← Chapters

နတ်ဘုရားဘုရင်များအား သတိထားမိစေခြင်း

Vol. 65 Ch. 905

နတ်ဘုရားဘုရင်များအား သတိထားမိစေခြင်း

Vol. 65 Ch. 905

ထိပ်တန်းအဆင့် နတ်ဘုရားကျောက် အတုံး သုံးထောင် ဆိုသည်မှာ နည်းသော ပမာဏ မဟုတ်ချေ။ နတ်ဘုရားကျောက်တွင်းများ မိုင်းတူးရာ၌ ရံဖန်ရံခါ ထိပ်တန်းအဆင့် နတ်ဘုရားကျောက် တစ်တုံး နှစ်တုံး ရရှိခြင်းကပင် အလွန်ကံကောင်းသည်ဟု တွေးရပေမည်။ ထိပ်တန်းအဆင့် နတ်ဘုရားကျောက် အတုံး သုံးထောင် စုမိရန် မိုင်းတွင်းများ မည်မျှလောက် တူးရမည်နည်း။ ထို့အပြင် ဝိညာဉ်သန့်စင်ရေး တာအိုသစ်သီးတစ်လုံးကပင် ထိပ်တန်းအဆင့် နတ်ဘုရားကျောက် အတုံး သုံးထောင် တန်မည် မဟုတ်ပေ။

“နေစမ်းပါဦး… ဘာဖြစ်လို့ ခင်ဗျားရဲ့ နှလုံးသန့်စင်ရေး သစ်သီးကို ထိပ်တန်းအဆင့် နတ်ဘုရားကျောက် အတုံး သုံးထောင်နဲ့ ရောင်းရတာလဲ”

ရှန်းမင်က ချေပပြောဆိုလိုက်သည်။

“ကျုပ် ခင်ဗျားကို ရောင်းလိုက်တဲ့အသီးက နှလုံးသန့်စင်ရေး သစ်သီးလို့ ဘယ်သူပြောလဲ။ ကျုပ်က ဝိညာဉ်သန့်စင်ရေး တာအိုသစ်သီးကို ရောင်းနေတာလေ”

“ခင်ဗျား ပြောတုန်းက သန့်စင်ရေး သစ်သီးဆို”

“ဟုတ်တယ်လေ… သန့်စင်ရေး သစ်သီးဆိုတာ ဝိညာဉ်သန့်စင်ရေး တာအိုသစ်သီးရဲ့ အတိုကောက် မဟုတ်ဘူးလား”

“ခင်ဗျား…”

ရှန်းမင်၏ မျက်နှာမှာ အဖြူဖျော့ဖျော့မှ အနီရောင်သို့ ပြောင်းသွားလေသည်။

“ဒါပေမဲ့ ခင်ဗျား ကျုပ်ကို နှလုံးသန့်စင်ရေး သစ်သီး ပေးလိုက်တာ သေချာတယ်။ ကျုပ်လည်း အစကတော့ အဲ့ဒီဟာကို ဝိညာဉ်သန့်စင်ရေး တာအိုသစ်သီးလို့ ထင်ခဲ့တာ။ ဒါပေမဲ့ စားပြီးသွားတော့မှ မဟုတ်မှန်း သိတာဗျ”

ဤစကားကို ကြားသောအခါ မိုဝူကျိသည် အမှန်ပင် ဘာပြောရမှန်းမသိ ဖြစ်သွားလေသည်။ ရှန်းမင်က ဝိညာဉ်သန့်စင်ရေး တာအိုသစ်သီးကို တကယ် စားသုံးပစ်လိုက်သည်ဟု မိုဝူကျိက အစောပိုင်းတွင် တွေးလိုက်မိသည်။ မိုဝူကျိ တွေးထားသည်မှာ အကယ်၍ ရှန်းမင်အနေနှင့် အနည်းငယ် နစ်နာသွားလျှင်ပင် အနည်းဆုံးတော့ ဝိညာဉ်သန့်စင်ရေး တာအိုသစ်သီးကို စားပြီးနောက် သူ့ဝိညာဉ်ကြောကို သန့်စင်နိုင်လိမ့်မည်ဟူ၍ ဖြစ်၏။ သူ မထင်မှတ်ထားသည်မှာ ဤအရှုပ်တော်ပုံ ဇာတ်လမ်းကြီး ပြီးသွားသည့်နောက် ရှန်းမင်က နှလုံးသန့်စင်ရေး သစ်သီးကိုသာ စားလိုက်ရခြင်း ဖြစ်သည်။

သို့သော် မိုဝူကျိက အခြေအနေတစ်ခုလုံးကို စတင်၍ ပြန်လည် သုံးသပ်ကြည့်လိုက်သည်။ ရှန်းမင်က အရောင်းအဝယ်တွင် အမြတ်ထုတ်ချင်မှန်း သူ သေချာသိသည်။ ထိုသို့မဟုတ်ပါက သူက ထိပ်တန်းအဆင့် နတ်ဘုရားကျောက် သုံးတုံး ဈေးကို တစ်ဖက်လူက သေသေချာချာ မသတ်မှတ်ရသေးခင် သူက အရင် သူ့ဘာသာသူ ဈေးဖြတ်မည် မဟုတ်ချေ။

အကယ်၍ ရှန်းမင်သာ ဂိုဏ်းစခန်းကို ပြန်လိုက်နိုင်မည်ဆိုလျှင် ကိစ္စများကို ဖြေရှင်းရသည်မှာ ပိုမို လွယ်ကူသွားပေလိမ့်မည်။ အဆုံးမှာတော့ အရောင်းအဝယ် ပြီးသွားသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။ ယခုမူ ရှန်းမင်က ရောင်းဝယ်ရေးနေရာတွင် ထိန်းချုပ်ခံထားရကာ ဝိညာဉ်သန့်စင်ရေး တာအိုသစ်သီးကိုတောင် မြိုချပြီးသွားလေပြီ။ သိသာလှစွာပင် ဤကိစ္စအတွက် ရှန်းမင်မှာ ဆင်ခြင်တုံတရား နည်းပါးခဲ့လေသည်။

ရှန်းမင်သည် ဝိညာဉ်သန့်စင်ရေး တာအိုသစ်သီး အစား နှလုံးသန့်စင်ရေး သစ်သီးကို စားသုံးလိုက်သည်ဟု မိုဝူကျိက ယုံကြည်သည်။ သို့သော် အကယ်၍ ရှန်းမင်က ဝိညာဉ်သန့်စင်ရေး တာအိုသစ်သီးကို မဟုတ်ဘဲ နှလုံးသန့်စင်ရေး သစ်သီးကိုသာ စားလိုက်သည်ဟု ဆက်လက်ငြင်းဆိုနေပါက ပိုမိုကြီးမားသော ပြဿနာကြီး ပေါ်လာလိမ့်မည်ဟု မိုဝူကျိက ခပ်ရေးရေး ခံစားမိလိုက်သည်။ မည်သည့် ပြဿနာမျိုး ဖြစ်မည်ကိုတော့ မိုဝူကျိက သေချာမသိပေ။ သူ ခံစားမိသည်မှာ ပြဿနာ ဖြစ်တော့မည်ကိုသာ ဖြစ်သည်။

ဤသို့ တွေးမိသည့်နောက် မိုဝူကျိက ချက်ချင်း မှတ်ချက်ပေးလိုက်သည်။

“တာအိုရောင်းရင်းထန်… ဒီကိစ္စမှာ ကျုပ်တို့ ကောင်းကင်လူသားဂိုဏ်းရဲ့တပည့်က မှားမှန်း ကျုပ် ဝန်ခံပါတယ်။ ဒီတော့ ဝိညာဉ်သန့်စင်ရေး တာအိုသစ်သီးလို့ လက်ခံလိုက်ပါ့မယ်။ ဇာမဏီနတ်ဝိညာဉ်ပရဝဏ်မှ မိတ်ဆွေတို့ကို ဝိညာဉ်သန့်စင်ရေး တာအိုသစ်သီးအတွက် ဈေးသတ်မှတ်ပေးဖို့ တောင်းဆိုပါရစေ။ ကျုပ်တို့ ပြန်လျော်ပေးပါ့မယ်”

“ကျုပ် ပြောပြီးပြီလေ… ဒီဝိညာဉ်သန့်စင်ရေး တာအိုသစ်သီးက အနှစ်သန်းတစ်ထောင် သက်တမ်းရှိတဲ့ ဝိညာဉ်သန့်စင်ရေး သစ်ပင်ကနေ လာတာပါဆို။ ဒီသစ်ပင်က ဝိညာဉ်သန့်စင်ရေး တာအိုသစ်သီး ၁၁ လုံးပဲ သီးနိုင်တာ။ ဒါကြောင့် သစ်သီးတိုင်းက မြို့ကြီးတွေလောက်တောင် တန်တယ်…”

ဝိညာဉ်သန့်စင်ရေး တာအိုသစ်သီးကို ရောင်းသည့် ကျင့်ကြံသူက သူ့စကားကို ပြီးအောင် မပြောနိုင်ခင်မှာပင် လူအုပ်ထဲရှိ လူအားလုံးက သဘောပေါက်သွားကြသည်။ သူတို့ နားလည်လိုက်သည်မှာ ဤကိစ္စသည် ဝိညာဉ်သန့်စင်ရေး တာအိုသစ်သီးတစ်လုံး၏ ပုံမှန်တန်ဖိုးဖြင့် အလျော်ပေးရုံနှင့် ပြီးသွားမည် မဟုတ်ကြောင်းကို ဖြစ်သည်။

အမှန်ပင် ကျင့်ကြံသူက သူ့စကားကို ဆက်ပြောလိုက်သည်။

“ဒီဟာကို ထိပ်တန်းအဆင့် နတ်ဘုရားကျောက် အတုံး သုံးထောင်နဲ့ ရောင်းမယ်လို့ ကျုပ် ပြောထားမှတော့ ကျုပ်ရဲ့ ဇာမဏီနတ်ဝိညာဉ်ပရဝဏ်က မတန်တဆ မတောင်းပါဘူး။ ထိပ်တန်းအဆင့် နတ်ဘုရားကျောက် အတုံး သုံးထောင်ပဲပေးပါ”

ရှန်းမင်က နောက်ဆုံးစကားကို ကြားသောအခါ သူ့ရင်ထဲ အေးခဲသွားသည်။ ထိပ်တန်းအဆင့် နတ်ဘုရားကျောက် အတုံး သုံးထောင်မှာ တည်ထောင်သူဘိုးဘေးဖန်းကျဲသည်ပင် မတတ်နိုင်သော အရာ ဖြစ်သည်။ အကယ်၍ ကောင်းကင်လူသားဂိုဏ်းက သူ့အား စွန့်ပစ်ချင်ပါက သူတို့ဘာသာ ခေါင်းရှောင်လိုက်၍ ရပေလိမ့်မည်။ ဤအခြေအနေကို အသုံးချ၍ သူ့အား ကောင်းကင်လူသားဂိုဏ်းမှ မောင်းထုတ်နိုင်ရန်အတွက် သူ ဝိညာဉ်သန့်စင်ရေး တာအိုသစ်သီးကို ယူသွားကြောင်း မိုဝူကျိက တမင် ဝန်ခံလိုက်သည်များလားဟု ရှန်းမင်က သံသယဝင်လာလေသည်။

“မဖြစ်နိုင်ဘူး… ဂျုနီယာညီလေးရှန်းမင် ဝယ်လိုက်တာ ဝိညာဉ်သန့်စင်ရေး တာအိုသစ်သီး မဟုတ်ဘဲ နှလုံးသန့်စင်ရေးသစ်သီးဖြစ်နေတာကို မပြောနဲ့ဦး။ သူ ဝယ်တာက ဝိညာဉ်သန့်စင်ရေး တာအိုသစ်သီးဆိုရင်တောင် အဲ့ဒါက ထိပ်တန်းအဆင့် နတ်ဘုရားကျောက် အတုံး သုံးထောင် မကျနိုင်ဘူး။ ဂျုနီယာညီလေးမို… ဒါက တာရှီရှုန်းတစ်ယောက်အနေနဲ့ ဒီကိစ္စကို မင်း ဖြေရှင်းတော့မယ့်ပုံစံလား”

ဖူယင်က မိုဝူကျိအား ခန်းမသခင်ဟုပင် မခေါ်တော့သဖြင့် သူ့ဒေါသသံကို ကြားနိုင်ပေသည်။

ဖူယင်၏ စကားက အပြေးရောက်လာကြကုန်သော ကောင်းကင်လူသားဂိုဏ်းသားများ၏ ထောက်ခံမှုကို ချက်ချင်း ရရှိသွား၏။ ဝေကျဲကပင် ဤအခြေအနေကို မိုဝူကျိက သေချာမကိုင်တွယ်ဘူးဟု ခံစားနေမိသည်။ ရှန်းမင်က ဝိညာဉ်သန့်စင်ရေး တာအိုသစ်သီးကို မဝယ်ပါဘဲနှင့် မိုဝူကျိက ဝယ်သည်ဟု ဝန်ခံဖို့ ရွေးချယ်လိုက်သည်။ ဤသည်မှာ ကိုယ့်အကျိုးနည်းအောင် ကိုယ်ဘာသာကိုယ် လုပ်နေသည်နှင့် တူပေသည်။ ထို့မျှသာမက အစကတည်းက ကြောက်နေပြီဖြစ်ကြောင်း ဝန်ခံနေသည်နှင့် တူနေ၏။ ဤသည်မှာ မည်သို့သော ရွေ့ကွက်မျိုး ဖြစ်သနည်း။

“ဝိညာဉ်သန့်စင်ရေး တာအိုသစ်သီးက စားပြီးပြီးချင်း တစ်ရက်အတွင်းဆို စမ်းသပ်ကြည့်လို့ရတယ် မဟုတ်ဘူးလား”

လူအုပ်ထဲမှ အသံတိုးတိုးတစ်ခုကို ကြားလိုက်ရသည်။

ဖူယင်က ဤစကားကို ကြားမိကာ ချက်ချင်း အော်ပြောလိုက်သည်။

“ဟုတ်တယ်.. ဟုတ်တယ်… စမ်းသပ်လို့ရတယ်”

အမှန်တကယ်တွင် ဝိညာဉ်သန့်စင်ရေးတာအိုသစ်သီးကို စား မစားအား မည်သို့ စမ်းသပ်ရသည်ကို သူ မသိချေ။

ထန်ဝူကျန်း ကြည့်ရသည်မှာ အံ့သြသွားပုံပေါ်လေရာ ဖူယင်က ပို၍ကျယ်ကျယ်လေး အော်လိုက်သည်။

“ဝိညာဉ်သန့်စင်ရေး တာအိုသစ်သီးကို စားမစား ဘယ်လိုစမ်းသပ်ရမလဲဆိုတာ ဘယ်သူသိလဲ။ သိရင် ပြောပြပေးပါဦးဗျာ”

လူအုပ်ထဲမှ နောက်ထပ် အသံတစ်သံကို ထပ်ကြားလိုက်ရပြန်သည်။

“ဝိညာဉ်သန့်စင်ရေး တာအိုသစ်သီးကို စမ်းသပ်ဖို့ဆို နတ်ဘုရားဘုရင်နှစ်ယောက်ရဲ့ အကူအညီ လိုအပ်တယ်။ ဝိညာဉ်သန့်စင်ရေး တာအိုသစ်သီးကို စားလိုက်တဲ့သူက သူ့ရဲ့အသိစိတ်ပင်လယ် ဝိညာဉ်လမ်းကြောင်းကို အကန့်အသတ်မရှိ ဖွင့်ပေးမယ်ဆိုရင် နတ်ဘုရားဘုရင်နှစ်ယောက်က အသိစိတ်ပင်လယ် ဝိညာဉ်လမ်းကြောင်းထဲကို အနှံ့ ဝင်ရောက်နိုင်လိမ့်မယ်။ ဝိညာဉ်လမ်းကြောင်းမှာ ဘာတွေပြောင်းလဲသွားသလဲ ဆိုတာကို သူတို့ရဲ့ကိုယ်ပိုင် ဝိညာဉ်လမ်းကြောင်းကို သုံးပြီး စမ်းသပ်လို့ရတယ်။ အဲ့ဒါဆို ဝိညာဉ်သန့်စင်ရေး တာအိုသစ်သီးကို စားထားသလားဆိုတာ ပြောပြနိုင်တယ်”

“ကောင်းပြီလေ… ခင်ဗျားတို့ ကောင်းကင်လူသားဂိုဏ်းက ကျုပ်တို့ ရောင်းတာ ဝိညာဉ်သန့်စင်ရေး တာအိုသစ်သီး မဟုတ်ဘူးလို့ အတင်းငြင်းနေမှတော့ အခုပဲ စမ်းသပ်ကြည့်ကြတာပေါ့။ ခင်ဗျားတို့ စောစောက ပြောသလိုပဲ… ခင်ဗျားတို့ ကောင်းကင်လူသားဂိုဏ်းမှာ နတ်ဘုရားဘုရင်တစ်ယောက် ရှိတယ်။ ကျုပ်တို့ ဇာမဏီနတ်ဝိညာဉ်ပရဝဏ်မှာလည်း နတ်ဘုရားဘုရင် တစ်ယောက်ရှိတယ်”

ပြောနေရင်း ထန်ဝူကျန်းက လက်ကို ဝှေ့ကာ အမှာစကား ပို့လိုက်လေသည်။

ရှန်းမင်က ဝိညာဉ်သန့်စင်ရေး တာအိုသစ်သီးကို စား၊ မစားအား စမ်းသပ်ရန် နတ်ဘုရားဘုရင်နှစ်ယောက်၏ ကိုယ်ပိုင်ဝိညာဉ်လမ်းကြောင်းကို အသုံးပြုရန် အဘယ်ကြောင့် လိုအပ်သနည်းဟု မိုဝူကျိက သံသယဖြစ်မိသည်။ ယုတ္တိရှိရှိဆိုရလျှင် နတ်ဘုရားဘုရင် တစ်ယောက်ဆိုလျှင်ပင် စမ်းသပ်၍ ရရမည် မဟုတ်ပါလော။ ထန်ဝူကျန်းသည် သတင်းကြားပြီးသည်နှင့် ချက်ချင်း အမှာစကားကို တန်းပို့လိုက်သည်။ သူ့ပုံစံကြည့်ရသည်မှာ သူတို့၏ နတ်ဘုရားဘုရင်ကို လှမ်းခေါ်တော့မည့် ပုံစံဖြစ်နေသည်။

ဤသည်က မိုဝူကျိအား ပို၍ စိတ်ထင့်စေသည်။

နတ်ဘုရားဘုရင်ဆိုသည်မှာ မည်သို့သော တည်ရှိမှုမျိုးနည်း။ သူတို့သည်ကား နတ်ဘုရားနယ်မြေတစ်ခုလုံး၏ အထွတ်အထိပ်တွင် မားမား ရပ်တည်နိုင်သော တည်ရှိမှုမျိုးတည်း။ ထန်ဝူကျန်း၏ ပါရမီက မည်မျှပင် မြင့်ပါစေ အမှာစကားတစ်ခုလေးဖြင့် နတ်ဘုရားဘုရင်တစ်ဦးကို လှမ်းခေါ်နိုင်လောက်သည်အထိ အဆင့် မမှီနိုင်သေးချေ။

ဘာတွေဖြစ်ပျက်နေသည်ကို မိုဝူကျိ မဖော်ထုတ်နိုင်ခင် ပြဿနာဖြစ်ရာနေရာသို့ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ခပ်ပိန်ပိန် လူတစ်ယောက် ရောက်ရှိလာသည်။

ထိုပိန်ပိန်ပါးပါးအမျိုးသားမှာ သာမန်ဖြစ်ပုံပေါ်သော်လည်း ဤအမျိုးသား ရောက်လာသည့်အချိန်၌ မိုဝူကျိက အားကောင်းသည့် မိုးမြေစွမ်းအားတစ်ခုကို သတိပြုမိလိုက်သည်။ ယခင် မိုဝူကျိက နတ်ဘုရားဘုရင်ဖန်းကျဲနှင့် ပြောဆိုဆက်ဆံဖူးသည်။ ထို့ကြောင့် ဤပုဂ္ဂိုလ်သည် နတ်ဘုရားဘုရင် ဖန်းကျဲထက် များစွာ အင်အားကောင်းကြောင်းကို မိုဝူကျိက ချက်ချင်း သိလိုက်သည်။ သိသာလှစွာပင် သူသည်လည်း နတ်ဘုရားဘုရင်တစ်ဦး ဖြစ်လေ၏။

မိုဝူကျိ မမျှော်လင့်ထားမိသည်မှာ ဤပိန်ပိန်ပါးပါးနှင့်လူ ရောက်လာသည့်အခိုက်တွင် ထန်ဝူကျန်းနှင့် အပေါင်းအပါများက သူ့အား တလေးတစား ဦးညွှတ်လိုက်ခြင်းပင် ဖြစ်သည်။

“နတ်ဘုရားဘုရင် ယန်ထင်းကို ဂါရဝပြုပါတယ်”

နတ်ဘုရားဘုရင် ယန်ထင်းကို မသိသော ကျင့်ကြံသူများကပင် အကုန်လုံး လေးစားစွာ ဦးညွှတ်လိုက်ကြလေသည်။ တစ်နေရာလုံး တိတ်ဆိတ်ကာ စနစ်တကျ ဖြစ်သွားကြသည်။

ထန်ဝူကျန်းသည် ကနဦးနတ်ဘုရား တစ်ယောက်သာ ဖြစ်သော်လည်း နတ်ဘုရား ဘုရင်တစ်ဦးကို အမှန်တကယ် ခေါ်ယူနိုင်လိုက်သောကြောင့် မိုဝူကျိ၏ ရင်ထဲ လေးလံသွားသည်။ အကယ်၍ ဤသည်မှာ ကြိုတင် အကွက်ချ စီစဉ်ထားခြင်း မဟုတ်ပါက မိုဝူကျိသည် သူမြင်လိုက်ရသည်များကို လုံး၀ ယုံမည်မဟုတ်ပေ။

ဤအခိုက်အတန့်တွင် ဝေကျဲသည်လည်း အလွန် စိတ်ထင့်သွားမိသည်။ သူက ဖြူဖျော့ဖျော့မျက်နှာနှင့် ဦးညွှတ်ကာ ပြောလိုက်သည်။

“ကောင်းကင်လူသားဂိုဏ်း ဝေကျဲက နတ်ဘုရားဘုရင်ယန်ထင်းကို ဂါရဝပြုပါတယ်”

ဖူယင်နှင့်အပေါင်းအပါများကလည်း အလွန်တရာ ကြောက်ရွံ့လှသဖြင့် စကားပင် ဆက်မပြောရဲတော့ပေ။ ရှန်းမင် ဝိညာဉ်သန့်စင်ရေး တာအိုသစ်သီးကို စား၊ မစားအား စမ်းသပ်ရန် နတ်ဘုရားဘုရင်နှစ်ယောက် ရှိဖို့လိုမည်ဟု သူတို့က မထင်ထားမိပေ။

“ဘာတွေဖြစ်နေတာလဲ”

နတ်ဘုရားဘုရင် ယန်ထင်းက အတက်အကျမရှိသောလေသံဖြင့် ပြောလိုက်သည်။

ထန်ဝူကျန်းက အခြေအနေတစ်ရပ်လုံးကို ရှင်းပြလိုက်သည်။ ထို့အပြင် သူသည် မည်သည့်ကိစ္စလေးကိုမျှ အပိုအလို အတိုးအချဲ့မရှိ၊ ထိန်ချန်၍လည်း မထားခဲ့ပေ။

မိုဝူကျိက အလျင်အမြန် နှုတ်ဆက်လိုက်သည်။

“ကောင်းကင်လူသားဂိုဏ်းတပည့် မိုဝူကျိက နတ်ဘုရားဘုရင် ယန်ထင်းကို ဂါရဝပြုပါတယ်။ ဒီကိစ္စမှာ ကျွန်တော့် ကောင်းကင်လူသားဂိုဏ်းက မှားသွားတာပါ။ ပြီးတော့ ဝိညာဉ်သန့်စင်ရေး တာအိုသစ်သီးအတွက် လျော်ကြေးပေးဖို့ကိုလည်း စဉ်းစားပြီးပါပြီ”

နတ်ဘုရားဘုရင်ယန်ထင်းက မိုဝူကျိအား အေးစက်စက် ကြည့်လိုက်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ကျုပ်တို့က ဘာပဲလုပ်လုပ် အမြဲ မျှမျှတတဖြစ်ဖို့ကို ဦးစားပေးလေ့ ရှိတယ်။ သူတို့က ဇာမဏီနတ်ဝိညာဉ်ပရဝဏ်ရဲ့ တပည့်တွေ ဖြစ်နေတာနဲ့ သူတို့ ပြောတာတွေက အမှန်တွေလို့ မဆိုလိုဘူးလေ။ ကျုပ်က ခုလေးတင် ညီလေးဖန်းနဲ့ စကားပြောနေတာ။ အတော်ပဲ… ဒီကိစ္စအတွက် ညီလေးဖန်းကို ဖိတ်ခေါ်လိုက်ရအောင်”

နတ်ဘုရားဘုရင်ယန်ထင်းက ဖန်းကျဲအား ဖိတ်ခေါ်မည့်အကြောင်း ပြောနေစဉ်ပင် ဖန်းကျဲက အားလုံးရှေ့သို့ ရောက်ရှိလာသည်။ သူက ရယ်ရင်း ပြောလိုက်သည်။

“စောစောတုန်းက ပြဿနာကို ကျုပ် ကြားပြီးပါပြီ။ ဒီကိစ္စက တပည့်မိုဝူကျိ ပြောသလိုပါပဲ။ ဒါက ကျုပ်တို့ကောင်းကင်လူသားဂိုဏ်းရဲ့ အမှားဖြစ်ပြီး လျော်ကြေးပေးသင့်တာ အမှန်ပါပဲ”

သိသာလှစွာပင် ဝေကျဲသည် ဖြစ်ပုံ ဇာတ်လမ်းအစုံကို နတ်ဘုရားဘုရင်ဖန်းကျဲအား ပြောပြပြီးလေပြီ။

နတ်ဘုရားဘုရင် ယန်ထင်းက အော်ရယ်လိုက်သည်။

“တာအိုရောင်းရင်းဖန်း… ခင်ဗျားရယ် ကျုပ်ရယ်က နတ်ဘုရားနယ်မြေရဲ့ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ တည်ရှိမှုမျိုးပဲ။ ဒီကလူတိုင်းက တရားမျှတမှုကို ယုံကြည်ကြလို့သာ နတ်ဘုရားနယ်မြေဟာ အမြဲ အေးချမ်းနေတာပါ။ တကယ်လို့ ကျုပ်က ညီလေးဖန်းနဲ့ မိတ်ဆွေ မဟုတ်ဘူးဆိုရင်တောင်မှ ကျုပ်တပည့်တွေရဲ့ ပြောစကားတစ်ဖက်တည်းကိုပဲ ယုံကြည်ပြီး ကောက်ချက်ချတာမျိုး ကျုပ်က ဘယ်တော့မှလုပ်မှာမဟုတ်ဘူး”

နတ်ဘုရားဘုရင် ယန်ထင်း၏ စကားများကို ကြားပြီးနောက် ဖန်းကျဲ၏ မျက်နှာအမူအယာကို ကြည့်လိုက်သောအခါ ဇာမဏီနတ်ဝိညာဉ်ပရဝဏ်သည် ထိပ်တန်းအဆင့် နတ်ဘုရားကျောက် အတုံး သုံးထောင်အား ချိန်နေသည် မဟုတ်မှန်းကို မိုဝူကျိက သေချာသိလိုက်သည်။ သူတို့ လိုချင်သည်မှာ ရှန်းမင်က အမှန်တကယ် ဝိညာဉ်သန့်စင်ရေးတာအိုသစ်သီး စား၊ မစားအား တည်ထောင်သူဘိုးဘေး ဖန်းကျဲနှင့် နတ်ဘုရားဘုရင် ယန်ထင်းတို့ကို စမ်းသပ်စေလိုခြင်း ဖြစ်၏။

တနည်းအားဖြင့် ဇာမဏီနတ်ဝိညာဉ်ပရဝဏ်မှာ နောက်ကွယ် အကြံဆိုး ရှိကို ရှိရမည်။ ဖန်းကျဲသည် နတ်ဘုရားဘုရင် ယန်ထင်းနှင့်အတူ စမ်းသပ်ဖို့ ဆန္ဒရှိမရှိကို သူတို့က ပိုအလေးထားနေသည်ဟု မိုဝူကျိက သံသယဝင်မိသည်။

မိုဝူကျိက စကားပြောတော့မည့်ဆဲဆဲတွင် နောက်ထပ် ပြတ်သားသောအသံ ကို ကြားလိုက်ရပြန်သည်။

“ဘာတွေများ ငြင်းခုံနေစရာ ရှိလို့လဲ။ ဒီတစ်ယောက်ရဲ့ဝိညာဉ်လမ်းကြောင်းကိုသာ စမ်းသပ်လိုက်စမ်းပါ။ ဒါပြီးရင် ကျုပ်တို့အားလုံး ပြန်ပြီးတော့ ဝိုင်လေး အေးအေးဆေးဆေး သောက်လို့ရပြီလေ”

ဤစကားကို အားလုံးက ကြားလိုက်စဉ်မှာပင် ခပ်၀၀ သူတော်စင် တစ်ယောက်နှင့် ရည်ရည်မွန်မွန် ရှိသော ဝတ်ရုံစိမ်းနှင့်အမျိုးသား တစ်ယောက်တို့က ဆင်းသက်လာကြသည်။

အားလုံးက ဤလူနှစ်ယောက် ရောက်လာသည်ကို မြင်သောအခါ တလေးတစား ဦးညွှတ်လိုက်ကြပြန်သည်။

လူအုပ်၏ နှုတ်ဆက်မှုများမှ မိုဝူကျိသည် ဤလူနှစ်ယောက်က မည်သူမည်ဝါ ဖြစ်သည်ကို သိလိုက်ရသည်။ ခပ်၀၀ သူတော်စင်မှာ နတ်ဘုရားဘုရင် ယန်တုဖြစ်ပြီး ရည်ရည်မွန်မွန်နှင့် အမျိုးသားမှာ နတ်ဘုရားဘုရင် ယီမင် ဖြစ်သည်။

မည်သည့် အကြောင်းကြောင့်မျှ တည်ထောင်သူဘိုးဘေးဖန်းကျဲအား ရှန်းမင်အတွက် စမ်းသပ်မှုကို လုပ်ခွင့်မပေးသင့်ပေ။ နတ်ဘုရားဘုရင်တချို့ ရောက်ရှိလာလျှင်တောင်မှ သူ ဤအရာကို တားဖို့ နည်းလမ်းတစ်ခု ရှာမှ ဖြစ်မည်။

“ဝူကျိ… ရှန်းမင် ဝိညာဉ်သန့်စင်ရေး တာအိုသစ်သီး တကယ် စားသလားဆိုတာကို ကြည့်ဖို့ နတ်ဘုရားဘုရင် ယန်ထင်းနဲ့အတူ စမ်းသပ်မှုကို ကျုပ် လုံးဝ လုပ်လို့မဖြစ်ဘူး…”

တည်ထောင်သူဘိုးဘေးဖန်းကျဲက မိုဝူကျိထံ စိုးရိမ်တကြီး အမှာစကားတစ်ခု လှမ်းပို့လိုက်သည်။ မိုဝူကျိ အတွက် သူ့အမှာစကားကို ပြီးအောင် မပြောနိုင်သေးခင်ပင် တည်ထောင်သူဘိုးဘေး ဖန်းကျဲက နတ်ဘုရားဘုရင်ယီမင်နှင့် နတ်ဘုရားဘုရင်ယန်တုတို့ကို ဝမ်းသာအားရ နှုတ်ဆက်ရန် ရှေ့ထွက်လိုက်သည်ကို မိုဝူကျိက တွေ့လိုက်သည်။

မိုဝူကျိက အသက်ပြင်းပြင်းရှူကာ လက်နှစ်ဖက်ကိုယှက်လိုက်သည်။

“ကောင်းကင်လူသားဂိုဏ်းရဲ့ တပည့်မိုဝူကျိက စီနီယာ နတ်ဘုရားဘုရင်တို့ကို ဂါရဝပြုပါတယ်။ ဒီလို ကိစ္စသေးသေးလေးက စီနီယာ နတ်ဘုရားဘုရင်တို့ကို သတိထားမိစေတာ ဂျူနီယာတစ်ယောက်ဖြစ်တဲ့ ကျွန်တော်က အနူးအညွှတ် တောင်းပန်ပါတယ်။

တကယ်လို့ ကိစ္စသေးသေးတိုင်းက စီနီယာ နတ်ဘုရားဘုရင်တို့ရဲ့ အကူအညီကို လိုအပ်နေမယ်ဆိုရင် ကျွန်တော်တို့ နတ်ဘုရားနယ်မြေက ပရမ်းပတာတွေ ဖြစ်နေတော့မှာပဲ။ ဂျူနီယာမှာ အကြံပေးစရာရှိပါတယ်။ အဲ့ဒါကတော့ ကျွန်တော်တို့ နတ်ဘုရားသိုက်မြုံရဲ့ စည်းကမ်းချက်တွေအတိုင်း လိုက်နာဖို့ပါပဲ။

ဒီပြဿနာကို ကနဦးနတ်ဘုရားအဆင့် တပည့်တွေကို ဖြေရှင်းခိုင်းလိုက်ရင်ရော ဘယ်လိုသဘောရပါသလဲ။ တကယ်လို့ ကျွန်တော်တို့ လုံးဝကို မဆုံးဖြတ်နိုင်တော့ဘူးဆိုရင်တော့ အဲ့ဒီအချိန်ရောက်မှ စီနီယာတို့ကို ပါဝင်စေဖို့ ဒုက္ခပေးပါရစေ”

မိုဝူကျိ၏ ပထမဆုံး အကြံပေးချက်မှာ ဤပြဿနာကို ဖြေရှင်းရန် နတ်ဘုရားသိုက်မြုံ၏ စည်းကမ်းချက်များအတိုင်း လိုက်နာဖို့ ဖြစ်သည်။ နတ်ဘုရားဘုရင်များမဆိုနှင့် ကောင်းကင်နတ်ဘုရား အဆင့်မြင့်ကျင့်ကြံသူများသည်ပင် ကနဦးနတ်ဘုရားအဆင့် ကျင့်ကြံသူများ၏ ပဋိပက္ခများထဲတွင် ဝင်ရောက်စွက်ဖက်ခွင့် မရှိချေ။

နတ်ဘုရားဘုရင်များ မတုံ့ပြန်နိုင်သေးခင် ဖန်းကျဲက လေးလေးနက်နက် ပြောလိုက်သည်။

“မိုဝူကျိ…သူတို့အကုန်လုံးက မင်းရဲ့ နတ်ဘုရားဘုရင်အဆင့် စီနီယာတွေ။ နောက်တစ်ခေါက် စကားပြောတဲ့အခါကျ မဆင်မခြင် မပြောရဘူး ”

မိုဝူကျိကို ဆူပြီးသည့်နောက် ဖန်းကျဲက နတ်ဘုရားဘုရင် ယန်ထင်းဆီသို့ လက်နှစ်ဖက်ကို ယှက်လိုက်သည်။

“အစ်ကိုယန်ထင်း… ကျုပ်တပည့်ရဲ့ မဆင်မခြင်ပြောမိတဲ့ စကားတွေထဲမှာ အဓိပ္ပာယ်ရှိတာလေးတွေလည်း ပါနေတယ်။ ပြောရမယ်ဆိုရင် နတ်ဘုရားသိုက်မြုံက အဆင့်တူ ကျင့်ကြံသူတွေရဲ့ ပြဿနာကို သူတို့ဘာသာ အချင်းချင်း ဖြေရှင်းကြဖို့ တင်းတင်းကျပ်ကျပ် စည်းကမ်းထုတ်ထားတယ်လေ။ ကျုပ်တို့ရဲ့ ဂျူနီယာတွေ ဒါကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ကျုပ်တို့တွေ စောင့်ကြည့်ကြရအောင်လား။ သူတို့တွေ မဖြေရှင်းနိုင်တော့မှ ကျုပ်တို့တွေ ဝင်ပါကြတာပေါ့”

နတ်ဘုရားဘုရင် ယန်ထင်းသည် မိုဝူကျိအား စိတ်ဝင်စားစွာ တစ်ချက်ကြည့်လိုက်ပြီး ရယ်လိုက်သည်။

“တာအိုရောင်းရင်းဖန်း ပြောတာ နည်းလမ်းကျတယ်”

ထိုသို့ပြောပြီးနောက် သူက မိုဝူကျိဘက်သို့ လှည့်ကာ

“ဒီလိုဆိုမှတော့ ဒီကိစ္စကို မင်း ဘယ်လိုဖြေရှင်းမလဲဆိုတာ ကျုပ်တို့ကို ပြောပြပါဦး”

……………..

လူအုပ်၏ အစွန်အဖျားနားတွင် ဝတ်ရုံစိမ်းဝတ်ထားသော အမျိုးသမီးတစ်ဦးနှင့် နောက်ထပ် အပြာရောင် ဝတ်စုံဝတ်ထားသော အမျိုးသမီးတို့ ရှိနေသည်။ ဝတ်ရုံစိမ်းနှင့် အမျိုးသမီးက မေးလိုက်သည်  “မမလန်အို… အဲ့တစ်ယောက်က မမ ပြောတဲ့ ကောင်းကင်လူသားဂိုဏ်းက မိုဝူကျိဆိုတဲ့ တစ်ယောက်မလား။ သူက တကယ် ပြောရဲတာပဲ။ ဒီပြဿနာကို သူဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ကြည့်ရအောင်။ သူ တကယ်ပဲ မမရဲ့အလေးထားမှုနဲ့ တန်သလားဆိုတာကိုကောပေါ့”

အပြာရောင်ဝတ်စုံနှင့်အမျိုးသမီးမှာ အမှန်ပင် လန်အို ဖြစ်၏။ သူမက ပြုံး၍ ပြောလိုက်သည်။

“ဒီလူက သတ္တိရှိတာတော့ အမှန်ပဲ။ အဲ့ဒီတုန်းက သူသာ သူ့ဒေါသကို မထိန်းနိုင်ခဲ့ရင် ငါတို့ကို သူ့ဂိုဏ်းထဲ အဝင်မခံဘဲ နှင်ထုတ်လိုက်မှာပေါ့။ ဒါပေမဲ့ ဒီကိစ္စက သူဖြေရှင်းနိုင်တဲ့ အရာလို့ ငါတော့ မထင်ဘူး”

***

All Chapters