ခဲ့သည့် အပေါ် ဝေ့ဝူယင် အဘယ်ကြောင့် စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင်နေကြောင်း သူ နားမလည်နိုင်ချေ။ ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို သယ်ဆောင်ကာ လူသန်းထောင်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သည့် အချိန်တွင်ပင် သူ၏ အမူအရာမှာ ထိုမျှလောက် စိတ်လှုပ်ရှားခဲ့ခြင်း မရှိချေ။ ထိုလူငယ်က ဥပဒေသ မျိုးစေ့ကို ပိုင်ဆိုင်ထားခြင်းကြောင့်လော။ ဖြစ်နိုင်သည်။ ထိုအရာက အဓိပ္ပာယ် ရှိသည်။
သူတစ်ပါး၏ အပျော်ကို မနှောက်ယှက်ချင်သည့် အတွက် ဝမ်ယုထျန်းမှာ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော်လည်း ဝေ့ဝူယင် ကိုယ်တိုင်က ခေါ်လာခဲ့သော အခါတွင်တော့ ဝမ်ယုထျန်းမှာ ပျော်ရွှင်စွာပင် တုန့်ပြန်ခဲ့ပေသည်။
“ဘာမေးမလို့လဲ...”
“လူတွေ အများကြီးကို အခြား ကြယ်တာရာ နယ်မြေတွေဆီ ပို့ဆောင်ပေးလို့ ရတဲ့ နည်းလမ်းကို ခင်ဗျားသိလား”
ဝေ့ဝူယင်က မေးလိုက်၏။
“ဘယ်လောက်များများလဲ...”
"ကြယ်တာရာ နယ်မြေတစ်ခုလုံး စာလောက်ပေါ့... ခင်ဗျား သိလား”
ဝမ်ယုထျန်းက တစ်ခဏမျှ စဥ်းစားလိုက်၏။
“လျှို့ဝှက် ဝိညာဥ် ဆင့်မှာ ရှိတဲ့ အာဏာရှင်တွေတော့ မလုပ်နိုင်လောက်ဘူး... ဒါပေမဲ့ သေမျိုးတစ်ပိုင်း အရှင် အဆင့်တွေတော့ လုပ်နိုင်လောက်တယ်”
“ ... “
ဝေ့ဝူယင်မှာ နားမလည်နိုင်ရာ တစ်ခဏမျှ တိတ်ဆိတ်သွား၏။ လျှို့ဝှက် ဝိညာဥ် အဆင့်၊ သေမျိုးတစ်ပိုင်း အရှင် အဆင့်... ထိုအရာက အဘယ်နည်း။
“မင်း မသိဘူးလား...”
ဝမ်ယုထျန်းမှာ ဝေ့ဝူယင်၏ အမူအရာကို ကြည့်ကာ အနည်းငယ် အံ့သြသွားခဲ့၏။ ဝေ့ဝူယင်မှာ လျှို့ဝှက် အာဏာရှင် အဆင့်များကိုတော့ သိလိမ့်မည်ဟု သူ ယူဆထားခဲ့ခြင်း ဖြစ်သည်။
“တကယ် မသိတာဗျ... ကျုပ်ကို ညွှန်ပြပေးပါဦး”
သူသိဖူးသလောက်၊ တွေ့ဖူးသလောက် လျှို့ဝှက် အာဏာရှင် အဆင့်များမှာ ဝူယု၊ ဝမ်ယုထျန်း၊ အစားကျူး လူအိုကြီး ထိုမျှလောက်သာ ဖြစ်သည်။ သို့သော်လည်း သူတို့ လျှို့ဝှက် အာဏာရှင် အဆင့်၏ မည်သည့် အဆင့်၌ ရှိသည်၊ မည်ကဲ့သို့ ကျင့်ကြံခြင်း အခြေခံမျိုးအား ပိုင်ဆိုင်ထားသည်တို့ကိုတော့ သူ မသိပါချေ။
ဝမ်ယုထျန်းက အချက်အလက်များကို ပြန်လည် စီစဥ်လိုက်ကာ ဖြည်းညင်းစွာပင် ရှင်းပြလိုက်၏။
“လျှို့ဝှက် အာဏာရှင် အဆင့်ဆိုတာက သေမျိုးအကန့်အသတ်ထက် ကျော်လွန်နေတဲ့ အဆင့်တစ်ခုပေါ့... နောက်ပြီး ချီပျစ်ခဲခြင်း အဆင့်၊ ကြယ်တာရာ အမြုတေ အဆင့် အစရှိတဲ့ သေမျိုး အဆင့်တွေလို မဟုတ်ပဲ အလွှာကြီး တစ်ခုလုံးကိုမှ အဆင့် ခုနစ်ခုပဲ ခွဲခြားထားတယ်”
ဝမ်ယုထျန်းက တစ်ခဏမျှ ရပ်လိုက်ပြီးနောက် စကားဆက်လိုက်သည်။
“အဲဒီလို ပြောရတာ လုံးလုံးလျားလျားတော့လည်း မမှန်ဘူး... လျှို့ဝှက် အာဏာရှင် အဆင့်ကို အဆင့်ကိုးဆင့် ခွဲခြားထားတယ်လို့ သတ်မှတ်လို့ရတယ်... ဒါပေမဲ့ စဦး အဆင့်တွင် အထွတ်အထိပ် အဆင့်တွေကို ထည့်တွက်ဖို့တော့ ခက်လိမ့်မယ်”
ဝေ့ဝူယင်မှာ ထိုရှုပ်ထွေးသည့် ရှင်းပြချက်ကြောင့် အနည်းငယ် နားလည်ရ ခက်သွားသော်လည်း ပို၍ပင် စိတ်ဝင်စားသွားသည်။ သူ ပထမမေးခွန်းကိုပင် မေ့ကာ လျှို့ဝှက် အာဏာရှင် အဆင့်များကို ပိုမို၍ သိချင်လာခဲ့သည်။ ထိုအထဲတွင် “သူတော်စင်တို့၏ အဆင့်” ပါဝင်ကောင်း ပါဝင်နေနိုင်သည် မဟုတ်ပါလား။
“ပထမ အဆင့်ကို လျှို့ဝှက် ကြယ်တာရာ အဆင့်လို့ ရည်ညွှန်းကြတယ်... ဒါပေမဲ့ ကျင့်ကြံခြင်း လူမှု အဖွဲ့အစည်း အတော်များများမှာ အဲဒါကို လျှို့ဝှက် အာဏာရှင် ပထမ အဆင့်ထက် ကြယ်တာရာ အမြုတေ အဆင့်တစ်ဆယ် လို့ပဲ ယူဆထားကြတယ်”
“အဆင့်တစ်ဆယ်... ဘာလို့လဲ”
“ဘာလို့လဲ ဆိုတော့ အဲဒီ လျှို့ဝှက် ကြယ်တာရာ အဆင့်က အာဏာရှင် တစ်ယောက် ဖြစ်လာဖို့ အဆင့်တက်ရင်း ကျဆုံးခဲ့တဲ့ ရလဒ် ဖြစ်နေလို့ပဲ”
ဝမ်ယုထျန်းက လေးပင်သည့် လေသံဖြင့် ရှင်းပြလိုက်၏။
“အဆင့်တက်ဖို့ ကျဆုံးတဲ့ ရလဒ်...”
ဝေ့ဝူယင်၏ နှလုံးသားက အနည်းငယ် တုန်ရီသွား၏။ သူ ဖြည်းညင်းစွာပင် ဒူးထောက်နေရာမှ ထရပ်လိုက်ကာ ညာဘက်လက်ထဲရှိ အဖြူရောင် အလင်းလုံးလေးကို ကြယ်တာရာ အင်အားဖြင့် ချိပ်ပိတ်လိုက်၏။ ထို့နောက် သူက သိုလှောင်လက်စွပ်ကို ထုတ်ယူကာ အဂ္ဂိရတ် ထုတ်ကုန်များ ထည့်သွင်းရန် ပြုလုပ်ထားသည့် သတ္တာများထဲမှ တစ်ခုအသွင်း ထည့်သွင်းလိုက်သည်။
ဝမ်ယုထျန်းက အသံက တည်ငြိမ်စွာပင် ဆက်လက် ထွက်ပေါ်နေ၏။
“လျှို့ဝှက် ကြယ်တာရာ အဆင့်မှာ အစစ်အမှန် ကျဆုံးခြင်း မရှိဘူး... သေဆုံးခြင်း မရှိသလို အောင်မြင်လည်း မရှိဘူး... နောက်ပြီး လိုအပ်ချက်တွေ ပြည့်မှီတယ် ဆိုရင် အဲဒီ အဆင့်ကို ရောက်ဖို့က မခက်ဘူး.. အခြေခံ အကျဆုံး လိုအပ်ချက်က ကြယ်တာရာ အမြုတေ အဆင့်ကိုး ဖြစ်တဲ့ ကြယ်အမတေ အဆင့်ကို နားလည်ထားရမယ်... အဲဒီအကြောင်းကိုတော့ မင်းသိတယ်”
ဝေ့ဝူယင်က ခေါင်းခါလိုက်သည်။ သုံးလွှာ ကြယ်တာရာ နယ်မြေ ယခုအခေါ် အာရုဏ်ဦး အင်ပါယာ ကြယ်တာရာ နယ်မြေ၏ မှတ်တမ်းများထဲတွင် ကြယ်အမြုတေ အဆင့် အကြောင်း မပါဝင်ချေ။
ဝမ်ယုထျန်းမှာ ကျင့်ကြံခြင်း အဆင့်များနှင့် ပတ်သက်သည့် ဝေ့ဝူယင်၏ ဗဟုသုတ အပေါ် အံ့သြသွားမိသော်လည်း စိတ်ရှည်စွာပင် ရှင်းပြလိုက်သည်။
“ကြယ်အမြုတေ ဆိုတာ ကျင့်ကြံခြင်း အခြေခံ တစ်ခုလုံး ဖြစ်တဲ့ ကြယ်တာရာ အမြုတေ၊ နယ်မြေမျိုးစေ့၊ ရုပ်နဲ့ စိတ်ပိုင်း ဆိုင်ရာ စွမ်းအားတွေ အပြင် ရည်ရွယ်ချက်နဲ့ ကျင့်ကြံခြင်း ဝိညာဥ်တို့ ပေါင်းစည်းပြီး ထွက်ပေါ်လာတဲ့ ရလဒ်ပဲ... ကြယ်အမြုတေရဲ့ အသွင်အပြင်က နေကြယ်တစ်လုံးနဲ့ တူတယ်”
“ကြယ်အမြုတေတွေက နေကြယ်တွေနဲ့ အသွင်အပြင်ချင်း တူရုံတင် မဟုတ်ဘူး... နေကြယ်တစ်စင်းတောင် ဖြစ်လာနိုင်တယ်... ရှေးဟောင်း မှတ်တမ်းတွေရဲ့ အဆိုအရဆိုရင် သာမန် ကြယ်တာရာ နယ်မြေတွေမှာ လင်းလက်နေတဲ့ နေကြယ် အများစုက ကြယ်သခင်တွေ အဆင့်တက်လှမ်းရင်း သေပြီးတဲ့နောက် ဖြစ်တည်လာတဲ့ ရုပ်ဝတ္ထုတွေတဲ့”
“ကြယ်တွေက ကျင့်ကြံသူတွေ သေပြီးတဲ့နောက် ဖြစ်လာလား...”
ဝေ့ဝူယင်မှာ ကလေးဘဝက အကိုကြီး ပြောပြခဲ့ဖူးသည့် ဒဏ္ဍာရီ ပုံပြင်များကိုပင် ပြန်လည် အမှတ်ရလိုက်မိ၏။ ထိုစဥ်က ကြယ်တာရာများမှာ သူ လုံးဝ အလှမ်းမမှီနိုင်သည့် ဖြစ်တည်မှုများ ဖြစ်ခဲ့သော်လည်း မိုးကောင်းကင် တဖြည်းဖြည်း ကျယ်ပြန့်လာသည်နှင့် အမျှ တစ်လှမ်းချင်း နီးကပ်လာနေသလို သူ ခံစားရပေသည်။
ဝမ်ယုထျန်းက စကားဆက်လိုက်၏။
“မင်းသိထားတဲ့ အတိုင်း ကြယ်တရာ အမြုတွေတွေဟာ ကြယ်တာရာ အင်အားကို အတိုင်းအဆမဲ့ သိုလှောင်နိုင်တဲ့ လောကပင်လယ်ကို ပိုင်ဆိုင်ထားတယ်... မင်းရဲ့ လောကပင်လယ်တွေထဲမှာ ဆိုရင် ဒီကြယ်တာရာ နယ်မြေ တစ်ခုလုံးကို လွှမ်းခြုံပစ်ဖို့တောင် လုံလောက်တဲ့ ကြယ်တာရာ အင်အားတွေ ပါဝင်နေတယ်... အဲဒါကြောင့် ကြယ်တာရာ နယ်မြေ အများစုရဲ့ နေတွေက ကြယ်အမြုတေတွေ ဆိုတဲ့ စကားက ဖြစ်နိုင်ချေ ရှိတယ်”
“အဲဒါ ထားလိုက်ပါလေ... အဆင့်တက်ဖို့ အတွက်ဆိုရင် သေမျိုး ကျင့်ကြံသူ တစ်ယောက်က လျှို့ဝှက် ရည်ရွယ်ချက်လို့ ခေါ်တဲ့ ရည်ရွယ်ချက် တစ်မျိုးကို ပိုင်ဆိုင်ထားဖို့ လိုအပ်တယ်... အခြား ရည်ရွယ်ချက်တွေလိုပဲ အဲဒါကိုလည်း သုံးပိုင်းခွဲလို့ ရတယ်... ဘာပဲဖြစ်ဖြစ် ငါတို့ လိုအပ်တာက ကိုယ်ပိုင် နားလည်မှုကို သုံးမျိုး လျှို့ဝှက် ရည်ရွယ်ချက် မျိုးစေ့ တစ်ခု မွေးဖွားဖို့ပဲ... ဒါပေမဲ့ သေမျိုး အမျ,းစုက အစစ်အမှန် လျှို့ဝှက် ရည်ရွယ်ချက်ကို နားမလည်နိုင်ကြဘူး”
ဝမ်ယုထျန်းက နောက်တစ်ကြိမ် ထပ်ရပ်လိုက်ကာ အတွေးများကို လိုက်လျောညီထွေသည့် စကားလုံးများ အဖြစ် စီစဥ်လိုက်ပြန်သည်။ ထိုအသေးစိတ် အချက်အလက်များကို သာမန် စကားလုံးများဖြင့် ရှင်းပြရသည်က သူ့အတွက် ခက်ခဲလှပေသည်။
“လျှို့ဝှက် ရည်ရွယ်ချက်... လျှို့ဝှက် ရည်ရွယ်ချက် မျိုးစေ့...”
ဝေ့ဝူယင်၏ အတွေးများမှာ ထိုစကားလုံး အသစ်များကြောင့် ရိုင်းစိုင်းသွား၏။ ထိုအရာက သူ့ နားလည်နိုင်စွမ်းကို ကျော်လွန်နေသည့် ထူးဆန်းသော စွမ်းအားများလော။ ကောင်းကင်ဘုံ နတ်မျက်လုံးများဖြင့်ပင် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်ကို ဖြတ်သန်း၍ မမြင်နိုင်သည်က ထိုအရာကြောင့်လော။
***