ငြင်းဆိုခြင်း
Vol. 65 Ch. 899
“ ဟုတ်ပါတယ်… ကျုပ်က တာဝန်ရှိသူပါ ”
ဤအမျိုးသမီး လေးဦးသည် အပြင်က ဂိုဏ်းသားတွေဆီမှ သူ့အကြောင်းကို ကြားလာခြင်း ဖြစ်ရမည်ဟု မိုဝူကျိက ခန့်မှန်းမိလိုက်သည်။
“ ကျွန်မက ဝမ်ချွမ်းတာအိုကျောင်းက လန်အိုပါ ။ရှင် ကျွန်မကို စီနီယာအစ်မလန် လို့ခေါ်နိုင်ပါတယ်။ ရှင်က တကယ့် ပါရမီရှင်ပဲ။ ဒီမြေရိုင်းကြီးကို အရမ်း ခမ်းနားကြီးကျယ်သွားအောင် ရက်နည်းနည်းလေးပဲ သုံးလိုက်ရတယ်လို့ ကြားတယ်။ ဇိမ်အကျလှကြီး မဟုတ်ပေမယ့် အားလုံးက ဒါကို အရမ်းသဘောကျနေကြတယ်။ ပြီးတော့ လူအများကြီးဆီကနေ လက်ဆောင်တွေကိုလည်း ရရှိစုဆောင်းနိုင်လိုက်သေးတယ်ဆို။ ရှင်က တကယ့်ကို စွမ်းဆောင်နိုင်တာပဲ ” လန်အိုက မိုဝူကျိအား ပြုံးပြီး စိုက်ကြည့်လိုက်သည်။
“ ဟုတ်ပါ့ရှင်… ဒီရင်ပြင်ကြီးက ကြည့်ရတာမသပ်မရပ်နဲ့ သာမန်ပဲ ဖြစ်နေတယ်ရှင့်။ ပိုဆိုးတာက ကာကွယ်ရေးအစီအရင်ကဆို ကျွန်မ လက်တစ်ဖက်တည်းနဲ့တောင် ဖျက်ဆီးလို့ ရနေတာပဲ။ အင်မော်တယ်ငှက်တွေနဲ့ တေးသံတွေက ဘာတန်ဖိုးမှ ရှိတာ မဟုတ်ဘူးရယ်။ ရွှေရောင်ကော်ဇောကတောင် အပေါစားသာသာရယ်…
ဒါပေမဲ့ ဒီလိုအဆင့်နိမ့်ပစ္စည်းတွေကို အကုန်စုပေါင်းကြည့်လိုက်တော့ ဒါတွေက လူတိုင်းရဲ့ မျက်လုံးထဲမှာ တောက်ပ ကြည့်ကောင်းသွားစေတယ်လေ။ ပြောရမယ်ဆို လူတွေအများကြီးကို ရှင်တို့ဂိုဏ်းဆီ လက်ဆောင်တွေ လိုလိုချင်ချင် ပေးလာအောင် လုပ်နိုင်လိုက်တာ ရှင်က တကယ့်ကို စွမ်းဆောင်နိုင်တယ်လို့ ပြောရမယ်။ ဒါပေမဲ့ ကျွန်မတို့လေးယောက်က အရမ်းဆင်းရဲကြတာမို့ ရှင့်ကို ပေးစရာ ဘာလက်ဆောင်မှ မရှိပါဘူးရှင့် ” တခြား အမျိုးသမီးတစ်ယောက်က တခစ်ခစ်ရယ်ကာ ပြောလိုက်ပြန်သည်။
မိုဝူကျိ၏ ရင်ထဲတွင် အပေါစား ဆိုသည့် မှတ်ချက်ကြောင့် စတင်ဒေါပွလာသည်။ သူမက စည်းကျော်မိသွားမှန်း သတိပြုမိသွားသောကြောင့် သူမဘာသာ ကပ်သီးလေး ရပ်လိုက်လေ၏။
မိုဝူကျိက အသာပြောလိုက်သည်။
“ ခင်ဗျားတို့ လေးယောက်က ထိပ်သီးဂိုဏ်းကြီးတွေက လာတာကိုးဗျ။ ကျုပ်သာ ခင်ဗျားတို့လို ဂိုဏ်းကြီးတွေထဲမှာ မွေးဖွားကြီးပျင်းလာရမယ်ဆိုရင် ကျုပ် အပြင်ဘက်မှာ ဈေးဝယ်ထွက်တိုင်း ဘာနတ်ဘုရားကျောက်မှ သုံးစရာ လိုမှာတောင် မဟုတ်ဘူး ”
လန်အိုက မိုဝူကျိ၏ ခနဲ့စကားများကို သတိပြုမိဟန် မပေါ်ဘဲ တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။
“ ရှင်သာ အလိုရှိတယ်ဆို ကျွန်မတို့ဂိုဏ်းကို ဝင်နိုင်ပါတယ်။ ရှင့်ပါရမီ စွမ်းရည်က သာမန်ဖြစ်ပုံပေါ်ပေမဲ့ ရှင်က တကယ်တမ်းမှာ လုပ်ရည်ကိုင်ရည် ရှိတယ်လေ။ ကျွန်မ ရှင့်အတွက် အပြင်စည်း တပည့်တစ်ယောက်အဖြစ် တစ်နေရာစာကို အာမခံ တာဝန်ယူပေးနိုင်တယ်။ ရှင့်ပါရမီက သာမန်ဖြစ်နေရုံနဲ့ နောက်ထပ်ဆက် မတိုးတက်နိုင်တော့တာမှ မဟုတ်တာ။ ကျွန်မရဲ့ ဝမ်ချွမ်းတာအိုကျောင်းမှာ နောက်ဆုံးကျ ကောင်းကင်နတ်ဘုရားအဆင့်ထိ ရောက်အောင် လုပ်ခဲ့တဲ့ သာမန်ကျင့်ကြံသူတွေလည်းပဲ အများကြီး ရှိပါတယ် ”
မိုဝူကျိက အေးစက်စက် တုံ့ပြန်လိုက်သည်။
“ ခင်ဗျားရဲ့ ကြင်နာတဲ့ ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျုပ်ကို ကျုပ် အသိဆုံးပါ။ ကောင်းကင်လူသားဂိုဏ်းထဲကို ဝင်နိုင်တာက ကျုပ်ရဲ့ အကြီးမားဆုံး ကံကောင်းမှုတစ်ခုပါပဲ။ ခင်ဗျားတို့ ထိပ်သီးဂိုဏ်းအတွက်တော့ ကျုပ်မှာ ဘာတရားလွန် မျှော်လင့်ချက်မှ မထားရဲပါဘူးဗျာ။ စုရှား… ဧည့်သည်တွေကို ခန်းမထဲ ခေါ်သွားလိုက်တော့ ”
အကယ်၍ ကောင်းကင်လူသားဂိုဏ်းအတွက် ပြဿနာဖြစ်စေမည်ကိုသာ မစိုးရိမ်ပါက မိုဝူကျိသည် နောက်ထပ် ခနဲ့တဲ့တဲ့ စကားလုံးအနည်းငယ်ကို ထပ်ထည့်လိုက်မည် ဖြစ်၏။ သို့သော် ဤအမျိုးသမီးလေးယောက်ထဲမှ မည်သူ့ကိုမျှ အပြစ်လုပ်မိ၍ မရမှန်းကို မိုဝူကျိက ကောင်းကောင်း သိထားသည်။ အကယ်၍ သူသာ အပြစ်ပြုမိပါက ကောင်းကင်လူသားဂိုဏ်းပေါ်သို့ ဘေးအန္တရာယ်ကြီး ရောက်လာရန် ဖိတ်ခေါ်သလို ဖြစ်ပေလိမ့်မည်။
“ ဟုတ်ကဲ့ ”
စုရှားက ပြန်ဖြေလိုက်ပြီးနောက် အမျိူးသမီးလေးယောက်ဘက်သို့ လှည့်ကာ “ စီနီယာအစ်မတို့ကို ကျွန်မနောက်က လိုက်ခဲ့ဖို့ ဖိတ်ခေါ်ပါရစေ ”
“ ကျစ်… ငါ့စီနီယာအစ်မရဲ့ ကြင်နာမှုကို တကယ် မသိတတ်တာပဲ။ စီနီယာအစ်မက ရှင့်ကို ဝမ်ချွမ်းတာအိုကျောင်းထဲ ဝင်ခွင့်ပေးတာ…အဲ့ဒါ ရှင့်ရဲ့အခွင့်အရေးလေ။ အစ်မကို ငြင်းပြီး ရှင်က အရမ်း လေလုံးထွားပြနေတာ တကယ်မယုံနိုင်စရာပဲ။ ငါ့ရဲ့ဝမ်ချွမ်းတာအိုကျောင်းက တပည့်တစ်ယောက်ကို လွယ်လွယ်နဲ့များ လက်ခံတယ် ထင်နေလား။ ရှင့်ပါရမီနဲ့ဆို ရှင် ဘယ်တော့မှ ကောင်းကင်နတ်ဘုရားအဆင့် မရောက်နိုင်ဘူးဆိုတာ ရှင် သိတယ်မလား ”
ဝတ်ရုံနီအမျိုးသမီးက မိုဝူကျိထံ ဒေါသတကြီး အော်ပြောလိုက်သည်။
မိုဝူကျိ၏ တာအိုအရှိန်အဝါမှာ မှေးမှိန်နေလေရာ ထိုအရာက သူ၏ ပါရမီမှာ အဆင့်နိမ့်ကြောင်း သက်သေပြနေသည်။ ဤသည်ကား လူတိုင်း ပြောနိုင်သည့် အရာဖြစ်၏။
ထိုသို့ဆိုလျှင်ပင် မိုဝူကျိက တည်တည်ငြိမ်ငြိမ် တုံ့ပြန်လိုက်သည်။
“ စီနီယာအစ်မတို့က ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတွေမှန်း ကျုပ်သိပါတယ်။ ပြီးတော့ ကျုပ်က ကနဦးနတ်ဘုရားအဆင့်ကိုတောင် မတက်လှမ်းနိုင်လောက်မှန်းလည်း ကျုပ်သိတယ်။ ကံကောင်းတာက ကျုပ်က ဘယ်နေရာရောက်ရောက် အဆင်ပြေပြေ သက်တောင့်သက်သာ နေနိုင်တာပဲ။ အဲ့ဒါကြောင့် ကိစ္စမရှိပါဘူး ”
“ ငါတို့က အခု ကောင်းကင် နတ်ဘုရားအဆင့်မှာ မဟုတ်သေးဘူး။ ဒါပေမဲ့ ငါတို့အားလုံးက သိပ်မကြာခင် ကောင်းကင်နတ်ဘုရားအဆင့်ထဲ တရှိန်ထိုး ဝင်တော့မှာ ”
ဝတ်ရုံနီ အမျိုးသမီးက အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားကာ ပြောလိုက်သည်။
သူမက မိုဝူကျိသည် သူမတို့၏ ကျင့်ကြံဆင့်ကို သိမြင်နိုင်ပြီး သူမတို့အား လှောင်ပြောင်နေသည်ဟု မယုံပေ။ အမျိုးသမီး လေးယောက်အနက် တခြားသူ အကုန်လုံးက ကနဦးနတ်ဘုရား အဆင့် ၉ တွင် ရှိနေလျက် သူမက အဆင့် ၈ ဖြစ်ပြီး အနိမ့်ဆုံး ကျင့်ကြံဆင့်တွင် ရှိနေသည်။ အကယ်၍ မိုဝူကျိက ကနဦးနတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်လျှင်ပင် သူသည် အလွန်ဆုံးအနေနှင့် ကနဦးနတ်ဘုရားအဆင့် အစောပိုင်း တွင်သာ ရှိမည် ဖြစ်သည်။ ကနဦးနတ်ဘုရား အစောပိုင်းအဆင့် ပုရွက်ဆိတ် တစ်ကောင်အနေနှင့် သူမတို့၏ ကျင့်ကြံဆင့်ကို ထိုးဖောက်သိမြင်ရန်လား…
သူက ထိုသို့လုပ်နိုင်ဖို့ စိတ်ကူးယဉ်ရုံသာ တတ်နိုင်ပေလိမ့်မည်။
“ အာ…” မိုဝူကျိက အံ့သြသွားပုံပေါ်သော်လည်း မည်သည့်စကားမျှ ဆက်မဆိုတော့ချေ။
သို့သော် သူ၏ ဆိတ်ဆိတ်နေခြင်းက ထောင်သောင်းချီသော စကားလုံးများထက် သတ်ဖြတ်ငွေ့များ ပို၍ပါဝင်နေသည်။
လန်အိုက အသာပြုံးလိုက်ပြီး ဝတ်ရုံနီအမျိုးသမီးကို ကိုင်လိုက်ကာ
“ ဟွမ်အာရယ် ထားလိုက်ပါတော့ … အထဲ အရင်ဝင်ကြရအောင် ”
ထိုသို့ပြောပြီးနောက် သူမက မိုဝူကျိဘက် နောက်တစ်ကြိမ်ထပ် လှည့်ကာ
“ ဂျူနီယာညီမလေး ဟွမ်အာရဲ့စကားတွေက နားထောင်ရဆိုးပေမဲ့ ရှင် သူမ ပြောတာတွေကို ထပ်ပြီး စဉ်းစားကြည့်ပါဦးလား။ ပြီးတော့ ကျွန်မတို့ သေချာပေါက် ပြန်တွေ့ဆုံကြဦးမှာပါ ”
အဖြစ်အပျက်တစ်ခုလုံးကို ဘေးက စောင့်ကြည့်နေသော စုရှားက လမ်းမြန်မြန် လိုက်ပြကာ ဧည့်ခန်းမထဲသို့ ဤအမျိုးသမီးလေးယောက်ကို ခေါ်ဆောင်ရန် ပြင်ဆင်လိုက်သည်။ ဤအမျိုးသမီးလေးယောက်မှာ ဧည့်ခန်းမထဲသို့ ဝင်ရန် အဆင့်မမှီချေ။ သူတို့က ထိပ်သီးဂိုဏ်းကြီးများမှ လာသောကြောင့်သာ သူမတို့အတွက် အထူးစီစဉ်မှုများ ပြုလုပ်ကာ ဧည့်ခန်းမထဲ ဖိတ်ကြားလိုက်ရခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သူမတို့က မလိုအပ်သော ပြဿနာများကို ဖိတ်ခေါ်လာပေလိမ့်မည်။
“ စီနီယာအစ်မ… အဲ့လူရဲ့အရှိန်အဝါက မှုန်ဝါးနေတယ်။ ပြီးတော့ သူ့မှာ ကျင့်ကြံရေးပါရမီ အညံ့စား ရှိတာ အသိသာကြီး။ အစ်မက ဘာဖြစ်လို့ သူ့ကို ကျွန်မတိုဝမ်ချွမ်းတာအိုကျောင်းမှာ အပြင်စည်း တပည့် လုပ်စေချင်ရတာလဲ ”
ဝတ်ရုံနီ ဟွမ်အာ က မိုဝူကျိရှေ့မှ ထွက်ခွာလာပြီးနောက်တွင် စိတ်ဖြင့် ဆက်သွယ်လိုက်သည်။
လန်အိုက တုံ့ပြန်လိုက်သည် “ ငါတိုဝမ်ချွမ်းတာအိုကျောင်းက နတ်ဘုရားနယ်မြေတစ်ခုလုံးမှာ ထိပ်သီးဂိုဏ်းကြီးလေ။ ငါတို့ဂိုဏ်းက အရင်းအမြစ်တွေ ပျက်စီးဆုံးရှုံးသွားပြီဖြစ်တဲ့ ကောင်းကင်လူသားဂိုဏ်းလို ဂိုဏ်းတစ်ဂိုဏ်းက မယှဉ်နိုင်တဲ့ ဂိုဏ်းကြီးပဲ။ ဒါပေမဲ့ အရင်တစ်ခေါက် ငါတို့ အခမ်းအနား ဧည့်ခံကျင်းပတုန်းက အခမ်းအနား အပြင်အဆင် အခင်းအကျင်းတွေကို သတိထားကြည့်မိလား။
ငါတို့လို နာမည်ကြီး ဂိုဏ်းတစ်ဂိုဏ်းအနေနဲ့ မလိုက်ဖက်တဲ့ အပြင်အဆင်မျိုးပဲ။ ဒီမိုဝူကျိက ကူညီလုပ်ကိုင်မယ့်လူ ၁၀ ယောက်လောက်နဲ့ အရင်းအနှီးနည်းနည်းလေးပဲ ရှိတာကိုတောင် ဒီလို မြင်ကွင်းမျိုးကို ရက်နည်းနည်းလေးနဲ့ ပြင်ဆင်နိုင်ခဲ့တယ်။ သူက ဧည့်ကြိုလက်ခံတဲ့ နေရာမှာ ဆရာတစ်ဆူ ဆိုတာ အသိသာကြီးပဲလေ။ ငါတို့ဂိုဏ်းမှာလည်း သူ့လို အရည်အချင်းမျိုးရှိတဲ့သူ တစ်ယောက်လောက် လိုအပ်တယ်။ ဒါ ငါတို့ဂိုဏ်း ဂုဏ်သိက္ခာနဲ့ သက်ဆိုင်သွားပြီ ”
“ အဲ့ဒီမိုဝူကျိက အစ်မရဲ့ ကြင်နာမှုကို သိတတ်ရကောင်းမှန်း တကယ်နားမလည်တာပဲ။ ကျွန်မတို့ ဖန်းကျဲကို တိုက်ရိုက်ပြောကြည့်ရင်ကော။ အစ်မကိုဆို သူ ငြင်းမယ် မထင်ဘူးနော် ” ဟွမ်အာက သူမထံ ပြန်ဆက်သွယ်ကာ ပြောလိုက်သည်။
“ ဟွမ်အာ… လျှောက်မပြောရဘူး။ ဘာပဲပြောပြော စီနီယာဖန်းကျဲက နတ်ဘုရားဘုရင် အဆင့်မြင့်ကျင့်ကြံသူလေ။ သူ့မှာ နတ်ဘုရားဘုရင်တစ်ယောက်ရဲ့ မာန ရှိမှာပဲ။ နောက်ဆို ဒီလိုစကားမျိုး မပြောမိစေနဲ့ ” လန်အို၏ လေသံမှာ ပို၍ ခက်ထန်လာသည်။
ဟွမ်အာက စိတ်ပျက်စွာ ပြောလိုက်သည်။
“ ကျွန်မတို့ ဝမ်ချွမ်းတာအိုကျောင်းမှာ နတ်ဘုရားဘုရင် နှစ်ယောက် ရှိတယ်လေ။ ကျွန်မတို့ရဲ့ မဟာသခင်ကြီးကဆို နတ်ဘုရားဘုရင် နောက်ပိုင်းအဆင့် ရောက်နေပြီပဲဟာ။ သူက နတ်ဘုရားဘုရင် ဖြစ်နေတော့ရော ဘာဖြစ်လဲ… ”
လန်အိုက ပြန်ဖြေနိုင်လိုက်သည်ကား
“ ဟွမ်အာ… ငါတို့ရဲ့လက်ရှိ အင်အားက ဂိုဏ်းချုပ်ဖန်းကျဲရဲ့ အင်အားနဲ့စာရင် အဝေးကြီးမှာရယ်။ ငါတို့ ဧည့်ခန်းမထဲ အဖိတ်ခံရတာဟာ ငါတို့ရဲ့ အင်အားကြောင့် မဟုတ်ဘူး။ ငါတို့ဂိုဏ်းရဲ့ အင်အားကြောင့်ပဲ။ ဒါကြောင့်မို့ ငါတို့ မိုဝူကျိကို လိုချင်ရင်တောင် အခု ထုတ်ပြောလို့ မရသေးဘူး။ အခု ထုတ်ပြောလိုက်ရင် ကောင်းကင်လူသားဂိုဏ်းကို အရှက်ခွဲသလို ဖြစ်သွားလိမ့်မယ်။
မိုဝူကျိရဲ့ လုပ်ဆောင်နိုင်ပုံနဲ့ သူက နတ်ဘုရားသိုက်မြုံဆီ အပို့ခံရမှာ သေချာတယ်။ အဲ့ဒီအချိန်ကျမှ ပစ္စည်းတချို့နဲ့ မိုဝူကျိကို လဲလယ်ပေးဖို့အတွက် နတ်ဘုရားဘုရင် ဖန်းကျဲနဲ့ ဆွေးနွေးဖို့ ငါတို့ဂိုဏ်းချုပ်ကို တောင်းဆိုရအောင်။ ငါတို့ ကောင်းကင်လူသားဂိုဏ်းကို အရမ်းအရှက်မရစေရင် ဒီလိုက ဖြစ်နိုင်ချေရှိတယ် ”
………….
မိုဝူကျိသည် ဝမ်ချွမ်းတာအိုကျောင်း၏ လန်အိုက အဘယ်ကြောင့် သူ့အား စိုက်ကြည့်နေသနည်းကို နားမလည်နိုင်ပေ။ ကံကောင်းစွာပင် သူမက သူ့ကို ဆက်လက် အပူမကပ်တော့ချေ။ ယခု သူမက ဧည့်ခန်းမထဲ ဝင်သွားပြီဖြစ်ရာ သူ ဖြေရှင်းစရာ ပြဿနာ မဟုတ်တော့ပေ။
ယခု ကြိုဆိုရေးအခမ်းအနားက ပြီးသွားပြီဖြစ်ရာ မိုဝူကျိ၏ အလုပ်လည်း ပြီးလုပြီးခင် ဖြစ်သည်။ ဧည့်သည်တွေကို လက်ခံ ဖျော်ဖြေရန်ကား တည်ထောင်သူဘိုးဘေးဖန်းကျဲနှင့် ဂိုဏ်းအကြီးအကဲများ၏ တာဝန် ဖြစ်လေသည်။ ရုတ်တရက်ဖြစ်ပွားလာနိုင်သည့် ပြဿနာများကို ဖြေရှင်းနိုင်ရန် သူက ဘေးတွင် အသင့်ပြင်ထားရုံသာ လိုလေ၏။
…………
ရက်အနည်းငယ်ကြာပြီးနောက် ပြန်လည်ဖွင့်လှစ်ရေးအခမ်းအနားနှင့် နတ်ဘုရားဘုရင် ရိုးရာအခမ်းအနားတို့က ပြီးဆုံးသွားခဲ့လေပြီ။ ကောင်းကင်လူသားဂိုဏ်းတွင် လူအင်းအား များများစားစား မရှိသော်လည်း မိုဝူကျိ၏ စီစဉ်မှုအောက်တွင် အခမ်းအနားတစ်လျှောက် မည်သည့် ပြဿနာကြီးကြီးမားမားမျှ မရှိခဲ့ပေ။ အနည်းဆုံးတော့ အခမ်းအနားပြီးသည့်နောက် လူထုဆီမှ မြောက်များစွာသော ကောင်းချီးဩဘာပေးမှုများကို ရရှိခဲ့လေသည်။
ဧည့်သည်များ ဂိုဏ်းမှ ပြန်လည် စတင်ထွက်ကြသည်နှင့် ကောင်းကင်လူသားရင်ပြင်ပေါ်တွင် ကောင်းကင်လူသားဂိုဏ်း၏ ရှီစုက တပည့်အသစ်များ ခေါ်ယူခြင်းကို စတင်လိုက်တော့သည်။
မိုဝူကျိက ဂိုဏ်းပြင်ရေးရာ ခန်းမသခင်ဖြစ်ရာ တပည့်အသစ်ခေါ်ယူခြင်းသည် သူနှင့် မသက်ဆိုင်ပေ။ သူ ကျင့်ကြံဖို့ ပြန်တော့မည့်ဆဲဆဲတွင် တည်ထောင်သူဘိုးဘေးဖန်းကျဲက သူ့အား ကိုယ်တိုင်ကိုယ်ကျ လာခေါ်လေ၏။
“ ဝူကျိ… အရင် ထိုင်လိုက်ဦး။ ဒီတစ်ကြိမ် ဧည့်ကြိုဆိုရေး အလုပ်ကို မင်းလုပ်တာ အရမ်းကောင်းတယ်။ ငါသာ လုပ်ရမယ်ဆို မင်းလောက် ကောင်းအောင် လုပ်နိုင်မှာ မဟုတ်ဘူး။ အထူးသဖြင့် ဝမ်ချွမ်းတာအိုကျောင်း၊ နဝမဆင့်ကဲခြင်းနတ်ဘုရားဂိုဏ်းနဲ့ လရောင်နတ်ဘုရားဂိုဏ်းတို့ရဲ့ အဆင့်နိမ့်တပည့်တွေအပေါ် မင်း ပြုမူဆက်ဆံလိုက်တာက အရမ်းကောင်းတယ်။ ငါ မင်းကို လူကဲခတ်မမှားခဲ့ဘူးပဲ။ ဘာလို့လဲဆိုတော့ မင်းက သဘောပေါက် နားလည်တဲ့နေရာမှာ တော်ရုံတင်မကဘူး ထူးခြားတဲ့ အရည်အချင်းတွေလည်း မင်းမှာ ရှိနေလို့ပဲ ”
မိုဝူကျိက ဖန်းကျဲ၏ နေအိမ်သို့ ရောက်ရှိသည်နှင့် ဖန်းကျဲက စကား စပြောလိုက်လေသည်။
မိုဝူကျိက တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။
“ ဒါတွေအားလုံးက အခမ်းအနားကို ကြည့်ရှုဖို့ အဆင့်မြင့်ကျင့်ကြံသူ အများကြီးကို ဖိတ်ခေါ်နိုင်တဲ့ တည်ထောင်သူဘိုးဘေးဖန်းရဲ့ ဂုဏ်သတင်း ကြီးမားမှုကြောင့်ပါ ”
ဖန်းကျဲက ပြောလိုက်သည်။
“ မင်းက တာဝန်ခံထားတာဆိုတော့ နတ်သစ်စေ့တောင်ကြားက အကြီးအကဲကလွဲရင် တခြားဂိုဏ်းကြီးတွေထဲက ဘယ်အကြီးအကဲမှ မလာကြဘူးဆိုတာ မင်းလည်း သိမှာပါ။ လမ်းကြုံဖြတ်ရင်း တိုက်ဆိုင်လို့သာ ဂိုဏ်းကြီးတွေရဲ့တပည့်တချို့ကလည်း အခမ်းအနားကို လာတက်ဖို့ ဆုံးဖြတ်လိုက်ကြတာမျိုးလေ။ နတ်ဘုရားဘုရင် ဝေကျန့်ကလည်း လာတက်တဲ့ တစ်ဦးတည်းသော နတ်ဘုရားဘုရင်ပဲ … ဝူကျိ… ဘာလို့လဲဆိုတာ မင်းသိလား ”
“ တပည့် ဘာလို့လဲဆိုတာကို မသိပါဘူး ”
ဖန်းကျဲက ဤအရာများကို အဘယ်ကြောင့် သူ့အား ပြောပြနေသနည်းကို မိုဝူကျိ မသိပေ။ နည်းလမ်းကျကျ ပြောရလျှင် မိုဝူကျိမှာ ဤကဲ့သို့ကိစ္စများကို တည်ထောင်သူဘိုးဘေးနှင့် ဆွေးနွေးရန် အဆင့်မမှီသော သာမန် တပည့်တစ်ယောက်သာ ဖြစ်၏။
“ လွန်ခဲ့တဲ့နှစ်များစွာက နတ်သစ်စေ့တောင်ကြားရယ် အရမ်းဝေးနေတဲ့ ဂိုဏ်းတချို့ရယ်ကလွဲပြီး ဂိုဏ်းကြီးအားလုံးနီးပါးက ငါ့ကောင်းကင်လူသားဂိုဏ်းကို လာရောက် လုယူ တိုက်ခိုက်ခဲ့ကြတယ်။ တကယ်လို့ နတ်ဘုရားဘုရင်အချင်းချင်း အကွက်ချတာတို့ တိုက်ခိုက်ကြတာတို့ မလုပ်ဖို့ တားထားတဲ့ စည်းကမ်းချက်သာ ရှိမနေဘူးဆိုရင် တစ်ယောက်ယောက်က ငါ့ကို လာလုပ်ကြံနေလောက်ပြီးပြီ ”
ဖန်းကျဲက ဆက်မပြောခင် မိုဝူကျိကို ကြည့်လိုက်ပြီး
“ ငါ မင်းအတွက် ဆရာတစ်ယောက် ကူရှာပေးချင်တယ်။ အဲ့ဒီ့သူက နတ်ဘုရားဘုရင်ဝေကျန့်ပဲ။ နတ်ဘုရားဘုရင်ဝေကျန့်မှာ လျို့ဝှက်ပညာရပ်တွေ စုဆောင်းထားတာ အများကြီး ရှိတယ်။ ပြီးတော့ သူက နတ်ဘုရားဘုရင် အလယ်အလတ်အဆင့် ကျင့်ကြံသူ။ တကယ်လို့ မင်းသာ နတ်ဘုရားဘုရင်ဝေကျန့်ကို မင်းရဲ့ဆရာအဖြစ် အသိအမှတ်ပြုဖို့ ဆန္ဒရှိရင် မင်းရဲ့ဝိညာဉ်ကြောတွေ သန့်စင်ဖို့ကို ငါ အကောင်းဆုံး ကူညီပေးမယ် ”
ဖန်းကျဲက သူ့အတွက် ဆရာ ရှာပေးနေကြောင်း ကြားသောအခါ မိုဝူကျိက စိုးရိမ်တကြီး မတ်တပ်ထရပ်လိုက်သည်။
“ တည်ထောင်သူဘိုးဘေးကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ သာမန်ပါရမီပဲ ရှိတယ်ဆိုပေမဲ့ ကျွန်တော့်ကျင့်ကြံနှုန်းကတော့ လက်ခံနိုင်လောက်တဲ့ အတိုင်းအတာမှာ ရှိပါသေးတယ်။ ပြီးတော့ ကျွန်တော့်မှာ ကိုယ်ပိုင်ကျင့်စဉ်ရှိတာမို့ ဘယ်သူ့ကိုမှ ဆရာအဖြစ် သတ်မှတ်ဖို့ မရည်ရွယ်ထားပါဘူး ”
မိုဝူကျိက သူ့ကမ်းလှမ်းချက်အား ငြင်းလိမ့်မည်ဟု မထင်ထားသဖြင့် ဖန်းကျဲသည် အံ့သြသွား၏။ ယုတ္တိရှိရှိ ဆိုရလျှင် ဤကဲ့သို့ ကမ်းလှမ်းချက် ကောင်းကောင်းမျိုးကို မည်သူမဆို ငြင်းလိမ့်မည် မဟုတ်ပေ။ ကူချိုက်ကလည်း သူ့ကမ်းလှမ်းချက်အား ငြင်းခဲ့သည်ကို ပြန်သတိရသွားကာ ဖန်းကျဲမှာ မချိတင်ကဲ မဖြစ်ဘဲ မနေနိုင်တော့ချေ။
ကံကောင်းစွာ ဖန်းကျဲသည် စိတ်သဘောထားကြီးကာ ကြင်နာတတ်သဖြင့် သူက မိုဝူကျိ၏ ငြင်းဆိုမှုကို ဗွေမယူချေ။
သူက သက်ပြင်းချကာ ပြောလိုက်သည်။
“ ဝူကျိ… မင်းမှာ ပါရမီနိမ့်မှန်း ငါ သိပါတယ်။ မင်းက ဉာဏ်ကောင်းပြီး ကြီးကြပ် စီမံခန့်ခွဲတာလည်း တော်တယ်။ ဒါကြောင့်မို့ ငါ မင်းကို အရမ်း အလေးထားမိတယ်။ မင်းမှာ အနိမ့်ဆုံး ကျင့်ကြံဆင့် ရှိတာတောင်မှ မင်းက စီနီယာအစ်ကိုအစ်မ တစ်အုပ်စုကို ဦးဆောင်ပြီး ဧည့်ကြိုတာဝန်ကို ကောင်းကောင်း လုပ်နိုင်ခဲ့သေးတယ်။
အမှန်က ငါ နတ်ဘုရားဘုရင်ဖြစ်လာပြီးတော့ ကောင်းကင်လူသားဂိုဏ်းအနေနဲ့ ထိပ်တန်းအဆင့် ပါရမီရှင်တချို့ကို ခေါ်ယူဖို့ဆိုတာ မဖြစ်နိုင်စရာ မရှိဘူး။ ဒါပေမဲ့ ငါ့ရဲ့ကောင်းကင်လူသားဂိုဏ်းမှာ တပည့်ခေါင်းဆောင်တစ်ယောက် လိုအပ်နေသေးဦးမှာ။ တကယ်လို့ မင်းရဲ့ ဝိညာဉ်ကြောတွေကိုသာ သန့်စင်နိုင်မယ်ဆိုရင် ငါ မင်းကို အဲ့ဒီတပည့်ခေါင်းဆောင် ခန့်ဖို့ရည်ရွယ်ထားတာ။ ပြီးတော့ မကြာခင် ထွက်ပေါ်တော့မယ့် နတ်ဘုရားသိုက်မြုံအတွက် ငါတို့ကောင်းကင်လူသားဂိုဏ်းရဲ့ တပည့်သစ်တွေကို ဦးဆောင်ခိုင်းဖို့ ငါက မင်းကိုပဲ စဉ်းစားထားတယ် ”
မိုဝူကိုသည် နတ်ဘုရားဘုရင်ဖန်းကျဲ၏ စိတ်ရှည်မှုကို ကျိတ်ချီးကျူးလိုက်ပြီးနောက် မတ်တပ်ရပ်ကာ ဦးညွှတ်လိုက်သည်။
“ တည်ထောင်သူဘိုးဘေး… ကျွန်တော် မိုဝူကျိ က ကောင်းကင်လူသားဂိုဏ်းရဲ့ တပည့် တစ်ယောက်ပါ။ ဒါကြောင့် ဂိုဏ်းအတွက် ကျွန်တော် အကောင်းဆုံး လုပ်ပေးမှာပါ။ ကျွန်တော့်ဝိညာဉ်ကြောတွေကို သန့်စင်ဖို့ အတွက်ကတော့ ထွက်ပေါ်လာမယ့် နတ်ဘုရားသိုက်မြုံထဲမှာ အဲ့ဒီဖြစ်နိုင်ချေ အခွင့်အရေးကို ကျွန်တော် ရှာကြည့်ချင်ပါတယ် ”
မိုဝူကျိက ယုံကြည်ချက်ရှိရှိ ပြောနေပုံကို ကြည့်ကာ ဖန်းကျဲသည်
“ ဒီလိုဆိုမှာတော့ ပြန်သွားပြီး ကျင့်ကြံတော့။ ကျင့်ကြံရေး အရင်းအမြစ်တွေအတွက် အကြီးအကဲ ဟွေ့ယုဆီကနေ သွားတောင်းလို့ရတယ်။ ဂိုဏ်းကို ပြန်လည်တည်ဆောက်လို့ ပြီးသွားရင် မင်းအတွက် တောင်တစ်လုံး ရွေးချယ်လို့ ရတယ် ”
***