တစ်ယောက်ယောက်က မပျော်မရွှင် ဖြစ်နေတယ်
Vol. 65 Ch. 901
မိုဝူကျိသည်လည်း နတ်ဘုရားသိုက်မြုံသို့ သွားရမည့်အကြောင်းကို စိတ်ဝင်စားမိသည်။ သူ့တွင် ချီသွေးကြော ၁၀၈ ကြောရှိပြီး ကောင်းကင်လူသားဂိုဏ်းရှိ ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြောကို အသုံးပြုလျှင်ပင် နောက်တစ်ဆင့်သို့ မြန်မြန် တက်လှမ်းရန်မှာ မဖြစ်နိုင်ကြောင်း သူသိထားသည်။
နတ်ဘုရားသိုက်မြုံ ပေါ်ထွက်လာပြီးနောက် ထိပ်တန်းအဆင့် ရတနာများ ပေါ်လာမည်ဟူသော ကောလဟာလများလည်း ပျံ့နှံ့နေသည်။ ထို့ကြောင့် မိုဝူကျိသည်လည်း သေချာပေါက် လက်လွှတ် ဆုံးရှုံး မခံချင်ပေ။
“ ဂိုဏ်းချုပ်… ကျွန်တော့်ကို စိတ်ပူစရာမလိုပါဘူး။ နောက်သုံးရက်ကြာရင် ကျွန်တော် ဂိုဏ်းသားတွေ ခေါ်ပြီး အချိန်အတိအကျ ရောက်အောင် လာခဲ့ပါ့မယ် ” မိုဝူကျိက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
“ အဲ့လိုဆိုမှတော့ ငါအရင်သွားနှင့်မယ်။ မင်းလည်း ပြင်ဆင်ထားလိုက်ဦး ” ရှီစုက မတ်တပ်ရပ်လိုက်သည်။ သူသည် မိုဝူကျိအား ယခုအချိန်အထိတော့ တော်တော် ကျေနပ်နေမိသည်။
သူ့ဆရာ ပြောပြခဲ့သလိုပင် မိုဝူကျိ၏ ပင်ကိုစရိုက်နှင့် စွမ်းဆောင်နိုင်ရည် အားလုံးသည် သာမန်ထက် လွန်ကဲပေသည်။ တစ်ခုတည်းသော ပြစ်ချက်မှာ ကျင့်ကြံဆင့်အတွက် သူ့ပါရမီမှာ အားနည်းနေခြင်း ဖြစ်သည်။ ဤပြဿနာ၏ အဖြစ်နိုင်ဆုံး အကြောင်းရင်းမှာ ဝိညာဉ်ကြော အသွင်ပြောင်းခြင်း လုပ်ဆောင်နေစဉ်အတွင်းသာ ဖြစ်ပေမည်။
…………..
သုံးရက်ကြာပြီးနောက် မိုဝူကျိသည် ကူချိုက်အား ဂိုဏ်းရင်ပြင်သို့ ခေါ်ဆောင်လာသည်။ ဤအချိန်၌ ရင်ပြင်၏ အလယ်တွင် ရပ်နားထားသော ဧရာမ ယာဉ်ပျံကြီးက ရှိနှင့်နေလေပြီ။ ထိုအရာသည် မိုဝူကျိအား ဤနေရာသို့ ခေါ်ဆောင်လာသော ယာဉ်ပျံထက် ဆယ်ဆလောက် ပို၍ ကြီးကျယ်ခမ်းနားပေ၏။
ရင်ပြင်ပေါ်တွင် အနည်းဆုံး လူအယောက် ၁၀၀၀ ကျော် ရှိနေပေသည်။ သို့သော်လည်း မိုဝူကျိသည် ဤနေရာရှိ လူဆယ်ယောက်ကိုသာ မှတ်မိ၏။
“ ဝူကျိ… မင်းဘာလို့ ကူချိုက်ကိုပါ ခေါ်လာတာလဲ ”
ရှီစုသည်လည်း ရင်ပြင်ပေါ်တွင် ရှိနေပြီး သူက ကူချိုက်ကို တွေ့သောအခါ အလျင်စလို မေးလိုက်သည်။
မိုဝူကျိက တိုးတိုးလေး ပြောလိုက်သည်။
“ ဂိုဏ်းချုပ်… ကူချိုက်က ကနဦး နတ်ဘုရားအဆင့်ကို တက်လှမ်းပြီးသွားပါပြီ။ သူမရဲ့ အမှောင်ထု ဝိညာဉ်ကြောတွေက ဝိညာဉ်ကြောစစ်ဆေးမှု အတွင်းမှာတောင် သူ့ဘာသာသူ ပေါ်မလာတော့ပါဘူး ”
မိုဝူကျိလည်း ကူချိုုက်၏ တိုးတက်မှုအား အလွန် အထင်ကြီးမိသည်။ သူ့ ချီသွေးကြော ၁၀၈ ကြောနှင့် သူ့ကျင့်ကြံနှုန်းသည် မြန်ဆန်သည်ဟု ယူဆ၍ ရပေသည်။ ကျင့်ကြံရေး လောကမှ အင်မော်တယ်လောကအထိ သူ့ထက် ကျင့်ကြံဆင့် ပိုမြန်သည့် ကျင့်ကြံသူ များများစားစား မတွေ့ခဲ့ဖူးပေ။ ထိုစဉ်တုန်းက မုရုန်ရှန်းယွီ၏ တိုးတက်မှုက သူ့ထက် ပိုမြန်ခဲ့သည်မှာ သူမတွင် လော့ကျမ်း စာရွက်အချို့ ရှိနေသောကြောင့် ဖြစ်သည်။ မဟုတ်ပါက မုရုန်ရှန်းယွီ၏ ကျင့်ကြံဆင့်သည် လုံး၀ သူ့ကို ကျော်လွန်နိုင်လိမ့်မည် မဟုတ်ကြောင်း သေချာပေသည်။
သို့သော်လည်း ကူချိုက်၏ ကျင့်ကြံနှုန်းသည် တကယ့်ကို ထိတ်လန့်ဖွယ် ကောင်းလှပေသည်။ နှစ်ဝက်တည်းနှင့် ကူချိုက်သည် သူမ၏ အမှောင်သဘာဝ စွမ်းအားကို ဖုံးကွယ်နိုင်ရုံသာမက ကနဦး နတ်ဘုရားအဆင့်သို့လည်း တက်လှမ်းနိုင်လေသည်။ ယခု ကူချိုက်သည် ကနဦးနတ်ဘုရား အဆင့် ၁ ၏ ပြီးပြည့်စုံခြင်းအဆင့်၌ ရှိနေပြီ ဖြစ်သည်။ တစ်ဖက်တွင် မိုဝူကျိက သူ့ကျင့်ကြံဆင့်ကို ကနဦး နတ်ဘုရားအဆင့် ၁ တွင် အခြေတည်အောင် လုပ်နိုင်ရုံမျှသာ ရှိလေသည်။
“ အို… တကယ်လား ” ရှီစုက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ထို့နောက်တွင် တည်ထောင်သူဘိုးဘေး ဖန်းကျဲက အမှာစကား ပို့လွှတ်လိုက်သည်။
“ ဝူကျိ… ကူချိုက်က ကနဦး နတ်ဘုရားအဆင့်မှာဆို သူမရဲ့ အမှောင်ထု ဝိညာဉ်ကြောကို တကယ် ဖုံးကွယ်နိုင်မှာလား။ ဒီကိစ္စကို ပေါ့ပေါ့စစ လုပ်လို့မရဘူး။ ဘာလို့လဲဆိုတော့ တကယ်လို့ အပြင်ဘက်မှာ တစ်ခုခုဖြစ်ခဲ့ရင် ငါတို့ကောင်းကင်လူသားဂိုဏ်း ဒုက္ခရောက်လိမ့်မယ် ”
တိုက်တိုက်ဆိုင်ဆိုင် အနီးအနား၌ ရှိနေသော ဖန်းကျဲထံ မိုဝူကျိက လျှောက်လှမ်းလာပြီး ဦးညွှတ်လိုက်သည်။
“ တည်ထောင်သူဘိုးဘေး… ဒါအမှန်တကယ်ပါ ”
ဖန်းကျဲက ခေါင်းညိမ့်လိုက်ပြီး ကူချိုက်အား ပြောလိုက်သည်။
“ စစ်ဆေးဖို့အတွက် ယာဉ်ပျံဆီကို ငါ့နောက်ကနေ လိုက်ခဲ့ ”
“ ဟုတ်ကဲ့ပါ… တည်ထောင်သူဘိုးဘေး ” ကူချိုက်က ချက်ချင်းပြန်ဖြေလိုက်သည်။
ဖန်းကျဲက ကူချိုက်ကို ခေါ်ဆောင်သွားပြီးနောက် ရှီစုသည် မိုဝူကျိအား တပည့်အုပ်စုဆီ ခေါ်သွားလိုက်ကာ ကြည်လင်ပြတ်သားသောအသံဖြင့် ပြောလိုက်သည်။
“ ဒါက လူသားတောင်မှာ လက်ရှိ နေထိုင်နေတဲ့ ဂိုဏ်းပြင်ရေးရာ ခန်းမသခင် မိုဝူကျိပဲ။ သူက နတ်ဘုရားသိုက်မြုံဆီကိုသွားမဲ့ ဒီခရီးစဉ်အတွင်း ငါတို့ကောင်းကင်လူသားဂိုဏ်းရဲ့ တပည့်ခေါင်းဆောင်ပဲ ”
မိုဝူကျိက သူတို့အများစုကို မမှတ်မိသကဲ့သို့ လူအုပ်ထဲရှိ တပည့်တွေထဲမှ အချို့သာလျှင် မိုဝူကျိအား မှတ်မိပေသည်။
မိုဝူကျိအား ကြိုတင်သိထားသော တပည့်အချို့မှလွဲ၍ ကျန်တပည့်များသည် သူတို့၏ ဂါရဝပြုကြိုဆိုခြင်းကို ဟန်လုပ်၍သာ ဖော်ပြကြသည်။ သိသာလှစွာပင် မိုဝူကျိ၏ အားနည်းသော တာအိုအရှိန်အဝါမှ သူ ဂိုဏ်းပြင်ရေးရာ ခန်းမသခင် ဖြစ်လာနိုင်သည်မှာ အဆက်အသွယ်ကြောင့် ဖြစ်ကြောင်း သူတို့ ပြောနိုင်သည်။
“ ဂိုဏ်းချုပ်… ဘာလို့ ကျွန်တော်တို့ ဂိုဏ်းက တပည့်တွေ အများကြီး ပို့တာလဲ ” မိုဝူကျိသည် ရင်ပြင်ပေါ်တွင် ရပ်နေကြသော တပည့်ရာချီအား အံ့သြစွာ ကြည့်လိုက်သည်။
ရှီစုက ခါးသက်စွာ ပြုံးလိုက်သည်။
“ ဒီတစ်ကြိမ် တပည့် ၄၉ ယောက်က သွားကြလိမ့်မယ်။ ဒါပေမဲ့ ကူချိုက်ပါ ပါရင် အယောက် ၅၀ ဖြစ်သွားပြီ။ ငါတို့ကောင်းကင်လူသားဂိုဏ်းက ပြန်လည်တည်ဆောက်ပြီးခါစ ဖြစ်တဲ့အပြင် ငါတို့ သင့်တော်တဲ့ တပည့်တချို့ကို ခေါ်ယူနိုင်လိုက်ပေမဲ့ အချိန်ကာလက အရမ်းတိုတောင်းလွန်းတယ်။ နတ်ဘုရားသိုက်မြုံအတွက် တိုက်ပွဲမှာ ငါတို့တွေ အသာစီး ရနိုင်ပါ့မလားဆိုတာ ငါ သံသယဝင်မိတယ်… ဟူး… ”
လူတိုင်းက နတ်ဘုရားသိုက်မြုံ၏ အရေးပါမှုကို သိကြသည်။ သို့သော်လည်း ထိုအရာအတွက် တိုက်ခိုက်မှုသည် နတ်ဘုရားဘုရင် တစ်ယောက်တည်းက ဖြေရှင်းနိုင်သော အရာမဟုတ်ပေ။
မိုဝူကျိသည် ပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် တပည့်အချို့သည် ကနဦးနတ်ဘုရား အဆင့် ၈ နှင့် အဆင့် ၉ ၌ ရှိနေသည်ကို သတိပြုမိလိုက်သည်။ သို့သော်လည်းပဲ မိုဝူကျိသည် ရှီစု၏ အားကိုးရာမဲ့ခြင်းအား မျှဝေခံစားပေးနိုင်ပေသည်။ ကောင်းကင်လူသားဂိုဏ်းရှိ ဤကနဦး နတ်ဘုရား အဆင့် ၈ နှင့် အဆင့် ၉ အဆင့်မြင့် ကျင့်ကြံသူများသည် သိသာထင်ရှားစွာ ကောင်းကင်လူသားဂိုဏ်းထဲဝင်ပြီးမှ များများစားစား ကျင့်ကြံထားခြင်း မရှိပေ။ ယင်လင်းနှင့် တိပုထုံတို့ကဲ့သို့ ဂိုဏ်းထဲ ဝင်လာသည့်အချိန်၌ သူတို့သည်လည်း ကနဦးနတ်ဘုရား အဆင့် ၇ တွင် ရှိနှင့်ကောင်း ရှိနေနိုင်ပေသည်။
ဤသို့စွမ်းရည်မျိုးသည် ကြည့်လိုက်ပါက မဆိုးဘူးဟု ထင်ကောင်းထင်ရသော်လည်း ဂိုဏ်းကြီးများမှ ပါရမီရှင်တပည့်များနှင့် နှိုင်းယှဉ်သည့်အခါ သူတို့ လုပ်နိုင်သည့်အရာမှာ တကယ်ကို ဘာမျှမရှိပေ။
သိပ်မကြာခင်ပင် နတ်ဘုရားသိုက်မြုံဆီ သွားမည့် တပည့်များအားလုံးအား ယခု ယာဉ်ပျံပေါ်သို့ တက်နိုင်ပြီ ဖြစ်ကြောင်း တည်ထောင်သူဘိုးဘေးဖန်းကျဲ၏ အမိန့်ကို ဝေကျဲက ကြေညာသည်။
ကောင်းကင်လူသားဂိုဏ်းကို ဦးဆောင်ထားသော အဖွဲ့မှာ ဖန်းကျဲ ၊ မိုဝူကျိ နှင့် အကြီးအကဲဝေကျဲတို့ ဖြစ်သည်။ ဂိုဏ်းချုပ် ရှီစုနှင့် ကျန်အကြီးအကဲများမှာ သူတို့အား လိုက်ပို့ရန်သာ လာခြင်း ဖြစ်၏။
မိုဝူကျိက ယာဉ်ပျံပေါ်သို့ တက်ပြီးသည့်နောက် ကူချိုက်သည်လည်း သူ့နံဘေးသို့ ပြန်ရောက်လာသည်။ ဖန်းကျဲက သူမအတွက် လုပ်ခဲ့သည့် စစ်ဆေးမှုတွင် သူမ၏ အမှောင်ထု ဝိညာဉ်ကြောများကို ကောင်းကောင်း ဖုံးကွယ်နိုင်လိုက်သဖြင့် သူမ မျက်နှာတွင် အပြုံးများနှင့် ဝေဆာနေသည်။
မိုဝူကျိနှင့် ကူချိုက်အပါအဝင် တပည့် အယောက် ၅၀ တို့အတွင်းတွင် ယင်လင်းနှင့် တိပုထုံတို့လည်း ပါဝင်ပေသည်။ ဤသည်က မိုဝူကျိအား ကောင်းကင်လူသားဂိုဏ်းအပေါ် နောက်ထပ်အများကြီး ပိုပြီး နှစ်သက်လာစေသည်။ ဤသည်က ကောင်းကင်လူသားဂိုဏ်းသည် သူတို့တပည့်များနှင့် သူတို့၏ ဆက်ဆံရေးကို အလေးထားကြောင်း သက်သေပြနေသည်။ စွမ်းရည်အရ ယင်လင်းနှင့် တိပုထုံသည် နတ်ဘုရားသိုက်မြုံထဲသို့ ဝင်ရန် အရွေးခံရမည် မဟုတ်ပေ။ သူသည်လည်း အုပ်စုထဲသို့ ပါနိုင်ခဲ့သည်မှာ သူက ပွဲများကို စီမံခန့်ခွဲရာတွင် အနည်းငယ် စွမ်းဆောင်နိုင်သောကြောင့်သာ ဖြစ်သည်။ အမှန်တကယ်တွင် သူသည် “တပည့်ကြီး” ဆိုသည့် ခေါင်းစဉ်ဖြင့်ပင် ချီးကျူးဂုဏ်ပြုခြင်းကို ခံရလေသည်။
ယခု ကူချိုက်ပင် ဤခရီးအတွက် လိုက်ပါခွင့်ရလေသည်။
ယာဉ်ပျံ စတင်ထွက်ခွာသည့်နှင့် ဝေကျဲသည် နတ်ဘုရားသိုက်မြုံဆီသို့ သွားမည့် တပည့်များ အားလုံးကို အော်ခေါ်လိုက်သည်။ ဝေကျဲသည် နဂိုက လူလိမ်တစ်ယောက် ဖြစ်သော်လည်း မိုဝူကျိနှင့် အပေါင်းအပါများမှ လွဲ၍ တပည့်သစ်အများစုသည် သူဘာလုပ်ခဲ့မှန်း မသိကြပေ။ အခြားတပည့်များအတွက်မူ သူတို့သည် ဝေကျဲအား အလွန်အသက်ကြီးပြီး အရည်အချင်း ပြည့်မှီသော ဂိုဏ်းအကြီးအကဲ တစ်ယောက်အဖြစ်သာ သိကြသည်။
ဤသည်မှာ တပည့်အုပ်ကြီးက ဝေကျဲ စကားပြောသည့်အခါ အလွန် စည်းကမ်းရှိစွာ ပြုမူနေကြခြင်း၏ အကြောင်းအရင်းလည်း ဖြစ်သည်။
ဝေကျဲက သူ့မျက်နှာပေါ်တွင် ခက်ထန်သည့် အသွင်ဖြင့် ခေါင်းညိမ့်ပြလိုက်သည်။
“ မင်းတို့အားလုံးက အရမ်းကံကောင်းတယ်။ ဘာလို့လဲဆိုတော့ ဂိုဏ်းတိုင်းမှာ နတ်ဘုရားနယ်မြေဆီကို သူတို့တပည့်တွေနဲ့အတူ လိုက်ပါလာပေးမဲ့ နတ်ဘုရားဘုရင် ရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းတို့အားလုံးမှာတော့ အရမ်းကို ကံကောင်းမှုနဲ့ ဂုဏ်သရေတွေ ရှိနေတယ် ”
ဝေကျဲသည် အမှန်ပင် စကားလုံး ကောင်းကောင်းများနှင့် လူများကို လှည့်စားနိုင်စွမ်း ရှိပေသည်။ ဤကဲ့သို့ စာကြောင်းအချို့ဖြင့် ဤနေရာရှိ တပည့်များအားလုံးသည် ဂုဏ်ယူမှုနှင့် ကျေးဇူးတင်မှုများကို စတင်ခံစားလိုက်ရပေသည်။
ဝေကျဲသည် ကျေနပ်စွာဖြင့် ခေါင်းညိမ့်လိုက်သည်။
“ ဒီနေ့ကစပြီးတော့ မိုဝူကျိက မင်းတို့ရဲ့ တာ့ရှီရှုန်းပဲ။ ပြီးတော့ မင်းတို့ ဝူကျိကို အရာအားလုံး အစီအရင် ခံနိုင်တယ်။ တကယ်လို့ ဝူကျိ မဖြေရှင်းနိုင်တဲ့ ပြဿနာဆိုရင် ငါ ကူညီပေးမယ်။ ကောင်းပြီ… နတ်ဘုရားသိုက်မြုံဆီ သွားမဲ့ခရီးက လချီကြာမှာဆိုတော့ သွားနားချည်တော့ ”
(တာ့ရှီရှုန်း ဆိုသည်မှာ တပည့်ခေါင်းဆောင် စီနီယာအစ်ကိုကြီးကို ညွှန်းဆိုခြင်း ဖြစ်ကာ ဂိုဏ်းထဲရှိ တပည့်အားလုံးသည် သူ့လက်အောက်တွင် ရှိသည်)
ထိုသို့ပြောပြီး ဝေကျဲက သူ့လက်ကို အသာ ဝှေ့ယမ်းလိုက်ကာ ယာဉ်ပျံအခန်းငယ်ဆီသို့ တန်းတန်း ပြန်သွားလေသည်။
ပို၍ဖော်ရွေကြသော သို့မဟုတ် အနည်းငယ် အားနည်းကြသော တပည့်အချို့က မိုဝူကျိထံ လာရောက် နှုတ်ဆက်ကြလေသည်။ တာ့ရှီရှုန်းဖြစ်သူ မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ သူတို့ထက် နိမ့်သော်လည်း ဝေကျဲက သူသည် သူတို့အုပ်စုကို ဦးဆောင်သည့်သူ တစ်ယောက်ဖြစ်ကြောင်း ပြောကြားသွား၏။ သူတို့သည် ဂိုဏ်းထဲဝင်လာသည်မှာ လအနည်းငယ်သာ ရှိသေးသောကြောင့် အကြီးအကဲ၏ ညွှန်ကြားချက်များကို မလွန်ဆန်ရဲပေ။
“ ဝူကျိ… ခင်ဗျားက ကျုပ်တို့ထဲက တချို့ထက် လတော်တော် စောပြီး ဂိုဏ်းထဲဝင်တာ ကျုပ် သိပါတယ်။ အစီအစဉ်အရတော့ ခင်ဗျားက ကျုပ်တို့ရဲ့စီနီယာအစ်ကိုကြီးပဲ။ ဒါပေမဲ့ ကျုပ်တို့ကောင်းကင်လူသားဂိုဏ်းအနေနဲ့ ထိပ်သီးဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာဖို့ လက်ရုံးရည်ကပဲ ဦးဆောင်နိုင်မှာ။ ကျုပ် ခန်းမသခင်မိုနဲ့ ပညာချင်းဖလှယ်ဖို့ မျှော်လင့်တယ်။ ကျုပ် ရှုံးရင် ခင်ဗျားကို သေချာပေါက် တာ့ရှီရှုန်းအဖြစ် အသိအမှတ်ပြုပြီး ခင်ဗျား စကားနားထောင်ပါ့မယ် ”
အားလုံးက အကြီးအကဲဝေကျဲ၏ စကားကို နာခံမည် မဟုတ်ပေ။ ဝေကျဲ ထွက်သွားသည်နှင့် အရပ်ရှည်ရှည်နှင့်လူက ထရပ်လိုက်သည်။
မိုဝူကျိသည် ကနဦးနတ်ဘုရား အဆင့် ၁ တွင်သာ ရှိသော်လည်း ဤငတိသည် ကနဦးနတ်ဘုရား အဆင့် ၉ တွင် ရှိလောက်သည်ကို သူပြောနိုင်သည်။
ကောင်းကင်လူသားဂိုဏ်း၏ မည်သည့် သာမန်တပည့်ကမျှ ဤကဲ့သို့ မှတ်ချက်မျိုး ပြုမည်မဟုတ်သောကြောင့် မိုဝူကျိက သက်ပြင်းချလိုက်သည်။ တပည့်သစ်ခေါ်ယူမှုကြီး အပြီးတွင် ဂိုဏ်းသားများကြားရှိ ရင်းနှီးခင်မင်မှုနှင့် သံယောဇဉ်တို့မှာ တဖြည်းဖြည်း ပျောက်ကွယ်လာလေသည်။ အကျိုးအမြတ်များနှင့် ရာထူးအာဏာတို့အတွက် တိုက်ပွဲ၌ လူတိုင်းသည် ဂိုဏ်း၏ အဖိုးအတန်ဆုံးနှင့် တန်ဖိုးအကြီးဆုံး စိတ်ဓာတ်အား ပျောက်ဆုံးသွားကြလေပြီ။
“ မင်းနာမည် ဘယ်လိုခေါ်လဲ ” မိုဝူကျိက အသာ မေးလိုက်သည်။
တပည့်အုပ်စုကို ဦးဆောင်ရန် သူ့အတွက် ဆုံးဖြတ်ချက်ချလိုက်သည့် တစ်ယောက်မှာ အကြီးအကဲဝေကျဲ မဟုတ်ကြောင်း မိုဝူကျိက ကောင်းကောင်း သိပေသည်။ ထိုသူက ဖန်းကျဲ ဖြစ်သည်။ ထို့အပြင် သူသည် တာ့ရှီရှုန်း ဆိုသည့် ခေါင်းစဉ်ကို လွယ်လွယ်ကူကူ ပေးပစ်လို့ မရမှန်း သိသည်။ ဤသည်မှာ ဖန်းကျဲအား စိတ်ပျက်စေရုံသာမက သူ့ကိုယ်ပိုင် အကျိုးအမြတ်အတွက်လည်း ဆုံးရှုံးမှု ကြီးကြီးမားမား ဖြစ်စေနိုင်သေးသည်။
အကယ်၍ သူသာ အဖွဲ့ကို ဦးဆောင်ပြီး ကောင်းကင်လူသားဂိုဏ်းအား နတ်ဘုရားသိုက်မြုံသို့ ဝင်ရောက်ရန် တစ်နေရာစာ ရယူနိုင်မည်ဆိုလျှင် သူ့တွင်လည်း ဝင်ရောက်ရန် အခွင့်အရေး ရှိနိုင်ပေမည်။ အကယ်၍ သူက အဖွဲ့အား ဦးဆောင်ရသည့် ဤအခွင့်အရေးကိုသာ ပေးပစ်ပါက သူသည် နတ်ဘုရားသိုက်မြုံသို့ ဝင်ရောက်ရန် အခွင့်အရေးအား ပေးပစ်သလို ဖြစ်နေလိမ့်မည်။ မိုဝူကျိသည် သူ့တာအိုကို ကျင့်ကြံသည့် အချိန်ကတည်းက သူသည် အခွင့်အရေးရချိန်တွင် ဖမ်းဆုပ်ရမည့် သဘောတရားကို သိထားသည်။
“ ကျုပ်က ပင်မတောင်ရဲ့တပည့် ဖူယင်ပါ။ ခန်းမသခင်မို ကျုပ်ကို သင်ပြပေးပါဦး ”
အရပ်ရှည်ရှည်နှင့်လူက ထွက်လာပြီး သူက မိုဝူကျိထံ သူ့လက်နှစ်ဖက်ကို ယှက်လိုက်သည်။ သို့သော် သူက မည်သည့် မှော်ရတနာမျှ မထုတ်ချေ။
ကောင်းကင်လူသားဂိုဏ်းသည် ပြန်လည် ဖွင့်လှစ်ပြီးကာစဖြစ်သောကြောင့် ပင်မတောင်တွင် တပည့်အားလုံးက နေထိုင်ရသည်။ မိုဝူကျိသည် သူ့ကိုယ်ပိုင်တောင် ရှိသော တစ်ဦးတည်းသော တပည့် ဖြစ်၏။ အချိန်ကာလတစ်ခု ကြာပြီးနောက် ဂိုဏ်း၌ မဟာယှဉ်ပြိုင်မှုကြီး ဖြစ်လာပေလိမ့်မည်။ ထို့နောက် တပည့်များစွာသည် အမျိုးမျိုးသော နတ်ဘုရားတောင်များဆီသို့ အခွဲခံရမည်။ ထိုတောင်များသည် အမျိုးမျိုးသော တောင်သခင်များ၏ စောင့်ကြည့်မှုအောက်တွင် ရှိ၏။
ကောင်းကင်လူသားဂိုဏ်းတွင် တောင်သခင်များစွာ ရှိမနေသောကြောင့် ဤနေရာ၌ ရှိနေသော ဤတပည့်များအားလုံးသည် အနာဂတ်တွင် မိုဝူကျိကဲ့သို့ တောင်သခင်တစ်ယောက် ဖြစ်လာနိုင်လေသည်။
ဖူယင်က မိုဝူကျိသည်လည်း တပည့်တစ်ယောက် ဖြစ်ကြောင်းကို သိသည်။ မိုဝူကျိက တောင်သခင် ဖြစ်နေသော်လည်း သူ့ရာထူးမှာ ကျန်သူများထက် များစွာ မမြင့်မားကြောင်းကိုလည်း ဖူယင်က သိနေသောကြောင့် ဖြစ်သည်။ ကျင့်ကြံဆင့်အရ မိုဝူကျိက သူ့ကို မယှဉ်နိုင်ပေ။
တစ်ချိန်တည်းမှာပင် မိုဝူကျိက တောင်သခင်အဖြစ် ရွေးချယ်ခံရခြင်းမှာ သူ့ပါရမီကြောင့်မဟုတ်ဘဲ ဧည့်ကြိုဆိုခြင်းကို မည်သို့ ဆောင်ရွက်ရမည်အား သိသောကြောင့်ဟု သူ ကြားထားသည်။ ဖူယင်၏ မျက်လုံးထဲတွင် ဧည့်ကြိုဆိုခြင်းကဲ့သို့ ဆောင်ရွက်မှုများသည် အစေခံတပည့်များ၊ အဆင့်နိမ့်တပည့်များ၏ အလုပ်များအဖြစ် မှတ်ယူထားသည်။ ယခင်က ကောင်းကင်လူသားဂိုဏ်းတွင် ခြင်္သေ့ မရှိသောကြောင့် မျောက်က ဘုရင် တက်လုပ်နေလေ၏။ သူ ဖူယင်က မိုဝူကျိနှင့် နှိုင်းယှဉ်လျှင် ဘက်ပေါင်းစုံ၌ များစွာ ပိုတော်လေသည်။ ဤသည်က သူသည် မိုဝူကျိ၏ နေရာကို စိန်ခေါ်ရန် ထွက်လာရဲသည့် အကြောင်းရင်းပင် ဖြစ်သည်။ သူ့လက်ရှိစွမ်းရည်ဖြင့် သူသည်လည်း မဝေးတော့သော အနာဂတ်တွင် တောင်သခင်တစ်ယောက် ဖြစ်လာလိမ့်မည်ဟု ဖူယင်က သေချာနေသည်။
မိုဝူကျိ၏ မျက်လုံးများသည် အခြားတပည့်များပေါ်သို့ ကျရောက်သွားပြီး တည်ငြိမ်စွာ မေးလိုက်သည်။
“ ဂျူနီယာညီလေး ဖူယင်လိုပဲ ကျုပ်က ခင်ဗျားတို့ရဲ့တာ့ရှီရှုန်း ဖြစ်နေတာကို မကျေနပ်တဲ့သူတွေများ ရှိသေးလား ”
မိုဝူကျိက သူ့အား ဂျူနီယာညီလေးဟု တွေဝေခြင်းမရှိဘဲ ဆက်ခေါ်လိုက်သည်ကို ကြားလိုက်ရသောအခါ ဖူယင်၏ ဒေါသများ တလိပ်လိပ် တက်လာလေ၏။
အနီရောင်ဝတ်ရုံနှင့်အမျိုးသမီးက သူမ၏လက်နှစ်ဖက်ကို ယှက်ကာ ထရပ်လိုက်သည်။
“ ခန်းမသခင်မို… ကျွန်မက ပင်မတောင်ရဲ့တပည့် တန့်ယာပါ။ ကျွန်မတို့ နတ်ဘုရားဘုရင်အတွက် ဧည့်ကြိုဆိုရေး ဆောင်ရွက်ရာမှာ ခန်းမသခင်မိုရဲ့ စွမ်းဆောင်ရည်ကို ကျွန်မတို့အားလုံးက လေးစားပါတယ်။ ဒါပေမဲ့ စီနီယာအစ်ကိုဖူယင်ရဲ့ စကားတွေကလည်း မှန်ကန်တယ်လို့ ကျွန်မ ခံစားနေရတယ်။ နတ်ဘုရားသိုက်မြုံက ကလေးကစားစရာ မဟုတ်ပါဘူး။ ပြီးတော့ ကျွန်မတို့က အဲ့ဒီ့ကို တိုက်ခိုက်ဖို့ သွားရမှာ။ စီနီယာအစ်ကို ဖူယင်က ကနဦး နတ်ဘုရားအဆင့် ၉ မှာ ရှိတာမို့ သူနဲ့က ပိုစိတ်ချရမယ်လို့ ကျွန်မ ခံစားရတယ်”
တန့်ယာသည် ကိုယ်လုံးကိုယ်ထည်ကောင်းကောင်း၊ အသံသာသာနှင့် အလွန်လှပပုံ ပေါ်သည်။ သူမက ကနဦး နတ်ဘုရားအဆင့် ၈ တွင် ရှိနေသောကြောင့် သူမ ၏ကျင့်ကြံဆင့်သည်လည်း အားမနည်းပေ။
တန့်ယာ စကားဆုံးသည်နှင့် နောက်ထပ် အခြားတပည့်က မတ်တပ်ရပ်လိုက်၏။ သူက ကနဦး နတ်ဘုရားအဆင့် ၅ တွင် ရှိသော ပုပု၀၀နှင့် အမျိုးသားတစ်ဦး ဖြစ်သည်။ သူက ပြုံးရင်း ပြောလိုက်သည်
“ ကျွန်တော်က ပင်မတောင်ရဲ့တပည့် ကျောင်းရှန်းချီပါ။ ကျွန်တော်လည်း စီနီယာအစ်ကိုဖူယင်ရဲ့ စကားတွေက မှန်တယ်လို့ ယုံကြည်တယ်။ ပြီးတော့ ခုနက စီနီယာအစ်မတန့်ယာ ပြောသွားသလိုပဲ ကျွန်တော်တို့ အဲ့ဒီ့ကို ကစားဖို့ သွားမှာ မဟုတ်ဘူးလေ … ”
***