← Chapters

ပြန်မယ်

Vol. 60 Ch. 828

ပြန်မယ်

Vol. 60 Ch. 828

ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်မှာ အဆုံးမဲ့တာအို နယ်မြေတစ်ခုလုံးထဲ၌ နယ်မြေတစ်ခုအား အပိုင်စားရသည့် အရှင်သခင်တစ်ပါးအဖြစ် သတ်မှတ်၍ မရပါသော်လည်း အားအင်ချည့်နဲ့သူများ မဟုတ်ကြပေ။ အဆုံးမဲ့မျိုးနွယ်စုထဲတွင်ပင် သူတို့မှာ စစ်တပ်တစ်ခုအား ဦးဆောင်ခွင့် ရှိပေသည်။ ဂြိုဟ်အဆင့်သို့ ရောက်ရှိလာနိုင်ရန်အတွက် ဂြိုဟ်များနှင့် တစ်သားတည်းပေါင်းစည်းရန် လိုအပ်သည်မဟုတ်ပါလော။ သို့ဖြစ်ရာ ထိုကဲ့သို့သော ကျင့်ကြံသူများအား ဂြိုဟ်များအဖြစ် အတိုင်းအတာတစ်ခုအထိ သတ်မှတ်၍ရပေသည်။

ဂြိုဟ်တစ်လုံး၏ အလိုအလျောက် ပေါက်ကွဲမှုပင် မဆိုထားနှင့် သက်တမ်းကုန်ဆုံးသွားသည့် ဖြစ်ရပ်ပင်လျှင် အလွင်မတန်မှ အံ့ဩတုန်လှုပ်ဖွယ်ရာ ကောင်းပေသည်။ ၎င်း၏ စွမ်းအားမှာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကိုပင် ဖျက်ဆီးပစ်နိုင်လောက်သည်အထိ ပြင်းထန်၏။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့နှင့် အခြားသူများဆင်းသက်လာသည့် ဂြိုဟ်ကြီးမှာ တစ်စစီ ကြေမွပျက်စီးသွားမည်သာဖြစ်သည်။ ထိုဂြိုဟ်ကြီးပေါ်တွင် ရှိနေသည့် အဆုံးမဲ့မျိုးနွယ်စုဝင်များမှာမူ... အသက်ရှင်နိုင်ခြေ သိပ်မရှိပေ။

စခန်းထဲ၌ ကျန်ရစ်နေခဲ့ပြီး နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီး မိုးကောင်းတာအို စိတ်ဆန္ဒအား ဖျက်ဆီးပစ်ခဲ့စဉ်တုန်းက တည်နေရာပြောင်းရွှေ့ခံခဲ့ရသော ကျင့်ကြံသူများမှလွဲ၍ အခြားသူများ အားလုံးမှာ... သေချာပေါက် သေဆုံးသွားကြမည်သာဖြစ်သည်။

ဝမ်ပေါင်လဲ့ ကဲ့သို့သော ဆင်းသက်သူများမှာမူ ထိုနေရာတွင် ရှိနေကြတော့မည်မဟုတ်ပေ။ တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုနေသည့် မီးတောက်ခေါင်းဆောင်ကြီး၏ ကျင့်ကြံခြင်းစွမ်းအားများမှာ လျှို့ဝှက်ဆန်းကြယ်ပါသော်လည်း သူသည် ထိုမြင်ကွင်းများကို မြင်လိုက်ရပြီးနောက် ဆင်းသက်သူများအား အသေခံမည်မဟုတ်ပေ။ ထို့ကြောင့် မီးတောက်ခေါင်းဆောင်ကြီးမှာ ထိုပေါက်ကွဲမှုအား အာရုံခံမိလိုက်သည်နှင့် မျက်နှာဖုံးများထဲမှ တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအားများကို အသုံးပြုလိုက်တော့သည်။

သို့သော် ထို တည်နေရာပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ်မှာ အတင်းအဓမ္မ ပေါ်ပေါက်လာမည်မဟုတ်ဘဲ ဆင်းသက်သူများကိုယ်တိုင် သဘောတူရန် လိုအပ်ပေသည်။ ထို့ကြောင့် ထို အခိုက်အတန့်တွင် ဆင်းသက်သူတိုင်းမှာ မျက်နှာဖုံးထဲမှ ထွက်ပေါ်လာသည့် စကားသံကြီး သူတို့၏ စိတ်ဝိညာဉ်ထဲ၌ ပဲ့တင်ထပ်သွားသည်ကို ကြားလိုက်ရတော့သည်။

" ' ပြန်မယ် ' လို့သာ စိတ်ထဲကနေ ရွတ်လိုက်။ အဲတာဆို ပြန်လာလို့ ရပြီ "

ထို စကားသံကြီးမှာ ဝမ်ပေါင်လဲ့၏ စိတ်ဝိညာဉ်ထဲတွင်လည်း ပဲ့တင်ထပ်သွား၏။ ယခုတွင် သူသည် ဤဂြိုဟ်၏ ခေါင်းဆောင်ကြီး ထုတ်လွှတ်ထားသည့် အကာအကွယ်စွမ်းအားများ၏ ဆွဲငင်ခြင်းကြောင့် ကျောက်ရည်ပူများနှင့် ဝေးရာသို့ ရောက်ရှိသွားနေပြီဖြစ်သည်။ ထို ဆွဲငင်မှုအားမှာ အလွန်အင်မတန်မှ အားကောင်းနေသောကြောင့် သူသည် မြေကြီးအောက်သို့ ရောက်လာခဲ့စဉ်တုန်းကထက်ပင် ပို၍မြန်ဆန်သည့် အမြန်နှုန်းမျိုးဖြင့် မြေကြီးအထက်သို့ ပြန်ရောက်သွား၏။ သို့ဖြစ်ရာ သူသည် ထိုအဘိုးကြီး ဒေါသတကြီး ကြိမ်းဝါးလိုက်သည့် စကားသံကြီးအား ခပ်ရေးရေးမျှသာ ကြားလိုက်ရသည်။

" ဂြိုဟ်ကို ဖောက်ခွဲပစ်တော့မှာ ဆိုပါလား " ဝမ်ပေါင်လဲ့မှာ အမူအရာများ ပြောင်းလဲသွားပြီး တည်နေရာပြောင်းရွှေ့ကာ ထိုနေရာမှထွက်ခွာသွားရန် အရင်ဆုံး တွေးမိလိုက်၏။ သို့သော် သူသည် တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားပြီနောက် တည်နေရာပြောင်းရွှေ့လိုသည့် စိတ်များကို ချုပ်တည်းကာ မြေပြင်ကြီးအား ငုံ့ကြည့်လိုက်တော့သည်။

ထိုအခါ ဂြိုဟ်ကြီးတစ်ခုလုံး၏ မြေပြင်ကြီးထဲမှ မြူခိုးများနှင့်တူသည့် ဖုန်မှုန့်များ ထွက်ပေါ်လာ၏။ ထို့နောက် မြေကြီးအောက်မှနေ၍ ခပ်တိုးတိုး ထစ်ချုန်းသံတစ်သံ ထွက်ပေါ်လာပြီး လျှပ်စီးကဲ့သို့သော အမြန်နှုန်းဖြင့် တစ်ဂြိုဟ်လုံးသို့ ပျံ့နှံ့သွားတော့သည်။

သို့ဖြစ်ရာ စကားလုံးများနှင့် ဖော်ပြ၍မရသော စွမ်းအင်လှိုင်းတစ်မျိုးမှာ မြေကြီးအောက်မှ ပေါက်ကွဲထွက်ပေါ်လာပြီး ပြင်ပကမ္ဘာကြီးဆီသို့ ပျံ့နှံ့သွားနေသည့် ပုံပင်။ ထို့နောက် ဝမ်ပေါင်လဲ့တစ်ယောက် သူ၏အကြည့်အား ပြန်လည် မရုပ်သိမ်းနိုင်ခင်မှာပင် မိုးကောင်းကင်ကြီးကိုပင် တုန်ရီသွားစေနိုင်သည့် အသံကြီးတစ်သံထွက်ပေါ်လာ၏။ ထို့နောက် မြေပြင်ကြီးမှာ တစ်စစီ ကြေမွပျက်စီးသွားပြီး ထိုဂြိုဟ်ကြီးပေါ်ရှိ သမုဒ္ဒရာကြီးမှာလည်း လေပေါ်သို့ မြောက်တက်သွားတော့သည်။

ဂြိုဟ်ကြီးတစ်ခုလုံးမှာ အပြင်းအထန် တုန်ရီနေပြီး အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်လာနေသည့် အသံကျယ်ကြီးများကြောင့် ဝမ်ပေါင်လဲ့မှာ ကမ္ဘာပျက်နေသည့်အလား ခံစားနေရ၏။ သို့သော် သူသည် အံကြိတ်လိုက်ပြီး တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်အား မစသေးရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူသည် သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ လေပေါ်သို့ ခုန်တက်သွားလိုက်၏။ သူ လေထဲသို့ ရောက်သွားသောအခါ သူ မတ်တတ်ရပ်နေခဲ့သည့် နေရာရှိ မြေပြင်ကြီးမှာလည်း ချက်ချင်းဆိုသလိုပင် တစ်စစီ ကြေမွပျက်စီးသွား၏။

ထိုနေရာ တစ်ခုတည်းသာမက ဘေးပတ်ပတ်လည်ရှိ နေရာအားလုံးပါ ထိုကဲ့သို့ ပျက်စီးသွားခြင်းဖြစ်သည်။ အက်ကွဲသံအကျယ်ကြီးများ ထွက်ပေါ်လာပြီးနောက် ဧရာမ အက်ကွဲကြောင်းကြီးများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကြ၏။ ၎င်းတို့မှာ အခြားနေရာများမှ အက်ကွဲကြောင်းကြီးများနှင့် ချိတ်ဆက်မိသွားကြသောအခါ ဂြိုဟ်ကြီးတစ်ခုလုံးပေါ်၌ ပြည့်နှက်သွားတော့သည်။

ထိုအခါ စူးရှကျယ်လောင်သော အော်ဟစ်မြည်တမ်းသံများနှင့် သွေးရူးသွေးတန်း ထွက်ပြေးသွားကြရမှ ပေါ်ပေါက်လာကြသည့် တရွှီးရွှီးမြည်သံများမှာ ဂြိုဟ်ကြီးပေါ်ရှိ နေရာအနှံ့အပြားတွင် ထွက်ပေါ်လာ၏။ ဝမ်ပေါင်လဲ့မှ လွဲ၍ အသက်ရှိနေသေးသည့် အခြားဆင်းသက်သူများ အားလုံးမှာ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားကြပြီဖြစ်သည်။ သူတို့အားလုံးမှာ စိတ်ထဲမှနေ၍ " ပြန်မယ် " ဆိုသည့် စကားလုံးအား ရေရွှတ်လိုက်ကြ၏။ ဝမ်ပေါင်လဲ့အား သတ်ဖြတ်ရန် လိုက်လံရှာဖွေနေခဲ့သည့် အဆုံးမဲ့မျိုးနွယ်စု စစ်တပ်မှ ကျင့်ကြံသူများမှာမူ ထိုနေရာမှ ထွက်ခွာသွားနိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီး ပျက်စီးသွားသောအခါ သူတို့မှာ မျှော်လင့်ချက်များအားလုံး ပျက်သုဉ်းသွားကြတော့သည်။

တစ်အောင်ခန့်အကြာတွင် မြေပြင်ကြီး တစ်ခုလုံးမှာ တစ်စစီ ကြေမွပျက်စီးသွား၏။ ထို့နောက် ကုန်းမြေထုကြီးများမှာ မြင့်တက်လာကြပြီး ပင်လယ်ရေများမှာ အရပ်မျက်နှာအနှံ့မှ စီးဝင်လာကြတော့သည်။ ထို့အပြင် မြေကြီးအောက်မှလည်း မြင့်မားသောအပူချိန်များ ပေါက်ကွဲထွက်ပေါ်လာသေးသည်။ ထိုအပူချိန်များနှင့်အတူ မြူခိုးလုံးကြီးများလည်း ပေါ်ပေါက်လာကြ၏။ ဂြိုဟ်ကြီး၏ အလယ်တွင်မူ ဧရာမ ဘုလုံးကြီးတစ်လုံး ထွက်ပေါ်လာပြီဖြစ်သည်။ ၎င်းမှာ ယဇ်ပလ္လင်ကြီး၏ အပေါ်တည့်တည့်တွင် ရှိနေခဲ့သော နေရာ ဖြစ်ပေသည်။

ထို ဘုလုံးကြီးမှာ မည်းနက်နေပြီး ၎င်း၏အတွင်းပိုင်းထဲ၌ လျှက်စီးတန်းများ တဖျတ်ဖျတ် လက်နေ၏။ သို့သော် သေသေချာချာ ကြည့်လိုက်မည်ဆိုလျှင် ထိုလျှပ်စီးတန်းများ လက်သွားချိန်တွင် ထို ဘုလုံးကြီး၏ အတွင်းပိုင်းထဲ၌ တစ်စစီ ကြေမွပျက်စီးနေသည့် သက်တံ့ရောင်ဂြိုဟ်တစ်လုံး ရှိနေသည်ကို မြင်နိုင်ပေမည်။

ထစ်ချုန်းသံများမှာ အဆက်မပြတ် ထွက်ပေါ်လာနေကြပြီး ၎င်းတို့ကြောင့် ကောင်းကင်ကြီးမှာလည်း တုန်ရီနေရ၏။ အဝေးမှ ကြည့်လိုက်မည်ဆိုပါက ထိုဘုလုံးကြီးမှာ အလင်းစက်လုံးကြီးတစ်လုံးနှင့် တူနေသည်။ ၎င်းမှာ တဖြည်းဖြည်းနှင့် အရွယ်အစားကြီးမားလာပြီး အရပ်မျက်နှာအနှံ့သို့ ပြန့်ကားလာနေ၏။ ၎င်း ကျော်ဖြတ်သွားသည့် နေရာတိုင်းရှိ အရာအားလုံးမှာ ပျောက်ကွယ်သွားရသည်သာ ဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကြောက်ရွံ့တုန်လှုပ်သွားရ၏။ ကံကောင်းစွာဖြင့် ဤဂြိုဟ်ကြီး၏ ခေါင်းဆောင်ကြီး ပေးထားသည့် အကာအကွယ်စွမ်းအားများမှာ လုံလောက်မှုရှိနေသည်။ သူသည် အဖျက်အဆီး စွမ်းအင်လှိုင်းများဖြင့် ရင်ဆိုင်နေရသည့်တိုင်အောင် ၎င်းတို့မှာ သူ့အား ကာကွယ်ပေးထားဆဲပင်။ ထို့ကြောင့် သူသည် လေထဲတွင် ရှိနေသည့်တိုင်အောင် မည်သည့်အရာကိုမှ မခံစားခဲ့ရပေ။ သို့သော် ဤ ဂြိုဟ်ကြီးပေါ်ရှိ စွမ်းအင်လှိုင်းများကြောင့် ပေါ်ပေါက်လာကြသည့် အဖျက်စွမ်းအားများ ကိန်းအောင်းနေသော လေပြင်းများမှာ နေရာအနှံ့တွင် တိုက်ခတ်နေကြပြီဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ ဒယိမ်းဒယိုင်ဖြစ်လာရပြီး တည်ငြိမ်မှု မရှိတော့ပေ။

" ငါ ဒီလို ထွက်သွားလို့မဖြစ်ဘူး။ အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူကြီး သေသွားတာကို ငါကိုယ်တိုင် မျက်ဝါးထင်ထင် မြင်ရမှ ဖြစ်မယ် " ဝမ်ပေါင်လဲ့၏ အသက်ရှူသံများမှာ မြန်ဆန်လွန်းနေ၏။ သူသည် ဤကိစ္စရပ်ကြီးကြောင့် သူ့အတွက် အန္တရာယ်ကြီးတစ်ခု ကျန်ရစ်ခဲ့မည်ကို မလိုလားပေ။ သူသည် မျက်နှာဖုံးတပ်၍ ဤဂြိုဟ်ပေါ်သို့ ရောက်လာခဲ့သည်ဖြစ်ရာ မည်သူကမှ သူ့အား မှတ်မိနိုင်မည် မဟုတ်ပါသော်လည်း သူ၏ သတိဝီရိယကြီးကာ ရက်စက်ကြမ်းကြုတ်သည့် ပင်ကိုယ်စရိုက်ကြောင့် ယခုလို ဖြစ်နေရဆဲပင်။

အကယ်၍ ထို အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူကြီးသာ သေဆုံးသွားခဲ့ခြင်းမရှိပါက ထိုလူကြီးမှာ သူ သန့်စင်နေခဲ့သည့် အဘိုးကြီးထက် သူ့အား ပို၍ မုန်းတီးနေလိမ့်မည်ဟု ဝမ်ပေါင်လဲ့က ယုံကြည်နေ၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တုန်လှုပ်ချောက်ချားနေရသည့်တိုင်အောင် မာန်တင်းကာ ဂြိုဟ်ကြီးရှိရာသို့ လှမ်းကြည့်လိုက်ဆဲပင်။ ဧရာမ ဘုလုံးကြီးမှာ ဂြိုဟ်ကြီး၏ သုံးဆယ်ရာခိုင်နှုန်းတိတိအား လွှမ်းခြုံသွားပြီးနောက် ဆက်လက်ပြန့်ကားလာခြင်း မရှိတော့ဘဲ ရပ်တန့်သွား၏။ ထိုအချိန်တွင် ဂြိုဟ်ကြီးမှာ တောင်ခံနိုင်စွမ်း မရှိတော့သဖြင့် စတင် ပေါက်ကွဲသွားတော့သည်။

ထို ဂြိုဟ်ကြီး၏ ပေါက်ကွဲမှုနှင့်အတူ ထစ်ချုန်းသံများမှာ နေရာအနှံ့မှ ထွက်ပေါ်လာ၏။ ၎င်းမှာ ကြွေထည်ပစ္စည်းတစ်ခုကဲ့သို့ တစ်စစီ ကြေမွပျက်စီးသွားပြီး အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားတော့သည်။

ထိုဂြိုဟ်မှာ အပြီးတိုင် ကြေမွပျက်စီးသွားခြင်းမဟုတ်ဘဲ တစ်ဝက်တိတိသာ ပျက်စီးသွားခြင်း ဖြစ်၏။ ၎င်း ထိုကဲ့သို့ ပျက်ဆီးသွားပြီး အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူများ အားလုံးနီးပါး သေဆုံးသွားသည့် အချိန်တွင် ဘုလုံးကြီးထဲမှ စူးရှကျယ်လောင်သော အော်ဟစ်မြည်တမ်းသံကြီးတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ပါသော လူရိပ်ကြီးတစ်ခုမှာ ထိုဘုလုံးကြီးထဲမှ ပြေးထွက်လာ၏။

" သူ မသေသေးဘူးပဲ " ဝမ်ပေါင်လဲ့မှာ မာန်တင်းကာ တောင့်ခံနေရင်း ထိုမြင်ကွင်းကြီးအား မြင်လိုက်ရသောအခါ မျက်လုံးများမှေးသွား၏။ သူသည် ထိုလူကြီးအား သတ်ချင်ပါသော်လည်း အဆုံးမဲ့မျိုးနွယ်စုဝင် ဂြိုဟ်အဆင့် ကျင့်ကြံသူကြီး၏ ပတ်ပတ်လည်တွင် အဖျက်အဆီးစွမ်းအားများဖြင့် ပြည့်နှက်နေသည်ဖြစ်ရာ သူသည် ထိုလူကြီး၏ အနီးသို့ မကပ်နိုင်ဘဲဖြစ်နေရသည်။

ဝမ်ပေါင်လဲ့မှာ နောင်တကြီးစွာဖြင့် သက်ပြင်းချကာ စိတ်ပျက်လက်ပျက်နှင့် ထွက်ခွာသွားရန် ပြင်လိုက်စဉ်မှာပင် ထိုလူကြီးအား သေချာပြန်ကြည့်မိလိုက်၏။

အဝတ်အစားများ စုတ်ပြဲနေပြီး ဒဏ်ရာဗရပွနှင့်ဖြစ်နေသည့် ထို အဆုံးမဲ့မျိုးနွယ်စုဝင် ဂြိုဟ်အဆင့် ကျင့်ကြံသူကြီး၏ ခန္ဓာကိုယ်ပေါ်တွင် သက်တံ့ရောင် မျဉ်းကြောင်းလေးများ အမြောက်အမြား ရှိနေ၏။ ၎င်းတို့မှာ သူ့အား ဝန်းရံထားကြပြီး သူ၏ခန္ဓာကိုယ်အား အပိုင်းပိုင်း ဖြတ်တောက်ပစ်ရန် ပြင်နေကြသည့်ပုံပင်။ ထို့ကြောင့် အဆုံးမဲ့မျိုးနွယ်စုဝင် ဂြိုဟ်အဆင့် ကျင့်ကြံသူကြီးမှာ အပြင်ဘက်သို့ပြေးထွက်လာပြီးနောက် လက်တစ်ဖက် ပြတ်တောက်သွားရသဖြင့် စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်ရတော့သည်။

ထို့နောက် သူ၏ ဒုတိယ၊ တတိယနှင့် စတုတ္ထမြောက် လက်များသာမက သူ၏ ခြေထောက်နှစ်ဖက်ပင်လျှင် ထိုကဲ့သို့ ပြတ်တောက်သွားရ၏။ ထို့ကြောင့် သူ အပြင်ဘက်သို့ ပြေးထွက်လာသည်နှင့် သူ၏ ခန္ဓာကိုယ်ကြီးမှာ ခုနစ်ပိုင်း၊ ရှစ်ပိုင်းခန့် ပြတ်တောက်သွားရတော့သည်။

ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ သူ၏ ဦးခေါင်းတစ်လုံး ပေါက်ကွဲသွားပြီးနောက် ဒုတိယတစ်လုံးမှာလည်း ချက်ချင်းဆိုသလိုပင် ထပ်၍ ကြေမွပျက်စီးသွားပြန်သည်။ ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် စိတ်လှုပ်ရှားသွားရ၏။ သို့သော် ထိုအချိန်တွင် ဂြိုဟ်ကြီး၏ အလိုအလျောက်ပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် အဖျက်စွမ်းအားများကြောင့် ပေါ်ပေါက်လာရသော သက်တံ့ရောင် မျဉ်းကြောင်းလေးများမှာ သိသိသာသာ မှေးမှိန်သွားတော့သည်။ ထိုအခါ ခေါင်းတစ်လုံးသာ ကျန်တော့သည့် အဆုံးမဲ့မျိုးနွယ်စုဝင် ဂြိုဟ်အဆင့် ကျင့်ကြံသူကြီးမှာ အစွမ်းကုန်ကြိုးစားရုန်းကန်ကာ မိုးကောင်းကင်ကြီးဆီသို့ ဦးတည် ပျံသန်းသွားလိုက်၏။

ဝမ်ပေါင်လဲ့မှာ ထိုဦးခေါင်းအား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေ၏။ သူသည် ထိုလူကြီးနှင့် အဝေးကြီးတွင် ရှိနေပြီး သူ၏ရှေ့တွင်ရှိနေသော ဂြိုဟ်ကြီး၏ အဖျက်စွမ်းအားများမှာလည်း အလွန်အင်မတန်မှ အားကောင်းလွန်းနေသည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အပြင်ဘက်တွင် ရှိနေသော အကာအကွယ်စွမ်းအားများမှာ အားပျော့လာကြသဖြင့် သူသည် ၎င်းမှာ အချိန်အကြာကြီး ဆက်လက်တောင့်ခံထားနိုင်တော့မည် မဟုတ်ကြောင်း ခံစားမိလိုက်၏။ သို့ဖြစ်ရာ သူသည် ထိုလူကြီးအား လိုက်လံဖမ်းဆီးရန် ဆန္ဒရှိလျှင်တောင် မစွမ်းနိုင်ပေ။

သို့သော် ဝမ်ပေါင်လဲ့မှာ ထိုသို့ လက်ဗလာနှင့် ထွက်ခွာသွားရန် ဆန္ဒမရှိပေ။

" ငါ သူ့ကို လိုက်မမီနိုင်ရင်တောင် သေတဲ့အထိ ငါ့ကို မှတ်မိနေအောင် ခြောက်လှန့်ခဲ့ချင်သေးတယ်ကွာ " ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်ကာ မျက်ဝန်းများ အရောင်လက်သွားပြီး သူ၏ခန္ဓာကိုယ်အား လှစ်ခနဲ လှုပ်ရှားလိုက်၏။ ထို့နောက် သူသည် အော်ဟစ်မြည်တမ်းကာ ထိုလူကြီးအား လိုက်လံဖမ်းဆီးမည့်ပုံစံ ဟန်ဆောင်လိုက်သည်။ ထိုအခါ ဘုလုံးကြီးထဲမှ ပြေးထွက်လာသည့် ဦးခေါင်းကြီးမှာ ဝမ်ပေါင်လဲ့ ရှိနေသည့်ဘက်သို့ လှည့်လာပြီး အမုန်းမီးတောက်များ တောက်လောက်နေသည့် မျက်ဝန်းတစ်စုံဖြင့် လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် သွေးရူးသွေးတန်း အော်ဟစ်မြည်တမ်းကာ အံကြိတ်လိုက်ပြီးနောက် သူ၏ ဦးခေါင်း၏ တစ်ဝက်တိတိအား ဖောက်ခွဲပစ်လိုက်တော့သည်။

သူသည် ထိုပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် စွမ်းအားများဖြင့် အမည်မသိ ပညာရပ်တစ်မျိုးအား ထုတ်သုံးလိုက်ပြီးနောက် ချက်ချင်းပျောက်ကွယ်သွားတော့သည်။

" သူ တကယ်ကြီး ကြောက်သွားတာလာဟ " ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ပျော်ရွှင်ကျေနပ်သွားရ၏။ သူ၏ နှလုံးသားထဲရှိ စိုးရိမ်စိတ်များမှာလည်း အတော်အသင့် လျော့ကျသွားရပြီ ဖြစ်သည်။ ထို အဆုံးမဲ့မျိုးနွယ်စုဝင် ဂြိုဟ်အဆင့် ကျင့်ကြံသူကြီးမှာ အသက်သေမသွားခဲ့သည့်တိုင်အောင် သူ၏ နဂိုမူလ ကျင့်ကြံခြင်းအဆင့်သို့ ပြန်လည်ရောက်ရှိအောင် လုပ်နိုင်ရန်မှာ လုံးဝနီးပါး မဖြစ်နိုင်တော့ကြောင်း သူက မြင်ခဲ့ရသည် မဟုတ်ပါလော။

ထို့ကြောင့် သူသည် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် သူ၏မျက်နှာပေါ်မှ မျက်နှာဖုံးအား လက်ဖြင့်ပွတ်ကာ ကြေမွပျက်စီးနေသည့် မြေပြင်ကြီးနှင့် ဆက်လက်ပြန့်ကားနေဆဲဖြစ်သည့် ဘုလုံးကြီးတို့အား ကြည့်ရင်း လေသံတိုးတိုးဖြင့် သက်ပြင်းချလိုက်၏။

" ပြန်မယ် "

သူ ထိုသို့ဆိုလိုက်သည်နှင့် သူ၏မျက်နှာဖုံးမှာ ဝင်းလက်တောက်ပလာ၏။ ထိုအချိန်တွင် ဧရာမ ဘုလုံးကြီးထဲမှ ခပ်မှိန်မှိန် သက်တံ့ရောင် အလင်းတန်းတစ်ခု ရုတ်တရက်ဆိုသလို ထိုးထွက်လာသည်။ ၎င်းမှာ ပစ္စည်းနှစ်ခုကို သယ်ဆောင်ရင်း ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာနေခြင်း ဖြစ်၏။

၎င်းတို့ထဲမှ ပစ္စည်းတစ်ခုမှာ သက်တံ့ရောင် အလင်းရောင်များ ထုတ်လွှတ်နေပြီး လက်သည်းခွံ အရွယ်အစားခန့်ရှိသော ကျောက်တုံးအမြုတေတစ်ခု ဖြစ်၏။ အခြားပစ္စည်းတစ်ခုမှာမူ... လက်ဖဝါးတစ်ခု ဖြစ်သည်။ ၎င်းမှာ ထွက်ပြေးလွတ်မြောက်သွားသည့် အဆုံးမဲ့မျိုးနွယ်စုဝင် ဂြိုဟ်အဆင့် ကျင့်ကြံသူကြီး၏ လက်ဖဝါး ဖြစ်ပေသည်။ ထိုလက်ဖဝါးကြီးပေါ်တွင် လက်ချောင်းသုံးချောင်း ကျန်ရှိနေဆဲဖြစ်ပြီး ၎င်း၏ လက်ညှိုးတွင် သိုလှောင်လက်စွပ်တစ်ကွင်း စွပ်ထားသည်။

ထို သိုလှောင်လက်စွပ်မှာ အမှန်တကယ်ပင် တမူထူးခြားရပေမည်။ ၎င်းမှာ ပေါက်ကွဲမှုစွမ်းအားများကို ကျော်ဖြတ်လာရသည့်တိုင်အောင် ထိခိုက်ပျက်စီးမှု လုံးဝမရှိဘဲ သူ့ဆီသို့ ရောက်ရှိလာသည် မဟုတ်ပါလော။

ထို ပစ္စည်းနှစ်ခုမှာ သက်တံ့ရောင် အလင်းရောင်များ၏ ကြားရှိ တည်နေရာ ပြောင်းရွှေ့သွားတော့မည့် ဝမ်ပေါင်လဲ့၏ ရှေ့၌ ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာသည်။ ဝမ်ပေါင်လဲ့တစ်ယောက် ထိုပစ္စည်းများအား လှမ်းယူပြီးသွားချိန်တွင် တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်ကြီးမှာ စတင်သွား၏။

ထို့နောက် မျက်စိတစ်မှိတ်အတွင်းတွင် ဝမ်ပေါင်လဲ့၏ လူရိပ်ကြီးမှာ ပျောက်ကွယ်သွားတော့သည်။

All Chapters