← Chapters

ဂိုဏ်းပြင်ရေးရာ ခန်းမသခင်

Vol. 65 Ch. 897

ဂိုဏ်းပြင်ရေးရာ ခန်းမသခင်

Vol. 65 Ch. 897

ကောင်းကင်လူသားဂိုဏ်း၏ အလယ်၌  ဖန်းကျဲက သူ ဖွင့်လိုက်သော လျို့ဝှက်အစီအရင်၏ ရှေ့တွင်  ဝမ်းသာကြည်နူးစွာ မတ်တပ်ရပ်နေသည်။ ထိုနေရာ၌ ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော ၉၉ ခုရှိနေပြီး ထို ၉၉ ခုလုံးက အစီအရင် စက်ဝန်းတစ်ခုနှယ် ဖော်ဆောင်နေသည်။ အစီအရင်ကို စတင် အသက်သွင်းလိုက်သည်နှင့် နတ်ဝိညာဉ်စွမ်းအားများမှာ လွှမ်းမိုးသွားပေမည်။

ထိပ်တန်းအဆင့် ဝိညာဉ်သွေးကြော ၉၉ ခုလုံးအား ဖုံးကွယ်ရန် သုံးထားသော ထိပ်တန်းအဆင့် အစီအရင်ကို အသုံးပြုခြင်းဖြင့် မိုးမြေမဟာတာအို စည်းမျဉ်းများအပေါ် ရှင်းလင်းပြတ်သားသော ဉာဏ်အလင်းပွင့်လာနိုင်သည်။

ဤထိပ်တန်းအဆင့် ဝိညာဉ်သွေးကြော ၉၉ ခုဖြင့် ဖွဲ့စည်းထားသော စွမ်းအားစုစည်းရေး အစီအရင် စက်ဝန်းသည်ကား မပျက်စီးစေသရွေ့ အမြဲထာဝရ တည်ရှိနေနိုင်ပေလိမ့်မည်။ မရှိမဖြစ် လိုအပ်ချက်တစ်ခုမှာ သူတို့ ကောင်းကင်လူသားဂိုဏ်းသည် အစီအရင်ထဲသို့ နတ်ဘုရားကျောက် သို့မဟုတ် နတ်ဝိညာဉ်သွေးကြောများကို ရံဖန်ရံခါ ဖြည့်တင်းပေးရမည့် အချက်ပင် ဖြစ်၏။

ကောင်းကင်လူသားဂိုဏ်း၏ ဘိုးဘေးဘီဘင်များမှာ ဤကဲ့သို့ ကြီးမားလှသော စွမ်းအားစုစည်းရေး အစီအရင်ကို ခင်းကျင်းနိုင်သည်အထိ အမှန်တကယ် အင်အား ကောင်းခဲ့ကြပေသည်။ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်း သို့မဟုတ် ဝမ်ချွမ်းတာအိုကျောင်းကဲ့သို့ ထိပ်သီးဂိုဏ်းများမှာပင် ဤကဲ့သို့ စွမ်းအားစုစည်းရေး အစီအရင်မျိုး မရှိလောက်ပေ။ ဤစွမ်းအားစုစည်းရေး အစီအရင်သည် မိုးမြေစည်းမျဉ်းများကိုပင် ထိန်းချုပ်နိုင်လေ၏။

ယခင်က သူသည် ကောင်းကင်လူသားဂိုဏ်း၏ နတ်ဝိညာဉ်သွေးကြောများ အားလုံး ထုတ်ယူ အခိုးခံလိုက်ရသည်ဟု ယုံကြည်ခဲ့သည်။ သို့သော်လည်း ယခုမူ ကောင်းကင်လူသားဂိုဏ်း၏ အုတ်မြစ်စင်စစ်မှာတော့ မည်သည့်အခါကမျှ ထိတွေ့ခြင်း မခံခဲ့ရကြောင်းကို သိလိုက်ရ၏။။ ခိုးယူခံလိုက်ရသော နတ်ဝိညာဉ်သွေးကြောများမှာ အပို ဝိညာဉ်သွေးကြောများသာ ဖြစ်သည်။ ပို၍ တိတိကျကျ ပြောရမည်ဆိုလျှင် ၎င်းတို့သည် ထောက်ပံ့ နတ်ဝိညာဉ်သွေးကြောများသာ ဖြစ်သည်။

အကယ်၍ သူသာ နတ်ဘုရားဘုရင်အဆင့်သို့ မတက်လှမ်းနိုင်ခဲ့လျှင် ဤနေရာကို မည်ကဲ့သို့ ရှာတွေ့မည်နည်း။ တစ်နည်းအားဖြင့် ကောင်းကင်လူသားဂိုဏ်း၏ အုတ်မြစ်စင်စစ်အကြောင်းကို မည်သို့များ ရှာဖွေတွေ့ရှိမည်နည်း။

မဟုတ်သေးချေ……

ဖန်းကျဲသည် တစ်စုံတစ်ရာကို သဘောပေါက်နားလည်လိုက်သည်နှင့် သူ့နှလုံးသားမှာ တစ်ချက် ခုန်သွားသည်။ ယခင်က သူသာ သန့်ရှင်းသိပ်သည်းသော နတ်ဝိညာဉ်စွမ်းအားကို ရုတ်ခြည်း မစုပ်ယူနိုင်ခဲ့ပါက သူသည် နတ်ဘုရားဘုရင်အဆင့်သို့ လုံး၀ တက်လှမ်းလာနိုင်လိမ့်မည် မဟုတ်ပေ။ တစ်နည်းအားဖြင့် သူသည် နတ်ဘုရားဘုရင်အဆင့်လို့ တက်လှမ်းခဲ့လျှင်တောင် ဤနေရာကို ရှာတွေ့ချင်မှ ရှာတွေ့နိုင်ပေလိမ့်မည်။

ယခင်က ဤနေရာ၌ ရှိနေသည့် ထိပ်တန်းအဆင့် ဝိညာဉ်စွမ်းအားကို စုပ်ယူမိ၍သာ သူက ဤနေရာကို ရှာတွေ့နိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်သာ သူက ဤနေရာသို့ ရောက်ရန် ယခင်က  ခံစားချက်ကို အသုံးချနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

နောက်ထပ် ကောင်းကင်လူသားဂိုဏ်း၏ တည်ထောင်သူ ဘိုးဘေးများသည်လည်း အသက်မဆုံးရှုံးကြသေးဘဲ ဤတစ်လျှောက်လုံးတွင် ကောင်းကင်လူသားဂိုဏ်းအား စောင့်ရှောက်နေကြသည်ပေလော။ ထို့နောက် သူ့အား နတ်ဘုရားဘုရင်အဆင့်သို့ တက်လှမ်းနိုင်စေပြီး ဤတည်နေရာအား ရှာတွေ့နိုင်စေသည်များလော။

ဖန်းကျဲက ဤအတွေးကို မြန်မြန် ဘေးပို့ထားလိုက်သည်။ နောက်ထပ် တခြား တည်ထောင်သူဘိုးဘေးများသာ ရှိနေဦးမည်ဆိုလျှင် သူတို့သည် ပုန်းကွယ်နေလိမ့်မည် မဟုတ်ကြောင်း သူ ယုံကြည်ထားသည်။

မည်သို့ပင်ဆိုစေကာမူ ဤ ထိပ်တန်းအဆင့် ဝိညာဉ်သွေးကြော ၉၉ ခုဖြင့် ဖွဲ့စည်းထားသော ဤထိပ်တန်းအဆင့် မိုးမြေစွမ်းအားစုစည်းရေး အစီအရင်ကို သူက ဖွင့်နိုင်မည် မဟုတ်ပေ။ ဤအစီအရင်သည် ကောင်းကင်လူသားဂိုဏ်း၏ အောက်ခြေ အထောက်အပံ့ အနေဖြင့်သာ လုပ်ဆောင်နိုင်ပေလိမ့်မည်။ သူလုပ်ရမည့်အရာမှာ အပြင်ဘက်၌ ခင်းကျင်းရန် သာမန် နတ်ဝိညာဉ်သွေးကြောများကို ရှာပြီး ဤအစီအရင်၏ အသုံးပြုနည်းနှင့် ပေါင်းစပ်ရန်သာ ဖြစ်သည်။ ဤသည်ကား ကောင်းကင်လူသားဂိုဏ်းက ကျင့်ကြံရေး တော်ဝင်နယ်မြေအစစ်တစ်ခု ဖြစ်လာနိုင်သည့် တစ်ခုတည်းသော နည်းလမ်းသာ ဖြစ်နေ၏။

သို့သော် ဤထိပ်တန်းအဆင့် မိုးမြေစွမ်းအား စုစည်းရေးအစီအရင်၏ တည်ရှိမှုကို ထုတ်ဖော်၍ မဖြစ်ပေ။ ကောင်းကင်လူသားဂိုဏ်းအတွက် ဤအရာသည် လျို့ဝှက်ချက် တစ်ခုအဖြစ် ဆက်လက် တည်ရှိနေရမည်။

…………

ယခု လောလောဆယ်တွင် ကောင်းကင်လူသားဂိုဏ်း၏ အစွန်အဖျားပိုင်း၌ ရှုပေါ်နှင့် စုရှားအပါအဝင် လူအယောက် နှစ်ဆယ် သုံးဆယ်လောက်က မိုဝူကျိအား တအံ့တသြ ကြည့်လိုက်ကြသည်။

မိုဝူကျိ၏ ဦးဆောင် လမ်းညွှန်မှုအောက်တွင် ဂိုဏ်းအပြင်ဘက်ရှိ ခမ်းခြောက်စိမ့်စမ်းအိုင်အား ကျယ်ဝန်းသော ရင်ပြင်ကြီး တစ်ခုအဖြစ် ပြန်လည် တည်ဆောက်လိုက်ကြသည်။ မိုဝူကျိက စိတ်ဝိညာဉ်မြူများ ဟိုဟိုသည်သည် ရေးရေးလေး ဖုံးလွှမ်းနေစေရန် ရင်ပြင်ပတ်လည်တွင် သာမန်အစီအရင်တစ်ခုကို ခင်းကျင်းလိုက်သည်။ ရင်ပြင်ကို လှပသော သစ်ပင်တန်း နှစ်တန်းဖြင့် ခင်းကျင်း အလှဆင်ထားကာ  ရင်ပြင်ပေါ်ရှိ သစ်ပင်များ ပတ်လည်တွင် ပျော်မြူးပျံသန်းနေဖို့ရာ ရာချီသော အင်မော်တယ် ငှက်များကိုလည်း ဝယ်ယူထားသည်။

မိုဝူကျိသည် ရင်ပြင်ပေါ်တွင် အင်မော်တယ်တေးသံ အစီအရင်တစ်ခု ခင်းကျင်းလိုက်သည်။ တစ်စုံတစ်ယောက်က ရင်ပြင်ထဲသို့ ဝင်ရောက်လာသည်နှင့် တပ်မက်ဖွယ် သာယာနွဲ့နှောင်းသော အင်မော်တယ် တေးသံကို ရှင်းရှင်းလင်းလင်း ကြားနိုင်ပေလိမ့်မည်။

ရင်ပြင်အတွင်းထဲ၌ မီတာအနည်းငယ် ကျယ်ဝန်းသော ကျောက်စိမ်းလျှောက်လမ်းက ဂိုဏ်းထဲသို့ သွယ်တန်းထားသည်။ ကျောက်စိမ်းလျှောက်လမ်းပေါ်တွင် ခင်းထားသော ရွှေရောင်ကော်ဇောက ကောင်းကင်လူသားဂိုဏ်း၏ အသွင်အပြင်တစ်ခုလုံးအား အဆများစွာ တိုးတက် ကောင်းမွန်သွားစေသည်။

ရင်ပြင်အပေါ်တွင်မူ တာအိုအငွေ့အသက်တို့ ရစ်ပတ်လျက်ရှိသည့် ခမ်းနားဝင့်ကြွားလွန်းသော စကားလုံးသုံးလုံးက တည်ရှိနေသည်။

“ ကောင်းကင်လူသား ရင်ပြင် ”

ဤစကားလုံးသုံးလုံးကို မိုဝူကျိ ကိုယ်တိုင် ရေးသားထားခြင်း ဖြစ်သည်။ ဤစကားလုံးအနည်းငယ်သည် အလွန်ရိုးရှင်းပုံ ပေါ်သော်လည်း သူ၏ မဟာတာအိုအပေါ် နက်နဲစွာ နားလည်နိုင်စွမ်းအပြင် ကျင့်ကြံဆင့်၌ တဟုန်ထိုး တိုးတက်မှုက ဤစကားလုံးများ၏ တာအိုစည်းမျဉ်း အငွေ့အသက်များတွင် အဆက်မပြတ် တိုးပွားမှုကို ဖြစ်ပေါ်လာစေသည်။

မိုဝူကျိ၏ ရိုးရှင်းသော ပြင်ဆင်မှု အပြီးတွင် အစောပိုင်းက ပျက်ဆီးနေသော ကောင်းကင်လူသားဂိုဏ်းမှာ များစွာ ခမ်းနားထည်ဝါသွားပုံ ပေါ်လေသည်။

“ ဂျုနီယာမောင်လေးဝူကျိ… မင်းက အရမ်း တော်တာပဲ။ ဒီဟာက ငါတို့ရဲ့ ကောင်းကင်လူသားဂိုဏ်းဆိုတာ မယုံကြည်နိုင်စရာပဲ ”

စုရှားက နောက်ခံ တီးမှုတ်နေသည့် ချိုသာသော တေးသံကို နားထောင်ရင်း သန့်ရှင်းကျယ်ပြောလှသော ကောင်းကင်လူသားရင်ပြင်ကြီးကို ကျေနပ်စွာ ကြည့်လိုက်သည်။

ဧည့်သည်များ၏ အင်မော်တယ်နေအိမ်များကို အလှဆင်ရသည့် သူမ အလုပ် ပြီးသွားသည့်နောက် ရှုပေါ်ကို ကူညီရန် ရောက်လာခဲ့ခြင်းသာ ဖြစ်သည်။ သူမ မျှော်လင့်မထားသည့်အရာမှာ ရှုပေါ်က ဧည့်ကြိုတာဝန်တစ်ခုလုံးကို သူမ၏ ဂျူနီယာ မိုဝူကျိထံ အမှန်တကယ် တာဝန်လွှဲပေးလိုက်ခြင်းပင် ဖြစ်သည်။

“ ဟုတ်တယ် ဝူကျိ.. မင်းက ဒီမှာရှိတဲ့ငါတို့တွေ အကုန်လုံးထက် အများကြီး ပိုပြီးစွမ်းဆောင်နိုင်တယ် ”

ဤရင်ပြင်ကို မြင်ကာ ရှုပေါ်သည်လည်း တူညီစွာ စိတ်လှုပ်ရှားနေမိသည်။

မိုဝူကျိက အမြန် တုန့်ပြန်လိုက်သည်။

“ ဒီဟာတွေက အသွင်အပြင်ပဲ ရှိတာ။ ကျွန်တော်တို့ ပတ်ဝန်းကျင်က ခုခံကာကွယ်ရေး အစီအရင်က အဆင့်နိမ့်နေသေးတယ်။ တကယ်တော့ ဒီဟာမှာ နတ်ဝိညာဉ်စွမ်းအားတွေလည်း မရှိပြန်ဘူး။ အလွန်ဆုံး မျက်လုံးထဲ ကြည့်ကောင်းနေတာပဲ ရှိတာ …  ”

မိုဝူကျိက ကျိုးကြောင်းမဆီလျော်စွာ ပြောဆိုနေခြင်းမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ခုခံကာကွယ်ရေး အစီအရင်အပါအဝင် သူ ခင်းကျင်းထားသော အရာအားလုံးသည် အကုန်လုံး အလွန် အဆင့်နိမ့်နေသောကြောင့် ဖြစ်သည်။ ယင်းတို့တွင် အလွန်ဆုံးရှိလှ အဆင့် ၁ နတ်ဘုရား အစီအရင်လောက်သာ ရှိပေမည်။ ဤအနီးအနားဝန်းကျင်ရှိ အင်အားအနည်းဆုံး ဂိုဏ်းသည်ပင် ဤကဲ့သို့ အဆင့်နိမ့်အစီအရင်များကို ခင်းကျင်းလိမ့်မည် မဟုတ်ကြောင်း သူ သေချာသိနေသည်။

နှမြောစရာကောင်းသည်မှာ ကူညီရန်လာသော ဂိုဏ်းသား ၁၀ ဦး အနက် သူ၏ အစီအရင်တာအို အဆင့်မှာ သူတို့အားလုံးထဲတွင် အမြင့်ဆုံး ဖြစ်နေလေသည်။ ကျန်လူများမှာ အဆင့် ၁ နတ်ဘုရား အစီအရင် တစ်ခုကိုတောင် ခင်းကျင်းနိုင်လိမ့်မည် မဟုတ်ပေ။

မိုဝူကျိ စကားဆုံးသည်နှင့် ရုတ်တရက် တည်နေရာတစ်ခုလုံး သိပ်သည်းထူထပ်သော နတ်ဝိညာဉ်စွမ်းအားများနှင့် ပြည့်နှက်သွားသည်။ လူတိုင်းက ခေါင်းပေါ်သို့ အံ့သြတသြ ခေါင်းမော့ကြည့်လိုက်ချိန်တွင် တောင်ထဲ အဝေးတစ်နေရာမှ တည်ထောင်သူဘိုးဘေး ဖန်းကျဲ၏အသံကို ကြားလိုက်ရသည်။

“ ငါ နတ်ဝိညာဉ်သွေးကြောတချို့ ခင်းကျင်းပြင်ဆင်ပြီးသွားပြီ။ ဒါကြောင့် အားလုံးပဲ အခု စတင်ကျင့်ကြံနိုင်ပြီ။ နောင်ကျရင် ငါတို့ကောင်းကင်လူသားဂိုဏ်းထဲကို ပိုများတဲ့ နတ်ဝိညာဉ်သွေးကြောတွေကို ထပ်ထည့်သွင်းကြမယ်။ အဲ့လိုဆို ငါတို့ရဲ့ ကျင့်ကြံရေးနယ်မြေက ပိုကောင်းလာလိမ့်မယ် … ”

“ ကောင်းကင်လူသားဂိုဏ်း ထာဝရ တည်ရှိစေသော် … တည်ထောင်သူဘိုးဘေး ထာဝရ တည်ရှိစေသော် ”

ကောင်းကင်လူသားဂိုဏ်းထဲရှိ အကြီးအကဲများနှင့် တပည့်သားများ အားလုံးက ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။

မိုဝူကျိက ကောင်းကင်လူသားဂိုဏ်း၏ အသွင်အပြင်ကို ပြင်ဆင်ပြီးသွားစဉ် ဖန်းကျဲက ဂိုဏ်း၏ နတ်ဝိညာဉ်စွမ်းအားကို ပြန်လည် ရှင်သန်စေလိုက်သည်။ ဤသည်ကား  ကောင်းကင်လူသားဂိုဏ်း၏ အုတ်မြစ်စင်စစ်  ဖြစ်ပေသည်။

“ ဒါ ဘယ်သူ လုပ်ထားတာလဲ … ”

နတ်ဝိညာဉ်သွေးကြောများကို ထည့်သွင်းပြီးသည့်နောက် ဖန်းကျဲသည် စိတ်စွမ်းအားမှတဆင့် ကောင်းကင်လူသားဂိုဏ်း အပြင်ဘက်ရှိ ခမ်းခြောက်စိမ့်စမ်းအိုင်ထဲမှ ပြောင်းလဲမှုကို မြင်လိုက်သည်။ ချက်ချင်းပင် သူက ရင်ပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။

ကောင်းကင်လူသားဂိုဏ်းအပြင်ရှိ ခမ်းခြောက်စိမ့်စမ်းအိုင်သည် ရေအိုင်ငယ် ဖြစ်ခဲ့သည်။ ကောင်းကင်လူသားဂိုဏ်း ကြုံတွေ့ခဲ့ရသော ဘေးဒုက္ခကြီးကြောင့် နတ်ဝိညာဉ်သွေးကြော၊ ဆေးဖက်ဝင် စိုက်ခင်း အပါအဝင် အပြင်ဘက်ရှိ အရာအားလုံးသာမက တောင်များကိုပင် ယူဆောင်သွားခြင်းကို ခံခဲ့ရ၏။ ကောင်းကင်လူသားဂိုဏ်း၏ ရေအိုင်ငယ်မှာ ခမ်းခြောက်လာပြီး နောက်ဆုံးတွင် ခမ်းခြောက် စိမ့်စိမ်းအိုင်အဖြစ် အဆုံးသတ်သွားရသည်။

ရေအိုင်ငယ်၏ နဂိုမူလအခြေအနေသို့ ပြန်လည်ရောက်ရှိအောင် ရှီစုကို မလုပ်ခိုင်းသေးခင် ဖန်းကျဲက ဂိုဏ်းခန်းမကို အရင် ပြန်လည်တည်ဆောက်ရန် ရည်ရွယ်ထားသည်။ သူ မမျှော်လင့်ထားသည့်အရာမှာ ထိုအရာကို သူ မလုပ်ရသေးခင် ရေအိုင်ငယ်သည် တကယ့်ကို ကျယ်ဝန်းသော ရင်ပြင်ကြီးအဖြစ် ပြောင်းလဲသွားခြင်းပင် ဖြစ်သည်။

ထိုမျှသာမက ဤရင်ပြင်သည် မယုံနိုင်လောက်အောင် ကြီးမားပြီး ခံညားထည်ဝါပေသည်။ လှပသော သစ်ပင်တန်းများနှင့် ကာကွယ်ရေးအစီအရင်များ၏ အဆင့်မှာ စံချိန်မီ အဆင့်များ မဟုတ်သော်လည်း အင်မော်တယ်တေးသံမှာ အလွန်သာယာနာ ပျော်ဖွယ်ကောင်းပြီး ကြိုဆိုနေသော သစ်ပင်များသည်ကား ကျက်သရေရှိ တင့်တယ်နေသည်။

ရင်ပြင်၏ အလယ်တွင် ရှိနေသော ရွှေရောင်ကောဇောကိုပါ ထည့်ပေါင်းကြည့်လိုက်လျှင် ကောင်းကင်လူသားဂိုဏ်းသည်ကား ကြည့်ရသည်မှာ အရင်ကထက် များစွာ ပိုပြီး ခံ့ညားထည်ဝါသွားလေ၏။

သို့မဟုတ်ပါက သူ့နတ်ဘုရားဘုရင် ရိုးရားအခမ်းအနားကို ကြည့်ရှုနေစဉ် ဂိုဏ်း၏ ပျက်စီးနေသော ပိုင်နက်မြေအပေါ် လူများက အထင်သေးနေဆဲ ဖြစ်လိမ့်မည်။

“ တည်ထောင်သူဘိုးဘေးကို အကြောင်းပြန်ပါတယ်။ ဒါတွေကို ဂျူနီယာမောင်လေးမိုရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်မတို့တွေ လုပ်ခဲ့တာပါ ”

စုရှားသည် ဖန်းကျဲအား ပြန်လည်ဖြေကြားရန် အလျင်စလို ဦးညွှတ်လိုက်သည်။

ဖန်းကျဲသည် စကားမပြောခင် မိုဝူကျိအား အားရဝမ်းသာစွာ ကြည့်လိုက်ပြီး

“ မဆိုးဘူး။ မင်းက ဗဟုသုတကြွယ်ရုံတင် မကဘူး စွမ်းဆောင်နိုင်စွမ်းလည်း ရှိသားပဲ။ စုရှား… ဝူကျိကို သူ့ဝိညာဉ်ကြော စစ်ဆေးဖို့ကူညီလိုက် ”

ဖန်းကျဲ၏စကားများကို ကြားသည်နှင့် ရှုပေါ်၊ စုရှားအပါအဝင် ယင်လင်းနှင့် သူ့အပေါင်းအဖော်များကပင် မိုဝူကျိအတွက် အားလုံး ဝမ်းသာမိသွားကြသည်။ ဤသည်မှာ ဖန်းကျဲသည် မိုဝူကျိအား စတင်၍ တန်ဖိုးထားလိုက်သည်ကို ပြသလိုက်ခြင်း ဖြစ်၏။ သူ့ဝိညာဉ်ကြောများက လက်ခံနိုင်လောက်သော အဆင့်တွင် ရှိနေသ၍ မိုဝူကျိသည် သေချာပေါက် အနာဂတ်တွင် အရေးပါသောပုဂ္ဂိုလ် ဖြစ်လာပေလိမ့်မည်။

ရှီစုနှင့် အကြီးအကဲတချို့ ဤနေရာသို့ ရောက်လာသည်နှင့် သူတို့သည် မိုဝူကျိ၏ လုပ်ဆောင်ချက်များ အပေါ် တူညီစွာပင် အလွန်အံ့အားသင့်သွားကြ၏။ ဤရက်အနည်းငယ်အတွင်း ကောင်းကင်လူသားဂိုဏ်းသည် အရင်ကထက် များစွာပို၍ ဂုဏ်သရေရှိ ခံ့ညားသွားပုံပေါ်သည်။ သူ့ဝိညာဉ်ကြော မည်မျှကောင်းသည်ကို ထည့်သွင်းမစဉ်းစားပါက မိုဝူကျိသည် သေချာပေါက် စွမ်းဆောင်ရည်ရှိသော လူတစ်ယောက် ဖြစ်ပေသည်။

ဖန်းကျဲက စိတ်အားထက်သန်စွာ ပြောလိုက်သည်နှင့် ရှီစုသည် မှော်ရတနာကို  အလျင်အမြန် ထုတ်ယူလိုက်သည်။

“ ဝူကျိ… မင်း ဘာမှစိုးရိမ်စရာမလိုဘူး။ မင်းကိုယ်တိုင် စစ်ဆေးကြည့်ရုံပဲ။ ပြီးတော့ ရလဒ်က ဘာပဲဖြစ်ဖြစ် မင်းက ကောင်းကင်လူသားဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်နေဦးမှာပါ ”

“ ဟုတ်ကဲ့ ”

အကယ်၍ ဤသည်မှာ ကူချိုက်အတွက် ကျင့်စဉ် မဖော်ထုတ်ပေးခင်က ဖြစ်ခဲ့ပါလျှင် မိုဝူကျိသည် အနည်းငယ် တွန့်ဆုတ်မိပေလိမ့်မည်။ သို့သော် ယခုတွင်ကား သူသည် သူ့သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းနှင့် စိတ်ဝိညာဉ် သိုလှောင်ရေးလမ်းကြောင်းတို့ကို အသုံးပြုနိုင်ပြီဖြစ်၍ လုံးဝတွန့်ဆုတ်မနေတော့ပေ။ သူ့ဝိညာဉ်ကြောများ၏ လက္ခဏာများကို ထိန်းချုပ်နိုင်လိမ့်မည် ဖြစ်ကြောင်း သူသိနေသည်။ ဤသည်မှာ သူ ထိန်းသိမ်းထားရမည့် လျို့ဝှက်ချက်တစ်ခု ဖြစ်သည်။

ကူချိုက်က  သူ လုပ်နိုင်လိမ့်မည်ဟု သိနေသော်လည်း သူ မည်သို့လုပ်လိုက်သည်ကိုတော့ သူမ ရှာဖွေတွေ့ရှိနိုင်လိမ့်မည် မဟုတ်ပေ။

မိုဝူကျိသည် သူ့ဝိညာဉ်ကြောများကို သာမန်ထက်လွန်ကဲစွာ ပြုလုပ်ရန် လုံး၀ မရည်ရွယ်ခဲ့ဖူးပေ။ စစ်ဆေးနေစဉ်တွင် သူက လေနှင့် လျှပ်စီးစည်းမျဉ်းများကို အသာ လှည့်ပတ်လိုက်သည်။

“ ဟူး… မင်းမှာ လျှပ်စီးဝိညာဉ်ကြောရော လေဓာတ်ဝိညာဉ်ကြောပါ ရှိနေတာကိုး။ ဘယ်လောက်တောင် ရှားပါးလိုက်သလဲ… ”

မိုဝူကျိတွင် မတူညီသော သဘာဝကွဲ ဝိညာဉ်ကြော နှစ်မျိုး ရှိသည်ကို မြင်ရသောအခါ ဖန်းကျဲသည် အံ့အားသင့်စွာပြောလိုက်ပြီး သက်ပြင်းချလိုက်သည်။

“ နှမျောဖို့ကောင်းတာက မင်းရဲ့ဝိညာဉ်ကြော အသွင်ပြောင်းခြင်းက နည်းနည်း ဆိုးရွားနေတာပဲ။ ဟူး…”

မိုဝူကျိ၏ အသွင်ပြောင်းခြင်းသည် အနည်းငယ်သာ ဆိုးရွားနေသည်ဟု ရှီစုနှင့် သူ့အပေါင်းအပါများက မယုံကြည်သဖြင့် ဘာမှမပြောချေ။ တိုင်များထဲမှ တစ်ဝက်သည် အနက်ရောင် ဖြစ်နေသည်ကို ကြည့်ခြင်းအားဖြင့် ဤသည်မှာ အနည်းငယ် ဆိုးရွားနေသည် မဟုတ်ဘဲ ဒီ့ထက် ဆိုးရွားစရာမရှိတော့သည့် အတိုင်းအတာထိ ဆိုးရွားနေကြောင်း သိသာပေသည်။

ဖန်းကျဲသည် နောက်တစ်ကြိမ် စကားမပြောခင် ခဏလောက် ငြိမ်သက်နေလိုက်သည်။

“ ဝူကျိ…မင်းက စွမ်းဆောင်နိုင်ပြီး ဗဟုသုတကြွယ်တဲ့ တပည့် တစ်ယောက်ပဲ။ မင်းရဲ့ ဝိညာဉ်ကြော အသွင်ပြောင်းလဲခြင်းက ဆိုးရွားနေရင်တောင် ကိစ္စမရှိဘူး။ ဟိုးလွန်ခဲ့တဲ့နှစ်တွေတုန်းက ငါတို့ဆီမှာ နတ်ဘုရားဘုရင်အဆင့်အထိ တက်လှမ်းခဲ့ကြတဲ့ ဆိုးရွားတဲ့ ဝိညာဉ်ကြောပိုင်ရှင် ကျင့်ကြံသူအများကြီး ရှိဖူးတယ်။ ဒါကြောင့် မင်းသာ ဆက်ကြိုးစားနေသ၍ မင်းမှာ အခွင့်အရေး ရှိလာလိမ့်မယ်။

ပြီးတော့ အခု နတ်ဘုရားသိုက်မြုံက ထွက်ပေါ်လာတော့မယ်။ ငါတို့တွေ မင်းရဲ့ဝိညာဉ်ကြော အသွင်ပြောင်းခြင်းကို သန့်စင်ပေးနိုင်တဲ့ မှော်ရတနာကို ရှာကောင်း ရှာတွေ့နိုင်လိမ့်မယ် ”

မိုဝူကျိက တုံ့ပြန်လိုက်သည်။

“ တပည့်ရဲ့ ကျင့်စဉ်နှင့် ကျင့်ကြံနှုန်းက လက်ခံနိုင်လောက်ပါသေးတယ်။ ဒါကြောင့် တပည့် အရမ်းစိတ်ပျက်မနေပါဘူး ”

“ မဆိုးဘူး။ မင်းရဲ့ခံယူချက် ကောင်းတယ် … ”

မိုဝူကျိတွင် အထုံပါရမီ နည်းသော်လည်း ဖန်းကျဲသည် စိတ်ကျေနပ်စွာ ခေါင်းညိမ့်လိုက်သည်။ မိုဝူကျိ၏ ခံယူချက်ဖြင့် သူသည် ကျင့်ကြံဖို့ သင့်တော်သော လူအများထဲမှ တစ်ယောက် ဖြစ်သည်။ ဖန်းကျဲသည် ဝိညာဉ်ကြောကို သန့်စင်ပေးနိုင်မည့် ရတနာကို ရှာနိုင်လျှင် သူသည် နားလည် သဘောပေါက်နိုင်စွမ်း မြင့်မားသော တပည့်တစ်ယောက် ဖြစ်သည့် မိုဝူကျိအား သေချာပေါက် မြေတောင်မြောက်ပေးမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။

မိုဝူကျိ၏ နားလည်နိုင်စွမ်းသည် အံ့သြဖို့ ကောင်းရုံသာမက ဖန်းကျဲကဲ့သို့ နတ်ဘုရားဘုရင် ရှေ့၌ပင် သူက သက်တောင့်သက်သာ ပြုမူနိုင်စွမ်း ရှိ၏။

ဤသည်မှာ ဧကန်မုချ တကယ့် ပညာရှင်အစစ် တစ်ယောက်၏ ခံယူချက် သဘောထားမျိူးပေတည်း။

အမှန်အားဖြင့် ရှီစုနှင့် သူ့မြေးပေါ်လျှင်ပင် ဖန်းကျဲသည် ဤကဲ့သို့သော သဘောထားမျိုးကို မပိုင်ဆိုင်ထားပေ။ ဤသို့တွေးမိကာ ဖန်းကျဲသည် ရှီစုကို ပြောလိုက်သည်။

“ ဆရာတို့ တောင်စဉ်တွေကို ပြန်စုလို့ ပြီးရင် ဝူကျိအတွက် တောင်တစ်လုံး စီစဉ်ပေးလိုက်။ ဝူကျိကို ဂိုဏ်းပြင်ရေးရာ ခန်းမသခင်အဖြစ် ခန့်အပ်လိုက်။ ပြီးတော့ ဒီရင်ပြင်ကိုလည်း ကောင်းကင်လူသားရင်ပြင်လို့ နောင်ကျရင် ခေါ်သင့်တယ်။ နောက်ပြီးတော့ ဒီဟာကို ကောင်းကင် ရေအိုင်ငယ်အဖြစ် နောက်ထပ် ပြန်ပြောင်းစရာ မလိုတော့ဘူး ”

“ ဟုတ်ကဲ့… တပည့် ဆရာ့ကို ဒီကောင်းကင်လူသားရင်ပြင်ဆိုတဲ့ စကားလုံးတွေ ပြန်ရေးဖို့  ဖိတ်ခေါ်ပါရစေ။ တကယ်တော့ ဝူကျိရဲ့ကျင့်ကြံဆင့်က အရမ်းနိမ့်နေသေးတုန်းပဲ ဆိုတော့လေ ”

ရှီစုက ချက်ချင်း ဖြေကြားလိုက်သည်။

ဖန်းကျဲသည် မိုဝူကျိအား အသာ ပြုံးပြလိုက်သည်။

“ ဝူကျိ ရေးထားတဲ့ စကားလုံး ၃ လုံးမှာ တာအိုအငွေ့အသက်က အားနည်းနေပေမယ့် စကားလုံးတွေမှာ ထူးခြားနေတာလေးတွေ ရှိတယ်။ ဆရာ ဒီစကားလုံး ၃ လုံးကို မပြောင်းတော့ဘူး။ ပြီးတော့ ဒါက ဆရာ ဝူကျိကို ချီးကျူးတာလဲဟုတ်တယ်။ ပြီးတော့ ဒီကောင်းကင်ရေအိုင်ငယ်ကို ရင်ပြင်အဖြစ် ပြောင်းလိုက်တာက  ဝူကျိရဲ့ အကြံဉာဏ်ပဲလေ ”

***

All Chapters