← Chapters

တိုက်ပွဲတစ်ပွဲနှင့်ဖြေရှင်းမည်

Vol. 65 Ch. 906

တိုက်ပွဲတစ်ပွဲနှင့်ဖြေရှင်းမည်

Vol. 65 Ch. 906

ထိုသို့ပြောပြီးနောက် လန်အိုက အပြာနုရောင်ဝတ်စုံနှင့်အမျိုးသမီးကိုမေးရန် တခြားတစ်ဖက်သို့ လှည့်လိုက်သည်။

“စီနီယာအစ်မ ချူ… မိုဝူကျိ ဒီကိစ္စကို ဖြေရှင်းနိုင်မယ်လို့ မမ ထင်လား”

ဤမေးခွန်းကို မေးလိုက်သည်နှင့် လန်အိုအနား ပတ်လည်ရှိနေသော အမျိုးသမီးတချို့က အပြာနုရောင် ဝတ်စုံနှင့် အမျိုးသမီးအား လှည့်ကြည့်လိုက်ကြသည်။

လန်အိုနှင့်အတူ လာကြည့်ကြသော အမျိုးသမီး ၇ ဦး ၈ ဦးခန့်ရှိသော်လည်း အားလုံးထဲတွင် ဤစီနီယာအစ်မချူက အထူးချွန်ဆုံး တစ်ယောက် ဖြစ်ပုံပေါ်သည်။

အဆင့်အတန်း၊ ရုပ်ရည်သွင်ပြင် နှင့် ခန္ဓာကိုယ် အချိုးအစားကအစ ထိုအမျိုးသမီးများအနက် မည်သူကမှ သူမကို မယှဉ်နိုင်ချေ။ သူမသည် အလွန် လှပကြည့်ကောင်းသော မျက်နှာ အစိတ်အပိုင်းများနှင့် ခြောက်ပြစ်ကင်းသော ကိုယ်လုံး ကိုယ်ထည်ကို ပိုင်ဆိုင်ရုံသာမက သူမ၏ ပတ်လည်တွင် ရှိနေသော ဂန္တဝင်ဆန်သည့် အရှိန်အဝါက လူများကို သူမအား ဆက်လက် ကြည့်ချင်မိအောင် လုပ်နိုင်ပေသည်။

လန်အိုအား ထူးချွန်သည်ဟု သတ်မှတ်နိုင်သော်လည်း ဤစီနီယာအစ်မချူသည် လန်အိုနှင့်ယှဉ်လိုက်ပါက အခြား ပိုမြင့်သော အဆင့်တစ်ခုတွင် သေချာပေါက် ရှိနေသည်။

အားလုံးက သူမအား စိုက်ကြည့်နေကြသည်ကို သတိပြုမိသွားပြီး စီနီယာအစ်မချူက ခေါင်းခါပြလိုက်သည်။

“အစ်မက သူနဲ့မှ မရင်းနှီးတာ။ ဒါပေမဲ့ တကယ်လို့ ဒီကိစ္စကို တစ်ယောက်ယောက်က ဖြေရှင်းရမယ်ဆိုရင်တောင် ဇာမဏီနတ်ဝိညာဉ်ပရဝဏ်ရဲ့ ဂိုဏ်းသားက ဦးဆောင်ပြီး လုပ်လိမ့်မယ်လေ”

သူမသည်လည်း အခြားသူများ နည်းတူ နတ်ဘုရားဘုရင် ယန်ထင်းက အမှန်တကယ်တွင် ကောင်းကင်လူသားဂိုဏ်း၏ နတ်ဘုရားဘုရင် ဖန်းကျဲနှင့်အတူ ရှန်းမင်၏ ဝိညာဉ်လမ်းကြောင်းကို စမ်းသပ်ချင်နေကြောင်းအား သတိမပြုမိချေ။ သူမက မိုဝူကျိသည် အဘယ်ကြောင့် အဆင့်တူ ကျင့်ကြံသူ အချင်းချင်း ဖြေရှင်းရန် တောင်းဆိုသည့် အကြောင်းအရင်းကိုသာ သိချင်နေမိသည်။ သူမ မျက်လုံးထဲတွင် ကောင်းကင်လူသားဂိုဏ်းမှ မည်သည့် ကနဦးနတ်ဘုရားအဆင့် ကျင့်ကြံသူမဆို ဇာမဏီနတ်ဝိညာဉ်ပရဝဏ်မှ ထန်ဝူကျန်းနှင့် ယှဉ်နိုင်မည်ဟု မထင်ပေ။

............

နတ်ဘုရားဘုရင် ယန်ထင်း၏ စကားများကို ကြားသောအခါ မိုဝူကျိက သူ့ဆီမှ ထွက်ပေါ်နေသော သတ်ဖြတ်ငွေ့တချို့ကို ခံစားမိလိုက်သည်။ သူသည် ဤနတ်ဘုရားဘုရင် အဆင့်မြင့် ကျင့်ကြံသူအား အမျက်ထွက်စေမိသွားမှန်း  နားလည်လိုက်သည်။ အကယ်၍ တည်ထောင်သူဘိုးဘေး ဖန်းကျဲ၏ အရေးပေါ် ထောက်ခံစကားကြောင့်သာ မဟုတ်ပါက နတ်ဘုရားဘုရင် ယန်ထင်းသည် သူ့နာမည်အား သေစာရင်း စာအုပ်ထဲ ထည့်ရေးပြီးနေလောက်လေပြီ။

နတ်ဘုရားဘုရင် ယန်တုဖြစ်စေ နတ်ဘုရားဘုရင် ယီမင်ဖြစ်စေ သူတို့သည် နတ်ဘုရားဘုရင် ယန်ထင်းအား မသိမသာ ကူညီနေကြသည်ဟု မိုဝူကျိက ရေးရေးလေး ခံစားမိလိုက်သည်။ သူတို့နှစ်ယောက်လုံးသည် ရှန်းမင်က အမှန်တကယ် ဝိညာဉ်သန့်စင်ရေး တာအိုသစ်သီးအား စားလိုက်သည်လား ဆိုသည့် အကြောင်းကို စစ်ဆေးရန် နတ်ဘုရားဘုရင်ယန်ထင်းနှင့် နတ်ဘုရားဘုရင် ဖန်းကျဲတို့အား စမ်းသပ်စေလိုကြပုံ ပေါ်နေသည်။

“ဒီကိစ္စကို ဖြေရှင်းဖို့ ဂျူနီယာကို ကြိုးစားခွင့်ပေးတာ စီနီယာ နတ်ဘုရားဘုရင်ယန်ထင်းက တကယ့်ကို သဘောထား ကြီးလှပါပေတယ်။ ဒါက ကျွန်တော့်အတွက် အတော်လေး မျက်နှာသာ ပေးပြီးနေပါပြီ။ အဲ့ဒါကို ဘာကြောင့်များ ကျွန်တော်က တခြားအခြေအနေတွေ ထပ်တောင်းဆိုရဲပါ့မလဲခင်ဗျာ။ ဒီပြဿနာကို ဖြေရှင်းဖို့ ဇာမဏီနတ်ဝိညာဉ်ပရဝဏ်က စီနီယာ၊ ဂျူနီယာ ညီအစ်ကိုတို့ရဲ့ သဘောအတိုင်း လုပ်ပါ့မယ်။ ဝူကျိ တောင်းဆိုချင်တာက နောက်အပို အခြေအနေ တစ်ခုတည်းပါ”

ရှန်းမင် ဝိညာဉ်သန့်စင်ရေး တာအိုသစ်သီးအား စားလိုက်သည်ဟု ဝန်ခံပြီး အလျော်ပေးဖို့ ဆက်တောင်းဆိုနေ၍ မဖြစ်မှန်းကို မိုဝူကျိက သဘောပေါက်လိုက်သည်။ ဆက်တောင်းဆိုနေပါက နတ်ဘုရားဘုရင် ယန်ထင်းသည် တရားမျှတမှုအား မည်သို့ အလေးထားကြောင်းကို ပြောကာ ရှန်းမင်၏ အသိစိတ်ပင်လယ်ကို စမ်းသပ်မည့်ကိစ္စအား လုပ်ဆောင်ရန် သေချာပေါက် ပြောပေလိမ့်မည်။

ထန်ဝူကျန်းက နတ်ဘုရားဘုရင် ယန်ထင်းအား ဦးညွှတ်ရန် ချက်ချင်းထရပ်လိုက်သည်။

“တည်ထောင်သူဘိုးဘေး ပြောတာ နားထောင်ရင်းနဲ့ တပည့် သတိပြုမိသွားတာ တစ်ခုရှိပါတယ်။ လူတစ်ယောက်ဟာ အကြောင်းအရာကို သေချာမှန်း သိနေရင်တောင်မှ သူက တရားအမျှတဆုံး နည်းလမ်းကို သုံးပြီးတော့ပဲ ဖြေရှင်းသင့်ပါတယ်။ ဥပမာ ရှန်းမင်က ဝိညာဉ်သန့်စင်ရေး တာအိုသစ်သီးကို ဝယ်ခဲ့မှန်း တပည့် သေချာသလိုပေါ့။ ဒါပေမယ့် ကောင်းကင်လူသားဂိုဏ်းကလည်း ဒါကို အသိအမှတ်ပြုဦးမှ ဖြစ်မှာ။ ဒီလိုကမှ ပြဿနာတွေကို ဖြေရှင်းရမည့် နည်းလမ်းမှန်ပါ။

တကယ်လို့ တပည့်အနေနဲ့ အကြံပြုရမည်ဆိုရင် တည်ထောင်သူဘိုးဘေး နှစ်ယောက်ကို ရှန်းမင်ရဲ့ ဝိညာဉ်လမ်းကြောင်းထဲက ပြောင်းလဲမှုကို စမ်းသပ်စေတာက အသင့်တော်ဆုံးလို့ ထင်ပါတယ်။ ဒါပေမဲ့ ဒီက ဂျူနီယာညီလေးမိုကို ကြည့်ရတာ အဲ့ဒီလို မလုပ်စေချင်ပုံပဲ။

ဒီလိုဆိုမှတော့ ဇာမဏီနတ်ဝိညာဉ်ပရဝဏ်နဲ့ ကောင်းကင်လူသားဂိုဏ်းတို့ရဲ့ ကနဦးနတ်ဘုရား တပည့်ဂိုဏ်းသား အချင်းချင်း ယှဉ်ပြိုင်မှုတချို့ လုပ်ကြရအောင်လား။ ပြီးရင် အနိုင်ရတဲ့ဘက်က တပည့်ရဲ့ အကြံအတိုင်း ဒီပြဿနာကို ဖြေရှင်းကြတာပေါ့”

နတ်ဘုရားဘုရင်ယန်ထင်က ကျေနပ်စွာ ခေါင်းငြိမ့်လိုက်ပြီး

“ဝူကျန်း… မင်းပြောတာ သင့်တော်တယ်။ ကျုပ်ရဲ့ဇာမဏီနတ်ဝိညာဉ်ပရဝဏ်က တပည့်တွေဟာ ဘယ်တော့မှ အားနည်းသူကို အနိုင်မကျင့်ဘူး၊ အမှန်နဲ့ အမှားကိုလည်း ပြောင်းပြန်မလုပ်ဘူး၊ ပြီးတော့ ကျုပ်တို့ရဲ့ အင်အားကို အသုံးချပြီး သူများကို ဖိနှပ်ချုပ်ချယ်တာမျိုးလည်း မရှိဘူး။ ဒါကြောင့် ကျုပ်တို့ မင်းပြောသလိုသာ လုပ်ကြရအောင်”

ထို့နောက် သူက ဖန်းကျဲဘက် လှည့်လိုက်သည်။

“ညီလေးဖန်း… ကျုပ်တို့ ဒီတိုင်းပဲ လုပ်ကြမလား”

ဖန်းကျဲက အားတင်းပြုံး၍သာ တုံ့ပြန်လိုက်သည်။

“ခင်ဗျားရဲ့ ဇာမဏီနတ်ဝိညာဉ်ပရဝဏ်ကနေ တကယ့်ကို ပါရမီရှင်တွေ အများကြီး မွေးထုတ်ပေးနိုင်လိုက်တာပဲ။ နောက်ထပ် ငြင်းခုံစရာတွေ နှစ်ဖက်စလုံးမှာ ထပ်မရှိလာအောင်လို့ နတ်ဘုရားသိုက်မြုံရဲ့ နည်းလမ်းကိုပဲ အသုံးပြု ဖြေရှင်းကြတာပေါ့ဗျာ”

ဖန်းကျဲက သဘောတူလိုက်သည်နှင့် ထန်ဝူကျန်းက မိုဝူကျိဘက် လှည့်လိုက်သည်။

“ဂျူနီယာညီလေးမို… မင်းရဲ့စီနီယာ ကျုပ်က ကျုပ်ရဲ့ကိုယ်ပိုင်ကံကြမ္မာကို ကျုပ်ဘာသာ ထိန်းချုပ်နိုင်ပြီး အဆုံးအစမဲ့ ကျယ်ပြောလှတဲ့ စကြဝဠာကြီးတစ်ခွင် လှည့်ပတ်ချင်လို့ ကျင့်ကြံခြင်းကို စတင်ခဲ့တာ။ အင်အားကြီးသူတွေကပဲ သူတို့ကံကြမ္မာကို သူတို့ထိန်းချုပ်နိုင်တာ။ မင်းက ကျုပ်ကို ဒီပြဿနာအတွက် ဖြေရှင်းနည်းကို အကြံတောင်းနေတော့လည်း ကျုပ် စဉ်းစားမိတဲ့ အရှင်းဆုံးနည်းလမ်း ရှိတယ်။ တိုက်ပွဲတစ်ပွဲ ဆိုရင်ကော ဘယ်လိုလဲ။ ဘယ်သူပဲ နိုင်နိုင်… နိုင်တဲ့သူက ဒီပြဿနာကို ဖြေရှင်းခွင့်ရှိမယ်လေ။ ဘယ်လိုလဲ”

ထန်ဝူကျန်းသည် တိုက်ပွဲတိုက်ဖို့ ပြောမည်ကို မိုဝူကျိက သေချာသိနေသည်။ ထန်ဝူကျန်းသည် ကနဦးနတ်ဘုရား အဆင့် ၇ ကျင့်ကြံဆင့်တွင်သာ ရှိနေသော်လည်း သူသည် သေချာပေါက် တော်တော်လေး အားကောင်းမည်မှန်း မိုဝူကျိက ယုံကြည်သည်။ ထို့အပြင် ဖူယင်၏ မျက်နှာပေါ်မှ လက်ဝါးရာ ၂ ချက်မှာ ထန်ဝူကျန်း ပေးထားခြင်း ဖြစ်မည်ဟု မိုဝူကျိက ခန့်မှန်းမိသည်။ ထန်ဝူကျန်းက ဤနေရာ၌ ရှိနေသော ဇာမဏီနတ်ဝိညာဉ်ပရဝဏ်မှ ကနဦးနတ်ဘုရားအဆင့် ကျင့်ကြံသူအုပ်စု၏ ခေါင်းဆောင် ဖြစ်နေရုံကြောင့်သာ မဟုတ်ပေ။ နောက်တစ်ချက်မှာ ထန်ဝူကျန်း စကားပြောနေစဉ် ဖူယင်ကို ကြည့်ရသည်မှာ ကြောက်နေဟန် ပေါ်သောကြောင့် ဖြစ်သည်။

ဖူယင်သည် ကနဦးနတ်ဘုရား အဆင့် ၉ ကျင့်ကြံသူ ဖြစ်သော်လည်း ထန်ဝူကျန်းဆီမှ ၂ ချက်တိတိ အရိုက်ခံခဲ့ရသည်။ သိသာလှစွာပင် ထန်ဝူကျန်းမှာ အလွန် အားကောင်းပေလိမ့်မည်။

ထန်ဝူကျန်းက တိုက်ခိုက်ဖို့ အကြံပြုစဉ် ဖူယင်က ခေါင်းငုံ့လိုက်သည်ကို မိုဝူကျိက သတိထားမိလိုက်သည်။ မိုဝူကျိ တစ်ယောက်တည်း မဟုတ်ပေ။ ဖန်းကျဲလည်း မြင်လိုက်သည်။ ဖန်းကျဲသည် ဖူယင်မှာ ထန်ဝူကျန်း၏ ပြိုင်ဘက်မဟုတ်မှန်း ခန့်မှန်းပြီးသား ဖြစ်သည်။ သို့သော် ဖူယင်တစ်ယောက်တည်းကသာ ကနဦးနတ်ဘုရား အဆင့် ၉ ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူဖြစ်၏။ အကယ်၍ ထိပ်တိုက်ရင်ဆိုင်ရာတွင် ထန်ဝူကျန်းကို အနိုင်တိုက်နိုင်မည့် အခွင့်အရေးရှိသူ ဆိုပါက ထိုသူမှာ ဖူယင်သာ ရှိလေသည်။

ဖူယင် ခေါင်းငုံ့လိုက်သည်ကို မြင်ပြီးနောက် ဖူယင်ကို အားကိုး၍ မရတော့မှန်း သိလိုက်သဖြင့် ဖန်းကျဲက သက်ပြင်းချလိုက်မိသည်။ ဖူယင်သည် တာရှီရှုန်းနေရာကို လုစဉ်က အင်မတန် မောက်မာပြီး ကြီးကျယ်ခဲ့သော်လည်း ထန်ဝူကျန်းနှင့် ရင်ဆိုင်ရသောအခါတွင်မူ စကားတစ်လုံးပင် မဟရဲချေ။

မိုဝူကျိက ရယ်ကာ ပြောလိုက်သည်။

“အဲ့ဒါဆိုလည်း ကျွန်တော်တို့တွေ ဂျူနီယာညီလေးထန် ပြောသလို လုပ်ကြတာပေါ့”

မိုဝူကျိက သူ့အား “ဂျူနီယာညီလေး” ဟု သုံးနှုန်းခေါ်ဝေါ်လိုက်သည်ကို ကြားရသောအခါ ထန်ဝူကျန်း ရင်ထဲ၌ ဒေါသတို့ဖြင့် လောင်ကျွမ်းသွား၏။ ကနဦးနတ်ဘုရား အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကများ သူ့အား အရာရာ အစစ ဂျူနီယာညီလေးဟု တကယ် ခေါ်ရဲသည်လား။

“ဂျူနီယာညီလေးမိုက တယ်လဲ အဟန့်ကောင်းပါ့လား။ ခုနက နောက်အပို အခြေအနေတစ်ခု တောင်းမယ်ဆိုပြီး မင်း ပြောသေးတယ်နော်။ ကဲ… အခု အဲ့ဒီတစ်ခုကို ပြောပြလို့ ရပြီ။ ဒါပေါ့… မင်း တောင်းချင်တဲ့ အခြေအနေတွေ များချင်သလောက် များလို့ ရတယ်နော်။ ဒါပေမဲ့ တိုက်ပွဲ ဆိုတာ အသေအပျောက်တွေ ဒဏ်ရာတွေနဲ့ မကင်းနိုင်ဘူးဆိုတော့ ဂျူနီယာညီလေးမို… မင်းတောင်းဆိုမှာက သက်ညာပေးဖို့ဆိုရင်တော့ အခုကတည်းက မေ့လိုက်ပါ။ ဂျူနီယာညီလေးမို… ကျုပ်နဲ့တိုက်ဖို့ ဘယ်သူ့ကိုမဆို ခေါ်နိုင် ရွေးနိုင်ပါပြီ”

ထန်ဝူကျန်း၏ လေသံမှာ သတ်ဖြတ်ငွေ့များနှင့် ပြည့်နှက်နေသည်။

မိုဝူကျိသည် နောက်ထပ် အပိုအခြေအနေတစ်ခုအနေဖြင့် အတိုင်းအတာတစ်ခုရောက်လျှင် တိုက်ပွဲကို ရပ်ဖို့ သို့မဟုတ် တိုက်ပွဲတိုက်မည့် နေရာအား ရွေးချယ်ခွင့်တို့ကို တောင်းဆိုလိမ့်မည်ဟု သူက ယုံကြည်လေသည်။

အကယ်၍ ထန်ဝူကျန်းသာ နောက်ထပ် အပိုအခြေအနေတစ်ခုအကြောင်း မေ့နေပါက မိုဝူကျိက သတိပေးရန် တွေးနေဆဲဖြစ်သည်။ ထန်ဝူကျန်းက အနီးအနားဝန်းကျင်ရှိ လူအားလုံးကို သူ မည်မျှ သဘောထားကြီးကြောင်း ပြသချင်သဖြင့် မိုဝူကျိ တောင်းဆိုမည့် အခြေအနေအားလုံးကို လက်ခံပေးဖို့ ဆန္ဒရှိကြောင်း ပြောလိမ့်မည်ဟု မိုဝူကျိက မမျှော်လင့်ထားပေ။

မိုဝူကျိသည် အရပ်မျက်နှာ လေးဘက်လုံးသို့ အနေခက်စွာဖြင့် လက်နှစ်ဖက် ယှက်လိုက်သည်။

“ကျုပ်က တာရှီရှုန်း ဖြစ်နေမှတော့ ခင်ဗျားနဲ့ တိုက်မယ့်သူက သေချာပေါက် ကျုပ်ပဲ ဖြစ်ရမှာပေါ့။ ဒါပေမဲ့ ကျုပ်မှာ တခြားသူတွေ အလွယ်တကူ ခိုးသင်နိုင်တဲ့ ထူးခြားတဲ့ လျို့ဝှက်ပညာရပ်တွေ ရှိတယ်။ အဲ့လိုဆိုရင်တောင် ဂျူနီယာညီလေးထန်နဲ့က တိုက်ရဦးမှာပဲ။ အဲ့ဒါကြောင့် ကျုပ်ရဲ့တစ်ခုတည်းသော တောင်းဆိုချက်က ကျုပ်တို့တွေ အလုံပိတ်ထားတဲ့ နေရာတစ်နေရာမှာ တိုက်ခိုက်ကြဖို့ပါပဲ။

ဘယ်သူပဲ နိုင်နိုင်… နိုင်တဲ့သူက အပြင် ပြန်ထွက်လာနိုင်မယ်။ သေရေး ရှင်ရေး အတွက်တော့ ဂျူနီယာညီလေးထန် ပြောသလိုပါပဲ။ သေတယ်ဆိုတာ အဲ့ဒီလူက လုံလုံလောက်လောက် အားမကောင်းသေးလို့ဆိုပြီး ရိုးရိုးလေးပဲ မှတ်ယူရမှာပေါ့”

မိုဝူကျိအနေနှင့် ထန်ဝူကျန်းနှင့် တိုက်ဖို့ ကြောက်ရွံ့နေခြင်း လုံးဝမရှိပေ။ သူက ထန်ဝူကျန်းသည် တော်တော်လေး အားကောင်းမည် ဖြစ်ကြောင်း ခံစားမိသည်။ ထို့ကြောင့် ပုဆိန်လှံရှည် လေးချောင်းတိုက်ကွက်ဖြင့် သူ့အား ဖိအားပေးရန် မလွယ်ကူနိုင်ပေ။ သူ၏ သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်း ဖြစ်စေ သတ္တကမ္ဘာ လက်ချောင်း ဖြစ်စေ မိုဝူကျိက အားလုံး၏ ရှေ့တွင် ထုတ်မသုံးလိုချေ။

သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းကို ထုတ်သုံးလိုက်ပါက ထန်ဝူကျန်းက ထိုးဖောက် မသိမြင်နိုင်လောက်ပေ။ သို့သော် သူ့လျို့ဝှက်ပညာရပ်များမှာ နတ်ဘုရားဘုရင်များ၏ မျက်လုံးများမှ သေချာပေါက် လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ယခု သူသည် ကောင်းကင် နတ်ဘုရားအဆင့်သို့ မရောက်သေးချေ။ ထို့ကြောင့် နတ်ဘုရားနယ်မြေ၏ မိုးမြေစည်းမျဉ်းများအပေါ် သူ့သဘောပေါက် နားလည်နိုင်စွမ်းမှာ ဟာကွက်များစွာ ရှိနေသေးသည်။ သို့ဖြစ်ရာ သူသာ သူ့လျို့ဝှက်ပညာရပ်ကို ထိုနတ်ဘုရားဘုရင်များရှေ့၌ ထုတ်သုံးလိုက်ပါက စည်းမျဉ်းများကြားမှ ဟာကွက်များကို ထိုပညာရှင်များက ဖမ်းဆုပ်နိုင်သွားပေလိမ့်မည်။

ဤလျို့ဝှက်ပညာရပ်များမှာ သူ့အသက် ကာကွယ်ရေး နည်းလမ်းများဖြစ်ရာ ဟာကွက်များကို မည်သူ့ဆီကိုမှ ပေါက်ကြားသွား၍ မဖြစ်ပေ။ ထို့အပြင် သူ ထုတ်သုံးလိုက်သည်နှင့် သူ့လျို့ဝှက်ပညာရပ်များအား မည်သူ့ကိုမျှ မသင်ယူ မတတ်မြောက်စေလိုပေ။

“ကောင်းပြီလေ။ ကျုပ် သဘောတူတယ်။ ဒီနေရာနောက်က ခန်းမကြီးက ဟောပြောခန်းမ ဖြစ်ခဲ့ဖူးတယ်။ အဲ့ဒီ့မှာ တိုက်ကြတာပေါ့”

ထန်ဝူကျန်းသည် သူနှင့် တကယ်တိုက်ရဲသည့် မိုဝူကျိ၏ သတ္တိအား အနည်းငယ် အံ့သြမိ၏။ ထိုသို့ ပြောပြီးနောက် သူက လူအုပ်ကြီးကို လူစုခွဲစေကာ ဧရာမ မီးခိုးရောင်ခြယ် ခန်းမကြီးတစ်ခုထဲသို့ နှစ်ယောက်သား ဝင်လိုက်ကြသည်။

မိုဝူကျိသည် နတ်ဘုရားဘုရင် ယန်တုဆီသို့ ဦးညွှတ်ကာ ပြောလိုက်သည်။

“စီနီယာယန်တုကို ဒီခန်းမတစ်ခုလုံးကို တားဆီးကန့်သတ်ပေးမယ့် ကာကွယ်ရေး အစီအရင်တစ်ထပ် ကူညီခင်းကျင်းပေးဖို့ တောင်းဆိုပါရစေ”

နတ်ဘုရားဘုရင် ယန်တုက ပြုံးလိုက်ပြီး

“ဝင်သွားလိုက်ပါ။ ကျုပ် မင်းအတွက် ခင်းကျင်းပေးပါ့မယ်”

“ဟုတ်ကဲ့… ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ”

မိုဝူကျိက နောက်တစ်ကြိမ် ဦးညွှတ်လိုက်ပြီးနောက် ထန်ဝူကျန်းနှင့်အတူ ဟောပြောခန်းမထဲသို့ လျင်မြန်စွာ ဝင်သွားလိုက်သည်။

သူတို့နှစ်ယောက်စလုံး ခန်းမထဲ ဝင်သွားပြီးသည့်နောက် နတ်ဘုရားဘုရင် ယန်တုသည် အမှန်ပင် ကာကွယ်ရေး အစီအရင်တစ်ထပ်ကို ကူညီ ခင်းကျင်းပေးလိုက်လေ၏။ ဤအခိုက်အတန့်၌ အပြင်ဘက်ရှိ လူအားလုံးသည် အထဲ၌ ဖြစ်ပျက်နေသည်များကို ဆက်၍ မမြင်နိုင်တော့ချေ။

မည်သည်မျှ မမြင်ရသည့်တိုင် လူတိုင်းက ဟောပြောခန်းမကြီးကို စိတ်လှုပ်ရှားစွာ ဆက်လက် စိုက်ကြည့်နေကြသည်။

နည်းလမ်းကျကျဆိုရလျှင် မိုဝူကျိက သေချာပေါက် ရှုံးပေလိမ့်မည်။ သို့သော် အကယ်၍ မိုဝူကျိသာ သေချာပေါက် ရှုံးမည်ဆိုပါက စိန်ခေါ်မှုအား လက်ခံလိုက်ခြင်းက အဓိပ္ပာယ် လုံးဝမရှိဘဲ နေမည် မဟုတ်ပါလော။

ထို့အပြင် မိုဝူကျိသည် အလုံပိတ် ဖုံးကွယ်ထားသော တိုက်ပွဲ ကွင်းတွင် တိုက်ချင်သည်။ ဖြစ်နိုင်သည်မှာ မိုဝူကျိတွင် အလွန် အစွမ်းထက်သော အစီအရင် သို့မဟုတ် မှော်ရတနာတချို့များ ပိုင်ဆိုင်ထားသည်လော။

အားလုံးက ဖြစ်နိုင်ချေ အကြောင်းအရင်းများအား ဆွေးနွေးနေကြစဉ် မိုဝူကျိက ခန်းမထဲသို့ ခြေချပြီးသွားလေပြီ။ ခန်းမသည်ကား မသုံးတော့သည်မှာ ကြာပြီဖြစ်သော်လည်း ပုံစံအပြင်အဆင်များသည် အင်မတန် ခမ်းနားကြီးကျယ်ကာ အမှန်တကယ် ကျယ်ဝန်းလှသော ခန်းမကြီးတစ်ခု ဖြစ်ပေသည်။

“မိုမျိုးရိုးနဲ့ကောင်… မင်းက သိပ်သေချင်နေမှတော့ မင်း ဘိုးအေကို မသက်ညှာပေးလို့ အပြစ်မတင်နဲ့ကွ”

မိုဝူကျိ ဝင်လာသည်ကို ကြည့်ကာ ထန်ဝူကျန်းက နှာခေါင်းရှုံ့လိုက်ပြီး ဘဲဥပုံ မှော်ရတနာ တစ်ခုကို ထုတ်လိုက်သည်။

မိုဝူကျိက ယဲ့ယဲ့ပြုံးကာ အကြောက်အလန့်မရှိ တုံ့ပြန်လိုက်သည်။

“ဂျူနီယာညီလေးထန်… ခဏလောက် စောင့်ပါဦး”

ထိုသို့ပြောပြီးနောက် မိုဝူကျိက အစီအရင်အလံ တချို့ ပစ်လွှတ်လိုက်ကာ ခန်းမတစ်ခုလုံးအတွင်း နေရာမလပ် လျင်မြန်စွာ လွှမ်းခြုံလိုက်လေသည်။

“အဟား… မင်းက ငါ့ကို အစီအရင်တွေနဲ့ ထောင်ချောက်ဆင်မလို့ လုပ်နေတာလား”

မိုဝူကျိ လုပ်နေသည်များကို ဂရုစိုက်ဟန်မရှိဘဲ ထန်ဝူကျန်းက ရယ်မောလိုက်သည်။

ခင်းကျင်းခြင်းကို ရပ်ကာ မိုဝူကျိက ပြန်ဖြေလိုက်သည်။

“ အပြင်ဘက်က သူတော်စင် ငါတို့ကို လာချောင်းကြည့်မှာစိုးလို့ နောက်ထပ် အစီအရင်တစ်ခု ထပ်ခင်းကျင်းလိုက်တာ။ မင်းကို တိုက်ဖို့ အစီအရင် သုံးမယ် ဟုတ်လား။ ထန်ဝူကျန်း … မင်းကိုယ်မင်း သိပ်အထင်ကြီးလွန်းသွားပြီကွ”

“ ဘာကွ ”

ထန်ဝူကျန်း ကြည့်ရသည်မှာ အနည်းငယ် ကသိကအောက် ဖြစ်သွားပုံ ပေါ်သည်။ အကယ်၍ နတ်ဘုရားဘုရင် ယန်တုသာ မိုဝူကျိ ထိုအစီအရင် နောက်တစ်ခုကို မခင်းကျင်းရသေးခင် သူနှင့်မိုဝူကျိ၏ အခြေအနေအား ကြည့်နိုင်မည်ဆိုပါက စောစောကတင် သူ၏ ကိုယ့်စကားကိုယ် မတည်သော လုပ်ရပ်ကို နတ်ဘုရားဘုရင် ယန်တုက မြင်သွားမည်မဟုတ်ပါလော။

သူက မိုဝူကျိအား “မိုမျိုးရိုးနှင့် ကောင်” ဟုခေါ်လိုက်စဉ် မိုဝူကျိက သူ့အား “ဂျူနီယာညီလေးထန်”ဟု ခေါ်နေသေးသည်မှာ မထူးဆန်းပေ။ ဤငတိသည်ကား တကယ့်ကို အကြံကြီးပေ၏။

“ဒါဆိုလည်း မင်းက မင်းပြောသလောက် တကယ်ပဲ စွမ်းသလားဆိုတာ ကြည့်ကြတာပေါ့…”

ထန်ဝူကျန်းသည် မိုဝူကျိနှင့် ဆက်လက် လေကုန်ခံ စကားပြောမနေတော့ပေ။ မိုဝူကျိကိုသာ သတ်လိုက်ပါက နတ်ဘုရားဘုရင် နှစ်ယောက်အား ရှန်းမင်၏ အသိစိတ်ပင်လယ် ဝိညာဉ်လမ်းကြောင်းကို စမ်းသပ်စေ၍ ရပေလိမ့်မည်။

ဤအချိန်တွင် နတ်ဘုရားဘုရင် ယန်တုသည် သူ့စိတ်ဝိညာဉ်ဖြင့် ချောင်းကြည့်၍ မရနိုင်တော့မှန်း မိုဝူကျိက သေချာသွားသည်။ သူ ခင်းကျင်းလိုက်သည့် ကာကွယ်ရေး အစီအရင်မှာ အနည်းငယ် အားနည်းသော်လည်း ထိုအစီအရင်တွင် အချက်ပေး မြည်သံကို တပ်ဆင်ထားသည်။ အကယ်၍ အဆင့်မြင့် ကျင့်ကြံသူ တစ်ဦးဦးကသာ စိတ်ဝိညာဉ်ဖြင့် အနားချဉ်းကပ်ဖို့ ကြိုးစားလိုက်ပါက အစီအရင်မှ နားကွဲမတတ် စူးစူးဝါးဝါး အသံကြီး ထွက်ပေါ်လာပေလိမ့်မည်။ နတ်ဘုရားဘုရင် ယန်တုကဲ့သို့ ထိပ်တန်းအဆင့်မြင့် ကျင့်ကြံသူတစ်ယောက်သည် သူ့ကိုယ်သူ ထိုမျှလောက်ထိ အရှက်ကွဲခံမည် မဟုတ်ကြောင်း မိုဝူကျိက ယုံကြည်၏။

စောင့်ကြည့်မည့်သူ တစ်ယောက်မျှ မရှိတော့သဖြင့် မိုဝူကျိက သက်ညှာနေမည် မဟုတ်ချေ။ သူ၏ ဝဲကတော့ စွမ်းအားစက်ကွင်းကို ထုတ်ခေါ်လိုက်ကာ စိတ်စွမ်းအင်မြား သုံးစင်းအား ဆက်တိုက်ဆိုသလို ပစ်လွှတ်လိုက်သည်။

မိုဝူကျိသည် ဤတိုက်ပွဲအား တတ်နိုင်သမျှ မြန်မြန် အဆုံးသတ်ချင်သည်။ ထို့ကြောင့် စိတ်စွမ်းအင် မြားသုံးစင်း ပစ်လွှတ်ပြီးသည်နှင့် သူ၏ သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းကို စတင် ပြင်ဆင်လိုက်လေသည်။ ဤသည်မှာ ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ယောက်နှင့် ရင်ဆိုင်ရသော သူ၏ ပထမဆုံး တိုက်ပွဲဖြစ်ရာ သူ့အနေနှင့် အားကုန်ထုတ်မှ တန်ကာကြမည်။

***

All Chapters