← Chapters

အလေးထားခံရခြင်း

Vol. 65 Ch. 900

အလေးထားခံရခြင်း

Vol. 65 Ch. 900

ဖန်းကျဲက မိုဝူကျိအား ကျင့်ကြံရေး အရင်းအမြစ်များ သွားတောင်းနိုင်သည်ဟု ပြောထားသော်လည်း မိုဝူကျိက သွားမတောင်းချေ။ တကယ်တော့ ဖန်းကျဲသည် ကောင်းကင်လူသားဂိုဏ်း၏ တည်ထောင်သူဘိုးဘေးတွေထဲမှ တစ်ယောက်ဟု ယူဆ၍ ရသောကြောင့် သူ့တွင် ရတနာပစ္စည်းကောင်း အချို့ရှိနေမှ ဖြစ်မည်။ ကောင်းကင်လူသားဂိုဏ်းကို ပြန်လည်ဖွင့်လှစ်ပြီးနောက် သူသည် ကောင်းကင်လူသားဂိုဏ်း၏ စာကြည့်တိုက်အား ပြန်လည်တည်ဆောက်ရန် စီစဉ်နေရုံသာ ရှိသေး၏။

မိုဝူကျိသည် ကျင့်ကြံရေး အရင်းအမြစ်များကို သွားမယူတော့ပေ။ ထို့အပြင် ယခု လောလောဆယ်တွင် ကျင့်ကြံဖို့လည်း မလုပ်သေးပေ။ သူက ရှိသမျှ အချိန်အားလုံးကို စာကြည့်တိုက်တွင်သာ သုံးလိုက်သည်။ စာကြည့်တိုက်ကို တည်ဆောက်ပြီးကာစတွင် မည်သည့် သာမန်တပည့်မဆို ကျင့်စဉ်နှင့်ပက်သက်သည့်အရာများကို ဝင်ရောက် ရှာဖွေနိုင်ပေမည်။ ထိုသို့ ဝင်ရှာရာတွင် ဂိုဏ်းအား မည်သည့် အခွန်အခမျှ ပေးဆောင်ရန် မလိုပေ။ အကြောင်းရင်းမှာ ဂိုဏ်းအခွန်ဆောင် စနစ်အား ယခုအချိန်၌ မသတ်မှတ်ရသေးသောကြောင့် ဖြစ်သည်။

ဂိုဏ်းပြင်ရေးရာ ခန်းမသခင်အပြင် အနာဂတ် တောင်သခင်အနေနှင့်လည်း သူသည် လွယ်လွယ်ကူကူပင် စာကြည့်တိုက် တစ်ခုလုံးအား ဖတ်ရှုပိုင်ခွင့် ရှိလေ၏။ သူက နတ်ဘုရားနယ်မြေသို့ ရောက်လာသည်မှာ သိပ်မကြာသေးသောကြောင့် မိုဝူကျိသည် နတ်ဘုရားနယ်မြေရှိ ကိစ္စ တော်တော်များများအကြောင်း မသေချာသေးပေ။ တကယ်တော့ သူသည် ဤနယ်မြေမှ မည်သည့် နတ်ဘုရားအဆင့် ဝိညာဉ် ဆေးဖက်ဝင်အပင် တစ်ပင်ကိုမျှ မမှတ်မိသေးပေ။

ဂိုဏ်းအား အတိုက်ခိုက်ခံရပြီးနောက် စာကြည့်တိုက်တွင် ဖန်းကျဲ ထိန်းသိမ်းထားခဲ့သော မှတ်တမ်းများ၏ အစိတ်အပိုင်းတစ်ခုမျှသာ ကျန်ရှိတော့သော်လည်း ထိုအရာမှာ မိုဝူကျိအတွက် လုံလောက်နေလေပြီ။

တကယ်တော့ ဖန်းကျဲသည် ပစ္စည်း တော်တော်များများကို ထိန်းသိမ်းထားနိုင်လိုက်သည်။ သူ ပြသမထားသော ထိပ်တန်းအဆင့် ကျင့်စဉ်အချို့မှတစ်ပါး နတ်ဘုရားနယ်မြေနှင့် ပက်သက်သော မှတ်စုစာတမ်းအချို့၊ သာမန်ကျင့်စဉ်အချို့နှင့် နတ်ဘုရားနယ်မြေရှိ ကျင့်ကြံဆင့်၏ မိတ်ဆက်နှင့် ရှင်းလင်းချက်တို့၏ အပြည့်အစုံတောင် ရှိပေသည်။ အစီအရင် မိတ်ဆက်၊အဆောင်များအကြောင်း၊ နတ်ဘုရားအဆင့် ဝိညာဉ်ဆေးဖက်ဝင် အပင်များနှင့် ထိပ်တန်းအဆင့် ပစ္စည်းများ၏ အမျိုးအစားများ  ၎င်းတို့ အားလုံးကိုကား မိုဝူကျိသည် တော်တော်လေး အလေးထား ဖတ်ရှုလိုက်သည်။

သုံးလကြာပြီးနောက် မိုဝူကျိသည် ကျင့်စဉ်များနှင့် မိတ်ဆက်များ၏ အများစုကို ဖတ်ပြီးလုနီးပါး ဖြစ်နေချိန်တွင် စုရှားက ဝင်လာလေသည်။ သူမက မိုဝူကျိအား ကောင်းကင်လူသားဂိုဏ်း၏ နတ်ဘုရားတောင် ၁၀၈ လုံးလုံးကို နောက်ဆုံး၌ နေရာချပြီးပြီဖြစ်ကြောင်း ပြောလေသည်။ ထို့အပြင် ဂိုဏ်းချုပ်သည် ဂိုဏ်းအပေါ်တွင် မဟာအစီအရင်ကို ကိုယ်တိုင် ခင်းကျင်းထားပြီးသွားပြီ ဖြစ်၏။ သူမက မိုဝူကျိအား သူနှစ်သက်သော နတ်ဘုရားတောင်ကို ရွေးချယ်ရန် သတင်းလာပေးခြင်း ဖြစ်၏။

ဂိုဏ်းချုပ်သည် မိုဝူကျိအပေါ် အလွန် ကြင်နာလေသည်။ မိုဝူကျိတွင် အဆင့်နိမ့် ကျင့်ကြံဆင့်ရှိ သော်လည်း ဂိုဏ်းချုပ်သည် မိုဝူကျိအား အထူးအခွင့်အရေး ပေးဆဲ ဖြစ်လေ၏။ သူက ကောင်းကင်လူသား စာကြည့်တိုက်ထဲသို့ စိတ်တိုင်းကျ ဝင်နိုင်ရုံသာမက သူနှစ်သက်သော  မည်သည့် နတ်ဘုရားတောင်ကိုမဆို ရွေးချယ်နိုင်သေးပေသည်။

တစ်နည်းအားဖြင့် မိုဝူကျိသည် ပင်မတောင်မှလွဲ၍ သူနှစ်သက်သည့် မည်သည့် နတ်ဘုရားတောင်ကိုမဆို ရွေးချယ်နိုင်သည်။ ကောင်းကင်လူသားဂိုဏ်းသည် ပြန်လည်တည်ဆောင်ခါစဖြစ်ပြီး နတ်ဘုရားတောင် ၁၀၈ လုံးရှိသော်လည်း တောင်အများစုမှာ ထိုနေရာ၌ လောလောဆယ်တွင် မရှိသုံးအဖြစ် အသုံးချရုံ ဖြစ်သည်။ မိုဝူကျိအား ရွေးချယ်ခွင့်ပြုလိုက်ခြင်းမှာ သူက မိုဝူကျိအား တကယ့် အကောင်းဆုံး ဖြစ်နိုင်ချေရှိသော နတ်ဘုရားတောင်ကို လက်ဆောင်ပေးလိုက်ခြင်း ဖြစ်၏။

မိုဝူကျိသည် ဤအစီအစဉ်အား အလွန်ပင် ကျေနပ်နေမိသည်။ သို့သော်လည်း ဂိုဏ်း၏ တာဝန်အပ်နှင်းရေးခန်းမအား တည်ဆောက်ပြီးသည့်နောက် မိုဝူကျိ၏ ဂိုဏ်းပြင်ရေးရာခန်းမသခင် အမိန့်ပြား၌ ချက်ချင်းဆိုသလို ဂိုဏ်းအကျိုးဆောင်အမှတ် တစ်သန်း တိုးသွားလေ၏။

ဤအကျိုးဆောင် အမှတ်တစ်သန်းသည် နောင်အနာဂတ် ကျင့်ကြံရေးအရင်းအမြစ်များ ရရှိထားခြင်းနှင့် တူညီ၏။ သူသည် ဤအမှတ်များနှင့် ဂိုဏ်းရှိ မည်သည့်အရာကိုမဆို လဲလှယ်ရန် အတွက်လည်း အသုံးပြုနိုင်ပေမည်။

ဤအကြောင်း ကြားပြီးနောက် မိုဝူကျိသည် တည်ထောင်သူဘိုးဘေးဖန်းကျဲ၏ သူ့အပေါ် ရက်ရောမှုအား တကယ်ကို ကျေးဇူးတင်မိသည်။ ကျင့်စဉ်မှတ်တမ်းများကို လအနည်းငယ် သင်ယူဖတ်ရှုပြီးနောက် မိုဝူကျိသည် နတ်ဘုရားနယ်မြေ၏ ကျင့်ကြံခြင်းအပေါ် အသစ်သစ်သော နားလည်မှုများ ရှိလာသည်။ သူက သူ့အင်မော်တယ်မော်တယ် ကျင့်စဉ်ထဲသို့ ထိုနားလည်နိုင်စွမ်းအား စတင်ပေါင်းစပ်တော့မည် ဖြစ်သည်။ တစ်ပြိုင်တည်းဆိုသလို သူသည် ကူချိုက်အား သူမ၏ ကျင့်ကြံဆင့်ကို ပြောင်းရန်လည်း ကူညီနိုင်ပေလိမ့်မည်။

ယခု ဂိုဏ်းက သူ့အား နတ်ဘုရားတောင် တစ်လုံး ပေးကမ်းသည်။ သူသည် ဤအရာကို သေချာပေါက် ငြင်းပယ်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း သူက တောင်ကောင်း တစ်လုံးကို မရွေးချယ်ဘဲ သီးခြားရှိနေသော တောင်ကိုသာ ရွေးချယ်ခဲ့သည်။ သူသည် ထိုတောင်ကို လူသားတောင်ဟု အမည်ပေးထားပြီး ထိုနေရာက သူ ကျင့်ကြံမည့်နေရာ ဖြစ်ပေလိမ့်မည်။

နတ်ဘုရားဘုရင် တစ်ယောက် ထွက်ပေါ်လာခြင်းနှင့် တပည့်သစ်များ စုဆောင်းမှုကြီး ပြီးသွားသည့်နောက် ကောင်းကင်လူသားဂိုဏ်းသည် မိုဝူကျိနှင့် သူ့အပေါင်းအပါများ ဝင်ရောက်ကာစနှင့် လုံး၀ မတူတော့ပေ။ ဂိုဏ်းတစ်ခုလုံး၏ ပတ်လည်၌ များပြားနေသော စွမ်းအင်များ ရှိနေသည်ဟု ထင်ရပေသည်။

…………….

ကောင်းကင်လူသားဂိုဏ်းခန်းမထဲ၌ တည်ထောင်သူဘိုးဘေး ဖန်းကျဲ၊ ဂိုဏ်းချူပ် ရှီစုနှင့် အကြီးအကဲပေါင်းစုံတို့သည် အားလုံး စုဝေးနေကြလေသည်။

ကောင်းကင်လူသားဂိုဏ်း၏ ပြန်လည်တည်ဆောက်ခြင်း ပြီးသွားသည့်နောက် ဂိုဏ်းထဲ၌ အဆင့်မြင့်ကျင့်ကြံသူ အချို့ ရှိလေသည်။ နတ်ဘုရားဘုရင်ဖန်းကျဲ မှလွဲ၍ ဂိုဏ်း၌ နောက်ထပ် လောကနတ်ဘုရားတောင် မရှိပေ။ ဖန်းကျဲအောက်တွင် ရှီစု၏ ကျင့်ကြံဆင့်သည် အခြားလူများ အားလုံးအနက် အမြင့်ဆုံးဖြစ်၏။ သို့သော်ငြား သူသည်လည်း နတ်ဘုရားအုပ်စိုးသူ အလယ်အလတ်အဆင့်တွင်သာ ရှိနေလေသည်။ အသစ်ခေါ်ယူထားသော တပည့်များအနက် အကောင်းဆုံး ပါရမီရှင်မှာ ကောင်းကင်နတ်ဘုရား အဆင့်တွင်သာ ရှိသည်။

ပုံမှန်အားဖြင့် နတ်ဘုရားနယ်မြေရှိ ဂိုဏ်းများသည် ကောင်းကင်နတ်ဘုရားအဆင့် တပည့်များကို ခေါ်ယူရန် တတ်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် ကောင်းကင်လူသားဂိုဏ်းက အနည်းငယ်ကို ခေါ်ယူနိုင်လိုက်သည်။ ကောင်းကင်လူသားဂိုဏ်း၏ ယခင်က ကျဆင်းခဲ့စေကာမူ ယခုတွင်မူ ဤသို့ ခေါ်ယူနိုင်ခဲ့၏။

ဖန်းကျဲနှင့် အပေါင်းအပါများ ထိုင်ပြီးနောက် ဖန်းကျဲက မိန့်ကြားလိုက်သည်။

“ ငါတို့ရဲ့ကောင်းကင်လူသားဂိုဏ်းက ဂုဏ်ကျက်သရေအမြင့်ဆုံး အခြေအနေကော အနိမ့်ဆုံး သေကောင်ပေါင်းလည်း ကျပ်တည်းမှုတို့ကိုကော ကြုံတွေ့ကျော်ဖြတ်ခဲ့ပြီးပြီ။ ပြောရမယ်ဆိုရင် ကျုပ်တို့ အမြစ်ပြတ်သုတ်သင်ခံရလုနီးနီးပဲ။ ငါတို့ ကောင်းကင်လူသားဂိုဏ်းက ကံကောင်းထောက်မစွာနဲ့ ကံနည်းနည်းကောင်းသွားပြီး ငါက နတ်ဘုရားဘုရင်အဆင့်ကို ဝင်ရောက်နိုင်လိုက်တယ်။ လွန်ခဲ့တဲ့လအနည်းတုန်းက ငါတို့တွေ တပည့်သစ်တွေ ခေါ်ယူနိုင်ခဲ့တယ်။ နောက်ပြီး ငါ့အနေနဲ့ ဒါကို အောင်မြင်တဲ့ လူသစ်ခေါ်ယူမှုလို့ ယူဆတယ်။ လူတိုင်းက ဒီနေရာကို သူတို့ရဲ့ နေအိမ်အဖြစ် သဘောထားကြပြီး ငါတို့ စိတ်နှလုံးသားတွေ အားလုံးကလည်း ဂိုဏ်းရဲ့တိုးတက်မှုပေါ်မှာ မြှုပ်နှံထားကြတယ်ဆိုတာ ပြောနိုင်တယ်”

“ အခု  ဆက်စပ်မှုမရှိတဲ့ ကိစ္စတချို့အကြောင်းတချို့ ပြောပြချင်တယ်။ ငါ သိထားသလောက်တော့ အတိုင်းအဆမဲ့ ကျယ်ပြောတဲ့ စကြဝဠာထဲမှာ ငါတို့နတ်ဘုရားနယ်မြေနဲ့ ဆင်တူတဲ့နေရာမျိုးတွေ မရေမတွက်နိုင်အောင် ရှိတယ်။ ကျင့်ကြံရေးအရင်းအမြစ်အရ ဘယ်လောက်ပဲ ကြွယ်ဝနေပါစေ ဘယ်ဂြိုလ်မဆို နှစ်ပေါင်းများစွာ ကြာလာရင် နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေစူးစမ်းမှုတွေအောက်မှာ တဖြည်းဖြည်းနဲ့ ခြောက်သွေ့ပြီး လူသူကင်းမဲ့လာမှာပဲ။ နတ်ဘုရားနယ်မြေက တကယ့်ကို အတိုင်းမသိ ကျယ်ပြောတဲ့ နေရာတစ်ခုပါ။ ဒါပေမဲ့ ဘယ်လောက်ပဲ အတိုင်းမသိ ကျယ်ပြောပါစေ အလွန်အကျွံ တိုးချဲ့ခြင်းက ကျင့်ကြံရေး အရင်းအမြစ်တွေ ကုန်ခမ်းသွားခြင်းမှာ အမြဲ အဆုံးသတ်သွားကြရတယ်။ ဒါပေါ့ လူသားတွေ ခြေမချနိုင်တဲ့ နေရာတွေနဲ့ ကန့်သတ်နယ်မြေတွေတော့ မပါဘူးပေါ့ ”

ဖန်းကျဲက သက်ပြင်းချပြီး ခဏရပ်လိုက်သည်။

ပွင့်ပွင့်လင်းလင်းပြောရလျှင် ဖန်းကျဲက လျို့ဝှက်ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော ၉၉ ခုကို မြင်တွေ့ခဲ့စဉ် သူသည် ကောင်းကင်လူသားဂိုဏ်း၏ လျို့ဝှက် စည်းစိမ်ဥစ္စာများအား အလွန်အံ့သြတုန်လှုပ်ခဲ့မိသည်။ အကယ်၍ ဂိုဏ်းတစ်ဂိုဏ်းတွင် ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြောတစ်ခု ရှိနေလျှင်တောင် သူတို့ကို ချမ်းသာကြွယ်ဝသည်ဟု ယူဆရပေမည်။ ထိပ်သီးဂိုဏ်းအများစုတွင်ပင် ဤသို့ ထိပ်တန်းအဆင့် ဝိညာဉ်သွေးကြော အနည်းငယ်သာ ရှိကြလိမ့်မည်။

ထိပ်တန်းအဆင့် ဝိညာဉ်သွေးကြောအား လက်ဆောင်အဖြစ် ရက်ရက်ရောရောပေးခဲ့သော နတ်ဘုရားဘုရင်ဝေကျန့်ကဲ့သို့သူမှာ အင်မတန် ရှားပါးလေသည်။

သို့သော်လည်း ဟိုးအရင်အချိန်များ၌ ထိပ်သီးဂိုဏ်း အားလုံးနီးနီးတွင် အနည်းဆုံး ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြောပေါင်း အခုတစ်ရာလောက် ရှိသည်ဟူသော ကောလဟာသများက ပျံ့နှံ့လျက်ရှိသည်။ နတ်ဝိညာဉ်သွေးကြောပေါင်း တစ်ထောင်အထက် ရှိသည့် ဂိုဏ်းများသည်ပင် အံ့သြစရာ မဟုတ်ပေ။

ဖန်းကျဲက သူ့အသံကို မြှင့်လိုက်ပြီး

“ ငါတို့နတ်ဘုရားနယ်မြေနှင့် အခြားဂြိုလ်ရဲ့နယ်မြေကြား ကွာခြားချက်က ငါတို့နတ်ဘုရားသိုက်မြုံက ပေါ်ထွက်လာနိုင်တာပဲ။ ငါတို့နတ်ဘုရားနယ်မြေက နယ်မြေဧရိယာကို အခါအားလျော်စွာ တိုးချဲ့နိုင်ပြီးတော့ အဲ့ဒီတိုးချဲ့ဧရိယာမှာ မမျှော်လင့်ထားတဲ့ ရတနာတွေအများကြီး မကြာမကြာ ပါလာတတ်တယ်။ အချိန်တစ်ခု ကြာပြီးတဲ့နောက် နတ်ဘုရားဘုရင်တချို့ ထွက်ပေါ်လာရတဲ့ အဓိက အကြောင်းအရင်းကတော့ ငါတို့မှာ ဒီလိုအုတ်မြစ်မျိုး ရှိနေလို့ပဲ ”

“ အခု နတ်ဘုရားသိုက်မြုံက နောက်တစ်ခေါက် ပေါ်ထွက်လာတော့မယ်။ ပြီးတော့ ငါတို့ ကောင်းကင်လူသားဂိုဏ်းကလည်း ပြန်လည်တည်ဆောက်ပြီးသွားပြီဆိုတော့ အဲ့ဒီကို သွားရမယ်။ သွားရရုံတင် မကဘူး။ နတ်ဘုရားသိုက်မြုံထဲကို ငါတို့ ကောင်းကင်လူသားဂိုဏ်းရဲ့ တပည့်တွေပိုပြီး စောစောဝင်နိုင်ဖို့ ငါတို့ တိုက်ပွဲဝင်ရမယ်။ ဒီတစ်ခေါက် နတ်ဘုရားသိုက်မြုံအတွက် ငါ ကိုယ်တိုင် ဦးဆောင်မယ်။ ဂိုဏ်းပြင်ရေးရာ ခန်းမသခင် မိုဝူကျိက တပည့်တွေကို တာဝန်ယူဦးဆောင်ရမယ်။

ရှီစု… ခန်းမသခင် ဝူကျိက သူ့တောင်အသစ်ဆီကို ပြောင်းရွေ့ပြီးပြီလား ”

ရှီစုက ချက်ချင်း မတ်တပ်ရပ်ကာ ပြန်ဖြေလိုက်သည်။

“ ခန်းမသခင်ဝူကျိက သူ့နတ်ဘုရားတောင်ကို ရွေးချယ်လို့ ပြီးသွားပါပြီ။ အဲ့ဒီကိုလည်း ပြောင်းရွေ့ပြီးပါပြီ။ တောင်ကို လူသားတောင်လို့ အမည်ပေးထားပြီး သူအခု အခန်းအောင်း ကျင့်ကြံနေပါတယ် ”

ဖန်းကျဲက ခေါင်းညိမ့်လိုက်ပြီး ဆက်ပြောမည့်အချိန်တွင် ရှီစုက မှတ်ချက်ပေးလိုက်သည်။

“ ဆရာ… ခန်းမသခင်ဝူကျိက စွမ်းဆောင်ကောင်း စွမ်းဆောင်နိုင်ပေမဲ့ သူ့ပါရမီက… ”

ရှီစုက ဆက်မပြောတော့သော်လည်း သူဘာကို ဆိုလိုမှန်း လူတိုင်းက သိကြသည်။

ဖန်းကျဲက ခန်းမတစ်လျှောက် လှမ်းကြည့်လိုက်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

“ ငါက ဝူကျိကို သူ့ကိုယ်ပိုင် နတ်ဘုရားတောင်တစ်လုံး ပေးလိုက်ပြီးတော့ ဂိုဏ်းပြင်ရေးရာ ခန်းမသခင်အဖြစ်တောင် ခန့်အပ်လိုက်တာက ပြီးခဲ့တဲ့ အခမ်းအနားဧည့်ခံတုန်းက သူကောင်းကောင်း လုပ်နိုင်ခဲ့တာကြောင့်လို့ လူတိုင်း တွေးနေမယ်လို့ ယုံကြည်တယ် ”

မည်သူမျှ စကားမပြောကြသော်လည်း သူတို့၏ အမူအရာများက ထိုယုံကြည်ချက်ကို ညွှန်ပြနေသည်။

ဖန်းကျဲက ရှင်းပြလိုက်သည်။

“ တကယ်လို့ ငါတို့သာ ဂိုဏ်းအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာချင်း ယှဉ်မယ်ဆိုရင် လူတိုင်းက ကောင်းကင်လူသားဂိုဏ်းကို ငါ ချစ်သလောက် ချစ်ကြလိမ့်မယ်လို့  ယုံကြည်တယ်။ တကယ်တော့ ဂိုဏ်းအတွက် လူတိုင်းက အသက်တွေကိုတောင် စွန့်လွှတ် အနစ်နာခံမယ်ဆိုတာကိုလည်း သိတယ်။ ဒါပေမဲ့  လုံးဝရိုးရိုးသားသား ထုတ်ပြောရမယ်ဆိုရင်  ရှီစုနဲ့ ဖန်းဖုန်းပန်ကတောင် သာမှန်တပည့်တွေပဲ လို့ ဆိုရမယ်။

တကယ်လို့ ဂိုဏ်းက သူ့ရွှေရောင်ခေတ်နဲ့ အောင်မြင်ထမြောက်နေတယ်ဆိုရင် အဲ့ဒါက ကောင်းတဲ့ အရာပါ။ ဒါပေမဲ့ အခုမှ ဂိုဏ်းက ပြန်လည်တည်ဆောက်နေတုန်းပဲ ရှိသေးတယ်လေ။ ပြီးတော့ ပြင်းထန်တဲ့ ဘေးအန္တရာယ်တွေကို ရင်ဆိုင်ရလိမ့်မယ်။ ငါတို့အတွက် ဘေးအန္တရာယ်တွေကို ခုခံကာကွယ်ပေးနိုင်တဲ့ တစ်ယောက်ယောက်ကို လိုအပ်တယ် ”

လူတိုင်းက မိုဝူကျိသည် ဆိုးဝါးသော ပါရမီသာ ရှိသည်ဟု ချေပပြောဆိုချင်သော်လည်း တည်ထောင်သူဘိုးဘေး ဖန်းကျဲက စကားပြောနေစဉ် မည်သူကမျှ ပြန်မပြောရဲပေ။

ဖန်းကျဲက ဆက်ပြောလိုက်သည်။

“ အခု ဝူကျိရဲ့ပါရမီက အရမ်းကို သာမန် ဖြစ်နေတယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ သူ့ဝိညာဉ်ကြောတွေကို အသွင်မပြောင်းခင် သူက ပါရမီအရ အတော်ဆုံးတွေထဲက တစ်ယောက်ဆိုတာ ယုံကြည်တယ်။ ထိပ်တန်းအဆင့်နဲ့ တစ်ယောက်တောင်… ”

ဖန်းကျဲက ထပ်၍ ရှင်းပြလိုက်သောအခါ လူတိုင်းက သံသယဖြစ်ဖွယ် အကြည့်များ ဖလှယ်လိုက်ကြပေသည်။

“ပြောရရင် ဝူကျိရဲ့အရိုးတွေက အရမ်းနုသေးတယ်။ ပြီးတော့ ငါ အဲ့ဒါကို မစစ်ဆေးရသေးပေမဲ့ သူ့အရိုးတွေရဲ့ သက်တမ်းက နှစ်တစ်သောင်းထက် မပိုဘူး။ အဲ့ဒါက ငါထင်ထားတာထက်တောင် အများကြီး နည်းရင် နည်းနေဦးမှာ။ တကယ်လို့ သူသာ ကနဦး နတ်ဘုရားဆင့်ကို နှစ်တစ်သောင်းထက် နည်းပြီး ရောက်ခဲ့ရင် သူ့ပါရမီက ဘယ်လိုလုပ် နိမ့်ကျမှာလဲ။

သူ့ဝိညာဉ်ကြောတွေကို နတ်ဝိညာဉ်ကြောအဖြစ် အသွင်ပြောင်းတဲ့အချိန်မှာ ပြဿနာ ရှိသွားတာ ဖြစ်မယ်။ အဲ့ဒါကြောင့် သူ့ရဲ့ထိပ်တန်းအဆင့် ဝိညာဉ်ကြောက ဆိုးရွားသွားရတာ ဖြစ်မယ်။ ဒီတစ်ကြိမ် နတ်ဘုရားသိုက်မြုံ ပေါ်ထွက်လာရင် ငါတို့ သူ့ဝိညာဉ်ကြောကို ကူညီသန့်စင်ပေးနိုင်မယ့် မှော်ရတနာကို ရှာနိုင်သ၍ ဝူကျိ ရှေ့မှာ အလွန်ကောင်းတဲ့ အနာဂတ်ရှိမယ်လို့ မင်းတို့ မထင်ဘူးလား…”

“ ရှင်းပြပေးတဲ့အတွက် ဆရာ့ကို ကျေးဇူးအများကြီးတင်ပါတယ်။ တပည့် အခုနားလည်သွားပါပြီ ”

နောက်ဆုံး၌ ရှီစုနှင့် အပေါင်းအပါတို့သည် တည်ထောင်သူဘိုးဘေး၏ ရည်ရွယ်ချက်နှင့် ကြိုးစားအားထုတ်မှုတို့ကို နားလည်သွားပုံ ပေါ်သည်။

ဖန်းကျဲက ရေးရေးလေး ပြုံးလိုက်သည်။

“ မင်းတို့ ဘယ်သူမျှ မတွေးမိတဲ့ ငါ ယုံကြည်တဲ့ နောက်ထပ် အချက်တစ်ခုလည်းရှိသေးတယ်။ ငါ ကူချိုက်ကို သတ်ပစ်ဖို့ ရည်ရွယ်ထားတုန်းက မိုဝူကျိပဲ မားမားမတ်မတ် ရပ်ပေးခဲ့တာ။ ဆိုးဝါးတဲ့ ပါရမီရှိတဲ့ တပည့်သစ်တစ်ယောက်အနေနဲ့ နတ်ဘုရားဘုရင် တစ်ယောက်ကို ဆန့်ကျင်ပြီး ထရပ်လိုက်က သေလမ်းပဲဆိုတာ သူ မသိဘဲ နေပါ့မလား။

ဒါတောင်မှ သူ ရပ်တည်ပေးခဲ့တာ။ အဲ့ဒါက ဘာကို သက်သေပြနေတာလဲ…။ အဲ့ဒါက သူ့ရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ သူ သိရုံသာ ရှိသေးတဲ့ ဂျူနီယာညီမလေးကို ကာကွယ်စောင့်ရှောက်ဖို့ အစွမ်းကုန် ကြိုးစားမယ်ဆိုတာကို ပြတာပဲ။ ဒီလိုမျိုးအကျင့်စရိုက်နဲ့ ငါတို့သာ သူ့ကို စိတ်ရင်းအတိုင်း ဆက်ဆံသ၍ သူက ဘယ်တော့မှ ကောင်းကင်လူသားဂိုဏ်းကို သစ္စာဖောက်မှာ မဟုတ်ဘူး ”

………………

မိုဝူကျိက ကူချိုက်၏ ကျင့်စဉ်ကို အခြေချပေးပြီးနောက် သူသည် သူ့ကိုယ်ပိုင် ကျင့်ကြံခြင်းတွင် မွေ့လျော်နေလေသည်။ သူက သူ့အင်မော်တယ်မော်တယ် ကျင့်စဉ်ကို သုံးနေသ၍ သူသည် မိုးမြေစည်းမျဉ်းများ ပါရှိနေသော ပြိုင်ဘက်ကင်း သိပ်သည်းနေသည့် နတ်ဝိညာဉ်စွမ်းအားကို စုပ်ယူနိုင်ပေလိမ့်မည်ဟု သူ ခံစားမိသည်။ ကောင်းကင်လူသားဂိုဏ်း၌ သူ့ကျင့်ကြံဆင့် တိုးတက်မှုသည် အံ့မခန်း လျင်မြန်လှပေသည်။

မျက်စိတစ်မှတ်အတွင်း ၅ လ ကုန်သွားလေပြီ။ မိုဝူကျိသည်ကား ကနဦးနတ်ဘုရားအဆင့် ၁ တွင် အခြေချပြီးသွားလေပြီ။

ကနဦး နတ်ဘုရားအဆင့်သို့ ဝင်ရောက်ပြီးနောက် သူမည်မျှပင် နတ်ဝိညာဉ်စွမ်းအားကို လျင်မြန်စွာ စုပ်ယူနိုင်စေကာမူ ကနဦး နတ်ဘုရားအဆင့် ၂ တက်လှမ်းဖို့ အဝေးကြီး လိုနေသေးသည်။

ယနေ့ မိုဝူကျိက ပြင်းပြင်းထန်ထန် စုပ်ယူနေစဉ် သူ့လူသားတောင်ထိပ် ပတ်ပတ်လည်၌  သူ ခင်းကျင်းထားသော အတားအဆီးများတွင် နှောင့်ယှက်မှု ရှိလာသည်။

မိုဝူကျိက သူ့ကျင့်ကြံခြင်းကို ရပ်လိုက်ပြီး အတားအဆီးအား ဖွင့်လိုက်သည်။ သူအံ့သြသွားရသည်မှာ ဂိုဏ်းချုပ် ရှီစုကိုယ်တိုင် သူထံ လာလည်ခြင်း ဖြစ်သည်။ ဂိုဏ်းချုပ် ရှီစု ဤနေရာသို့ ရောက်လာသောကြောင့် မိုဝူကျိက သူ့အား ကြိုဆိုရန် အလျင်စလို ထွက်လာလိုက်သည်။

“ ဟားဟား … ခန်းမသခင်ဝူကျိ ငါ မင်းရဲ့ကျင့်ကြံခြင်းကို နှောင့်ယှက်မိပြီ ထင်တယ် ”  အထဲသို့ ဝင်မလာခင်မှာပင် ရှီစုက အသာရယ်လိုက်သည်။

မိုဝူကျိက တုံ့ပြန်လိုက်သည်  “ မဟုတ်ပါဘူး။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်က လမ်းလျှောက်ဖို့ ထွက်လာတော့မလို့ပဲ။ ဂိုဏ်းချုပ် ဘာဖြစ်လို့ ကျွန်တော့်ဆီ လာလည်တာလဲ ”

သူ စကားပြောနေရင်း မိုဝူကျိသည် သူ့အင်မော်တယ်နေအိမ်ရှိ ဧည့်ခန်းမသို့ ရှီစုအား လမ်းပြလိုက်သည်။ ရှီစုသည် မိုဝူကျိအား အင်မော်တယ် အခါးရည်ငှဲ့နေခြင်းမှ ရပ်ခိုင်းလိုက်ပြီး ရှီစုကပြောလိုက်သည်။

“ ဝူကျိရေ.. နတ်ဘုရားသိုက်မြုံ ပေါ်ထွက်လာတော့မယ့် အကြောင်းကို မင်းသိတယ်မလား ”

“ ဟုတ်ကဲ့… ကျွန်တော် သိပါတယ် ”

မိုဝူကျိက တည်ထောင်သူဘိုးဘေး ဖန်းကျဲသည် ဤအကြောင်းကို ပြောပြဖူးသည်အား မှတ်မိသောကြောင့် ခေါင်းညိတ်ပြလိုက်သည်။ သူသည် ဤကဲ့သို့ အခွင့်အရေးမျိုးကို အလွယ်တကူ လက်လွှတ်ခံလိမ့်မည် မဟုတ်ပေ။

“ အရင်တစ်ခေါက် နတ်ဘုရားသိုက်မြုံ ပေါ်ထွက်လာတုန်းက ငါတို့ ကောင်းကင်လူသားဂိုဏ်းက အရေအတွက် ဖြည့်ဖို့ပဲ အဲ့ဒီမှာ ရှိခဲ့တာ။ အခု တည်ထောင်သူဘိုးဘေးက ပြန်ရောက်လာပြီဆိုတော့ ငါတို့ ကောင်းကင်လူသားဂိုဏ်းက အဲ့ဒီကို အဲ့လိုအကြောင်းအတွက် ရှိနေစရာ မလိုတော့ဘူး။ ပေါ်ထွက်လာမဲ့ အချိန်က မသေချာသေးပေမဲ့ ဘာပဲဖြစ်ဖြစ် ငါတို့ ကောင်းကင်လူသားဂိုဏ်းက နောက်သုံးရက်နေရင် ထွက်ခွာတော့မယ်။ မင်းကိုယ်မင်း ပြင်ဆင်ထားပြီးပြီလား ”  ရှီစုက ခပ်တိုးတိုး  ပြောလိုက်သည်။

***

All Chapters