ဝိညာဉ်ကြော ဖုံးကွယ်ရန် နည်းလမ်း
Vol. 65 Ch. 896
“ မင်းရဲ့ ဝိညာဉ်ကြောအမျိုးအစားက ဘာလဲ ” ဖန်းကျဲက မိုဝူကျိကို အလန့်တကြား ကြည့်လိုက်သည်။
ဖန်းကျဲက အကြောင်းပြချက် ရေရေရာရာ မရှိဘဲ သူ့ဝိညာဉ်ကြောကို မေးလိုက်ပုံကြောင့် မိုဝူကျိက အံအားသင့်သွားမိ၏။
သူက ချက်ချင်း ပြန်ဖြေလိုက်သည် “ တည်ထောင်သူဘိုးဘေးကို ပြန်ကြားအပ်ပါတယ်… ကျွန်တော့်မှာ ရောထွေး ဝိညာဉ်ကြော ရှိပြီးတော့ ကျွန်တော့်ရဲ့ ဝိညာဉ်ကြော အသွင်ပြောင်းခြင်းက နည်းလမ်း သိပ်မကျတာကြောင့်မလို့ ကျွန်တော်က အခု ကနဦးနတ်ဘုရား အစောပိုင်းအဆင့်မှာပဲ ရှိပါသေးတယ် ”
ဖန်းကျဲက သက်ပြင်းချလိုက်၏။ မိုဝူကျိ၏ အဖြေမှာ သူ့မှန်းထားချက်များအတွင်း ဝင်နေသော်လည်း သူက စိတ်ပျက်မိဆဲ ဖြစ်သည်။ ဤကဲ့သို့ နားလွယ်သဘောပေါက်နိုင်စွမ်း မြင့်မားသော လူတစ်ယောက်တွင် ကောင်းမွန်သည့် ကျင့်ကြံရေး ပါရမီ အမှန်တကယ် ရှိမနေချေ။
ဖန်းကျဲက ကူချိုက်အပေါ်သို့ အကြည့်ရောက်လာကာ
“ ကူချိုက်… မင်း ငါ့ကို ဆရာအဖြစ် အသိအမှတ်ပြု လက်ခံဖို့ ဆန္ဒရှိသလား ”
“ အာ…” ကူချိုက်က အံအားသင့်သွားသည်။ သူမအား ချမ်းသာပေးလိုက်ခြင်းက အံ့သြစရာ ကောင်းလွန်းနေပြီဖြစ်ရာ ယခုတွင်မူ သူက တကယ်ကြီး သူမအား တပည့်အဖြစ် သတ်မှတ်လိုသည်လား။
ကူချိုက် တစ်ယောက်တည်း မဟုတ်ပေ။ ရှီစုနှင့် အကြီးအကဲများသည်လည်း ထပ်တူထပ်မျှ အံ့သြသွားကြသည်။ နတ်ဘုရားဘုရင်တစ်ဦးက သူမအား သူ့တပည့်အဖြစ် လက်ခံလိုခြင်းမှာ မည်မျှ ကံကောင်းလိုက်သနည်း။
ဖန်းကျဲက အားလုံး၏ မျက်ဝန်းထဲမှ အံ့သြမှုကို သတိပြုမိသဖြင့် ဆက်လက်ရှင်းပြလိုက်သည်။
“ တကယ်တော့ ဝူကျိရဲ့စကားတွေက နည်းလမ်းကျတယ်။ တကယ်လို့ ဂိုဏ်းတစ်ဂိုဏ်းဟာ နောင်ဖြစ်လာမယ့် ပြဿနာတွေကို ကြောက်ပြီး သူတို့ရဲ့တပည့်ဂိုဏ်းသားတွေကို သတ်ပစ်ဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် အဲ့လိုဂိုဏ်းမျိုး ဆက်လက်တည်ရှိနေဖို့ မလိုအပ်ဘူး။
ငါတို့ရဲ့ကောင်းကင်လူသားဂိုဏ်းက အခုအချိန်ထိ ဆက်လက် ရှင်သန်နေနိုင်တာဟာ ငါတို့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ခင်မင်မှု စိတ်ဓာတ်ကြောင့်ပဲ။ ကူချိုက်မှာ အမှောင်ဝိညာဉ်ကြော ရှိနေတာ မှန်ပေမယ့် ငါသာ သူမကို ပြီးပြည့်စုံတဲ့ လျှပ်စီးကျင့်စဉ်တစ်ခု ကူရှာပေးနိုင်မယ်ဆိုရင် မျှော်လင့်ချက် ရှိသေးတယ်။ ကောင်းကင်နတ်ဘုရားအဆင့် ဝင်ရောက်ဖို့ သူမ ကိုယ်ပိုင်နတ်ဘုရား အသွင်သဏ္ဌာန်ကို ပုံသွင်းပြီးသွားတာနဲ့ သူမရဲ့အမှောင်ဝိညာဉ်ကြောအကြောင်းကို ဘယ်သူကမှ စစ်ဆေးနိုင်မှာ မဟုတ်တော့သလို ရှာတွေ့နိုင်တော့မှာလည်း မဟုတ်ဘူး ”
ကူချိုက်တွင် သူမ ကိုယ်ပိုင် အမှောင်ဝိညာဉ်ကြောအတွက် ကျင့်စဉ်တစ်ခု ရှိနေနိုင်သည့် ဖြစ်နိုင်ချေအား ဖန်းကျဲက တွေးပင် မတွေးကြည့်မိပေ။ အမှောင်ဝိညာဉ်ကြော ကျင့်စဉ်သည် မည်မျှ အဖိုးတန်သနည်း။ ထိုအခါတုန်းက ထိုနယ်ခြားကျင့်ကြံသူ၏ ကျင့်စဉ်က နတ်ဘုရားနယ်မြေတစ်ခုလုံးကို ပြင်းပြင်းထန်ထန် ဂယက်ရိုက်စေခဲ့သည်။ နောက်ဆုံးတွင်မူ ထိုကျင့်စဉ်၏ သဲလွန်စများပင် မရှိတော့ချေ။ ထို့အပြင် သူ့စိတ်စွမ်းအားဖြင့် ကူချိုက်၏ သိုလှောင်ရေးလက်စွပ်အတွင်းသို့ စစ်ဆေးကြည့်ပြီးပြီ ဖြစ်ရာ အမှောင်ထုစည်းမျဉ်းများ ကျင့်စဉ် မရှိကြောင်း အတည်ပြု စစ်ဆေးပြီးသား ဖြစ်၏။
သိသာလှစွာ သူမသည်ကား မည်မည်ရရ ဟူ၍ ဘာမှမရှိသည့် နယ်လှည့်ကျင့်ကြံသူ တစ်ယောက်မျှသာ ဖြစ်ပေသည်။
“ ကူချိုက်… အခုချက်ချင်း ဒူးမထောက်သေးဘူးလား ”
ကူချိုက် တစ်ယောက် ငေးငေးငိုင်ငိုင် ရှိနေသေးသည်ကို သတိပြုမိသောကြောင့် ရှီစုက မျက်နှာထားတင်းတင်းဖြင့် သတိပေးလိုက်သည်။
ကူချိုက်က နောက်ဆုံးမှာတော့ ဒူးထောက်လိုက်ပြီး တုံ့ပြန်လိုက်လေ၏။
“ ကူချိုက်ကို အသက်ချမ်းသာပေးလို့ တည်ထောင်သူဘိုးဘေးကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မ ကိုယ်ပိုင်ကျင့်ကြံရေး ကျင့်စဉ်ရဲ့ ကျန်နေသေးတဲ့အပိုင်းကို ရအောင်ရှာမယ်လို့ ကျိန်ဆိုထားပါတယ်။ အခုအချိန် တည်ထောင်သူဘိုးဘေးကို ကျွန်မဆရာအဖြစ် လက်ခံလို့ မဖြစ်ဘူး ဖြစ်နေပါတယ်ရှင့် ”
ဤသည်မှာ ကူချိုက်နှင့် မိုဝူကျိတို့ အစောပိုင်းကတည်းက သဘောတူထားကြသည့်အရာ ဖြစ်သည်။ အကယ်၍ ဂိုဏ်းချုပ်က သူမအား တကယ် အသက်ရှင်ခွင့်ပေးမည်ဆိုလျှင် သူမက ဆရာအဖြစ် မည်သူ့ကိုမျှ တင်လို့ မဖြစ်ပေ။ သူမ၏ လျို့ဝှက်ချက်လေးဖြင့် ဂိုဏ်းထဲတွင် တပည့် ဖြစ်စေဖို့ သဘောတူလိုက်သည်နှင့် သူမ ဖုံးထားသမျှ အကုန်ပေါ်သွားပေလိမ့်မည်။
ဖန်းကျဲက သက်ပြင်းချကာ
“ မင်းက ဒီလိုဆိုမှလည်း ဘယ်တတ်နိုင်ပါ့မလဲ။ မင်းမှာ ထိပ်သီး လျှပ်စီးဝိညာဉ်ကြော ရှိတယ်။ ပြီးတော့ ငါ့ကို ဆရာတင်လိုက်လည်း မင်းမှာ ရှိပြီးသားထက် မင်းနဲ့ပိုသင့်တော်မဲ့ ကျင့်စဉ်ကို ငါ တကယ်တော့ ရှာမပေးနိုင်လောက်ဘူး။ ထားလိုက်ပါတော့… ရှီစု… ကူချိုက်ကို စောင့်ရှောက်လိုက်ဦး။ သူမအတွက် ပိုကောင်းတဲ့ ကျင့်ကြံရေးနေအိမ် တစ်ခု စီစဉ်ပေးလိုက် ”
ကူချိုက်၏ စကားများကို ဖန်းကျဲက မည်သည်ကြောင့် နားမလည်နိုင်ဘဲ နေမည်နည်း။ ကူချိုက် ပြောလိုသည်မှာ သူမ လက်ရှိကျင့်ကြံနေသော လျှပ်စီးကျင့်စဉ်၏ ကျင့်စဉ်အပြည့်အစုံရှိသည့် သူကို ရှာတွေ့ပါက ထိုသူအား ဆရာအဖြစ် သတ်မှတ်မည် ဖြစ်သည်။
အားလုံးက သူမ၏ တုံ့ပြန်မှုကို အံ့သြကုန်ကြသည်။ သူတို့အားလုံးသည် ကူချိုက်က နတ်ဘုရားဘုရင်တစ်ဦး၏ သူ့တပည့်လုပ်ရန် ကမ်းလှမ်းချက်ကို ငြင်းဆိုလိုက်ခြင်းမှာ သူမသည် အနည်းငယ် မရင့်ကျက်သေးကြောင်း ခံစားမိလိုက်ကြသည်။ ဤအခွင့်အရေးသည်ကား လူမြောက်များစွာက သူတို့တစ်ဘဝလုံးစာ လိုချင်တောင့်တနေသော အရာ ဖြစ်ပေ၏။
“ ကျေးဇူးအများကြီးတင်ပါတယ် တည်ထောင်သူဘိုးဘေး…ကျေးဇူးအများကြီးတင်ပါတယ် ဂိုဏ်းချုပ်…ကျွန်မ အစ်ကိုကြီးဝူကျိနဲ့ အတူတူ နေချင်တာမို့ နောက်ထပ် အစီအစဉ်တွေ မလိုအပ်တော့ပါဘူး ” ကူချိုက်က ထပ်တလဲလဲ ဦးညွှတ်လိုက်သည်။
ရှီစုက သူ့ဆရာဖန်းကျဲကို လှည့်ကြည့်လိုက်သောအခါ ဖန်းကျဲက ငြိမ့်ပြလိုက်သည်။
“ အဲ့ဒါဆိုလည်း ကူချိုက်ကို ဝူကျိနဲ့ပဲ နေခိုင်းလိုက်ပေါ့။ ဝူကျိ… သွား.. ကူချိုက်ကို အရင်ခေါ်သွားလိုက်ဦး ”
မည်သူကမျှ ကူချိုက်၏ တောင်းဆိုချက်ကို မအံ့သြကြတော့ပေ။ အကြောင်းမှာ အားလုံးက ကူချိုက်မှာ အတွေ့အကြုံနည်းပြီး လောကကြီးအကြောင်းကို သိပ်မသိသေးကြောင်း ပြောနိုင်သောကြောင့် ဖြစ်သည်။ ဖန်းကျဲက အမှောင်ဝိညာဉ်ကြောနှင့် လူတစ်ယောက်ကို ထိန်းသိမ်းစောင့်ရှောက်ထားမည် မဟုတ်ကြောင်း ပြောစဉ်က မိုဝူကျိ တစ်ယောက်တည်းကသာ သူမအတွက် ပြောဆို ရပ်တည်ပေးခဲ့သည်။ သူမက မိုဝူကျိအပေါ် မှီခိုအားထားစိတ် ဖြစ်ပေါ်သွားမည်မှာ ပုံမှန်ပင် ဖြစ်၏။
မိုဝူကျိက ချက်ချင်း ပြန်ဖြေလိုက်ကာ ကူချိုက်ကို ခန်းမအပြင်ဘက်သို့ မြန်မြန် ခေါ်လာလိုက်သည်။ သူက ဖန်းကျဲ၏ စိတ်သဘောထား ပြည့်ဝမှုအတွက် လေးစားမှု အပြည့် ဖြစ်မိသည်။
မိုဝူကျိနှင့် ကူချိုက်တို့ တော်တော်ဝေးဝေး ထွက်သွားပြီးသည့်နောက်တွင် ဖန်းကျဲက တစ်ဖန်ထပ်မံ၍ ပြောလိုက်သည်။
“ ရှီစု… ကူချိုက် ဘယ်အဆင့်ထိပဲ ကျင့်ကြံနိုင်ပါစေ.. သူမရဲ့အမှောင်စိတ်ဝိညာဉ်ကို စစ်ဆေးလို့ ရနေသရွေ့ သူမကို ဂိုဏ်းကနေ ထွက်မသွားစေနဲ့”
“ ဟုတ်ကဲ့ ”
ရှီစုက စိုးရိမ်တကြီး တုံ့ပြန်လိုက်သည်။ သူ့ဆရာ၏ သတိပေးချက် မရှိလျှင်ပင် သူက သူမအား ဂိုဏ်းအပြင်သို့ အလွယ်တကူ ခြေချခွင့်ပေးမည် မဟုတ်ပေ။ သူမ၏ အမှောင်ဝိညာဉ်ကြောသာ ပေါက်ကြားသွားပါက ဤသည်မှာ ပေါ့ပေါ့တန်တန် ကိစ္စ ဖြစ်လိမ့်မည်မဟုတ်ပေ။
ဖန်းကျဲက ကူချိုက်အကြောင်း ဆက်မပြောတော့ဘဲ ခေါင်းငြိမ့်လိုက်ကာ
“ ငါတို့ရဲ့ ကောင်းကင်လူသားဂိုဏ်းမှာ ရှာမတွေ့သေးတဲ့ ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော ရှိကိုရှိရမယ်။ အခု ငါက နတ်ဘုရားဘုရင်အဆင့်ကို တက်လှမ်းပြီးပြီဆိုတော့ ဂိုဏ်းထဲက ဒီနေရာမှာ ဝိညာဉ်စွမ်းအား စုစည်းရေး အစီအရင်တစ်ခု ခင်းကျင်းနိုင်သွားပြီ။ ဒီအချိန်အတောအတွင်းမှာ ငါ့ရဲ့ ကျင့်ကြံရေးကို အခြေတည်အောင် လုပ်တာအပြင် အဲ့ဒီ ရှာမတွေ့သေးတဲ့ နတ်ဝိညာဉ်သွေးကြောကိုလည်း ရှာရမယ်။ ငါ အဲ့ဒါကို ဖွင့်လိုက်တာနဲ့ ဂိုဏ်းထဲက လူတွေအားလုံး အင်တိုက်အားတိုက်နဲ့ ကျင့်ကြံနိုင်လိမ့်မယ် ”
“ ဆရာ… ကျွန်တော်တို့ ဂိုဏ်းမှာ တောင်နှစ်လုံးပဲ ရှိတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ ပြန်ရအောင် ကြိုးစားလိုက်ရမလား ”
ဂိုဏ်းတွင် ရှာမတွေ့သေးသည့် နတ်ဘုရားအဆင့် ဝိညာဉ်သွေးကြော ပိုင်ဆိုင်သေးကြောင်း ကြားရသောအခါ သူ့ခေါင်းထဲတွင် နောက်ထပ် အကြံအစည်များစွာ ထွက်ပေါ်လာလေ၏။ ကောင်းကင်လူသားဂိုဏ်းတွင် တပည့် တစ်ရာလောက်သာ ရှိသည်။ ဤသည်မှာ အရိုးသားဆုံးပြောရလျှင် အလွန်နည်းပေသည်။ နောက်ထပ်တောင်များစွာဆီ ရွေ့ပြောင်းခြင်းဖြင့် တပည့်တွေလည်း ထပ်မံ ပိုမိုခေါ်ယူနိုင်ပေလိမ့်မည်။
“ အလျင်လိုစရာမလိုဘူး။ ဟိုအရင်တုန်းက ငါတို့ရဲ့တောင်တွေကို ရွေ့ပြောင်းယူသွားခဲ့တဲ့ လူတွေက နောက်ဆုံးတော့ ငါတို့ကို ပြန်ပေးဆပ်ရမှာပါ ” ပုံမှန်အားဖြင့် နွေးထွေးဖော်ရွေတတ်သော ဖန်းကျဲက အမှန်တကယ် သတ်ဖြတ်လိုစိတ် အငွေ့အသက်များနှင့် ပြောလိုက်၏။
နတ်ဘုရားဘုရင်ဂိုဏ်း၏ တောင်များမှာ လွယ်လင့်တကူ ယူသွားခွင့်ရှိသည့် အရာမျိုး မဟုတ်ချေ။
“ ဆရာ…နောက်ထပ် ပြဿနာတစ်ခု ရှိသေးတယ်။ နတ်ဘုရားသိုက်မြုံက နောက်တစ်ကြိမ် ထပ်မံပြီး ပေါ်ထွက်လာတော့မယ်…”
“ ရှီစု… မင်းပြောတာက နတ်ဘုရားသိုက်မြုံက နောက်တစ်ကြိမ် ပြန်ပေါ်ထွက်လာတော့မယ်ပေါ့ ”
ဖန်းကျဲက ရုတ်တရက် ထရပ်လိုက်ပြီး သူ့လေသံမှာလည်း သိသိသာသာ ပို၍ စိတ်လှုပ်ရှားလာသည်။ သူက မကြာသေးခင်ကတင် နတ်ဘုရားဘုရင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး သူ့ကောင်းကင်လူသားဂိုဏ်းကို တိုးချဲ့ချင်နေသည် ဖြစ်၏။ နတ်ဘုရားသိုက်မြုံ ပေါ်ထွက်လာခြင်းသည် ကောင်းကင်လူသားဂိုဏ်းအား ယခင် ဂုဏ်သရေရှိ နေ့ရက်များဆီသို့ ပြန်ရောက်စေနိုင်ရန် အချိန်ကိုက် အခွင့်ကောင်း ဖြစ်ပေ၏။
“ ဟုတ်ကဲ့… နတ်ဘုရားသိုက်မြုံကို နောက်တစ်ကြိမ် ထပ်ပေါ်ထွက်လာဖို့ သတ်မှတ်လိုက်ပြီ။ နောက်ပြီးတော့ မဟာနတ်ဘုရားဘုရင် ဆယ်ဦးက ဂိုဏ်းတိုင်း ပါဝင်ရမယ်လို့ သဘောတူညီချက် ထားပြီး ထုတ်ပြန်ထားတယ်။ ကျွန်တော်တို့ ကောင်းကင်လူသားဂိုဏ်းလည်း ချွင်းချက်မရှိဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့ တပည့်သစ်တွေ ခေါ်ယူဖို့ ထွက်သွားရလိမ့်မယ် ” ရှီစုက ရှင်းပြလိုက်သည်။
ဖန်းကျဲက အော်ရယ်လိုက်သည်။
“ ကောင်းကင်ဘုံက တကယ့်ကို ငါတို့ကောင်းကင်လူသားဂိုဏ်းကို ကူညီမစနေတာပဲ။ ဒါပေါ့ … ငါတို့ ကောင်းကင်လူသားဂိုဏ်းက ပါဝင်ရမှာပေါ့။ ရှီစု… နောက်တစ်လကြာမှာ ဆရာတို့ ပြန်လည်ဖွင့်လှစ်ရေးအခမ်းအနားနဲ့ နတ်ဘုရားဘုရင် ရိုးရာအခမ်းအနားပြီးသွားရင် တပည့်သစ်ခေါ်ဖို့ ဆက်လုပ်လိုက်။ ဒီတစ်ကြိမ်မှာတော့ ဆရာတို့တွေ တပည့်သစ်တွေကို အစုလိုက်အပြုံလိုက် ခေါ်ယူနိုင်တော့မယ် ”
ဖန်းကျဲ၏ ညွှန်ကြားချက်များကို ကြားပြီးသည့်နောက် ခန်းမထဲရှိ အကြီးအကဲတချို့ကလည်း ဖော်မပြနိုင်လောက်အောင် စိတ်လှုပ်ရှားလာကြသည်။ ယခင်က သူတို့သည် ငါးဆားနယ်ကဲ့သို့ တည်ရှိမှုမျိုး ဖြစ်ခဲ့ရသည်။ သို့သော် ယခုတွင် ဂိုဏ်းက တပည့်သစ်များ အစုလိုက်အပြုံလိုက် ခေါ်ယူတော့မည်ဖြစ်ရာ သူတို့က ငါးဆားနယ်အဖြစ် ဆက်လက် တည်ရှိတော့မည် မဟုတ်ချေ။
.....................
ကူချိုက်က မိုဝူကျိ၏ နေအိမ်ဆီသို့ ပြန်လိုက်လာသည့် အဓိက အကြောင်းရင်းမှာ ဖန်းကျဲ၏ အတွေးနှင့် မတူပေ။ အကြောင်းမှာ သူမသာ လျှပ်စီးကျင့်စဉ်ကို ကျင့်ကြံချင်ပါက သူမအတွက် ထိုကျင့်စဉ်ကို ဖော်ထုတ်ပေးရန် မိုဝူကျိကို လိုအပ်သောကြောင့် ဖြစ်သည်။
ကံကောင်းစွာပင် ကောင်းကင်လူသားဂိုဏ်း၌ တပည့်များများစားစား ရှိမနေချေ။ ထို့ကြောင့် တပည့်တိုင်း၏ အင်မော်တယ်နေအိမ်မှာ အလွန်ကြီးမားပြီး ဆေးစိုက်ခင်း တစ်ခုပင် အတူတွဲပါရှိသေးသည်။ အမှန်အားဖြင့် မိုဝူကျိက နောက်ထပ် လူအနည်းငယ်ကိုပါ သူ့အိမ်၌ လာနေဖို့ ဖိတ်ခေါ်ဦးမည်ဆိုလျှင်ပင် ပြဿနာမရှိပေ။
ကောင်းကင်လူသားဂိုဏ်းရှိ ဂိုဏ်းသားတိုင်းမှာ ပို၍အလုပ်များလာကြပြီး အသစ်ဝင်လာသော ကနဦးနတ်ဘုရား အဆင့် ၇ ကျင့်ကြံသူ ယင်လင်းနှင့် တိပုထုံ တို့၌ပင် အလုပ်ကိုယ်စီ ရှိနေကြသည်။ ထို့အပြင် ဂိုဏ်းချုပ်ရှီစုက အမှန်တကယ် မည်သူ့ကိုမျှ မိုဝူကျိနှင့် ကူချိုက်တို့ကို သွားနှောင့်ယှက်ခွင့် မပြုပေ။
ဂိုဏ်းချုပ်က တမင် သူတို့အား လာမနှောင့်ယှက်အောင် တားဆီးပေးထားမှန်း မိုဝူကျိက သိသွားသောအခါ အမှန်တကယ် အလွန်ပင် ပီတိ ဖြစ်မိသွားသည်။ ကူချိုက်၏ ကျင့်စဉ်ကို အရေးတကြီး ကူညီပေးဖို့သာ မလိုလျှင် မိုဝူကျိက အကူအညီပေးရန် ကမ်းလှမ်းမိမည်မှာ မလွဲပေ။ ကူချိုက်၏ ကျင့်စဉ်ကို တတ်နိုင်သမျှ မြန်မြန် ဖော်ထုတ်ပေးခြင်းက ကူချိုက်အတွက် သာလျှင်မက ကောင်းကင်လူသားဂိုဏ်းအတွက်ပါ အရေးကြီးပေသည်။
ရက် ၃၀ နီးပါး ကြာပြီးသည့်နောက် မိုဝူကျိက ပြီးပြည့်စုံပြီဟု ယူဆ၍ သော ကျင့်ကြံရေး ကျင့်စဉ်ကို ကူချိုက်အား ပေးလိုက်သည်။ သူက လျှပ်စီးကျင့်စဉ်တစ်စုံလုံးကို ဖော်ထုတ်ရန် သူ့ကိုယ်ပိုင် အင်မော်တယ်မော်တယ်ကျင့်စဉ်၊ လျှပ်စီး သဘာဝ စည်းမျဉ်းများအပေါ် သူ့နားလည်သဘောပေါက်မှုနှင့် ကူချိုက်၏ ဝိညာဉ်လမ်းကြောင်းတို့အပေါ် အခြေခံခဲ့ရသည်။
မိုဝူကျိက ကျင့်စဉ်၏ အဆင့်ကို အတတ်မပြောနိုင်သော်လည်း ကူချိုက်ကတော့ အလွန်သဘောကျ ကျေနပ်မိဆဲ ဖြစ်သည်။ မိုဝူကျိ ပေးသည့် လျှပ်စီးကျင့်စဉ်ကိုသုံး၍ ကျင့်ကြံခြင်းသည် သူမ၏ အမှောင်ထု စည်းမျဉ်းများ ကျင့်စဉ်ကို သုံး၍ ကျင့်ကြံခြင်းထက် အဆများစွာ တိုးတက်နှုန်း လျင်မြန်လေ၏။
သူမ ကျေနပ်မိဆုံးအရာမှာ မိုဝူကျိ၏ ကျင့်စဉ်ဖြင့် အမှောင်ထုစည်းမျဉ်းများကျင့်စဉ် စွမ်းအားများကို သူမ၏ ဝိညာဉ်လမ်းကြောင်းတစ်ခု အတွင်းသို့ အလွယ်တကူ ဖုံးကွယ်ထားနိုင်ခြင်းပင် ဖြစ်သည်။ တနည်းအားဖြင့်ဆိုရလျှင် အကယ်၍ သူမသာ နောက်တစ်ကြိမ် စစ်ဆေးခြင်း လုပ်ရဦးမည်ဆိုလျှင်ပင် သူမ၏ အမှောင်ဝိညာဉ်ကြော စွမ်းအားကို ဖုံးကွယ်ထားနိုင်ပြီး စစ်ဆေးမှုကို ကျော်ဖြတ်နိုင်ပေလိမ့်မည်။
ကူချိုက် တစ်ယောက် အရူးအမူး စတင်ကျင့်ကြံနေသည်ကို မြင်ကာ မိုဝူကျိက အလွန်ကျေနပ်နေမိသည်။ သူက ကူချိုက်ကို အမှောင်ထုစည်းမျဉ်းများ ကျင့်စဉ်၏ သဘာဝစွမ်းအားကို ဖုံးကွယ်ရန် လုပ်ပေးနိုင်သည်မှာ သူ့တွင် စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းနှင့် သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းတို့ ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။
မိုဝူကျိက သူမ၏ အမှောင်ဝိညာဉ်ကြောအား ဖုံးကွယ်ရန် ကူချိုက်ကို ကူညီနိုင်လိုက်သောကြောင့် တခြားသူများ၏ ဝိညာဉ်ကြောများကိုလည်း ဖုံးကွယ်ရန် ကူညီပေးနိုင်သည်ဟု မဆိုလိုပေ။ မိုဝူကျိတွင် သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းနှင့် အင်မော်တယ်မော်တယ် ကျင့်စဉ်ကို လွှဲပြောင်းရန် ကူညီနိုင်သည့် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းတို့ ပိုင်ဆိုင်ထားခြင်းအပြင် ကူချိုက်၏ ပြစ်ချက်ကင်း ဝိညာဉ်ကြောက ပို၍ အရေးပါသောအချက် ဖြစ်နေသည်။ အကယ်၍ ကူချိုက်မှာသာ ပြစ်ချက်ကင်း ဝိညာဉ်ကြော ရှိမနေခဲ့လျှင် မိုဝူကျိက သူလုပ်ခဲ့သည့်အရာများကို လုပ်နိုင်မည် မဟုတ်ချေ။
ကူချိုက်ကို ဝိညာဉ်ကြော ကူညီ ဖုံးကွယ်ပေးပြီးသည့်နောက် မိုဝူကျိကလည်း သူ့ဘာသာ လှုံ့ဆော်လိုက်သည်။ သူ့တွင် ဝိညာဉ်ကြော မပိုင်ဆိုင်သော်လည်း သူက သူ၏ စည်းမျဉ်းများအပေါ် နားလည်နိုင်စွမ်းအား အသုံးပြုကာ အတုအယောင် ဝိညာဉ်ကြောအား နှိုးဆွလှုံ့ဆော်နိုင်ပေသည်။
ဥပမာအားဖြင့် သူက လျှပ်စီးစည်းမျဉ်းကို သုံး၍ လျှပ်စီးဝိညာဉ်ကြော ကို လှုံ့ဆော်နိုင်ပြီး မီး ဝိညာဉ်ကြောအတွက် မီးစည်းမျဉ်းကို အသုံးပြုနိုင်သည်။ ဤသည်မှာ သူအတွက် အကြီးမားဆုံး ကယ်တင်မှုကြီးပင် ဖြစ်၏။ အကြောင်းဟူကား သူသည်လည်း ကူချိုက်နှင့် အလားတူစွာ သူ့အနေနှင့် ဝိညာဉ်ကြောမရှိဘဲ ကျင့်ကြံနေနိုင်သည့် အချက်ကို ဖုံးကွယ်ထားမှ ရမည် ဖြစ်သည်။
ကူချိုက် စတင် ကျင့်ကြံပြီးသည့်နောက် မိုဝူကျိက မကျင့်ကြံတော့ဘဲ ခန်းမဆီသို့ မသွားခင် ကာကွယ်ရေးအစီအရင်များ ခင်းကျင်းပေးခဲ့လိုက်သည်။ သူက ကောင်းကင်လူသားဂိုဏ်း၏ ဂိုဏ်းသား တစ်ယောက်အနေနှင့် ဂိုဏ်းတစ်ခုလုံးက အလုပ်ရှုပ်နေကြစဉ် သူသည်လည်း တစ်စိတ်တဒေသ ပါဝင်ကူညီသင့်သည်ဟု ယုံကြည်မိသည်။
“ စီနီယာအစ်မ စုရှား … ကျွန်တော် ကူညီပေးနိုင်တာများ ရှိလား ”
မိုဝူကျိ သူ့အိမ်မှ ထွက်ထွက်ချင်းပင် သူက စုရှားသည် သူ မသိသည့် ကောင်းကင်လူသားဂိုဏ်းသား တချို့နှင့် ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူတို့ကြည့်ရသည်မှာ အတော်လေး အလုပ်ရှုပ်နေပုံ ပေါ်သည်။
“ ဂျူနီယာမောင်လေး ဝူကျိ… မင်း ရောက်လာတာ အတော်ပဲ။ နောက် ၃ ရက်မြောက်နေ့က ဂိုဏ်းပြန်ဖွင့်မဲ့ ရက်ပဲ။ အဲ့ဒါကြောင့် ဧည့်သည်တွေကို ကြိုဖို့ တာဝန်ကျတဲ့ စီနီယာအစ်မ ယင်လင်းနဲ့ စီနီယာအစ်ကို ရှုပေါ်တို့ကို သွားရှာလိုက် ”
စုရှားက အလျင်စလို ထွက်မသွားခင် မိုဝူကျိအား မြန်မြန် ညွှန်ကြားလိုက်သည်။
………….
မိုဝူကျိ ဧည့်ခန်းမဆီသို့ အမြန်ရောက်လာသောအခါတွင် ဧည့်ခန်းမပတ်လည်၌ လူ ၇ ယောက် ၈ ယောက်လောက်က မတ်တပ်ရပ်နေကြသည်။ ပိန်ပိန်ရှည်ရှည် ဝတ်ရုံဝါဝတ် တပည့်တစ်ယောက်က လူအချို့ကို ကျောက်စိမ်းစားပွဲနှင့် ထိုင်ခုံများအား မည်သည့်နေရာတွင် ခင်းကျင်းထားရှိရမည်ကို ညွှန်ကြားနေလေသည်။
“ ဂျူနီယာမောင်လေး ဝူကျိ… မင်းရောက်လာပြီလား။ လာ မြန်မြန် ကူညီဦး ….” ယင်လင်းက မိုဝူကျိ လမ်းလျှောက်ဝင်လာသည်ကို မြင်သဖြင့် လှမ်းခေါ်လိုက်သည်။
မိုဝူကျိက စီစဉ်ထားသည့်အတိုင်း နေရာချထားသော ဧည့်ခန်းမကျယ်ကြီးကို ကြည့်ကာ အနည်းငယ် ဆွံ့အသွားသည်။ သူက ခေတ္တခဏမျှ တွေဝေလိုက်ပြီးနောက် မှတ်ချက်ပေးလိုက်သည်။
“ ဂိုဏ်းတူအစ်ကိုတို့၊ အစ်မတို့ … ကျွန်တော်တော့ ဒီလို နေရာချထားပုံက အလုပ်မဖြစ်မှာ စိုးမိတယ် ”
“ မင်းက ဂျုနီယာညီလေး ဝူကျိလား… ငါက ရှုပေါ်ပါ။ ပြီးတော့ မင်းရဲ့ စီနီယာအစ်ကိုလို့ သတ်မှတ်လို့ရတယ်။ ဒီနေရာချပုံက အလုပ်မဖြစ်နိုင်ဘူးလို့ ဘာလို့ပြောရတာလဲဆိုတာ ဂျုနီယာညီလေး ရှင်းပြပေးလို့ရမလား ”
ပိန်ပိန်ရှည်ရှည် ဝတ်ရုံဝါ အမျိုးသားက သူ့လက်နှစ်ဖက်ကို ယှက်ရင်း အမြန်ရောက်လာသည်။
ကောင်းကင်လူသားဂိုဏ်း၌ အစကတည်းက လူအနည်းငယ်ပဲ ရှိလေရာ ဤနေရာတွင်ရှိနေသည့် လူနည်းစုမှာ သိသာလှစွာပင် ဧည့်ကြိုသည့် အလုပ်များနှင့် အကျွမ်းတဝင် မရှိချေ။ ဂိုဏ်းချုပ်က သူ့အား ဧည့်ကြိုတာဝန် ပေးထားသော်လည်း ယခုအချိန်အထိ သူ့မှာ ခေါင်းပြတ်ယင်ကောင် တစ်ကောင်နှယ် မည်သည်ကို မည်သို့ လုပ်ရမှန်းပင် မသိချေ။
မိုဝူကျိသည် ရှုပေါ်က သူ့အား တလေးတစား ယဉ်ယဉ်ကျေးကျေးနှင့် ပြောဆိုနေပုံကို ကြည့်ကာ ကောင်းကင်လူသားဂိုဏ်း၌ အားလုံးက တစ်ဦးနှင့်တစ်ဦး နှိမ့်ချယဉ်ကျေးစွာ ဆက်ဆံကြပုံအား ပို၍ အထင်ကြီး သဘောကျမိသွားသည်။
“ စီနီယာအစ်ကို ရှု… ဒီဟာက ကျွန်တော်တို့ ကောင်းကင်လူသားဂိုဏ်း တည်ထောင်သူဘိုးဘေးရဲ့ နတ်ဘုရားဘုရင် ရိုးရာ အခမ်းအနားလေ။ အဲ့ဒီတော့ ဂုဏ်ပြုဖို့ လာတဲ့သူတွေက အရေးကြီးပုဂ္ဂိုလ်တွေ အများကြီး ပါလိမ့်မယ်။
ပြောရမယ်ဆိုရင် တခြားနတ်ဘုရားဘုရင်တွေတောင် ရောက်လာရင် ရောက်လာမှာ … ခန်းမထဲက ထိုင်ခုံတွေကို တစ်သမတ်တည်း နေရာမချဘဲ အဆင့်အလိုက် ခွဲခြားထားသင့်တယ်။ ပြီးတော့ လာရောက်ကြည့်ရှုမဲ့သူတွေအတွက် လက်ဆောင်တွေ ပြင်ဆင်ထားရမယ်။ ကျွန်တော့်တို့ရဲ့ဧည့်သည်တွေကို လက်ဖက်ရည် တည်ခင်းဖို့လည်း လိုရင်လိုဦးမှာ။ ဒါကြောင့် ဒီလို နေရာချထားပုံနဲ့ဆို ကျွန်တော်တို့အတွက် သိပ်အဆင်ပြေမှာ မဟုတ်ဘူး…”
မိုဝူကျိက သူ့စိတ်ထဲရှိသမျှ အတွေးများနှင့် အကြံများကို တစ်ခုပြီးတစ်ခု ပြောချလိုက်သည်။
ရှုပေါ်က မိုဝူကျိစကားပြောလို့ပြီးသည်အထိ မစောင့်တော့ဘဲ မိုဝူကျိ၏ လက်ကို ကိုင်ကာ ပြောလိုက်သည်။
“ ဂျူနီယာညီလေး မို… ဒီဧည့်ကြိုတာဝန်ကို မင်းဆီ လွှဲပေးလိုက်ပြီ။ ငါကတော့ ဘယ်ကစလုပ်ရမှန်းကို တကယ်မစဉ်းစားတတ်ဘူး ”
“ ကောင်းပါပြီ ”
မိုဝူကျိက ရှုပေါ်သည် တမင်နှိမ့်ချ ပြောဆိုနေသည်မဟုတ်ဘဲ အမှန်တကယ်ပင် ဘာလုပ်ရမှန်းမသိ ဖြစ်နေကြောင်းကို သတိထားမိလိုက်သည်။ ဤကောင်းကင်လူသားဂိုဏ်းပေါ်တွင် ခံစားချက် ကောင်းကောင်း ရှိသောကြောင့် သူက ဤကိစ္စများအတွက် သူတို့ကို ကူညီပေးဖို့ ဆန္ဒ ရှိနေသည်။
***