← Chapters

တစ်ခုခု မူမမှန်ပေ

Vol. 65 Ch. 904

တစ်ခုခု မူမမှန်ပေ

Vol. 65 Ch. 904

“အဲ… ငါတို့ အမြန်သွားကြစို့။ ဖူယင်က မောက်မာပြီး မာနကြီးတယ်။ သူ့ကို ဇာမဏီ နတ်ဝိညာဉ်ပရဝဏ်က ကနဦး နတ်ဘုရားအဆင့်တပည့်နဲ့ တိုက်ခိုက်စေလို့ မဖြစ်ဘူး။ မဟုတ်ရင် နောက်ဆက်တွဲ ဖြစ်လာမယ့်ဟာတွေက မတွေးရဲစရာပဲ…”

ဝေကျဲက စိုးရိမ်စွာ ပြောလိုက်သည်။

သူက လူလိမ်လူလည်တစ်ယောက် ဖြစ်သော်လည်း အကြောင်းအရာများစွာကို ရှင်းရှင်းလင်းလင်း မြင်နိုင်သေးသည်။ ကောင်းကင်လူသားဂိုဏ်းမှ နတ်ဘုရားဘုရင်တစ်ဦး ထွက်ပေါ်လာခဲ့သော်လည်း ဂိုဏ်းမှာ နတ်ဘုရားဘုရင် ရှိသည့် ဂိုဏ်းများအနက် အားအနည်းဆုံးဂိုဏ်းဟု သတ်မှတ်ရပေမည်။ တိတိကျကျပြောရလျှင် အုတ်မြစ်ကောင်းကောင်းရှိသော အလယ်အလတ်အဆင့် ဂိုဏ်းတချို့ကပင် ကောင်းကင်လူသားဂိုဏ်းထက် ပို၍ အားကောင်းပေလိမ့်ဦးမည်။

အကယ်၍ ဖူယင်ကသာ ဇာမဏီနတ်ဝိညာဉ်ပရဝဏ်ကို ရန်စမိပါက တည်ထောင်သူဘိုးဘေးဖန်းကျဲပင် ကူညီနိုင်မည် မဟုတ်ပေ။

ရှန်းမင်သည် ဂိုဏ်းစုဝေးရာ နယ်မြေထဲတွင် ပြဿနာဖြစ်သည် မဟုတ်ဘဲ နတ်ဘုရားသိုက်မြုံ၏ အရောင်းအဝယ် နယ်မြေထဲတွင် ပြဿနာ သွားဖြစ်လေသည်။ ဤနေရာသည်ကား အင်မတန် ကျယ်ဝန်းသော ပြင်ပ မြို့ရင်ပြင်ကြီး တစ်ခုဟု သတ်မှတ်နိုင်ပေသည်။ သို့မဟုတ် မြို့ရင်ပြင်ကြီးတစ်ခုလောက် ပြီးပြည့်စုံနေသော ကျင့်ကြံခြင်းမြို့ တစ်မြို့ဟုလည်း ပြောနိုင်ပေသည်။

သူတို့တွေ ဂိုဏ်းစုဝေးရာနယ်မြေမှ ထွက်လာပြီးနောက် မိနစ်အနည်းငယ်စာလောက်သာ လမ်းလျှောက်လိုက်ရသေးစဉ်တွင် မိုဝူကျိက လူအုပ်တစ်စုကို သတိထားမိလိုက်သည်။

မိုဝူကျိ၏ စိတ်စွမ်းအားဖြင့် ရှန်းမင်အား အလွယ်တကူ အာရုံခံမိလိုက်သည်။ ရှန်းမင်၏ မျက်နှာမှာ ဖြူဖျော့နေပြီး သူ့လက်များမှာ ကြောက်စိတ်ဖြင့် တုန်ရီနေသည်။ ရှန်းမင်၏ ဘေးနားကပ်ရပ်တွင် ရပ်နေသော ဖူယင်အပြင် နောက်ထပ် ကောင်းကင်လူသားဂိုဏ်းသား ၅ ယောက် ၆ ယောက်လောက်ကိုပါ တွေ့လိုက်ရသည်။

ဝေကျဲ၏ ခန့်မှန်းချက်နှင့် ဆန့်ကျင်စွာ ဖူယင်သည် ဇာမဏီနတ်ဝိညာဉ်ပရဝဏ် ဂိုဏ်းသားများနှင့် တိုက်ခိုက်မနေချေ။ သို့သော် သူ့နှုတ်ခမ်းထောင့်တွင် သွေးစွန်းရာများ ရှိနေကာ သူ့ပတ်လည်ရှိ စွမ်းအားများမှာလည်း အနည်းငယ် မတည်မငြိမ် ဖြစ်နေသည်။ သိသာလှစွာပင် သူက တစ်ဖက်လူနှင့် တိုက်ခိုက်ပြီးနေနှင့်ပြီ ဖြစ်၏။

ဖူယင်၏ နှုတ်ခမ်းထောင့်တွင် သွေးစွန်းရာများ ရှိနေသော်လည်း သူ့ကိုယ်ပေါ်တွင် တခြားဒဏ်ရာများ လုံးဝမရှိချေ။ ဖူယင်သည် သူ့ပါးနှစ်ဖက်စလုံးအား ခပ်ပြင်းပြင်း အရိုက်ခံထားရပုံ ပေါ်နေသည်ကို မိုဝူကျိ၏ စိတ်စွမ်းအားက ခံစားမိလိုက်သည်။ တိတိကျကျပြောရလျှင် ရိုက်ရာများမှာ ပျောက်ကွယ်သွားပုံပေါ်သည်။

ကောင်းကင်လူသားဂိုဏ်း တပည့် ၆ ယောက် ၇ ယောက်တို့၏ မျက်နှာချင်းဆိုင်တွင် ရပ်နေကြသည်ကား ကနဦးနတ်ဘုရားအဆင့် ကျင့်ကြံသူ ၄ ယောက်ဖြစ်လေသည်။ ထို ၄ ယောက်အနက် ရှေ့ဆုံး၌ ရပ်နေသူမှာ သာမန်ကိုယ်ခန္ဓာအချိုးအစားရှိသည်။ ကျင့်ကြံဆင့်အရတွင်ကား ဖူယင်ထက် အားနည်းပုံပေါ်၏။ မိုဝူကျိ၏ မျက်လုံးထဲတွင် ထိုငတိမှာ အများဆုံး ကနဦးနတ်ဘုရား အဆင့် ၇ တွင်သာ ရှိပေလိမ့်မည်။

ဤလူနောက်တွင် တခြား ကနဦးနတ်ဘုရားအဆင့် ကျင့်ကြံသူ ၃ ယောက်ရှိသည်။ တစ်ယောက်မှာ သိမ်မွေ့လှပသော မျက်လုံးမှေးမှေးလေးနှင့် အမျိုးသမီး ဖြစ်ကာ တခြားအမျိုးသား နှစ်ယောက်စလုံးမှာ အလွန် အရပ်ရှည်ကြ၏။ မိုဝူကျိအား သံသယဝင်စေသည့်အရာမှာ နောက်၌ ရပ်နေသော ဤကျင့်ကြံသူ ၃ ယောက်စလုံးသည် ရှေ့က တစ်ယောက်ထက် အားကောင်းနေကြခြင်းပင် ဖြစ်သည်။ သူတို့သည် ကနဦးနတ်ဘုရား အဆင့် ၇ သို့မဟုတ် အဆင့် ၈ တွင် ရှိနေကြသည်။ ကြည့်ရသည်မှာ ဇာမဏီနတ်ဝိညာဉ်ပရဝဏ်သည် သူတို့၏ အားအနည်းဆုံးလူအား ရှေ့ဆုံးတွင် ရပ်စေကာ ပြဿနာကို ရှင်းစေပုံ ပေါ်နေသည်။

မေးမြန်းစရာမလိုပါဘဲ မိုဝူကျိက ဤလူ ၄ ယောက်မှာ ဇာမဏီနတ်ဝိညာဉ်ပရဝဏ်မှ လာကြောင်း သိလိုက်သည်။ ဤလူ ၄ ယောက်က ဖူယင်နှင့်အပေါင်းအပါများကို ထိပ်တိုက်ရင်ဆိုင်နေသည်အား ကြည့်နေကြသော လူအုပ်ကြီးလည်း ရှိနေသည်။

“ထန်ဝူကျန်း… မင်းက ဘာဖြစ်ချင်နေတာလဲ။ ငါ့ကောင်းကင်လူသားဂိုဏ်းမှာလည်း နတ်ဘုရားဘုရင် ရှိတယ်”

မိုဝူကျိနှင့် ဝေကျဲတို့ ရောက်လာချိန်တွင် သူတို့က ဖူယင်၏ ဒေါသထွက်နေဟန်ရှိသော အသံကို ကြားလိုက်ရသည်။

သိသာလှစွာပင် ရှေ့ဆုံးတွင် ရပ်နေသော သာမန်ကိုယ်ထည်ရှိသည့် အမျိုးသားက ထန်ဝူကျန်းဟု ခေါ်သည်။ သူက သူ့ပခုံးများအား တမင် ကျုံ့လိုက်ကာ အော်ဟစ်လိုက်သည်။

“အမလေး… ကြောက်လိုက်တာ။ နတ်ဘုရားဘုရင် ရှိတဲ့ ဂိုဏ်းတဲ့လား… ဟား ဟား ဟား…”

“ဖူယင်… ဒီနတ်ဘုရားသိုက်မြုံထဲမှာ တိုက်ခိုက်လို့ မရဘူးဆိုတာ မင်း မသိဘူးလား”

ဝေကျဲက လူအုပ်ထဲမှ တိုးဝှေ့သွားလိုက်ကာ ဖူယင်၏ လက်ကို စိတ်တိုစွာ ဆုပ်ကိုင်လိုက်သည်။

ဖူယင်သည် ဝေကျဲကို မြင်ကာ ချက်ချင်းပင် စိတ်အေးသွားပုံ ပေါ်သွားသည်။ သူက မြန်မြန် ပြန်ဖြေလိုက်သည်။

“သိပါတယ်”

“ဘာလဲ။ မင်းတို့ ကောင်းကင်လူသားဂိုဏ်းက ငါတို့နှင့် ဖြေရှင်းဖို့အတွက် ကောင်းကင်နတ်ဘုရားအဆင့် ပညာရှင် တစ်ယောက်ကို လွှတ်တော့မလို့လား။ သြော် ဟုတ်သားပဲ… မင်းတို့ ကောင်းကင်လူသားဂိုဏ်းမှာ နတ်ဘုရားဘုရင် ရှိတာပဲ။ ဒါကြောင့်မို့လို့ မင်းတို့က မျက်နှာပြောင်လာတိုက်နေတာကိုး”

ထန်ဝူကျန်းက ဝေကျဲ သုတ်သုတ်ပျာပျာ ပြေးလာသည်ကို မြင်ကာ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

လူတိုင်းက ဝေကျဲသည် ဇာမဏီနတ်ဝိညာဉ်ပရဝဏ်နှင့် ဖြေရှင်းရန် ရည်ရွယ်ချက်ဖြင့် ရောက်လာခြင်း မဟုတ်မှန်း သိကြသည်။ သူက သူ့ဂိုဏ်းသားကို ငေါက်နေပုံ ပေါ်သော်လည်း ဇာမဏီနတ်ဝိညာဉ်ပရဝဏ်ကို သတိပေးနေခြင်း ဖြစ်သည်။ သို့သော် ဇာမဏီနတ်ဝိညာဉ်ပရဝဏ်က သူ့သတိပေးချက်ကို အသိအမှတ်ပြုဟန် မပေါ်ပေ။

ဝေကျဲက မြန်မြန် ဖြေလိုက်သည်။

“ကျုပ်က လာကြည့်ရုံပါ… ကြားဝင်စွက်ဖက်မလို့ မဟုတ်ပါဘူး”

ထိုသို့ပြောပြီးနောက် သူက ချက်ချင်း ဘေးသို့ သွားရပ်ကာ ငြိမ်ငြိမ်လေး နေနေလိုက်သည်။

ထန်ဝူကျန်းသည် ဝေကျဲအား ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။ သူ့ကြည့်ရသည်မှာ ဝေကျဲကဲ့သို့ ကောင်းကင်နတ်ဘုရား အဆင့် ၉ အဆင့်မြင့် ကျင့်ကြံသူကိုပင် မျက်လုံးထဲ ထည့်ပုံမပေါ်ပေ။

ဝေကျဲ နောက်ဆုတ်သွားသည်ကို မြင်သောကြောင့် ထန်ဝူကျန်းက ဝေကျဲအား ဆက်လက် စိုက်ကြည့်မနေတော့ချေ။ ထိုအစား သူက စိတ်မပါလက်မပါ အသံဖြင့် ပြောလိုက်သည်။

“မင်းတို့ ကောင်းကင်လူသားဂိုဏ်းကနေ ဒီကိစ္စကို ဖြေရှင်းပေးနိုင်မယ့်သူ မရှိတဲ့အပြင် ငါ့ဇာမဏီနတ်ဝိညာဉ်ပရဝဏ်ကိုလည်း မင်းတို့ရဲ့ နတ်ဘုရားဘုရင်နဲ့ ခြိမ်းခြောက်သေးတယ်ဆိုတော့…”

“ခဏနေပါဦး… ကျုပ်က ကောင်းကင်လူသားဂိုဏ်းရဲ့ တာရှီရှုန်းပါ။ ဖြေရှင်းစရာ ဘာကိစ္စရှိရှိ ကျုပ်ဆီ လာလို့ရတယ်။ ကောင်းကင်လူသားဂိုဏ်းမှာ နတ်ဘုရားဘုရင် ရှိတာ မရှိတာနဲ့ ဒီကိစ္စနဲ့က ဘာမှ မသက်ဆိုင်ဘူး။ မဟုတ်မှ ခင်ဗျားတို့ ဇာမဏီနတ်ဝိညာဉ်ပရဝဏ်က ခင်ဗျားတို့နောက်မှာ နတ်ဘုရားဘုရင်ပညာရှင်တချို့ ရှိတယ်ဆိုပြီး ကျုပ်တို့ကို ဖိနှိပ်ချင်တာလား”

တစ်ဖက်က နတ်ဘုရားဘုရင်များအကြောင်း ပြောလာသည်ကို ကြားသောအခါ မိုဝူကျိ၏ ရင်ထဲ တစ်ချက်ခုန်သွားသည်။ ဤကိစ္စမှာ အပေါ်ယံမြင်ရသလောက် မရိုးရှင်းပေ။

“ခင်ဗျားက ဘယ်သူလဲ”

မိုဝူကျိ လျှောက်လှမ်းလာသည်ကို မြင်ကာ ထန်ဝူကျန်းက အေးစက်စက် မေးလိုက်သည်။ မိုဝူကျိတွင် သာမန် ပင်ကိုယ်စွမ်းရည်ရှိကာ ကျင့်ကြံဆင့်မှာလည်း အလွန်နိမ့်ကြောင်းအား သူ ပြောနိုင်သည်။

မိုဝူကျိက တည်ငြိမ်စွာ ပြောလိုက်သည်။

“ကောင်းကင်လူသားဂိုဏ်းရဲ့တပည့် မိုဝူကျိ လို့ ခေါ်ပါတယ်။ ပြီးတော့ ကျုပ်က နတ်ဘုရားသိုက်မြုံဆီကို လာတဲ့ ကောင်းကင်လူသားဂိုဏ်း တပည့်အုပ်စုကို ဦးဆောင်နေရတဲ့ တာရှီရှုန်းလည်း ဟုတ်တယ်။ ဂျူနီယာညီလေးရှန်းမင်နဲ့ ဆိုင်တဲ့ကိစ္စပဲဖြစ်ဖြစ် ဂျူနီယာညီလေးဖူယင်နဲ့ ဆိုင်တဲ့ ကိစ္စပဲဖြစ်ဖြစ် ကျုပ် အားလုံးကို တာဝန်ယူ ဖြေရှင်းပေးပါ့မယ်”

“သိပ်ကောင်းတာပေါ့… ခင်ဗျား ဒါကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ကျုပ် မြင်ချင်စမ်းပါဘိဗျာ”

ထန်ဝူကျန်းက မိုဝူကျိအား အထင်သေးစွာ ကြည့်လိုက်သည်။

အနိမ့်ဆုံးကျင့်ကြံဆင့်နှင့် တပည့်က ဤကိစ္စကို ဖြေရှင်းမည်ဟု ကြားသောအခါ ထန်ဝူကျန်းက ပြုံးပင် မပြုံးသော်လည်း ဤပြဿနာကို ကြည့်နေကြသည့် တခြားကျင့်ကြံသူတိုင်းက ကျယ်လောင်စွာ အော်ရယ်လိုက်ကြသည်။

ဤအချိန်၌ မိုဝူကျိက သူ့ကိုယ်သူ အစ်ကိုကြီးဟု ဆက်လက် သုံးနှုန်းသောအခါတွင် ဖူယင်က တခြား ဘာမှ ဆက်မပြောရဲတော့ချေ။

မိုဝူကျိက ရှန်းမင်ကို ကြည့်ကာ ပြောလိုက်သည်။

“ရှန်းမင်… ဘာတွေ ဖြစ်ခဲ့တာလဲဆိုတာ အသေးစိတ် သေသေချာချာ ငါ့ကို ပြောပြ”

“နေပါဦး… ကျုပ် မမှားဘူးဆိုရင် ခင်ဗျားက ကနဦး နတ်ဘုရား အစောပိုင်းအဆင့်မှာပဲ ရှိဦးမယ်ထင်တယ်။ ခင်ဗျား ဒါကို မကိုင်တွယ်နိုင်တာနဲ့ ခင်ဗျားတို့ ကောင်းကင်လူသားဂိုဏ်းက အားလုံးရဲ့အချိန်ကို ဖြုန်းဖို့ အသုံးမကျတဲ့ တပည့်တွေကိုပဲ ပို့နေတာလား”

ထန်ဝူကျန်းက သူ့လက်ကို ဝှေ့ရမ်းလိုက်သောအခါ နတ်သဘာဝစွမ်းအားက ရှန်းမင်ဆီသို့ ပြေးဝင်သွား၏။ စကားပြောရန် ထွက်လာချင်သော ရှန်းမင်မှာ ထိုနတ်သဘာဝ စွမ်းအားကြောင့် သူ့အရင်နေရာသို့ ပြန်ရောက်ရှိသွားလေသည်။

မိုဝူကျိက ထန်ဝူကျန်း၏ လုပ်ရပ်အား မတားဆီးဘဲ လူအုပ်ဘက်သို့ လှည့်လိုက်သည်။

“တာအိုရောင်းရင်းတို့… ကျုပ်တို့ ကောင်းကင်လူသားဂိုဏ်းက သိပ်မကြာသေးခင်ကမှ ပြန်တည်ထောင်ထားတဲ့ ဂိုဏ်းဆိုပေမဲ့ လူတိုင်းက ကြိုက်သလို စော်ကားရိုင်းပျလို့ ရတဲ့ တည်ရှိမှုမျိုး မဟုတ်ပါဘူး။ ကျုပ်က ဒီကိစ္စကို ဖြေရှင်းဖို့ လာတဲ့ ကောင်းကင်လူသားဂိုဏ်းရဲ့ တပည့်ခေါင်းဆောင်ပါ။ ဒါပေမဲ့ ဇာမဏီနတ်ဝိညာဉ်ပရဝဏ်က ကျုပ်ရဲ့ ဂျူနီယာတပည့်ကို ဘာဖြစ်ခဲ့တယ်ဆိုတာ ရှင်းပြခွင့်တောင် မပေးဘူး။

သူတို့ ပထမဆုံးပြောတဲ့စကားက ကျုပ်ရဲ့ ကျင့်ကြံဆင့် နိမ့်လွန်းနေတဲ့ အကြောင်းပဲ။ အိုး… ဖြစ်နိုင်တာက ဇာမဏီနတ်ဝိညာဉ်ပရဝဏ်က လူအားလုံးဟာ မွေးကတည်းက နတ်ဘုရားဘုရင် ဖြစ်သွားကြတာမျိုးလား။ ဇာမဏီနတ်ဝိညာဉ်ပရဝဏ်က ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်နေလို့များ သူတို့ ပြစ်ဒဏ်ချမှတ်ချင်တဲ့သူကို အပြစ်ရှိတယ်ဆိုပြီး လွယ်လွယ်လေး စီရင်ချက်ချလိုက်တာမျိုးလားဆိုတာ ကျုပ်တကယ် သိချင်မိပါတယ်”

မိုဝူကျိက တစ်ခုခု မူမမှန်ကြောင်း ခံစားမိသော်လည်း မည်သည်က မူမမှန်ကြောင်းအား သူ လုံး၀ မစဉ်းစားတတ်ပေ။ သူက ကြည့်နေသူအပေါင်းအား ဖြစ်ပျက်နေသည်များကို နားလည်စေချင်ရုံသာ ဖြစ်သည်။

“ဟားဟားဟားဟား… ခင်ဗျားက ကနဦးနတ်ဘုရား အစောပိုင်းအဆင့်ပဲ ရှိသေးတာကို ခင်ဗျားကိုယ်ခင်ဗျား သူတို့ရဲ့ အစ်ကိုကြီးလို့ ခေါ်ရဲတယ်ပေါ့။ ခင်ဗျားက အားလုံးကိုကော ကျုပ်ကိုပါ လိမ်နေတာလား။ ကျုပ်အထင် မမှားဘူးဆိုရင် ခင်ဗျားက ဒီကိုလာတဲ့ ကောင်းကင်လူသားဂိုဏ်းသားတွေ အာလုံးထဲမှာ အနိမ့်ဆုံး ကျင့်ကြံဆင့်ရှိတဲ့သူပဲ ဖြစ်ရမယ်… ဟုတ်တယ်မလား”

ထန်ဝူကျန်းက ခွက်ထိုးခွက်လန် ထရယ်လေတော့သည်။

ထန်ဝူကျန်း အရယ်ရပ်သွားပြီးသည့်နောက် မိုဝူကျိက တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။

“ကောင်းကင်လူသားဂိုဏ်းက လာတဲ့ တပည့်ဂိုဏ်းသားတွေ အားလုံးထဲမှာ ကျုပ်ရဲ့ကျင့်ကြံဆင့်က အနိမ့်ဆုံးဆိုတာ အမှန်ပါပဲ။ ကျုပ်ထင်တာ မမှားဘူးဆိုရင် ခင်ဗျားကလည်း ခင်ဗျားတို့လေးယောက်ထဲမှာ အနိမ့်ဆုံး ကျင့်ကြံဆင့် ရှိနေတဲ့သူပဲမလား။ ဘာဖြစ်လို့ ခင်ဗျားတို့ ဇာမဏီနတ်ဝိညာဉ်ပရဝဏ်က အနိမ့်ဆုံး ကျင့်ကြံဆင့်ရှိတဲ့သူကို ကိစ္စတွေဖြေရှင်းဖို့ လွှတ်နိုင်ပြီး ကျုပ်တို့ ကောင်းကင်လူသားဂိုဏ်းကျတော့ အဲ့အတိုင်းလုပ်လို့ မရရတာလဲ။

ခင်ဗျားတို့ ဇာမဏီနတ်ဝိညာဉ်ပရဝဏ်က ကျုပ်တို့ ကောင်းကင်လူသားဂိုဏ်းထက် တစ်ဆင့်မြင့်တယ်ဆိုပြီး ယူဆမယ်ဆိုရင်တောင် ကျုပ်တို့ ရပ်နေတာ ခင်ဗျားတို့ နယ်မြေ မဟုတ်ဘူး။ ဒီနေရာက နတ်ဘုရားသိုက်မြုံ။ ခင်ဗျားတို့ ဇာမဏီနတ်ဝိညာဉ်ဂိုဏ်းက လူထုဆီကနေ အမှန်တရားကို ဖုံးကွယ်လို့ရတဲ့ နေရာ မဟုတ်ဘူးဗျ”

မိုဝူကျိက သူ၏ ကျင့်ကြံဆင့်အား ပြောနိုင်လိမ့်မည်ဟု ထန်ဝူကျန်းက မထင်ထားပေ။ သူ၏ ကျင့်ကြံဆင့်မှာ ကောင်းကင်နတ်ဘုရားတစ်ယောက်ကပင် ပြောပြနိုင်သည့် အရာမျိုး မဟုတ်ချေ။

“ကောင်းပြီလေ… အဲ့ဒါဆိုလည်း သူ့ကို ပြောခိုင်းကြတာပေါ့”

အနားပတ်လည်ရှိ လူအုပ်ကြီးက စတင် တိုးတီးဝေဖန်လာကြသည်ကို ကြားသောအခါ ထန်ဝူကျန်းသည် ချက်ချင်း ဤသို့ တုံ့ပြန်ပြောဆိုလိုက်သည်။

မိုဝူကျိသည် ရှန်းမင်ဘက် ချက်ချင်းလှည့်လိုက်ပြီး

“ထွက်လာပြီး ငါတို့ကို ဖြစ်ခဲ့သမျှ အကုန်ပြောပြ။ ပြီးတော့ မင်း ရှင်းပြတဲ့အခါ ပိုပြီး သေသေချာချာ တိတိကျကျ ရှိပါစေ”

“ဟုတ်ကဲ့”

ရှန်းမင်က မိုဝူကျိဘက် လှည့်ကာ ဦးညွှတ်လိုက်ပြီးနောက် ဆက်လက်ပြောလိုက်သည်။

“ကျုပ်က အစကတော့ နတ်ဘုရားသိုက်မြုံ မြို့ရင်ပြင် ပတ်လည်ကို ခဏလောက် လျှောက်ပတ်ကြည့်မလို့ လုပ်နေတာ။ ဒါပေမဲ့ ကျုပ် ပြင်ပ အရောင်းအဝယ်နယ်မြေကို ရောက်ရောက်ချင်းပဲ သူဈေးဆိုင်ခင်းနေတာကို မထင်မှတ်ဘဲ မြင်လိုက်ရတယ်…”

ရှန်းမင်က တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောရင်း ထန်ဝူကျန်းဘေးတွင် ရပ်နေသော အရပ်ရှည်ရှည်နှင့်လူတစ်ယောက်အား လက်ညိုးထိုးပြလိုက်သည်။

“သူ့ဆိုင်မှာ ဝိညာဉ်သန့်စင်ရေး တာအိုသစ်သီး ရောင်းဖို့ တင်ထားတာတွေ့လို့ ကျုပ် အရမ်း စိတ်လှုပ်ရှားမိသွားတယ်။ ကျုပ်ရဲ့ဝိညာဉ်ကြောတွေကို နတ်ဘုရားဝိညာဉ်ကြော အသွင်ပြောင်းတုန်းက ပြီးပြည့်စုံတဲ့အထိ မဟုတ်ပေမဲ့ အတော်အသင့် အနေအထားထိတော့ ပြောင်းနိုင်ခဲ့တယ်။ ကျုပ် သေချာတယ်… ဝိညာဉ်သန့်စင်ရေး တာအိုသစ်သီး တစ်လုံးနဲ့သာဆို ကျုပ်ရဲ့ဝိညာဉ်ကြောတွေထဲက အညစ်အကြေး အစက်အပျောက်တွေကို သန့်စင်နိုင်လိမ့်မယ်လို့ …”

မည်သူကမျှ ရှန်းမင် ပြောပြသည်များကို မအံ့သြချေ။ အကြောင်းမှာ မည်သူပင်ဖြစ်စေကာမူ ဝိညာဉ်သန့်စင်ရေး တာအိုသစ်သီးကိုသာ တွေ့မိပါက သေချာပေါက် အင်မတန် စိတ်လှုပ်ရှားမိမည်သာ ဖြစ်သည်။

“အဲ့ဒီအချိန်မှာ ဒီလူက ပြောတယ်… ခင်ဗျား ဒီသန့်စင်ရေးသစ်သီးကို ကြိုက်လားတဲ့။ တကယ်လို့ ခင်ဗျား လိုချင်ရင် ဒီလောက်နဲ့ ရမယ်လို့ ပြောပြီး သူက လက်သုံးချောင်း ထောင်ပြတယ်”

ရှန်းမင်၏ လေသံမှာ နောင်တတရားတို့ဖြင့် ပြည့်နေလေသည်။ သူက ဖြစ်ကြောင်းကို ဆက်ပြောလိုက်သည်။

“ကျုပ်က သူဆိုလိုတာက ထိပ်တန်းအဆင့် နတ်ဘုရားကျောက် သုံးတုံးလို့ ထင်လိုက်တာ။ ဒါနဲ့ ကျုပ်လည်း တွေဝေမနေတော့ဘဲ ထိပ်တန်းအဆင့် နတ်ဘုရားကျောက် သုံးတုံးကို ထုတ်လိုက်တယ်။ အဲ့ဒီအချိန်လေးမှာပဲ လူတစ်ယောက် ရောက်လာပြီး သူ့ကို စကားလာပြောနေလို့ ကျုပ်က သူ့ဈေးဆိုင်ခုံပေါ်မှာ ထိပ်တန်းအဆင့် နတ်ဘုရားကျောက် သုံးတုံးကို တင်ထားခဲ့လိုက်ပြီး သစ်သီးနဲ့ ထွက်လာခဲ့တယ်။ အဲ့ဒီနောက်မှာတော့ သူနဲ့စကားပြောနေတဲ့လူက ပြေးလိုက်လာပြီး…”

ထိုငတိမှာ လူလိမ်တစ်ယောက် တကယ့်ကို ဖြစ်နေသောကြောင့် မိုဝူကျိက သက်ပြင်းချလိုက်သည်။ အကယ်၍ သူ့အထင် မမှားလျှင် ရှန်းမင်က လူနှစ်ယောက် ပြေးလိုက်လာသည်ကို မြင်သောကြောင့် သစ်သီးကို ချက်ချင်း အလျင်အမြန် မြိုချပစ်လိုက်ခြင်း ဖြစ်မည်။

ဝိညာဉ်သန့်စင်ရေး တာအိုသစ်သီးမှာ အချိန်မရွေး စားသုံးနိုင်သည့် အစွမ်းသတ္တိတစ်မျိုး ရှိသည်။ ထို့အပြင် စားသုံးသည့်သူမှာ အစွမ်းထိရောက်စေရန် ဝိညာဉ်ကြောများကို လှည့်ပတ်စရာ မလိုပေ။

အလန့်တကြားဖြစ်သွားသည့် မည်သူမဆို အလားတူ ပြုလုပ်မိမည် ဖြစ်၍ ရှန်းမင်အား အပြစ်မဆိုသင့်ပေ။ တစ်ယောက်ယောက်က ဟာကွက်တစ်ခုခုကို တွေ့ရှိသွားသည့် အချိန်တွင်ကား ငွေပေးချေပြီးပြီ ဖြစ်သဖြင့် ပစ္စည်းမှာ သူအပိုင် ဖြစ်နေနှင့်လေပြီ။ အကယ်၍ ဤပစ္စည်းမှာ သူ့အတွက် အလွန်အသုံးဝင်နေပါက သူ့အမှားကို သတိထားမိလျှင်ပင် တစ်ဖက်လူအား ပြန်ပေးရန် ဆန္ဒရှိမည် မဟုတ်ချေ။

ရှန်းမင်သည် တခြားမည်သူမဆို လုပ်မည့်အတိုင်း လုပ်ခဲ့ခြင်းသာ ဖြစ်၏။

“ကျုပ်ရဲ့ တာအိုသစ်သီးကို တခြားတာအိုသစ်သီးနဲ့ မှားတာ မမှားတာ အသာထားဦး… အရောင်းအဝယ်မပြီးသေးခင် ခင်ဗျားက ကျုပ်ရဲ့ပစ္စည်းကို ယူပြေးသွားတာလေ။ အဲ့ဒါ ဘာသဘောလဲ။ ခင်ဗျားတို့ ကောင်းကင်လူသားဂိုဏ်းမှာ နတ်ဘုရားဘုရင် ရှိတယ်ဆိုတာနဲ့ပဲ ခင်ဗျား လိုချင်တာမှန်သမျှ အတင်းဝယ်လို့ရရောလား”

ရှန်းမင် လက်ညိုးထိုးပြခဲ့သည့် အရပ်ရှည်ရှည်နှင့်လူက ဒေါသတကြီး ထတုံ့ပြန်လိုက်သည်။

“အရောင်းအဝယ်မပြီးသေးဘူးလို့ ဘယ်သူပြောလဲ။ ခင်ဗျားရဲ့ပစ္စည်းကို မယူခင် ကျုပ်က နတ်ဘုရားကျောက် ပေးပြီးပြီလေ။ ပြီးတော့…”

ရှန်းမင် စကားဆုံးအောင် မပြောရသေးခင် ထိုအရပ်ရှည်ရှည်နှင့်လူကပင် ငြင်းဆိုချေပလိုက်သည်။

“ခင်ဗျားက နတ်ဘုရားကျောက်တော့ ပေးခဲ့ပါရဲ့… ဒါပေမဲ့ ကျုပ်က သဘောတူရသေးလို့လား။ ဟုတ်တယ်… အဲ့တုန်းက ကျုပ် တစ်ခြားတစ်ယောက်နဲ့ စကားပြောနေတာ မှန်ပေမဲ့ ခင်ဗျားကို ဈေးပြောပြတဲ့အချိန်က ကျုပ် လက်သုံးချောင်းပဲ ထောင်ပြရသေးတယ်။ ကျုပ်ရဲ့လက်သုံးချောင်းက ထိပ်တန်းအဆင့် နတ်ဘုရားကျောက် သုံးတုံးလို့ ဘယ်သူပြောလဲ။

ကျုပ် တကယ် ဆိုလိုချင်တာက ထိပ်တန်းအဆင့် နတ်ဘုရားကျောက် အတုံး သုံးထောင်ဗျ။ နောက်ပြီးတော့ ခင်ဗျားရဲ့အရောင်းအဝယ်ကို ကျုပ်သဘောတူတယ်လို့ မပြောရသေးခင် ခင်ဗျားက ဈေးဆိုင်ခုံပေါ်မှာ နတ်ဘုရားကျောက်တွေ ထားခဲ့ပြီး ကျုပ်ရဲ့ပစ္စည်းကို ယူပြီးထွက်သွားတာ။ ဒါ ရှင်းရှင်းပြောရရင် နေ့ခင်းကြောင်တောင်ကြီး ဓားပြတိုက်တာပဲ”

***

All Chapters