တိုက်ရမှာ ကြောက်ရွံ့ခြင်း
Vol. 65 Ch. 902
ယာဉ်ပျံအခန်းငယ်အတွင်းမှ ဝေကျဲသည် ဖန်းကျဲ အရှေ့တွင် လေးလေးစားစား မတ်တပ်ရပ်လိုက်သည်။
“တည်ထောင်သူဘိုးဘေး… ကြည့်ရတာ ဒီအသစ်ဝင်လာတဲ့ တပည့်တွေက မိုဝူကျိ စကားကို နားထောင်ဖို့ ဆန္ဒရှိကြပုံ မပေါ်ဘူး။ ကြည့်လိုက်တာနဲ့ သူတို့က တိုက်တော့ခိုက်တော့မဲ့ပုံတွေ။ ကျွန်တော် သွားပြီး ဆုံးမလိုက်ရမလား”
ဖန်းကျဲက အသာ တုံ့ပြန်လိုက်သည်။
“အရင်တုန်းက ငါတို့ ဂိုဏ်းက သိပ်မထင်ပေါ်သေးတော့ ဂိုဏ်းသားအချင်းချင်း တစ်ဦးနဲ့တစ်ဦး ဖော်ရွေကြင်နာကြတယ်။ အခု ငါတို့ဂိုဏ်းက တိုးချဲ့တော့မယ်လည်းဆိုရော ပြိုင်ဆိုင်မှုတွေ ရှိလာပြီ။ ဘယ်သူမှ မသေသရွေ့ တပည့်အချင်းချင်း အငြင်းပွားကြတဲ့အခါ ငါတို့ ဝင်မပါဘဲ နေကြရအောင်။
မဟုတ်ရင် မစီးဆင်းဘဲ ရပ်တန့်နေတဲ့ ရေအိုင်တစ်အိုင်လိုမျိုး ဂိုဏ်းတစ်ဂိုဏ်းဟာ ဘယ်တော့မှ တိုးတက်မှာ မဟုတ်ဘူး”
“ဒါပေမဲ့ မိုဝူကျိက အလွန်ဆုံး ကနဦးနတ်ဘုရား အဆင့် ၃ မှာပဲ ရှိဦးမှာ။ ပြီးတော့ သူက အရမ်း ဆိုးဝါးတဲ့ ပင်ကိုယ်စွမ်းရည်ပဲ ရှိတာ။ အဲ့ဒီ ဖူယင်က ပါရမီရှိတဲ့ ကောင်လေးဖြစ်ပြီး ကနဦးနတ်ဘုရား အဆင့် ၉ တောင် ရောက်နေပြီ။ တကယ်လို့ သူတို့တကယ် တိုက်ကြမယ်ဆို မိုဝူကျိက သူ့ ပြိုင်ဖက် မဖြစ်နိုင်လောက်ဘူးလေ…”
ဝေကျဲက စိုးရိမ်တကြီး ဖြေလိုက်သည်။ ယခုအချိန်အထိ သူက မိုဝူကျိ၏ ဂိုဏ်းနှင့်ပတ်သက်၍ လုပ်ဆောင်ချက်များကို အတော် သဘောကျနေသေးသည်။ ပို၍ အရေးကြီးသည်မှာ ဂိုဏ်း၏ ဧည့်ကြိုဆိုပွဲကို မိုဝူကျိ၏ ကိုင်တွယ်စီမံပုံမှာ ကောင်းကင်လူသားဂိုဏ်း ရှိခဲ့ဖူးသည့် ထိပ်သီးဂိုဏ်းကြီး တစ်ဂိုဏ်း၏ အရှိန်အဝါအား မပျောက်ဆုံးစေခဲ့ပေ။
ဖန်းကျဲက လက်ခါလိုက်ကာ
“ငါက မိုဝူကျိရဲ့ စွမ်းဆောင်ရည်ကို အလေးထားတယ်။ ပြီးတော့ သူက ဖူယင်ရဲ့ ပြိုင်ဖက် လုံးဝမဖြစ်နိုင်မှန်းလည်း သိတယ်။ ဒါပေမဲ့ သူကော ဖူယင်ကော နှစ်ယောက်လုံးက ကနဦး နတ်ဘုရားအဆင့်မှာ။ တစ်ယောက်က အဆင့် ၁ မှာ ရှိပြီး နောက်တစ်ယောက်က အဆင့် ၉ မှာ ရှိနေပေမဲ့ နောက်ဆုံးတော့လည်း နှစ်ယောက်စလုံးက အဆင့်တူထဲမှာပဲ ရှိသေးတယ်လေ။ တကယ်လို့ သူသာ သူနဲ့အဆင့်တူမှာ ရှိနေတဲ့ ဖူယင်ကို နာခံလာအောင် မလုပ်နိုင်ဘူးဆိုရင် တစ်သက်လုံး ဂိုဏ်းပြင်ရေးရာ ခန်းမသခင်အဖြစ် နေရုံပဲပေါ့”
“ဟုတ်ကဲ့ပါ… တည်ထောင်သူဘိုးဘေး”
ဝေကျဲက ချက်ချင်း ပြန်ဖြေလိုက်သည်။ သို့သော် သူ့ရင်ထဲတွင်ကား စိတ်ပူနေမိသေးသည်။ ဤသို့ အငြင်းပွားမှုမျိုးမှာ တိုက်ပွဲတစ်ပွဲဖြင့် ဖြေရှင်းကြသည်မျိုး ဖြစ်ရာ အကယ်၍ မိုဝူကျိသာ မတိုက်နိုင်ပါက ဖူယင်နှင့်အပေါင်းအပါများအား သူ့ကို နာခံလာအောင် မည်သို့ လုပ်မည်နည်း။
အကယ်၍ ဝေကျဲကဲ့သို့ စကားပြောခြင်းနှင့် တွေးခေါ်မျှော်မြင်ခြင်း၌ ပါရမီထူးသူပင်လျှင် မိုဝူကျိ၏ နေရာတွင်နေရပါက သူတို့အား နာခံလာအောင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
………………
သူ တာ့ရှီရှုန်း လုပ်မည့်အရေးနှင့်ပတ်သက်၍ မည်သူတွေကများ မကျေနပ်သေးသနည်းဟု ထုတ်မေးလာသည့် မိုဝူကျိ၏ မေးခွန်းကြောင့် တန့်ယာနှင့်ကျိုးရှမ်းချီတို့က ဖူယင်ဘက်မှ အားပေးရပ်တည်လိုက်ကြသည်။ ထို့နောက်တွင်ကား နောက်ထပ်လူများစွာက ဖူယင်ဘက်တွင် ရပ်လိုက်ကြသည်။ သိသာလှစွာပင် မိုဝူကျိ၏ စကားက အားလုံး၏ ခြေထောက်ပေါ်မှ ကျောက်တုံးအား “ မ ” ပေးလိုက်သကဲ့သို့ ဖြစ်သွားပုံ ပေါ်သည်။
တဖြည်းဖြည်းဖြင့် မိုဝူကျိဘက်တွင် လူ ၉ ယောက်လောက်သာ ကျန်တော့သည်။ ဤလူ ၉ ယောက်တွင် ကူချိုက်၊ တိပုထုံ၊ ယင်းလင်နှင့် မိုဝူကျိ ကိုယ်တိုင်တို့ ပါဝင်နေသည်။
တစ်နည်းပြောရလျှင် အသစ်ဝင်လာသည့် တပည့်များအနက် ၅ ယောက်တည်းကသာ မိုဝူကျိအား သူတို့၏ တာရှီရှုန်း အဖြစ် သဘောတူ လက်ခံကြလေ၏။ ၅ ယောက်အနက် ၄ ယောက်မှာ အစောပိုင်းကတည်းက မိုဝူကျိကို နှုတ်ဆက်ရန် ရောက်နှင့်နေသဖြင့် မိုဝူကျိဘက်တွင် ရှိနေပြီးသား ဖြစ်နေ၏။ အကယ်၍ မိုဝူကျိက မဲနည်းနည်းလေးပဲ ရမည်မှန်းသာ သိခဲ့ပါက သူတို့သည် အစကတည်းက မိုဝူကျိဘက်တွင် ရပ်လိုက်မိခြင်းအား နောင်တရကောင်း ရနေပေလိမ့်မည်။
ဖူယင်က သူ့နောက်မှ လူအယောက် ၃၀ ကျော်ဘက်သို့ လှည့်၍ လက်နှစ်ဖက်ကို ယှက်ကာ ပြောလိုက်သည်။
“ကျုပ် ဖူယင် ကို ထောက်ခံပေးတဲ့ ဂျူနီယာညီလေးတွေနဲ့ ညီမလေးတွေကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျုပ် အားလုံးကို စိတ်မပျက်စေရပါဘူး”
ထိုသို့ပြောပြီးနောက် ဖူယင်က မိုဝူကျိဘက်သို့ မျက်နှာမူလိုက်သည်။
“ခန်းမသခင်မို … တကယ်လို့ ကျုပ်တို့ သွားမှာက ကစားဖို့ဆိုရင်တော့ အားလုံးကို ဦးဆောင်ဖို့ အခွင့်အရေးအတွက် ကျုပ်က ခန်းမသခင်မိုနဲ့ တိုက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျုပ်တို့ သွားမှာက နတ်ဘုရားသိုက်မြုံဆီကို ဖြစ်တဲ့အပြင် ဒါက ကျုပ်တို့ကောင်းကင်လူသားဂိုဏ်းရဲ့ အနာဂတ်နဲ့ သက်ဆိုင်နေတယ်။
ဒါကြောင့် ကျုပ် ဖူယင်က မလွှဲသာလို့ တိုက်တာပါ။ ဘာလို့လဲဆို ကျုပ်က ကောင်းကင်လူသားဂိုဏ်းသား တစ်ယောက် ဖြစ်နေလို့ပဲ။ တကယ်လို့ အကြီးအကဲဝေကျဲက ကျုပ်ကို လာအပြစ်တင်မယ်ဆိုရင်တောင် ကျုပ် လုပ်တာတွေအတွက် ကျုပ် ဝန်ခံလိုက်မယ်။ နတ်ဘုရားသိုက်မြုံက ပြန်လာတဲ့အချိန်ကျ ဒီရာထူးကို ခန်းမသခင်မိုဆီ ပြန်ပေးမှာပါ”
အကယ်၍ ဖူယင်သာ နောက်ဆုံးစာကြောင်းကို မပြောပါက မိုဝူကျိက သူပြောသမျှအားလုံးကို စိတ်ထဲ ထားနေမည် မဟုတ်ပေ။
အားကောင်းမှ လေးစားခံရမည်။
ဤနိရာမသဘောတရားကို မိုဝူကျိက ရင်းနှီးပြီးသား ဖြစ်၏။ သို့သော် ထိုနောက်ဆုံး စာကြောင်းကို ထည့်လိုက်ခြင်းဖြင့် ဤဖူယင်သည် ကြောင်သူတော် တစ်ဦးမှန်း မိုဝူကျိက ချက်ချင်း သိလိုက်သည်။ သူက စိတ်ထဲတွင် နှာခေါင်း ရှုံ့လိုက်၏။ အကြောင်းမှာ ယခု ဤကိစ္စအား ပုံကြီးချဲ့ကားနေကြသည် ဖြစ်ရာ အကြီးအကဲဝေကျဲမှာ အဘယ်ကြောင့် မသိဘဲ နေပါမည်နည်း။ အကြီးအကဲဝေကျဲက အရူးတစ်ယောက် ဖြစ်နေမှသာ မသိဘဲ နေလိမ့်မည် ဖြစ်သည်။
ဖူယင်၏ လေသံ ပိုမိုပြင်းထန်လာရသည့် အကြောင်းအရင်းမှာ အကြီးအကဲဝေကျဲ၏ ဖွင့်ပြောစရာမလိုသည့် သဘောတူညီမှုကို သူက သိထားပြီးသောကြောင့် ဖြစ်သည်။ ပြန်ရောက်သည့်အခါ တာ့ရှီရှုန်း ရာထူးကို သူက လက်လျော့လိမ့်မည်ဆိုသည်ကား မည်သူကများ တကယ် ယုံပါ့မည်နည်း။
“စီနီယာအစ်ကိုဖူယင်က တကယ် မြင့်မြတ်ပြီး သဘောကောင်းတာမို့လို့ ဂျူနီယာညီမလေးတန့်ယာက လေးစားမှုအပြည့်ပါပဲရှင်”
ဖူယင်၏စကား ပြီးသည့်နောက် တန့်ယာ၏ ကြည်လင်ချိုသာသော အသံကို တဖန် ကြားလိုက်ရပြန်သည်။ တန့်ယာ ချီးကျူးသည့်အတိုင်း တခြားတပည့်များက လိုက်၍ ချီးကျူးကြလေသည်။
ယခု ဖူယင်က သူပြောသင့်သည် အရာအားလုံးကို ပြောပြီးပြီဖြစ်ရာ အကုန်လုံးက မိုဝူကျိအား စိုက်ကြည့်လိုက်ကြသည်။ ဖူယင်နှင့် ရင်ဆိုင်တိုက်ဖို့ မိုဝူကျိက သဘောတူလိုက်သ၍ ရလဒ်မှာ ပြောင်းလဲသွားမည် မဟုတ်ချေ။
အကယ်၍ ဖူယင်နှင့် တိုက်ပြီး မိုဝူကျိက ရှုံးသွားပါက ဖူယင်သည် တရားဝင် တာ့ရှီရှုန်း ဖြစ်လာပေမည်။ အကယ်၍ ဖူယင်သာ ရှုံးသွားပါက… အာ… စီနီယာအစ်ကိုဖူယင်မှာ ကနဦးနတ်ဘုရား အဆင့် ၉ တွင် ရှိနေကာ ထိပ်တန်းအဆင့် ပါရမီရှင်တစ်ဦးလည်း ဖြစ်သောကြောင့် အဘယ့်ကြောင့် ရှုံးလေမည်နည်း။
မိုဝူကျိက အသာ တုံ့ပြန်လိုက်သည်။
“ဂျူနီယာညီလေးဖူယင်… ကျုပ် ခင်ဗျားနဲ့ ပြိုင်တိုက်မှာ မဟုတ်ဘူး။ ကောင်းကင်လူသားဂိုဏ်းက ချစ်ခြင်းမေတ္တာနဲ့ ဂိုဏ်းသား အချင်းချင်း လေးစားမှုကို အလေးထားတယ်။ ကျုပ်ရဲ့ ဓားသွားက ရန်သူတွေအတွက်ပဲ… ကျုပ်ရဲ့ ဂိုဏ်းသားတွေအတွက် မဟုတ်ဘူး…”
မိုဝူကျိ၏စကားများကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် အားလုံးက စတင် ဆွေးနွေးလိုက်ကြကာ မိုဝူကျိ၏ ကိုယ်ပေါ်သို့ အထင်သေးသည့် မျက်လုံးများ ကျရောက်လာကြသည်။
ဂိုဏ်းသားတွေဆီ ဓားသွား မရွယ်ဘူးတဲ့လား…
သူက ဖူယင်၏ ပြိုင်ဖက်မဟုတ်ကြောင်း သိသဖြင့် တိုက်ပွဲကို ရှောင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်မည်။
ဂိုဏ်းက ငကြောက်တစ်ယောက်အား တာ့ရှီရှုန်းအဖြစ် သတ်မှတ်ထားသောကြောင့် လူများစွာက ခေါင်းခါလိုက်ကြလေသည်။ အကယ်၍ စီနီယာဖူယင်သာ ထွက်မလာခဲ့ပါက နတ်ဘုရားသိုက်မြုံထဲတွင် သူတို့ လူမည်မျှတောင် ဆုံးရှုံးလေမည်နည်း။
ကူချိုက်မှလွဲ၍ မိုဝူကျိနောက်တွင် ရပ်နေသောလူတိုင်းက မိုဝူကျိ၏ တိုက်ပွဲအား လက်ခံရန် သတ္တိမရှိမှုကို စိတ်ပျက်သွားကြသည်။
မိုဝူကျိ ရှုံးသွားသည်က တိုက်ပွဲအား ရှောင်နေခြင်းထက် ပိုကောင်းပေလိမ့်မည်။ အနည်းဆုံးတော့ သူ့တွင် ငကြောက်တစ်ယောက်လို လုပ်နေမည့်အစား တိုက်ပွဲအား ရင်ဆိုင်ရပ်တည်နိုင်သည့် သတ္တိရှိသေးသည်။
ကူချိုက် တစ်ယောက်တည်းကသာ အစ်ကိုကြီးဝူကျိ မည်မျှ အားကောင်းကြောင်းကို သိလေ၏။ မိုဝူကျိက မည်သည့်အကြောင်းကြောင့် တိုက်ပွဲအား ရှောင်နေပါစေ မိုဝူကျိက ငကြောက် မဟုတ်မှန်း သူမ ယုံကြည်သည်။
မိုဝူကျိက စိတ်ထဲတွင် နှာခေါင်းရှုံ့လိုက်သည်။ သူက ဤလူများ ပြောသည့်အရာများအား ဂရုစိုက်နေမည် မဟုတ်ပေ။ သူက ကနဦးနတ်ဘုရား အဆင့် ၁ တွင်ရှိပြီး ဖူယင်က ကနဦးနတ်ဘုရား အဆင့် ၉ တွင် ရှိနေသော်လည်း ဖူယင်အား အပြတ်ရှင်းပစ်နိုင်မည်ဟု မိုဝူကျိက ယုံကြည်ချက်ရှိသည်။ ဤသည်မှာ သူ့ကိုယ်သူ အပေါ် သူထားသည့် အပြည့်အဝ ယုံကြည်မှုအရ ဖြစ်၏။
သို့သော် ဖူယင်အား သတ်ခြင်းမှာ အရှင်းဆုံးပြောရလျှင် လက်တွေ့မဆန်လွန်းရာ ကျပေမည်။
သူ၏ စိတ်ဝိညာဉ်မြား၊ သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းနှင့် သတ္တကမ္ဘာ လက်ချောင်းတို့မှာ အကုန်လုံး ထိပ်တန်းအဆင့် လျို့ဝှက်တိုက်ကွက်များ ဖြစ်သည်။ အကယ်၍ သူသာ သတ်ရန် မရည်ရွယ်ပါက အဘယ်ကြောင့် ဤလျို့ဝှက်တိုက်ကွက်များကို သုံးရမည်နည်း။
ထို့အပြင် ဖူယင်သည် ကနဦးနတ်ဘုရားအဆင့် ၉ ပြီးပြည့်စုံခြင်းအဆင့်တွင် ရှိနေကာ သူ၏ မိုးမြေစည်းမျဉ်းများအပေါ် နားလည်မှုတွင်လည်း ထိုးဖောက်လုနီးပါး ဖြစ်နေလေပြီ။
အကယ်၍ သူသာ ဖူယင်နှင့် တိုက်၍ ဤလျို့ဝှက်တိုက်ကွက်များအား ထုတ်သုံးလိုက်ပါက လျို့ဝှက်တိုက်ကွက် စည်းမျဉ်းအသစ်များပေါ်ရှိ သေခြင်းရှင်ခြင်းလောကများမှ ဖူယင်အား ဉာဏ်အလင်းသစ် ရစေနိုင်ကြောင်းကို သူက ၆၀ ရာခိုင်နှုန်း ယုံကြည်ချက်ရှိသည်။ အမှန်ပင် ဤသည်မှာ မိုဝူကျိက ဖူယင်အား မသတ်ပါက ဖြစ်မည့် အရာပေတည်း။
အဘယ်ကြောင့် သူက ဖူယင်အား ကူညီရမည်နည်း။ သူ၏ ထိပ်တန်းအဆင့် လျို့ဝှက်တိုက်ကွက်များနှင့် ပုဆိန်လှံရှည် တိုက်ကွက်တို့အား ထုတ်သုံးလိုက်ခြင်းက ဖူယင်အား လျို့ဝှက်တိုက်ကွက် တာအိုဝိညာဉ်အပေါ် ဉာဏ်အလင်း ပွင့်သွားစေနိုင်သည်။ အကယ်၍ ဤအချက်ကြောင့်သာ မဟုတ်ပါက မိုဝူကျိသည် စိန်ခေါ်မှုကို လက်ခံလိုက်မည် ဖြစ်သည်။
ဖူယင်အား သတ်မည် မဟုတ်သောကြောင့် သူ့လျို့ဝှက်တိုက်ကွက်များတွင် ဟာကွက်များ ပေါ်လာပေလိမ့်မည်။ ထိုကဲ့သို့ ဟာကွက်များအား ဖူယင်သည် သေချာပေါက် ဖမ်းဆုတ်နိုင်ပေလိမ့်မည်။ ဖူယင်အတွက် သူသေဖို့ နီးလေလေ ဉာဏ်အလင်းသစ်ရဖို့ လွယ်ကူလေလေ ဖြစ်နေလိမ့်မည်။ သူ၏ လျို့ဝှက်တိုက်ကွက်များမှာ ကိုယ်တိုင် တီထွင်ဖန်တီးထားသည် ဖြစ်သောကြောင့် မိုဝူကျိမှာ တခြားသူများနှင့် မတူ ကွဲပြားလေ၏။ ယခု သူသည် ကနဦးနတ်ဘုရား အဆင့် ၁ သို့ တက်လှမ်းပြီးပြီဖြစ်ရာ သူတိုက်ခိုက်လိုက်ပါက တာအိုအရှိန်အဝါများက အရှင်းလင်းဆုံး ဖြစ်သွားပေလိမ့်မည်။
“ခန်းမသခင်မိုက ကျုပ်ကို ဘယ်လိုစိတ်ပျက်အောင် လုပ်ရမလဲဆိုတာ တကယ်သိတာပဲ”
ဖူယင်က ခေါင်းခါလိုက်ကာ သူ့လေသံမှာ စိတ်ပျက်မှုများ ပါဝင်နေလေသည်။
မိုဝူကျိက စိတ်ထဲမထားဘဲ သူ့နောက်တွင် ရှိနေသောလူများဆီ လှည့်လိုက်ကာ
“တကယ်လို့ မင်းတို့တွေကလည်း ဂျူနီယာညီလေးဖူယင်ကို ယုံကြည်တယ်ဆိုရင် အဲ့ဘက်ကို သွားလို့ရတယ်”
သူတို့ထဲမှ နှစ်ယောက်က ခဏတာ တွေဝေသွားသော်လည်း ရှစ်ယောက်စလုံးသည် သူတို့ ရပ်နေသည့်နေရာမှာပဲ ဆက်လက်ရပ်နေလိုက်ကြသည်။ ဤတပည့်သစ်များတွင် မည်သူကမျှ ရူးမနေပေ။ အကယ်၍ သူတို့သည် တခြားတစ်ဖက်တွင် အစကတည်းက ရပ်ခဲ့ပါက မည်သူကမျှ မကျေမနပ်ပြောမည် မဟုတ်ပေ။ ယခုမှ နေရာလဲမည်ဆိုပါက သူတို့သည် မိုဝူကျိကိုကော တာ့ရှီရှုန်း ဖြစ်လာမည့် ဖူယင်ကိုပါ အပြစ်ပြုမိပေလိမ့်မည်။ အဆုံးမှာတော့ သူတို့သည် စီနီယာဖူယင်အား အစကတည်းက မရွေးချယ်ခဲ့ပေ။
မည်သူကမျှ မသွားသည်ကို သတိပြုမိသောအခါ မိုဝူကျိက ကြည်လင်သောအသံဖြင့် ပြောလိုက်သည်။
“ဒီနေ့ကစပြီး မင်းတို့ရှစ်ယောက်လုံးကို ငါ ဦးဆောင်ပြီး ငါနဲ့အတူ ခေါ်သွားမယ်။ ဂျူနီယာညီလေးဖူယင်က သူ့နောက်မှာ ရပ်နေတဲ့ လူတွေကို ဦးဆောင်နိုင်တယ်။ နတ်ဘုရားသိုက်မြုံထဲမှာ အခွင့်အရေးတွေ ရနိုင်မရနိုင်ကိုတော့ ကျုပ်တို့တွေ အားလုံးရဲ့အစွမ်းအစအပေါ် အားကိုးရမှာပဲ။ နတ်ဘုရားသိုက်မြုံ ပိတ်သွားပြီးတဲ့အခါကျ ကျုပ်ရဲ့လူသားတောင်ကို လာပေါင်းချင်တဲ့သူတွေကို ကျုပ်က လက်ခံကြိုဆိုမယ်။
ကဲပါ…ဒီကိစ္စက ဒီမှာတင် ပြီးပြီ။ အားလုံးပဲ… ကိုယ့်အခန်းထဲ ကိုယ်ပြန်ပြီး ကောင်းကောင်း နားကြတော့”
ဤစကားများ ပြောလိုက်ခြင်းအားဖြင့် ဖူယင်၏ ခေါင်းဆောင် နေရာလုယူမှုမှာ တစ်ဝက်အောင်မြင်သွားကြောင်း မိုဝူကျိက ဝန်ခံလိုက်သည်နှင့် တူညီနေလေ၏။ တပည့်များစွာက နတ်ဘုရားသိုက်မြုံမှ ပြန်လာပြီးသည့် နောက်ပိုင်းတွင်လည်း တပည့်ခေါင်းဆောင်မှာ ဖူယင်ဖြစ်မည်ဟု တွေးနေကြသည်။
ဖူယင်က အသာပြုံးကာ မိုဝူကျိကို ပြောလိုက်သည်။
“ခန်းမသခင်မိုက တကယ် တော်ပါပေတယ်။ ဒီလိုဆိုမှတော့ ကျုပ်က ဒီတာဝန်ကို လိုလိုချင်ချင် လက်ခံလို့ မသင့်ပေဘူး”
ထိုသို့ပြောပြီးနောက် သူက သူ့နောက်မှ တပည့်အုပ်ကြီးဆီလှည့်ကာ
“ကျေးဇူးတင်ပါတယ်… အားလုံးက ကျုပ်အပေါ် ယုံကြည်ပေးကြလို့။ နတ်ဘုရားသိုက်မြုံထဲမှာ ကျုပ်တို့ သေချာပေါက် ကံကောင်းမှုတစ်ချို့နဲ့ ကံဆက်နွယ်မှု လိုအပ်မှာပါ။ ဒါပေမဲ့ ကျုပ်ကတော့ လက်ရုံးရည်ကသာ ပိုအရေးကြီးတယ်လို့ ယုံကြည်တယ်”
သူသည် မိုဝူကျိက တာ့ရှီရှုန်း တာဝန်ကို လွှဲပေးဖို့ သဘောတူလိုက်သကဲ့သို့ ပြုမူလိုက်၏။
“ကျုပ်တို့ စီနီယာဖူကို ထောက်ခံပါတယ်”
လူအုပ်၏ အားပေးမှုများက နှစ်ဆ ပိုကျယ်သွား၏။ မိုဝူကျိ၏ နောက်ဆုတ်ပေးလိုက်ခြင်းက ဖူယင်အား အားလုံး၏ လက်ခံမှုကို ရရှိသွားစေ၏။
…………….
“စီနီယာအစ်ကိုမို… အစ်ကို သူနဲ့ ဘာလို့ မတိုက်တာလဲ ။ အနည်းဆုံးတော့ ရှုံးလို့ ရနိုင်သေးတယ်လေ”
အခန်းထဲ ဝင်လိုက်ပြီးနောက် ယင်လင်းက ရလဒ်အပေါ် အနည်းငယ် မကျေမနပ် ဖြစ်နေသေး၏။
သူမသည် မိုဝူကျိအပေါ် လေးစားမှု အပြည့်ရှိ၏။ မိုဝူကျိက တိုက်ဖို့ သတ္တိမဲ့နေစေကာမူ သူမသည် မိုဝူကျိ၏ လုပ်ဆောင်ရည်အား မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသည်။ ဖူယင်သည် မိုဝူကျိထက် ပို၍ အားကောင်းနေသော်လည်း အကယ်၍ ဖူယင်ကသာ ဧည့်ကြို လက်ခံရမည်ဆိုလျှင် ဖူယင်သည် မိုဝူကျိ လုပ်ခဲ့သည့်အရာများအား လုပ်နိုင်မည် မဟုတ်ကြောင်း သူမက ယုံကြည်၏။
“ဟုတ်တယ်… ကျုပ်တော့ အဲ့ငတိကို သင်ခန်းစာပေးဖို့ တကယ် မစောင့်နိုင်တော့ဘူး။ ကျုပ်က သူ့ပြိုင်ဖက် မဟုတ်တာ တကယ်နှမြောစရာပဲ”
တိပုထုံကလည်း မကျေမနပ် ဝင်ပြောလိုက်သည်။
မိုဝူကျိက အသာရယ်လိုက်ကာ သူ့မျက်လုံးများက အနည်းငယ် ဝနေသော လူရွယ်ဆီ ရောက်သွားသည်။
“မင်းနာမည် ဘယ်လိုခေါ်လဲ”
“တာ့ရှီရှုန်းကို တင်ပြပါတယ်… ကျွန်တော့်နာမည်က ကျူ ပါ”
ဝက်လား။
ကံကောင်းစွာပင် မိုဝူကျိက မြန်မြန် တုံ့ပြန်လိုက်ပြီး သူ့နာမည်မှာ ဝက် မဟုတ်ဘဲ ကျူ ဖြစ်ကြောင်း သဘောပေါက်သွားသည်။ ဤ ကျူ လို့ခေါ်သည့်လူမှာ မိုဝူကျိအား ထောက်ခံရန် လူအုပ်အား ဖြတ်လျှောက်လာသော တစ်ဦးတည်းသောသူ ဖြစ်လေ၏။ ထိုစဉ်တွင် ဖူယင်၏ ထောက်ခံမှုက ပြိုင်ဖက်ကင်း ဖြစ်နေသည့် အချိန်အတောအတွင်းဖြစ်သည်။
မိုဝူကျိသည် ကျူက ကျန်သည့်သူများနှင့် အဘယ်ကြောင့် မတူသနည်းအား မေးမနေတော့ဘဲ သူက ရိုးရိုးလေး ပြောလိုက်သည်။
“ငါတို့ ခရီးဆုံးရောက်ဖို့ နောက်ထပ် လအနည်းငယ် လိုသေးတယ်။ အားလုံးပဲ… ကိုယ့်ရဲ့ ကျင့်ကြံဆင့်အပေါ် အာရုံစိုက်ကြပါ။ ငါလည်း အခန်းပြန်ပြီး ကျင့်ကြံတော့မယ်”
………….
ဝေကျဲက တည်ထောင်သူဘိုးဘေး၏ အခန်းသို့ ပြန်လာကာ ဦးညွှတ်လိုက်သည်။
“တည်ထောင်သူဘိုးဘေး… ကျွန်တော်တို့ အမှားလုပ်မိတယ်လို့ ထင်လား။ အဲ့ဒီမိုဝူကျိက တိုက်ပွဲကနေ နောက်ဆုတ်ခဲ့တယ်။ သူက တာ့ရှီရှုန်း နေရာကို လက်လျော့မယ်လို့ အတိအကျမပြောပေမဲ့ သူ့လုပ်ပုံက အဲ့လိုညွှန်ပြနေတယ်”
ဖန်းကျဲက ပါးလျလျအပြုံးတစ်ခု ပြုံးလိုက်ပြီး လက်ခါလိုက်ကာ
“ဒီအတွက် စိတ်ပူမနေနဲ့တော့။ ပြန်သွားပြီး ကျင့်ကြံချည်။ မင်းရဲ့ ကျင့်ကြံဆင့်က နိမ့်လွန်းနေသေးတယ်”
“ဟုတ်ကဲ့”
ဝေကျဲသည် စကားများများ မပြောရဲတော့ဘဲ အမြန်ထွက်လာလိုက်သည်။
ဖန်းကျဲ၏မျက်လုံးများက တပည့်အုပ်ကြီးအား မိန့်ခွန်းပြောကြားနေသည့် ဖူယင်ပေါ်သို့ ကျရောက်သွား၏။ သူက ဖူယင်သည် လူများကို အသုံးချခြင်းအား အလွန်အမင်း စွဲလမ်းနေသည်ဟု ခံစားမိသဖြင့် သူက ခေါင်းခါလိုက်သည်။
ဖန်းကျဲသည် ဤအငြင်းပွားမှုကို မိုဝူကျိက ဖြေရှင်းရန် ရွေးချယ်လိုက်ပုံအား အနည်းငယ် စိတ်ပျက်မိသော်လည်း သူက မိုဝူကျိသည် မတတ်သာ၍ ထိုသို့ လုပ်လိုက်ရမှန်း သိသည်။ သူ့အမြင်တွင် မိုဝူကျိမှာ ကနဦး နတ်ဘုရား အဆင့် ၃ တွင် လုံးလုံးရှိမနေဘဲ အလွန်ဆုံးရှိ အဆင့် ၁ တွင်သာ ရှိဦးမည် ဖြစ်သည်။ သာမန်တပည့်တစ်ယောက်အတွက် ကနဦးနတ်ဘုရား အဆင့် ၉ ပါရမီရှင်တပည့်နှင့် တိုက်ရန်မှာ အရှင်းဆုံးပြောရလျှင် မိုဝူကျိအား မဖြစ်နိုင်သည်ကို အတင်းတောင်းဆိုနေသကဲ့သို့ ဖြစ်နေလေ၏။
သို့သော် မိုဝူကျိက ကြောက်၍ နောက်ဆုတ်ခဲ့သည်ဟု ဖန်းကျဲက လက်မခံပေ။ မိုဝူကျိသည် ကူချိုက်အတွက် သူ့ရှေ့တွင်ပင် မားမားမတ်မတ် ရပ်တည်ခဲ့သေးသည် ဖြစ်ရာ အဘယ်ကြောင့် ဖူယင် တစ်ယောက်အား ကြောက်နေမည်နည်း။
***