မီးအိမ်တစ်လုံးအား ငြှိမ်းသတ်ကာ ဂြိုဟ်တစ်လုံးအား ဖောက်ခွဲခြင်
Vol. 60 Ch. 827
ထို မီးအိမ်များပေါ်တွင် ထူးဆန်းသော သားရဲကြီးသုံးကောင်၏ ရုပ်ပုံများကို ထွင်းထုထားသည်။ ၎င်းတို့မှာ ခေါင်းကိုးလုံးပါသည့် ဝိညာဉ်တစ္ဆေကြီး၊ အမြီးကိုးချောင်းပါသည့် ဝံပုလွေကြီးနှင့် လက်သည်းကိုးခုပါသည့် ငှက်ကြီးတို့ ဖြစ်ကြ၏။ ထို သားရဲကြီးသုံးကောင်မှာ ကွဲပြားခြားနားနေသည်ဖြစ်ရာ ထိုမီးအိမ်သုံးလုံး၏ ပုံစံမှာလည်း တစ်ခုနှင့်တစ်ခု မတူညီကြပေ။
၎င်းတို့ ထုတ်လွှတ်နေသည့် မီးတောက်များပင်လျှင် သိသိသာသာ ကွဲပြားခြားနားနေကြ၏။ ဥပမာပြရလျှင် ဝိညာဉ်တစ္ဆေမီးအိမ်ထဲမှ ထွက်ပေါ်လာနေသည့် မီးတောက်မှာ အနက်ရောင်ဖြစ်ပြီး ဝံပုလွေမီးအိမ်ထဲမှ ထွက်ပေါ်လာနေသည့် မီးတောက်မှာ အနီရောင်ဖြစ်ကာ ငှက်မီးအိမ်ထဲမှ ထွက်ပေါ်လာနေသည့် မီးတောက်မှာမူ အဖြူရောင််ဖြစ်နေသည်။
ထို မီးတောက်သုံးခုမှာ တဟုန်းဟုန်း လောင်ကျွမ်းနေကြပြီး မီးခိုးငွေ့များကို ထုတ်လွှတ်နေကြ၏။ ထို မီးခိုးငွေ့များမှာ အဘိုးကြီးနှင့် အဆုံးမဲ့မျိုးနွယ်စုဝင် ဂြိုဟ်အဆင့်ကျင့်ကြံသူကြီးတို့၏ အထက်နှင့် ဘေးပတ်ပတ်လည်တို့တွင် ရစ်ဝဲနေကြသည်။ ၎င်းတို့မှာ ထိုကဲ့သို့ မျောလွင့်နေကြရင်း တစ်ခါတစ်ရံတွင် ဝိညာဉ်တစ္ဆေတစ်ကောင်၊ ဝံပုလွေတစ်ကောင် သို့မဟုတ် ငှက်တစ်ကောင်အဖြစ် ပြောင်းလဲသွားနေကြ၏။ ထိုမီးခိုးငွေ့များ ထိုကဲ့သို့ အသွင်ပြောင်းလဲသွားသည့် အချိန်တိုင်း မျက်လုံးများမှိတ်ထားသည့် အဘိုးကြီး၏ ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ရီသွားရသည်သာ ဖြစ်သည်။
ထို့အပြင် သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက ကျောက်ရည်ပူများပေါ်ရှိ မျှော်စင်ပုံစံ ယဇ်ပလ္လင်ကြီးအား အထပ်ဆယ်ထပ် ခွဲထားသည်ကို မြင်နိုင်ပေသည်။ တစ်ထပ်ချင်းစီပေါ်တွင် ကမ္ဗည်းစာလုံး အမြောက်အမြား ရှိနေ၏။ ၎င်းတို့မှာ ရှေးဆန်သော အငွေ့အသက်လှိုင်းများကို ထုတ်လွှတ်နေသောကြောင့် ဝမ်ပေါင်လဲ့မှာ ဖိနှိပ်ချုပ်တည်းခံထားရပြီး အန္တရာယ်နှင့် ကြုံရတော့မည့်အလား ခံစားနေရသည်။
ထို့ကြောင့် သူသည် ခြေလှမ်းများ ရပ်တန့်သွားရပြီး တုန်လှုပ်ချောက်ချားသွားရ၏။ ထို့အပြင် သူသည် မျက်လုံးများမှိတ်ထားသော အဘိုးကြီး၏ ဝမ်းဗိုက်ထဲရှိ သက်တံ့ရောင် အလင်းရောင်များမှာ တဖြည်းဖြည်းနှင့် မှေးမှိန်ပျောက်ကွယ်စ ပြုလာသည်ကိုလည်း သတိထားမိလိုက်သည်။ ထိုအလင်းရောင်များမှာ လက်သီးဆုပ်အရွယ်အစားရှိပြီး ဂြိုဟ်တစ်လုံးနှင့်ဆင်တူသည့် အရာတစ်ခုအား လွှမ်းခြုံထားခြင်း ဖြစ်ပြီး ယခုတွင် ၎င်းမှာ ခန္ဓာကိုယ်အပြင်ဘက်သို့ ဆွဲထုတ်ခံနေရပြီ ဖြစ်သည်။
ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ နှလုံးသားတစ်ခုလုံး တုန်ရီသွားရပြီး အသက်ရှူသံများ လေးလံလာရ၏။ တစ်ချိန်ထဲမှာပင် သူ ထိုနေရာသို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ယခင်တုန်းက သူ၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာခဲ့သည့် စကားသံကြီးမှာ နောက်ထပ်တစ်ကြိမ် ထပ်၍ ပေါ်ပေါက်လာပြန်သည်။ ယခုအကြိမ်တွင်မူ ထိုစကားသံကြီးမှာ စိုးရိမ်တကြီးဖြစ်နေသည့် လေသံ ပေါက်နေ၏။
" မိတ်ဆွေလေး။ ငါ့ကို မီးအိမ်တစ်လုံး ကူပြီး ငြှိမ်းသတ်ပေးပါ "
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားကာ အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် ရှေ့သို့ ပြေးထွက်သွား၏။ သူ ထိုအဘိုကြီး၏ အနီးသို့ ရောက်ခါနီးမှာပင် အဆုံးမဲ့မျိုးနွယ်စုဝင် ဂြိုဟ်အဆင့် ကျင့်ကြံသူကြီး၏ စကားသံကြီးမှာလည်း ထွက်ပေါ်လာတော့သည်။
" သူက မင်းကို လိမ်နေတာ။ မင်း ပလ္လင်ဆီကို ရောက်သွားပြီး လှေကားထစ်ပေါ် တက်လိုက်တာနဲ့ မင်းရဲ့စွမ်းအင်တွေအကုန်လုံး ချက်ချင်း စုပ်ယူခံလိုက်ရမှာ။ သူက မင်းကို မီးအိမ်လေးကို ငြှိမ်းသတ်ပေးပါဆိုပြီး လှည့်စားနေတာ။ သူ တကယ်လိုအပ်တဲ့အရာက မင်းရဲ့ စွမ်းအင်တွေပဲ။ အဲတာမှ သူ့ကိုယ်သူ အားဖြည့်ပြီးတော့ ငါ့ရဲ့ သန့်စင်ခြင်းလုပ်ငန်းစဉ်ထဲကနေ ထွက်ပြေးလွတ်မြောက်နိုင်မှာ "
သူ၏ စကားသံကြီး ထွက်ပေါ်လာသောအခါ ဝမ်ပေါင်လဲ့မှာ ခြေလှမ်းများ ရပ်တန့်သွားရ၏။
" မိတ်ဆွေလေး။ ငါ့ကို ယုံပါ။ ငါက ထွက်ပြေးဖို့ကြိုးစားနေတာ မဟုတ်ပါဘူး။ ငါ့ကိုယ်ငါ ဖောက်ခွဲပစ်ပြီးတော့ ဒီကောင့်ကို ငါနဲ့အတူ သေရွာခေါ်သွားနိုင်ဖို့ ကြိုးစားနေတာပါ " အဘိုးကြီးမှာ အဆုံးမဲ့မျိုးနွယ်စုဝင်ကြီး၏ စကားများကိုကြားလိုက်ရသဖြင့် စိုးရိမ်စိတ်များ ကြီးထွားလာရပြီး အလောတကြီးနှင့် ပြန်ပြောမိလိုက်၏။ ထို စိုးရိမ်စိတ်များကြောင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာလည်း မတည်မငြိမ် ဖြစ်သွားရသည်။ ထိုအခါ ဘေးပတ်ပတ်လည်ရှိ မီးခိုးငွေ့များထဲတွင် ရှိနေသော ဝိညာဉ်တစ္ဆေကြီးမှာ ထိုအချက်အား အခွင့်ကောင်းယူကာ သူ၏ သက်တံ့ရောင်ဂြိုဟ်အား လှမ်း၍ ဖမ်းဆုပ်လိုက်ပြီးနောက် နောက်သို့ အားပါပါ ဆောင့်ဆွဲလိုက်တော့သည်။
ထို ဆွဲငင်မှုကြောင့် အဘိုးကြီးမှာ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားရ၏။ သူသည် အသက်အရွယ် အိုမင်းနေပြီ ဖြစ်ပါသော်လည်း ပို၍ပင် အိုစာလာရတော့သည်။ ပို၍ တိတိကျကျ ဆိုရမည်ဆိုပါက သူသည် ပို၍ အိုစာသွားခြင်း မဟုတ်ဘဲ ပို၍ ပိန်ချုံးသွားရခြင်း ဖြစ်ပေသည်။
" အသင် ဆင်းသက်သူ မြင်ပြီလား။ အခု ဒီ အဘိုးကြီးရဲ့ ခန္ဓာကိုယ် ပိန်ချုံးသွားပြီ။ အဲတာမလို့ မင်း ဒီ ယဇ်ပလ္လင်ပေါ် တက်လာတာနဲ့ သေချာပေါက် စုပ်ယူခံလိုက်ရမှာ။ ငါက မင်းကို ဖိနှိပ်ချုပ်တည်းပြီးတော့ သတ်ဖြတ်ပစ်ဖို့ ကြိုးစားခဲ့တာ မှန်ပေမဲ့ မင်းကို သတ်နိုင်ရုံအတွက်လောက်နဲ့ ငါ့ရဲ့ ကြိုးစားအားထုတ်မှုတွေ အားလုံးကို အလဟဿ အဖြစ်ခံမှာ မဟုတ်ပါဘူး။ အဲတာမလို့ မင်း အခုချက်ချင်း ထွက်ခွာသွားမယ်ဆိုရင် ငါ မင်းကို လွှတ်ပေးပါ့မယ် " အဆုံးမဲ့မျိုးနွယ်စုဝင်ကြီးမှာလည်း ချက်ချင်း ပြန်ပြောလိုက်၏။
ဝမ်ပေါင်လဲ့မှာမူ မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး တွေဝေတုံ့ဆိုင်းနေရပြီဖြစ်သည်။ အဆုံးမဲ့မျိုးနွယ်စုဝင်ကြီး၏ ရှေ့တွင်ရှိနေသည့် သန့်စင်ခံနေရသော အဘိုးကြီးမှာ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ စကားပြောနိုင်ရန် ကြိုးစားရုန်းကန်၍ ဆိုလိုက်၏။
" မိတ်ဆွေလေး။ မင်း ငါ့ကို ယုံပါ... "
" မင်းရဲ့ အသက်က မင်းလက်ထဲမှာပဲနော်။ ငါက မင်းကို လွှတ်ပေးမယ်လို့ ကတိပေးထားပြီးသား။ ဘာလို့ လောင်းကြေးထပ်နေမှာလဲ "
ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မတည်မငြိမ်ဖြစ်လာရတော့သည်။ သူသည် ထိုလူကြီးနှစ်ယောက်၏ စကားများကို နားထောင်ရင်း ဝေခွဲမရ ဖြစ်လာရ၏။ ထို့ကြောင့် နောက်ဆုံးတွင် သူသည် ခေါင်းမော့ကာ အော်ဟစ်လိုက်တော့သည်။
" ပါးစပ်ပိတ်ထားကြဗျာ "
" ဒီဂြိုဟ်ရဲ့ ခေါင်းဆောင်ကြီးပါလို့ ပြောတဲ့ အဘိုးကြီး... ကျုပ်က ခင်ဗျားရဲ့ စကားတွေကို အပြည့်အဝ မယုံကြည်ရဲသေးဘူး။ အဆုံးမဲ့မျိုးနွယ်စု... ခဗျားကလည်း ခဗျားရဲ့ နတ်ဘုရားအာရုံနဲ့ ကျုပ်ကို အခုထိ ဖိနှိပ်ချုပ်တည်းနေတုန်းပဲမလို့ ကျုပ်က ခဗျားကိုလည်း အပြည့်အဝ မယုံကြည်ရဲသေးဘူး "
ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရသောအခါ အဆုံးမဲ့မျိုးနွယ်စုဝင် ဂြိုဟ်အဆင့် ကျင့်ကြံသူကြီးမှာ မျက်ဝန်းများအရောင်လက်သွားပြီး အော်ဟစ်ရယ်မောလိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား ဖိနှိပ်ချုပ်တည်းရန် ထုတ်လွှတ်ထားခဲ့သည့် သူ၏ နတ်ဘုရားအာရုံများကို ပြန်လည်ရုပ်သိမ်းလိုက်တော့သည်။
" ငါ ငါ့ရဲ့ နတ်ဘုရားအာရုံတွေကို ပြန်ပြီးတော့ ရုပ်သိမ်းပေးလိုက်ပြီ။ မင်း သွားလို့ရပြီ။ စိတ်မပူပါနဲ့။ ဒီ အဘိုးကြီး မင်းကို ပြဿနာရှာရဲမယ်ဆိုရင် ငါ သူ့ကို ဖိနှိပ်ချုပ်တည်းထားလိုက်မယ် "
အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူကြီး သူ၏ဖိနှိပ်ချုပ်တည်းမှု စွမ်းအားများအား ပြန်လည်ရုပ်သိမ်းသွားသောအခါ ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် စိတ်လက်ပေါ့ပါးသွားရ၏။ အဘိုးကြီးမှာ မကြာသေးမီးတုန်းက သူ့အား ကာကွယ်ပေးနေခဲ့ပါသော်လည်း ယခုတွင်မူ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ကြေမွပျက်စီးသွားတော့မည့်ပုံ ပေါက်နေပြီ မဟုတ်ပါလော။ ထို့ကြောင့် သူသည် စိတ်အေးလက်အေး ဖြစ်သွားပြီးနောက် စိတ်ထဲတွင်ကျိတ်၍ တာအိုဂါထာတော်အား ရွတ်ဖတ်လိုက်၏။ တစ်ချိန်ထဲမှာပင် သူသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး အဆုံးမဲ့မျိုးနွယ်စုဝင် ဂြိုဟ်အဆင့် ကျင့်ကြံသူကြီးအား ဂါရဝပြုကာ ဆိုလိုက်သည်။
" ကျေးဇူးတင်ပါတယ် လူကြီးမင်း။ ကျွန်တော် သွားပါတော့မယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ ထွက်ခွာသွားတော့မည့်ပုံစံ ဟန်ဆောင်လိုက်သည်။ ယဇ်ပလ္လင်ပေါ်ရှိ အဘိုးကြီးမှာမူ နာကြည်းစွာ ရယ်မောနေ၏။ ထို့နောက် သူ စကားပြောရန် ပြင်လိုက်ပြီး ဝမ်ပေါင်လဲ့ ထွက်ခွာသွားခါနီးမှာပင် တာအိုဂါထာတော်၏ စွမ်းအားကြီးမှာ ပေါက်ကွဲထွက်ပေါ်လာတော့သည်။
၎င်းမှာ အဆုံးမဲ့တာအိုနယ်မြေ အပြင်ဘက်ရှိ စကြဝဠာကြီး၏ အတွင်းပိုင်းထဲမှနေ၍ အဆုံးအစမရှိလောက်အောင် ကျယ်ပြောသည့် နယ်နိမိတ်များကို ဖြတ်ကျော်လာသည့် ပုံပင်။ ထို စွမ်းအားကြီးမှာ ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် ဂြိုဟ်ကြီးတစ်ခုလုံးအား လွှမ်းခြုံသွားပြီးနောက် မြေကြီးအောက်သို့ ထိုးဆင်းသွားပြီး ကျောက်ရည်ပူများဖြင့် ပြည့်နှက်နေသည့် ဂူကြီးထဲရှိ ယဇ်ပလ္လင်ပေါ်သို့ ကျရောက်လာတော့သည်။
ထိုစွမ်းအားကြီးမှာ အံ့ဩမှင်တက်ဖွယ်ရာ ကောင်းလှသောကြောင့် အဆုံးမဲ့မျိုးနွယ်စုဝင် ဂြိုဟ်အဆင့် ကျင့်ကြံသူကြီးမှာ စကြဝဠာကြီးတစ်ခုလုံး၏ ဖိနှိပ်ချုပ်တည်းခြင်းကို ခံလိုက်ရသည်အလား ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် ချက်ချင်းဆိုသလိုပင် မျက်နှာအမူအရာ ပြောင်းလဲသွားကာ တုန်လှုပ်ချောက်ချားသွားရပြီး အသံကုန် အော်ဟစ်လိုက်တော့သည် " ဒါ... "
သူ ထိုသို့ အော်ဟစ်လိုက်စဉ်မှာ ထွက်ခွာသွားရန်ပြင်နေသည့် ဝမ်ပေါင်လဲ့မှာ သူ၏ခန္ဓာကိုယ်အား လှစ်ခနဲ လှုပ်ရှားလိုက်၏။ ထို့နောက် သူသည် ထိုအခွင့်အရေးအား အသုံးချကာ အရှိန်ကုန် မြှင့်တင်လိုက်ပြီးနောက် ယဇ်ပလ္လင်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်တော့သည်။
သူသည် အလွယ်တကူနှင့် ခံယူချက် ယိမ်းယိုင်မသွားတတ်သည့် လူတစ်ယောက် ဖြစ်ပေသည်။ သို့ဖြစ်ရာ သူသည် ဆုံးဖြတ်ချက်တစ်ခု ချပြီးသည်နှင့် အလွယ်တကူ စိတ်ပြောင်းသွားမည် မဟုတ်ပေ။ သူသည် အဘိုးကြီးအား ကူညီပေးရန် ဆုံးဖြတ်ထားပြီးသားဖြစ်ရာ အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူကြီး၏ စကားလုံးများလောက်နှင့် တုန်လှုပ်ချောက်ချားသွားမည် မဟုတ်ပေ။
ထို့အပြင် ဝမ်ပေါင်လဲ့ အမြဲတမ်း ယုံကြည်ထားသည့် အချက်တစ်ချက် ရှိပေသည်။ ၎င်းမှာ အချို့သော အခြေအနေများတွင် တွေဝေတုံ့ဆိုင်းနေခြင်းထက် အံကြိတ်ကာ အရဲစွန့်ခြင်းသည် ပို၍ကောင်းသည့် လုပ်ရပ်တစ်ခု ဖြစ်သည်ဆိုသည့် အချက်ပင်။ သို့သော် အဆုံးမဲ့မျိုးနွယ်စုဝင် ဂြိုဟ်အဆင့် ကျင့်ကြံသူကြီး ထုတ်လွှတ်ထားခဲ့သည့် ဖိနှိပ်ချုပ်တည်းမှုစွမ်းအားများမှာ အလွန်အင်မတန်မှ အားကောင်းနေခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် တာအိုဂါထာတော်ကြီး၏ စွမ်းအားများ ပေါ်ပေါက်လာလျှင်တောင် ပလ္လင်ကြီးဆီသို့ ချက်ချင်းရောက်ရှိသွားနိုင်လိမ့်မည် မဟုတ်ဟု မှတ်ယူထား၏။
ထို့ကြောင့်လည်း သူသည် မီးစင်ကြည့်ကကာ အဆုံးမဲ့မျိုးနွယ်စုဝင် ဂြိုဟ်အဆင့် ကျင့်ကြံသူကြီး ခိုင်းသည့်အတိုင်း လုပ်သည့်ပုံစံ ဟန်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ယခုတွင်မူ သူသည် လျှပ်စီးတန်း တစ်ခုကဲ့သို့ အံ့ဩမှင်တက်ဖွယ်ကောင်းသည့် အမြန်နှုန်းမျိုးဖြင့် ပလ္လင်ကြီးဆီသို့ ဦးတည်သွားနေတော့သည်။ ထိုသို့ဖြင့်မျက်စိတစ်မှိတ် အတွင်းတွင် သူသည် ကျောက်ရည်ပူများအား ခုန်ကျော်သွားလိုက်ပြီး ပလ္လင်ကြီး၏ရှေ့၌ ပေါ်ပေါက်လာ၏။ သူ ထို ပလ္လင်ပေါ်သို့ ခုန်တက်ရန် ပြင်လိုက်စဉ်မှာပင် ၎င်းဆီမှ တွန်းကန်အားတစ်မျိုး ထွက်ပေါ်လာတော့သည်။
ထိုတွန်းကန်အားကြောင့် ဝမ်ပေါင်လဲ့၏ အမြန်နှုန်းမှာ လျော့ကျသွားရပြီး သူ၏ခန္ဓာကိုယ်ကြီးမှာလည်း ရပ်တန့်သွားရ၏။ ထိုအခိုက်အတန့်တွင် ဤဂြိုဟ်ကြီး၏ ခေါင်းဆောင်ကြီး ဝမ်ပေါင်လဲ့အား ပေးအပ်သည့် အကာအကွယ်စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာသဖြင့် သူသည် ပလ္လင်ကြီး၏ တွန်းကန်အားများကို ဖိနှိပ်ချုပ်တည်းနိုင်စွမ်း ရှိသွားသည်။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ ခက်ခက်ခဲခဲနှင့် ပလ္လင်ကြီး၏ စတုတ္ထထပ်ပေါ်သို့ တက်လှမ်းနိုင်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိပ်ဆုံးအထပ်သို့ တစ်ချက်တည်းနှင့် ခုန်တက်သွားရန် ကြိုးစားလိုက်ပါသော်လည်း မအောင်မြင်ခဲ့ပေ။ သို့သော်လည်း သူသည် လက်လျှော့လိုက်ခြင်း မရှိဘဲ အော်ဟစ်မြည်တမ်းကာ တစ်ထပ်ပြီးတစ်ထပ် တက်သွားလိုက်ပြန်သည်။ ထိုသို့ဖြင့် သူသည် ပဉ္စမထပ်နှင့် ဆဋ္ဌမထပ်တို့ကို ကျော်ဖြတ်ကာ သတ္တမထပ်အထိ ရောက်ရှိသွား၏။
သူသည် တစ်ကြိမ်တည်းနှင့် အထပ်သုံးထပ် တက်လှမ်းနိုင်သွားခဲ့သည် ဖြစ်ရာ အဘိုးကြီးမှာ သူ့အား ပလ္လင်ကြီး၏ တွန်းကန်အားများဆီမှ ကာကွယ်ပေးနေသည့်တိုင်အောင် သူ၏ခန္ဓာကိုယ်မှာ တုန်ရီသွားရဆဲပင်။ ထို့ကြောင့် သူ၏ ဝိညာဉ်အငွေ့အသက်များမှာ သွေးများအဖြစ် ပြောင်းလဲသွားပြီး သူ၏ ပါးစပ်ထဲမှ သွေးတစ်ပွက် အန်ထွက်လာရ၏။ သို့သော်လည်း သူသည် ရပ်တန့်သွားခြင်း မရှိသောကြောင့် နောက်ဆုံးတွင် နဝမထပ်သို့ ရောက်ရှိသွားတော့သည်။
ထို အခြင်းအရာများကို ဖော်ပြရသည်မှာ ကြာမြင့်ပါသော်လည်း လက်တွေ့တွင်မူ ၎င်းတို့မှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်၏။ သို့သော် အဆုံးမဲ့မျိုးနွယ်စုဝင် ဂြိုဟ်အဆင့် ကျင့်ကြံသူကြီးမှာ အားအင်ချည့်နဲ့သူတစ်ယောက် မဟုတ်သောကြောင့် မျက်လုံးနီကြီးများဖြင့် အချိန်မီ တုံ့ပြန်လိုက်၏။ ထို့ကြောင့် သူ၏ နတ်ဘုရားအာရုံများမှာ အရပ်မျက်နှာအနှံ့မှ ပေါက်ကွဲထွက်ပေါ်လာကြပြီး ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာကြတော့သည်။
" မင်း ငါ့ကို လိမ်ရဲတယ်ပေါ့ "
သူ ဝမ်ပေါင်လဲ့အား ဖိနှိပ်ချုပ်တည်းနိုင်ရန် ကြိုးစားလိုက်သည့်အချိန်တွင် ဝမ်ပေါင်လဲ့မှာ ဒဿမထပ်ပေါ်သို့ ရောက်ရှိသွားပြီဖြစ်သည်။ တစ်ချိန်ထဲမှာပင် သူသည် သူ၏ ညာဘက်လက်ကို မြှောက်လိုက်သောအခါ သူ၏ လက်ညှိုးမှာ ပြုတ်ထွက်သွားပြီး သူနှင့်အနီးဆုံးတွင်ရှိနေသော တစ္ဆေဝိညာဉ်ပုံစံ မီးအိမ်ကြီးဆီသို့ ဦးတည်သွားတော့သည်။
သူ၏ လက်ညှိုး ထိုသို့ပြုတ်ထွက်သွားသည်နှင့် ဖိနှိပ်အားများမှာလည်း ပေါက်ကွဲထွက်ပေါ်လာ၏။ ဝမ်ပေါင်လဲ့မှာ အဘိုးကြီး၏ ကာကွယ်မှု အောက်တွင် ရှိနေသည့်တိုင်အောင် စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်ရဆဲပင်။ ထို့နောက် သူသည် တစ်ခေါင်းလုံး ထူပူသွားရပြီး သူ၏ ဝိညာဉ်ခန္ဓာကိုယ်ကြီးမှာလည်း ဖိနှပ်ချုပ်တည်းအားများကြောင့် ကြေမွပျက်စီးသွားတော့မည့်ပုံ ပေါက်လာတော့သည်။
သို့သော် ထိုအခိုက်အတန့်တွင် သူ၏ လက်ညှိုးမှာ တစ္ဆေဝိညာဉ်မီးအိမ်ဆီသို့ ရောက်ရှိသွား၏။ ထိုမီးအိမ်မှာ သူ၏လက်ညှိုးနှင့် ထိသွားသည်နှင့် တစ်ပြိုင်နက် အပြင်းအထန်တုန်ရီသွားပြီ ၎င်းပေါ်ရှိ အနက်ရောင် မီးတောက်များမှာလည်း ငြိမ်းသွားတော့သည်။
ထို မီးအိမ် မီးငြိမ်းသွားသည်နှင့် တစ်ချိန်လုံး မျက်လုံးများမှိတ်နေခဲ့ပြီး အဆုံးမဲ့မျိုးနွယ်စုဝင် ဂြိုဟ်အဆင့် ကျင့်ကြံသူကြီး၏ သန့်စင်ခြင်းကို ခံနေရသော အဘိုးကြီးမှာ မျက်လုံးများ ပွင့်လာသောကြောင့် သူ၏ သက်တံ့ရောင် သူငယ်အိမ်များကို မြင်လိုက်ရတော့သည်။ တစ်ချိန်ထဲမှာပင် သူသည် သူ၏ညာဘက်လက်ကို မြှောက်ကာ ဝမ်ပေါင်လဲ့ ရှိရာဘက်သို့ ဝှေ့ယမ်းလိုက်၏။
" ကျေးဇူးတင်ပါတယ် မိတ်ဆွေလေး။ တကယ်လို့ နောက်ဘဝဆိုတာရှိရင် ငါ မင်းကို သေချာပေါက် ကျေးဇူးပြန်ဆပ်ပါ့မယ် "
သူ သူ၏ညာဘက်လက်အား ဝှေ့ယမ်းလိုက်သောအခါ နူးညံ့သိမ်မွေ့သော စွမ်းအင်လှိုင်းတစ်မျိုးမှာ ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်ပျံ့လွင့်သွား၏။ ထိုစွမ်းအင်လှိုင်းကြောင့် ကြေမွပျက်စီးစပြုနေသော သူ၏ ဝိညာဉ်ခန္ဓာကိုယ်ကြီးမှာ ချက်ချင်းဆိုသလိုပင် ပြန်၍တည်ငြိမ်သွားသည်။ သူ၏ ခန္ဓာကိုယ်မှာလည်း ထိုနူးညံ့သိမ်မွေ့သော စွမ်းအားများ၏ ကာကွယ်မှုအောက်သို့ ရောက်ရှိသွား၏။
တစ်ချိန်ထဲမှာပင် ထိုအဘိုးကြီးမှာ သူ၏ညာဘက်လက်ဖြင့် အဆုံးမဲ့မျိုးနွယ်စုဝင် ဂြိုဟ်အဆင့် ကျင့်ကြံသူကြီး၏ လက်အား လှမ်းဆွဲလိုက်၏။ ထိုအခါ ထို အဆုံးမဲ့မျိုးနွယ်စုဝင်ကြီး၏ မျက်နှာအမူအရာမှာ လုံးဝပြောင်းလဲသွားတော့သည်။ ထို့နောက် အဘိုးကြီး၏ စွမ်းအားများမှာ ရုတ်ခြည်းဆိုသလို မြင့်တက်လာပြီး သူသည် အမုန်းမီးတောက်များ တောက်လောင်နေသည့် မျက်ဝန်းတစ်စုံဖြင့် စကား တစ်ခွန်းချင်းစီ ဆိုလိုက်၏။
" မင်းက ငါ့ရဲ့ မျိုးနွယ်စုကို သုတ်သင်ရှင်းလင်းခဲ့ပြီး ငါ့ရဲ့ဂြိုဟ်ကို ဖျက်ဆီးခဲ့တဲ့အပြင် ငါ့ရဲ့ သက်တံ့ရောင်ဂြိုဟ်ကိုပါ လိုချင်နေသေးတာပေါ့.... အဲလိုဆိုမှတော့ ငါကလည်း မင်းကို ပေးရတာပေါ့။ ဂြိုဟ်... ပေါက်ကွဲစေ "